အခန်း [ ၂၄ ]
ရက်သတ္တ သုံးပတ်အကြာတွင် ကျွန်မသည် အခန်းထဲမှ ထွက်ပြီး အိမ်ထဲတွင် လှုပ်လှုပ်ရှားရှား လုပ်နိုင်ပါလေသည်။ တညနေတွင် ကျွန်မနှင့် ကက်သရင်းတို့သည် စာကြည့်ခန်းထဲ၌ ရှိစဉ် ကျွန်မက သူ့ကို စာဖတ် ပြခိုင်းပါသည်။ ကျွန်မမှာ မျက်စိ အားနည်းသဖြင့် ကိုယ်တိုင် မဖတ်နိုင်ပါ။ ထိုအချိန်က သခင်သည် အိပ်ခန်းသို့ ဝင်ပါလေပြီ။
ကက်သရင်းကို စာဖတ်ခိုင်းရသော်လည်း သူ စိတ်ပါလှပုံ မရပါ။ ကျွန်မစိတ်က ကျွန်မ ဖတ်စေချင်သော စာအုပ်တွေကို မဖတ်ချင်သောကြောင့်ဟု ထင်သဖြင့် သူစိတ်တိုင်းကျ စာအုပ်တွေကို ရွေးဖတ် စေရပါသည်။
သူတနာရီလောက် စာဖတ်ပြီးနောက် စကား စလာပါလေသည်။
'မပင်ပန်းဘူးလား အယ်လင်၊ လှဲနေယင် ပိုကောင်းမှာပေါ့၊ ဒီလောက်ကြာကြာကြီး ထိုင်နေတော့ နေမကောင်း ဖြစ်နေပါဦးမယ် အယ်လင်'
‘ငါ မမောသေးပါဘူး ကလေးရယ်”
သူ့ မှာ အလုပ်တခုခု ရှိနေပုံရပါသည်။ ကျွန်မ လှုပ်ရှားပုံ မပေါ်သဖြင့် သူ တခုခု ပြောင်းလဲ လုပ်ကိုင်ရန် စဉ်းစားနေပုံ ရပါသည်။ သူသည် လက်ကို ဆန့်ပြီး သမ်းလိုက်ကာ ….
'ကျွန်မတော့ မောပြီ အယ်လင်'
“ကဲ ဒါဖြင့်လဲ စာမဖတ်နဲ့တော့၊ စကားပြောတာပေါ့၊"
သည်တော့မှပင် ပိုဆိုးလာပါသည်။ စိတ်ကယောက်ကယက်ဖြစ် လာပြီး သက်ပြင်းကို အခါခါ ချပါလေတော့သည်။ နာရီကို ခဏခဏ ကြည့်ပြီး ရှစ်နာရီထိုးသည်နှင့် အိပ်ခန်းသို့ ဝင်သွား ပါလေတော့သည်။
ထိုညက သူ့ကို ကြည့်ရသည်မှာ ဂနာငြိမ်ပုံ မရပါ။ မျက်လုံးတွေကလည်း အိပ်ချင်မူးတူး ဖြစ်နေပုံရပါသည်။
နောက်တနေ့ ညနေ့တွင်ကား သူ့အခြေအနေမှာ ပိုဆိုးလာပါသည်။ တတိယမြောက်ညတွင်ကား ခေါင်းကိုက်သည်ဟုဆိုကာ စောစော စီးစီးပင် အိပ်ရာထဲ ဝင်သွားပါလေတော့သည်။ ကျွန်မအဖို့ သူ့အပြုအမူမှာ ဆန်းနေပါတော့သည်။ ကျွန်မလည်း အတန်ကြာ တယောက်တည်း ထိုင်နေပြီး သူ့အား အပေါ်ထပ် အမှောင်ထဲမှာ နေနေမည့်အစား စာကြည့်ခန်းတွင် ဆိုဖာပေါ်မှာပင် လှဲနေရန် ခေါ်ပြီး သူ့အခြေအနေကို မေးမည်ဟူသော စိတ်ကူးဖြင့် သူ့ အခန်းသို့ လာခဲ့ပါ၏။ အပေါ်ထပ် သူ့အခန်းမှာ သူ့ကို မတွေ့ရပါ။ အောက်ထပ်မှာလည်း မရှိပါ။ အိမ်စေတွေလည်း တိတ်နေကြပါလေပြီ။ ကျွန်မသည် သူ့ အခန်းသို့ ပြန်လာပြီး ဖယောင်းတိုင်ကို ငြိမ်း၍၊ ပြတင်းပေါက် နားမှာ ထိုင်နေလိုက်ပါသည်။
လရောင်သည် ရွှန်းရွှန်းပပကြီး သာနေပါသည်။ မြေပြင်ပေါ်သို့ နှင်းပွင့်များ ခပ်ဖွဲဖွဲ ကျနေပါ၏။ သည်အချိန်တွင် ကေသီသည် ဥယျာဉ်ထဲများ လမ်းလျှောက်နေသလားဟု အတွေးပေါက်လာပါသည်။ ထိုစဉ်မှာပင် အတွင်းခြံစည်းရိုးမှ တွားဝင်လာသူ တယောက်ကို မြင်လိုက်ရပါ၏။ သို့သော် ကေသီ မဟုတ်ပါ။ ပုံသဏ္ဌာန်သည် လရောင်အောက် ရောက်လာသဖြင့် ထင်ရှားလာပါ၏။ မြင်းထိန်းတယောက် ဖြစ်ပါသည်။ မြင်းထိန်းသည် ရပ်နေပြီး လှည်းလမ်းကြောင်းဘက်ကို အတန်ကြာ ငေးကြည့်နေပါသည်။ ထို့နောက် သူသည် တစုံတခုကို မြင်မိဟန်ဖြင့် နေရာမှ ဖြတ်ကနဲ ထွက်သွားပါလေ၏။ မကြာမီပင် ကေသီ၏ မြင်းကလေးကို ဆွဲပြီး ပြန်လာပါသည်။ မြင်းကလေးဘေးတွင် ကေသီလည်း ပါလာပါသည်။ မြင်းထိန်းသည် မြင်းကိုဆွဲပြီး မြင်းဇောင်းဘက်သို့ ခိုးကြောင်ခိုးဝှက် ထွက်သွားပါလေ၏။
ကေသီသည် ဧည့်ခန်းပြတင်းမှ လျှောဝင်လာပြီး ကျွန်မ ရှိနေသော အခန်းသို့ တက်လာပါသည်။ ထို့နောက် သူသည် အခန်းထဲသို့ အသာကလေးဝင်ပြီး နှင်းစိုနေသော ဦးထုပ်ကို ချွတ်ပါသည်။ ကျွန်မအခန်း ထဲတွင် တိတ်တိတ်ပုန်း ရှိနေသည်ကို သူ သတိ မပြုမိပါ။ ကျွန်မ ရုတ်ကနဲ ထလိုက်မှပင် သူလည်း အံ့အားသင့်သွားပြီး ကြက်သေသေနေပါလေ၏။
ကျွန်မလည်း သူ.ကို စိတ်ဆိုးသွားပြီး..
