အခန်း [ ၆
]
မစ္စတာ ဟင်ဒလီသည် ဖခင်ကြီး ဈာပနအတွက် အိမ်သို့ ပြန်ရောက်လာခဲ့ပါသည်။ သူရောက်လာရခြင်းမှာ ကျွန်မတို့အဖို့ အံ့ဩစရာ ဖြစ်ရသလို အိမ်နီးနားချင်းများအတွက်လည်း အတင်းအဖျင်း ပြောစရာလို ဖြစ်လာပါသည်။ အကြောင်းကား သူနှင့် အတူ သူ့မိန်းမ ပါလာသောကြောင့် ဖြစ်ပါသည်။ သူ့မိန်းမသည် မည်သည့် မျိုးရိုး ဖြစ်သည်။ ဘယ်ဇာတိ ဖြစ်သည်ကို ကျွန်မတို့ မသိခဲ့ကြပါ။ ထိုမိန်းမသည် ငွေကြေး အရရော ဂုဏ်ရှိန်အရရော ထင်ရှားပုံ မရပါ။ မစ္စတာ ဟင်ဒလီကိုယ်တိုင်ကလည်း ထိုမိန်းမနှင့် ပတ်သက်၍ သူ့အဖေကို အသိပေးခဲ့ပုံ မရပါပေ။ ထိုမိန်းကလေး အိမ်ထဲဝင်လာသောအခါ မြင်မြင်သမျှသည် သူ့အဖို့ နှစ်သက်ဖွယ်ချည်း ဖြစ်ပုံရပါသည်။ ပတ်ဝန်းကျင်ကိုလည်း သူ သဘောကျပုံ ရပါသည်။ သို့သော် ဈာပနအခမ်းအနားနှင့် ဈာပနအခမ်းအနားသို့ ရောက်လာ ပူဆွေးနေကြသူများအတွက် သူ စိတ်အနှောင့်အယှက်ဖြစ်ပုံရလေသည်။ သူ့ကြည့်ရသည်မှာ စိတ်မတည်မငြိမ် ဖြစ်နေပုံ ရပါသည်။ ကျွန်မသည် ကလေးတွေကို အဝတ်လဲပေးမည့် ဆဲဆဲမှာပင် သူက ခေါ်သဖြင့် သူနှင့်အတူ သူ့အခန်းသို့ လိုက်ခဲ့ရပါသည်။ အခန်းထဲ ရောက်လျှင် ထိုင်ချလိုက်သော သူ့ခန္ဓာကိုယ်ကလေးမှာ တဆတ်ဆတ် တုန်နေပါသည်။ လက်နှစ်ဘက်ကိုလည်း ပိုက်ထားပါသည်။ နှုတ်မှလည်း “သူတို့ မသွားကြသေးဘူးလား ́ဟူသော မေးခွန်းကို အထပ်ထပ် မေးနေပါလေတော့သည်။ ဈာပနမြင်ကွင်းကြောင့် သူ တုန်လှုပ်ချောက်ချားနေပုံရပါသည်။ ကတုန်ကယင် ဖြစ်လာပြီး ငိုချလိုက်ပါလေတော့သည်။
ထိုအခါ ကျွန်မက အကြောင်းရင်းကို မေးသော်လည်း သူသည် သူ့အဖြစ်ကို သူ မသိဟုသာ ဖြေပါသည်။ သူသည် သေခြင်းတရားကို ထိတ်လန့်နေပုံ ရပါသည်။ သူသည် ပိန်ပိန်ပါးပါး ပျိုပျိုရွယ်ရွယ် ဖြစ်ပြီး အသားဖြူ ပါသည်။ မျက်လုံးများကား စိန်ပွင့်ကလေးများ ပမာ တောက်ပနေပါသည်။ ကျွန်မသည် သူ လှေကားအတက်တွင် မောဟိုက်နေသည်ကို သတိပြုမိပါ၏။ ချောင်းကလည်း မနားတမ်း ဆိုးနေပါသည်။ သို့သော် ဤသို့သော လက္ခဏာများသည် မည်သည့် ဝေဒနာမျိုး ဖြစ်နိုင်သည်ကို ထိုစဉ်က ကျွန်မ မသိခဲ့ပါ။ သည့်အတွက်လည်း သူ့အပေါ် ကရုဏာ သက်ရကောင်းမှန်း မသိခဲ့ပါ။
