လေထန်ကုန်း_အခန်း (၂၃)_ကျော်လှိုင်ဦး

 

အခန်း [ ၂၃ ]

က မိုးရွာထားပြီး မနက်ခင်းတွင် မြူးတွေ ဆိုင်းနေပါသည်။ မိုးဖွဲကလေးများ၊ ဆီးနှင်းဖွဲများလည်း ကျနေပါသည်။ မြေမြင့်ပိုင်းမှ ရေစီးများ စီးကျနေသဖြင့် ကျွန်မတို့သည် ရေစီးချောင်းကလေးများကို ဖြတ်ခဲ့ကြရပါသည်။ ကျွန်မမှာ ခြေကျင်လိုက်ခဲ့သဖြင့် ခြေထောက်တွေ၊ ရွှဲရွှဲစိုပြီး စိတ်မှာလည်း ကသိကအောက် ဖြစ်လာပါသည်။

ကျွန်မတို့သည် ဟိကလစ် တကယ် ခရီးထွက်သွား မသွား သိရအောင် ဂျိုးဆက်ထံ စုံစမ်းမည် စိတ်ကူးဖြင့် မီးဖိုရှိရာ ယာတဲဘက်မှ ဝင်လာခဲ့ကြပါသည်။ ကျွန်မသည် ဟိကလစ်စကားကို မယုံချင်လှပါ။

ဂျိုးဆက်သည် အလျှံညီးညီး တောက်နေသော မီးဖိုဘေးတွင် ထိုင်လျက် ငြိမ်ခံနေပုံ ရပါသည်။ သူ့ဘေးက စားပွဲပေါ်တွင်လည်း ဗျစ်ရည်တခွက်နှင့် မုန့်ကြွပ်အချို့ အသင့်ရှိနေပါသည်။ ပါးစပ်တွင်လည်း ဆေးတံတိုကို ခဲထားပါသည်။

ကက်သရင်းသည် ချမ်းရှာလွန်းသဖြင့် မီးဖိုဘေးသို့ ပြေးလာပါသည်။ ကျွန်မကမူ ဂျိုးဆက်အား သခင်ဟိကလစ် အိမ်တွင် ရှိမရှိ မေးလိုက်ပါသည်။ ကျွန်မ မေးခွန်းကို ရုတ်ဘရက် မတုံ့ပြန်ပါ။ အဘိုးကြီး နားထိုင်းလာပြီ အထင်ဖြင့် နောက်တကြိမ် အော်ပြီး မေးလိုက်ပါသည်။

“မရှိဘူး၊ မရှိဘူး။ နင့်အိမ် နင် ပြန်"

အဘိုးကြီးသည် နှာခေါင်းသံဖြင့် အော်ပြောလိုက်ပါလေသည်။ တချိန်တည်းမှာပင် အိမ်တွင်းမှ ခပ်ဆတ်ဆတ် လှမ်းအော်လိုက်သော အသံတသံ ထွက်လာပါသည်။

“ဂျိုးဆက်၊ ကျုပ် ခင်ဗျားကို ဘယ်နှစ်ခါ ခေါ်ရမှာလဲ၊ မီးဖိုထဲမှာ ပြာချည်း ရှိတော့တယ်ဗျ၊ ခင်ဗျား ချက်ချင်း လာခဲ့စမ်းပါဦး”

အဘိုးကြီးကား ဘာမျှ မကြားဟန်ဖြင့် မီးဖိုဆီသို့သာ စူးစိုက်ငေးနေပါသည်။ အိမ်စေမကြီးနှင့် ဟယ်ယာတန်တို့ကိုလည်း မတွေ့ရပေ။ သူတို့ အလုပ်ကို သူတို့ သွားနေကြဟန် ရှိလေသည်။

“အိမ်ထဲက အသံသည် လင်တန့်အသံ ဖြစ်သဖြင့် ကျွန်မတို့သည် အိမ်ထဲသို့ ဝင်လာခဲ့ကြပါလေတော့သည်။ ကျွန်မတို့ ဝင်လာသော ခြေသံကို လင်တန်သည် သူခေါ်နေသော အစေခံ အဘိုးကြီး ဝင်လာသည် အထင်ရှိဟန်ဖြင့် …

“ကျုပ်က ခင်ဗျားအခန်းထဲမှာ သေနေပြီ ထင်တာဗျ” ဟု ဆီးပြောလိုက်ပါသည်။

သို့သော် ချက်ချင်းပင် သူ အပြော မှားသွားသည်ကို သတိပြုဟန်ဖြင့် စကားစကို ဖြတ်လိုက်ပါသည်။ ကက်သရင်းသည် သူ့မောင်ဆီသို့ အပြေးကလေး သွားပါလေတော့သည်။ လင်တန်သည် ကုလားထိုင်တွင် လှဲနေရာမှ ခေါင်းကို ထောင်လိုက်ပြီး…

'မင်း၊ မင်း ကက်သရင်း မဟုတ်လား၊ ဟင့်အင်း၊ ကိုယ့်ကို မနမ်းပါနဲ့၊ ကိုယ် မောလွန်းလို့ပါကွယ်၊ ဖေဖေကတော့ ပြောသား၊ မင်းလာ လိမ့်မယ်လို့” ပြောစဉ်မှာပင် ကက်သရင်းက ဖက်လိုက်ပါသည်။ ထိုနောက် စိတ်ထိခိုက်သွားဟန်ဖြင့် လင်တန့်ဘေးတွင် ရပ်နေလိုက်ပါသည်။ လင်တန်သည် ဆက်ပြောနေပြန်ပါ၏။ 'တံခါး ပြန်ပိတ်ခဲ့ကြပါဗျ။ အိမ်က ဟာတွေကလဲ မီးဖိုထဲ မီးသွေး ထည့်မပေးကြဘူး၊ အေး လိုက်တာကလဲ အလွန်ပဲ'

