အခန်း [ ၉
]
မစ္စတာ ဟင်ဒလီသည် မကြားဝံ့မနာသာများကို ဆဲဆိုရေရွတ်လျက် အခန်းထဲသို့ ဝင်လာပါသည်။ ကျွန်မ ဟယ်ယာတန်ကလေးကို ဝှက်အံ့သော အပြုအမူကို သူ မြင်သွားပါသည်။ ဟယ်ယာတန်မှာ သူ့အဖေနှင့် တွေ့လိုက်တိုင်း အထိတ်တလန့် ဖြစ်ရ၊ အော်ငိုရမြဲ ဖြစ်ပါသည်။ အဖေဖြစ်သူကလည်း ကလေးကို မြင်လိုက်သည်နှင့် ဖက်လား၊ ဖျစ်လား လုပ်ပါလေတော့သည်။ ကလေးကို အသက်ထွက်လုမတက် နမ်းရှုပ်သည့်အပြင် ကလေးကို မီးဖိုပေါ်မှာပေမယ့် ပွေ့ချီ ဝှေ့ယမ်းတတ်ပါ၏။ တခါတရံ ကလေးမျာ နံရံနှင့် တိုက်မိ ခိုက်မိသည်လည်း ရှိတတ်ပါ၏။ ထို့ကြောင့်လည်း သူဝင်လာတိုင်း ကလေးကို မတွေ့ရလေအောင် ကျွန်မအဖို့ ကလေးကို ဝှက်ရန် ကြိုးစားရခြင်း ဖြစ်ပါသည်။
သူသည် ထိုအခြင်းအရာကို မြင်သည်နှင့် ကျွန်မလည်ပင်းကို နောက်ဘက်မှ လှမ်းဆွဲပြီး အမူးမူး အရူးရူးဖြင့် ပြောပါလေတော့သည်။
'နောက်ဆုံးတော့လဲ တွေ့တာပဲ မဟုတ်လား၊ ခင်ဗျားက ကလေးကို သတ်မလို့ မဟုတ်လား၊ ဒါကြောင့် ကျုပ် ကလေးကို မတွေ့ရတာကိုး၊ နယ်လီ၊ ခင်ဗျားတော့ ဟောဒီမီးဖိုထဲက ဓားကို အမျိုခိုင်းပြီး အပြစ်ပေးမှပဲ။ ဒါ ရယ်စရာ မဟုတ်ဘူး။ ကျူပ် ခုပဲ ဟိုဆရာဝန် ကင်းနက်ကိုလည်း ဆော်ပစ်ခဲ့ပြီ။ ခင်ဗျားတို့ နှစ်ယောက်စလုံး အတူတူပဲ၊ ခင်ဗျားတို့ထဲက တယောက်ယောက်ကိုတော့ သတ်ရမှ အေးမယ်'
'သားလှီးဓားကိုတော့ ကျွန်မ မကြိုက်ဘူး မစ္စတာ ဟင်ဒလီ၊ ရှင် သတ်ချင်ရင် သေနတ်နဲ့ ပစ်ပါ'
'တော်စမ်းပါဗျာ၊ ကဲ ခင်ဗျား ပါးစပ် ဟစမ်း'
ဟင်ဒလီသည် ဓားကိုကိုင်ပြီး ကျွန်မ ပါးစပ်ထဲ ထည့်ပါလေတော့သည်။ ကျွန်မအဖို့ကား သူ စိတ်ရူးထသည်ကို ကြုံဖူးလှပြီးဖြစ်၍ မကြောက်တော့ပါ။ ကျွန်မက တံတွေးကို ထွေးထုတ်ပစ်လိုက်ပါသည်။ သူလည်း ကျွန်မကို လွှတ်ပြီး . . .
'အိုး၊ ဒီကောင်ဆိုးကလေးဟာ ဟယ်ယာတန်မှ မဟုတ်ပဲကလား၊ ကျုပ် တောင်းပန်ပါတယ် နယ်လီ၊ ဟယ်ယာတန်ဆိုရင် ကျုပ်ကို မြင်တာနဲ့ မှင်စာတကောင် မြင်လိုက်ရသလို အော်ငိုမှာပေါ့၊ မဟုတ်ဘူးလားဗျာ၊ ကဲ ငချွတ်ကလေး၊ လာစမ်း၊ မင်း အဖေဟာ လူကောင်းတစ်ယောက်ဖြစ်ကြောင်း ပြရသေးတာပေါ့ကွာ၊ ကဲ လာ လာ မျက်ရည်တွေ သုတ်လိုက်စမ်းပါကွ၊ ဖေဖေ့ကို နမ်းစမ်းပါဦးကွ၊ ဘာလဲ၊ မင်းက မနမ်းချင်ဘူးလား၊ နမ်းပါကွာ၊ ဟယ်ယာတန် နမ်းလေကွာ၊ မင်း အလကားကောင်ပဲ၊ ဘာလဲ မင်းက ငါ့ကို သရဲတစ္ဆေကောင်ကြီးများ ထင်နေသလား၊ တယ်လေ၊ ငါ ဒီကောင့်လည်ပင်းကို ချိုးပစ်ပြန်ရော့မယ်'
ကလေးငယ်ကား သူ့အဖေ လက်ထဲတွင် ရုန်းကန်လျက် အော်ဟစ် ငိုယို နေပါလေတော့သည်။ ဟင်ဒလီကမူ သူ့သားကို အပေါ်ထပ်ခေါ်သွားပြီး ဝရန်တာ လက်ရန်းပေါ်တွင် မြှောက်လိုက် ပင့်လိုက် လုပ်နေပြန်ပါသည်။ ကျွန်မလည်း မနေသာတော့ပါ။ ကလေး ဒုက္ခရောက်မည်စိုးသဖြင့် သူ့ဆီကို ပြေးတက်သွားပြီး ကလေးကို ပြန်ယူရန် ကြိုးစားလိုက်ပါသည်။ ကျွန်မ ဟင်ဒလီနား ရောက်သွားချိန်တွင် ဟင်ဒလီသည် အောက်ဘက်မှ အသံကြားသဖြင့် လက်ရန်းမှ ငုံ့ကြည့်ရင်း လက်ထဲမှ ကလေးကို မေ့သွားဟန် တူပါသည်။
'ဘယ်သူလဲဟေ့'
လှေကား ခြေရင်းသို့ တစ်ယောက်ယောက် ရောက်လာပါလေသည်။ ကျွန်မလည်း ခြေသံကြားရုံဖြင့် ဟိကလစ်မှန်း သိသောကြောင့် ဟိကလစ်အား ရှေ့သို့တိုးမလာရန် အချက်ပြမည်ဟု လက်ရန်းမှ ငုံ့ကြည့်လိုက်မိပါသည်။ ထိုခဏမှာပင် ဟင်ဒလီလက်မှ ကလေးသည် လွတ်ကျသွားပါ၏။ လှေကားရင်း ရောက်နေသော ဟိကလစ်က ဆီးဖမ်းထားလိုက်၍သာ ကလေးမှာ သက်သာရာ ရသွား၏။ ကျွန်မလည်း ဟိကလစ်ဆီ ရောက်လာပြီး ဟိကလစ် လက်ထဲက ကလေးကို ပွေ့ယူထားလိုက်ပါသည်။
ဟင်ဒလီလည်း အမူးပြေသွားပြီး ရှက်ကိုးရှက်ကန်းဖြင့် အောက်ထပ်သို့ ဆင်းလာပါသည်။
'ဒါ ခင်ဗျား အပြစ်ပဲ နယ်လီ၊ ကလေးကို ကျုပ်မမြင်အောင် ထားမှပေါ့ဗျ၊ ဘယ်ခိုက်မိသွားသေးလဲ' ဟု မေးလာပါလေသည်။
'ခိုက်မိတယ် ဟုတ်လား၊ မသေတောင် ကျိုးနိုင် ပဲ့နိုင်တဲ့ ကိစ္စရှင့်၊ ရှင် ဒီကလေးကို ဘယ်လို နှိပ်စက်နေတယ်ဆိုတာ သူ့အမေ သင်္ချိုင်းက ထလာပြီး ကြည့်စေချင်တယ် သိလား၊ ကိုယ့် သွေးရင်းသားရင်းကို ခုလိုလုပ်တာ ရှင်ဟာ အရိုင်းအစိုင်းတကောင်ထက်တောင် ဆိုးသေးတယ်' ကျွန်မ ဒေါသဖြင့် အော်ပစ်လိုက်ပါတော့သည်။
သူက ကလေးကို ထိဖို့ ကြိုးစားပြန်ပါသည်။ သူ့လက်ချောင်းနှင့် ထိမိသည်နှင့် ကလေးသည် အသံကုန် အော်ပြန်ပါလေတော့သည်။
'ရှင် ကလေးကို ထိလား ကိုင်လား မလုပ်စမ်းပါနဲ့၊ ကလေးက ရှင့်ကို မုန်းနေတာ ရှင့်၊ ရှင့်ကို ကလေးကတင် မဟုတ်ဘူး၊ အားလုံးက မုန်းနေတာ၊ သိရဲ့လား၊ ရှင်သာ ကောင်းကောင်းမွန်မွန်ဆိုရင် ဒီအိမ်ဟာ ဘယ်လောက် ပျော်စရာကောင်းမလဲ'
'ကျုပ်က ကောင်းကောင်းမွန်မွန် မနေလို့လား နယ်လီရယ်' အရူးတယောက်လို ရယ်ပြီး ချက်ချင်းပင် မျက်နှာသည် ထန်သွားပြန်ကာ 'ကဲ ခင်ဗျားကိစ္စ ခင်ဗျား လုပ်၊ ဟိုကောင်ကို မောင်းထုတ်လိုက်၊ ဟေ့ ကောင် ဟိကလစ်၊ နားထောင်စမ်း၊ မင်း ငါ့ မမြင်ကွယ်ရာမှာ နေစမ်း၊ ဒီည မင်းကို ငါ မသတ်ဖြစ်ရင် အိမ်ကို မီးရှို့မိလိမ့်မယ်ကွ' ဟု ပြောပြောဆိုဆိုပင် ဗီရိုထဲမှ ဘရန်ဒီပုလင်းကို ဆွဲ၍ ဖန်ခွက်ထဲသို့ ငဲ့ထည့်လိုက်ပြန်ပါသည်။ ထိုအခါ ကျွန်မသည် မနေသာတော့ပေ။
'မသောက်နဲ့တော့လေ၊ သတိထားမှပေါ့ မစ္စတာ ဟင်ဒလီ၊ ရှင့်ကိုယ်ရှင် ဂရုမထားချင် နေဦး၊ ဒီမိသဆိုးကလေး မျက်နှာကို ရှင်ထောက်ထားဖို့ ကောင်းပါတယ်'
'ဒီကလေးကို ကျုပ်ထက်ပိုပြီး ဘယ်သူ ပြုစုနိုင်မှာလဲ'
'ရှင့်ကိုယ်ရှင်လဲ သနားပါဦး' ပြောပြောဆိုဆို သူ့လက်ထဲမှ ဖန်ခွက်ကို ဆွဲယူရန် ကြိုးစားပါသေး၏။
'မလိုပါဘူး ဒါဟာ ဘုရားသခင်ရဲ့ အပြစ်ဒဏ်ကို ခံယူတာပဲ၊ အပြစ်ဒဏ်ကို စီရင်ဆုံးဖြတ်တော်မူပါတော့' ဟု ဆိုလျက် အရက်ခွက်ကို မော့ချလိုက်ပါလေတော့သည်။ ထို့နောက် ကျွန်မတို့ အနားမှ ထွက်သွားပါလေတော့သည်။ သူ ကျွန်မတို့ရှိသော အခန်းမှ ပြောဆိုမြည်တမ်းလျက် ထွက်သွားပြီး တံခါးကို ပိတ်သွားသော အချိန်တွင် ဟိကလစ်က . . .