မစ္စတာ ဟင်ဒလီအန်းရောမှာ သုံးနှစ်အတွင်း အပြောင်းလဲကြီး ပြောင်းလဲလာပါသည်။ ပိုပြီး လည်သွားပုံ ရပါသည်။ ဝတ်စားဆင်ယင်ပုံ၊ ပြောဆို ဆက်ဆံပုံမှအစ အစစအရာရာ ပြောင်းလဲသွားပုံရပါသည်။ နဂိုဟန်ပန်မူရာ ဝတ်စားဆင်ယင်ပုံကို မတွေ့ရတော့ပါ။ သူရောက်လာသောနေ့မှာပင် ကျွန်မနှင့်ဂျိုးဆက်ကို ခေါ်ပြီး အိမ်မကြီးမှာမနေပဲ နောက်ဖေး မီးဖိုချောင်သို့ ပြောင်းရွှေ့ နေထိုင်ရန် ပြောပါသည်။
ဟင်ဒလီ၏ ဇနီးသည် ကက်သရင်းကို ညီမလေး တယောက် အဖြစ် သိကျွမ်းရသဖြင့် အားရ ပျော်ရွှင်နေပါသည်။ အစပိုင်းတွင် သူသည် ကက်သရင်းနှင့် စကားပြောလိုက်၊ နမ်းလိုက် ရှုပ်လိုက်၊ အတူတကွ ပြေးလွှားကစားလိုက်၊ လက်ဆောင်ပစ္စည်းကလေးတွေ ပေးလိုက်နှင့် တရင်းတနှီး ပေါင်းသင်းပါသည်။ ကြာလာတော့လည်း သူသည် ကက်သရင်းနှင့်အတူ ဆက်ဆံရသည်ကို ငြီးငွေ့လာပုံရပါသည်။ ထိုအခါ ဟင်ဒလီ၏ သဘောထားသည်လည်း ကြမ်းတမ်းလာပါတော့သည်။ ဟင်ဒလီသည် သူ့ဇနီးဆီမှ ဟိကလစ်အပေါ် သဘောမတွေ့နိုင်ကြောင်း စကားထွက်လာတိုင်း ဟင်ဒလီ၏ ဟိကလစ်အပေါ် ငယ်စဉ်က မုန်းတီးမှုသည် ပြန်လည် နိုးထလာပါတော့သည်။ သို့ဖြင့် သခင် ဟင်ဒလီသည် ဟိကလစ်အား သူတို့နှင့်အတူ မနေစေပဲ အစေခံများနှင့်သာ နေစေပါတော့သည်။ စာသင်ကြားခွင့်လည်း မပေးတော့ပါ။ ယာထဲခြံမှာသာ အလုပ်လုပ်စေ ပါတော့သည်။
ဟိကလပ်မှာ ဤသို့ အဆင့် နှိမ့်ချခံရသော်လည်း ငြိမ်နေလိုက်ပါသည်။ အဘယ်ကြောင့်ဆိုသော် ကေသီသည် သူ သင်ယူသမျှကို ဟိကလစ်အား တဆင့် သင်ပြပို့ချပေးနေသည့်ပြင် သူကိုယ်တိုင်လည်း ဟိကလစ်နှင့်အတူ ယာထဲဆင်း အလုပ်လုပ်နေရသောကြောင့် ဖြစ်သည်။ သူတို့ နှစ်ဦးစလုံးပင် အပစ်ပယ်ခံ အနှိမ်ခံ ဘဝဖြင့် ကြီးပြင်းလာခဲ့ကြရလေတော့သည်။ သခင်ကလေး ကိုယ်တိုင်ကလည်း သူတို့ ဘာလုပ်လုပ် ဘယ်လိုနေနေ လျစ်လျူ ရှုထားလိုက်ပါသည်။ ထိုကြောင့် သူတို့ နှစ်ဦးကလည်း သခင်ကလေး ဟင်ဒလီနှင့် ကင်းကင်း နေလာကြပါတော့သည်။