ကျွန်မသည် ကိုယ်ဘိုင်ပင် မီးသွေးရှာပြီး မီးဖိုထဲသို့ ထည့်ပေးလိုက်ပါသည်။

လင်တန်သည် ချောင်းတဟွပ်ဟွပ် ဖြစ်နေပါသည်။ အတော်ပင် နေမကောင်းဖြစ်ပြီး အားကလည်း ချည့်နဲ့နေပုံ ရပါသည်။

“ကဲ၊ လင်တန်၊ ကိုယ့်ကိုတွေ့ရတော့ မင်း ဝမ်းမသာဘူးလား”

“မင်း အလျင်က ဘာလို့ မလာရတာလဲ ကက်သရင်းရယ်၊ မင်း ဟိုကတည်းက ကိုယ့်ဆီကို စာရေးမယ့်အစား လူကိုယ်တိုင် လာတွေ့ရောပေါ့ကွယ်၊ ကိုယ် စာတွေ ရေးရဘာ သိပ်မောတယ်ကွယ်၊ လူချင်းတွေ့ပြီး စကားပြောရတာကမှ တော်ဦးမယ်။ ဒါပေမယ့် ခုတော့ ကိုယ် စကားတောင် မပြောနိုင်တော့ဘူး၊ ဇိလာကလဲ ဘယ်ရောက်နေပါလိမ့်၊ တဆိတ်ဗျာ၊ မီးဖိုဘက် သွားပြီး ဇီလာကို ရှာကြည့်စမ်းပါဗျ'

ကျွန်မကိုပါ လှမ်းပြောလိုက်ပါသည်။ ကျွန်မလည်း မည်သူကိုမျှ မတွေ့ရသဖြင်...

“ဂျိုးဆက်ကလွဲလို့ ဘယ်သူကိုမှ မတွေ့ရဘူး” ဟု ပြောလိုက်ပါသည်။

“ကျွန်တော် ရေသောက်ချင်တယ်ဗျာ၊ ဗီလာဆိုတဲ့ မိန်းမကြီးက ခက်တာပါပဲ၊ ကျွန်တော် အပေါ်ထပ်မှာဆိုယင် သူတို့ ဘာမှ မကြားတာကြောင့် အောက်ဆင်းနေတော့လဲ ဘယ်သူမှ မရှိဘူး” ညည်းညည်းညူညူ ပြောလိုက်ပါသည်။

“မင်းအဖေက မင်းကို ဂရုမစိုက်ဘူးလားကွဲ"

“အဖေ ပြောလဲ သူတို့က ကျွန်တော့်ကို သိပ်ဂရုစိုက်ကြတာ မဟုတ်ပဲ၊ အလကားဟာတွေ၊ ဒီမယ် ကက်သရင်းရဲ့၊ ဟယ်ယာတန်ဆိုတဲ့ လူကလဲ အချိန်ရှိသရွေ့ ကိုယ့်ကို လှောင်လား၊ ပြောင်လား လုပ်နေတာ၊ ကိုယ် သူ့ကို မကြိုက်ဘူး၊ ကိုယ် သူတို့အားလုံးကို မုန်းတယ် အလကား အသုံးမကျတဲ့ ဟာတွေ”

ကေသီသည် လင်တန်အတွက် ရေရှာပါလေတော့၏။ ရေတကောင်းတခုကို ထုတ်ပြီး ခွက်တခုတွင် ထည့်၍ ယူလာပါသည်။ လင်တန်က ကေသီအား စားပွဲပေါ်ရှိ ဝိုင်ပုလင်းထဲမှ ဝိုင်တဇွန်း ရောထည့်ရန် ပြောသဖြင့် ကေသီက ရေခွက်ထဲသို့ ဝိုင်တဇွန်းထည့်ပြီး ပေးလိုက်ပါသည်။ လင်တန်သည် ကေသီ လှမ်းပေးသော ရေခွက်ကို ယူ၍ သောက်ချလိုက်ပါသည်။ စိတ်ငြိမ်သွားပုံ ရပါသည်။ ကေသီအားပင် ကျေးဇူးတင်စကား ပြောလိုက်ပါသည်။

“မင်း ကိုယ့်ကိုတွေ့ရတာ ဝမ်းမသာဘူးလား လင်တန်ရယ်”

ကေသီ သည် စောစောက မေးခွန်းကို ထပ်မေးလိုက်ပါလေသည်။

“ဝမ်းသာတာပေါ့ကွယ်၊ ကိုယ့်အဖို့ မင်းအသံ ကြားရတာကိုကပဲ ထူးခြားနေတယ်၊ ဒါပေမယ့် မင်းမလာတော့ ကိုယ် စိတ်ညစ်ရတယ်၊ ဖေဖေက ပြောတယ်၊ မင်းမလာတာ ကိုယ် အသုံးမကျလို့တဲ့၊ ဖေဖေက ကိုယ့်ကို အလကားကောင်၊ အသုံးမကျတဲ့ကောင်၊ သနားစရာအကောင်လို့ ခေါ်တာ၊ ကိုယ် အသုံးမကျလို့ မင်းက ကိုယ့်ကို စိတ်ပျက်သွားတာတဲ့၊ ဒါမဟုတ်ပါဘူးနော်၊ မစ္စ.."

 “ကိုယ့်ကို ကက်သရင်းလို့ပဲ ဖြစ်ဖြစ်၊ ကေသီလို့ပဲ ဖြစ်ဖြစ် ခေါ်ပါ''

လင်တန် စကားကို ကြားဖြတ် ပြောလိုက်ပါသည်။

“ကိုယ်က မင်းကို စိတ်ပျက်တယ်၊ ဟုတ်လား၊ မပျက်ပါဘူးကွယ်၊ ဖေဖေနဲ့ အယ်လင်ကလွဲယင် ဒီကမ္ဘာပေါ်မှာ ကိုယ် မင်းကို အချစ်ဆုံးပါ၊ ဒါပေမယ့် ကိုယ် မင်းအဖေကိုတော့ မချစ်ဘူး၊ သူပြန်လာယင် ကိုယ် မင်းဆီကို မလာရဲဘူး၊ သူ တခြားမှာ အကြာကြီး နေမှာ မဟုတ်လားဟင်'

'ဖေဖေ ကြာကြာ မနေဘူး။ ဒါပေမယ့် အမဲလိုက်ရာသီကျယင် ဖေဖေ ကွင်းထဲကို ခဏခဏ သွားတယ်၊ အဲဒီကျယင် မင်း ကိုယ့်ဆီကို လာခဲ့ပါ၊ ကိုယ်နဲ့ တနာရီ၊ နှစ်နာရီလောက် နေနိုင်တာပေါ့၊ လာမယ် မဟုတ်လား ဟင်၊ မင်းရှိနေယင် ကိုယ် စိတ်ညစ်ရမှာလဲ မဟုတ်ဘူး၊ မင်းကလဲ ကိုယ့်ကို စိတ်မကောင်းဖြစ်အောင် လုပ်မယ့်လူမျိုးမှ မဟုတ်ပဲ၊ ကိုယ့်ကိုသာ မင်း ကူညီတာပဲဟာ၊ ဟုတ်တယ် မဟုတ်လား ဟင်”

ကေသီသည် လပ်တန်၏ ဆံပင်ကလေးများကို ပွတ်သပ်ယင်း...

“အေးပါကွယ်၊ ဖေဖေက ခွင့်ပေးယင် ကိုယ် မင်းဆီကို လာပါမယ်၊ လင်တန်ကလေးရယ်၊ မင်းဟာ ကိုယ့် မောင်အရင်းကလေးပဲ ဖြစ်လိုက်ပါတော့လား” ဟု ပြောလိုက်ပါသည်။

“အဲဒီလိုဆို မင်း ကိုယ့်ကို မင်းအဖေကို ချစ်သလို ချစ်မှာပေါ့နော်၊ ဒါပေမယ့် ဖေဖေကတော့ မင်းသာ ကိုယ်နဲ့ လက်ထပ်ယင် မင်းဟာ မင်းအဖေကိုထက် ကိုယ့်ကို ပိုချစ်မှာပဲတဲ့၊ ဒီလိုဆို ကိုယ်တို့ လက်ထပ်ကြယင် ပိုကောင်းမှာပဲ”

လင်တန်သည် တက်တက်ကြွကြွ ဖြစ်လာပါသည်။ ကက်သရင်းကမူ မျက်နှာကလေး ညှိုးသွားပြီး...

“ကိုယ်ကတော့ ကိုယ့်အဖေထက် ပိုပြီး ဘယ်သူ့မှချစ်မှာ မဟုတ်ဘူး၊ နောက်ပြီး လက်ထပ်တယ်ဆိုတာဟာလဲ ယောက်ျားတွေက တခါတလေ သူတို့ မိန်းမတွေကို မုန်းတတ်ကြသတဲ့၊ ဒါပေမယ့် ညီအစ်ကို မောင်နှမကျတော့ မမုန်းဘူး မဟုတ်လား၊ ဒီတော့ မင်းနဲ့ကိုယ်သာ မောင်နှမ အရင်းဆို အတူလဲ နေရမယ်၊ ဖေဖေကလဲ ကိုယ့်ကို ချစ်သလိုပဲ မင်းကိုလဲ ချစ်မှာပဲ” ခပ်လေးလေး ပြောလိုက်ပါလေသည်။

လင်တန်က ကိုယ့်မယားကို မုန်းသော ယောက်ျား မရှိနိုင်ကြောင်း ငြင်းသည်။ ကေသီက ရှိနိုင်ကြောင်း အခိုင်အမာ ပြောသည်။ သူ့အဒေါ်ကို မုန်းခဲ့သော ဟိကလစ် အကြောင်းကိုပင် အထောက်အထား ပြပါလေတော့သည်။ ထိုအခါ ကျွန်မလည်း မနေသာတော့သဖြင့် ကေသီ့စကားကို ဝင်တားပါသေး၏။ သို့သော် အချည်းနှီးပင်။ သိသမျှ အားလုံးကို ပြောချနေပါလေ၏။ ထိုအခါ လင်တန်ကလေးသည် သူ့အဖေဘက်က နာလာပြီး ကေသီ စကားတွေမှာ မဟုတ်တမ်း တရားတွေ ဖြစ်ကြောင်း တုံ့ပြန်ပါလေ၏။