'ကဲ၊ မစ္စကက်သရင်း ရှင့်၊ ညကြီးမင်းကြီး အချိန်မတော်မှာ ရှင် ဆယ်သွားနေပါသလဲ၊ ကျုပ်ကို မဟုတ်တာပြောပြီး လှည့်စားသွားတာပေါ့လေ၊ ပြောစမ်းပါဦး၊ ရှင် ဘယ်သွားနေသလဲဆိုတာ' ဟု စကား စလိုက်ပါသည်။
“ဥယျာဉ်ထဲ သွားတာပါ”
“တခြားကို သွားတာပဲ”
“မဟုတ်ပါဘူး”
“အို.... ကက်သရင်းရယ်၊ ညည်း မဟုတ်တာလုပ်တာကို ညည်း သိပါတယ်ဟယ်။ ဒါမှမဟုတ်လဲ ညည်းငါ့ကို လိမ်နေတာပဲ၊ ညည်း ငါ့ကို မလိပ်စဖူး လိမ်တာ ငါ တကယ်ပဲ စိတ်မကောင်းဘူး၊ ညည်း လိမ်ပြောတာတွေ ကြားရတာနဲ့စာယင် ငါ သုံးလလောက် နေမကောင်းနေဖို့ ကောင်းတယ်ဟု ကျွန်မ ဝမ်းပန်းတနည်း ပြောလိုက်ပါသည်။
ထိုအခါ သူသည် ရှေ့တိုးလာပြီး ကျွန်မလည်ပင်းကို သိုင်းဖက်လျက် မျက်ရည်သွန်ချ ငိုယိုပါလေတော့သည်။
“ကျွန်မကို စိတ်မဆိုးပါနဲ့ အယ်လင်ရယ်၊ အယ်လင် စိတ်ဆိုးမှာ ကျွန်မ ကြောက်လွန်းလို့ပါ၊ အယ်လင် စိတ်မဆိုးဘူးလို့ ကတိပေးပါလား၊ ကျွန်မ အမှန်အတိုင်း ပြောပါမယ်။ ကျွန်မ ဘာမှ ဖုံးမထားချင်ဘူး'
ကျွန်မတို့သည် ပြတင်းပေါက်နားမှာပင် ထိုင်ချ လိုက်ပါသည်။ ကျွန်မက သူ့ လျှို့ဝှက်ချက် ဘာဖြစ်ဖြစ် စိတ်မဆိုးပါဟု ပြောလိုက်သဖြင့် သူက စကားစပါလေတော့သည်။
“ကျွန်မ လေထန်ကုန်း အိမ်ကြီးကို သွားခဲ့တာပါ အယ်လင်ရယ်။ ရှင် နေမကောင်းကတည်းက နေ့တိုင်းလိုပဲ ကျွန်မ အဲဒီကို သွားခဲ့တယ်၊ ကျွန်မလေ မြင်းထိန်း မိုက်ကယ်ကို စာအုပ်တွေပေးပြီး ကျွန်မရဲ့ မြင်းကလေး ပင်နီကို ညနေတိုင်း ပြင်ခိုင်းခဲ့တယ်၊ ပြီးတော့ မြင်းဇောင်းထဲ ပြန်အသွင်းခိုင်းခဲ့တယ်၊ သူ့ကိုလဲ ဆူလားပူလား မလုပ်ပါနဲ့နော်၊ အယ်လင်း ကျွန်မလေ ညနေခြောက်နာရီခွဲဆို လေထန်ကုန်း အိမ်ကြီးကို ရောက်သွားတာပဲ၊ အဲဒီမှာ ရှစ်နာရီခွဲအထိနေပြီး ကျွန်မ ပြန်လာပါတယ်။ ပထမက ကျွန်မ လင်တန်ကို ကတိပေးထားတဲ့အတိုင်း သွားဖို့ကိစ္စ အယ်လင့်ကို ပြောမလို့ပါပဲ၊ ဒါပေမယ့် စိတ်မကောင်းစရာ ဖြစ်ရဦးမယ် မဟုတ်လား၊ ကျွန်မတို့ သူတို့အိမ်က ပြန်လာတဲ့နေ့က သူ့ဆီကို နောက်တနေ့ လာပါဦးမယ်လို့ ပြောခဲ့တယ် မဟုတ်လား၊ အဲ...နောက်တနေ့ကျတော့ အယ်လင် နေမကောင်းနေတာနဲ့ အတော်ကျသွားတာပေါ့။
“ညနေစောင်းလို ဝင်းတံခါး သော့ခတ်ပြီးယင် ကျွန်မက သော့ကို ယူထားလိုက်တယ်၊ မိုက်ကယ်ကိုလဲ ကျွန်မ မောင်ဝမ်းကွဲကလေး နေမကောင်း ဖြစ်နေတဲ့ အကြောင်း၊ သူက ကျွန်မကို တွေ့ချင်တဲ့ အကြောင်း။ သူ့ခမျာ နေမကောင်းနေလို့ ကျွန်မတို့ အိမ်ကြီးကို မလာနိုင်တဲ့အကြောင်း၊ ဖေဖေကလဲ ကျွန်မ အဲဒီကိုသွားတာ မကြိုက်တဲ့ အကြောင်း ပြောပြီး သူနဲ့နားလည်မှု ယူရတာပေါ့၊ ဒါမှလဲ မြင်းကိစ္စက အဆင်ပြေမယ် မဟုတ်လား၊ သူက စာဖတ်ဝါသနာပါတော့ ကျွန်မလဲ သူ့ကို စာအုပ်တွေ ငှားတယ်လေ၊ ဒီတော့ ကျွန်မ လုပ်ချင်တာလဲ လုပ်ရတာပေါ့။
“ကျွန်မ လင်တန့်ဆီ ရောက်သွားတော့ လင်တန်ဟာ အတော်ပဲ ပျော်နေပုံရတယ်။ သူတို့အိမ်က အိမ်စေမကြီး ဇီလာက ကျွန်မတို အတူထိုင်တဲ့ အခန်းကိုလဲ ရှင်းထားပေးတယ်၊ မီးဖိုလဲ ကောင်းကောင်း ဖိုပေးတယ်၊ ပြီးတော့ ဂျိုးဆက် ဝတ်တက်သွားပြီး ဟယ်ယာတန်ကတော့ ခွေးတွေနဲ့ တောလိုက် သွားတယ်လို့ ပြောတယ်၊ ဒီတော့ ကျွန်မတို့လဲ လွတ်လွတ်လပ်လပ် နေရတာပေါ့၊ ဗီလာက ကျွန်မအဖို့ ဝိုင်နဲ့ မုန့်တွေလဲ ယူလာပေးတယ်၊ အဘွားကြီးက သဘောကောင်းပုံ ရပါတယ် အယ်လင်ရဲ့။
