အခန်း [ ၄
]
ကျွန်ုပ်တို့ကား အကျိုးမဲ့ စိတ်မတည်ငြိမ်တတ်သူများပါတကား။ ကျွန်ုပ်သည် အားလုံးသော လူမှုဆက်ဆံရေးများမှ ကင်းလွတ်လျက် မိမိကိုယ်ကိုသာ အဖော်ပြုရန် ဆုံးဖြတ်ခဲ့ပါ၏။ နောက်ဆုံးတွင်ကား လက်တွေ့မဖြစ်ခဲ့ပါ။ ကျွန်ုပ်ကား ပျော့ညံ့နုန့်နဲသူပါ တကား။ ကျွန်ုပ်သည် မိုးချုပ်သည်အထိ နေလာခဲ့သော်လည်း ကျွန်ုပ်၏ ဆုံးဖြတ်ချက်ချဖို့ ဆုပ်ကိုင်လျက် အထီးတည်း နေလာခဲ့သော်လည်း ယခုကား တစုံတခု သိရလိုသိရငြားဖြင့် ကျွန်ုပ်သည် မစ္စက်ဒင်းကို စောင့်မျှော်နေမိခဲ့ပါသည်။ မစ္စက်ဒင်းသည် ကျွန်ုပ်အတွက် ညစာယူလာပြီး တည်ခင်းသောအခါ ကျွန်ုပ် ညစာ သုံးဆောင်ပါသည်။ ကျွန်ုပ်သည် မစ္စက်ဒင်းထံမှ အတင်းအဖျင်း စကားတခုခုကို ကြားမည်ဟု ရိုးရိုးသားသား ယုံကြည်နေမိပါသည်။ ကျွန်ုပ်သည် ထိုစကား နားထောင်ယင်း အိပ်ချင်လာစိတ် ဖြစ်လာလိမ့်မည်ဟုလည်း ထင်နေပါသည်။ ယခုကား ကျွန်ုပ်ကပင် စ၍...
“ခင်ဗျား ဒီမှာနေလာတာ ကြာရောပေါ့၊ ဆယ့်ခြောက်နှစ်လို့တော့ မပြောပါဘူးနော်” ဟု စကားဆိုမိပါလေသည်။
“ဆယ့်ရှစ်နှစ် ရှိပါပြီ သခင်၊ သခင်မ လက်ထပ်ပြီး ကတည်းက သခင်မကို စောင့်ရှောက်ဖို့ ကျွန်မ ဒီအိမ်ကြီးကို ရောက်လာတာပါ သခင်မ ကွယ်လွန်ပြီးတော့လဲ အလျင်သခင်ကပဲ ကျွန်မကို အိမ်ဖော် တာဝန်ပေးခဲ့ပါတယ်”
“ဪ၊ ဒီလိုလားဗျ”
စကားစ ပြတ်သွားပြန်ပါသည်။ အိမ်ဖော်မကြီးမှာ စကားကို ခပ်တည်တည်မှန်မှန် ပြောနေပါလေသည်။ သူ့အကြောင်းမဟုတ်လျှင်တော့လည်း ကျွန်ုပ်အဖို့ စိတ်ဝင်စားဖွယ် မရှိနိုင်။ အမျိုးသမီးကြီးသည် ဗူးပေါ်ကို လက်သီးဆုပ် တင်ယင်း တစုံတရာကို တွေးတောနေပြီး တကိုယ်တည်း ရေရွတ်လိုက်ပြန်ပါသည်။
“အင်း၊ အချိန်တွေ ပြောင်းလဲလာတော့လဲ ဟိုတုန်းကနဲ့ မတူတော့ဘူးပေါ့”
“ဟုတ်တာပေါ့လေ၊ ခင်ဗျားအနေနဲ့တော့လဲ အပြောင်းအလဲကောင်း တော်တော်များများ တွေ့ခဲ့ဖူးပြီ ထင်ပါတယ်”
“အပြောင်းအလဲတွေရော၊ ဒုက္ခတွေရော ဆိုပါတော့”
ကျွန်ုပ်သည် “အင်း ဒီအတိုင်းဆို ကိုယ့်အိမ်ရှင်ရဲ့ မိသားစုအကြောင်း စကားဦးလှည့်မှပဲ၊ ဒီအကြောင်းကို စရယင် ကောင်းမှာပဲ၊ ဟို မုဆိုးမ မိန်းမချောကလေး အကြောင်းလဲ သိချင်ပါရဲ့၊ သူဟာ ဒေသခံလား၊ တရပ်တကျေးကလား” ဟူသော အတွေးတွေ ဝင်လာပါတော့သည်။ စိတ်ကူးလည်း ပေါက်လာပါသည်။ ထိုစိတ်ကူးဖြင့် ကျွန်ုပ်သည် မစ္စက်ဒင်းအား မစ္စတာ ဟိကလပ်သည် ဤသရုတ်ကရော့ အိမ်ကြီးမှာ မနေပဲ သည့်ထက် အနေစုတ်သော လေထန်ကုန်းမှာနေရသည့် အကြောင်းကို စူးစမ်းမိပါလေတော့သည်။
