လေထန်ကုန်း_အခန်း (၁၈)_ကျော်လှိုင်ဦး

အခန်း [ ၁၈ ]

စိတ်မချမ်းမြေ့ဖွယ်ရာသော ထိုကာလကို လွန်မြောက်ပြီးနေတဲ့ ဆယ့်နှစ်နှစ်တာ ကာလသည် ကျွန်မဘဝတွင် အပျော်ရွှင်ရဆုံးသောကာလ ဖြစ်ပါ၏။ ကက်သရင်းကလေး ငယ်ငယ်ရွယ်ရွယ် ဘဝ အခြား ကလေးများနည်းတူ ဖျားသည့် နာသည့် အခါမျိုးလောက်သာ ကျွန်မ စိတ်ညစ်ရတတ်ပါသည်။ သို့သော် ကက်သရင်းကလေးသည် ခြောက်လ အရွယ်မှစ၍ ကျန်းကျန်းမာမာ ဖြစ်လာပါ၏။ လမ်းလျှောက်သည့် အရွယ်၊ စကားပြောသည့် အရွယ်တို့တွင်လည်း မှန်မှန်ကန်ကန် တတ်မြောက်လာခဲ့ပါ၏။ တော့တီး တော့တ လျှောက်တတ်သော အရွယ်နှင့် တွတ်တီးတွတ်တာ ပြောတတ်သော အရွယ်တွင် ကက်သရင်းကလေးသည် မီးဖိုဘေး၌ မစ္စက်လင်တန် ဒုတိယအကြိမ် ပြန်လည် မွေးဖွားလာသလို ထင်လာရပါ၏။

ကက်သရင်း ကလေးသည် တအိမ်လုံး၏ ပျော်ရွှင်ချမ်းမြေ့မှုကို ဖန်တီးသူကလေး ဖြစ်လာပါသည်။ သူ့ မျက်နှာကလေးမှာ အန်းရှော မျိုးနွယ်တို့၏ နက်မှောင်လှပသော မျက်လုံးများ ဖြစ်ပြီး အသားအရေကား လင်တန်မျိုးနွယ်တို့၏ ဖြူဝင်းသော အသားအရေမျိုး ဖြစ်သည်။ ဆံပင်သည်လည်း အဝါရောင် ဆံပင်တွန့်ကလေးများဖြင့် ကက်သရင်းကလေးသည် တကယ့်အလှကို ဆောင်လာပါလေ၏။

ကက်သရင်းကလေး၏ စိတ်ကောင်း၊ သဘောကောင်းပုံသည် ကျွန်မအား သူ့အမေကို ပြန်လည် သတိရစေ၏။ ကက်သရင်းကလေးသည် စိတ်သဘောထားအားဖြင့် သူ့အမေနှင့် တထပ်တည်း ဟူ၍ကား မဆိုသာပါ။ စိတ်နှလုံးကား ချိုးငှက်ကလေးတကောင်လိုပင် သိမ်းမွေ့နူးညံ့ လှပါသည်။ သူ့အသံကလေးသည် သာယာချိုလွင်လှပါ၏။ အမူအရာကား တွေငေးနေသေယောင် ရှိတတ်လေသည်။ သူသည် ဒေါသမကြီးတတ်ပါ။ သူ့မေတ္တာသည် နူးညံ့သိမ်မွေ့ လေးနက်လှပါ၏။ တခါတခါ မထီလေးစားလုပ်ချင်သည့် စိတ်မျိုးတော့ ရှိပါသည်။

ကတ်သရင်းကလေးကို အစေခံတယောက်ယောက်က စိတ်နှင့် မတွေ့အောင်လုပ်လျင်ကား 'အဖေ့ကို တိုင်ပြောလိုက်မယ်နော်' ဟု ဆိုတတ်ပါသည်။ ကတ်သရင်းကလေးနှင့် ပတ်သက်၍ သူ့အဖေနား ပေါက်သွားလျှင်တော့လည်း အစေခံ တယောက်အဖို့ မသက်သာပါ။ သခင်လင်တန်ကိုယ်တိုင်ကလည်း သူ့သမီးကို ဆူလားပူလား လုပ်ပုံ မပေါ်ပါ။ ပညာသင်ကြားရာတွင်လည်း သမီးကို ကိုယ်တိုင် သင်ပေးပါ၏။ သမီးပျင်းနေလျှင်လည်း ကိုယ်တိုင်ပင် ဖျော်ဖြေပေးပါလေသည်။ ကတ်သရင်းကလေးကလည်း ပညာသင်ကြားရာတွင် ထက်ထက်သန်သန် တက်တက်ကြွကြွ ရှိလှပါ၏။

