လေထန်ကုန်း_အခန်း (၁၆)_ကျော်လှိုင်ဦး

 

အခန်း [ ၁၆ ]

ထိုည ဆယ့်နှစ်နာရီခန့်မှာပင် ကက်သရင်းသည် သမီးကလေး ကက်သရင်း အန်းရှောကို ဖွားမြင်ပါလေ၏။ ထိုသမီးကလေးကား မစ္စတာလော့ဝု လေထန်ကုန်းတွင် တွေ့ခဲ့ရသော မိန်းကလေးပင်တည်း။ ကက်သရင်း အန်းရှောမှာ မွေးစက ခုနစ်လမွေး ကလေး ဖြစ်သည့် အလျောက် သေးသေးလှီလှီ ကလေး ဖြစ်ပါသည်။ ကက်သရင်းသည် သမီးကို မွေးပြီး နှစ်နာရီအကြာတွင် ကွယ်လွန်သွားခဲ့ပါ၏။ ကက်သရင်းသည် မစ္စတာ ဟိကလစ်နှင့် ခွဲခွာရပြီး သတိမေ့မြောသွားကတည်းက ပြန်လည် သတိမရတော့သည်အထိ ဖြစ်လေသည်။ အက်ဂါသည် ဇနီး ဆုံးရှုံးရသည့်အတွက် သေချင်သလောက်ပင် ခံစားရပါလေတော့သည်။ အထူး စိတ်ထိခိုက်ကာ သူ့မျက်လုံးအစုံတွင် တရားဝင် အမွေစားအမွေခံ သားယောင်္ကျားကလေး မကျန်ရစ်ခဲ့သည့် အတွက်လည်း ပူပန်ခြင်းဖြစ်နေရဟန် ရှိလေသည်။ ကျွန်မသည် အမိမဲ့ သမီး ပိန်ခြောက်ခြောက်ကလေးကို ငေးစိုက်ကြည့်ယင်း သားယောင်္ကျားကိုသာ အမွေဆက်ခံရမည် ဟူသော သေတမ်းစာကို ရေးခဲ့သည့် အဘိုးကြီး လင်တန်ကို ကျိန်ဆဲ ပြစ်တင်မိပါလေတော့သည်။ ယခုကား သားယောင်္ကျား မျိုးနွယ်ဆို၍ ဟိကလစ်၏ အဆက်အနွယ်ထဲကသာ ထွန်းကားစရာ ရှိပေတော့သည်။ ကံမကောင်း အကြောင်းမလှစွာဖြင့် လူ့လောကထဲသို့ ရောက်လာရသော ကံဆိုးမကလေးမှာလည်း မွေးကင်းစတွင် ကြည့်မည့် ရှုမည့် ပြုစုမည့်သူ မရှိရှာပဲ ငိုကြွေး၍သာ နေခဲ့ရရှာလေ၏။

နံနက်ခင်း၏ နွေးထွေးတောက်ပသော နေရောင်ခြည်သည် တိတ်ဆိတ် ထုံထိုင်းနေသော အခန်းတွင်းသို့ မသိမသာ ကျရောက်လာလေသည်။ ကက်သရင်း၏ ရုပ်အလောင်းတည်ရာ ခုတင်ပေါ်သို့ အညင်အသာဖြင့် ကျလာပါသည်။ အက်ဂါလင်တန်သည် မျက်လုံးကို စုံပိတ်လျက် ခေါင်းအုံးပေါ်တွင် လှဲနေ၏။ သူ့မျက်နှာတွင် ငယ်မူငယ်သွေးတို့ လုံးဝ ပျောက်ကွယ်နေလေပြီ။ ကက်သရင်းသည် မျက်လွှာကို ပိတ်ထား၏။ နှုတ်ခမ်းများ၌ အပြုံးစ ယှက်သန်းနေ၏။ တကယ့် စိတ်နှလုံး အေးချမ်း ပျော်ရွှင်လျက် အပြစ်ကင်းစင်သော အသွင်ကို ဆောင်နေ၏။

ကျွန်မသည် သူ့ကြောင်းကို ပြန်ပြောင်း တွေးချင်သော်လည်း ကံစီမံရာ ဖြစ်ရရှာသော သူ့ ဘဝကို ကျွန်မ မတွေးရက်ပါ။

