လေထန်ကုန်း_အခန်း (၁၁)_ကျော်လှိုင်ဦး

 

အခန်း [ ၁၁ ]

ကျွန်မသည် ထိုအကြောင်းတွေကို တွေးမိတိုင်း ချောက်ချောက်ချားချား ဖြစ်ကာ ဆောက်တည်ရာမရ ဖြစ်နေရပါလေတော့သည်။ လေထန်ကုန်းအိမ်ကြီးသို့ သွား၍ပဲ သတိပေးစကား ပြောရကောင်းနိုးနိုး ဖြစ်တတ်ပါလေသည်။ သွားပြော၍လည်း အကျိုးထူးမည် မထင်မြင်သောအခါ လေထန်ကုန်းအိမ်ကြီးကို သွားဖို့ နောက်တွန့်ရပြန်ပါလေတော့သည်။

တခါတွင် ကျွန်မသည် ဂျင်မာတန်ဘက်သို့ လာခဲ့ပါသည်။ ထိုနေ့ မွန်းလွဲက ဆီးနှင်းတွေ ကျနေပါ၏။ မြေပြင်မှာ ဘာပင်မျှ မရှိပေ။ ကျွန်မသည် လမ်းဆုံသို့ ရောက်သော် လမ်းညွှန် အမှတ်အသား ကျောက်တုံးကို ကျွန်မ သတိပြုလိုက်မိပါ၏။ ထိုကျောက်တုံးသည် မြောက်ဘက်၌ လေထန်ကုန်း တည်ရှိကြောင်း အက္ခရာ အတိုကောက်ကို ရေးထားပါ၏။ အရှေ့ဘက်ကား ဂျင်မာထန်ကို ညွှန်ပြနေပါသည် အနောက်တောင်ဘက်ကား သရုတ်ကရော့ အိမ်ကြီးဆီသို့ ညွှန်ပြနေလေ၏။ ထိုလမ်းညွှန်ကျောက်တုံးမှာ အိမ်ကြီးနှစ်အိမ်နှင့် ဂျင်မာတန် ရွာကို လမ်းညွှန်ပြနေသော ကျောက်တုံး ဖြစ်ပါသည်။ ကျွန်မသည် လမ်းညွှန်ကျောက်တုံးကို ကြည့်ယင်း ငယ်စဉ်က အဖြစ်တွေကို သတိရလာပါလေသည်။ လွန်ခဲ့သော အနှစ်နှစ်ဆယ်က ကျွန်မနှင့် ဟင်လီတို့သည် ဤနေရာသို့ ရောက်လာမြဲ ဖြစ်ပါသည်။ ကျွန်မသည် ရာသီဥတု ဒဏ်ကို ခံရလှပြီဖြစ်သော ကျောက်တုံးကြီးကို စိုက်ကြည့်နေရာမှ ထိုကျောက်တုံးခြေမှ တွင်းကို သတိပြုလိုက်မိပါ၏။ တွင်းမှာ ငယ်စဉ်က ကျွန်မတို့ စုဆောင်းဖြည့်ထားခဲ့သော ရုခွံများ၊ ကျောက်စရစ်ခဲ့ကလေးများနှင့် ပြည့်နေဆဲ ဖြစ်ပါသည်။ ကျွန်မသည် ဟိုစဉ်က မြက်ခင်း ညှိုးညှိုးကလေးပေါ်မှာ ထိုင်နေသည့် ကျွန်မ၏ ကစားဖော် ကလေးကို မြင်ယောင်လာပါသည်။ သူ ခေါင်းငိုက်စိုက်ချပြီး မြေကြီးကို ရေးခြစ်နေတတ်သည့် အဖြစ်သည် အာရုံတွင် ထင်လာပါလေ၏။ “သနားစရာ့ ဟင်ဒလီပါလားကွယ်" ကျွန်မ နှုတ်ဖျားမှ အလိုလို ထွက်သွားပါလေ၏။ ကလေးငယ်သည် ကျွန်မကို စူးစိုက်နေသမယခင် ကျွန်မ၏အမြင်တွင် ပေါ်လာပြန်ပါ၏။ ထိုရုပ်သွင်သည် ချက်ချင်း ပျောက်ကွယ် သွားပြန်ပါလေတော့သည်။ ကျွန်မ၏ အယူသည်းစိတ်သည် ကျွန်မကို လွှမ်းမိုးလာပါလေပြီး သူ သေရတော့မည်။ မကြာမီပဲ သေရတော့မည်၊ ဤသည်ကား သူသေတော့မည့် အတိတ်နိမိတ်ပဲလား ထင်လာပါ၏။

ကျွန်မသည် တဖြည်းဖြည်းနှင့် လေထန်ကုန်းဘက်သို့ နီးလာပါသည်။ ထိုသို့ နီးလာလေလေ ကျွန်မ၏ အယူသည်းစိတ်ကလည်း ကြီးထွားလာလေလေ ဖြစ်ပါသည်။ ကျွန်မသည် တစုံတရာကို ရုတ်တရက် မြင်လိုက်ရသဖြင့် တကိုယ်လုံး တုန်သွားပါလေတော့သည်။ ထိုအရာသည် တံခါး တဘက်မှ ကျွန်မကို ကြည့်နေဟန် ရှိပါသည်။ သူ့ကို စိုက်ကြည့်ယင်း သူကလေးမှာ ကျွန်မ၏ ဟယ်ယာတန်ကလေးပဲဟု ကျွန်မ သတိပြုလိုက်ပါသည်။ ကျွန်မ သူနှင့် ခွဲလာသည်မှာ ကြာမြင့်ပြီ ဖြစ်သော်လည်း သူ့ရုပ်သွင်မှာ ကြီးကြီးကျယ်ကျယ် မပြောင်းလဲလှပါ။

ကျွန်မသည် စောစောက ထိတ်ထိတ် လန့်လန့် ဖြစ်သွားသည်ကို ချက်ချင်းမေ့သွားကာ ...