ကတ်သရင်းကလေးမှာ အသက်ဆယ့်သုံးနှစ် အရွယ်ရောက်လာသည့်အထိ အများအားဖြင့် အိမ်ဝင်းကြီး အပြင်ဘက်သို့ မရောက်ဖူးပါ။ တခါတရံမှသာ မစ္စတာလင်တန်က သူ့သမီးကို ခေါ်ပြီး ခြံပြင်ဘက်သို့ လမ်းလျှောက်လေ့ရှိပါ၏။ မစ္စတာလင်တန်သည် သူ့သမီးကို သူနှင့် မဟုတ်လျှင် ခြံပြင်ဘက်သို့ ထွက်ခွင့်မပြုပါ။ ကတ်သရင်းကလေးသည် ဂျင်မာတန်ဟူသော အမည်ကိုပင် မကြားဖူးပါ။ သူ့အိမ်မှအပ သူရောက်ဖူးသော နေရာဟူ၍ ဘုရားရှိခိုးကျောင်းသာ ရှိပါသည်။ လေထန်ကုန်အိမ်နှင့် ဟိကလစ် အကြောင်းကိုလည်း သူ ဘာမျှ မသိပါ။ ကတ်သရင်းကလေးကား တကယ့် အထီးကျန်ဘဝဖြင့် ကြီးပြင်းလာခဲ့ရသူ ဖြစ်ပါသည်။ တခါတရံတွင် သူသည် သူ့အခန်း ပြတင်းမှနေ၍ ….

'ဟိုတောင်ကုန်းတွေဆီ လမ်းလျှောက်သွားယင် ဘယ်လောက်ကြာမလဲ အယ်လင်၊ အဲဒီတောင်ကုန်းတွေရဲ့ ဟိုဘက်မှာက ဘာရှိလဲဟင်၊ ပင်လယ်ကြီးလား' ဟူ၍ စူးစမ်းတတ်ပါ၏။

'မဟုတ်ဘူး သမီးကလေးရဲ့၊ အဲဒီတောင်ကုန်းတွေရဲ့ ဟိုဘက်မှာလဲ အဲဒီလို တောင်ကုန်းတွေပဲ ရှိတာပေါ့' ဟု ကျွန်မ ဖြေရပါသည်။

'ဟို ကျောက်တောင်ကြီးတွေကကော အယ်လင်'

မတ်မတ်စောက်စောက်ကြီး ဖြစ်နေသော ပင်နီစတန် ကျောက်တောင်ကြီးများသည် သူ့အာရုံတွင် စိတ်ဝင်စားစရာ ဖြစ်သွားရပါ၏။ နေဝင်ချိန်များ၌ ထိုကျောက်တောင်ကြီးများသည် မားမားမတ်မတ် ရှိနေပြီး အရိမ်များ ထိုးကျနေတတ်ပါသည်။ ကျွန်မလည်း သူကလေးအား ဤကျောက်တောင်ကြီးမှားမှာ ကျောက်သားပကတိဖြစ်ပြီး သစ်ပင်ကြီးတွေလို မားမားမတ်မတ် တည်ရှိနေခြင်းဖြစ်ကြောင်း ရှင်းပြရပါလေ၏။

'အဲဒါကြီးတွေက နေဝင်သွားပြီးတဲ့အထိ ဘာကြောင့် အရောင်တောက်နေတာလဲဟင်'

'သူတို့က သိပ်မြင့်ကြတာကိုးကွဲ၊ သိပ်ပြီး မတ်စောက်လွန်းတော့ တက်လို့တောင် မရဘူး၊ ဆောင်းဝင်လာပြီဆိုယင် တို့များဆီမှာ နှင်းမကျသေးပေမယ့် အဲဒီကျောက်တောင်ထိပ်တွေမှာ နှင်းတွေ ဖွေးနေတတ်တယ်၊ နွေရောက်လာတဲ့ အချိန်မှာတောင် အဲဒီကျောက်တောင်ကြီးရဲ့ အရှေ့မြောက်ဘက်က ချောင်းတွေထဲမှာ နှင်းတွေကို တွေ့ရတတ်သေးတယ်'

'အိုး၊ အယ်လင်က အဲဒီရောက်ဖူးတာကိုး၊ ကျွန်မလဲ ကြီးလာယင် အဲဒီကို သွားနိုင်မှာပဲ၊ ဖေဖေကော အဲဒီကို ရောက်ဖူးလားဟင်'

ထိုစကားကြောင့် ကျွန်မလည်း ပျာပျာသလဲပင်

'အဲဒီနေရာဟာ အန္တရာယ်များကြောင့် သမီးလေး ဖေဖေက ပြောပြပါလိမ့်မယ်၊ တကယ်တော့ သမီးနဲ့ သမီးဖေဖေ လမ်းလျှောက်တဲ့ ကွင်းလောက်ပဲ သွားလို့လာလို့ ကောင်းတာကွဲ့၊ အမှန်ကတော့ သရက်ကရော့ခြံကြီးသာ ကမ္ဘာပေါ်မှာ အကောင်းဆုံးနေရာပါကွယ်'

'ကျွန်မက ဒီခြံကြီးအကြောင်း သိပြီးသားပဲ၊ အဲဟိုဘက်က နေရာတွေ အကြောင်းသာ မသိတာ၊ အဲဟိုဘက်က နေရာတွေကို ရောက်ဖူးချင်လိုက်တာ၊ တနေ့ကျယင်တော့ ကျွန်မ မြင်းကလေး ပင်နီနဲ့ အဲဒီနေရာတွေကို သွားဦးမယ်'