သခင်ကလေးသည် ဟိကလစ်တို့နှစ်ယောက် ဘုရားကျောင်း မှန်မှန် သွားမသွားကိုပင် ဂရုမစိုက်တော့ပါ။ ထိုအခါ ဂျိုးဆက်နှင့် စာပြဘုန်းကြီးက ကေသီတို့ ဘုရားရှိခိုးကျောင်း မလာသည့်ကိစ္စနှင့်ပတ်သက်၍ သခင်ကလေးဟင်ဒလီအား အပြင်းအထန် ပြစ်ဘင် ပြောဆိုကြပါလေတော့သည်။ ထိုအခါ သခင်ကလေးသည် ဟိကလစ်ကို ရိုက်နှက်ဆုံးမ၍ ကက်သရင်းအား ညစာ မြန်မြန်စားပြီး ဘုရားဝတ်ပြုရန် ဆုံးမပါလေ၏။ ထိုအခါမှစ၍ ကက်သရင်းတို့ နှစ်ယောက်သည် တနေကုန် တနေခန်း ကွင်းထဲမှာသာ အချိန်ဖြုန်းနေပါလေတော့သည်။ ပြစ်ဒဏ်ပေးခံရခြင်းကိုလည်း ပြက်ရယ်ပြု နေလိုက်ကြပါလေသည်။ စာပြဘုန်းကြီးသည် ကက်သရင်းကို စာတွေအများကြီး အကျက်ခိုင်းပါလေတော့၏။ ဂျိုးဆက်ကလည်း ဟိုကလစ်ကို သူ့လက်တွေ နာလာသည် အထိ ထိုးနှက် ရိုက်ပုတ်ပါလေတော့သည်။ သူတို့နှစ်ဦးကား မည်သို့သော ပြစ်ဒဏ်မျိုးကို ခံရပါစေ၊ နှစ်ဦးတွေ့ကြရသည်နှင့် ခံရသော ပြစ်ဒဏ်အားလုံးကို မေ့ပစ်လိုက်ကြပါလေတော့သည်။ ကလေးနှစ်ယောက် တနေ့ထက် တနေ့ အခြေအနေ ဆိုးလာသည့် အတွက် ကျွန်မ စိတ်မကောင်းမိပါ။ သို့သော် ကျွန်မမှာ ဘာမျှ ဝင်မပြောသာပါ။
တနေ့သော တနင်္ဂနွေနေ့ ညနေချမ်းတွင် သူတို့နှစ်ယောက်ကို အခန်းထဲမှာ ဆူသည်ဆိုကာ သခင်ကလေးက ဧည့်ခန်းထဲမှ မောင်းထုတ်လိုက်ပါသည်။ ညစာ စားချိန်ရောက်၍ ကျွန်မ သူတို့ကို လိုက်ခေါ်သောအခါ ဘယ်မှာမှ မတွေ့ရပါ။ ကျွန်မတို့လည်း အိမ်ပေါ် အိမ်အောက် ရှာကြပါ၏။ သူတို့ကို မတွေ့ပါ။ နောက်ဆုံးတွင် ဟင်ဒလီသည် စိတ်ဆိုးလာပြီး တံခါးအားလုံးကို ပိတ်ခိုင်းပါလေတော့သည်။ ထိုညအဖို့ မည်သူမျှလည်း ဝင်မလာစေရဟု အမိန့်ပေးပါလေ၏။
တအိမ်လုံး အိပ်ကုန်ကြသော်လည်း ကျွန်မမှာ စိုးရိမ် ပူပန်စိတ် ပြင်းစွာဖြင့် အိပ်မပျော်နိုင်ပါ။ ကျွန်မ အခန်း ပြတင်းပေါက်ကို ဖွင့်ပြီး မိုးရွာနေသည့် ကြားမှ အပြင်ဘက်ကို နားစွင့် ထားလိုက်မိပါသည်။ သူတို့ပြန်လာလျှင် သခင်ကလေး တားမြစ်ထားသည့်ကြားမှပင် သူတို့ကို ဝင်ခွင့်ပေးမည်ဟုလည်း ဆုံးဖြတ်ထားပါသည်။ ခဏအကြာတွင် လမ်းမဘက်က ခြေသံကို ကြားရသဖြင့် ကျွန်မလည်း မီးအိမ်ကို ထွန်းပြီး ဝင်းတံခါးဝဆီသို့ လှမ်းပြပေးလိုက်ပါသည်။ အိမ်ဝရောက်ပြီး တံခါး ခေါက်လိုက်ပါက သခင်ကလေး နိုးမည်စိုးသဖြင့် တံခါး မခေါက်ရလေအောင် ကျွန်မလည်း ခြုံစောင်ကိုခြုံပြီး အသံကြားရာဆီသို့ လာခဲ့ပါ၏။ ဟိကလစ်တယောက်တည်း ဖြစ်ပါသည်။ ဟိကလစ်ကို တယောက်တည်း တွေ့လိုက်ရသဖြင့် ကျွန်မလည်း ချောက်ချောက်ချားချား ဖြစ်သွားရပါလေတော့သည်။