'အရက်သောက်ပြီး သူ့ကိုယ်သူ သတ်နေတာတောင် မသေနိုင်သေးတာ သနားစရာပဲ၊ သောက်တာကလည်း အလွန်အကျွံပဲ၊ ဒါပေမဲ့ ခံနိုင်ရည် ရှိတုန်းပဲ၊ မစ္စတာကင်းနက်ကတော့ သူဟာ အသက်နဲ့အရက်ကို အလောင်းအစား လုပ်နေတာပဲတဲ့၊ ဟောဒီ ဂျင်မာတန် ရပ်ဝန်းတခုလုံးမှာ အတော်နဲ့တော့ သေဦးမှာ မဟုတ်ဘူး ဆိုတာပဲ' ဟု ကောက်ချက်ချနေပါလေ၏။
ကျွန်မလည်း မီးဖိုထဲဝင်ခဲ့ပြီး ကလေး သိပ်နေလိုက်ပါတော့သည်။ ဟိကလစ်ကမူ တင်းကုပ်ဘက်သို့ ထွက်သွားဟန်ရှိပါသည်။ ထိုနေရာရှိ ခုံတန်းလျားပေါ်တွင် သူ လှဲနေပါတော့သည်။
ကျွန်မသည် ကလေးကို ပုခက်တွင် ထည့်ပြီး လွှဲ၍ သီချင်းဆိုနေစဉ် မစ္စကေသီသည် သူ့အခန်းထဲမှ ခေါင်းပြူထွက်လျက် . . .
'ရှင် တစ်ယောက်ထဲလား နယ်လီ' ဟု ခပ်တိုးတိုး မေးလာပါသည်။
'အေး'
သူသည် အခန်းထဲ ဝင်သွားပြီး မီးလင်းဖိုနားမှာ နေရာယူလိုက်ပါသည်။ သူ တစုံတရာကို ပြောချင်ဟန်ရှိသည်အထင်ဖြင့် ကျွန်မ မော့ကြည့်လိုက်ပါသည်။ သူ့မျက်နှာမှာ စိုးရိမ်ကြောင့်ကြရိပ် သမ်းနေပါ၏။ နှုတ်ခမ်းအစုံသည် စကားပြောတော့မည့်နှယ် တခြမ်း ဟနေပါသည်။ သို့သော် သက်ပြင်းတချက်ကသာ စကားလုံးများအစား လျှံထွက်လာပါသည်။ ကျွန်မသည် သူရှိနေသည်ကို အသိအမှတ်ပြုသော အနေဖြင့် သီချင်းကို ရပ်လိုက်ပါသည်။
'ဟိကလစ်ကော ဟင်'
'တင်းကုပ်ထဲမှာ အလုပ်လုပ်နေမှာပေါ့'
ကျွန်မ အဖြေသည် မမှန်တောင် သူ ငိုက်မျဉ်းကောင်း ငိုက်မျဉ်းနေပေလိမ့်မည်။ ကျွန်မတို့ နှစ်ယောက်မှာ စကားဆက် ပြတ်သွားပြန်ပါသည်။ ကျွန်မတို့နှစ်ယောက်မှာ စကားဆက် ပြတ်သွားပြန်ပါသည်။ ထိုစဉ်မှာပင် ကက်သရင်း၏ ပါးပြင်ပေါ်မှ မျက်ရည်စသည် ကြမ်းပြင်ပေါ်သို့ ကျသွားသည်ကို ကျွန်မ သတိပြုလိုက်မိသည်။ သူ့ အပြုအမူအတွက် သူ ဝမ်းနည်းနေသလားဟု ကျွန်မ တွေးလိုက်မိသည်။ နောက်ဆုံးတွင် သူသည် ငိုချလိုက်ပြီး . . .
'နယ်လီရယ်၊ ကျွန်မ စိတ်မကောင်းလိုက်တာ' ဟု ပြောလာပါလေတော့သည်။
'သနားစရာပါလား ကေသီရယ်'
'နယ်လီ၊ ကျွန်မပြောမှာကို ရှင် လျှို့ဝှက်ထားပေးပါလားရှင့်' ကက်သရင်းသည် ကျွန်မဘေးတွင် ဒူးထောက်ထိုင်ချလိုက်ပြီး ကျွန်မ မျက်နှာကို မော့ကြည့် နေပါလေသည်။ သည်အချိန်၌ သူ့မျက်နှာကလေးမှာ ချစ်စဖွယ် ကြည်စင်နေပါ၏။ ဒေါသအမျက်မာန်မာနတို့သည် မရှိ။ ကျွန်မတစ်ဦးတည်းသာ သူ့အဖို့ အားထားရာ ဖြစ်သည်ဟူသော အသွင်ကိုလည်း ဆောင်နေပါသည်။
'လျှို့ဝှက်စရာမို့လားကွယ်' ကျွန်မသည် စိတ်ပြေစ ပြုလာသည့်လေသံနှင့် မေးလိုက်ပါသည်။
'ဟုတ်ပါတယ် နယ်လီရယ်၊ ဒီအကြောင်းတွေက ကျွန်မကို နှိပ်စက်နေတာပဲ။ ကျွန်မ ထုတ်ပြောလိုက်ချင်တယ်၊ ကျွန်မ ဘာလုပ်မယ်ဆိုတာ နယ်လီကို အသိပေးမှ ကောင်းမယ် နယ်လီ၊ ကနေ့လေ အက်ဂါလင်တန်က ကျွန်မကို လက်ထပ်ဖို့ ပြောတယ်၊ ကျွန်မ သူ့ကို အဖြေပေးလိုက်ပြီ နယ်လီ၊ ကျွန်မ ဘယ်လို အဖြေပေးတယ်ဆိုတာမျိုးကို မပြောခင် ဘယ်လိုအဖြေမျိုး ဖြစ်မယ် ထင်သလဲ နယ်လီ'
'ငါ ဘယ်လိုလုပ် သိနိုင်ပါ့မလဲ ကက်သရင်းရယ်၊ ညနေက ဖြစ်ပျက်ခဲ့တဲ့ အခြေနေပေါ်မူတည် စဉ်းစားရင်တော့ သူ့စကားကို ငြင်းလိုက်တာ အကောင်းဆုံးဖြစ်မယ် ထင်တာပဲ၊ ဒီအခြေအနေမျိုးမှာ သူ ဒီစကားပြောတာလဲ မဟုတ်သေးဘူးလို့ ပြောရမှာပဲ'
'ရှင် အဲဒီလို ပြောရင်တော့ ကျွန်မ ဘာမှ မပြောချင်တော့ဘူး' ဒေါသဖြစ်သွားပုံ ရပါသည်။ 'ကျွန်မ သူ့ကို လက်ထပ်ဖို့ သဘောတူလိုက်တယ် နယ်လီ၊ အဲ့ဒါ မှားသလား၊ မြန်မြန် ပြောစမ်းပါ'
'ညည်းလက်ခံပြီ ဟုတ်လား၊ ဒါဆိုရင်တော့ ဘာဆက်ပြောစရာလိုသေးလဲ၊ ညည်း စကားလွန်ခဲ့ပြီပဲ၊ ပြန်ရုပ်လို့လဲ ရမှာမှ မဟုတ်ပဲ'
'ဒါပေမဲ့ ကျွန်မ ခုလို လက်ခံခဲ့တာ မှားသလား၊ မှန်သလားပြောစမ်းပါ' ကေသီသည် စိတ်လှုပ်ရှားနေပုံရသည်။ လက်ဝါးနှစ်ဘက်ကို ပွတ်ပြီး မျက်မှောင်ကိုလည်း ကုပ်ထားသည်။
'ဒီလို စကားမျိုးကို မှန်မှန်ကန်ကန်ဖြေနိုင်ဖို့ဟာ ဘက်ပေါင်းစုံ စဉ်းစားဖို့လိုတယ်၊ ပထမဆုံးအချက်ပဲ ငါမေးမယ်၊ ညည်း မစ္စတာအက်ဂါကို ချစ်သလား' ကျွန်မက ခပ်တိုတို တုံ့ပြန်လိုက်ပါသည်။
'ကျွန်မ ချစ်တယ်'
ဤအရွယ် မိန်းကလေးတစ်ယောက်အဖို့တော့လည်း အဆင်ခြင်မဲ့မလုပ်တန်ရာ ဟူသော သဘောဖြင့် ကျွန်မသည် သူ့ကို ဆက်မေးပြန်ပါလေတော့သည်။