မစ္စတာ အက်ဂါလင်တန်သည် အိပ်ပျော်နေဟန် ရှိလေသည်။ နေ ထွက်လာပြီးနောက် ကျွန်မသည် အခန်းအပြင်သို့ ထွက်လာခဲ့ပါသည်။ အိပ်ထဲက လူတွေကမူ ကျွန်မမှာ တညလုံး မအိပ်ရသဖြင့် အိပ်ချင်မူးတူး ဖြစ်နေသောကြောင့် အခန်းပြင်သို့ ထွက်သွားခြင်းဖြစ်မည်ဟု ထင်ကြပါလိမ့်မည်။ ကျွန်မ၏ အဓိက စိတ်ထားကမူ ဟိကလစ်ကို တွေ့ရန်ဖြစ်ပါသည်။ သူသာ ညက ခြံထဲမှာသာ ဆက်လက် ရှိနေလျှင်တော့ အိမ်ကြီးထဲက လှုပ်ရှားမှုများကို မြင်သာ သိသာမည် မဟုတ်ပါ။

သို့သော်လည်း ကျွန်မတို့ အိမ်ထဲမှ အစေခံတယောက် ဂျင်မာတန်ဘက်သို့ မြင်းတစီးဖြင့် ဒုန်းစိုင်းသွားသည်ကိုမူ မြင်ရတန်ပေ၏။ အကယ်၍ သူ အိမ်ကြီးနားသို့ တိုးလာမည်ဆိုလျှင် အိမ်ကြီးထဲက မီးရောင် လှုပ်ရှားမှုများ၊ တံခါးဖွင့်ချည် ပိတ်ချည် လှုပ်ရှားမှုများကို သတိပြုမိကောင်းပြုမိပေမည်။ ကျွန်မသည် ခြံထဲသို့ ထွက်လာခဲ့ရစေကာမှ သူနှင့် တွေ့မည်ကိုလည်း ချောက်ချားနေပါသည်။ သူ့ကို မလှမ်းမကမ်းက သစ်ပင်အောက်တွင် မြင်တွေ့ရလေပြီ။ သူသည် သစ်ပင်ကို မှီလျက် လက်တွင် ဦးထုပ်ကို ကိုင်ထားပါသည်။ သစ်ပင်ကိုင်းများက သူ့ မျက်နှာပေါ်တွင် မိုးလျက် မလှုပ်မချောက် ရပ်နေခဲ့လေဟန်ရှိပါသည်။ သူနှင့် မလှမ်းမကမ်းသစ်ပင်၌ မြေလူးငှက်မောင်နှံသည် သူ့ကို သစ်တုံးတတုံးလို သဘောထားကာ အသိုက်ဆောက်နေကြသည်။ ကျွန်မ သူ့ရှေ့ တိုးသွားလေလျှင် ငှက်မောင်နှံလည်း ထပျံ ကြပါလေ၏။ သူလည်း မျက်လုံးကို ပင့်ကြည့်လိုက်ပြီး …

“သူ သေပြီ မဟုတ်လား၊ ကျုပ်ဒီသတင်း နားထောင်ဖို့ စောင့်နေတာ မဟုတ်ဘူး၊ လက်ထဲက လက်ကိုင်ပဝါကို လွှင့်ပစ်လိုက်စမ်းပါဗျာ၊ ကျုပ်ရှေ့လာပြီး ငိုလား ယိုလား လုပ်မနေနဲ့၊ ခင်ဗျားတို့ တယောက်မှ အသုံးမကျဘူး၊ သူကလဲ ခင်ဗျားတို့ မျက်ရည်စတွေကို အရေးထားတာ မဟုတ်ပါဘူး” ဟု ပြောလိုက်ပါသည်။

ကျွန်မမှာ သူတို့နှစ်ယောက်စလုံးအတွက် ငိုခဲ့ရသူ ဖြစ်ပါသည်။ နှစ်ယောက်စလုံးကသာ သူတို့အတွက်ရော တခြားသူတွေ အတွက်ပါ မခံစားတတ်သလို ရှိခဲ့သည်ဟု ကျွန်မထင်ပါသည်။ ယခုကား သူလည်း ခံစားရလေပြီ။ စိတ်သည်လည်း ကယောင်ချောက်ချား ဖြစ်နေဟန် ရှိသည်။ နှုတ်ခမ်းဖျားတို့သည် တဆတ်ဆတ် လှုပ်ရှားနေပြီး ခေါင်းကို အောက်သို့ စိုက်ထား၏။

ကျွန်မသည် ပါးပြင်ပေါ်က မျက်ရည်စကိုသုတ်ယင်း...