တခါတွင် အစေခံတယောက်က ထိုကျောက်တောင်ကြီးများမှ လိုဏ်ဂူတခု အကြောင်းကို ပြောလိုက်ရာ ကတ်သရင်းကလေးမှာ အထူးပင် စိတ်ဝင်စားသွားပြီး သူ့အဖေအား ထိုနေရာသို့ သွားရန် ပူဆာပါလေတော့သည်။ ထိုအခါ မစ္စတာ လင်တန်က သမီးအား ကြီးလာလျှင် သွားရမည်ဖြစ်ကြောင်း ကတိပေးပါလေ၏။ ထိုအခါမှစ၍ ကတ်သရင်းကလေး သူ့အရွယ်ကို မှန်းဆလာပြီး 'ခု ကျွန်မ ကြီးလာပြီနော်၊ ပင်စတန်ကျောက်တောင်တွေဆီသွားယင် ရပြီပေါ့နော်' ဟု တဖွဖွ ပြောတတ်လာပါ၏။ ထိုနေရာသို့ သွားရာ လမ်းကား လေထန်ကုန်းအိမ်ကြီးနှင့် ကပ်လျက်တည်ရှိပါသည်။ အက်ဂါလင်တန်သည် ထိုနေရာကို ဖြတ်သွားချင်လှသူ မဟုတ်ပါချေ။ ထို့ကြောင့် သမီး နားပူနားဆာ လုပ်တိုင်း 'ငယ်ပါသေးတယ် သမီးရယ်၊ သမီး ငယ်ပါသေးတယ်' ဟု ပြောတတ်စမြဲ ဖြစ်ပါလေသည်။

အစ္စဗယ်လာသည် သူ့ခင်ပွန်းကို စွန့်ခွာပြီး ဆယ်နှစ်နှစ်ကျော်ကျော် အရပ်တပါး၌ သွားရောက်နေထိုင်ကြောင်း ကျွန်မ ပြောခဲ့ပါပြီ။ စင်စစ် သူတို့ သားအမိနှစ်ယောက်စလုံးမှာ ကျန်းမာရေး မကောင်းလှပါ။ နောက်ဆုံးတွင် သူ မည်သည့် ရောဂါဝေဒနာ ခံစားရသည်ကို ကျွန်မ အသေအချာ မသိပါ။ သူ မသေခင် လေးလလောက်တါင် သူ့အစ်ကိုဆီသို့ စာရေးခဲ့ပါသည်။ စာတွင် သူ မကွယ်လွန်မီ ဆောင်ရွက်စရာရှိသည်များကို ဆောင်ရွက်ရန်၊ သူ့အစ်ကိုအား နှုတ်ဆက်စကားဆိုရန်နှင့် သူ့သားကလေး လင်တန်ကို အစ်ကို့လက်သို့ ပေးအပ်ခဲ့ရန်တို့ပါပါသည်။ အစ္စဗယ်လာသည် သားကလေးကို သူ့ဦးကြီး လက်မှာသာ ထားခဲ့ရန် ရည်ရွယ်ထားပြီး ဖြစ်ဟန်တူပါသည်။ သူ့ခင်ပွန်း လက်တွင် ထားခဲ့ရန်ကိုကား နည်းနည်းမျှ စိတ်ကူးခဲ့ပုံ မပေါ်ပါ။

အက်ဂါလည်း ညီမဖြစ်သူထံ လိုက်သွားရန် စီစဉ်ပါလေ၏။ ထိုအခါ ကျွန်မအား ကတ်သရင်းကို အထူးဂရုစိုက်ရန်နှင့် ကျွန်မပါသည့်တိုင်အောင် ကတ်သရင်းအား ခြံကြီးအပြင်ဘက်သို့ ထွက်ခွင့်မပြုရန် တဖွဖွမှာပါသည်။ သို့သော် အက်ဂါသည် အဖော်မပါပဲ သူ့သမီး ခြံကြီးအပြင်သို့ ထွက်သွားမည့်အရေးကိုကား မမှန်းဆခဲ့ပါ။

ဤသို့ဖြင့် အက်ဂါသည် ရက်သတ္တသုံးပတ်ကြာ ခရီးသွားခဲ့ပါသည်။ ပထမ တရက် နှစ်ရက်တွင်ကား ကတ်သရင်းကလေးသည် ကျွန်မ မျက်စိအောက် စာကြည့်ခန်းထောင့်၌ စာဖတ်လိုက် ကစားလိုက်နှင့် နေနေခဲ့ပါ၏။ သို့သော် သူပျော်ပိုက်ပုံ မပေါ်ပါ။

နွေရာသီ ရောက်လာပြီဖြစ်၍ လောကသည် သာတောင့်သာယာ ဖြစ်လာပါသည်။ ကတ်သရင်းကလေးသည် အိမ်ထဲမှာ ကြာကြာမနေတော့ပဲ ခြံထဲမှာသာ လှည့်လည်နေပါ၏။ တခါတရံ ထမင်းစားချိန်နှင့် လက်ဖက်ရည်သောက်ချိန်များ၌ပင် အိမ်ထဲသို့ ပြန်ဝင် မလာတော့ပါ။ သို့သော် ကျွန်မ သူ့အတွက် မစိုးရိမ်ပါ။ အကြောင်းက အိမ်ဝင်းတံခါးများမှာ အများအားဖြင့် ပိတ်ထားသောကြောင့်တည်း။