'ဒါတွေဟာ ဖေဖေ ပြောတာပဲ၊ ဖေဖေဟာ ဘယ်တော့မှ လိမ်မပြောဘူး” ခပ်ပြတ်ပြတ် ပြောချလိုက်ပါသည်။

“တို့ဖေဖေကတော့ မင့် ဖေဖေကို မကြိုက်ဘူး၊ မင်းတို့ ဖေဖေဟာ ကြောင်သူတော်ပဲတဲ့”

 “မင်းတို့ဖေဖေကျတော့ လူယုတ်မာတဲ့၊ မင်းအဖေပြောတဲ့ စကားတွေ မင်းပြောနေတာကိုက မင်းလဲ မဟုတ်သေးဘူး၊ ဒေါ်လေး အစ္စဗယ်လာ ထွက်ပြေးအောင် လုပ်တာကိုက မင်းတို့အဖေ ယုတ်မာတာပဲပေါ့"

“တို့အမေ ထွက်ပြေးတာ မဟုတ်ဘူး၊ မင်း ကိုယ့်ကို ဆန့်ကျင် မပြောပါနဲ့”

  “ပြောမှာပဲ၊ ဟုတ်တယ်၊ ဒေါ်လေးဟာ မင်းတို့အဖေ မကောင်းလို့ ထွက်ပြေးရတာ'

ကေသီ ငိုပါလေတော့သည်။

 “ကောင်းပြီ၊ ဒါဖြင့် ကိုယ် ပြောမယ်၊ မင်းတို့အမေလဲ မင်းအဖေကို မုန်းတာပဲ”

“အို” ကေသီ ဒေါသစိတ်ဖြင့် အံ့ဩရပါလေတော့သည်။

“မင်းတို့အမေက တို့အဖေကို ချစ်တာ'

“မင်းညာတာ၊ မင်းကို ကိုယ်မုန်းတယ်"

ကေသိသည် သက်ပြင်း ချလိုက်သည်။ သူ့မျက်နှာကလေးမှာ နီလာပါလေပြီ။

“မင်းတို့အမေက တို့အဖေကို ချစ်တယ်၊ ချစ်တယ်’

လင်တန်သည် သီချင်းဆိုသလို ဆိုယင်း ကုလားထိုင်ကြီးပေါ်မှာ ကိုယ်ကို မှီထိုင်ချလိုက်ပါသည်။ သူ စကားနိုင်လုရာတွင် အသာရသဖြင့် ပျော်နေသည့် ဟန်မျိုးလည်း ပေါ်နေပါသည်။

“တော်တော့ လင်တန်၊ ဒါမင်းအဖေ လုပ်ကြံပြောတာပဲ”

'မဟုတ်ဘူး၊ မင်းသာ ပါးစပ်ပိတ်ထား၊ ဒီမယ် ကက်သရင်းရဲ့၊ မင်း အမေက တို့အဖေကို ချစ်တယ် သိလား၊ သူချစ်တယ်၊ ချစ်တယ်”

ကေသီသည် လင်တန်ကို တအား ဆောင့်တွန်းလိုက်ရာ ထိုင်နေသော ကုလားထိုင် လက်တန်းနှင့် ရိုက်မိပြီး ချောင်းတဟွပ်ဟွပ် ဆိုးပါလေသည်။ ချောင်းဆိုးသံမှာ အတော်နှင့် မရပ်ပါ။ ကျွန်မပင်လျှင် စိုးရိမ်လာပါ၏။ ကေသီသည် သူ့ အပြုအမူနှင့် ပတ်သက်ပြီး စိတ်ထိခိုက်သွားကာ သည်းသည်းထန်ထန် ငိုနေပါလေသည်။ သို့သော် ဘာမျှ မပြောပါ။ ကျွန်မသည် လင်တန်ကို ပြန်ထူပေးလိုက်ပါသည်။ လင်တန်သည် ကျွန်မကို တွန်းဖယ်လိုက်ပြီး ခေါင်းငိုက်စိုက်ချလျက် ကုလားထိုင်မှာ ထိုင်လိုက်ပါလေ၏။ ကေသီသည် အငိုရပ်လိုက်ပြီး မျက်နှာချင်းဆိုင် ကုလားထိုင်တွင် ဝင်ထိုင်လိုက်ကာ မီးဖိုကိုသာ စူးစိုက်ကြည့်နေလိုက်ပါ၏။

ကျွန်မလည်း သူတို့နှစ်ယောက်ကို ငေးကြည့်နေမိပြီး ဆယ်မိနစ်ခန့်ကြာမှ …

'ဘယ်လို နေသေးလဲ လင်တန်’ ဟု မေးလိုက်ပါသည်။

'ကိုယ်ခံရသလို ခံရပါစေ၊ မင်း အတော် ရက်စက်တာပဲ၊ ဟယ်ယာတန်တောင် ကိုယ့်ကို လက်ဖျားနဲ့ ထိတာ မဟုတ်ဘူး၊ ကိုယ့်ကို ဘယ်တုန်းကမှ မလုပ်ဘူး၊ ကနေ့ ကိုယ် နေကောင်းမလို့ ရှိသေးတယ်၊ ခုတော့၊ ခုတော့” သူ့အသံသည် ငိုသံထဲမှာ တိမ်ဝင်သွားပါလေတော့သည်။

“ကိုယ် မင်းကို လုပ်တာ မဟုတ်ပါဘူးဟယ်"