'မင်း သူ့ကို ဘာကြောင့် ချစ်တာလဲ ကေသီ'
'ဒါ မလိုပါဘူး။ သူ့ကို ကျွန်မ ချစ်တယ်ဆို ပြီးတာပဲ'
'ဘယ်ဟုတ်မလဲ၊ မင်း ဖြေနိုင်ရမယ်'
'ကောင်းပြီ၊ ဒါဖြင့် ဖြေမယ်၊ သူက ချောတယ်၊ သူနဲ့နေရရင် ကျွန်မ ပျော်တယ်'
'ဒါဆို မဟုတ်သေးဘူး'
'ပြီးတော့ သူက ပျိုပျိုရွယ်ရွယ် တက်တက်ကြွကြွရှိတယ်'
'ဒါလဲပဲ မဟုတ်သေးဘူး'
'နောက်ပြီးတော့ သူကိုယ်တိုင်ကလဲ ကျွန်မကို ချစ်တယ်'
'ဒါလဲ အရေးမကြီးသေးဘူး'
'သူတို့မှာ ပစ္စည်းရှိတယ်၊ ကျွန်မက ဒီနားတဝိုက်မှာ ဂုဏ်ယူလောက်တဲ့ မိန်းမမျိုး ဖြစ်ချင်တယ်၊ သူ့လိုလူမျိုးကို လင်တော်ရတဲ့အတွက်လဲ ကျွန်မ ဂုဏ်ယူချင်တယ်'
'ဒါတွေဟာလည် အလကားပါပဲ၊ ကဲ ဒါဖြင့် မင်း သူ့ကို ဘယ်လောက်ချစ်သလဲ၊ ပြောစမ်းပါဦး'
'နယ်လီရယ် တယ်ခက်ပါလား၊ သူများတွေ ချစ်သလိုပဲ ချစ်တာပေါ့'
'မဟုတ်သေးပါဘူး ဟယ် ၊ တိတိကျကျ ပြောစမ်းပါ'
'ကျွန်မ သူနင်းထားတဲ့ မြေကြီးကိုလည်း ချစ်တယ်၊ သူ့ခေါင်းပေါ်က လေထုကိုလည်း ချစ်တယ်၊ သူ ထိတွေ့ကိုင်တွယ်သမျှကိုလဲ ချစ်တယ်၊ သူ ပြောတဲ့စကားတိုင်းကိုလည်း ကျွန်မ ချစ်တာပဲ၊ သူကြည့်သမျှ သူလှုပ်ရှားသမျှ သူနဲ့ ပတ်သက်သမျှ အားလုံးကို ကျွန်မ ချစ်တယ်၊ ကဲ ဟုတ်ပြီလား'
'အဲ့ဒါ ဘာဖြစ်လို့လဲ'
'တော်ပြီ နယ်လီ ကျွန်မကို နောက်နေတာပဲ၊ ကျွန်မကို နောက်စရာ မဟုတ်ဘူး' သူ မျက်မှောင်ကြုတ်ပြီး သူ့မျက်နှာကို မီးဖိုထဲမှမီးစဆီသို့ လွှဲထားလိုက်သည်။
'ငါ မနောက်ပါဘူး မစ္စကက်သရင်းရဲ့၊ ညည်းက ပြောတယ် ၊ မစ္စတာအက်ဂါဟာ ချောတယ်၊ လှတယ်၊ ပိုက်ဆံရှိတယ်၊ ဒါ့ကြောင့် ညည်း သူ့ကို ချစ်တယ်လို့၊ တကယ်တော့ ဒါတွေဟာ ဘာမှ မဟုတ်ပါဘူး ကေသီရယ်၊ အဲ့ဒီ အရည်အချင်းတွေ မရှိတောင်မှ ညည်း သူ့ကို ချစ်ရမယ်'
'အဲ့ဒါဆိုရင်တော့ မချစ်ပါဘူး၊ သူ့ကို သနားရုံပဲ သနားမယ်၊ ရုပ်က ဆိုးဦးမယ်ဆိုရင်တော့ မုန်းတောင် မုန်းမိဦးမယ်'
'ဒါပေမဲ့ ဒီကမ္ဘာကြီးမှာ သူ့ထက် ပိုချမ်းသာ ပိုလှတဲ့ လူငယ်လူရွယ်တွေ အများကြီးရှိတာပဲ၊၊ ကဲ အဲ့ဒါတွေကိုကျတော့ ညည်း ဘာလို့ မချစ်သလဲ'
'အိုး၊ ဒါတွေကတော့ ကျွန်မမှ မတွေ့ဖူးတာပဲ။ ကျွန်မအဖို့ အက်ဂါလို လူမျိုးကိုပဲ တွေ့ဖူးသေးတာပဲ၊ သူပဲ ရှိတာပေါ့'
'အေး ဒါဖြင့်လည်း ပြီးရောပေါ့၊ ညည်း မစ္စအက်ဂါကို လက်ထပ်ရုံပဲပေါ့'
'ကျွန်မ ရှင့်ဆီက ခွင့်ပြုချက်တောင်းနေတာ မဟုတ်ပါဘူး၊ ရှင့်ဆီက ခွင့်ပြုချက်မရလည်း ကျွန်မ သူ့ကို လက်ထပ်မှာပဲ'
'ဟုတ်ပါတယ်၊ ဟုတ်ပါတယ်၊ အရွယ်ရောက်လာရင် လူတိုင်း လက်ထပ်နိုင်တာပဲဟာ၊ ကဲ ဒါဖြင့် ညည်းက ဒါကိုပဲ ဘာဖြစ်လို့ စိတ်ဆင်းရဲနေရတာလဲ၊ ညည်း အစ်ကိုကလဲ သဘောကျမှာပဲ၊ ဟိုဘက်က အဘိုးကြီး အဘွားကြီးကလဲ သူတို့သားကို ကန့်ကွတ်မှာ မဟုတ်ဘူးလို့ ထင်တာပဲ၊ ညည်းအဖို့လဲ ဖရိုဖရဲဖြစ်ပြီး စိတ်လက်မချမ်းမသာ ရှိလှတဲ့ အိမ်ကနေ စည်းစိမ်ချမ်းသာနဲ့ ပြည့်စုံတဲ့ အိမ်တအိမ်ကို ရောက်ရမယ်။ ညည်းကလည်း အက်ဂါကို ချစ်တယ်၊ အက်ဂါကလည်း ညည်းကိုချစ်တယ်၊ ဒီတော့ အားလုံး ချောချောမွေ့မွေ့ပဲဟာ၊ ဘယ်အခက်အခဲ ရှိနိုင်သေးလို့လဲ'
'အဲ့ဒါပဲပေါ့ ၊ အဲ့ဒါပဲပေါ့' ကက်သရင်းသည် လက်တဖက်ဖြင့် နဖူးကို ရိုက်လျက် အခြားလက်ဖက်ဖြင့် ရင်ဘက်ကို ဖိရင်း စကားကို ဆက်ပြန်ပါသည်။ 'ဘယ်နေရာမျိုးမှာပဲ နေရနေရ ဒါက အကြောင်းမဟုတ်ပါဘူး၊ ကျွန်မအသည်းထဲ နှလုံးသားထဲကရော ကျွန်မတော့ မှားနေပြီ ထင်တာပဲ'
'ဆန်းလှချည်လား'
'အဲ့ဒါပဲပေါ့ နယ်လီရယ်၊ ကျွန်မပြောမယ်ဆိုတဲ့ လျှို့ဝှက်ချက်ဆိုတာ အဲ့ဒါပဲ၊ ရှင် ကျွန်မကို မလှောင်ဘူးဆိုရင် ကျွန်မ ရှင်းပြပါမယ်၊ သေသေချာချာ ကွဲကွဲပြားပြားဖြစ်ချင်မှတော့ ဖြစ်မယ်၊ ဒါပေမဲ့ ကျွန်မ ဘယ်လို ခံစားနေရတယ်ဆိုတာတော့ ပြောပြပါမယ်'
သူသည် ကျွန်မနားတွင် ဝင်ထိုင်လိုက်ပြန်သည်။ သူ့မျက်နှာသွင်ပြင်မှာ ဝမ်းနည်းကြေကွဲဟန် ပေါ်လာသည်။ လက်ဖဝါးချင်း ချိတ်ထားသော သူ့လက်သည်လည်း တဆတ်ဆတ်တုန်နေကြသည်။
'နယ်လီ အိပ်မက် ထူးထူးဆန်းဆန်းတွေ မက်ဖူးသလားဟင်' အတန်ကြာ တိတ်ဆိတ်နေပြီးမှ ရုတ်ကနဲ မေးလာပါသည်။
'မက်ဖူးသားပဲ'