တနေ့တါင် ကတ်သရင်းကလေးသည် သူတို့သည် အာရပ် ကုန်သည်တဦး သဲကန္တာရအတွင်း လှည့်လည်တမ်း ကစားကြမည်ဖြစ်၍ သူတို့ခရီးအတွက် ရိက္ခာပေးရန် တောင်းခံလာပါ၏။ ခြံထဲမှာ ခွေးတွေနဲ့ ကစားရန်ပဲဟု သဘောထားကာ ခွေးသုံးကောင်နှင့် သူ့အတွက် ရိက္ခာများ ထည့်ပေးလိုက်ပါသည်။ ထိုအခါ ကတ်သရင်းကလေးသည် သူ စီးနေကျ မြင်းကလေးဘေးတွင် ရိက္ခာတောင်းကလေးကို ဆွဲချိတ်ကာ မြင်းပေါ်သို့ တက်၍ ဒုန်းစိုင်းသွားပါလေ၏။ ကျွန်မက မြင်းကို ဒုန်းမစီးဖို့နှင့် စောစောပြန်လာဖို့ မှာသည်ကိုပင် လှောင်သွားလိုက်ပါသေး၏။

သို့သော် လက်ဖက်ရည် သောက်ချိန်အထိ သူ ပြန်မလာချေ။ သူနှင့် ပါသွားသော ခွေးကြီးတကောင်သာ ပြန်လာပါလေ၏။ သို့သော် ကေသီနှင့် သူ စီးသွားသော မြင်းကလေးနှင့် အခြား ခွေးကလေးနှစ်ကောင်ကား ပြန်မလာကြပါပေ။ ကျွန်မလည်း မနေသာတော့ပါ။ အိမ်ထဲက အစေခံများကို အနှံ့လွှတ်၍ ရှာဖွေစေရပါ၏။ နောက်ဆုံးတွင် ကျွန်မကိုယ်တိုင် မနေသာတော့ပဲ သူ့ကို ထွက်ရှာရပါလေတော့သည်။ ကျွန်မတို့ ခြံကြီးအစပ်ရှိ စိုက်ခင်းတွေထဲမှာ အလုပ်သမားတယောက်ကို တွေ့သဖြင့် ကျွန်မက သူငယ်မကို တွေ့မတွေ့ စုံစမ်းကြည့်ရာ ….

'မနက်ကတော့ တွေ့လိုက်တယ်ဗျ၊ အဲဟိုဘက် ခြံစည်းရိုး ခပ်နိမ့်နိမ့် အပိုင်းကနေ မြင်းကို ဒုန်းစိုင်းပြီး ခုန်ထွက်သွားတာပဲ' ဟူသော စကားကို ကြားလိုက်ရသည်နှင့် ကျွန်မလည်း တုန်သွားပါလေတော့သည်။ သင်းကလေး ပင်နီစတန် ကျောက်တောင်ကြီးတွေဘက် သွားပြီဟု အတပ်တွေးပြီး ကျွန်မလည်း တောင်ကုန်းတွေ ရှိရာဘက်သို့ လိုက်ခဲ့ပါလေသည်။ တောင်ကုန်းတွေနား ရောက်လာသော်လည်း ကတ်သရင်းကလေးကို မတွေ့ရပါ။ ကျောက်တောင်ကြီးတွေမှာ လေထန်ကုန်းနှင့် တမိုင် ဝေးပါသည်။ ထို့ကြောင့် မမှောင်ခင် ကျောက်တောင်ကြီးတွေဆီ မရောက်မှာ စိုးပူလာပါသည်။

'ကျောက်တောင်ကြီးတွေပေါ် တက်လို့ ချော်များကျပြီး သေနေလေပြီလား၊ ကျိုးပဲ ပဲ့နေပြီလား' ဟူသော အတွေးလည်း ဝင်လာပါလေသည်။ ထိုစဉ်မှာပင် လေထန်ကုန်း အိမ်ကြီး၏ ယာတဲကလေးဘေး၌ ကတ်သရင်းကလေးနှင့် အတူ ပါသွားသော ခွေးကလေး ချာလီသည် နားရွက်မှ သွေးများ ယိုစီးလျက် ခေါင်းငိုက်စိုက်ချထားသည်ကို မြင်လိုက်ရသဖြင့် ကျွန်မလည်း အားတက်သွားပါ၏။ ထို့ကြောင့် ယာတဲ မလွယ်ပေါက်ဆီမှ အပြေးသွားကာ တံခါးကို ခေါက်လိုက်ပါသည်။ ယခင် သူ ဂျင်မာတန်မှာ နေစဉ်ကတည်းက သိကျမ်းခဲ့ပြီး မစ္စတာ အန်းရှော ကွယ်လွန်ပြီးနောက်တွင် လေထန်ကုန်းအိမ်ကြီးသို့ ရောက်လာသည့် မိန်းမတယောက် တဲကလေးထဲမှ ထွက်လာပြီး ….