ကေသီသည် နောက်ထပ် ဒေါသ မဖြစ်ရအောင် ထိန်းချုပ်သည့်အနေဖြင့် အပေါ်နှုတ်ခမ်းကို သွားနှင့်ကိုက်ယင်း ခပ်ညည်းညည်း ပြောလိုက်သည်။

လင်တန်ကလေးသည် အတော်ပင် နာကျင်သွားဟန်ဖြင့် နာရီဝက်လောက် ကြာသည်အထိ သက်ပြင်းချလိုက် ညည်းညူလိုက် လုပ်နေပါလေသည်။ ကက်သရင်းကလေးမှာလည်း ပိုပြီး စိတ်ထိခိုက်လာပါ၏။ ကက်သရင်း စိတ်ဆင်းရဲပြီး ကျိတ်၍ ငိုရှိုက်သံကို ကြားသည်နှင့် လင်တန်သည် ပိုပြီး နာလာဟန်ဖြင့် တငိုငို တညည်းညည်း လုပ်လာပါလေတော့သည်။

ကေသီသည် သူ့ ကိုယ်သူ အောင့်အည်း မနေနိုင်တော့ပါ။

“ကိုယ် မင်းကို အနာတရဖြစ်အောင် လုပ်မိတာ စိတ်မကောင်းပါဘူး လင်တန်ရယ်၊ ကိုယ် အသာကလေး တွန်းလိုက်ရုံနဲ့ မင်း ဒီလိုဖြစ်သွားမယ် မထင်လိုက်လို့ တွန်းမိတာပါကွယ်၊ သိပ်များ နာနေလား လင်တန်၊ ကိုယ် ဒီအတိုင်း အိမ်ပြန်သွားရယင် ကိုယ် စိတ်ကောင်းတော့မှာမဟုတ်ဘူး။ ပြောစမ်းပါ လင်တန်ရယ်၊ သိပ်များ နာနေသလား”

 “မင်း လုပ်ထားတာက သိပ်နာနေတော့ စကားတောင် မပြောနိုင်ဘူး။ အဲဒါ တညလုံး ချောင်းဆိုးပြီး အိပ်ရတော့မှာလဲ မဟုတ်ဘူး၊ မင်း ဘာသိသလဲ ကက်သရင်း၊ ကိုယ်ဟာ ကိုယ့်နားမှာ တယောက်မှမရှိပဲ စိတ်ဒုက္ခ ခံစားပြီး နေခဲ့ရတဲ့ ညတွေမှာ မင်းကတော့ စိတ်ချမ်းသာ လက်ချမ်းသာ အိပ်ပျော်နေမှာပဲ၊ အဲဒီလို စိတ်ဒုက္ခ ခံစားရတဲ့ ညတွေမှာ မင်း ဘယ်လို နေနေမလဲ၊ ကိုယ် စဉ်းစားလို့ မရဘူး'

လင်တန်သည် ပြောယင်း ချုံးပွဲချ ငိုပြန်ပါလေတော့သည်။

‘ဒါကလဲ မင့်ဒုက္ခ မင်း ရှာတာကိုးကွယ်၊ ကက်သရင်းသာ မင်းဆီ မလာယင် မင်းဘာမှ စိတ်ဒုက္ခ ရောက်စရာ မလိုပဲ အိပ်ပျော်မှာပေါ့၊ ကဲ...ကောင်းပြီ၊ ဒီတော့ကက်သရင်း မင်းဆီကို နောက်ထပ် မလာစေရဘူး၊ ဟုတ်ပြီလား၊ ဒါဆို မင်းလဲ ဘာမှ စိတ်ဒုက္ခရောက်စရာ မရှိဘူး၊ တို့ သွားမယ်’

ကျွန်မက ဝင်ပြောလိုက်ပါသည်။ ကေသီသည် လင်တန်ပေါ် ခေါင်းငုံ့လိုက်ပြီး..

 “ဒါဖြင့် ကိုယ် သွားတော့မယ်၊ မင်း သွားစေချင်တယ် မဟုတ်လား လင်တန်” ဟု ပြောလိုက်ပါ၏။

“မင်း စကားလမ်းကြောင်း မလွဲပါနဲ့ ကက်သရင်း၊ မင်း ငါ့ စိတ်ဆင်းရဲအောင် လုပ်ချင်လုပ်ပါ"

လင်တန်သည် နောက်ဆုတ်လိုက်ပြီး စိတ်ကောက်သည့် အမူအရာဖြင့် ပြောလိုက်ပါသည်။

“ကောင်းပြီ၊ ဒါဖြင့် ကိုယ်သွားမယ်'

“ကိုယ် တယောက်တည်းပဲ နေချင်တယ်၊ မင်းပြောတာတွေကိုလဲ ကိုယ် မကြားချင်ဘူး'

ကက်သရင်းသည် တုံ့ဆိုင်းနေပြန်ပါ၏။ ကျွန်မက သွားရန်ပြောသည်ကိုပင် သူ ဂရုမစိုက်တော့ပါ။ လင်တန်သည် စကားလည်းမပြော၊ ကက်သရင်းအားလည်း မော်မကြည့်တော့သဖြင့် ကက်သရင်းသည် တံခါးဆီသို့ ဦးတည် ထွက်သွားလေရာ ကျွန်မလည်း သူ့ နောက်က လိုက်ခဲ့ပါလေ၏။ ထိုစဉ်မှာပင် စူးစူးဝါးဝါး အော်လိုက်သော အသံကြောင့် ကျွန်မတို့သည် နောက်ဘက်သို့ လှည့်ကြည့်မိလေ၏။ လင်တန်သည် ကုလားထိုင်ပေါ်မှ လိမ့်ကျပြီး မီးဖိုဘေးတွင် လူးလိမ့်နေပါလေတော့သည်။ ကျွန်မ သူ့အပါးသို့ ရောက်လာချိန်တွင် ကက်သရင်းသည်လည်း အထိတ်တလန့်ဖြင့် ရောက်လာကာ သူ့ အပါးမှာ ဒူးထောက် ထိုင်လျက် ငိုပါလေတော့သည်။