“ကျွန်မတို့လဲ မီးဖိုဘေး ကုလားထိုင် ကိုယ်စီမှာ ထိုင်ပြီး ရယ်လား မောလား ပြောကြ ဆိုကြတာပေါ့၊ နွေရောက်ယင် ကျွန်မတို့ ဘယ်သွားမယ်၊ ဘာညာပေါ့ရှင်၊ ဒါတွေတော့ မပြောတော့ပါဘူး၊ တော်ကြာနေ အယ်လင်က အရူးထတာလို့ ပြောဦးမယ်၊ တခါမှာတော့ ကျွန်မတို့ ရန်ဖြစ်မလို ဖြစ်သေးတယ် အယ်လင်ရဲ့၊ သူက နွေသီ ဇူလိုင်က တနေ့မှာ ကွင်းလယ်ကမ်းပါးယံပေါ်မှာ မနက်ကနေ မိုးချုပ်အထိ လှဲနေရတာဟာ အကောင်းဆုံး၊ အသာယာဆုံးပဲတဲ့၊ အဲဒီမှာ ပန်းတွေကြားက ပျားကလေးတွေ တဝီဝီ လုပ်နေတာ၊ ခေါင်းပေါ်မှာ ဘီလုံးငှက်ကလေးတွေ တွန်ကျူးတာကို နားထောင်ယင်း ကောင်းကင်ပြာမှာ တိမ်တွေစင်ပြီး နေရောင် တောက်ပနေတာကို ငေးစိုက်ကြည့်ရတာ သူ့အဖို့ သုခဘုံရောက်ရတာပဲတဲ့။ ကျွန်မကတော့ တမျိုး မဟုတ်လား၊ အနောက်လေမှာ တိမ်းယိမ်းနေတဲ့ သစ်ကိုင်းတွေပေါ်မှာ တငြိမ့်ငြိမ့် လွှဲထိုင်နေရတာ၊ ကောင်းကင်မှာ တိမ်တွေ တရွေ့ရွေ့ ဖြတ်သွားတာကို ကြည့်ရတာ၊ ငှက်သံဆိုလဲ ဘီလုံးငှက်မှတွင် မဟုတ်ပဲ ဘီလုံးငှက်တွေရော မြေလူးငှက်တွေရော၊ ဟို အဝေးကြီးနေရာအနှံ့က ဥဩငှက်ကသေးတွေ တွန်ကျူးနေတာကိုပါ ကြားရတာ ပိုသဘောကျတယ်၊ ကွင်းထဲမှာ ခပ်လှမ်းလှမ်းက တောင်ကြား လျှိုမြောင်တွေကို မှုန်ရီမှေးမှေး မြင်ရတာကိုလဲ ကြိုက်တယ်၊ မြက်ပင်တွေ လေထဲမှာ တရွှီးရွှီးမြည်ပြီး ယိမ်းထိုးနေတာတွေ၊ အပင်တွေကို လေတိုးသံရော၊ ရေစီးသံတွေ ဆူဆူညံညံနဲ့မှ ပျော်စရာကောင်းတာ၊ သူက အေးအေးဆေးဆေး လှဲပြီး အရသာ ခံချင်တယ်။ ကျွန်မကတော့ မြူးမြူးကြွကြွ ကခုန်နေတာမျိုးမှ ကြိုက်တယ်။ ဒီတော့ ကျွန်မက သူဇိမ်ခံတာက တဝက်ပဲ အသက်ရှိတယ်လို့ ပြောတော့ သူက ကျွန်မကို ကျွန်မ ကြိုက်တာက အရက်သမားလို ပျော်ရတာမျိုး ကြိုက်သတဲ့။ ကျွန်မကသူ့လိုမျိုး ဇိမ်ခံရယင် အိပ်ပျော်ရုံပဲရှိတယ်လို့ ပြောတော့ သူကလဲ ကျွန်မလို ပျော်ရမယ်ဆိုယင် သူ အသက်ရှူနိုင်မှာ မဟုတ်ဘူးတဲ့။ အဲ့ဒါပြောယင်း တဖြည်းဖြည်း တင်းမာလာတယ်၊ ကတောက်ကဆဖြစ်လာတယ်၊ နောက်ဆုံးကျမှ နှစ်ယောက်စလုံး တဦးအကြိုက်ကိုတဦး လိုက်ပြီး နားမယ်လို့ သဘောတူလိုက်တယ်၊ တယောက်ကိုတယောက် နမ်းပြီး ကျေအေးလိုက်တယ်လေ။
'တနာရီလောက် ထိုင်မိတော့ ကျွန်မက ကော်ဇော ခင်းမထားပဲ ပြောင်နေတဲ့ အခန်းကြီးကို ကြည့်ယင်း စားပွဲကိုရွှေ့ပြီး အခန်းထဲ ကစားဖို့ စိတ်ကူးပေါက်လာတယ်။ ဒါနဲ့ ကျွန်မက လင်တန်ကို ညောင်ပင်တစ္ဆေ ကစားဖို့နဲ့ ကျွန်မတို့ဖို့ အကူအညီရအောင် ဇီလာကို ခေါ်ပေးဖို့ ပြောလိုက်တယ်၊ ညောင်ပင်တစ္ဆေ ကစားတာ အယ်လင် သိတယ်မဟုတ်လား၊ ညောင်ပင်တစ္ဆေကစားတော့ ဇီလာက ညောင်ပင်တစ္ဆေလုပ်ပြီး ကျွန်မတို့ကို လိုက်ဖမ်းတာပေါ့၊ ဒါပေမယ် သူက ညောင်ပင် တစ္ဆေကစားရတာ သူ မပျော်ဘူးတဲ့။ ဒါကြောင့် ဘောလုံးနဲ့ကစားဖို့ စိတ်ကူးရပြန်တယ်လေ၊ ဒါနဲ့ ဗီရိုထဲ ရှာကြည့်တော့ အရုပ်တွေ၊ ဂျင်တွေ၊ သားရေကွင်းတွေ၊ ကြက်တောင်ရိုက် ကစားတဲ့ ကစားစရာ ပစ္စည်းတွေကြားမှာ ဘောလုံးနှစ်လုံး တွေ့ရတယ်၊ တလုံးက “က” အက္ခရာ အမှတ်အသားပါပြီး တလုံးမှာတော့ “ဟ” အမှတ်အသားပါတယ်၊ ကျွန်မက “က” အက္ခရာ ပါတဲ့ ဘောလုံးကို ယူလိုက်တယ်။ “က” အက္ခရာ ဆိုတော့ ကက်သရင်းပေါ၊ “ဟ" က ဟိကလစ်ကို ကိုယ်စားပြုတာကြောင့် “ဟ” အက္ခရာပါတဲ့ ဘောလုံးကို သူ့ပေးလိုက်တယ်၊ ဒါပေမယ့် သူ့ ဘောလုံးက ပေါက်နေတယ် သူ သိပ်သဘောမကျဘူး၊ ဒါနဲ့ ကျွန်မဘောလုံးကို နှစ်ယောက် ရိုက်ပြီး ကစားတာ၊ ကြာတော့ သူ မောလာတယ်၊ ချောင်းလဲ တဟွပ်ဟွပ် ဆိုးလာတဲ့အတွက် သူ ကုလားထိုင်မှာ ပြန်ထိုင်တယ်၊ ဒါနဲ့ ကျွန်မလဲ သူ့ကို သီချင်း ဆိုပြလိုက်တယ်၊ အယ်လင် ဆိုနေကျ သီချင်းတွေပေါ့၊ ဒီတော့ သူလဲ ပြန်ပြီး နေကောင်းလာတယ်၊ ပြန်ခါနီးကျတော့ သူက နောက်တနေ့ညနေ လာခဲ့ဖို့ မှာပြန်တယ်၊ ကျွန်မလဲ ကတိပေးပြီး မင်နီကို အသာနှင်ပြန်ခဲ့တယ်၊ အိမ်ရောက်ပြီး အိပ်ရာထဲ ဝင်ခဲ့တော့ လေထန်ကုန်းအိမ်ကြီးနဲ့ လင်တန်ဟာ အိပ်မက်ထဲမှာ ရစ်ဝဲနေတယ်လေ။