'ဪ၊ ရှင် ရှင့်သခင်မကလေးကို လိုက်ရှာတယ် ထင်ပါရဲ့၊ မစိုးရိမ်ပါနဲ့ရှင်၊ သူ ကျွန်မတို့ အိမ်ကြီးထဲမှာ ရှိပါတယ်၊ ကျွန်မတို့ သခင် မရှိတုန်းမို့ ဝမ်းသာရသေးတယ်' ဟု ပြောလာပါ၏။

ကျွန်မလည်း ထိုအကြောင်းကို ကြားရသဖြင့် အမောမျှပင် မဖြေနိုင်သေးပဲ သူ့ဆီသို့ ခပ်သွက်သွက် လျှောက်သွားယင်း …

''သူမရှိဘူး၊ ဟုတ်လား' ဟု မေးလိုက်ပါသည်။

'မရှိဘူးရှင့်၊ သူရော ဂျိုးဆက်ရော အပြင်ထွက်သွားကြတယ်၊ တော်တော်နဲ့ ရောက်ကြဦးမှာ မဟုတ်ဘူး၊ အထဲဝင်ပြီး ခဏတဖြုတ် နားပါဦးလား'

ကျွန်မလည်း အိမ်ထဲသို့ ဝင်ခဲ့ရပါလေတော့သည်။ ကတ်သရင်းကလေးသည် မီးဖိုဘေး ထိုင်ခုံတင် ကုလားထိုင်ကို ပုခက်စီးသကဲ့သို့ လှုပ်လျက် ထိုင်နေပါသည်။ ကျွန်မသည် သူ့အမေ ငယ်စဉ်က ရုပ်သွင် အနေအထားကို မြင်ယောင်လာပါလေ၏။ သူသည် ဦးထုပ်ကို နံရံမှာ ချိတ်ထားပြီး သူ့အိမ်ထဲမှာ နေနေသကဲ့သို့ အေးအေးဆေးဆေးပင် ဟယ်ယာတန်နှင့် ရယ်လား မောလား စကားဆိုနေပါသည်။

ထိုအချိန်တွင် ဟယ်ယာတန်သည် အသက်ဆယ့်ရှစ်နှစ်ခန့် ရှိပြီဖြစ်၍ ထွားထွားကျိုင်းကျိုင်း ရှိလှပါသည်။ သူသည် ကတ်သရင်းကလေးကို စူးစမ်းသည့် အကြည့်ဖြင့် တအံတဩ စိုက်ကြည့်နေပါလေသည်။

ကျွန်မသည် ကတ်သရင်းကို ပြန်တွေ့ရ၍ ဝမ်းသာသည့် အဖြစ်ကို ဖုံးထားလိုက်ပြီး ….

'ဟုတ်လိုက်လေ သမီးရယ်၊ မင်းကလေးတော့လား၊ မင်း ဖေဖေ ပြန်မလာမချင်း နောက် ဘယ်တော့မှ မြင်းမစီးရတော့ဘူး မှတ်၊ ခြံထဲမှာတောင် သမီးက စိတ်မချရပဲကလား၊ တယ်ဆိုးပါကလား သမီးရယ်' ဟု ပြောလိုက်ပါ၏။

ထိုအခါ ကလေးမသည် အားရဝမ်းသာ ထပြီး ကျွန်မဘေးသို့ အပြေးလာယင်း …

'ဟယ်၊ အယ်လင်ပါကလား၊ အယ်လင့်ကို ညကျမှ ပုံတပုံ ပြောပြရဦးမယ်၊ ကဲ၊ ခု အယ်လင် ကျွန်မကို တွေ့ပြီ၊ နေပါဦး၊ ရှင် ဒိအလျင်က ဒီနေရာကို ရောက်ဖူးသလား ဟင်'

'ကဲပါ၊ ဦးထုပ်ဆောင်ပါ၊ အိမ်ကို ချက်ချင်းသွားမှ၊ ကျုပ်မှာဖြင့် ပူလိုက်ရတာ၊ ကေသီရယ်၊ ညည်းကလေး တယ်ဆိုးပါကလား၊ ကဲပါ၊ မဲ့လား ရွဲ့လား လုပ်မနေပါနဲ့၊ မစ္စတာ လင်တန်က ကျုပ်ကို အသေအချာ မှာထားခဲ့တာ၊ ညည်းအသိသားနဲ့ တိတ်တိတ်ကလေး ထွက်ပြေးရတယ်လို့၊ ညည်းကိုတော့ နောက်ဆို ယုံဖို့ အခက်သား'

သည်တော့လည်း ကတ်သရင်းကလေး ငိုပြန်ပါသည်။ ရှိုက်ယင်းကပင် …

'ကျွန်မ ဘာလုပ်လို့လဲ ဟင်၊ ဖေဖေက ကျွန်မကို မဆူပါဘူး အယ်လင်ရဲ့၊ ကြိမ်းလဲ မကြိမ်းပါဘူး၊ အယ်လင့်ကိုလဲ ကျွန်မကြောင့် ဘယ်တော့မှ အပြစ်မပြောဘူး' ဟု ပြောပြန်ပါလေ၏။

'ကဲပါအေ၊ လာ လာ၊ ဦးထုပ်ကြိုးကို ကျုပ် စည်းပေးပါမယ်၊ အလကား ကောက်မနေနဲ့၊ ညည်း အသက်အရွယ်နဲ့များ စိတ်ကောက်လား၊ စိတ်ဆိုးသလားနဲ့ ရှက်စရာကြီး'

ကျွန်မက ဦးထုပ်ဆောင်းပေးမယ် အလုပ်တွင် သူက ကျွန်မ မမီသာအောင် ခေါင်းကို ယိမ်းလိုက်သဖြင့် စောစောက အိမ်စေမကြီးက ဝင်ပြေးပါလေတော့သည်။