“ဟုတ်ကဲ့ရှင့်၊ သူ သေသွားပြီ၊ သူ ကောင်းကင်ဘုံကို ရောက်သွားပြီပေါ့၊ ကျွန်မတို့ သူနဲ့အဘူ ကောင်းကင်ဘုံမှာ မြင်တွေ့ရယင်တော့ ဖြစ်ခဲ့သမျှတွေ မေ့လိုက်ကြဖို့ သတိပေးရမှာပေါ့ရှင်' ဟု ပြောလိုက်မိပါသည်။

'ဩ အဲဒီကျမှ သတိပေးရမယ်၊ ဟုတ်လား၊ နေစမ်းပါဦးဗျ၊ သူ ဘယ်လို သေရတာလဲ၊ သူသေပုံကလေး ပြောပြစမ်းပါဗျ' သူက ခပ်ငေါ့ငေါ့ ပြောနေပြန်လေသည်။ စိတ်ထဲကမူ ပူပန်သောကကို မချိမဆံ့ ခံစားနေရဟန်မှာ ထင်ရှားနေပါ၏။

“အင်း၊ သူလဲ တခြားယောကျ်ားတွေလိုပါပဲလား၊ အချစ်ဝေဒနာနဲ့ ကျတော့ မတွန်းလှန်နိုင်ပါကလား” ကျွန်မ တွေးလိုက်မိသေး၏။

'သူ သက်သက်သာသာပဲ အသက် ထွက်သွားတာပါ၊ သက်ပြင်းတချက်ချပြီး အိပ်ပျော်သွားပြီးနောက် ငါးမိနစ်လောက်မှာပဲ ထွက်သက် ထွက်သွားပါတယ်ရှင်'

“သူ သူ ကျုပ် နာမည်ကို ခေါ်သွားသေးသလားဗျာ' မေးသာ မေးလိုက်ရသည်။ သူ့ အမေးအတွက် တုံ့ပြန်လာမည့် အဖြေကိုကား စိုးရိမ်နေပုံရ၏။

"ရှင် ထွက်သွားကတည်းက သတိမေ့သွားတာ တခါမှ သတိပြန်လည် မလာတော့ပါဘူးရှင်၊ သူ သေသွားပုံက ပြုံးပြုံးကလေးပါပဲ၊ သူ သေခါနီးမှာ ငယ်ငယ်က ပျော်ရွှင် မြူးထူးခဲ့ရတာတွေကို ပြန်ပြီး သတိရသွားသလိုပဲရှင့်၊ အဲဒီလို သာယာ ချမ်းမြေ့တဲ့ ဘဝ အဖြစ်မျိုးနဲ့ ဘဝကူးသွားတယ်လို့ပဲ ပြောရမယ်”

“သူ ဘဝကူး ကောင်းရမယ်၊ ဟုတ်လား၊ နောက်ဘဝမှာ သင်း ဒုက္ခပေါင်းစုံနဲ့ တွေ့စမ်းပါစေ” ဟိကလစ်သည် ရုတ်တရက် ပေါက်ကွဲလာမှုကို မထိန်းနိုင်တော့ပဲ ကြောက်စရာ အမူအရာဖြင့် ခြေထောက်ကို ဆောင့်လျက် အော်ဟစ်လာပါ၏။ “နေစမ်းပါဦးဗျ၊ သူက သေတဲ့ အထိတောင် ဘာကြောင့် လိမ်သွားရတာလဲ၊ ခု သူ ဘယ်ရောက်မှာလဲ၊ ကောင်းကင်ဘုံ၊ ဟုတ်လား၊ မဖြစ်နိုင်တာပဲ၊ ဒီမယ် ကက်သရင်း၊ မင်းက ကိုယ် ခံစားရတာကလွဲပြီး မင်း ဘာမှ ဂရုမစိုက်ဘူးလို့ ပြောခဲ့တယ်၊ ကိုယ် တခုပဲ ဆုတောင်းမယ် ဟေ့၊ ကိုယ့်လျှာ တောင့်တင်းသွားတဲ့အထိ ဒီ ဆုတောင်းပဲ ရွတ်နေမယ် ကက်သရင်းရေ၊ မင်း နောက်ဘဝမှာလဲ ဒုက္ခတွေနဲ့ ဆုံစမ်းပါစေကွာ၊ မင်းက ပြောတယ်၊ ကိုယ်က မင်းကို သတ်တယ်လို့။ ဒီနည်းနဲ့ မင်း ကိုယ့်ကို ခြောက်လှန့်တာပဲ၊ ဟုတ်တာပေါ့၊ အသတ်ခံရတဲ့ လူတွေဟာ သတ်တဲ့ လူတွေကို ခြောက်လှန့်စမြဲပဲ၊ မင်း ကိုယ်နဲ့အတူ အမြဲနေပါ၊ ကိုယ့်ကို ရူးအောင် လုပ်ပါ ကက်သရင်းရယ်၊ ကိုယ့်တယောက်တည်း မင်းကို ဘယ်လိုမှ ရှာမတွေ့တဲ့ ချောက်ကမ်းပါးကြီးထဲမှာ မထားရစ်ခဲ့နဲ့၊ မင်း မရှိပဲ ကိုယ် မနေနိုင်ပါဘူး အချစ်ရယ်’