“မနက်လင်းတော့လဲ ကျွန်မ စိတ်မကောင်းရပြန်ဘူး၊ အကြောင်းကတော့ အယ်လင် နေမကောင်းတဲ့ အတွက်ပဲ၊ တကြောင်းကလဲ ကျွန်မ လင်တန့်ဆီ သွားနေတာ ဖေဖေ့ကို အသိပေးလိုက်ချင်တယ်။ ဖေဖေ့ဆီက သဘောတူချက် ရချင်တယ်၊ ဒါပေမယ့် ညဦးပိုင်း လသာသာမှာ မြင်းစီးပြီး လေထန်ကုန်းဘက်ကို လာခဲ့တော့လဲ စိတ်မကောင်းဖြစ်ခဲ့ရသမျှတွေ ပျောက်သွားပြန်ရော၊ ကျွန်မ အဖို့တော့ နောက်တကြိမ်ကြုံရတဲ့ ကြည်နူးဖွယ် ညချမ်းပေါ့၊ သူလဲ ပျော်မှာပါပဲလေ၊ အဲဒီ ညချမ်းက ကျွန်မ မြင်းစီးပြီး သူတို့ခြံထဲ ဝင်လာတော့ ဟယ်ယာတန်ဆိုတဲ့ လူက မြင်းဇက်ကြိုးကို လှမ်းဆွဲပြီး အိမ်ရှေ့ဘက်က ဝင်ဖို့ ပြောတယ်၊ ပြီးတော့ ပင်နီ လည်ပင်းကို ပွတ်သပ်ပေးယင်း မင်နီကို ချောသလေး လှသလေးနဲ့၊ သူ ကျွန်မကို စကားပြောချင်တယ် ထင်ပါရဲ့၊ ဒီတော့ ကျွန်မက မြင်းကို ဆွဲမထားဖို့နဲ့ ဆွဲထားယင် ကန်လိမ့်မယ်လို့ ပြောလိုက်တယ်။ ဒီတော့ သူက 'ဒီကောင်မ သိပ်နာအောင် မကန်ပါဘူး” လို့ ခပ်ရိုင်းရိုင်း ပြောယင်း မင်နီရဲ့ ခြေထောက်တွေကို ကြည့်ပြီး ပြုံးသလေ၊ ကျွန်မလေ သူ့ကို ကျွန်မမြင်း ကန်လိုက်စေချင်တယ်၊ ဒါပေမယ့် သူက မြင်းနားက ခွာသွားပြီး ဝင်းတံခါး ကန့်လန့်ကို ဖွင့်ပေးပြီး အိပ်ကြီးအဝင်ဝ နဖူးစည်းက စာကို မော့်ကြည့်နေတယ်၊ သူ့မျက်နှာထားက ဘဝင်မြင့်နေသလို ကြွားချင်သလိုလိုနဲ့ ခွတီးခွကျ နိုင်လိုက်တာ အယ်လင်ရှယ်၊ အဲဒီလို မော်ကြည့်ယင်း ‘မစ္စကက်သရင်း၊ ကိုယ် အဲဒီစာကို ဖတ်တတ်ပြီ" လို့ ပြောတယ်၊ ဒီတော့ ကျွန်မက “အံ့စရာပါလား၊ ဒီလိုဆို ရှင် လိမ္မာလာပြီပေါ့၊ ကဲ ဖတ်ပြစမ်းပါဦး” ဆိုတော့ သူက စာလုံးပေါင်းကို ခပ်လေးလေးပေါင်းပြီး “ဟယ်ယာတန် အန်းရှော” လို့ ဖတ်ပြတယ်၊ ဒါနဲ့ ကျွန်မကပဲ “ဒါဖြင့် ဂဏန်းတွေကို ဖတ်ပြစမ်းပါဦး” လို့ ပြောလိုက်တော့ “အဲဒါတွေတော့ မဖတ်တတ်သေးဘူး” လို့ ပြောတယ်၊ ဒီတော့ ကျွန်မက သူ့ကို လှောင်တဲ့အနေနဲ့ ရယ်ပြီး “အိုး၊ ဒါဆို ရှင် လူညံ့ပဲ” လို့ ပြောလိုက်တယ်။
“အမယ်၊ အဲဒီတော့ သူက ကျွန်မကို စိုက်ကြည့်တယ်၊ နှုတ်ခမ်းကလဲ ရွဲ့လို့၊ မျက်နှာကလဲ မဲ့လို့၊ သူက ကျွန်မ သဘောကျလိမ့်မယ် ထင်ပြီး ပြောတာ၊ ကျွန်မက သဘောမကျသလို၊ ဘာလိုနဲ့၊ သူ ရှက်တော့သွားပုံ အရသား၊ ဒါပေမယ့် ကျွန်မ သူ့ကို ဂရုမစိုက်နိုင်ပါဘူး၊ ကျွန်မက လင်တန်နဲ့ မြန်မြန် တွေ့ချင်ပြီ၊ သူ ကျွန်မနားက မြန်မြန် ထွက်သွားစေချင်ပြီ၊ လရောင်မှာ သူ့မျက်နှာ နီသွားတာကိုလဲ သတိထားမိတယ်၊ ရှက်သွားတာရော၊ ဒေါသဖြစ်သွားတာရော ပါမှာပေါ့၊ သူ ကန့်လန့်ကို ကိုင်ထားရာက လက်လွှတ်လိုက်ပြီး နေရာက ထွက်သွားတယ်၊ သူက သူ့နာမည် သူ စာလုံးပေါင်းဖတ်နိုင်တာကိုပဲ သူ့ကိုယ်သူ လင်တန်လောက် တတ်နေပြီလို့ ထင်နေတာ အယ်လင်ရဲ့"
“ဒီလိုတော့ မပြောနဲ့ ကက်သရင်း၊ ငါကတော့ ဟယ်ာ့တန်ကို အပြစ်မပြောချင်ဘူး၊ ညည်းလုပ်ပုံကိုသာ ငါ မကြိုက်တာ၊ ဟယ်ယာတန်ဟာလဲ လင်တန်လိုပဲ ညည်းရဲ့ ဝမ်းကွဲမောင်ပဲ၊ ညည်း ဒီလို ပြောသင့်သလား စဉ်းစားစမ်း၊ လင်တန်လို တတ်အောင်သင်တာ ကြိုးစားတာကိုပဲ ညည်း သူ့ကို ချီးကျူးဖို့ကောင်းပါတယ်၊ သူ့အနေနဲ့ သူ ဘယ်လောက် တတ်တယ်ဆိုတာ ပြရလောက်အောင် မတတ်ဘူးပဲထား ညည်း သူ အရှက်ရအောင် မလုပ်သင့်ဘူးပေါ့၊ ခုဟာလဲ ညည်း သဘောကျမလားလို့ ဆိုပြီး သူကြိုးစားပြရရှာတာပါအေ၊ ဒါကို ညည်းက သွားပြီး ပြောင်လား လှောင်လား လုပ်တယ်ဆိုတော့ ညည်းပဲ မကောင်းဖြစ်တာပေါ့၊ ညည်းလဲ သူ့လို အခြေအနေမျိုးနဲ့သာ ကြီးပြင်းလာယင် သူ့လိုပဲ နေမှာပေါ့၊ တကယ်တော့ ခမျာဟာ ငယ်ငယ်တုန်းက ညည်းလိုပဲ ဉာဏ်ကောင်းရှာပါသအေ၊ ခုဟာက ဟိကလစ်က နှိမ်ထားလို့ ခုလို ဖြစ်ရရှာတာ ငါ စိတ်မကောင်းဘူး သိလား”