“ဒီအိမ်ကြီးမှာ ကိုယ်တိုင်နေပြီး ပြုပြုပြင်ပြင် မလုပ်နိုင်ရအောင် သူ မချမ်းသာတော့လို့လား”
“ချမ်းသာပါပြီကော ရှင်၊ လူတွေ မသိနိုင်လောက်အောင် နှစ်စဉ် စီးပွား တက်နေတာပါ။ ဒီအိမ်ထက် ကောင်းတဲ့ အိမ်မျိုးနဲ့တောင် သူ နေနိုင်ပါတယ်။ ဒါပေမယ့် သူက နှမြောတတ်တယ်၊ အိမ်လခ ကောင်းကောင်းပေးမယ့် အိမ်ငှား ရှိနေသမျှ ဒီအိမ်ကြီးကို သူ ငှားထားမှာပဲ၊ တချို့လူတွေကျတော့ အဆန်းသားပဲ၊ ဒီကမ္ဘာကြီးမှာ တယောက်တည်း ရှိတာတောင် လောဘက ကြီးတုန်းပဲ”
“သူ့မှာ သားတယောက်ရှိတယ် မဟုတ်လား”
“အခုတော့ သေသွားပါပြီ'
“ဒါဖြင့် မစ္စက်ဟိကလစ် ဆိုတဲ့ မိန်းကလေးက သေသွားတဲ့ သားရဲ့မိန်းမပေါ့”
“ဟုတ်ပါတယ်”
“အဲဒီ မိန်းကလေး မျိုးနွယ်က’
“သူ့ အမေက ကျွန်မရဲ့ ကွယ်လွန်သူသခင်မကြီး သမီးပါ၊ သူ့ အပျိုနာမည်က ကက်သရင်းလင်တန်တဲ့၊ ကျွန်မ သူငယ်စဉ်ကတည်းက သူ့ကို ပြုစုလာခဲ့ရတာပါ၊ တကယ့် သနားစရာ ကလေးမပါပဲ၊ ကျွန်မဖြင့်လေ မစ္စတာ ဟိကလစ် ဒီကို ပြောင်းလာစေချင်တာ၊ ဒါမှလဲ ကျွန်မတို့ မိတ်ဟောင်း ဆွေဟောင်းတွေ တွေ့ကြရမှာ”
“ဘယ်လိုဗျ။ ကက်သရင်းလင်တန်၊ ဟုတ်လား”
ကျွန်ုပ် တအံ့တဩ ဖြစ်သွားပြီးမှ ကျွန်ုပ်အား ခြောက်လှန့်ခဲ့သော ကက်သရင်း မဟုတ်မှန်း သတိပြုမိသဖြင့် ကျွန်ုပ်ကပင် ဆက်၍ “ဒါဖြင့် ဒီအိမ်ကြီးရဲ့ မူလပိုင်ရှင်ဟာ လင်တန်ပေါ့” ဟု ပြောလိုက်ပါသည်။
“ဟုတ်ပါတယ် ရှင်”
“အန်းရှော ဆိုတာကကောဗျ၊ မစ္စတာ ဟိကလစ်နဲ့နေတဲ့ ဟယ်ယာတန် အန်းရှောဆိုတာလေ၊ သူတို့ကကော အမျိုးတွေပဲလား”
“မဟုတ်ပါဘူးရှင်၊ သူက ကွယ်လွန်သူ မစ္စက် လင်တန်ရဲ့ တူပါ”
‘ဒါဖြင့်ယင် မိန်းကလေးရဲ့ တဝမ်းကွဲ မောင်ပေါ့”
“ဟုတ်ပါတယ်။ သူ့ ခင်ပွန်းကိုယ်တိုင်ကလဲ သူ့ ဝမ်းကွဲ အစ်ကိုပါ တယောက်က အဖေ့ဘက်က တယောက်က အဖေဘက်ကပါ ဟိကလစ်က မစ္စတာလင်တန်ရဲ့ ညီမနဲ့ လက်ထပ်ခဲ့တာလေ”
“ဟို လေထန်ကုန်းအိမ်ကြီး အဝင်တံခါးမှာ “အန်းရှော” လို့ ထွင်းထားထာ တွေ့ခဲ့ရပါတယ်၊ သူတို့မိသားစုက ကြာပြီလား”
“သိပ်ကိုပဲ ကြာလှပါပြီ သခင်၊ ဟယ်ယာတန်က အန်းရှော အမျိုးထဲက နောက်ဆုံးပါ၊ အလားတူပဲ ကျွန်မသခင်မကလေး ကက်သရင်းကလဲ လင်တန်အမျိုးထဲက နောက်ဆုံးပါ၊ သခင် လေထန်ကုန်းက ရောက်ခဲ့ပြီလားရှင်၊ ဒီလိုဆို ကျွန်မ မေးပါရစေ၊ သခင်မက ဘယ်လိုများ နေပါသလဲရှင်”
“မစ္စက်ဟိကလစ်လား၊ ကျန်းကျန်းမာမာပါပဲဗျာ၊ လှလဲလှပါတယ်။ ဒါပေမယ့် ပျော်ပုံတော့ မရဘူးဗျ”
‘ဪ...စိတ် မကောင်းစရာပါပဲနော်၊ အဲဒီက သခင်ကကော ဘယ်လိုလဲရှင့်”
“လူကြမ်းကြီး တယောက်ပါပဲ မစ္စက်ဒင်းရဲ့၊ သူ့ စရိုက်ပဲ ထင်ပါရဲ့နော်”