'ကျွန်မလည်း မက်ဖူးတယ်၊ အဲ့ဒီ အိပ်မက်တွေဟာ တခါမက်ပြီးရင် မေ့လို့ မရတော့ဘူး။ ဒီအိပ်မက်တွေကပဲ ကျွန်မ စိတ်ကူးကို ပြောင်းပစ်လိုက်ကြတယ်လို့ ဆိုရမှာပဲ။ ကျွန်မပြောမှာ အဲ့ဒီထဲက တစ်ခုအကြောင်းပဲ၊ ရှင် ပြုံးတော့ မပြုံးနဲ့နော်'
'မဟုတ်သေးပါဘူး၊ မစ္စကက်သရင်းရယ်၊ ဒါမျိုးတွေ တွေးနေရင် စိတ်ညစ်ရလို့ ဆုံးမှာတောင် မဟုတ်ဘူး။ ကဲ လာ လာ ၊ ပျော်ပျော်ရွှင်ရွှင် နေစမ်းပါ၊ ဟယ်ယာတန်လေး အိပ်နေတာကို ကြည့်စမ်း၊ သူ့မှာ ဘယ်လို ချောက်ချားစရာ အိပ်မက်မျိုးမှ မမက်ဘူး၊ အိပ်ရင်း ပြုံးနေတာ ကလေးများ ကြည့်စမ်း၊ ဘယ်လောက် စိတ်ကြည်နူးစရာ ကောင်းသလဲ'
'ဟုတ်တာပေါ့လေ၊ ဘဝမှာ ဖအေရဲ့ ကျိန်စာတိုက်သမျှခံနေရတဲ့ ကလေးဆိုတော့လည်း ကြည်နူးစရာ ဖြစ်နေမှာပေါ့၊ ကဲပါ ဒါတွေ ထားစမ်းပါ နယ်လီရယ်၊ ကျွန်မ ပြောမှာကို နားထောင်းစမ်းပါ၊ ဒီညအဖို့ ကျွန်မ ဘယ်လိုမှ မပျော်နိုင်ပါဘူး'
'ငါ နားမထောင်ချင်ပါဘူးလေ၊ နားမထောင်ချင်ဘူး'
ကျွန်မဟာ ခပ်သွက်သွက်ပင် ထပ်ဆင့် ပြောလိုက်မိပါသည်။ အမှန်တော့လည်း ကျွန်မသည် အိပ်မက်များနှင့်ပတ်သက်၍ အယူသည်းတတ်သူ ဖြစ်ပါသည်။ ထို့ကြောင့်လည်း သူ့ဆီမှ အိပ်မက်ဆိုးများ အကြောင်းကို ကျွန်မ အမှန်ပင် မကြားချင်ပါ၊ ထို့ကြောင့် ထင်ပါသည်၊ ကေသီသည် အကြောင်းအရာသစ်ကို ပြောင်းပြောပါလေတော့သည်။
'ကျွန်မသာ သေပြီးတဲ့နောက် ကောင်းကင်ဘုံကို ရောက်ရင် အတော်ကြီးကို ဒုက္ခရောက်ရမှာပဲ နယ်လီ'
'မဟုတ်တာပဲကွယ်'
'ကျွန်မလေ တခါက အိပ်မက်ထဲမှာ ကောင်းကင်ဘုံကို ရောက်သွားတယ်'
'တော်စမ်းပါ ကေသီရယ်၊ ငါ အိပ်မက်အကြောင်းကို မကြားချင်ပါဘူး။ ကဲ ငါလည်း အိပ်တော့မယ်' ကျွန်မ သူ့စကားကို ကြားဖြတ်ပြောလိုက်ပါလေသည်။ ပြောပြောဆိုဆိုပင် ကျွန်မသည် ကုလားထိုင်မှ ထရန် ဟန်ပြင်လိုက်သဖြင့် ကေသီသည် ကျွန်မကို လက်ဆွဲပြီး ပြန်ထိုင်စေရင်း ရယ်ပြန်ပါလေတော့သည်။
'အလကားပါ နယ်လီရယ်၊ ကျွန်မပြောချင်တာက ကောင်းကင်ဘုံဟာ ကျွန်မအိမ်လိုမျိုး မဟုတ်တာကို ပြောချင်တာပါ၊ အဲဒီမှာ ကျွန်မလေ လူ့ပြည်ပြန်ချင်လို့ ငိုလိုက်ရတာလဲ အသည်းတွေ အူတွေဆိုတာ ဗြောင်းဆန်နေတာပဲ၊ အဲဒီမှာ နတ်သမီးကလေးတွေက ဟောဒီ လေထန်ကုန်း အိမ်ကြီးပေါ်မှာ ပျံဝဲပြီး ကျွန်မကို ဒေါသဖြစ်နေကြတာပေါ့၊ အဲ့ဒီမှာပဲ ကျွန်မလည်း နိုးလာတာပဲ၊ ကျွန်မက ဝမ်းလဲ သာ ၊ ငိုလည်း ငိုလို့လေ၊ ကျွန်မ ပြောချင်တဲ့ လျှို့ဝှက်ချက်ဆိုတာ အဲ့ဒါပါပဲ နယ်လီ၊ တကယ်တော့ ကျွန်မသေပြီး ကောင်းကင်ဘုံမှာ နေရမယ်ဆိုရင် အက်ဂါကို လက်ထပ်ဖို့ အကြောင်းမရှိပါဘူး၊ အမှန်က ဒီလောက် နိမ့်ကျတဲ့ ဟိကလစ်ကို မတွေ့ရဘူးဆိုရင်တော့လည်း ကျွန်မ ဒီအကြောင်းကို တွေးစရာ မလိုပါဘူး နယ်လီ၊ ကျွန်မ ဟိကလစ်ကို လက်ထပ်ပြီး အောက်တန်းကျတဲ့ ဘဝမျိုး အရောက်မခံနိုင်ဘူး၊ ကျွန်မ သူ့ကို ဘယ်လောက်ချစ်တယ်ဆိုတာ သူ မသိပါဘူး၊ ဒါဟာ သူ လှတာ မလှတာနဲ့ မဆိုင်ပါဘူး။ အမှန်က သူဟာ ကျွန်မအဖို့ ကျွန်မကိုယ်တိုင်ထက် ပိုပြီး အရေးပါပါတယ်၊ တကယ်တော့ ကျွန်မတို့နှစ်ယောက်ဟာ နှစ်ကိုယ်တစ်စိတ်ပါ နယ်လီ၊ လင်တန်နဲ့ဆိုတာကျတော့ လရောင်နဲ့ လျှပ်စီးလို မီးလျှံနဲ့ ဆီးနှင်းခဲလို ခြားနားတာပါ နယ်လီရယ်'
သူ့စကားမဆုံးသေးပေ။ ကျွန်မစိတ်ကမူ အနီးအပါးသို့ ဟိကလစ်ရောက်လာသလို ခံစားလိုက်ရပါသည်။ လှုပ်ရှာသံကြောင့် ကျွန်မ လှည့်ကြည့်လိုက်သောအခါ ကျွန်မတို့နှစ်ယောက် စကားပြောနေသည်ကို ချောင်းနားထောင်နေသော ဟိကလစ်ကို မြင်လိုက်ရပါသည်၊ ကက်သရင်း၏ စကားတွင် ဟိကလစ်ကို လက်ထပ်ရမည်ဆိုပါက သူ့ဘဝ နိမ့်ကျရမည်ဖြစ်ကြောင်း အရောက်တွင် ထို နေရာမှ ထွက်သွားပါလေတော့သည်။ ကေသီကမူ ကြမ်းပြင်တွင် ထိုင်ပြောနေသဖြင့် ဟိကလစ် နားထောင်နေသည်ကို၎င်း၊ ထွက်သွားသည်ကို၎င်း မမြင်လိုက်ပါ၊ ကျွန်မကမူ သူ့ကို စကားပြောရပ်ရန် သတိပေးလိုက်မိပါသည်။
'ဘာဖြစ်လို့လဲဟင်' ကက်သရင်းသည် ချောက်ချောက်ချားချား ဖြစ်သွားပြီး ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်ပါသည်။
အပြင်ဘက် လမ်းပေါ်မှ လှည်းသံကို သတိပြုလိုက်မိသဖြင့် . . .