“မစ္စကက်သရင်းကော ဟင်၊ အန္တရာယ်တော့ မဖြစ်ဘူးထင်ပါရဲ့' ဟု ကျွန်မက ရေးကြီးသုတ်ပျာ မေးလိုက်မိပါသည်။
“သရုတ်ကရော့ အိမ်ကြီးမှာပါ၊ ကျွန်တော်လဲ အဲဒီ အိမ်ကြီးကို ရောက်ခဲ့ပါတယ်၊ ဒါပေမယ့် သူတို့က ကျွန်တော့်ကို နေစေချင်ပုံ မပေါ်လို့ ပြန်လာတာပါ”
“အင်း..မင်းတော့ အပြစ်ပေးခံရဦးမှာပဲ၊ မင်းကလဲ အမှတ်မရှိပဲကလား၊ မင်းတို့ကကော အဲဒီအိမ်ကြီးကို ဘယ်လိုလုပ် ရောက်သွားရတာလဲ'
“ကျွန်တော့် အဝတ်စိုတွေ လဲပါရစေဦးဗျာ၊ ပြီးတော့ ကျွန်တော် အကုန်ပြောပြပါမယ် နယ်လီရယ်”
ကျွန်မလည်း သခင်ကလေး နိုးသွားမည် စိုးသဖြင့် အသံဗလံမပြုရန်ပြောပြီး သူအဝတ်လဲနေစဉ် ဖယောင်းတိုင်မီးငြိမ်းရန် စောင့်နေလိုက်ပါသည်။ သူက သူတို့အဖြစ်အပျက်ကို ဆက်ပြောနေပါလေ၏။
“ကေသီနဲ့ ကျွန်တော်တို့လဲ အဝတ်လျှော်ဆောင်က ထွက်ပြီး အပြင်ဘက် ထွက်လည်ကြယင်း အဲဒီအိမ်ကြီးက မီးရောင်ကို မြင်တာနဲ့ အိမ်ကြီးက ကလေးတွေဟာလဲ ခုလို ညနေချမ်းမျိုးမှာ အဖေနဲ့ အမေ စားသောက်နေတုန်း ချောင်ထဲမှာ ခိုက်ခိုက်တုန်နေကြမလား၊ မီးရောင် ရှေ့မှာ မျက်လုံးတွေ တလက်လက်နဲ့ ဆိုပြော ရယ်မော နေကြမလား ဆိုတာ သိချင်လာတယ်လေ၊ ဒါမှမဟုတ် သူတို့အိမ်စေကြီးက စာတွေ အကျက်ခိုင်းလိုက် မေးလိုက် လုပ်နေမလား”
“သူတို့ ကလေးတွေက လူကောင်းကလေးတွေပဲဟာ၊ မင်းတို့လို အကျင့်ဆိုးကြောင့် ခံရတဲ့ ပြစ်ဒဏ်မျိုး ဘယ်ခံရပါ့မလဲ”
“အပိုတွေ ပြောမနေစမ်းပါနဲ့ နယ်လီရယ်၊ အဓိပ္ပာယ် မရှိတာတွေပဲ၊ ကျွန်တော်တို့က အဲဒီခြံကြီးထဲက ကုန်းမြင့်ကလေး ထိပ်ပေါ် ပြေးတက်လာတာပေါ့၊ ကက်သရင်းက အလျင် ရောက်သွားတယ်လေ၊ သူက ဖိနပ်မှ မပါပဲ၊ မနက်ဖြန်ကျယင် သူ့ဖိနပ်ကို ဗွက်ထဲမှာ တွေ့ရပါလိမ့်မယ်၊ ကျွန်တော်တို့လဲ အမြင့်ပိုင်း ရောက်တယ်ဆိုယင်ပဲ ခြံစည်းရိုး ပေါက်နေတဲ့ နေရာကနေ တွားပြီးဝင်ခဲ့တာ ဧည့်ခန်း ပြတင်းတံခါးနား ရောက်လာကြတယ်၊ တရုတ်ကတ်တွေကို ပိတ်မထားတဲ့အပြင် ခန်းဆီးတွေကလဲ တခြမ်းပဲ ပိတ်ထားတော့ အခန်းထဲက အလင်းရောင်က အပြင် ပြန့်နေတယ်၊ ကျွန်တော်တို့လဲ မြေအောက်ခန်း အပေါ်ကနေ ပြတင်းဘောင်ကို ဆွဲပြီး အထဲကို လှမ်းကြည့်ကြတာပေါ့။