“ဟုတ်ပါရဲ့ရှင်၊ လူသားလို ကြမ်းတမ်းပြီး ကျောက်ခဲလို မာကျောတဲ့ လူမျိုးပါပဲ၊ သူနဲ့ကတော့ မပတ်သက်ပဲ နေနိုင်လေ ကောင်းလေပဲ”
“သူ ခုလို ကြမ်းတမ်းရိုင်းစိုင်းလာရအောင် သူ့ဘဝမှာ အတက် အကျတွေကလဲ များခဲ့တယ် ထင်ပါရဲ့နော်၊ ခင်ဗျား သူ့အကြောင်းများ သိသလား”
“ဥဩငှက်လို တကောင်ကြွက် အစားမျိုးပေါ့ရှင်၊ ကျွန်မ သူ့အကြောင်း သူ ဘယ်မှာမွေးတယ်၊ သူ့မိဘ ဘယ်သူဆိုတာ၊ သူ ဘယ်ပုံဘယ်နည်း ပိုက်ဆံစုမိတယ်ဆိုတာကလွဲလို့ အကုန်လောက်သိတာပေါ့ရှင်၊ ပြီးတော့ ဟယ်ယာတန်တယောက် အမွေးမဲ့ စာကလေး တကောင်လို နှိပ်စက်ခံရတာလဲ ရှိသေးတယ်၊ သူ ခံခဲ့ရသမျှ ကနေ့ တုံ့ပြန်ခံနေရတာကတော့ ကျွန်မတို့ သခင်မကလေးပါပဲ။
“ကဲ ဒါဖြင့်လဲ အဲဒီအကြောင်းတွေ ပြောပြစမ်းပါဦး၊ ကျွန်တော်လဲ မအိပ်သေးပါဘူး၊ ဒီတော့ တနာရီလောက် ဆက်ပြီး စကားပြောကြတာပေါ့'
“ကောင်းပါပြီ သခင်၊ ခုကျွန်မ ချုပ်စရာကျန်တာကလေး သွားချုပ် လိုက်ပါဦးမယ်၊ ပြီးတော့ ကျွန်မ ပြန်လာခဲ့ပါ့မယ်၊ သခင်လဲ အအေးမိနေတာဆိုတော့ ဆန်ပြုတ်ပူပူကလေး သောက်လိုက်ပါဦး ရှင်’
အမျိုးသမီးကြီးသည် နေရာမှ သုတ်သီးသုတ်ပျာ ထွက်သွားပါလေတော့သည်။ ကျွန်ုပ်သည် မီးဖိုနားတိုးပြီး နေရာ ယူလိုက်ပါသည်။ ခေါင်းနွေးလာသော်လည်း အေးစိမ့်စိမ့်ခံစားရမှုမှာ မပျောက်တတ်သေး။ ထို့ပြင်လည်း ကျွန်ုပ်၏ အာရုံကြောများနှင့် ဦးနှောက်တွင် စွန်းထင်းနေသော ကျွန်ုပ်၏ မိုက်မဲမှုအတွက် တုန်လှုပ်နေပါသည်။ ဤသည်မှာလည်း ယနေ့နှင့် ယမန်နေ့က ဖြစ်ရပ်များကြောင့် ခံစားရသော ကြောက်ရွံ့မှုနှင့် ဆက်စပ်နေပါလိမ့်မည်။
မစ္စက်ဒင်းသည် အငွေ့တလူလူထနေသော ခွက်တလုံးနှင့် တောင်းတလုံးကို ယူလာပါသည်။ ခွက်ကို မီးဖိုပေါ်တင်ပြီး ကျွန်ုပ်၏ စကား ပြောဖော်ကောင်းတယောက်အဖြစ် သူသိသမျှ ဇာတ်ကြောင်း လှန်ပါ လေတော့သည်။
** ** **
ကျွန်မ ဤအိမ်ကြီးသို့ မရောက်မီက အမြဲလိုလို လေထန်ကုန်း အိမ်ကြီးမှာ နေခဲ့ရပါသည်။ ကျွန်မ၏ မိခင်မှာ မစ္စတာဟင်ဒလီ အန်းရှောကို ပြုစု စောင့်ရှောက်ရသူ ဖြစ်ပါသည်။ မစ္စတာ ဟင်ဒလီအန်းရှောမှာ ဟယ်ယာတန်၏ ဖခင် ဖြစ်ပါသည်။ ကျွန်မသည် အများအားဖြင့် ကလေးတွေနှင့်အတူ ကစားလေ့ ရှိပါသည်။ တခါတခါတော့လည်း ခိုင်းသမျှ လုပ်ရပါသည်။ မြက်လှန်းရာမှာလည်း ကူညီ ဆောင်ရွက်ရပါသည် ယာထဲမှာ ခိုင်းစရာရှိတာ ခိုင်းရအောင်လည်း ယာထဲသို့ အမြဲလိုက်တတ်ပါသည်။