"ဘုရား မ ပေတာပဲ ကလေးရယ်၊ ဟယ်ယာတန်ရယ်၊ နယ်လီလေ...... မင်းကိုထိန်းခဲ့တဲ့ နယ်လီလေ” ဟု အော်ပြောလိုက်မိပါသည်။

ကျွန်မက လက်လှမ်းလိုက်သောအခါ သူက နောက်ဆုတ်သွားပြီး ကျောက်တုံးတလုံးကို ကောက်ကိုင်လိုက်ပါသည်။

ငါ မင်းအဖေကို တွေ့ရအောင် လာခဲ့တာပါ ... ဟယ်ယာတန်ရယ်”

ကျွန်မက သူမှတ်မိလိမ့်မည်အထင်နှင့် ပြောလိုက်ပါ၏။

သူက လက်ထဲက ကျောက်ခဲဖြင့် ကျွန်မကို လှမ်းပေါက်လိုက်ပါသည်။ နှုတ်ဖျားကလည်း သူကိုယ်တိုင် နားမလည်သော ရုန့်ရင်း ကြမ်းတမ်းသည့် စကားတွေကို ရေရွတ်နေပါလေ၏။ ကျွန်မမှာ စိတ်ဆိုးမည်ထက် စိတ်ဆင်းရဲခြင်းကြီးစွာ ဖြစ်ရပါလေတော့သည်။ ကျွန်မလည်း အိတ်ထဲမှ လိမ္မော်သီးတလုံးကို ထုတ်ပြီး သူ စိတ်ပြေသွားစေရန် သဘောဖြင့် လှမ်းပေးလိုက်ပါသည်။ သူက ကျွန်မလက်က လိမ္မော်သီးကို ဆတ်ကနဲ လှမ်းယူလိုက်ပါသည်။ ထို့နောက် ကျွန်မသည် လိမ္မော်သီး နောက်တလုံး ထုတ်၍ သူ လက်လှမ်းမမီအောင် ပြယင်း

ခုနက စကားတွေ ဘယ်သူ သင်ပေးတာလဲ ကလေးရယ်၊ မင်းဆရာကများ သင်ပေးသလား”

ဘယ်ဆရာမှ မရှိဘူး၊ ကဲပါ ပေးပါ

ဒါဖြင့် အဲဒီစကားတွေ မင်း ဘယ်က သင်ထားတာလဲ၊ မင်းဆရာက ဘယ်သူလဲ”

ကျွန်တော့် ဖေဖေပေါ့ဗျ”

မင့်အဖေဆီမှာမင်း ဘာတွေသင်ရသလဲ

ကျွန်မ စကားဆက်စဉ်မှာပင် သူက ကျွန်မလက်ထဲမှ လိမ္မော်သီးကို လှမ်းလုပါသည်။ ကျွန်မက သူ လက်လှမ်းမမီအောင် မြှင့်ထားလိုက်ပါသည်။

“သူက ဘာတွေ ဆင်ပေးသလဲ”

ဖေဖေက ဘာမှ မသင်ဘူးဗျ၊ အဖေ့ကို ကျွန်တော်က ကျိန်စာ တိုက်ရုံပဲ တိုက်တာ

ဘယ်လိုကွဲ ၊ မင်းအဖေကို မင်းက ကျိန်စာတိုက်တယ်၊ ဟုတ်လား အဲဒီကျိန်စာကို ဘယ်သူ သင်ပေးတာလဲ'

ကျွန်မ သူ့ကို မေးယင်း သူ့ကို အကဲခတ်ကြည့်နေလိုက်ပါသည်။

ဟိကလစ်”

ကျွန်မ သူ့အား ဟိကလစ်ကို သဘောကျ မကျ မေးလိုက်ပါသည်။

“အင်း”

ဒါဖြင့် မင်းအတွက် ခန့်ထားတဲ့ ဆရာက အရေး အဖတ်ကလေးတောင် မသင်ဘူးလားကွယ်”

မသင်ပါဘူး၊ ဟိကလပ်ကလဲ မသင်ရဘူးတဲ့”

ကျွန်မသည် လိမ္မော်သီးကို သူ့အား လှမ်းပေးပြီး သူ့အဖေအား နယ်လီဒင်းဟု ခေါ်သော မိန်းမတယောက်က စကားပြောလို၍ တံခါးမှာ စောင့်နေကြောင်း သွားပြောစေပါသည်။ ဟယ်ယာတန်သည် အိမ်တံခါးတူရူသို့ လျှောက်သွားပြီး အိမ်ထဲသို့ ဝင်သွားပါလေ၏။ ကြာသော် အိပ်ထဲမှ ဟင်လီ ထွက်မလာပဲ ဟိကလစ် ထွက်လာပါလေ၏။ ကျွန်မလည်း ဟိကလစ်ကို မြင်လိုက်ရသည်နှင့် မှင်စာတကောင်ကို တွေ့လိုက်ရသလို ထိတ်လန့်သွားပြီး ချက်ချင်းပင် နောက်ကြောင်းလှည့်၍ သုတ်ခြေတင်ခဲ့ပါလေတော့သည်။

စင်စစ် ဤကိစ္စမှာ မစ္စအဗယ်လာ၏ ကိစ္စနှင့် များစွာ မပတ်သက်ပါ။ ကျွန်မအနေနှင့် ဟိကလပ်ဩဇာ အိမ်ကြီးတွင် ပျံ့နှံ့ လာသည့် ကိစ္စကိုသာ သိနိုင်ရန် ဖြစ်ပါ၏။

နောက်တကြိမ် ဟိကလစ် ကျွန်မတို့ အိမ်သို့ ရောက်လာသော အချိန်တွင် အစ္စဗယ်လာသည် ခြံထဲ၌ ခိုများကို အစာကျွေးနေပါသည်။ အစ္စဗယ်လာတို့ သမီးယောက်မ စကားမပြောကြသည်မှာ သုံးရက် ရှိပါပြီ။ ဟိကလစ်သည် မည်သည့်အခါမျှ လေးစားသမှု မပြုသည်ကိုကျွန်မ သိပြီး ဖြစ်ပါသည်။ ဟိကလစ်က အစ္စဗယ်လာကို တွေ့သွားသည်နှင့် ကျွန်မလည်း မီးဖိုထဲမှာပင် သူတို့ မမြင်ကွယ်ရာမှာ နေလိုက်ပါသည်။ ဟိကလစ်သည် အစ္စဗယ်လာအနီးသို့ တိုးလာပြီး တခုခု ပြောလိုက်ပါ၏။ အစ္စဗယ်လာသည် စိတ်အနှောင့်အယှက် ဖြစ်သွားပုံရပါသည်။ နေရာမှ ချက်ချင်း ထွက်ပြေးမည် ပြုပါ၏။ ဟိုကလပ်က ရှေ့မှ ကာဆီးကာဆီး လုပ်ထားလိုက်ပါသည်။ မိန်းကလေးက မျက်နှာကို လွှဲလိုက်ပါသည်။ ဟိကလစ်က အစ္စဘယ်လာ ဖြေချင်ပုံ မရသော မေးခွန်းကို မေးဟန် တူပါသည်။ ထိုစဉ်မှာပင် ဟိကလစ်သည် အစ္စဗယ်လာကို ဖက်လိုက်ပါလေ၏။