ပြောပြောဆိုဆိုပင် သစ်ပင် ပင်စည်ကို သူ့ခေါင်းနှင့် ဆောင့်၍ ဆောင့်၍ တိုက်ပါလေတော့သည်။ သူသည် မျက်လွှာကို ပင့်ကြည့်ပြန်ပါ၏။ မျက်လုံးမှာ အလျှံရဲရဲ တောက်နေ၏။ လူတယောက်နှင့်ပင် မတူတော့ပါ။ ဓားလှံကို လက်မှာစွဲလျက် လူကို လိုက်သတ်နေသော အရိုင်းအစိုင်းတယောက်လို ဖြစ်လာပါသည်။ ထိုစဉ်မှာပင် ကျွန်မသည် သူ့ခေါင်းက သွေးတို့ဖြင့် ရဲရဲနီနေသော သစ်ပင်ကို သတိပြုလိုက်မိသည်။ လက်နှင့်နဖူးမှာလည်း သွေးတွေ ရဲရဲနီနေလေပြီ။ ကျွန်မမှာ သူ့အနားမှ မခွာနိုင်ပဲ သူ့ကို စိုက်ကြည့်နေမိပါသည်။ သူက ကျွန်မကို နှင်ထုတ်တော့မှပင် ကျွန်မလည်း သူ့အနားမှ ထွက်လာခဲ့ရလေတော့သည်။ သူ့ကို ကျွန်မ ဖျောင်းဖျ နှစ်သိမ့်နိုင်စွမ်းခြင်း မရှိတော့ပါတကား။

မစ္စက်လင်တန်၏ အသုဘ အခမ်းအနားကို သောကြာနေ့တွင် ကျင်းပရန် စီစဉ်ထားပြီး ဖြစ်သည်။ ထိုနေ့မတိုင်မီအထိ ရုပ်အလောင်းကို ဧည့်ခန်းကြီးထဲ၌ ပန်းပွင့် ပန်းခက်များဖြင့် တန်ဆာ ဆင်ထားပါ၏။ မစ္စတာလင်တန်မှာ ဇနီး၏ အလောင်းနားတွင် မအိပ်မနေ နေခဲ့ပါလေ၏။ မစ္စတာ ဟီကလပ်သည်လည်း အခန်းအပြင်မှ လာ၍ နေခဲ့ပါသည်။ ကျွန်မသည် သူနှင့် အဆက်အသွယ် မလုပ်ဖြစ်တော့ပါ။

မစ္စက်လင်တန်၏ အလောင်းကို မြေမြှုပ်သင်္ဂြိုဟ်သောနေ့တွင် မစ္စတာ အန်းရှောကို ဖိတ်ကြားခဲ့ပါသေး၏။ သို့သော် အန်းရှောသည် အကြောင်းလည်း မပြန်၊ သူ့ညီမ၏ အသုဘ အခမ်းအနားသို့လည်း ရောက်မလာခဲ့ပါချေ။ အစ္စဗယ်လာကိုကား အကြောင်း မကြားပါလေ။ ထို့ကြောင့် အသုဘ အခမ်းအနားတွင် မစ္စတာ လင်တန်နှင့် သူ့မြေငှားများ၊ တပည့်များ၊ အစေခံများသာ တက်ရောက်ခဲ့ကြပါလေ၏။

ကတ်သရင်း၏ အသုဘ ရုပ်အလောင်းကို လင်တန် မျိုးနွယ်တို့၏ သင်္ချိုင်းတွင်သော်လည်းကောင်း၊ အန်းရှော မျိုးနွယ်တို့၏ သင်္ချိုင်းတွင် သော်လည်းကောင်း မမြှုပ်ပဲ ဘုရားရှိခိုးကျောင်းထောင့် ကမူကလေးတွင် မြှုပ်နှံခဲ့လိုက်ကြပါလေသတည်း။

Comments