နွေရာသီ တနံနက် ဖြစ်ပါသည်။ ထိုအချိန်က ကောက်ရိတ်သိမ်းစ ဖြစ်သည်ကို ကျွန်မ မှတ်မိပါသည်။ ထိုနေ့က သခင်ကြီး မစ္စတာ အန်းရောသည် ခရီးထွက်မည့် အဝတ်အစားများကို ဝတ်ဆင်လျက် အိမ်ပေါ်မှ ဆင်းလာပါသည်။ ထို့နောက် ဂျိုးဆက်အား ထိုနေ့ လုပ်ဆောင်ရမည့် အလုပ်ကိစ္စများကို မှာကြားပြီး ဟင်ဒလီ၊ ကေသီနှင့် ကျွန်မတို့ဘက်သို့ လှည့်လာပါသည်။ ထိုအချိန်က ကျွန်မသည် ဟင်ဒလီတို့နှင့်အတူ ဆန်ပြုတ်သောက်နေခိုက် ဖြစ်ပါသည်။ သခင်ကြီးက သူ့သားအား …..
“သားကြီးရေ၊ ဖေဖေ လီဗာပူကို သွားလိုက်ဦးမယ်၊ သွားရမယ့်ခရီးက ဝေးတော့ ပေါ့ပေါ့ပါးပါး မှာပေါ့ကွာ ́ဟု ပြောလိုက်ရာ သားဖြစ်သူက တယောတလက် ဝယ်လာရန် မှာပါသည်။ ထို့နောက် သခင်ကြီးက သမီးကေသီကို မေးပြန်ပါသည်။ ထိုအချိန်က ကေသီမှာ အသက်ခြောက်နှစ်ပင် မပြည့်တတ်သေးပါ။ သို့သော်လည်း ကေသီသည် မြင်းဇောင်းရှိသမျှ မြင်းတွေကို စီးတတ်နေပါပြီ။ ထို့ကြောင့် သူက ကြာပွတ်တချောင်း မှာလိုက်ပါသည်။ သခင်ကြီးသည် တခါတရံ စိတ်ထန်သော်လည်း စိတ်ကောင်းရှိသူပီပီ ကျွန်မကိုလည်း မေ့မထားပါ ထို့ကြောင့် ကျွန်မအဖို့လည်း သစ်တော်သီးနှင့် ပန်းသီးများ ဝယ်လာခဲ့မည်ဟု ကတိပေးပြီး ကလေးများကို နမ်းရှုပ်နှုတ်ဆက်၍ ခရီးထွက် သွားပါလေတော့သည်။
သခင်ကြီး ခရီးထွက်နေသော သုံးလေးရက် ကာလသည် ကျွန်မတို့ အဖို့ကား အကြာကြီးဟု ထင်ကြရပါသည်။ ကေသီကလေးက ဆိုလျှင် သူ့အဖေ မည်သည့်အချိန် ပြန်လာမည်နည်းဟု ခဏခဏ မေးတတ်ပါသည်။ တတိယနေ့ ညနေခင်းမှာတော့ မစ္စက်အန်းရောသည် ခင်ပွန်း ဖြစ်သူ ညနေစာ စားချိန်လောက်တွင် ပြန်ရောက် လာလိမ့်မည်ဟု မျှော်လင့်ခဲ့သေးသည်။ သူ့အဖို့ ညစာ စားချိန်ကိုသာ တနာရီပြီး တနာရီ ရွှေ့ခဲ့ရပါသည်။ သခင်ကြီး ပြန်လာမည့် အရိပ်လက္ခဏာကိုကား မတွေ့ရပေ။ ကလေးတွေလည်း ခြံ၀ ထွက်ထွက် မျှော်ရသဖြင့် မောလှပေပြီ။ မှောင်လည်း လာပေပြီ။ မစ္စက်အန်းရှောသည် ကလေးတွေကို သိပ်ရန် အိပ်ရာ ပြင်လေတော့သည်။ ကလေးတွေကမူ သူတို့ အဖေ ပြန်အလာကို မအိပ်သေးပဲ စောင့်နေချင်သေးကြောင်း သနားစဖွယ် ပြောကြပါသည်။ ဆယ့်တနာရီလောက်တွင် တံခါးမင်းတုပ်သည် အညင်အသာ လှုပ်ရှားလာပြီး သခင်ကြီး ဝင်လာပါတော့သည်။ သခင်ကြီးသည် သူ့ကိုယ်ကို ကုလားထိုင်ပေါ် ထိုင်ချလိုက်ပြီး ရယ်မော သည်းတွားနေပါတော့သည်။ ခရီးပန်းလာပုံလည်း ရပါသည်။ အိမ်သား အားလုံးကို သူကနားသို့ ခေါ်လိုက်ပါသည်။
“သေချင်စော်ကို နံရောပဲဟ’ သခင်ကြီးသည် လက်ထဲတွင် ပွေ့လာသော အပေါ် ကုတ်အင်္ကျီကြီးကို ဖြေပြယင်း စကား စပါလေတော့သည်။ 'ကြည့်စမ်း မိန်းမရေ၊ ကိုယ်ဖြင့် ဒီတခါလောက် ပင်ပန်းတာမျိုး မကြုံဖူးပါဘူး၊ မကောင်းဆိုးဝါးတွေဆီက ခေါ်လာသလို မည်းမည်း ကြုတ်ကြုတ်ကလေး ဖြစ်ပေမယ့် အေး၊ မင်းအဖို့တော့ ဘုရားသခင်က ပေးသနားတဲ့ လက်ဆောင် အဖြစ်သာ လက်ခံပေတော့”