ကျွန်မပါးစပ်မှ အယုတ္တအနတ္တတွေ ထွက်မိပါလေတော့၏။

ဘယ်သူလဲ နယ်လီ

ကျွန်မ နောက်နားမှ ကက်သရင်း အသံ ဖြစ်ပါသည်။ ကျွန်မသည် ဟိုစုံတွဲဆီ အာရုံရောက်နေသဖြင့် ကက်သရင်း ဝင်လာသည်ကို မသိလိုက်ခြင်း ဖြစ်ပါသည်။

ညည်း မိတ်ဆွေကောင်ပေါ့၊ ဉာဏ်သမား လူဆိုးလူတေလေ၊ ဟော ငါတို့ကို မြင်သွားပြီ၊ အိပ်ထဲ ဝင်လာပြီ၊ ကြည့်စမ်းပါဦး၊ သခင်မလေးနဲ့ ချစ် ကျီစယ်နေလိုက်ကြတာ၊ ညည်းကို ပြောတော့ သူ့က အစ္စယ်လာကို မုန်းတယ်ဆို

ကက်သရင်းသည် ဟိကလစ် ရင်ခွင်တွင် ရုန်းထွက်ပြီး ဥယျာဉ်ထဲသို့ ပြေးဝင်သွားသော အစ္စဗယ်လာကို မြင်လိုက်မိသည်။ ခဏအတွင်းမှာပင် ဟိကလစ်သည် တံခါးကို ဖွင့်လိုက်ပါလေသည်။ ကျွန်မ ဒေါသကို ချုပ်တည်းနိုင်ပါ။ ကက်သရင်းကမူ ဒေါသကို ဖုံးပြီး ခပ်မဆိတ် လုပ်နေပါသည်။ ထို့နောက်မှ ကျွန်မ စကားဝင်စွက်မည်ကို မလိုလားဟန်ဖြင့် ကျွန်မကို မီးဖိုထဲမှ မောင်းထုတ်လိုက်ပါသည်။

ကိုယ့်နေရာ ကိုယ် သွားပါလား၊ ဟိကလစ် ရှင်ကကော ဘာတွေ လာပြီး နှောက်ရပြန်တာလဲ၊ စ္စဗယ်လာနဲ့ မပတ်သက်ဖို့ ရှင့်ကို ပြောထားတယ် မဟုတ်လား၊ ရှင် ဒီလိုချည်း ခဏခဏ လာနေယင် လင်တန်က တံခါးပိတ်ထားလိမ့်မယ်ရှင့်

သူ့ကို ဘုရားသခင်က တားမြစ်မှာပေါ့၊ ဘုရားသခင်က သူ့ကို စိတ်ထားနူးညံ့အောင် လုပ်ပေးထားတာပဲဟာ”

'တိတ်စမ်းပါ' ကက်သရင်းသည် ပြောပြောဆိုဆို အခန်းတံခါးကို ပိတ်လိုက်ပါလေသည်။

“ရှင် ကျွန်မကို စိတ်အနှောင့်အယှက် ဖြစ်အောင် လုပ်စမ်းပါနဲ့၊ ကျွန်မ ရှင့်ကို တောင်းပန်ထားသားနဲ့ဟာ၊ သူက ရှင့်ဆီကို တမင်လာလို့လား?

'မင်း ဘာပြောချင်တာလဲ၊ သူ သဘောတူယင် ငါ သူ့ကို နမ်းပိုင် ခွင့်ရှိတာပဲဟာ၊ ဒါကို မင်း ဘာကန့်ကွက်စရာ ရှိသလဲ၊ မင်း ကန့်ကွက်ရအောင် ငါက မင်းယောက်ျားလဲ မဟုတ်ဘူး၊ မင်း ငါ့ကို မနာလို ဖြစ်စရာ မလိုပါဘူး ခပ်ထန်ထန် ပြောပါလေတော့သည်။

“ကျွန်မ ရှင့်ကို မနာလိုဖြစ်တာ မဟုတ်ဘူး၊ ရှင့်အတွက် စိတ်မကောင်း ဖြစ်ရတာပဲ ရှိတယ်။ ရှင် ကျွန်မကို ခုလို မျက်နှာ ရှစ်ခေါက်ချိုး ကြည့်မနေစမ်းပါနဲ့၊ ရှင် အစ္စဗယ်လာကို သဘောကျယင် ရှင် လက်ထပ်နိုင်တာပဲဟာ၊ ဒီမယ် ဟိကလစ်၊ ရှင် သူ့ကို ကြိုက်သလား၊ အမှန်ကို ပြောစမ်းပါ၊ ရှင် မဖြေနိုင်ဘူး မဟုတ်လား၊ တကယ်တော့ ရှင် သူ့ကို မကြိုက်ဘူးလို့ ကျွန်မ ရဲရဲ ပြောဝံ့ပါတယ်”

“မစ္စတာလင်တန်ကကော သူ့ညီမကို ဒီလိုလူနဲ့ လက်ထပ်ခွင့်ပြုမှာလား ကျွန်မက ကြားဝင် မေးလိုက်မိပါသည်။

မစ္စတာ လင်တန်ကလဲ သဘောတူမှာပါပဲ'

ကက်သရင်းက ခပ်ပြတ်ပြတ် ဖြေလိုက်ပါသည်။

အင်းပေါ့လေ။ သူ့အဖိုတော့လဲ ဒုက္ခလျော့သွားတာပေါ့၊ ဒါပေမယ့်လဲ သူ သဘောတူ မတူ ကိုယ်ယူနိုင်တာပဲ၊ ဒီမယ် ကက်သရင်း မင်းနဲ့ ပတ်သက်လို့တော့ ကိုယ် ပြောချင်တယ်၊ မင်းဟာ ကိုယ့်ကို အမျိုးမျိုး နှိပ်စက်နေတယ်ဆိုတာ ကိုယ်သိတယ်၊ ဒါကို မင်းလဲ သတိပြုစေချင်တယ်၊ ကြားရဲ့လား ကက်သရင်း၊ ကိုယ် ဘာမှ မသိဘူးလို့ ထင်ပြီး မင်းကိုယ်မင်း ဟုတ်လှပြီ ထင်ယင်တော့ မင်း မိုက်တာပဲ၊ ကိုယ်က စကားလုံးချိုချိုကလေးတွေနဲ့ ကျေနပ်နေတယ်လို့ မင်း ထင်ယင်လဲ မင်းဟာ အလကား မိန်းကလေးပဲ၊ ကိုယ်ဟာ ဘာမဆို ငြိမ်ခံနေတတ်တယ်လို့ မင်း ထင်ယင်တော့လဲ တဖြည်းဖြည်း မင်း သိလာမှာပေါ့ကွယ်၊ ခုတော့လဲ မင်းယောက်မရဲ့ လျှို့ဝှက်ချက်ကို ပြောပြဖော်ရလို့ ကိုယ် ကျေးဇူးတင်ပါတယ်၊ အဲဒါဟာ ကိုယ့်အဖို့တော့ အခွင့်ကောင်းပဲ ကေသိရေ၊ မင်းသာ ဘေးဖယ်နေပါကွယ်”