'ဂျိုးဆက် ပြန်လာတာ ဖြစ်မယ်၊ ဟိကလစ်လဲ သူနဲ့ ပါလာမှာပဲ၊ ဟိကလစ် အိမ်ဝတောင် ရောက်နေပြီလား မသိဘူး' ဟု ပြောလိုက်ပါသည်။
'သူ တံခါးကနေပြီး ကျွန်မတို့ ပြောနေတာတွေ မကြားနိုင်ပါဘူး။ ကဲ ကလေးကို ကျွန်မပေးပြီး ညစာသာ ပြင်ပါတော့၊ ပြီးရင် ကျွန်မနဲ့ နယ်လီ ညစာ စားကြတာပေါ့၊ ဒါဆို ကျွန်မ ဘာဖြစ်နေတယ်ဆိုတာ ဟိကလစ် မသိနိုင်ပါဘူး၊ အချစ်ဆိုတာ ဘာလဲဆိုတာ သူ မသိသေးပါဘူး နော်'
'ညည်းရော သူရော မသိစရာ အကြောင်းမရှိဘူးလို့တော့ ငါထင်တာပဲ၊ သူသာ ညည်းကို ရမှဆိုရင်တော့လည်း သူ့လောက် ကံဆိုးတဲ့ လူမျိုး ကမ္ဘာပေါ်မှာ ရှိမှာ မဟုတ်ဘူး၊ ညည်းသာ အက်ဂါကို လက်ထပ်လိုက်မယ်ဆိုရင်တော့လည်း သူ့အဖို့ မိတ်ဆွေအပေါင်းအသင်းလည်း ဆုံးရှုံးရမယ်၊ အချစ်ကိုလည်း ဆုံးရှုံးရမယ်၊ အိုကွယ်၊ အဲဒီကျရင် သူ့အဖို့ အားလုံး ဆုံးရှုံးရမှာပဲ ကေသီရယ်၊ ညည်း သူနဲ့ခွဲရရင် ဘယ်လိုခံစားရမယ်ဆိုတာ၊ သူ့အဖို့ အစွန့်ပစ်ခံ တစ်ယောက်အနေနဲ့ ဘယ်လိုခံစားရမယ်ဆိုတာ ညည်း စဉ်းစားမိရဲ့လား၊ ဘာလို့လဲ သိလား ကေသီ'
'သူ အစွန့်ပစ်ခံရမယ်၊ ကျွန်မတို့ ကွေ့ကွင်းကြရမယ်၊ ဟုတ်လား' သူ စိတ်ဆိုးမာန်ဆိုးဖြင့် တအံ့တဩ ပြောပြန်ပါသည်။ 'နေပါဦး ကျွန်မတို့နှစ်ယောက်ကို ဘယ်သူက ခွဲမှာလဲ၊ လင်တန် မိသားစုကရော ကျွန်မနဲ့သူ့ကို ခွဲလို့ရလား၊ သူ့ဘဝ တစ်လျှောက်လုံး သူ ကျွန်မနဲ့အတူ ရှိနေရမှာပဲ၊ ကျွန်မ အက်ဂါကို လက်ထပ်ပြီးရင် အက်ဂါလည်း သူ့အပေါ်ထားတဲ့ မလိုမုန်းတီးစိတ်ကို ချေဖျက်ပစ်ရမယ်၊ ယုတ်စွအဆုံး သူ့ကို သည်းခံပြီးတော့တောင် ဆက်ဆံရဦးမယ်၊ ကျွန်မ ဟိကလစ်အပေါ် ဘယ်လိုသဘောထားတယ်ဆိုတာ အက်ဂါသိရင် အက်ဂါလည်း ကျွန်မအလိုကျ လိုက်လျောရမှာပဲပေါ့။ ဒီမယ် နယ်လီ၊ ရှင်က ကျွန်မကို တစ်ကိုယ်ကောင်းဆန်တယ်လို့ ထင်နေတယ်ပေါ့လေ၊ ကျွန်မဟာ ဟိကလစ်ကို လက်ထပ်မယ့်အစား အက်ဂါကို ယူပြီး ဟိကလစ်ဘဝ မြှင့်တင်ရေးကို ကျွန်မ ကူညီမယ်၊ ကျွန်မအကို့ရဲ့ အာဏာစက်အောက်က သူ လွတ်မြောက်အောင် ကျွန်မ လုပ်မယ်'
'ဘာလဲ ကေသီက ခင်ပွန်းသည်ရဲ့ ငွေကြေးနဲ့ ဟိကလစ်ကို ပျိုးထောင်မယ်ပေါ့လေ၊ ဟုတ်လား၊ ဟိကလစ်က ညည်းတွက်ထားသလို ပျော့ညံ့ညံ့လူစား မဟုတ်ဘူးဆိုတာ ညည်း တွေ့ပါလိမ့်မယ်၊ ငါ ကိုယ်တိုင်တောင် သူ့ကို ခန့်မှန်းလို့ မရပါဘူးအေ၊ ဒါပေမဲ့ မင်းဟာ အက်ဂါလင်တန်ရဲ့ဇနီးတစ်ယောက်ဖြစ်လာရင် သူ့အဖို့ အဆိုးဆုံး အခြေအနေကို ရင်ဆိုင်ရမယ် ထင်တာပဲ'
'မဖြစ်နိုင်တာပဲ နယ်လီရယ်၊ တကယ်တော့ ခုဟာသာ အကောင်းဆုံးပါ၊ အက်ဂါကို ကျွန်မလက်ထပ်တယ်ဆိုတာ အက်ဂါ အလိုကျ၊ ကျွန်မအလိုကျဆိုတာ ထားပါ၊ ဒါတွေက အရေးမကြီးပါဘူး နယ်လီ၊ ကျွန်မ စိတ်ထဲရှိတာကို ကျွန်မ မပြောတတ်ဘူး၊ တကယ်တော့ ရှင်ရော၊ တခြားလူတွေပါ အဲဒီ စိတ်ထားကို နားမလည်ပါဘူး နယ်လီ၊ တကယ်က ဟိကလစ် စိတ်ဆင်းရဲရရင် ကျွန်မလည်း စိတ်ဆင်းရဲရမှာပဲ၊ ဒါကြောင့် ကျွန်မ သူ့ အခြေအနေကို မပြတ်စောင့်ကြည့်ပြီး သူခံစားရသလို ကျွန်မလည်း ခံစားရမှာပဲ၊ ကျွန်မ အသက်ရှင်နေသမျှ ကာလပတ်လုံး သူသာလျှင် ကျွန်မ အာရုံထဲ၊ အတွေးထဲမှာ ရှိနေမှာပါ၊ ကျွန်မ အက်ဂါကို ချစ်တယ်ဆိုတာ တကယ်တော့ သစ်တောထဲမှာ သစ်ရွက်ကလေးလိုပါ နယ်လီရယ်၊ ဆောင်းရာသီက သစ်ပင်တွေကို ပြောင်းလဲစေသလိုပဲ အချိန်ကလည်း အခြေနေကို ပြောင်းလဲစေမှာပါ၊ ဒါပေမဲ့ ကျွန်မ ဟိကလစ်ကို ချစ်တဲ့အချစ်က မြေကြီးအောက်က ကျောက်တုံး ကျောက်ခဲလိုပါ၊ ဒီမယ် နယ်လီ၊ ကျွန်မဟာ ဟိကလစ်ပဲ ၊ ကျွန်မ စိတ်ထဲမှာ သူ အမြဲရှိတယ်၊ ကျွန်မရဲ့ဘဝ၊ ကျွန်မရဲ့ ဝိဉာဉ်အဖြစ် သူဟာ ကျွန်မနဲ့ ထပ်တူရှိနေမယ်၊ ဒီတော့ ကျွန်မတို့ ကွေ့ကွင်းရမယ်ဆိုတာ မပြောနဲ့ နယ်လီ၊ မပြောနဲ့၊ ဒါဟာ ဘယ်လိုမှ မဖြစ်နိုင်ဘူး၊ ပြီးတော့'
သူက စကားကိုဖြတ်လိုက်ပြီး ကျွန်မ၏ ဝတ်ရုံကြားတွင် မျက်နှာကို ဝှက်လိုက်ပါသည်။ ကျွန်မသည် ကျွန်မ၏ ဝတ်ရုံစကို ဆောင့်ဆွဲလိုက်သည်။ သူ၏ စိတ်ရူးပေါက်တိုင်း ပြောနေခြင်းကို ကျွန်မ သည်းမခံနိုင်တော့ပါ။
'ညည်း ခု ပြောနေတာတွေဟာ အိမ်ထောင်ရှင်မတစ်ယောက်ဖြစ်လာချိန်မှာ ဘာအဓိပ္ပာယ်မှ ရှိမှာမဟုတ်ဘူး၊ ဒီလို မဟုတ်ရင်လဲ ညည်းဟာ မူမရှိ အကျင့်မရှိတဲ့ မိန်းမယုတ် တစ်ယောက်ဖြစ်လာမှာပဲ၊ ဒီတော့ မင်းရဲ့လျှို့ဝှက်ချက်ကို ငါစောင့်ထိန်းပါမယ်လို့ ကတိ မပေးနိုင်ဘူး'
'ရှင် စောင့်ထိန်းရမယ်'
'ငါ ကတိမပေးနိုင်ဘူး'
သူ ထပ်ပြောမည်အလုပ်မှာပင် ဂျိုးဆက်ဝင်လာသဖြင့် ကျွန်မတို့၏ ပြောလက်စ စကားသည်လည်း ပြတ်သွားပါလေတော့သည်။ ကျွန်မလည်း ညစာစားပွဲ ပြင်ရတော့သည်။ ကက်သရင်းမှာ ကုလားထိုင်ကို ထောင့်နားသို့ ရွေ့ပြီး ဟယ်ယာတန်လေးကို ချော့သိပ်နေပါလေ၏။
ညစာစားပွဲပြင်ပြီးသောအခါ ဂျိုးဆက်က ဟိကလစ်ကို သတိရလာပါသည်၊ ထိုအခါ ကျွန်မက . . .