ကျွန်ုပ်တို့အားလုံးမှာ သခင်ကြီး ပတ်ပတ်လည်မှာ ဝိုင်းအုံနေပါတော့သည်။ ကျွန်ုပ်သည် မစ္စကေသီ၏ ခေါင်းပေါ်မှ ကျော်၍ ညစ်တီး ညစ်ပတ်၊ စုတ်စုတ်ပြတ်ပြတ်၊ ဆံပင်မည်းမည်းနှင့်ကလေးကို ချောင်းကြည့်လိုက်ပါသည်။ ကောင်ကလေးမှာ စကားပြောနိုင်၊ လမ်းလျှောက်နိုင်သော အရွယ်ဖြစ်ပါသည်။ မျက်နှာကို ကြည့်ရခြင်းဖြင့် ကေသီထက် အသက်ကြီးပုံ ရပါသည်။ ကလေးငယ်သည် မတ်တတ်ရပ်ပြီး ပတ်လည်ကို မသိနားမလည်သလို ကြည့်နေပြန်ပါသည်။ သူ့အကြည့်ကို မည်သူမျှ နားမလည်နိုင်ပါ။
ကျွန်မသည် ထိုကလေးကို ကြည့်ပြီး ချောက်ချား သွားပါသည်။ မစ္စက်အန်းရှောသည်ပင် ကလေးကို ကောက်ပြီး တံခါးအပြင်ဘက်သို့ လွှင့်ပစ်တော့မလို ဖြစ်သွားပါသည်။ ထို့နောက်မှ သူ့ခင်ပွန်းအား သည်လို ကလေကချေကလေး ခေါ်လာရသည့်အတွက် အပြစ်ဆိုပါသည်။ ကိုယ့်အိမ်မှာ ကျွေးမွေးပြုစုစရာ ကလေးတွေ ရှိပြီးဖြစ်လျက် ခေါ်လာရပါ့မလားဟုလည်း အပြစ်တင်ပါသည်။ မည်သည့် ရည်ရွယ်ချက်ဖြင့် ဤကလေးကို ခေါ်လာရပါသနည်း၊ ရူးများနေသလား ဟုလည်း ပြောပါ၏။ ထိုအခါ သခင်ကြီးက အဖြစ်အပျက်ကို ကြိုးစား ရှင်းပြပါသည်။ ၎င်းပြနေရစေကာမူ သခင်ကြီးမှာ ခရီးပန်းပြီးနုံးချည့်း နေပါလေပြီ။ သခင်ကြီးက သူသည် လီဗာပူမြို့ လမ်းပေါ်တွင် ဤကလေးကို စားရမဲ့၊ ခိုးကိုးရာမဲ့အရပ် တွေ့ရခြင်းဖြစ်ကြောင်း၊ တွေ့တွေ့ချင်း ကလေးကို ကောက်ယူပြီး ပိုင်ရှင်ကို စုံစမ်းခဲ့သေးကြောင်း မိဘတွေကို မသိကြကြောင်း၊ ထိုအချိန်က သူ့မှာ ပိုက်ဆံလည်း သိပ်မရှိ။ ပိုင်ရှင် တဦးတယောက်မျှ မတွေ့ရကြောင်း၊ မည်သူကမျှလည်း အချိန်ကလည်း သိပ်မရှိတော့သဖြင့် အိမ်ကို ခေါ်သွားတာ အကောင်းဆုံးပဲ ဟု ဆုံးဖြတ်ပြီး ခေါ်လာခဲ့ခြင်း ဖြစ်ကြောင်း ရှင်းပြပါလေသည်။ အဆုံးတွင် သခင်မသည် သူ့ကိုယ်သူ မြည်တွန်တောက်တီးပြီး ငြိမ်နေလိုက်ပါတော့သည်။ သခင်ကြီးကမူ ကျွန်မအား ကလေးကို ရေမိုးချိုးပြီ အဝတ်လဲပေး၍ ကလေးတွေနှင့် အတူ သိပ်ရန် ခိုင်းလိုက်ပါလေသည်။
ဟင်ဒလီနှင့် ကေသီတို့သည် ဘာမျှ မပြောပဲ ကလေးကို စူးစိုက်ကြည့်ယင်း သူတို့အဖေ ပြောသမျှကို နားထောင်နေခဲ့ကြပါသည်။ ပြီးလျှင် ကလေးနှစ်ယောက်စလုံး သူတို့အဖေ အိတ်ထဲတွင် ဝယ်လာမည်ဟု ကတိပေးခဲ့သော လက်ဆောင်ပစ္စည်းကို ရှာကြပါတော့သည်။ ထိုအချိန်က ဟင်ဒလီမှာ ဆယ့်လေးနှစ်အရွယ် ဖြစ်ပါသည်။ ဟင်ဒလီသည် အဖေ့အိတ်ထဲမှ ကျိုးပဲ့နေသော တယောကလေး ဆွဲထုတ်လိုက်ပါသည်။ ဟင်ဒလီ့အဖေသည် တယောကလေးကို