'မဟုတ်သေးဘူး မစ္စက်ဒင်းရဲ့၊ သူ့ကိုလဲ အပြစ် ပြောမနေပါနဲ့၊ သူ့ကို ကျွန်မတို့က ခေါ်ထားတာပါ၊ သူက ဟို ကျောက်တောင်တွေဘက် သွားချင်တယ်ဆိုလို့၊ ဟယ်ယာတန် အဖော် လိုက်ပေးခဲ့ရသေးတယ်၊ လမ်းက သိပ်ဆိုးတယ် မဟုတ်လား'

ကျွန်မတို့ စကားပြောနေချိန် တချိန်လုံးတွင် ဟယ်ယာတန်သည် ဘာမျှ ဝင်မပြောသာပဲ ဘောင်းဘီအိတ်ထဲ လက်နှိုက်ပြီး ရပ်နေပါလေ၏။ သူသည် ကျွန်မ ရောက်လာသည့်အတွက်လည်း သဘောမကျဟန် ဖြစ်နေပသည်။

ကျွန်မမှာ မနေသာတော့ပါ။ အိမ်စေမကြီး၏ စကားကို ဖြတ်၍ …

'ကဲ၊ အချိန်မရှိဘူး၊ နောက် ဆယ်မိနစ်လောက်ဆိုယင်ပဲ မှောင်တော့မယ်၊ မြင်းကလေးကော ကေသီ၊ ဟိုခွေးကလေး တကောင်ကော၊ ကဲ၊ ခပ်မြန်မြန်လုပ်ကွယ်၊ မဟုတ်ယင် ကျုပ် ညည်းကို ထားပစ်ခဲ့မှာနော်' ဟု ပြောလိုက်ရပါတော့သည်။

'မြင်းက ခြံထဲမှာပါ၊ ခွေးတကောင်ကလဲ ချာလီလိုပဲ အကိုက်ခံထားရလို့ အထဲသွင်းထားပါတယ်၊ ကျွန်မ နောက်တော့ အကုန် ပြောပြမှာပါ အယ်လင်ရယ်၊ ခု ရှင် စိတ်ဆိုးနေတုန်း ဆိုတော့ ရှင် ကြားချင်မှာလဲ မဟုတ်ဘူး'

ကျွန်မကသည် ကေသီကို ဦးထုပ်ဆောင်းပေးဖို့ ပြင်ပြန်ပါ၏။ ကေသီက ရှောင်ဖယ်ဖယ် လုပ်ပြီး နေပြန်ပါသည်။ ကျွန်မ သူ့နောက်ကို လိုက်သောအခါ သူသည် အခန်းထဲတွင် ပတ်ချာလှည့်၍ ပြေးပြန်ပါလေ၏။

ကျွန်မတို့နှစ်ယောက် ကြွက်နှင့်ကြောင်လို ဖြစ်နေပါသည်။ ဟယ်ယာတန်နှင့် အိမ်စေမကြီးတို့က ကျွန်မတို့အဖြစ်ကို ကြည့်ပြီး ရယ်လေလျှင် သူကပါ လိုက်ရော ရယ်ပါလေတော့သည်။ ကျွန်မ စိတ်မရှည်နိုင်တော့ပါ။

'ကောင်းပြီ ကေသီ၊ ခု ညည်း ရောက်နေတာ ဘယ်သူ့အိမ်လဲသိယင် ညည်း ဒီအိမ်ထဲက ချက်ချက်ထွက်သွားမှာပဲ'

'ဒါ ရှင့် အဖေအိမ် မဟုတ်ဘူးလား' ကေသီသည် ဟယ်ယာတန်ဘက် လှည့်ပြီး မေးလိုက်ပါသည်။

'မဟုတ်ဘူး' ဟယ်ယာတန်သည် မျက်နှာနီသွားပြီး ခေါင်းကို ငုံ့လိုက်ပါ၏။ စင်စစ် သူ့ အိမ်မှန်သော်လည်း သူ့အိမ်ပါဟု မဖြေသာတော့သော အခြေအနေ၌ ဟယ်ယာတန် ခမျာမှာ ကတ်သရင်းကလေးကို မျက်နှာချင်းမဆိုင်နိုင်ပဲ ရှိပါတော့သည်။

'ဒါဖြင့် ဘယ်သူ့အိမ်လဲ၊ ရှင့်သခင်ရဲ့ အိမ်လား' ကတ်သရင်းက ထပ်မေးပြန်ပါသည်။

ဟယ်ယာတန်၏ မျက်နှာသည် ပို၍ နီလာပါတော့သည်။ မျက်နှာကို လွှဲလိုက်ပါသည်။

ကေသီသည် ကျွန်မဘက်သို့ လှည့်၍ …

'သူ့ သခင်က ဘယ်သူလဲ ဟင်၊ သူက ကျွန်မတို့ အိမ်အကြောင်နဲ့ အိမ်ကလူတွေ အကြောင်း ပြောတယ် အယ်လင်ရဲ့၊ ကျွန်မက သူ့ကို ဒီအိမ်ရှင်ရဲ့ သားလို့ ထင်နေတာ၊ ဒါပေမယ့် သူက အိမ်ရှင်ရဲ့ သား မဟုတ်ယင် အစေခံပေါ့၊ အစေခံ ဆိုယင်လဲ ကျွန်မကို လေးလေးစားစား ပြောဆိုဆက်ဆံဖို့ ကောင်းတာပေါ့' ဟု ပြောပြန်ပါလေသည်။