ဩော၊ ဒါက ဘာသဘောလဲ၊ ကျွန်မက ရှင့်ကို နှိပ်စက်တယ်၊ ရှင် လက်စားချေမယ်၊ ဟုတ်လား၊ ရှင် ကျေးဇူးကန်းလှချည်လား ဟိကလစ်ရှယ်၊ ရှင့်ကို ကျွန်မက ဘယ်လိုများ နှိပ်စက်လို့လဲရှင်

ကိုယ် မင်းကို လက်စားချေဖို့ မရည်ရွယ်ပါဘူးကွယ်”

သူ့လေသံမှာ ပျော့လာပါသည်။

“ဒီအတွက် ကိုယ့်မှာ အစီအစဉ် မရှိပါဘူး ကေသီရယ်။ ကျွန်ပိုင် ဘုရင်ခေတ်မှာတုန်းက အဲဒီ ဘုရင်တွေက ကျွန်တွေကို ဖိနှိပ်ညှဉ်းပန်းခဲ့ကြပေမယ့် ဘယ်ကျွန်တွေကများ အာခံဝံ့ခဲ့ကြလို့လဲ၊ သူတို့ မင်းစိတ်ချမ်းသာမယ်ဆိုယင် ကိုယ့်ကို သေတဲ့အထိ ညှဉ်းဆဲပါ၊ ကိုယ် ခံပါ့မယ်၊ ဒီလိုပဲ ကိုယ်လဲ ကိုယ် စိတ်ချမ်းသာအောင် နေပါရစေကွယ်။ အောက်မှာ ကျွန်တွေ ပြားပြားဝပ်ခဲ့ကြတာပဲ မဟုတ်လား၊ မင်းလဲ ခံပါ့မယ်။ ဒီတော့ တတ်နိုင်သမျှ ကိုယ် ကိစ္စထဲ ဝင်မရှုပ်ပါနဲ့၊ မင်းကိုယ့်ကို  တကယ်ပဲ အစ္စဗယ်လာနဲ့ လက်ထပ်စေချင်သလား ကေသီ'

 “ကျွန်မ မနာလို မဖြစ်ဘူးလို့ ပြောထားတယ် မဟုတ်လား၊ ကဲ ထားပါတော့၊ ရှင့်ကို မိန်းမပေးစားတဲ့ အကြောင်း ကျွန်မ ထပ်မပြောတော့ဘူး။ ရှင့်ဘဝသာ ချမ်းသာသုခနဲ့ ပြည့်ပါစေ၊ တခုတော့ ပြောမယ်၊ အက်ဂါဟာ ရှင် ဝင်ထွက်နေတာကို ကြည်သာတာ မဟုတ်တော့ဘူး၊ ကျွန်မကတော့ ဘာပဲဖြစ်ဖြစ် အေးအေးချမ်းချမ်း တည်တည် ငြိမ်ငြိမ် ရှိစေချင်တာပဲ၊ ဒါပေမယ့် သူ့ညီမကို ရှင် လှည့်ဖြားမယ်ဆိုယင်တော့ ရှင်တို့နှစ်ယောက် တွေ့ကြမှာ မလွဲဘူး

သည့်နောက်တော့လည်း သူတို့နှစ်ယောက် စကားဆက် ပြတ်သွား ပြန်ပါ၏။ ကက်သရင်းသည် မီးဖိုဘေးတွင် မှိုင်တွေချလျက် ထိုင်နေပါလေသည်။ စိတ်ထဲကမူ တနုန့်နုန့်ဖြစ်နေပုံ ရလေသည်။ ဟိကလစ်သည် မီးဖိုဘေးတွင် လက်ပိုက်ရပ်လျက် စိတ်ဆိုးစိတ်ရိုင်းများ ပွားများနေဟုန် ရှိလေသည်။ ကျွန်မသည် ကက်သရင်း အောက်ထပ်မှာ ကြာနေသည့်အတွက် အေးနေမည် စိုးသဖြင့် သခင်လင်တန်ရှိရာသို့ လာခဲ့ပါလေ၏။

ကျွန်မ အခန်းထဲသို့ ဝင်လိုက်လျှင်...

အယ်လင်၊ မင်း သခင်မကိုများ တွေ့မိသလား' ဟု မေးလေသည်။ ရှိပါတယ် သခင်၊ သူ မီးဖိုထဲမှာပါ၊ ဟိကလစ်ရဲ့ အပြုအမူကြောင့် စိတ်မချမ်းမသာ ဖြစ်နေပါတယ်၊ အမှန်တော့ သူ ဒီတကြိမ်လာတာဟာ ခြေလှမ်းတမျိုးပြင်တာလို့ ကျွန်မတော့ ထင်တာပဲ၊ အလွန်သိမ်မွေ့တဲ့ အန္တရာယ်တခုလို့ ဆိုရမှာပဲ” ဟု အစချီကာ ကျွန်မသည် ခြံထဲတွင် ကျန်မ တွေ့ရသော ဟိကလစ်နှင့် အစ္စဗယ်လာတို့ အဖြစ်အပျက်မှ ဟိကလစ်နှင့် ကက်သရင်းတို့ အငြင်းပွား စကားများရသည့် အဖြစ်အထိ ပြောလိုက်ပါလေတော့သည်။ သို့သော် ဤကိစ္စတွင် ကက်သရင်းကို ထိပါးစေမည့် စကားမျိုး မပါရန်ကား ကျွန်မ သတိထား၍ ပြောလိုက်ပါသည်။ အက်ဂါလင့်တန်သည် ကျွန်မ စကားကိုပင် ဆုံးအောင် နားမထောင်တော့ပါ။ သူ့ဇနီးတွင်လည်း အပြစ်မကင်း ဟူသောစကားကိုပင် ဆိုလာပါတော့သည်။