ကုတ်အင်္ကျီနှင့် ထုပ်ယူခဲ့သဖြင့် ကုတ်အင်္ကျီထဲ ထည့်ယူလာသော တယောသည် ကျိုးသွားခဲ့ပုံ ရလေသည်။ ဟင်ဒလီသည် သူ့အတွက် တယောကလေး ကျိုးနေသည်ကို တွေ့ရလျှင် သံကုန်ဟစ်၍ အော်ငိုပါလေတောသည်။ ကေသီလည်း သူ့အတွက် ကြာပွတ်ကို ရှာရာ ကြာပွတ်မှာလည်း ထိုကလေးကို ဂရုစိုက်ရလွန်းသဖြင့် ကျပျောက်နေခဲ့ပုံ ရပါသည်။ ထို့ကြောင့် ကေသီက ကလေးဘက်လှည့်ပြီး. တံတွေး ထွေးလိုက်သဖြင့် သူ့အဖေ၏ အပြစ်တင် ခံလိုက်ရပါသေးသည်။
သူတို့ မောင်နှမ နှစ်ယောက်စလုံးက ထိုကလေးနှင့် အတူ အိပ်ရန် ငြင်းပယ်ရုံမက ထိုကလေးအား သူတို့ အခန်းထဲသို့ပင် အသွင်းမခံကြပါ။ ထို့ကြောင့် ကျွန်မလည်း စဉ်းစားမရသဖြင့် ကလေးကို လှေကားထစ်မှာ ထားလိုက်ပါတော့သည်။ ကလေးကလည်း အသံ ကြား၍ပေလား၊ ကံကောင်းထောက်မ၍ပေလား မဆိုနိုင်။ သခင်ကြီး အခန်းဆီသို့ လွှား၍ တက်သွားခဲ့ရာ သခင်ကြီးတွေ့လေလျှင် ကျွန်မမှာ အဆူပူ အကြိမ်းမောင်း ခံရပါလေတော့သည်။
ထိုအဖြစ်အပျက်များကား ဤမိသားစုကြားတွင် ဟိကလစ် စတင် ရောက်ရှိလာသော အဖြစ်အပျက်များတည်း။ သူရောက်လာပြီး ရက်အနည်းငယ် အတွင်းမှာပင် သခင်ကြီးသည် ထိုကလေးကို “ဟိကလစ်” ဟူသော ကိုယ်ပိုင်အမည် ပေးခဲ့ခြင်း ဖြစ်ပါသည်။ စင်စစ် ဤအမည်ကား ကလေးဘဝကပင် ကွယ်လွန်ခဲ့သော သူတို့ သားကလေး၏ အမည် ဖြစ်ပါသည်။ ဤသို့ဖြင့် သူ့အမည်သည် ဟိကလစ်ဟု တွင်ခဲ့ပါလေ၏။ မကြာခင် ရက်အတွင်း ကေသီနှင့် သူတို့သည် ရင်းနှီးလာကြပါ၏။ ဟင်ဒလီကမူ သူ့ကို မုန်းပါသည်။ အမှန်ဆိုရလျှင် ကျွန်မလည်း သူ့ကို မုန်းပါသည်။ ကျွန်မအဖို့ သူနှင့်အတူ နေရသည်မှာ ရှက်ဖွယ်လည်း ဖြစ်သည်။ စိတ်မချမ်းမြေ့ဖွယ်လည်း ဖြစ်သည်ဟု ထင်ပါသည်။ အကျိုးအကြောင်းကိုကား ရှင်းမပြတတ်ပါ။ သခင်မကား ထိုကလေးနှင့် ပတ်သက်၍ ဘာမျှ မပြောတော့ပါ။
သူသည် ကြိတ်မှိတ် သည်းခံနိုင်စွမ်းသော ကလေးတယောက် ဖြစ်ပုံရပါသည်။ နှိပ်စက်ညှဉ်းပန်းခြင်းတို့ကို သူ အောင့်အည်း ခံယူရှာပါသည်။ ဟင်ဒလီ ရိုက်သမျှ နှက်သမျှကိုလည်း မျက်ရည်မကျ၊ မျက်မှောင် မကုပ်ပဲ ခံယူနိုင်ပါသည်။ အခန့်မသင့်၍ ကျွန်မ လိမ်ဆွဲသည်ကိုပင် သူက သူ့အပြစ်နှင့်သူ ခံရသည့်အလား မည်သူအားမျှ အပြစ်မပြောပဲ မျက်လုံးအပြူးသားနှင့် အောင့်ခံခဲ့ပါသည်။ ဤသို့ အောင့်ခံလေလေ ဟင်ဒလီကလည်း အနိုင်ကျင့်လေလေ ဖြစ်ပါသည်။ ထိုအကြောင်းကို သခင်ကြီး သိသောအခါ ဒေါသူပုန် ထပါလေတော့သည်။ သားဖြစ်သူကို ခေါ်၍လည်း မိဘမဲ့ လူဆင်းရဲကလေးတယောက်ကို အနိုင်ထက် ညှဉ်းပန်းရပါ မလားဟု ဆူပူကြိမ်းမောင်းပါလေတော့သည်။