''ကဲ သူ့ကို ငါ ကုလားထိုင်ပေါ် ပြန်တင်ပေးလိုက်ပါ့မယ်၊ ကေသီ၊ ညည်းလဲ ကျေနပ်ပေတော့၊ ညည်းကြောင့်လဲ သူဘာမှ အကျိုးထူးမှာ မဟုတ်ဘူး၊ သူ့ကျန်းမာရေး မကောင်းတာလဲ ညည်းကြောင့် ဖြစ်ရတာ မဟုတ်ဘူး၊ သူ့ဘာသာ ဖြစ်ကိုဖြစ်တာပဲ၊ ကဲ...လာ၊ သူကို ပြုစုမယ့်လူ မလိုယင် သူ့ဘာသာ လှဲနေလိမ့်မယ်" ဟု ကျွန်မက ပြောလိုက်ပါသည်။

ကက်သရင်းက သူ့ခေါင်းအောက်မှာ မှီအုံးတခုခု ခုပေးပြီး ရေအနည်းငယ် တိုက်သော်လည်း သူ ရေမသောက်ပါ။ ကက်သရင်းသည် သူ နေသာထိုင်သာရှိအောင် မှီအုံး အနေအထား ပြင်ပေးလိုက်ပါ၏။

"ဒီမှီအုံးက မြင့်တယ်၊ ကိုယ် မနေတတ်ဘူး"

ကက်သရင်းက အခြားမှီအုံးတခုဖြင့် ပြင်ခုပေးလိုက်ပါသည်။

“ဒါကလဲ မြင့်တာပဲ”

“ဒါဖြင့် ကိုယ် ဘယ်လို လုပ်ရမှာလဲ”

ကက်သရင်းက စိတ်ပျက် လက်ပျက် ပြောလိုက်သည်။

လင်တန်သည် ကက်သရင်းကိုယ်ပေါ် မှီချလိုက်ပါသည်။ ကက်သရင်းက သူ့ပခုံးဖြင့် မှေးထားလိုက်ပါ၏။

"ဒီလိုလုပ်လို့ ဘယ်ဖြစ်မလဲ လင်တန်၊ မှီအုံးပေါ်မှာပဲ မှီနေပေါ့၊ မင်းကြောင့် အချိန်ကုန်လှပြီ၊ တို့ နောက်ထပ် ငါးမိနစ် မနေနိုင်ဘူးကွဲ့"

ကျွန်မက ပြောလိုက်ပါသည်။

“ခဏနေပါဦး နယ်လီရယ်၊ ခု သူ ကောင်းလာပါပြီ၊ မတော် သူ ပြန်ရောဂါဆိုးနေယင် ကျွန်မတို့ လာလို့ လို့ ဖြစ်ဦးမယ်၊ ဒါဆို ကျွန်မလဲ နောက်ထပ် လာရဲမှာ မဟုတ်ဘူး၊ အဲဒီတော့ လင်တန် အမှန် ပြောစမ်း၊ ကိုယ် နောက်ထပ် မလာရတော့ဘူးလား"

“လာရမယ်၊ လာရမယ်၊ မင်းလာယင် ကိုယ် နေကောင်းသွားတာပဲဟာ"

'ဒါပေမယ့် မင်းက အလကားနေယင်း ငိုလား ရယ်လားနဲ့ ကိုယ်ကိုယ် ရောဂါဖြစ်အောင် လုပ်နေတာပဲဟာ'

“ကဲပါ၊ ကိုယ် မင်း ပြောသလို နေပါ့မယ်၊ မင်း ထိုင်စမ်းပါဦး၊ မင်းဒူးပေါ်မှာ ကိုယ် မှီနေပါရစေ၊ မေမေ့အပေါ်မှာ ကိုယ်နေခဲ့သလိုပေါ့၊ ကိုယ့်ကို သီချင်း တပုဒ်လောက် ဆိုပြစမ်းပါကွယ်၊ ဒါမှမဟုတ်လဲ မင်း သင်ပြပေးမယ် ဆိုတဲ့ ကဗျာတပုဒ် ဖြစ်ဖြစ် ပေါ့ကွယ်၊ ကဲ …ဆိုစမ်းပါ'

ကက်သရင်းက ကဗျာရှည်တပုဒ် ဆိုပြလိုက်ပါသည်။ နှစ်ယောက်စလုံး ကြည်ကြည်နူးနူး ဖြစ်သွားကြပါ၏။ ကတ်သရင်း ကဗျာတပုဒ်ဆုံးတိုင်း လင်တန်က တပုဒ်ဆိုခိုင်းပါသည်။ ကျွန်မ တားသော်လည်း မရပါ။ ဤသို့ဖြင့် ဆယ်နှစ်နာရီပင် ထိုးပါလေတော့သည်။ ဟယ်ယာတန် ပြန်လာသံကိုလည်း ကြားရပါ၏။

ကက်သရင်း မတ်တတ်ရပ်သောအချိန်မှာ လင်တန်က ကက်သရင်း ဆံစကို ဆွဲလျက် ..