'သူ တင်းကုပ်ထဲမှာ ရှိမှာပေါ့၊ ကျွန်မ သွားခေါ်လိုက်မယ်' ဆိုကာ ဟိကလစ်ရှိတန်ရာ တင်းကုပ်ဘက်သို့ ထွက်လာပြီး သူ့ကို လှမ်းခေါ်လိုက်ပါသည်။ သို့သော် သူ့ဆီက တုံ့ပြန်အဖြေ ထွက်မလာပါ။
ကျွန်မသည် အခန်းထဲသို့ ပြန်ဝင်လာပြီး ကက်သရင်းအပါးကပ်၍ သူ ပြောနေသော စကားများကို ဟိကလစ် ကြားသွားပြီဖြစ်ကြောင်း ထို့ကြောင့် သူ ထွက်သွားသည်ကို ကျွန်မ မြင်လိုက်ကြောင်း ခပ်တိုးတိုးပြောလိုက်ပါသည်။ ထိုအခါ ကက်သရင်းလည်း အထိတ်တလန့် ထလိုက်ပြီး ကလေးကို ချ၍ အပြင်သို့ထွက်သွားကာ ကိုယ်တိုင်ရှာပါလေတော့သည်။ သူချက်ချင်း ပြန်မလာသဖြင့် ဂျိုးဆက်က သူ၏ဆုတောင်း ဝတ်ပြုစကားကို မကြားလိုသောကြောင့် ရှောင်ထွက်သွားခြင်းဖြစ်သည်ဟုဆိုကာ သူတို့ ပြန်အလာကို မစောင့်တော့ပါ။
အတော်ကြာမှပင် ကက်သရင်း ပြန်ရောက်လာပါသည်။
'ကျွန်မအပေါ်ထပ်မတက်ခင် သူ့ကို စကားပြောချင်တယ်၊ ခု သူ ဘယ်မလဲ၊ အိမ်ဝင်းတံခါးလဲ ပွင့်နေတယ်၊ ကျွန်မ ဘယ်လိုပဲ အော်ခေါ်ခေါ် သူမကြားဘူး'
ဂျိုးဆက်ကမူ ဟိကလစ်ဝင်းထဲမှာပဲ ရှိရမည်ဟု ယူဆပုံရပါသည်။ သူ့ဦးထုပ်ကို ဆောင်းပြီး အပြင်ဘက်ထွက်သွားပါလေတော့သည်။ ကက်သရင်းမှာ စိတ်ယောက်ယက်ခတ်နေ၏။ အခန်းထဲမှာပင် လမ်းသလားရင်း . . .
'သူ ဘယ်ရောက်နေလဲ၊ ဘယ်မှာရှိလဲ . . . နယ်လီ၊ ကျွန်မ ဘာတွေ ပြောခဲ့မိသလဲဟင်၊ ကျွန်မ မေ့ကုန်ပြီ၊ နေ့လည်ကရော ကျွန်မ သူ့ကို ဘာပြောမိသလဲဟင်၊ ပြောစမ်းပါ နယ်လီရယ်၊ ကျွန်မ သူ စိတ်ထိခိုက်အောင်များ ပြောခဲ့မိသလား ဟင်၊ ပြန်လာစေချင်ပါပြီ နယ်လီရယ်၊ သူ ပြန်လာစေချင်ပါပြီ'
ကျွန်မကိုယ်တိုင် ဟိကလစ် ပျောက်ဆုံးနေသည့်အတွက် နေမထိ ထိုင်မသာ ဖြစ်နေသော်လည်း သူ့စကားကို ကြားရသောအခါ ပို၍ စိတ်ထိခိုက်ရကာ . . .
'တော်စမ်းပါဟယ်၊ အဓိပ္ပာယ်မရှိတာတွေ ပြောမနေစမ်းပါနဲ့၊ သူ့ဘာသာ လသာသာ အပြင်ထွက်နေတာ ဖြစ်ချင်လဲ ဖြစ်မှာပဲ၊ ဘာမှ မပြောချင်လို့ မြက်ပုံပေါ်သွားနေတာ ဖြစ်ချင်လည်း ဖြစ်မှာပဲ၊ ငါထွက်ရှာပါဦးမယ်အေ' ဟု ဆိုကာ ကျွန်မလည်း အပြင်ထွက်ခဲ့ပါသည်။
သို့သော် ဟိကလစ်ကို ရှာမတွေ့ပါ၊ ဂျိုးဆက် ကိုယ်တိုင်လည်း ဟိကလစ်ကို ရှာမတွေ့ပဲ ပြန်ရောက်လာသည်။
'ဟိကလစ်ကို တွေ့ခဲ့ရဲ့လား အဘိုးကြီး' ကက်သရင်းက ဆီးမေးပါသည်။
'ဟိကလစ် မြင်းပျောက်လို့ လိုက်ရှာနေတယ် တူတာပဲ၊ ဒါပေမဲ့ မြင်းရော သူ့ကိုပါ မတွေ့ဘူး၊ ခရာတုတ် အချက်ပေးတာတောင် သူမကြားဘူး'
နွေညချမ်းများသည် အမှောင်ပိန်းပိတ်လာမြဲ ဖြစ်သည်။ တိမ်တိုက်သည် မိုးကြီးလျှပ်စီးဆင်မည့် အရိပ်အရောင် သမ်းလာပေပြီ။ ထိုကြောင့် ကျွန်မတို့သည် သူ့ကို အိမ်ထဲမှာပဲ ထိုင်စောင့်ကြရုံသာ ရှိတော့သည်။ မိုးရွာလာသည်နှင့် သူပြန်လာလိမ့်မည်ဟု ကျွန်မ ထင်သည်။ သို့သော် ကက်သရင်းမှာမူ ဆောက်တည်ရာ မရပါ။ အိမ်ဝင်းတံခါးနှင့် အိမ်တံခါးကြားတွင် ကူးချည်သန်းချည်း၊ လမ်းသလားချည် ဖြစ်နေပါသည်။ ခဏအတွင်းမှာပင် မိုးချုန်းသံများ ကြားရပြီး မိုးပေါက်ကြီးများ ကျလာပါလေတော့သည်။ ကက်သရင်းသည် မိုးပေါက်တွေကြားမှာပင် ဟိကလစ်ကို လှမ်းခေါ်လိုက်၊ ဟိကလစ်ဘက်က အသံကိုနားစွင့်လိုက်၊ အားရပါးရ အော်ငိုလိုက် ဖြစ်နေပါလေပြီ။
သန်းခေါင်လောက်တွင် တောင်ကုန်းတဝိုက်၌ မုန်တိုင်းအပြင်းအထန် ကျရောက်လာပါတော့သည်။ မိုးချုန်းသံ၊ လေပြင်းတိုက်သံ၊ မိုးရွာသံတို့မှာ သည်းသည်း ညံလာပါလေတော့သည်။ တခါတွင် အိမ်ထောင့်ဘက်ပိုင်းမှ သစ်ပင်ကျိုးကျသံကို ကြားလိုက်ရပြီး သစ်ကိုင်းကြီးတကိုင်းသည် မီးဖိုခေါင်းတိုင်ပေါ်သို့ လွင့်ကျလာပါသည်။ မီးဖိုထဲမှာပင် ကျောက်တုံး ကျောက်ခဲများ လွင့်စဉ်ကျလာလေသည်။ ကျွန်မစိတ်ထဲမှာ ကျွန်မတို့ကြားသို့ပင် မိုးကြီးကျလာလေသလား ထင်မိပါ၏။ ဂျိုးဆက်က ဘုရားစာများကို အဆက်မပြတ် ရွတ်နေပါလေ၏။
မိုးသံ လေသံများကား မိနစ်နှစ်ဆယ်မျှအထိ အဆက်ပြတ်သည် မရှိပါ။ ကေသီကား အပြင်ဘက်မှ ပြန်ဝင်မလာပါ။ အပြင်ဘက် မိုးထဲလေထဲမှာပင် ဦးထုတ်မပါ၊ ခြုံစောင်မပါ ရပ်နေပါ၏။ အတော်ကြာမှပင် တစ်ကိုယ်လုံး ရွှဲရွှဲစိုလျက် ဝင်လာပါလေတော့သည်။ မီးဖိုရှေ့တွင် လက်နှစ်ဘက်ကို ဆန့်တန်းလျက် နေရာယူမိသည့်တိုင်အောင် သူ့မျက်နှာထားသည် နောက်ဖက်သို့ လှည့်လျက် ဟိကလစ်ကို မျှော်နေဟန်ရှိပါသည်။
ကျွန်မသည် သူ့ပခုံးကို အညင်အသာ ကိုင်ပြီး . . .