ကတ်သရင်း၏ ကလေးဆန်ဆန် ပြောလိုက်သော စကားကြောင့် ဟယ်ယာတန်၏ မျက်နှာသည် တိမ်မည်းကြီးလို မည်းပုပ်သွားပါလေတော့သည်။ ကျွန်မသည် ကေသီအား ခေါင်းခါပြပြီး ဤနေရာမှ အမြန်ဆုံး ထွက်သွားရန် အမူအရာ ပြရပါလေသည်။

'ကဲ ကျွန်မမြင်း ထုတ်ခဲ့ပါ' ကတ်သရင်းသည် သူ့အိမ်က မြင်းဇောင်း အစေခံကလေးများကို အမိန့်ပေး စေခိုင်းသလို သူကိုယ်တိုင် မသိသော သူ၏ ဆွေမျိုးတယောက်ကို စေခိုင်းလိုက်ပါ၏။

'ကဲ၊ ဘာငိုင်နေတာလဲ၊ မြန်မြန်လုပ်လေ'

'ငါဟာ နင့်အစေခံ မဟုတ်ဘူး၊ နင်သာ အလကားဟာမလေး'

ဟယ်ယာတန်သည် ဒေါသထွက်နေလေပြီ။

'ရှင် ဘာပြောတယ်'

'ကဲပါ ကေသီရယ်၊ ရန်ဖြစ်မနေကြပါနဲ့တော့၊ မင်နီကို တို့ဘာသာ ရှာပြီး သွားကြပါစို့' ကျွန်မ ကြားဝင်ရပါလေတော့သည်။

ကေသီသည် မျက်ရည်ကျလာပြီး ဟယ်ယာတန်အား တအံ့တဩကြည့်လျက် …

'နေပါဦး အယ်လင်ရယ်၊ သူက ဘာမို့လို့ ကျွန်မကို ခုလို ပြောရဲရတာလဲ၊ သူ ကျွန်မကို ဘယ်လို ပြောတယ်ဆိုတာ ဖေဖေ့အကို ထိုင်ပြောရဦးမယ်' ဟု ဆိုနေပြန်ပါ၏။

ကေသီ စကားကို ဟယ်ယာတန် အရေးထားပုံ မပေါ်ပါ။

ကေသီသည် အိမ်စေမကြီးဘက် လှည့်ပြီး ….

'ကျွန်မ မြင်းကို ယူခဲ့ပါ၊ ခွေးကလေးကိုလဲ လွှတ်ပေးလိုက်ပါ' ဟု ပြောလိုက်ပါသည်။

'ဖြည်းဖြည်းပြောပါ မိန်းကလေးရယ်၊ ယဉ်ယဉ်ကျေးကျေး ပြောလို့ အရှုံးမရှိပါဘူးကွယ်၊ မစ္စတာ ဟယ်ယာတန်ဟာ သခင်ရဲ့ သား မဟုတ်ပေမယ့် မိန်းကလေးရဲ့ ဝမ်းကွဲ အစ်ကိုပါကွဲ့'

အိမ်စေမိန်းမကြီးက ရှင်းပြပါလေသည်။

'ဘာရယ်၊ ကျွန်မအစ်ကို ဝမ်းကွဲ၊ ဟုတ်လား'

ကတ်သရင်းသည် သရော်ပြုံး ပြုံးပြီး မေးလိုက်သည်။

'အစစ်ပေါ့ကွယ်'

ကတ်သရင်းသည် စိတ်ရှုပ်သွားပုံ ရပါလေသည်။

'အယ်လင်ရယ်၊ လုပ်စမ်းပါဦး၊ သူတို့ မဟုတ်တာတွေ ပြောနေတယ်၊ ကျွန်မ ဝမ်းကွဲမောင်လေးကို ခေါ်ဖို့ ဖေဖေ လန်ဒန်ကို သွားနေတာပဲဟာ၊ ကျွန်မနဲ့ အမျိုးဆိုယင် လူကြီးလူကောင်း သားသမီး ဖြစ်ရမှာပေါ့၊ ခုတော့ …'

ကတ်သရင်းသည် ပြောယင်း ငိုချလိုက်ပြန်ပါလေ၏။ ဟယ်ယာတန်နှင့် အမျိုးတော်သည်ကို အမှန်မသိရပဲ အပြောခံရသည့်အတွက် မခံမရပ်နိုင် ဖြစ်သွားပုံ ရပါသည်။

ထို့ကြောင့် ကျွန်မကပင် …

'ကဲ၊ ကဲ၊ တော်ပါတော့ကွယ်၊ လူဆိုတာတွေမှာ ဝမ်းကွဲ ဆွေမျိုးတွေ အမျိုးမျိုး အစားစား ရှိနိုင်တာပဲ' ဟု ခပ်တိုးတိုး ပြောလိုက်ပါသည်။

ကျွန်မသည် အိမ်စေမကြီး ဖွင့်ပြောလိုက်သဖြင့် အစေခံမကြီးကြောင့်ရော ကတ်သရင်းကြောင့်ပါ စိတ်အနှောင့်အယှက် ဖြစ်ရပါတော့သည်။ လင်တန်သာ ပြန်ရောက်လာလျှင် ဤကိစ္စ ပြဿနာ ဖြစ်ရတော့မည်ဟုလည်း တွေးမိပါ၏။