“ကဲပါ အယ်လင်ရယ်၊ ငိုတော့ မငိုလိုက်ပါနဲ့။ သူ ဘာကြောင့် ကကြီး ခကွေးသင်ပြီး ကျွန်မ သဘောကျအောင် လုပ်တာလဲ ဆိုတာ နောက်တော့ ကျွန်မ ပြောပြမယ်၊ စောင့်ကြည့်ပါ၊ ကကြီး ခကွေးလေး တတ်ရုံနဲ့ကော လူယဉ်ကျေး၊ လူလိမ္မာ ဖြစ်ရောတဲ့လား၊ ထားပါတော့၊ ဒါနဲ့ ကျွန်မလဲ အိမ်ထဲ ဝင်ခဲ့တယ်၊ လင်တန်က ဆိုဖာပေါ်မှာ လှဲနေရာက ကိုယ်တပိုင်း ထပြီး ကျွန်မကို ကြိုတယ်၊ ပြီးတော့ “ကနေ့ည ကိုယ် နေမကောင်းဘူး ကက်သရင်းရယ်၊ မင်း ပြောစရာ စကားတွေကို ပြောစမ်းပါကွယ်၊ ကိုယ် နားထောင်ပါတယ်၊ ကိုယ့်နားလာပြီး ထိုင်စမ်းပါ၊ မင်းကတိအတည်သားပဲ၊ နောက်နေ့လဲ လာပါမယ်လို့ ကတိပေးဦးနော်” လို့ ပြောတယ်လေ၊ ကျွန်မလဲ သူ နေမကောင်းနေတာကြောင့် သူ့ကို စိတ်အနှောင့်အယှက် မဖြစ်စေချင်တာနဲ့ ဘာမှ မမေးပဲ စကားကို ညပ်ညင်သာသာ ပြောလိုက်ပါတယ်၊ သူ စိတ်ကသိကအောက် ဖြစ်မှာကို ရှောင်ပြောရတာပေါ့၊ အဲဒီညက ကျွန်မ သူဖို့ စာအုပ်တချို့ ယူသွားတယ်၊ သူက စာဖတ်ပြခိုင်းတာနဲ့ ဖတ်ပြမလို့ လုပ်နေတုန်း ဟယ်ယာတန်ဟာ တံခါးကို ဝုန်းကနဲ ဖွင့်ပြီး ရှူးရှူးရှဲရှဲနဲ့ ရောက်လာတယ်။ သူ ကျွန်မတို့ နှစ်ယောက်ဆီ လာတယ်၊ လင်တန်ကို လက်မောင်းက ဆွဲကိုင်တဲ့ပြီး “ဟေ့ကောင်၊ မင်းအခန်း မင်း သွားပါလား” လို့ ပြောလိုက်တယ်၊ သူ့အသံကလဲ တုန်လို့၊ သူ့မျက်နှာကလဲ ဒေါသ ဖြစ်နေသလိုပဲ၊ “မင်း ကောင်မကလေးကလဲ မင်းနဲ့ နေချင်တယ်ဆိုယင် သူ့ပါ ခေါ်သွား၊ မင်းတို့ ဒီအခန်းထဲမှာ မနေနဲ့၊ နှစ်ယောက်စလုံး ထွက်သွား” လို့ ဆက်ပြောပြီး လင်တန်က ဘာမှ ပြန်မပြောနိုင်ခင်မှာပဲ လင်တန်ကို မီးဖိုထဲ တွန်းပစ်လိုက်တယ်၊ ကျွန်မ လင်တန့်နောက် လိုက်သွားတော့ သူက ကျွန်မကိုတောင် ထိုးလားကြိတ်လား လုပ်မလို ဟန်မျိုးနဲ့ လက်သီးကို တင်းတင်း ဆုပ်ထားတယ်၊ ကျွန်မလဲ ကြောက်လန့်သွားပြီး လက်ထဲက စာအုပ် လွတ်ကျသွားတယ်၊ အဲဒီတော့ ဟယ်ယာတန်က စာအုပ်ကို ကျွန်မ နောက်ကနေ ကန်ထုတ်လိုက်ပြီး အခန်းတံခါးကို ပိတ်ပစ်လိုက်တယ်၊ မီးဖိုခန်းထဲ မီးဖိုနားက ကြောက်ခမန်းလိလိ ရယ်သံကို ကြားလိုက်ရတာနဲ့ လှမ်းကြည့်လိုက်တော့ ဂျိုးဆက်ကို သူ့လက်တွေ သူ ပွတ်သပ်ယင်း ရပ်လျက်သား တွေ့ရတယ်၊ သူကလဲ “ဟဲ ဟဲ၊ မင်းတို့ကို မောင်းထုတ်လိမ့်မယ်လို့ ငါထင်သားပဲ၊ ဒီအိမ်မှာ သခင် ဟိကလစ် မရှိယင် ဘယ်သူ ဗိုလ်ဖြစ်မလဲဆိုတာ ပြလိုက်တာပဲ။ ဟီး ဟီး” လို့ လှောင်ရယ် ရယ်တယ်၊ ကျွန်မလဲ သူပြောနေတာတွေကို အရေးမထားပဲ “ကဲ၊ ဒါဖြင့် တို့ ဘယ်သွားမလဲ” လို့ လင်တန်ကို မေးလိုက်တယ်။
“လင်တန်က ဖြူဖပ်ဖြူရော် ကတုန်ကယင် ဖြစ်နေတယ်၊ သူ့ကြည့်ရတာ တမျိုးကြီးပဲ၊ သူ ကြောက်နေပုံရတယ်၊ မျက်လုံးကြီးတွေ ပြူးနေလိုက်တာများ တခါတည်း ရူးသွားမလား မှတ်ရတယ်၊ အဲဒီကြားက သူ တံခါးဘုကိုကိုင်ပြီး ဆွဲလှုပ်သေးတယ်၊ အထဲက ကန့်လန့် အခိုင်အမာ ချထားလိုက်ပြီလေ၊ အဲဒီမှာ အသံ တုန်တုန်ယင်ယင်နဲ့ “ဟေ့လူ၊ ကျုပ် အထဲမဝင်ရယင် ခင်ဗျားကို အသတ်ပဲ၊ “ကျုပ်အထဲ မဝင်ရယင်တော့ ခင်ဗျားကို အသတ်ပဲ၊ ကျုပ် သတ်မယ်၊ သတ်မယ်” လို့ အော်ပြောတယ်၊ ဒီတော့ ဂျိုးဆက်က အသံကွဲကြီးနဲ့ ရယ်ပြန်တယ်၊ ပါးစပ်ကလဲ “ဟယ်ယာတန်ရေ ဖွင့်မပေးနဲ့ဟ၊ ဘာမှ မကြောက်နဲ့၊ သူမဝင်နိုင်ဘူး” လို့ အော်ပြောတယ်။