သခင်ကြီးသည် ဟိကလစ် အပေါ်တွင် အံ့ဩလောက်အောင်ပင် ယုံကြည်ပါသည်။ ဟိကလစ် ပြောသမျှကိုလည်း ယုံကြည်ပါသည်။ ဟိကလစ်ကို သမီး ကေသီထက်ပင် အရေးပေးလာပါတော့သည်။ နှစ်နှစ်လောအကြာတွင်သခင်မ မစ္စက်အန်းရှော ကွယ်လွန်ပါသည်။ ဟိကလစ်သည် ရောက်လာသည့် အချိန်မှစ၍ ဤအိမ်ကြီးတွင် စိတ်မချမ်း မြေ့ဖွယ်ရာများကို ဖန်တီးလာခဲ့သည်ဟု ဆိုရပါမည်။ သူနှင့် ပတ်သက်၍ ဟင်ဒလီသည် သူ့အဖေကို ဖိနှိပ်သူ တယောက်အဖြစ် မြင်လာပါသည်။ ဟိကလစ်ကိုလည်း သူ့အဖေအကြိုက် လိုက် အခွင့်ကောင်းယူပြီး မျက်နှာသာရအောင် ကြိုးစားနေသူအဖြစ် မြင်လာပါသည်။ ဟိုကလစ်က ဤသို့သော ဒဏ်ရာဒဏ်ချက်တို့ဖြင့် ဘဝကို ခါးသီး လာပုံရပါသည်။ ကျွန်မ တခါတလေတော့ သူ့ကို သနားမိပါ၏။
ကလေးတွေ ဝက်သက်ဖြစ်သော ကာလ၌ ကျွန်မ သူတို့ကို ပြုစုရပါလေတော့သည်။ ထိုကာလ၌ ကျွန်မ စိတ်ထား ပြောင်းလာခဲ့ပါသည်။ ဟိကလစ်လည်း အပြင်းဖျားခဲ့ပါသည်။ သူ အိပ်ရာထဲမှာ လဲနေပါသည်။ အခြေအနေကလည်း ဆိုးပါသည်။ သူ ကျွန်မကိုသာ အားထားရာအဖြစ် သူ့အိပ်ရာဘေးမှာ အမြဲ ရှိစေချင်ပုံ ရပါသည်။ ကျွန်မသူ့ကို ဂရုစိုက်မှပဲဟု သဘောရလာပါသည်။ သူသည် မကျန်းမာသော်လည်း အေးဆေးလှပါသည်။ အခြားကလေးတွေနှင့် စာလျှင် သူ့ကို ပိုပြီး ကရုဏာ သက်သာစေပါသည်။ ကေသီနှင့် သူ့အစ်ကိုမှာ ကျွန်မကို အလွန်ပဲ ဂျီကျကြပါသည်။ သူကမူ သိုးငယ်ကလေးတကောင်လို ဘာမျှ အထွန့်မတက်ရှာပါပေ။
ကျွန်မ သူ့ကို ဂရုစိုက်ယင်း ဟင်ဒလီကိုပင် ဂရုမစိုက်အားသလို ဖြစ်လာပါသည်။ သူ့ကို အရေးပေးသဖြင့် သခင်ကြီး ကိုယ်တိုင်ပင် ကျွန်မကို သဘောကျလာပါသည်။ သူသည် သခင်ကို မစော်ကားတတ်ပါ။ ဘာမျှ မသိသလိုသာ နေတတ်ပါသည်။ တအိမ်လုံးကပင် သူ့ကို အရေးပေးလာရပါတော့သည်။
ကျွန်မ မှတ်မိသော အဖြစ်အပျက်တခု ရှိပါသည်။ တခါတွင် သခင်ကြီးသည် မြင်းကလေးနှစ်ကောင် ဝယ်လာပြီး သူငယ်နှစ်ယောက်အား တကောင်စီ ပေးပါသည်။ ဟိကလပ်က အလှဆုံးတကောင်ကို ယူပါသည်။ သို့သော်လည်း သူ မြင်းကလေး လဲကျခြေကျိုးသွားကြောင်း သိရသည်နှင့် သူက ဟင်ဒလီအား ဤသို့ ပြောပါလေသည်။
“မင့်မြင်းနဲ့ ငါ့မြင်း လဲကွာ၊ ငါ့မင်းကို ငါ မကြိုက်ဘူး၊ မင်း မလဲယင်တော့ ငါ မင်းတို့အဖေကို ဒီတပတ်အတွင်း မင်းသုံးခါရိုက်တဲ့ အကြောင်း ပခုံးပေါ်က ဒဏ်ရာကြပြီး တိုင်မှာပဲ”
ထိုစကားကိုကြားရသည်နှင့် ဟင်ဒလီက သူ့နားရင်းကို ထအုပ်လိုက်ပါသည်။ ဟိလစ်ကလည်း မြင်းဇောင်းထဲက ထွက်လာပြီး
“မင်း ငါ့ကို လုပ်တယ်ပေါ့လေ၊ ဒီတခါ လုပ်တာပါ တိုင်ပြောမယ်'ဟု ဆိုပါလေ၏။
ထိုအခါ ဟင်ဒလီက..