“ဒါ မခံနိုင်စရာပဲ၊ ကက်သရင်းကိုက သူ့ မိတ်ဆွေကို မပြတ်နိုင်တဲ့အပြင် ကျုပ်ကိုပါ သူ့လူနဲ့ မိတ်ဆွေဖြစ်အောင် လုပ်လို့ ဒီလို စော်ကာ မော်ကား လုပ်တာ ခံရတာပဲ၊ ကဲ... အယ်လင်၊ ခြံထဲက လူ နှစ်ယောက် ခေါ်လိုက်စမ်းဗျာ၊ ကက်သရင်းကော ဒီ ဘာမဟုတ်တဲ့အကောင်နဲ့ စကားကြော ရှည်နေရတာလဲ၊ ကျုပ်ဘက်က သူ့အလို ဒီလောက်လိုက်ခဲ့ပြီးပဲ”

လင်တန်သည် အော်ဟစ်ပြောဆိုပြီး အောက်ထပ်သို့ ဆင်းသွားပါလေသည်။ ကျွန်မလည်း သူ့နောက်က လိုက်ခဲ့ပါ၏။ သူ အောက်ထပ်သို့ ရောက်လျှင် အစေခံ နှစ်ယောက်အား ဧည့်ခန်းအထွက်လမ်းမှ စောင့်နေရန် ပြော၍ မီးဖိုထဲသို့ ဝင်သွားပါလေတော့သည်။ မီးဖိုထဲတွင်ကား ဟိကလစ်နှင့် ကက်သရင်းတို့သည် ငြင်းခုံ ပြောဆိုနေကြဆဲ ဖြစ်ပါသည်။ ကက်သရင်းသည် ပိုပြီး စိတ်ဆိုးမာန်ဆိုး ဖြစ်နေပုံ ရလေသည်။

ဟိကလစ်မှာ ကက်သရင်း စကားတွေကြောင့် တုန်လှုပ်နေဟန်ဖြင့် ပြတင်းနားတွင် ခေါင်းငိုက်စိုက် ချနေပါသည်။ သူသည် အက်ဂါလင်တန့် ဝင်လာသည်ကို မြင်လိုက်သည်နှင့် ကက်သရင်းအား စကား မဆက်ရန် အမူအရာ ပြလိုက်ပါသည်။ ကက်သရင်းလည်း ချက်ချင်းပင် စကားစပြတ်သွားပါလေတော့သည်။

ဘယ်လို ဖြစ်တာလဲ” လင်တန်သည် ကက်သရင်းဘက်သို့ လှည့်လျက် ...

“ဒီလိုကောင်မျိုးနဲ့ စကား ပြောနေရတာက ဘာသဘောလဲ၊ ရိုးရိုးသားသား စကားပြောကြတာ ဆိုယင်တော့ မင်းအဖို့ ဘာမှ တွေးစရာ မလိုဘူး ထင်တာပဲ၊ ဒါပေမယ့် မင်းက သူ့လို အောက်တန်းစား ဘဝမှာ နေနေတာပဲ၊ ငါ့ကိုတောင် အဲဒီဘဝမျိုး ရောက်စေချင်တယ်ပေါ့လေ” ဟု ပြောလိုက်ပါသည်။

ရှင် တံခါးဝကနေပြီး နားထောင်နေတယ်ပေါ့လေ”

ကက်သရင်းသည် အရေးမစိုက် ဂရုမထားဟန် လေသံဖြင့် ပြောလိုက်ပါသည်။ ဟိကလစ်ကလည်း လင်တန်အား မျက်လွှာပင့် ကြည့်လိုက်ပြီးနောက် ကက်သရင်းအား လှောင်ပြုံး ပြုံးပြလိုက်ပါသည်။ အက်ဂါသည် စိတ်ထဲမှာ ပို၍ မခံချိမခံသာ ဖြစ်သွားပါလေတော့သည်။

ခင်ဗျားနဲ့ ပတ်သက်ပြီးတော့ ကျွန်တော် အများကြီး သည်းခံလာတာပါ။ ခင်ဗျား စိတ်ထား နိမ့်ကျတာ၊ ခင်ဗျားကြောင့် အန္တရာယ် ဖြစ်လာနိုင်တာတွေ ကျွန်တော်မသိလို့ မဟုတ်ဘူး၊ ဒါတွေဟာ ခင်ဗျား ကိစ္စလို့ပဲ ကျွန်တော် သဘောထားခဲ့တာပါ၊ ကက်သရင်းကကျတော့ ခင်ဗျားကို အပေါင်းအသင်းအဖြစ် လက်ခံထားတယ်၊ ကျွန်တော် ဘာမှ မပြောပဲနေခဲ့တယ်။ တကယ်တော့ ဒါဟာ ကျွန်တော် မှားတာပဲ၊ ခင်ဗျားရှိနေတာဟာ တကယ်တော့ အဆိပ်သင့်တာပဲ၊ ဒီတော့ နောက်ထပ် အခြေအနေ ဆိုးမလာရအောင် ခင်ဗျား နောက်ကို ကျွန်တော့်အိမ် အဝင်အထွက် မလုပ်ပါနဲ့၊ ကျွန်တော့်အနေနဲ့လဲ ခင်ဗျားကို ဝင်ခွင့်ထွက်ခွင့် မပြုနိုင်ဘူး၊ ခုလဲ ခင်ဗျား ကျွန်တော့်အိမ်က အမြန်ဆုံး ထွက်သွားပါ၊ သုံးမိနစ်ထက် နောက်ကျယင်ပဲ မဖြစ်သင့်တာတွေ ဖြစ်လာလိမ့်မယ်ဗျာ အက်ဂါလင်တန်က ခပ်အေးအေး ပြောလိုက်ပါလေသည်

ဟိကလစ်သည် လင်တန်၏ စကားကို နားထောင်ယင်း လှောင်ထေ့ထေ့ကြည့်နေပြီး လင်တန်၏ စကားဆုံးသည်နှင့်...