“ဒါနဲ့ ကျွန်မလဲ လင်တန့် လက်ကိုဆွဲပြီး တခြားကို ခေါ်သွားမလို့ လုပ်ပါသေးတယ်၊ သူ အတော်ကြီးကိုပဲ ကယောင်ကတမ်း ဖြစ်နေပြီ၊ ဘယ်လိုမှခေါ်လို့ မရဘူး၊ နောက်ဆုံးကျတော့ အော်ယင်းဟစ်ယမ်းနဲ့ပဲ ချောင်းတဟွပ်ဟွပ် ဆိုးလာပြီး ဆက်မအော်နိုင်ပဲ ပါးစပ်ထဲက သွေးတွေ အန်ကျလာပြီး လဲကျသွားပါလေရော၊ ကျွန်မလဲ.. အထိတ်ထိတ် အလန့်လန့်နဲ့ နောက်ဖေးဘက် ထွက်လာပြီး ဇီလာကို သံကုန်ဟစ်ခေါ်လိုက်တယ်၊ အဲဒီတုန်းက ဇီလာဟာ နောက်ဖေးကျီရဲ့ နောက်ဘက် တင်းကုပ်ထဲမှာ နွားနို့ညှစ်နေတယ်၊ ဇီလာလဲ ကျွန်မ အော်ခေါ်သံ ကြားတာနဲ့ ကျွန်မဆီ အပြေး ရောက်လာပြီး အကျိုးအကြောင်း မေးတယ်၊ ကျွန်မ သူ့အမေးကို မဖြေနိုင်အောင် ထိတ်ထိတ်ပျာပျာ ဖြစ်နေတာကြောင့် သူ့ကို မီးဖိုထဲ ဆွဲခေါ်လာခဲ့တယ်၊ လင်တန်ကို ကြည့်လိုက်တော့ နေရာမှာ မရှိတော့ဘူး၊ ဟယ်ယာတန်ဟာ သူ့ကြောင့် မီးဖိုထဲမှာ ဘာဖြစ်ကုန်ကြပြီလဲ ထွက်ကြည့်ပြီး လင်တန် လဲကျနေတာ တွေ့တာနဲ့ လင်တန်ကို ပွေ့ပြီး အပေါ်ထပ် ခေါ်သွားတယ်၊ ဒါနဲ့ ကျွန်မနဲ့ ဇီလာလဲ အပေါ် တက်လိုက်သွားတာပေါ့၊ ဒါပေမယ့် သူက လှေကားထိပ်ကနေပြီး ကျွန်မကို အထဲမဝင်ဖို့နဲ့ အိမ်ပြန်ဖို့ ပြောတယ်၊ ကျွန်မကလဲ လင်တန်ကို သူသတ်နေတာ၊ ကျွန်မ ဝင်မယ် ပြောတာပေါ့၊ ဒီကြားမှာပဲ ဂျိုးဆက်က တံခါးကို ပိတ်ပစ်လိုက်တယ်၊ ဒါပေမယ့် ဇီလာကတော့ အခန်းထဲရောက်သွားပြီ။ ကျွန်မလဲ နေရာမှာပဲ ငိုပြီး ရပ်နေတယ်၊ တော်ကြာတော့ ဇီလာ ပြန်လာပြီး လင်တန် သက်သာလာပြီလို့ ပြောပြီး အောက်ထပ် အိမ်ကြီးထဲ ခေါ်လာတယ်။
“ကျွန်မဖြင့်လေ ဆံပင်တွေတောင် ဆွဲနုတ်ပစ်ချင်လောက်အောင် ဖြစ်ရတယ်၊ ငိုလိုက်တာလဲ ဘာဆို ဘာမှကို မမြင်ရတော့ သလောက်ပဲ၊ အဲဒီတုန်းမှာပဲ ရှင်သနားလှတဲ့ လူရိုင်းစိုင်းက ကျွန်မရှေ့ ရောက်လာပြီး သူ့ အပြစ် မဟုတ်ကြောင်း ပြောတာကိုး၊ ဒီတော့ ကျွန်မက ဖေဖေ့ကို ပြောပြပြီး သူ့ကို ထောင်ချပစ်မယ်၊ ကြိုးပေးပစ်အောင် လုပ်မယ်လို့ ပြောလိုက်တယ် ၊ ဒီနောက်တော့ ကျွန်မလဲ အိမ်ထဲက ထွက်လာတယ်၊ သူကျွန်မ နောက်က လိုက်လာပြီး “ကိုယ်စိတ်မကောင်းပါဘူး မစ္စကက်သရင်း၊ ဒီအဖြစ်ဟာ တော်တော်ဆိုးတာပဲ” လို့ ပြောလို့မှ စကားမဆုံးသေးဘူး၊ ကျွန်မ သူ့ကို ကျာပွတ်နဲ့ရိုက်ပြီး မြင်းကို ဒုန်းစိုင်းလာခဲ့တယ်၊ အဲဒီညက ကျွန်မ အိပ်ရာဝင်ခါနီး ရှင့်ကို လာပြီး နှုတ်မဆက်ဘူး၊ နောက်နေ့ကျတော့ ကျွန်မ လေထန်ကုန်း အိမ်ကို မသွားတော့ဘူး၊ သွားချင်လိုက်တာတော့ မပြောပါနဲ့တော့၊ ဒါပေမယ့် ကျွန်မစိတ်ထဲမှာ လင်တန်သေပြီဆိုတာကို ကြားရမလားဆိုပြီး စိတ် ချောက်ချား နေတာကလဲ တကြောင်း၊ ဟယ်ယာတန်ကို တွေ့ရမှာ ကြောက်နေတာလဲ တကြောင်းကြောင့် မသွားဖြစ်ခဲ့ပါဘူး။
'တတိယညကျတော့ ကျွန်မ စိတ်ကိုတင်းပြီး နောက်တကြိမ် အိမ်က ခိုးထွက်သွားပြန်တယ်၊ အဲဒီနေ့က ညနေငါးနာရီ လောက်မှာ လမ်းလျှောက်ပြီး သွားလိုက်တယ်။ သူတို့အိမ်ထဲကို ဝင်ပြီး လင်တန့် အခန်းထဲ တိတ်တိတ် ဝင်သွားမယ်ပေါ့လေ၊ ကျွန်မ အိမ်ဝင်းထဲ ဝင်လာတာ သတိမထားမိဘူး၊ အဲဒီမှာ ဇီလာနဲ့တွေ့ပြီး ကျွန်မကို လင်တန် အတော်ကလေး သက်သာသွားကြောင်း ပြောတယ်၊ ပြီးတော့ ကျွန်မကို ခန်းတခန်းထဲ ခေါ်သွားတယ်၊ လင်တန်ဟာ ဆိုဖာပေါ်မှာ လှဲပြီး ကျွန်မပေးထားတဲ့ စာအုပ်တအုပ်ကို ဖတ်နေတယ်၊ ဒါပေမယ့် ကျွန်မကို စကားလဲ မပြောဘူး၊ ကြည့်လဲ မကြည့်ဘူး၊ သူ စိတ်မကောင်း ဖြစ်နေသလိုပဲ၊ သူကတောင် ကျွန်မကို စိတ်ဆိုးနေလိုက်သေးတယ်၊ ဟိုနေ့က ဖြစ်တာ ကျွန်မက အော်တာ၊ ဟစ်တာကြောင့်ပဲ ဖြစ်နေရသလိုလို၊ ဟယ်ယာတန်မှာ အပြစ်မရှိဘူးတဲ့၊ ကျွန်မ စိတ်ဆိုးလိုက်တာလေ၊ ချက်ချင်းပဲ အခန်းထဲက ပြန်ထွက်လာတယ်၊ အဲဒီတော့မှ သူက ကျွန်မကို ယဲ့ယဲ့ အသံကလေးနဲ့ လှမ်းခေါ်တယ်၊ ဒါပေမယ့် ကျွန်မ သူ့ကို ပြန်တောင် လှည့်မကြည့်တော့ဘူး၊ သူတို့အိမ်က ထွက်လာတယ်၊ နောက်တနေ့ကျဘော့ ကျွန်မအိမ်မှာပဲ နေပစ်လိုက်တယ်၊ သူတို့အိမ်ကိုလဲ ဘယ်တော့မှ မသွားတော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်။