‘ခွေးကောင် ထွက်ကူားစမ်း” ဆိုပြီး မြက်ခြောက် လှမ်းသည့်အခါ အပေါ်မှဖိသော သံတုံးကို ကိုင်လျက် ပစ်မည့်ဆဲဆဲ ခြောက်လှန့်ပါ လေတော့သည်။
သည်တော့ သူက ရပ်လျက်ကနေပြီး
“ပစ်စမ်းပါ၊ မင်းအဖေမရှိယင် မင်း ငါ့ကို ဒီအိမ်က မောင်းထုတ်မယ်လို့ မင်းကြွားတတ်ပုံကို ငါတိုင်ပြောလိုက်မှာပေါ့၊ ဒီတော့ မင်းကိုပဲ နှင်ထုတ်မလား၊ ငါ့ကိုပဲ နှင်ထုတ်မလားဆိုတာ ကြည့်ရသေးတာပေါ့” ဟု ပြောလိုက်သည်နှင့် ဟင်ဒလီက သံတုံးနှင့် လှမ်းပစ်လိုက်ရာ သံတုံးသည် သူ့ရင်ဘတ်ကို မှန်ပြီး သူလည်း လဲကျသွားပါတော့သည်။ သို့သော် ချက်ချင်းပင် ဒယိမ်းဒယိုင်ဖြင့် ပြန်ထလာပါသည်။ ကျွန်မလည်း သူ့သခင်ကြီး သွားတိုင်လျှင် အခြေအနေဆိုးကုန်မည် စိုးသဖြင့် သူ့ကို တားရပါတော့သည်။ ထိုအခါမှပင် ဟင်ဒလီလည်း အခြေအနေကို သတိပြုမိ ဟန်ဖြင့်
“အေး၊ မင်း ငါ့မြင်းကို ယူပေါ့ ကလေကချေကောင်ရေ၊ ငါ့မြင်းက မင်းလည်ပင်းကို ချိုးပစ်လိုက်စမ်းပါလို့ ငါ ဆုတောင်းလိုက်ပါတယ်၊ ယူသွားလေကွာ၊ အလကား ကယ်ပါလို ကောင်၊ ငါ့အဖေပစ္စည်းတွေ ချိုင်စားနေတဲ့ကောင်၊ ဂြိုဟ်ကောင်၊ ယူသွားလေကွာ၊ ကြည့်နေပါ ငါ့မြင်းက မင်းခေါင်းကို ရိုက်ခဲ့မှာပဲ” ဟု ပြောပြီး သူ့ကို ခြေထောက်နှင့် ကန်လိုက်ပါသေးသည်။ ထို့နောက် နေရာမှထွက်သွား ပါလေတော့သည်။
ဟိကလစ်လည်း မြင်းကို ကြိုးဖြေပြီး သူ့ဇောင်းထဲသို့ သွင်းလိုက်ပါသည်။ ဘာမျှ မဖြစ်သလို ခပ်အေးအေးပင် မြင်းကကြိုးတန်ဆာများကို လဲနေလိုက်ပါသည်။ ပြီးလျှင် ခဏမျှ ထိုင်လိုက်ပါသေးသည်။ သူသည် မကျေနပ်ချက်ကို ဖွင့်ဟခဲသော သူငယ်တယောက် ဖြစ်ပါသည်။ ထို့ကြောင့်လည်း ကျွန်မသည် သူ့ကို လက်တုံ့ ပြန်တတ်သူတယောက် ဖြစ်လိမ့်မည်မဟုတ်ဟု အောက်မေ့ခဲ့ပါသည်။
.jpg)

Comments
Post a Comment