'ကဲပါကွယ်၊ မတော် ဖျားနာနေပါ့မယ်၊ ခု ဘယ်အချိန်ရှိပြီလဲ သိရဲ့လား ကေသီ၊ ဆယ့်နှစ်နာရီ ခွဲပြီကွယ်၊ ကဲ . . . လာ လာ အိပ်ရာထဲ ဝင်တော့၊ ဒီကောင်လေးစောင့်နေလို့လဲ အလကားပါပဲ၊ သူ ဂျင်မာတန်ဘက်သွားတာ ဖြစ်မှာပဲ၊ ဒါဆိုရင် သူ ဟိုမှာပဲ နေလိမ့်မယ်၊ သူက တို့များ စောင့်နေလိမ့်မယ်လို့ ဘယ်ထင်မလဲ၊ သူ ပြန်လာလို့ မစ္စတာ ဟင်ဒလီ တံခါးဖွင့်ပေးနေရမှာ စိုးတာကြောင့် သူပြန်မလာတာ ဖြစ်မှာပါကွယ်' ဟု ပြောလိုက်ပါသည်။
'မဟုတ်ဘူး၊ မဟုတ်ဘူး၊ သူ ဂျင်မာတန်မှာ ရှိမှာ မဟုတ်ဘူး၊ စိမ့်ထဲ နွံထဲမှာ နစ်ချင် နစ်သွားမှာပဲ၊ ဒီတော့ ဘုရားတရုံပဲ ရှိတယ်' ဟု ဆိုကာ ဂျိုးဆက်သည် ဘုရားစာပဲ ရွတ်ပါလေတော့သည်။
ကျွန်မသည် ကက်သရင်းအား အိပ်ရာဝင်ရန် ဖျောင်းဖျသော်လည်း မရပါ။ ထို့ကြောင့် ကျွန်မလည်း သူနှင့် ဘုရားစာ ရွတ်နေသော ဂျိုးဆက်တို့ကို ထားခဲ့ပြီး ဟယ်ယာတန်လေးကို ချီ၍ အိပ်ရာသို့ ဝင်ခဲ့ပါလေတော့သည်။ ဂျိုးဆက်၏ ဘုရားစာရွတ်သံကို ကျွန်မ ကြားနေရပါသေးသည်။ အတန်ကြာမှ ဂျိုးဆက် အထပ်ခိုးပေါ်သို့ တက်သွားသော ခြေသံကို ကြားလိုက်ရပြီး ကျွန်မလည်း အိပ်ပျော်သွားပါလေတော့သည်။
ကျွန်မသည် တရုတ်ကတ်မှ ထိုးကျလာသော နေရောင်ခြည်ကြောင့် ခါတိုင်းထက်ပင် နောက်ကျ၍ အိပ်ရာမှ နိုးလာပါသည်။ ကျွန်မ အောက်ထပ်သို့ ဆင်းလာသောအခါ မစ္စကက်သရင်းကို မီးလင်းဖိုဘေးမှာပင် ထိုင်လျက်သား တွေ့ရလေသည်။ အိမ်အဝင်တံခါးမကြီးကိုလည်း ဟထားပါသည်။ ဟင်ဒလီသည် မီးဖိုခန်းထဲ ရောက်လာပြီး မီးဖိုခန်း မီးဖိုဘေးတွင် ရပ်နေပါသည်။ သူသည် မျက်တွင်းဟောက်ပက်ဖြစ်နေပြီး မျက်လုံးတွေမှာ အိပ်ရေးမဝဟန် ဖော်ပြနေပါသည်။ သူသည် အခန်းထဲသို့ ဝင်လာရင်း . . .
'ဟေ့ ကေသီ၊ မင်း ဘာဖြစ်နေတာလဲကွယ်၊ မင်းကြည့်ရတာ ကြွက်စုတ်ကလေးတကောင်လိုပါပဲလား၊ တမှိုင်မှိုင် တတွေတွေနဲ့၊ ဘာဖြစ်နေရတာလဲ ညီမလေးရယ်' ဟု မေးလိုက်ပါသည်။
'ကျွန်မ မိုးမိပြီး အအေးမိတာပါ'ဟု မစ္စကက်သရင်းက ခပ်ပြတ်ပြတ် ပြန်ဖြေလိုက်ပါသည်။
'အလကားပါ။ ကောင်မလေး မနေ့ညနေက မိုးမိပြီး ညက တစ်ညလုံး ထိုင်နေသတဲ့လေ' ကျွန်မက ကြားဝင်ပြီး ပြောလိုက်ပါသည်။
မစ္စတာ ဟင်ဒလီသည် ကျွန်မတို့ နှစ်ယောက်စလုံးကို အံ့ဩသည့် အမူအရာဖြင့် စိုက်ကြည့်ပြီး . . .
'တစ်ညလုံး မအိပ်ဘူး ဟုတ်လား၊ သူက မအိပ်ပဲ ဘာလုပ်နေရတာလဲ၊ မိုးတွေ ချုန်းနေတာတောင် မကြောက်ဘူးလား' ဟု မေးပြန်ပါသည်။
ကျွန်မတို့ နှစ်ဦးစလုံးကပင် ဟိကလစ် ပျောက်နေသည့်အကြောင်းကို မပြောကြပါ။ ထို့ကြောင့် ကျွန်မက ကက်သရင်း ဘာစိတ်ကူးပေါက်ပြီး တစ်ညလုံးထိုင်နေသည်ကို မသိကြောင်းလောက်သာ ဖြေပြီး ဘာမျှ မပြောတော့ပဲ နေလိုက်ပါသည်။
နံနက်ခင်းသည် အေးမြ လတ်ဆတ်နေပါသည်။ ကျွန်မ ပြတင်းပေါက်ကို ဖွင့်လိုက်သောအခါ ဥယျာဉ်တွင်းမှ ရနံ့သင်းသော လေသည် အခန်းတွင်းသို့ ပျံ့နှံ့လာပါလေသည်။
ကက်သရင်းသည် ကျွန်မကို ခပ်ငေါက်ငေါက်ကလေး ခေါ်လိုက်ပြီး . . .
'တံခါး ပိတ်ထားလိုက်စမ်းပါ နယ်လီ၊ ချမ်းရတဲ့အထဲမှာ' ဟု ပြောပါသည်။ သူသည် ပြောရင်းပင် မီးငြိမ်းစ ပြုနေသော မီးလင်းဖိုနား တိုးသွားပါလေ၏။ ခိုက်ခိုက်တုန် ချမ်းနေပုံ ရပါသည်။
ဟင်ဒလီသည် ကက်သရင်း လက်ကောက်ဝတ်ကို ဆုပ်ကိုင်ရင်း . . .
'နေမကောင်းဖြစ်နေပါလား၊ မင်း ဒါကြောင့် ညက အိပ်မရတာကိုး၊ ခက်တော့တာပဲ၊ မင်းက ဘာဖြစ်လို့ မိုးရေထဲ ထွက်ရတာလဲကွယ်' ဟု ပြောလိုက်ပါသည်။
ကျွန်မတို့ စကားပြတ်သွားသည်ကို ဂျိုးဆက်သည် အခွင့်ကောင်းယူ၍ . . .
'ကောင်မလေး၊ မနေ့ညက ဟိုကောင်လေးနောက် လိုက်သွားနေတာလေ၊ ကျုပ်သာ သခင့်နေရာကဆိုရင် အားလုံး မသက်သာဘူး မှတ်၊ ခုတော့ မနေ့က သခင်အိမ်မှာ မရှိဘူး ဆိုရင်ပဲ ဟို လင်တန်ဆိုတဲ့ ကောင်လေးကလည်း လာတယ်၊ အဲဒီတုန်းက ဒီမိန်းမကြီးလည်း ရှိတာပဲ၊ ညကလဲ သူတို့ ဟို ဟိကလစ်ဆိုတဲ့ ကောင်ကလေး ပြန်မလာလို့ သန်းခေါင်သန်းလွဲအထိ စောင့်နေကြတာပဲ၊ ကျုပ်ကို ဘာမှ မသိဘူး မထင်နဲ့၊ ကျုပ် အကန်းမဟုတ်ဘူး၊ ကျုပ် အားလုံး မြင်တယ်၊ ဟောဒီ မိန်းမကြီးကလည်း အလိုတူ အလိုပါပဲ' ဟု ကြားဝင်ပြီး ကတုံးကတိုက် စကားပြောပါလေတော့သည်။
ထိုအခါ ကက်သရင်းက . . .