“ဒါပေမယ့် အဲဒီညက အိပ်လို့လဲ မပျော်ခဲ့ဘူး၊ အိပ်ရာက နိုးတော့လဲ သူ့အကြောင်း၊ သူ့အခြေအနေကိုပဲ ကြားချင်နေတယ်၊ ဒီတော့ သူတို့အိမ်ကို ဘယ်တော့မှ မသွားတော့ဘူး ဆိုတဲ့ ဆုံးဖြတ်ချက်ဟာ အရည်ပျော်ပြီး အငွေ့ဖြစ်သွား ပြန်တာပေါ့ အယ်လင်ရယ်၊ ညနေကျတော့ ထုံးစံအတိုင်းပဲ မိုက်ကယ်က ပင်နီကို ကကြိုးတန်ဆာ တပ်ရတော့မလားလို့ လာမေးတော့ ကျွန်မက “အေး” လို့ ဖြေလိုက်တယ်၊ ပြီးတော့ ပင်နီကလဲ သူ ထမ်းဆောင်နေကျ တာဝန်ကို ထမ်းဆောင်သလို ကျွန်မကို သယ်ပိုးပြီး တောင်ကုန်းတွေပေါ်က ဖြတ်လာပြန်တယ်၊ ဒီတခါတော့ ကျွန်မလဲ ဘာမှ ခိုးကြောင်ခိုးဝှက် လုပ်မနေတော့ပဲ အိပ်ထဲကို တန်းဝင်လာတယ်၊ ဇီလာက ကျွန်မကို တွေ့လိုက်တယ်ဆိုယင်ပဲ သခင်ကလေး အိမ်ထဲမှာ ရှိပါတယ်” ဆိုပြီး ကျွန်မကို ဧည့်ခန်းလိုက်ပို့ပါတယ်၊ ကျွန်မ ဧည့်ခန်းထဲ ဝင်လာတော့ ဟယ်ယာတန်လဲ ရှိနေတယ်၊ ဒါပေမယ့် ဒီတခါတော့ ဟယ်ယာတန်ဟာ ကျွန်မ ဝင်လာတာ မြင်တာနဲ့ အခန်းထဲက ထွက်သွားတယ်လေ၊ လင်တန်ကတော့ ပက်လက် ကုလားထိုင်ကြီးပေါ်မှာ မှိန်းနေတယ်၊ ဒါနဲ့ ကျွန်မလဲ သူရှိနေတဲ့ မီးဖိုနား လျှောက်သွားပြီး ခပ်တည်တည်လေသံနဲ့ “ဒီမယ် လင်တန်၊ မင်းဆီကို ကိုယ်လာတာ မကြိုက်ယင်၊ ကိုယ်လာတာဟာ မင်းကို ထိခိုက်နာကျင်စေတာမျိုးဆိုယင် ခုဟာ ကိုယ်မင်းဆီကို နောက်ဆုံးလာတာလို့ မှတ်ပါ မင်းကို ကိုယ် နှုတ်ဆက်ခဲ့ပါတယ်၊ ပြီးတော့လဲ မစ္စတာဟိကလစ်ကို ပြောလိုက်ပါ၊ မင်းကိုယ်တိုင်က ကိုယ့်ကို မတွေ့ချင်ဘူးလို့၊ ဒါကြောင့် ကိုယ့်ကိုလဲ မဟုတ်ကဟုတ်က စကားတွေ လာမပြောပါနဲ့တော့” လို့ ပြောပစ်လိုက်တယ်။
“အဲဒီတော့ သူက ဘာပြောဘယ် ထင်သလဲ၊ “ထိုင်ပါဦး ကက်သရင်းရယ်၊ ဦးထုပ်ကိုလဲ ချွတ်စမ်းပါဦး၊ မင်းက ကိုယ့်ထက် ပျော်ပျော်ရွှင်ရွှင် နေရတဲ့လူပါ၊ ဒါကြောင့်လဲ မင်းက ကိုယ် ထက်စိတ်ထား ပိုကောင်းတာပေါ့၊ ဖေဖေကဆို ကိုယ့်အပြစ် အနာအဆာတွေကို ပြောပြောပြီး ကိုယ့်ကို ဆူတာပူတာဟာ သဘာဝကျပါတယ်၊ ကိုယ်လေ၊ ကိုယ့်ကိုကိုယ် စဉ်းစားကြည့်တယ်၊ တကယ်ပဲ ကိုယ်ဟာ ဖေဖေ မကြာမကြာ ပြောသလို အလကားကောင် ဖြစ်နေသလား ဆိုတာ ကိုယ် စဉ်းစားကြည့်တယ်၊ ကိုယ်စိတ်ညစ်တယ် ကက်သရင်း၊ ကိုယ် စိတ်လဲနာတယ်၊ ကိုယ် အားလုံးကို မုန်းတယ်။ ဟုတ်တယ်၊ ကိုယ်ဟာ အလကားကောင်ပဲ ကိုယ်ဟာ အလကားနေယင်း စိတ်တိုနေတယ်၊ အကျင့်လဲ မကောင်းဘူး၊ ဟုတ်တယ်၊ ကိုယ်ဟာ အလကားကောင်ပဲ၊ အဲဒီအခြေအနေမျိုးမှာ မင်း ကိုယ့်ကို လာမတွေ့တော့ဘူးဆိုယင် မင်းအဖို့တော့ ကိုယ်နဲ့ပတ်သက်ပြီး စိတ်မညစ်ရတော့ဘူးပေါ့ကွယ်၊ ဒါပေမယ့် ကိုယ်လဲလေ ဖြစ်နိုင်ယင် မင်းလိုပဲ လူကောင်း၊ သူကောင်း၊ သဘောကောင်းနဲ့ ချစ်စရာကောင်းတဲ့ လူတယောက် ဖြစ်ချင်တာပဲ၊ ပိုပြီး ပျော်ပျော် ရွှင်ရွှင်နဲ့ ကျန်းကျန်း မာမာပဲ နေချင်တာပဲ၊ ဒါကိုတော့ ယုံပါ၊ တကယ်တော့ မင်းရဲ့ ကိုယ့် အပေါ်ထားတဲ့ ကရုဏာတရားဟာ ကိုယ်အဖို့ မင်းကို ချစ်သင့်တာထက် ပိုပြီး ချစ်လာရတယ် ကက်သရင်း၊ ဒါပေမယ် ကိုယ် မင်းကို ဘယ်လို ဘယ်လောက် ချစ်ကြောင်း မပြနိုင်ဘူး၊ အဲဒီ အတွက်လဲ ကိုယ် စိတ်မကောင်းဘူး၊ ဒီအတွက် ကိုယ်ဟာ သေတဲ့အထိ စိတ်ဆင်းရဲ နေရမှာပဲ ကက်သရင်းရယ်” တဲ့။ သူဟာ အမှန်အတိုင်း ပြောနေတာပဲလို့ ကျွန်မထင်တယ်၊ ဒါကြောင့်လဲ ကျွန်မ သူ့ကို ခွင့်လွတ်သင့်တယ်လို့ သဘောရတယ်၊ နောက်ဆုံး ကုန်ကုန်ပြောမယ် အယ်လင်၊ နောက်တကြိမ် သူ ကျွန်မကို ရန်စကား ပြောလာတောင် ကျွန်မ သူ့ကို ခွင့်လွှတ်ရလိမ့်မယ်လို့ သဘောရတယ်။
'အဲဒီလိုနဲ့ ကျွန်မတို့ ပြန်ပြီး သင့်မြတ်သွားကြတယ်၊ အဲဒီနေ့က ကျွန်မတို့ နှစ်ယောက်စလုံး ငိုမိကြတယ်၊ နှစ်ယောက်စလုံးလဲ ဝမ်းပန်းတနည်း ဖြစ်ကြရတယ်။ ကျွန်မဆို လင်တန်ရဲ့ စိတ်ကောက်လွယ်တတ်တဲ့ သဘာဝအတွက် ဝမ်းနည်းမိတယ်။ ဟုတ်တယ်လေ၊ သူက သူ့ အပေါင်း အသင်းတွေကို စိတ်ညစ်ရအောင် လုပ်သလို သူ့ကိုယ်သူလဲ စိတ်ညစ်ရအောင် လုပ်တာပဲ မဟုတ်လား။