“အခန်းထဲမှာ လှလိုက်တာဗျာ၊ ကြက်သွေးရောင် ကော်ဇောတွေ အပြည့်ခင်းထားပြီး စားပွဲခင်းနဲ့ ကုလားထိုင်ဖုံးတွေကလဲ ကြက်သွေးရောင်ချည်းပဲဗျ၊ အဘိုးကြီး မစ္စတာလင်တန်နဲ့ သူ့မိန်းမ မရှိဘူး၊ အက်ဂါနဲ့ သူ့ညီမကလေးပဲ ရှိတယ်၊ သူတို့ ပျော်နေကြမယ် ထင်သလား၊ ခင်ဗျားပြောတဲ့ လူကောင်းကလေးတွေ ဘာလုပ်နေကြသလဲ မှုန်းကြည့်စမ်းပါဗျာ၊ အစ္စဗယ်လာဆိုတဲ့ ကောင်မလေးက ဆယ့်တနှစ်လောက်ပဲ ရှိဦးမယ်၊ ကေသီထက် တနှစ်ငယ်မှာပေါ့၊ ကောင်မလေးက အခန်းထောင့်စွန်းမှာ အသံတွေ တုန်နေအောင် အော်ငိုနေတယ်လေ၊ အက်ဂါကတော့ မီးဖိုနားရပ်ပြီး တိတ်တိတ်ကလေး ငိုနေတယ်ဗျ၊ သူတို့ ရန်ဖြစ်နေကြတယ်လေ၊ ဒါလားဗျ ပျော်စရာ၊ သူတို့ အဲဒီလို ရန်ဖြစ်ပြီး ငိုနေတာတွေ့တော့ ကျွန်တော်တို့လဲ အပြင်ဘက်ကနေ အားရပါးရ ရယ်ပစ်လိုက်တာပေါ့၊ ကျွန်တော်ဖြင့် ဒီမှာ ကက်သရင်းနဲ့အတူ ဟေးလားဝါးလား လုပ်လိုက်၊ ပျော်လိုက်နဲ့ ဂျိုးဆက် အရိုက်အနှက်သာမခံရယင် တကယ်ပါ၊ ကျွန်တော့် ခုအခြေအနေကို အက်ဂါလင်တန်ရဲ့ ဘဝနဲ့ မလဲပါဘူး'
“တိုးတိုးပြောစမ်းပါကွယ်၊ မင်း အခုထက်ထိ ကက်သရင်း ဘယ်လို ကျန်ခဲ့တယ်ဆိုတာ မပြောသေးဘူး”
“အဲလို ကျွန်တော်တို့ ရယ်ချလိုက်တော့ သူတို့မောင်နှမ တံခါးပေါက်ဆီ ပြေးသွားပြီး ခဏတော့ ငြိမ်သွားသေးတယ်၊ ပြီးတော့မှ “မေမေရေ၊ ဖေဖေရေ လာစမ်းပါဦး” ဆိုပြီး အော်ကြတော့တာကိုး၊ ကျွန်တော်တို့ကလဲ သူတို့ လန့်သွားအောင် ထပ်အော်ပြီး ခြောက်တာပေါ့၊ ပြီးတာနဲ့ ပြတင်းပေါက်ဘောင်ကို ဆွဲထားရာကနေ လက်လွှတ်ခုန်ချပြီး ကျွန်တော်က ကေသီ လက်ကို ဆွဲလျက်သား ပြေးတော့တာပဲ၊ သူ့ကိုလဲ မြန်မြန်ပြေးဖို့ ပြောရသေးတယ်၊ အဲဒီထဲ သူက လဲကျသွားပါရောဗျ၊ ဒီတော့ သူက “ပြေး ဟိကလစ်၊ ပြေးတော့၊ သူတို့က ခွေးလွှတ်လိုက်လို့ ကိုယ့်ကို ခွေးကိုက်ထားပြီ” လို့ တိုးတိုး ပြောတယ်၊ ခွေးက သူ့ခြေချင်းဝတ်ကို ကိုက်ထားပြီ နယ်လီရဲ့၊ ကျွန်တော်လဲ ခဲတလုံးကောက်ပြီး ခွေးပါးစပ်ထဲ ထိုးထည့်လိုက်တာပေါ့၊ အဲဒီတုန်းမှာပဲ အစေခံတယောက် မီးအိမ်ကိုင်ပြီး ရောက်လာတယ်၊ ဒီတော့မှပဲ ခွေးကြီးကလဲ သူခဲထားတဲ့ ကေသီ့ကို လွှတ်လိုက်တယ်၊ အစေခံက ကေသီကို ပွေ့ချီလိုက်ပါတယ်၊ ကေသီဟာ ကြောက်တာ မဟုတ်ပေမယ့် နာနေပုံရတယ်၊ အစေခံက ကေသို့ကို ပွေ့ခေါ်သွားတော့ ကျွန်တော်လဲ သူ့နောက်ကနေ ခွေးကြီးကို ဆဲဆိုယင်း လိုက်သွားတယ်။
“အဝင်ကနေပြီး အဘိုးကြီး မစ္စတာ လင်တန်က “ဘာကောင်လဲ ရောဘတ်” လို့ လှမ်းမေးလိုက်တယ်၊ ဒီတော့ အစေခံ ရောဘတ်က “စကူလကာက ကောင်မလေး တယောက်ကို ကိုက်တာပါခင်ဗျာ” လို့ပြောပြီး “ကောင်လေး တယောက်လဲ ပါတယ်ဗျ” လို့ ပြောယင်း ကျွန်တော့်ကို ဖမ်းတော့မလိုနဲ့ လုပ်ယင်း “လူပုံကတော့ အကွက်စေ့စေ့ လုပ်မယ့် ပုံမျိုးပဲ၊ လူဆိုးတွေက သူတို့ကို ပြတင်းပေါက်ကဝင်ပြီး တံခါးဖွင့်ပေးဖို့ လွှတ်လိုက်တာနဲ့ တူတယ်၊ ပြီးတော့မှ လူဆိုးဂိုဏ်းက အခန်းထဲ ဝင်လာပြီး အခန်းထဲကလူတွေ အိပ်နေတုန်း ကျွန်တော်တို့ကို သတ်မှာခင်ဗျ။ ဟေ့ကောင်လေး၊ မင်း ပါးစပ်ပိတ်ထားစမ်း၊ မင်းတော့ ကြိုးစင်ထက်ရအောင် ပြင်ထား၊ မစ္စတာလင်တန် ခင်ဗျား၊ လက်ထဲက သေနတ်ကို မချလိုက်ပါနဲ့ဦး ခင်ဗျာ” လို့ ပြောပါလေရော။
“ဒီတော့ အဘိုးကြီး လင်တန်က “မဟုတ်သေးဘူးကွ ရောဘတ်ရ ဒီလူဆိုးတွေက ငါ မနေ့က သီးစားခရတာ သိလို့ အပိုင်လုပ်မလို့ ဖြစ်လိမ့်မယ်။ မေရီရေ ဒီမှာ ကြည့်စမ်းပါဦးကွ၊ မကြောက်ပါနဲ့၊ လူဆိုးပုံပေါက်ပေမယ့် ကလေးလေးတွေပါကွ” လို့ပြောယင်း ကျွန်တော်တို့ကို မီးပန်းဆိုင်းအောက် ဆွဲပြပါတယ်၊ မစ္စက်လင်တန်က မျက်မှန်ကို နှာခေါင်းပေါ်တင်ပြီး ကြောက်ကြောက်လန့်လန့်နဲ့ လက်ကလေး ကွယ်ကြည့်တယ်ဗျ၊ ကောင်ကြောက်ကလေး မောင်နှမက အနားတိုးလာတယ် အစ္စဗယ်လာက လေသံကလေးနဲ့ “ကြောက်စရာ့ပါကလား၊ သူ့ကို အချုပ်ခန်းထဲ ထည့်ထားပါ ဖေဖေ၊ သူဟာ ကျွန်မ ငှက်ကလေး ခိုးသွားတဲ့ ကောင်ကလေးပါ၊ မဟုတ်ဘူးလား အက်ဂါ” လို့ ပြောယင်း သူ့အစ်ကိုကို လှည့်မေးလိုက်သေးတယ်။