“မနက်ဖြန်လဲ လာမယ် မဟုတ်လား ကက်သရင်းရယ်" ဟု မေးပါလေသည်။

“မလာပါဘူး၊ မနက်ဖြန်လဲ မလာဘူး၊ နောက်နေ့တွေလဲ မလာဘူး"

ကျွန်မက ဝင်ပြောလိုက်ပါသည်။

သို့သော် ကက်သရင်းကမူ သူ့ နားနားကပ်ပြီး တစုံတခု ခပ်တိုးတိုး ပြောလိုက်ပါ၏။

ကျွန်မတို့သည် အိမ်ထဲက ထွက်လာခဲ့ကြပါသည်။ အိမ်ထဲ ထွက်သည်နှင့် ကျွန်မက ...

"ညည်း မနက်ဖြန် မသွားရဘူး ကေသီ၊ ဒီအဖြစ်အပျက်ကိုလဲ ညည်း သတိရနေစရာ မလိုဘူး” ဟု ပြောလိုက်ပါသည်။

သူက ပြုံးသေးသည်။

“ငါကတော့ ညည်းကို သတိထားရလိမ့်မယ်၊ ညည်း ဘယ်မှ ထွက်မသွားနိုင်အောင် သော့ခတ်ထားရလိမ့်မယ်”

ကျွန်မက ဆက်ပြောလိုက်ပါသည်။

“အဲဒီတော့လဲ ကျွန်မ ခြံစည်းရိုး ကျော်သွားမှာပေါ့ နယ်လီရဲ့”

သူက ရယ်ရယ်မောမော ပြောပါသည်။

“ကျွန်မတို့ အိမ်ကြီးက ထောင်မှ မဟုတ်တာ၊ နယ်လီကလဲ ထောင်ပိုင်မှ မဟုတ်တာ၊ ပြီးတော့ ကျွန်မ ဆယ့် ခုနစ်နှစ် ရှိပြီပဲ၊ လူကြီး ဖြစ်ပြီပေါ့။ လင်တန်ဟာ ကျွန်မသာ ပြုစုလိုက်ယင် မြန်မြန် နေကောင်းလာမှာ နယ်လီရဲ့၊ နယ်လီသိတဲ့ အတိုင်း ကျွန်မက သူ့ထက် အသက်လဲကြီးတယ်၊ ဆင်ခြင်ဉာဏ်လဲ ကလေးမဆန်ဘူး မဟုတ်လား နယ်လီရဲ့၊ သူသာ ကျွန်မပြောသလို နေထိုင်သွားယင် ချောင်းဆိုးတာလဲ လျော့သွားမယ်၊ သူ နေကောင်းသွားယင် ဟန်ကျသွားမှာပါ၊ ကျွန်မ သူ့ကို ဂရုစိုက်ရလိမ့်မယ်၊ ကျွန်မတို့ချင်းလဲ နောင်ဆို ရန်မဖြစ်တော့ဘူး၊ နယ်လီ သူ့ကို သဘောမကျဘူးလားဟင်”

“သူ့ကို သဘောကျရမယ်၊ ဟုတ်လား၊ အမလေးတော် ဒီလို စိတ်ကောက်လွယ်တဲ့ သူငယ်ကလေးကို ကျုပ်က သဘောကျရမယ်၊ ဟုတ်လား၊ လူကလဲ မကျန်းမာတာနဲ့ သူ့အဖေ ပြောသလိုပဲ၊ အသက် နှစ်ဆယ်ထိအောင်တောင် အသက်ရှင်ဖို့ မလွယ်တဲ့ဟာ၊ ဒီနွေအထိမှ ခံပါ့မလားတောင် မသိဘူး၊ သူ သေသွားယင် သူတို့အိမ် အဖို့တော့လဲ နည်းနည်းပါးပါး ဝမ်းနည်းစရာပေါ့၊ တို့အဖို့ကျတော့လဲ သူ့ အဖေက သူ့ကို ခေါ်သွားတာကိုက ကံကောင်းတယ်လို့ ဆိုရမယ်။ ဒီသူငယ်ကလဲ သူ့ကို နည်းနည်း အရေးပေးလိုက်တာနဲ့ အဖြစ်က ခပ်သဲသဲရယ်၊ အင်းလေ.. ညည်းအဖို့ ဒီလိုလူမျိုး လင်မတော်ရတာပဲ ငါတော့ ဝမ်းသာတယ် ကက်သရင်း’

ကေသီသည် လင်တန်သေကြောင်း ပါနေသဖြင့် ကျွန်မ စကားကို မကျေမနပ် ဖြစ်သွားပါလေသည်။ အတန်ကြာ စကားဆက် ပြတ်နေပြီး …

“သူဟာ ကျွန်မထက် ငယ်သေးတာပဲ၊ သူ အသက်ရှည်ရှည် နေသင့်တာပေါ့၊ သူ မသေနိုင်သေးပါဘူးလေ၊ ခုဆို ဒီရောက်လာစကလိုပဲ သူ သန်သန်စွမ်းစွမ်းပဲဟာ၊ ခုဟာက ဖေဖေလို ရိုးရိုး အအေးမိတာပဲဟာ၊ နယ်လီပဲ ပြောတယ် မဟုတ်လား။ ဖေဖေ နေကောင်းလာမယ် ဆိုတာ၊ ဒီလိုဆို သူလဲ နေကောင်းလာမှာပေါ့” ဟု ပြောလာပြန်ပါသည်။