ကေသီရေ၊ မင်းရဲ့သိုးငယ်ကလဲ နွားရိုင်းတကောင်လို ခြိမ်းခြောက် နေပါရောလားကွ၊ ကိုယ့်လက်ထဲမှာတော့ ဦးခေါင်းတလုံး ကွဲရတော့မယ်ထင်တယ်၊ ဒီမှာ မစ္စတာလင်တန်ရဲ့၊ ခင်ဗျားကို ကျွန်တော် မလုပ်လောက်တာမို့ စိတ်မကောင်းပါဘူးဗျာ” ဟု ဆက် ပြောလိုက်ပါသည်။

ထိုအခါ ကျွန်မ၏ သခင်သည် အခန်းတူရူလမ်းကို တချက် ကြည့်လိုက်ပြီး ကျွန်မအား အစေခံများကို သွားခေါ်ရန် အချက်ပြလိုက်ပါသည်။ သူသည် နှစ်ကိုယ်ချင်း ရင်ဆိုင်လိုပုံ မပေါ်ပါ။ ကျွန်မလည်း သခင်၏ အမိန့်အတိုင်း အပြင်ထွက်အံ့ ပြင်သည်နှင့် ကက်သရင်းသည် သင်္ကာမကင်းစွာဖြင့် ကျွန်မ နောက်ကို လိုက်လာပါ၏။ ကျွန်မက အစေခံများကို ခေါ်မည်ပြုသည်နှင့် ကက်သရင်းသည် ကျွန်မကို လှမ်းဆွဲ လိုက်ပြီး တံခါးကို ပိတ်လိုက်ပါသည်။

လင်တန်သည် ဒေါသလည်း ထွက်၊ အံ့အားလည်း သင့်နေပါသည်။ လက်သရင်းသည် သူ့ခင်ပွန်းသည်ကို ကြည့်ပြီး

ရှင် သူ့ကို မလုပ်ရဲယင် တောင်းပန်လိုက်ပေါ့၊ မဟုတ်ယင်တော့လဲ သူလုပ်တာ ရှင် ခံရုံရှိတာပဲ၊ ဒါမှလဲ ရှင်ဟာ သတ္တိမရှိပဲ ရှိချင်ယောင်ဆောင်တာကို အမှန်ပြနိုင်မှာပေါ့၊ ရှင် အခန်းထဲက ထွက်သွားဖို့ သော့ကလဲ ကျွန်မလက်ထဲမှာနော်၊ ရှင် လုယင်တော့ ကျွန်မ မျိုချမှာ ဒါမှ ကျွန်မအနေနဲ့ကလဲ ရှင်တို့နှစ်ယောက် အပေါ်မှာ ဘက်မပိုကြောင်း ထင်ရှားမှာပေါ့' ဟု ပြောလိုက်လေ၏။

ထိုအချိန်မှာပင် လင်တန်သည် ကက်သရင်းလက်မှသော့ကို ဝင်လုပါလေတော့သည်။ ကက်သရင်းလည်း မီးဖိုထဲသို့ ပစ်ချလိုက်ပါလေ။ အက်ဂါသည် ပိုပြီး ဒေါသ ဖြစ်လာပါသည်။ တုန်တုန် လှုပ်လှုပ်လည်း ဖြစ်လာပါသည်။ မျက်နှာထားမှာလည်း ဖြူဖပ်ဖြူရော်ဖြစ်လာပါ ကုလားထိုင်တွင် ထိုင်ချလိုက်ပြီး မျက်နှာကို ဝှက်ထားလိုက်ပါ။

“ဘုရားရေ၊ ဒါ သူရဲကောင်းအလုပ်လားရှင့်၊ ကျွန်မတို့တော့ ရှုံးပါပြီ ရှုံးပါပြီ၊ ဟိကလစ်က ရှင့်ကို အသာကလေးနဲ့ အနိုင်ရသွားပြီပေါ့၊ ရှင့်မှ ဒဏ်ရာမရတာကိုပဲ ချီးမွမ်းရဦးမယ်၊ ရှင့်ပုံစံက သိုးတကောင်လိုတောင်း မဟုတ်ပဲ၊ တကယ့် နို ့စို ့ရွယ် ယုန်ကလေးလိုပဲဟာ” ဟု ကက်သရင်းက ပြောပြန်ပါသည်။

မင်းကလဲ တကယ့်သူရဲဘောနည်းတဲ့ လူကိုမှ လှောင်နေပြန်တာကို ကေသီရဲ့၊ ကိုယ် သူ့ကို လက်သီးနဲ့ မထိုးပါဘူး၊ ခြေထောက်နဲ့ပဲ ကန်ပါ့မယ်၊ သူ ငိုမလား၊ ကြောက်ပြီးပဲ မေ့သွားမလား ကြည့်ရတာပေါ့။ ဟိကလစ်ကပြော၍ လင်တန် ထိုင်နေသော ကုလားထိုင်နား လာပြီး ကုလားထိုင်ကို တွန်းလိုက်ပါလေသည်။

အမှန်က ဤသို့ တွန်းပြီးသည်နှင့် သူ ခပ်လှမ်းလှမ်းမှာ သွားနေလိုက်ဖို့ကောင်းသည်။ ယခုကား ကျွန်မ၏ သခင်သည် ဖြတ်ကနဲ ထလိုက်ပြီး ဟိကလစ် လည်ပင်းပိုင်းကို ပစ်ထိုးလိုက်ရာ ဟိကလစ်လည်း တချက်အသက် မရှူနိုင် ဖြစ်သွားပါလေ၏။ ထိုအချိန်မှာပင် မစ္စတာလင်တန်သည် နောက်ဖေးတံခါးမှ ခြံထဲသို့ ထွက်သွားပါလေတော့သည်။ ထို့နောက် အိမ်ရှေ့ဘက်မှ ပြန်ဝင်လာပါလေ၏။

ဟောဟိုမှာ လာနေပြီ၊ ရှင် ပြေးတော့၊ သူ သေနတ်ယူလာလိမ့်မယ်၊ နောက်လိုက်တွေလဲ ခေါ်လာလိမ့်မယ်၊ ကျွန်မတို့ ပြောတာသာ သူ ကြားသွားယင် သူ ရှင့်ကို ဘယ်နည်းနဲ့မှ ခွင့်လွှတ်မှာ မဟုတ်ဘူး၊ ပြေးတော့” ဟု ကက်သရင်းက အော်ပြောလိုက်ပါလေသည်။

'ဘာလဲ၊ ကိုယ်က ခုလို အထိုးခံရပြီးမှ ထွက်ပြေးရမှာလား၊ ဝေးသားပဲ ကိုယ် ဒီအိမ်က ထွက်မသွားမီ သင်း နံရိုးတွေကို သစ်အယ်သီးပုပ်ကို ခြေသလို ခြေပစ်မယ်၊ သင်းကို အခု မချရယင် တနေ့နေ့မှာ သတ်ပစ်မယ်” ဟိုကလစ်က ကြုံးဝါးပါလေတော့သည်။