“အဲဒီလို လင်တန်မိသားစုက ကျွန်တော့်ကို ဝိုင်းစပ်စုနေတုန်း ကေသီက အနားကို ရောက်လာပြီး အစ္စဗယ်လာရဲ့ စကားကို ကြားတာနဲ့ ရယ်ချလိုက်တယ်၊ အဲဒီတော့ အက်ဂါလင်တန်က ကေသီ့ကို စူးစမ်းတဲ့ အကြည့်နဲ့ ကြည့်တယ်။ ပြီးတော့ မှတ်မိသွားပုံ ပေါ်တယ်။ သူတို့ ကျွန်တော်တို့ကို ဘုရားရှိခိုးကျောင်းမှာ တွေ့ဖူးနေတာပဲဟာ၊ အဲဒါကြောင့် အက်ဂါက “ဒါ မစ္စအန်းရှောပဲ” လို့ သူ့အမေနား တိုးတိုး ကပ်ပြောပြီး “စကူလကာက သူ့ကို ဘယ်လိုလုပ် ကိုက်လိုက်တာပါလိမ့်၊ ခြေထောက်မလဲ သွေးတွေနဲ့” လို့ ဆက်ပြောတယ်။
“ဒီတော့ သူတို့အမေက “မစ္စအန်းရှော၊ ဟုတ်လား၊ အဓိပ္ပာယ် မရှိတာပဲ၊ မစ္စအန်းရှောက ကလေကချေတကောင်နဲ့ လျှောက်သွားနေပါ့မလား” လို့ ပြောပါတယ်၊ အဲဒီတော့ အဘိုးကြီးက “သူ့အစ်ကိုကလဲ အပြစ်ပြောစရာပဲ” လို့ ပြောပြောဆိုဆိုနဲ့ ကျွန်တော်ဆီ ကြည့်နေရာကနေ ကက်သရင်းဘက်လှည့်ပြီး “သူတို့ဆရာ ဘုန်းကြီးကတော့ အပြောသား၊ သူ့အစ်ကိုက ကလေးမလေးကို ဘုရားမဲ့ တရားမဲ့ ကြီးပြင်းလာအောင် လုပ်နေတာပဲတဲ့၊ နေပါဦး၊ ဒီကောင်ကလေးကကော၊ ဒီကောင်ကလေးကို သူ ဘယ်ကများ သွားခေါ်လာတာပါလိမ့်၊ အိုး၊ ငါသိပြီဟေ၊ ကွယ်လွန်သူ တို့မိတ်ဆွေဟောင်းကြီး လီဗာပူက ခေါ်လာတယ်ဆိုတဲ့ ကလေကချေ ကောင်ကလေးကိုး” လို့ ဝင်ပြောလိုက်ပါတယ်။
“အဘွားကြီးကလဲ “တကယ့် အယုတ်တမာကလေးပေပဲ၊ လူကြီး လူကောင်းတွေနေတဲ့ အိမ်နဲ့ မတန်ပါဘူး၊ သူဝင်လာတုန်းက ဆဲဆို မြည်တွန်လာတာ မကြားဘူးလား၊ ကျွန်မ ကလေးတွေများ ကြားမိယင် အခက်ပါကလား”လို့ ပြောပြန်တယ်။
“ဒီတော့ ကျွန်တော်လဲ ထပ်ပြီး ကျိန်ဆဲမိတာပေါ့၊ စိတ်မဆိုးနဲ့နော် နယ်လီ၊ ကျွန်တော်လဲ မခံချင်လှန်းလို့ပါ၊ ဒီတော့ အစေခံကြီး ရောဘတ်ကို ကျွန်တော့်ကို ခေါ်ထုတ်သွားဖို့ အမိန့်ပေးကြတော့တာပေါ့၊ ကျွန်တော်က ကေသီမပါပဲ မသွားဘူးလို့ ငြင်းပါသေးတယ်၊ ရောဘတ်က ကျွန်တော့်ကို ဥယျာဉ်ထဲ လက်ဆွဲထုတ်သွားပြီး ကျွန်တော့်လက်ထဲကို မီးအိမ်တလုံး ထည့်ပေးလိုက်တယ်၊ ကျွန်တော့် အပြုအမူနဲ့ ပတ်သက်လို မစ္စတာအန်းရှောကို တိုင်ပြောမယ်လို့ ပြောပါတယ်၊ ပြီးတော့ တည့်တည့် သွားဖို့ ပြောပြီး တံခါးကို ပိတ်ပစ်လိုက်တယ်၊ ခန်းဆီးစက ထောင့်နား တနေရာမှာ လွှတ်နေလို့ ကျွန်တော် ချောင်းကြည့်နေမိသေးတယ်၊ ကက်သရင်း ပြန်ချင်ပုံ ပေါ်တယ်ဆိုယင် သူတို့ ပြန်မလွှတ်မချင်း မှန်တံခါးတွေကို ခွဲနဲ့ ပေါက်မလို့တောင် စိတ်ကူးရတယ်၊ ဒါပေမယ့် ကက်သရင်းကို ဆိုဖာပေါ်မှာ ငြိမ်ငြိမ်ကလေးထိုင်နေတာ မြင်ရတယ်၊ အဲဒီမှာ မစ္စက်လင်တန်ကလဲ ကက်သရင်းကို အရေးတယူ လုပ်တယ်၊ သူတို့က ကက်သရင်းနဲ့ ကျွန်တော့်ကို အတန်းအစား ခွဲခြားတဲ့ သဘောပေါ့၊ အဲဒီတုန်း မိန်းမ အစေခံတယောက်က ရေဇလုံတခု ယူလာပြီး ကက်သရင်း ခြေထောက်ကို ဆေးပေးတယ်၊ မစ္စတာ လင်တန်က ဖျော်ရည်တခွက် ဖျော်ပေးတယ်။ အစ္စဗယ်လာက မုန့်တပွဲ လာပြီး တည်ခင်းတယ်၊ အက်ဂါကတော့ ခပ်လှမ်းလှမ်းကနေပြီး ငေးနေတယ်၊ အဲသည် နောက်တော့ သူတို့က ကက်သရင်း ဆံပင်တွေကို ခြောက်အောင်လုပ်ပြီး ခေါင်းဖြီးပေးတယ်၊ သူ့အတွက် ခြေညှပ်ဖိနပ်တရံ ထုတ်ပေးပြီး သူ့ကို မီးဖိုနား ခေါ်သွားကြတယ်၊ သူတို့က ကက်သရင်းကို သိပ်သဘောကျနေကြတယ်။ ကက်သရင်းက သူတို့နဲ့မှ မတူပဲကလား၊ တကယ်တော့ ကေသီဟာ ဒီကမ္ဘာမြေပေါ်မှာ ဘယ်သူနဲ့မှ မတူဘူး မဟုတ်လား နယ်လီ'
“အင်း ဒီကိစ္စ ဒီလောက်နဲ့ အေးမယ်တော့ မထင်ဘူးဟေ” ဟု ဖြေယင်း သူ့ကို စောင်ခြုံပေးလိုက်ပြီး မီးကို ငြိမ်းလိုက်ပါသည် “မင်းတော့ မယ်ပါလား ဟိကလပ်ရယ်။ မစ္စတာ ဟင်ဒလီကတော့ သူ့စိတ်နဲ့ မတွေ့ရင် နေမှာ မဟုတ်ဘူး' ဟုလည်း ကျွန်မ ပြောလိုက်ပါသည်။
ကျွန်မ အပြောမှာ ကျွန်မ ဖြစ်စေချင်သည်ထက်ပင် ပို၍ မှန်လာပါတော့သည်။ မစ္စက်ဟင်ဒလီသည် ဟိကလစ်တို့ အဖြစ်ကို သိရလျှင် ဒေါသူပုန် ထပါလေတော့၏။ နောက်တနေ့မှာပင် မစ္စတာလင်တန်သည် ထိုကိစ္စနှင့် ပတ်သက်၍ အိမ်သို့ ရောက်လာပြီး သူ့ အိမ်က ကလေးတွေကို သူ ဘယ်လို ပြုစုကြောင်း ပြောကြားသွားပါလေသည်။
ဟိကလစ်မှာ အရိုက်အနက်ကား မခံရပါ။ သို့သော်လည်း မစ္စက် ကက်သရင်းနှင့် အဆက်အဆံ မပြုရန်နှင့် အဆက်အဆံပြုပါက အိမ်မှ နှင်ထုတ်မည်ဖြစ်ကြောင်း ပထမဆုံးအကြိမ် အပြောခံရပါလေတော့သည်။ မစ္စက် အန်းရှောကလည်း သူ့ယောက်မကလေး ပြန်ရောက်လာပါ ဖျောင်းဖျောင်းဖျဖျ သွန်သင်ရဦးမည်၊ အကြမ်းပတမ်းလုပ်၍ မသင့်ဟု ဆိုပါ၏။ ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်၍လည်း ကက်သရင်း၏ သဘောထား ပြောင်းလဲလာနိုင်စရာ အကြောင်းကား မရှိပါပေ။
.jpg)

Comments
Post a Comment