'တိတ်စမ်း အဘိုးကြီး၊ ရှင် ကျွန်မရှေ့မှာ ပေါက်ကရတွေ ပြောမနေနဲ့၊ မနေ့က အက်ဂါလင်တန် လာတယ်ဆိုလဲ လမ်းကြုံလို့ ဝင်လာတာ အစ်ကို၊ သူလာတာ အကို မကြိုက်မှန်းသိလို့ ကျွန်မကိုယ်တိုင် သူ့ကို ပြန်လွှတ်လိုက်တာပဲ'ဟု အော်ပြောလိုက်ပါသည်။
'တော်စမ်းပါ ကေသီရယ်၊ မင်း ငါ့ကို လိမ်မနေစမ်းပါနဲ့၊ မင်းဟာ မအူမလည်နဲ့ ရှုပ်နေတာပဲ၊ လင်တန်လာက အရေးမကြီးပါဘူး။ ညက မင်း ဟိကလစ်နဲ့ အတူရှိသလား၊ မရှိဘူးလား၊ အဲဒါပဲ မှန်မှန်ပြောစမ်းပါ၊ သူ့ကို ငါ ဘာမှ မလုပ်ပါဘူး။ ဘာမှ မလုပ်ဖြစ်အောင် သူ့ကို ယာထဲ မောင်းထုတ်ရမှာပဲ' ဟု ဟင်ဒလီက ပြောပါသည်။
'ကျွန်မ ညက ဟိကလစ်ကို မတွေ့ဘူး' ကေသီမှာ စကားစကတည်းက ဝင်ရှိုက်သံ ပါနေလေပြီ၊ 'အစ်ကို သူ့ကို နှင်ထုတ်ရင် ကျွန်မလည်း သူနဲ့ လိုက်သွားမှာပဲ၊ ဒါပေမဲ့ အစ်ကို သူ့ကို နှင်ထုတ်စရာ မလိုပါဘူး၊ သူဘာသာ ထွက်သွားတာ ဖြစ်ချင် ဖြစ်မှာပဲ' ကေသီသည် မထိန်းချုပ်နိုင်တော့ပဲ ငိုချလိုက်ပါတော့သည်။ သူ့စကားတို့သည်ပင် သဲသဲကွဲကွဲ မရှိတော့ပေ။
ဟင်ဒလီသည် ညီမဖြစ်သူ၏ ရောင့်တက်ပြောဆိုနေမှုကို မခံမရပ်နိုင်သဖြင့် မငိုဖို့နှင့် ငိုနေလျှင် ကိုယ့်အခန်းထဲကိုယ် ချက်ချင်းသွားရန် ပြောလိုက်ပါသည်။ ကျွန်မလည်း ကေသီအား ဟင်ဒလီအမိန့်ကို နာခံရန် ဖျောင်းဖျရပါတော့သည်။
ကေသီ သူ့အခန်းထဲ ဝင်သွာပြီးနောက် ကျွန်မ သူ့ အခန်းထဲရောက်သွားသောအခါ ကျွန်မအဖို့ အထိတ်တလန့် ဖြစ်ရပါလေတော့သည်။ ကျွန်မစိတ်က ကေသီ ရူးများသွားလေပြီလားဟုပင် ထင်လိုက်မိါသည်။ ကျွန်မလည်း ဂျိုးဆက်အား ဆရာဝန်ကင်းနက်ကို သွားပင့်ခိုင်းရပါတော့သည်။ ကေသီမှာ အဖျားအရှိန်ကြောင့် ငန်းဝင်စ ပြုနေပုံရပါသည်။ မစ္စတာကင်းနက်သည် ကေသီကို တွေ့လျှင် တွေ့ချင်း ကေသီ အပြင်းဖျားနေကြောင်း ပြောပြီး သွေးဖောက်ယူသည်။ ထို့နောက် ကေသီအား အရည်သာ တိုက်ကျွေးရန်၊ အောက်ထပ်သို့ မဆင်းစေရန် ၊ ပြတင်းပေါက်ကို မဖွင့်စေရန်နှင့် အထူးဂရုစိုက်ရန် ကျွန်မတို့ကို မှာကြားပြီး ပြန်သွားပါတော့သည်။
ကျွန်မမှာ လူနာပြုစုခြင်းတွင် မကျွမ်းကျင်သော်လည်း ဂျိုးဆက်နှင့် ဟင်ဒလီတို့ထက်စာလျှင် ကျွန်မ သူ့ကို အတတ်နိုင်ဆုံး ပြုစုနိုင်ပါသည်၊ ကေသီ မကျန်းမာနေစဉ် ကာလတွင် အဘွားကြီး မစ္စက်လင်တန်သည် မကြာခဏဆိုသလို ရောက်လာကာ ကျွန်မတို့အား စီမံကွပ်ကဲပါလေသည်။ ကက်သရင်းသည် နလန်ထူစ ပြုလာသောအခါ လင်တန်တို့၏ သရက်ကာရော့အိမ်ကြီးသို့ ပို့ပေးရန် ပြောသဖြင့် ကျွန်မတို့လည်း သူ့အလိုကျ လိုက်လျောလိုက်ပါသည်၊ သည့်အတွက်လည်း ကျွန်မတို့မှာ သူ့ကို ပြုစုရန်နှင့် အဘွားကြီး လင်တန်၏ ဩဇာပေးသမျှခံရန် မလိုတော့သဖြင့် သူ့ကိုပင် ကျေးဇူးတင်ရပါလေသည်။
ထို့နောက် များမကြာမီပင် အဘိုးကြီးလင်တန်နှင့် အဘွားကြီး လင်တန်တို့သည် မကျန်းမမာဖြစ်လာကြပြီး ရှေ့ဆင့် နောက်ဆင့်ဆိုသလို နှစ်ဦးစလုံး ကွယ်လွန်သွားပါသည်။
ထို့နောက်ပိုင်းတွင် ကျွန်မတို့၏ သခင်မလေးသည် ကျွန်မတို့ထံသို့ ပြန်ရောက်လာပါသည်။ ထိုအခါ ကေသီသည် ရှေးကထက်ပင် မထီတရိဖြစ်လာပုံ ပေါက်လာပါသည်။ စိတ်လည်း ဆက်လာပါသည်။ မာန်မာကလည်း ကဲလာပါလေသည်။ ဟိကလစ်အကြောင်းကိုကား မိုးလေပြင်းထန်သော ညချမ်းနောက်ပိုင်းမှစ၍ ကျွန်မတို့ မကြားကြရတာ့ပါ။
တနေ့တွင် ကက်သရင်းသည် ဟိကလစ် ပျောက်ဆုံးနေခြင်းနှင့် ပတ်သက်၍ ပြစ်တင်စကား ဆိုပါလေတော့သည်။ ထို့နောက်ပိုင်းမှစ၍ ကက်သရင်းသည် လပေါင်း အတန်ကြာသည်အထိ ကျွန်မကို အစေခံတစ်ယောက်လိုမှအပ ရင်းနှီးသူတစ်ယောက်အဖြစ် အဆက်အဆံမလုပ်တော့ပါ။ ဂျိုးဆက်ကလည်း သူ့ကို ကလေးငယ်တစ်ယောက်လို အမှတ်ထားကာ ဘုရားစာတရားစာတွေသာ ရွတ်ဖတ်ပြနေသည့်အတွက် သူ့ကိုလည်း ရှေးကလို အရောမဝင်တော့ပဲ အစေခံတစ်ယောက်လိုပင် သဘောထား ဆက်ဆံလာပါ၏။
ဆရာဝန်ကလည်း ကေသီနှင့် ပတ်သတ်၍ စိတ်အနှောင့်အယှက် မဖြစ်စေရန် မှာထားသဖြင့် ဟင်ဒလီ ကိုယ်တိုင်ကလည်း ကေသီကို သူ့အတိုင်း လွှတ်ထားလိုက်ပါသည်။ ကက်သရင်း ဒေါသ ဖြစ်စေမည့် ကိစ္စများကို ရှောင်ရှားပါတော့သည်။ သို့သော် လင်တန်မိသားစုများနှင့် ရင်းနှီးစွာ ဆက်ဆံနေခြင်းကိုမူ ဟင်ဒလီ လိုလားပါသည်။ ဤသို့ဖြင့် အဘိုးကြီးနှင့်အဘွားကြီး လင်တန်တို့ ကွယ်လွန်ပြီး သုံးနှစ်အကြာတွင် ကက်သရင်းသည် အက်ဂါလင်တန်နှင့် လက်ထပ်လိုက်ပါလေတော့သည်။
ထိုအခါ ကျွန်မမှာလည်း
အလိုမပါပဲလျက် လေထန်ကုန်း အိမ်ကြီးကို စွန့်ခွာရန် အခြေအနေ ဖြစ်လာပါတော့သည်။ ကျွန်မသည်
ကက်သရင်းနှင့်အတူ သရတ်ကရော့အိမ်ကြီးသို့ လိုက်ခဲ့ရပါလေတော့သည်။ ထိုအချိန်တွင် ဟယ်ယာတန်ကလေးမှာ
ငါးနှစ်သားရှိပါပြီ။ ကျွန်မ သူ့ကိုပင် စာသင်စ ပြုနေပါပြီ။ သို့သော် ကျွန်မတို့မှာ ဝမ်းနည်းစွာပင်
ခွဲခွာခဲ့ကြရပါလေသည်။ ကျွန်မတို့အားလုံး၏ ဆန္ဒထက် ကက်သရင်း၏ မျက်ရည်က အစွမ်းထက်ပါသည်။
ကျွန်မသည် လေထန်ကုန်အိမ်ကြီးကို မစွန့်ခွာလိုကြောင်း ငြင်းပါသေး၏။ ထိုအခါ ကက်သရင်းက
ကျွန်မအား တိုက်ရိုက် ဘာမျှမပြောပဲ သူ၏ ခင်ပွန်းနှင့်အစ်ကိုအားသာ ကျွန်မ လိုက်ပါဖို့
ပြောပါလေသည်။ ထိုအခါ ခင်ပွန်းဖြစ်သူက ကျွန်မကို လခပိုပေးပါသည်။ အစ်ကိုဖြစ်သူကမူ သူ့အိမ်၌
မိန်းမအိမ်ဖော် ထားစရာမလိုတော့ဟုပင် ဆိုပါလေ၏။ ဟယ်ယာတန်ကလေးအတွက်ကား စာပြဆရာတစ်ဦး ငှားထားပါသည်။
ကျွန်မအဖို့ကား လေထန်ကုန်းအိမ်ကြီးမှ ထွက်ခွာရန်မှအပ အခြားလမ်းမရှိတော့ပါ။ ကျွန်မသည်
သခင်ဟင်ဒလီအား လူကောင်းသူကောင်းတွေကို မောင်းထုတ်လိုက်ခြင်းဖြင့် လေထန်ကုန်းအိမ်ကြီး၏
အပျက်လမ်းသို့ ရှေးရှု့နေသော အဖြစ်ကိုကား ပြောခဲ့ပါသေး၏။ ဟယ်ယာတန်ကလေးကိုမူ အနမ်းဖြင့်
နှုတ်ဆက်ခဲ့ပါသည်။ ထိုအချိန်မှစ၍ ဟယ်ယာတန်ကလေးသည်လည်း ကျွန်မအဖို့ လူစိမ်းတစ်ယောက်
ဖြစ်သွားပါတော့သည်။ သူသည်လည်း အယ်လင်ဒင်းကို မောင့်သွားပါလေတော့သည်။
အိမ်ဖော်ကြီး ဒင်းသည် သူပြောသော ဇာတ်လမ်း ဤနေရာသို့အရောက်တွင် မီးခိုးခေါင်တိုင် အိမ်တွင်းပိုင်းမီးဖိုထက် အုတ်ခုံပေါ်ရှိနာရီကို လှမ်းကြည့်လိုက်ရာ တစ်နာရီဆယ့်ငါးမိနစ် ရှိနေပြီဖြစ်၍ အံ့အားသင့်သွားပါလေတော့သည်။ သူ တစ်စက္ကန့်မျှပင် ဆက်နေချင်ပုံမရတော့ပါ။ ကျွန်ုပ်မှာ ကိုယ်လက်ကိုက်ခဲနေသော်လည်း အိပ်ချင်စိတ်မရှိသေးပါ။


Comments
Post a Comment