 “သူ မလာပါဘူး” ကျွန်မက ကြားဖြတ်ပြီး လိမ်ပြောလိုက်ပါသည်။ “ခုလာတာက လှည်းသမားနဲ့ ခြံသမားနှစ်ယောက်ပါ၊ ဒီတော့ မင်း သူ့ကို စောင့်မနေနဲ့၊ ဟိုလူတွေမှာက တုတ်ကိုယ်စီနဲ့၊ သူတို့ကလဲ သူတို့ သခင် အမိန့်အတိုင်း လုပ်ကြမှာကွဲ့”

လှည်းသမားနှင့် ခြံသမားသည် ခြံထဲသို့ ဝင်လာကြပါသည်။ လင်တန်လည်း သူတို့နှင့်အတူ ပါလာပါသည်။ ဟိကလစ်လည်း အတွေးမျိုး ပေါက်လာပြီး အတွင်းတံခါးကို ဖွင့်၍ အပြင်သို့ ထွက်ပြေးသွားပါလေတော့သည်။

ချောက်ချောက်ချားချား ဖြစ်နေသော ကက်သရင်းသည် ကျွန်မအား အပေါ်ထပ်သို့ အဖော်အဖြစ် လိုက်ရန် ခေါ်ပါလေသည်။ သူသည် ဤကိစ္စ၏ အရင်းအမြစ်မှာ ကျွန်မ ပြောလိုက်၍ ပေါ်ပေါက်လာရခြင်း ဖြစ်သည်ကို မသိရှာပါ။ ကျွန်မကလည်း သူမသိအောင် ဖုံးထားလိုက်ပါသည်။

ကက်သရင်းသည် ဆိုဖာပေါ်တွင် ခြေပစ်လက်ပစ် ထိုင်ချလိုက်ယင်း

“ကျွန်မစိတ်တွေ ကယောက်ကယက် ဖြစ်ကုန်ပြီ နယ်လီ ကျွန်မ ခေါင်းထဲမှာ တူအချက်ပေါင်း တထောင်လောက် ဝင်ထုနေသလား ထင်ရတယ်။ အစ္စဗယ်လာကို ကျွန်မနဲ့ မတွေ့ပဲ ရှောင်နေဖို့ ပြောလိုက်ပါ၊ တကယ်တော့ ဒီပြဿနာဟာ သူကြောင့် ဖြစ်ရတာပဲ၊ ဒီအချိန်မှာတော့ သူ့ကိုတွေ့ယင် ကျွန်မ ပိုပြီး ဒေါသဖြစ်ရမှာပဲ၊ အက်ဂါကိုလဲ ပြောလိုက်ပါ နယ်လီ၊ ကျွန်မ အတော်ကြီး နေမကောင်းဘူးလို့၊ သူလဲ ကျွန်မကို စိတ်ထိခိုက်အောင် လုပ်တာပဲ၊ သူလာစမ်းပါစေ၊ ကျွန်မကို အပြစ်ပြောယင် ကျွန်မလဲ သူ့အပြစ်ကို ပြောနိုင်တာပဲ၊ ကျွန်မ ပြောသလို လုပ်ပါနော် နယ်လီ၊ ဒီကိစ္စနဲ့ ပတ်သက်လို့ ကျွန်မကို ဘာမျှ အပြစ်ပြောစရာ မလိုဘူးဆိုတာ ရှင်လဲ အသိပဲ၊ တကယ်တော့ ကျွန်မတို့ နှစ်ယောက် စကားပြောတာကို သူ ဘာနားထောင်စရာ လိုသလဲ၊ မီးဖိုထဲက ရှင်ထွက်သွားတော့ ဟိကလစ် ဒေါသတကြီး ပြောနေတာပဲ၊ ကျွန်မက အစ္စဗယ်လာအကြောင်း မပြောအောင် စကားကြောင်း လွှဲပစ်လိုက်တယ်၊ နောက်တော့လဲ အဲဒီအကြောင်း မပြောဖြစ်ကြပါဘူး။ ဒါပေမယ့် အက်ဂါ ခိုးနားထောင်နေယင်တော့ မသိဘူးပေါ့လေ။ အမှန်က သူ ကျွန်မကို စပြီး မထိတထိ ပြောတာပဲ၊ အဲဒီအချိန်မှာ ကျွန်နဲ့ ဟီကလစ်က အတော်ကြီး စကားများထားပြီးပြီ၊ ဒီတော့ သူတို့နှစ်ယောက် ဖြစ်ချင်တာဖြစ် ကျွန်မ မမှုဘူး၊ ကျွန်မက ဟိကလစ်ကို ခင်မင်လို့ အက်ဂါမှာ မနာလိုဝန်တို ဖြစ်ရတယ်ဆိုယင် ကျွန်မ ကျွန်မအသည်း ကွဲခံပြီး သူတို့ နှစ်ယောက်စလုံး အသည်းကို ခွဲပစ်မယ် သိလား နယ်လီ၊ ဒါမှလဲ ကိစ္စတုံးမှာ၊ ကျွန်မ လင်တန်ကို ရုတ်တရက်ကြီး တအံ့တဩ ဖြစ်သွားအောင် လုပ်မှာ မဟုတ်ဘူး၊ ရှင် စောင့်ကြည့်ပါ နယ်လီ၊ ကျွန်မ စိတ်ထားကိုလဲ သူ့ကို ရှင် ပြောလိုက်ပါ'

ကျွန်မ စိတ်ကမူ သည်စကားတွေကို ဒေါသဖြစ်တုန်း ပြောလိုက်သည့် စကားတွေပဲဟု ယူဆခဲ့သည်။ သူ စိတ်လိုက်မာန်ပါ ပြောခဲ့တာပဲဟုလည် သဘောထားလိုက်ပါသည်။ သူ ခင်ပွန်းသည်ကို ချောက်ချားအောင် ပြုလုပ်မည့် အဖြစ်ကိုလည်း ကျွန်မ မလိုလားပါ။ ထို့ကြောင့်လည်း ကျွန်မသည် ကက်သရင်းက သူ့ခင်ပွန်းအား ပြောလိုက်ပါဟူသော စကားများကို မပြောပါ။ သူတို့ မျက်နှာချင်းဆိုင် ဆုံမိပြီး ခန်းကြီ ခန်းငယ် ပြောကြသည်ကိုသာ ကျွန်မ နားစွင့်နေလိုက်ပါသည်။ သူတို့ လင်မယား မျက်နှာချင်း ဆိုင်မိလျှင်ပင် လင်တန်က စ၍

မင်း ဘယ်ရောက်နေတာလဲ ကက်သရင်းရယ်၊ ကိုယ် စကားများအောင် လာတာ မဟုတ်ဘူးနော်၊ ဒါပေမယ့် ညနေက အဖြစ်အပျက် နောက်ပိုင်းမှာ မင်း ဘယ်လို စိတ်ကူးတယ်ဆိုတာတော့ ကိုယ် သိချင်တယ်၊ မင်း သူနဲ့” ဒေါသကင်းသော အသံဖြင့် ဝမ်းပန်းတနည်း ပြော၍မှ စကား မဆုံးသေးပေ၊ ကက်သရင်းက ကြားဖြတ်ပြီး....