ထိုစဉ်မှာပင် ဟယ်ယာတန်သည် သူ့စိတ်ကို သူ ဖြေပြီး ကတ်သရင်းနှင့် ရန်ပြေမာန်ပြေ သဘောဖြင့် အပြင်သို့ထွက်၍ မြင်းကလေးကို ဆွဲလာပါတော့သည်။ ကတ်သရင်းကမူ ဟယ်ယာတန်ကို စူးသမ်းသလို ကြည့်နေပြန်ပါ၏။

ကျွန်မသည် ဟယ်ယာတန်ကို ကြည့်ပြီး ပြုံးချင်သလို ဖြစ်လာသဖြင့် မနည်း ချုပ်တည်း ထားလိုက်ရပါ၏။ ဟယ်ယာတန်မှာ လူပုံပန်းက တောင့်တောင့်တင်းတင်း ကြည့်ပျော်ရှု့ပျော် ဖြစ်သော်လည်း ယာထဲ လုပ်ငန်းနှင့် လိုက်ဖက်သော အဝတ်များကို ဝတ်ထားသည်။ သူ့ ကိုယ်နေဟန်ထားမှာ သူ့ အဖေထက်ပင် ကြည့်ကောင်းသည်။ ကျွန်မ အောက်မေ့မိပါသည်။ သို့သော်လည်း သူ့ခမျာမှာ ဟိကလစ်၏ အဖိနှိပ်ကို ခံရပြီး စာအရေး အဖတ်ကလေးမျှပင် မသင်ရသောကြောင့် အပြောအဆို ကြမ်းတမ်းနေရဟန် တူလေသည်။

ကျွန်မနှင့် ကတ်သရင်းတို့လည်း ခွေးကလေးနှစ်ကောင်ကို ခေါ်ပြီး အိမ်ဘက်သို့ ပြန်ခဲ့ကြပါ၏။ အပြန်တွင် ကျွန်မက ကတ်သရင်းအား လေထန်ကုန်းအိမ်ကြီးသို့ ရောက်ရပုံကို မေးမြန်းကြည့်ရာ သူသည် ပင်နီစတန် ကျောက်တောင်များဆီသို့ လာခဲ့ရာမှ လေထန်ကုန်းအိမ်ကြီး၏ ယာတဲသို့ ရောက်လာခဲ့ရာ ဟယ်ယာတန်နှင့် ခွေးများ ထွက်လာပြီး ဟယ်ယာတန့် ခွေးများက သူ့ခွေးများကို ကိုက်ကြရာမှအစ သူနှင့် ဟယ်ယာတန် သိကျွမ်းခဲ့ရကြောင်း၊ ထို့နောက် ကတ်သရင်းကပင် သူ မည်သူ မည်ဝါ ဖြစ်ကြောင်းနှင့် သူ့အား ပင်နီစတန်သို့ သွားရာလမ်းကို ပြပါရန် ပြောသော ဟူ၏။ ဤသို့ဖြင့် ဟယ်ယာတန်က သူ့အား ကျောက်တောင်ကြီးများဆီသို့ လိုက်ပို့ခဲ့ကြောင်း ပြောပါ၏။

ကျွန်မ ရောက်သွားပြီး သူတို့ အဆင်မပြေဖြစ်ကြရပုံကိုကား ကျွန်မ ဖော်ပြခဲ့ပါပြီ။

သူတို့နှစ်ယောက်မှာ တယောက်ကလည်း သူ့ကို အစေခံ အခေါ်ခံရသဖြင့် နာကျည်းရသလိုပင် ကတ်သရင်း အဖို့မှာလည်း အိမ်ကြီးတွင် 'အချစ်ကလေး' ၊ 'အသက်ကလေး' ဟု ခေါ်ဝေါ် အသုံးအနှုန်းခံနေရာမှ သူစိမ်းတယောက်က စော်ကားမော်ကား ပြောသလို ခံလိုက်ရခြင်းအတွက် စိတ်ထိခိုက်ရရှာပါလေသည်။

ကျွန်မအဖို့ကား ကေသီအား လေထန်ကုန်းအိမ်ကြီးသို့ ရောက်ခဲ့သော အဖြစ်ကို သူ့ဖေဖေအား ပြောမပြရန် နှုတ်ပိတ်ထားဖို့ ကတိတောင်းရပါလေတော့သည်။ ကေသီ လေထန်ကုန်းအိမ်ကြီး ရောက်သွားကြောင်း မစ္စတာလင်တန် သိသွားပါက ကျွန်မ အလုပ်ထုတ်ခံရမည်ဖြစ်ကြောင်းလည်း သူ့အား ပြောပြလိုက်ပါ၏။

ကေသီအား ချစ်စရာ မိန်းကလေးပါပေ။

ကျွန်မ ကတိတောင်းသည့်အတိုင်း သူသည် လေထန်ကုန်း အိမ်ကြီးသို့ ရောက်ခဲ့သော အဖြစ်ကို သူ့အဖေအား ဘယ်သောအခါမျှ ပြောမပြခဲ့ပါပေ။

Comments