“အဲဒီညက စပြီး ကျွန်မဟာ သူရဲ့ သီးခြား ဧည့်ခန်းကလေးထဲမှာပဲ သူနဲ့ သွားတွေ့လိုက်တယ်၊ အိမ်ကြီးက ဧည့်ခန်းမှာ မတွေ့တော့ဘူး၊ နောက်တနေ့ကျတော့ ဟိကလစ်ကလဲ ပြန်လာပြီလေ၊ အဲဒီနောက်တော့ ကျွန်မတို့လဲ ပထမအကြိမ် အဲဒီအိမ်ကြီးမှာ တွေ့စဉ်ကလိုပဲ သုံးကြိမ်လောက် ပျော်ပျော်ရွှင်ရွှင် တွေ့ကြရပါတယ်၊ နောက်ပိုင်းကျတော့ စိတ်ညစ်စရာရော၊ စိတ်ပျက်စရာရော ကြုံရပြန်တယ်၊ သူကလဲ သူပဲ အယ်လင်ရယ်၊ သူက တကိုယ်ကောင်းလဲ ဆန်ချင်တယ်၊ စိတ်ထားကလဲ မကောင်းဘူး မဟုတ်လား၊ ဟိကလစ်ဟာလဲ အိမ်ပြန်ရောက်ပေမယ် ကျွန်မနဲ့ မတွေ့အောင် တမင်ပဲ ရှောင်နေပုံရတယ်၊ သူ့ကို တွေ့ရခဲပါတယ်၊ အလျင် တနင်္ဂနွေနေ့ကတော့ ကျွန်မက ခါတိုင်းထက် စောရောက်သွားတယ်။ အဲဒီနေ့ ကျွန်မ ဝင်သွားတော့ ဟိကလစ်က လင်တန့်ကို မနေ့ညက ကျွန်မအပေါ် သူစိတ်ကောက်တာနဲ့ ပတ်သက်ပြီး အကြီးအကျယ် ဆဲဆို ဆူပူနေတာကို ကျွန်မ ကြားလိုက်ရတယ်၊ သူ ကျွန်မတို့ နှစ်ယောက်တွေ့တာကို ချောင်းနားထောင်နေလို့ သူ ညက လင်တန် စိတ်ကောက်တာ သိဘာပဲ နေမှာပေါ့၊ တကယ်တော့ လင်တန် စိတ်ကောက်တယ်ဆိုတာလဲ ကျွန်မနဲ့ ဆိုင်တာပဲဟာ၊ သူနဲ့ ဘာဆိုင်တာမှတ်လို့၊ ဒါကြောင့် ကျွန်မလဲ သူ လင်တန်ကို ဆူပူနေတုန်းဝင်သွားပြီး ဒီကိစ္စဟာ ကျွန်မနဲ့သာ ဆိုင်တဲ့အကြောင်း ပြောပစ်လိုက်တယ်၊ ဒီတော့ သူ ဘာလုပ်တယ် မှတ်သလဲ။ အားရပါးရ ရယ်ချလိုက်ပြီး ခုလို သူတို့ သားအဖ စကားများနေတာ ကျွန်မ တွေ့သွားတာကိုပဲ သူက ဝမ်းသာတယ် ပြောယင်း အခန်းထဲက ထွက်သွားပါလေရော။
“အဲဒီကတည်းကစပြီး ကျွန်မ လင်တန်ကို နောက် စိတ်ဆိုးယင် စကား တိုးတိုးပြောဖို့ ပြောရတယ်၊ အဲဒါပါပဲ အယ်လင်ရယ်၊ ကျွန်မလေ လေထန်ကုန်းကို မသွားရယင် မနေနိုင်ဘူး အယ်လင်၊ ဒီတော့ ဒီအကြောင်းတွေ ဖေဖေ့ကို ပြန်မပြောပါနဲ့နော်၊ ကျွန်မ ဟိုကိုသွားတဲ့အတွက် ဘယ်သူ့ကိုမှ စိတ်အနှောင့်အယှက် မဖြစ်စေချင်ပါဘူး အယ်လင်၊ အဲဒီတော့ အယ်လင် ဖေဖေ့ကို ပြန်မပြောဘူး မဟုတ်လား ဟင်၊ မပြောပါနဲ့နော်၊ ပြန်ပြောယင်တော့ ကျွန်မ ရင်ကျိုးရမှာပဲ'
“ငါ စဉ်းစားဦးမယ် ကက်သရင်း၊ ညည်း ပြောတာတွေကိုလဲ ငါ လေ့လာကြည့်ရဦးမယ်၊ ကဲ... ညည်းလဲ အိပ်တော့”
သခင်သာ အိမ်ထဲရှိလျှင် ကျွန်မတို့ ပြောကြတာတွေ ကြားလိမ့်မည် ထိင်ပါသည်။ ထို့ကြောင့် ကျွန်မလည်း ကက်သရင်းအခန်းက ထွက်လာပြီး သခင့်အခန်းသို့ တန်းဝင်၍ အဖြစ်စုံကို ပြောပြလိုက်ပါလေတော့သည်။ သို့သော် ကျွန်မ ပြန်ပြောသော အဖြစ်အပျက်များတွင် ဟယ်ယာတန်နှင့် ပတ်သက်သည့်အကြောင်းကိုကား ထည့်မပြောပါ။
သခင်သည် သူ့သမီးအကြောင်းကို ကြားလိုက်သဖြင့် အတော်ပင် တုန်လှုပ် ချောက်ချားသွားပါလေ၏။ နောက်တနေ့ နံနက်တွင် ကက်သရင်းသည် ကျွန်မက သူ မပြောစေချင်သည့် အကြောင်းများကို ပြောပြလိုက်မှန်း သိသွားပါလေတော့သည်။ သူ လေထန်ကုန်းသို့ တိတ်တိတ်ပုန်း သွား၍ မဖြစ်နိုင်တော့သည့် အခြေအနေကို သိသွားပြီး ငိုယိုလျက် သူ့အဖေအား ဆင်ခြေတက် အကြောင်းပြသော်လည်း အရာမရောက်ပါချေ။ ထိုအခါ ကက်သရင်းက သူ့အဖေအား လင်တန်အပေါ် သနားရန် ပြောပြန်ပါလေသည်။ ထိုအခါ သခင်က သမီးအား လေထန်ကုန်းအိမ်သို့ နောက်တကြိမ် သွားရန် မမျှော်လင့်ပဲ လင်တန် အားသာ ဤအိမ်ကြီးသို့ လာရောက်ရန် အကြောင်းကြား ပေးမည့် အကြောင်း ဖျောင်းဖျ ပြောဆိုပါလေသည်။ သခင်သည် သူ့တူကလေး ကျန်းမာရေးအခြေအနေ ချို့တဲ့နေရှာသည်ကိုကား သိပုံ မပါရလေ။
Comments
Post a Comment