“ဟုတ်ပါသတဲ့ရှင်၊ ဟုတ်ပါသတဲ့၊ အေး၊ ဘာပဲဖြစ်ဖြစ် တို့ကြားမှာတော့ ပြဿနာ မပေါ်စေချင်ဘူးဟေ့၊ ဒီတော့ ညည်းလဲ ကောင်းကောင်းနားထောင်ပါ၊ ငါ တကယ်ပြောတာ၊ ညည်း နောက်တကြိမ် လေထန်ကုန်းအိမ်ကို ငါ ပါပါ မပါပါ သွားယင်တော့လား သည်းအဖေကို ငါ အပြောပဲ၊ ညည်း အဖေ ခွင့်ပြုချက်မရပဲ နောက်ကို ညည်းတို့မောင်နှမ အဆက်အသွယ် မလုပ်ရဘူး၊ ဒါပဲ”

“ခုပဲ ပြန်ဆက်သွယ်နေပြီပဲဟာ” ဆောင့်ဆောင့်အောင့်အောင့် ပြောလိုက်ပြန်ပါသည်။

“ဒါပေမယ့် နောက် မဆက်ရဘူး”

“ကြည့်သေးတာပေါ့” ဟု ဆိုကာ ကေသိသည် မြင်းကို ဒုန်းစိုင်းသွားပါလေတော့သည်။

ကျွန်မတို့သည် ညစာ စားချိန်မတိုင်မီ အိမ်သို့ ပြန်ရောက် လာခဲ့ကြပါသည်။ သခင်သည် ကျွန်မတို့နှစ်ယောက်အား ခြံထဲတွင် လမ်းလျှောက် နေသည်ဟု ထင်သဖြင့် ဘာမျှ မမေးတော့ပါ။

 ကျွန်မသည် အခန်းထဲသို့ ဝင်လျှင်ဝင်ချင်း ဖိနပ်စို ခြေအိတ်စိုများနှင့် လေထန်ကုန်း၌ အတန်ကြာ ထိုင်နေခဲ့သဖြင့် ဒုက္ခရောက်ရပါတော့သည်။ နောက်တနေ့မနက်တွင် ကျွန်မမှာ အအေးမိပြီး အိပ်ရာမှ မထနိုင်တော့ပါ။ ထိုအချိန်မှစ၍ ရက်သတ္တ သုံးပတ်လုံးလုံး ကျွန်မသည် အိမ်အလုပ်များကိုလည်း မလုပ်နိုင်တော့ပါ။ ကျွန်မမှာ ကြုံခဲ့ရသော အဖြစ်ဆိုးနှင့် ပတ်သက်၍လည်း နောက်ထပ် မပတ်သက် ရတော့သဖြင့် နေမကောင်းနေသည်ကိုပင် ကျေးဇူးတင်ရမလို ဖြစ်ရပါလေ၏။

ကေသီကလေးမှာ ကျွန်မအနားသို့ အမြဲလိုလို ရောက်လာကာ ကျွန်မ နေမကောင်းနေသည်ကို အားပေးရှာပါ။ ကျွန်မမှာ အိပ်ရာထဲမှာသာ နေနေရသဖြင့် စိတ်ပျက်လာပါသည်။

ကေသီသည် သူ့အဖေအပါးတွင် မနေလျှင် ကျွန်မအနားသို့ ရောက်လာတတ်ပါသည်။ သူ့အဖို့ တနေ့လုံး အဖေနှင့် ကျန်မအနားတွင်သာ အချိန်ကုန်တတ်ပါသည်။ ခမျာမှာ အပျော်အပါးလည်း မရှိတော့ပါ။ သူသည် အစားအသောက်ကိုရော၊ အကစားကိုရော၊ စာအုပ်တွေကိုပါ မေ့လျော့ထားလိုက်ပါလေသည်။ သူကား ချစ်စရာ အကောင်းဆုံး သူနာပြုဆရာမကလေး ဖြစ်နေပါလေတော့သည်။ သို့သော် ညနေ ခြောက်နာရီ ကျော်လျှင်ကား သူ ကျွန်မကို ပြုစုစရာ မလိုတော့ပါ။ ထိုအချိန်များကား သူ့ကိုယ်ပိုင် အချိန်များ ဖြစ်ပါတော့သည်။

ကျွန်မကား ညနေပိုင်းများတွင် ကေသီ ဘာလုပ်နေသည်ကို မစဉ်းစားခဲ့မိပါပေ။ ညအိပ်ရာဝင်ချိန် သူ ကျွန်မကို နှုတ်ဆက်လာသောအခါများတွင် သူ့မျက်နှာကလေး နီရောင်သမ်းနေသည်ကို ကျွန်မ သတိပြုမိပါ၏။ သို့သော် သူ ကွင်းထဲတွင် ထွက်ပြီး မြင်းစီးနေခဲ့သည် ဟူ၍ကား မတွေးမိပါ။ သူ့အဖေရှိသော စာကြည့်ခန်းတွင် မီးဖိုနားမှ ခွာလာ၍သာ သူ့မျက်ကလေး နီရောင်သမ်းနေသည်ဟု ကျွန်မ တွေးထင်ခဲ့မိလေသည်။

Comments