အို၊ တော်စမ်းပါရှင်၊ တော်စမ်းပါ၊ ကျွန်မ ဒီအကြောင်းကို နောက်ထပ် မကြားပါရစေနဲ့၊ ရှင်က သွေးရှိတဲ့လူ မဟုတ်ဘူး၊ ရှင့် သွေးကြောထဲမှာ ရေခဲရေပဲ ရှိတယ်၊ ကျွန်မမှာက သွေးတွေ ပွက်ပွက် ဆူနေတာရှင့်” ဟု ခြေကိုဆောင့်၍ ပြောပါလေတော့၏။

“မင်း ကိုယ့်ကို သွားစေချင်ယင် ကိုယ် မေးတာကို ဖြေပါ၊ မင်း ဖြေရမယ်၊ မင်း ဟိကလစ်ကို စွန့်မလား၊ ကိုယ့်ကို စွန့်မလား၊ မင်းဟာ ချိန်တည်းအတွင်းမှာ ကိုယ့်မိတ်ဆွေအဖြစ်ရော၊ သူ့မိတ်ဆွေ အဖြစ်ရော မဖြစ်နိုင်ဘူး၊ ဒီတော့ ကိုယ် တခုတည်း သိချင်တယ်၊ မင်း ဘယ်သူ့ကို ရွေးမလဲ”

“ကျွန်မကို ဒါတွေ လာမပြောနဲ့၊ ကျွန်မ တယောက်တည်းပဲ နေချင်တယ်။ ရှင် ထွက်သွားစမ်းပါ အက်ဂါရယ်

ကက်သရင်းက ဒေါသတကြီး ပြောလိုက်ပါလေသည်။ စကားဆုံးလျှင်ပင် ကက်သရင်းသည် ခေါင်းလောင်းကို ခပ်ပြင်းပြင်း နှိပ်လိုက်သဖြင့် ကျွန်မလည်း အခန်းထဲသို့ ဝင်ခဲ့ရပါလေတော့သည်။ အခန်းထဲတွင် ဆိုဖာပေါ်၌ ကက်သရင်းသည် ဆိုဖာလက်တန်းကို ခေါင်းမှီလျက် အံကို ကြိတ်ထားပါ၏။ မစ္စတာ လင်တန်သည် သူကိုယ်သူလည်း မလုံလဲ၊ ထိတ်လည်း ထိတ်လန့်ဟန် အနေအထားဖြင့် ကက်သရင်းကို ကြည့်နေပါ၏။ ကျွန်မ အခန်းထဲသို့ ဝင်သွားလျှင် သွားချင်း မစ္စတာလင်တန်က ကျွန်မကို ရေတခွက် ယူလာဖို့ ပြောပါသည်။ ကျွန်မလည်း ရေခပ်ပြီး ပြန်ဝင်လာပါသည်။ ကက်သရင်းမှာ ဘာမျှ မပြောပါ။ ကျွန်မလည်း မသောက်ပါ။ ထို့ကြောင့် သူ့မျက်နှာကို ရေဖျန်းပေးလိုက်ပါသည်။. ကျွန်မ ရေတိုက်သော်လည်း ကက်သရင်းသည် သတိရလာသည်နှင့် အခြေအနေကို စူးစိုက်ကြည့်ပြီး အခန်းတွင်းမှ ပြေးထွက်သွားပါလေတော့သည်။ ထိုအခါ သခင်က ကျွန်မအား သူ့နောက်လိုက်သွားရန် အချက်ပြလိုက်သဖြင့် ကျွန်မ သူ့နောက်က လိုက်သွားပါသေး၏။ ကျွန်မ သူ့ အခန်းဝ အရောက်တွင် သူအခန်းထဲသို့ ဝင်သွားပြီး တံခါးကို ပိတ်လိုက်ပါလေတော့သည်။

နောက်ဘနေ့ နံနက်တွင် သူ နံနက်စောစာ သုံးဆောင်ရန် ဆင်းမလာသဖြင့် ကျွန်မသည် သူ့အတွက် နံနက်စောစာ သွားပို့ပါသေး၏။ သို့သော် သူက ငြင်းပယ်လိုက်ပါသည်။ ညစာနှင့် လက်ဖက်ရည် သွားပို့သောအခါမှာလည်း ငြင်းပယ်လိုက်ပါသည်။ နောက်တနေ့မှာလည်း ထိုနည်းအတိုင်းပင် ဖြစ်ပါသည်။

မစ္စတာလင်တန်ကား စာကြည့်ခန်းထဲမှာသာ အောင်းနေပါလေ၏။ သူ့ဇနီးနှင့် ပတ်သက်၍ကား စုံစမ်းမေးမြန်းခြင်း မပြုပါလေ။ သို့သော် အစ္စဗယ်လာကို ခေါ်၍ ဟိကလစ်နှင့် ပတ်သက်ပြီး အော်ဟစ်မေးကြည့်ပါသေး၏။ သို့သော်လင်တန်သည် နှမဖြစ်သူထံမှ ဟိကလစ်နှင့် ပတ်သက်၍ မရေမရာ မသေမချာ အဖြေသာ ရခဲ့လေသည်။ ဤသို့ဖြင့် လင်တန်အဖို့ မကျေမနပ်ဖြင့်သာ စုံစမ်းမှုကို အဆုံးသတ်ပြီး သူ့ညီမအား ဤသို့ တန်ဖိုးမရှိသော လူတယောက်နှင့် ပတ်သက်မည်ဆိုလျှင် ဆွေပြတ်မျိုးပြတ် လုပ်ပစ်မည်ဟု သတိပေးစကား ဆိုခဲ့ပါလေ၏။

Comments