အခန်း [ ၃ ]
ဇီလာသည် ကျွန်ုပ်အား အပေါ်ထပ်သို့ ဦးဆောင် ခေါ်သွားယင်း ဖယောင်းတိုင်ကို ဝှက်ထားရန်နှင့် အသံဗလံမပြုရန် မှာထားပါသည်။ ကျွန်ုပ်နေရမည့် အခန်းနှင့် ပတ်သက်၍ သူ့သခင်၌ အစွဲအလမ်းတခု ရှိနေကြောင်းနှင့် ထိုအခန်းတွင် မည်သူ့ကိုမျှ တည်းခိုခွင့် မပြုကြောင်း ပြောပြပါသည်။ ထိုအခါ ကျွန်ုပ်က အကြောင်းရင်းကို မေးပါသေးသည်။ သူက သူ မသိကြောင်း၊ သူ ဤအိမ်ကို ရောက်သည်မှာ တနှစ် နှစ်နှစ်မျှသာ ရှိသေးကြောင်း၊ ဤအိမ်သားတွေကြားမှာ အဆန်းတကြယ်များဖြစ်ပေါ်နေကြောင်း၊ သူ့အနေနှင့် ဤကိစ္စတွေကို မစူးစမ်းမိသေးကြောင်း ရှင်းပြပါသည်။
ကျွန်ုပ်သည် အံ့အားတသင့် ဖြစ်နေရပါလေတော့သည်။ ကျွန်ုပ်သည် အခန်းတံခါးကို ကန့်လန့်ချပြီး အိပ်ရာအတွက် အခန်းအတွင်း အခြေအနေကို ကြည့်လိုက်မိပါသည်။ အခန်းတွင်း ပရိဘောဂများကား ကုလားထိုင်တလုံး၊ အဝတ်သေတ္တာတလုံးနှင့် အလွန်ကြီးမားသော ဝက်သစ်ချသား သေတ္တာကြီးတလုံးသာ ရှိပါသည်။ သေတ္တာကြီးမှာ အပေါ်ပိုင်း၌ မြင်းရထား တံခါးပေါက်များသဖွယ် လေးထောင့် အပေါက်များ ဖောက်ထားသည်။ ကျွန်ုပ်သည် သေတ္တာကြီးနားသို့ ကပ်သွားပြီး သေသေချာချာ ကြည့်လိုက်သောအခါ သေတ္တာကြီးမှာ ရှေးခေတ်သုံး ခုတင်ကြီးအဖြစ် တွေ့ရလေတော့သည်။ ထိုခုတင်ကြီးမျိုးမှာ ပြတင်းပေါက်ပါသော အခန်းတခုသဖွယ် ဖြစ်သည်။ ကျွန်ုပ်သည် ခုတင်ထဲသို့ ဝင်လိုက်ပြီး တံခါးပေါက်များကို ပိတ်လိုက်ပါတော့သည်။ ကျွန်ုပ်ကား ဟိကလစ်၏ အန္တရာယ်မှ လုံခြုံသွားပါလေတော့သည်။
ကျွန်ုပ်သည် ပြတင်းဘောင်ပေါ်တွင် ဖယောင်းတိုင်ကို တင်ထားလိုက်ပါသည်။ ထောင့်တနေရာ၌ မှိုတက်နေသော စာအုပ်များကို တွေ့ရသည်။ ပြတင်းဘောင်ပေါ်တွင် ဆေးသုတ်ထားပြီး နာမည်များ ရေးခြစ်ထား၏။ နာမည်အားလုံးမှာ ကက်သရင်းအန်းရှော ဟူသော အမည်မှ ဆင့်ပွားထားပုံရ၏။ ကတ်သရင်း ဟိကလစ်ကိုလည်း တွေ့ရ၏။ ကက်သရင်း လင်တန် ဟူသော အမည်ကိုလည်း တွေ့ရသည်။
ကျွန်ုပ်သည် ပင်ပန်းနွမ်းနယ်လှစွာဖြင့် ပြတင်းပေါက်ကို ခေါင်းမှီယင်း မျက်လုံးမှိတ်သွားသည်အထိ အန်းရော၊ ဟိကလစ်၊ လင်တန် ဟူသော စာလုံးပေါင်းများကို အဆက်မပြတ် စိတ်ဖြင့် ရေရွတ်နေပါသည်။ သို့သော် ထိုအမည်များမှာ အာရုံ၌ ငါမိနစ်မျှပင် မစွဲမြဲပါ။ အမှောင်ထဲတွင် အဖြူရောင် စာလုံးများကိုသာ မြင်ယောင်နေပါ၏။ ထိုစာများမှာ ကက်သရင်းဟူသော အမည်သာ ဖြစ်ပါသည်။ ကျွန်ုပ်သည် ထိုအမည်ကိုလည်း ဆက်လက် စာလုံး ပေါင်းမကြည့်တော့ပါ။ ဖယောင်တိုင် မီးရောင်သည် စာအုပ် တအုပ်ပေါ်၌ ကျရောက်နေပါသည်။ ထိုစာအုပ်ဆီမှ နွားကလေး သားရေနံ့သည် ဟောင်နေသဖြင့် ကျွန်ုပ်သည် ထိုအနံ့ဆိုးကို ထုတ်လိုက်ပြီး စာအုပ်ဟောင်းကို ဆွဲကာ ကျွန်ုပ်ဒူးပေါ်တင်၍ ဖြန့်ကြည့်လိုက်ပါသည်။ စာအုပ်မှာ သမ္မာကျမ်းစာအုပ် ဖြစ်ပါသည်။ အဟောင်းအမြင်း အနံ့အသက်မှာလည်း လှောင်နေပါလေပြီး။ စာအုပ်၏ ပထမမျက်နှာပေါ်၌ “ကက်သရင်း အန်းရှော၏ စာအုပ်"ဟူသော ကမ္ပည်းနှင့် လွန်ခဲ့သော အနှစ် အစိတ်က ရက်စွဲကို စာအုပ်၏ အတွင်း တွေ့ရပါသည်။
ကျွန်ုပ်သည် ထိုစာအုပ်ကို ပြန်ပိတ်လိုက်ပြီး အခြား စာအုပ်များကို တအုပ်ပြီးတအုပ် ယူ၍ လေ့လာကြည့်မိပြန်ပါလေသည်။ ကက်သရင်း၏ စာကြည့်တိုက်မှ လက်ရွေးစင်စာအုပ်များ ဖြစ်ပုံရပါသည်။ စာအုပ်များမှာ အကြိမ်ကြိမ် သုံးစွဲထားသဖြင့် ပျက်စီးယိုယွင်းစ ပြုနေပါပြီ။ စာမျက်နှာတိုင်းရှိ နေရာလွတ်တိုင်းတွင် မင်ဖြင့် ရေးခြစ်ထားသည်မှာလည်း နေရာမလွတ်အောင်ပင် ရှိပါသည်။ ရေးသားထားသော ဝါကျများမှာ နေ့စဉ်မှတ်တမ်းသဖွယ် ဖြစ်ပြီး လက်ရေးလက်သားမှာ ကလေးလက်ရေး ဆန်လှပါသည်။ စာအုပ်တွင်း စာရွက်လွတ် မျက်နှာပေါ်၌ ဂျိုးဆက်၏ ပုံတူ ခပ်ကြမ်းကြမ်း ရေးဆွဲထားသဖြင့် ကျွန်ုပ်သည် ပြုံးလိုက်မိသေး၏။ ကျွန်ုပ်သည် စာအုပ်များကို လှန်လှောကြည့်ယင်း ကက်သရင်းကို စိတ်ဝင်စားသည့်အလျောက် စာအုပ်ထဲတွင် ရေးထားသော နေ့စဉ်မှတ်တမ်းကို ဖတ်ကြည့်လိုက်မိပါတော့သည်။
“စိတ်ပျက်စရာ တနင်္ဂနွေနေ့ပါကလား၊ အဖေ ရှိစေချင်တယ် ဟင်ဒလီ ရှိနေပေမယ့် ဟင်ဒလီဟာ မုန်းစရာပဲ၊ သူက ဟိကလစ်ကိုများဆိုသိပ် အနိုင်ကျင့်ချင်တာပဲ၊ သည်ညနေတော့ ကိုယ်နဲ့ ဟီကလပ်ဟာ သူ့ကို စပြီး တော်လှန်ဖို့ ပထမ ခြေလှမ်းကို လှမ်းလိုက်ကြပြီ။
“တနေ့လုံး မိုးလေသည်းပြီး အပြင်ဘက်မှာ ရေချည်းပဲ၊ ကိုယ်တို့ ဘုရားရှိခိုးကျောင်းကို မသွားနိုင်ဘူး၊ ဒါကြောင့် ဂျိုးဆက်က အပေါ်ထပ် ဘုရားဆောင်ကို တက်သွားတယ်၊ ဟင်ဒလီနဲ့ သူ့မိန်းမကတော့ အောက်ထပ် မီးဖိုဘေးမှာ ဇိမ်နဲ့ ထိုင်နေကြတယ်၊ အဲဒီတုန်းမှာပဲ ကိုယ်နဲ့ ဟိကလစ်တို့ကို ဘုရားစာအုပ်ယူပြီး အပေါ်တက်သွားဖို့ အမိန့်ပေးတာနဲ့ ကိုယ်တို့ အပေါ်ထပ် ဘုရားဆောင်ထဲကို လာခဲ့ရတယ်၊ ချမ်းလိုက်တာကလဲ ခိုက်ခိုက်တုန်နေတာမို့ ဂျိုးဆက်ဟာ ကိုယ်တို့ကို ခဏကလေးပဲ ဘုရား အာရုံပြုခိုင်းမယ်ထင်တာပေါ့၊ ကိုယ့်အထင်ဟာ အလကားပဲ၊ အပေါ်ကျတော့ ဘုရားဝတ်ပြုတာ သုံးနာရီလောက်ကြာတယ်၊ ဒါတောင် ကိုယ်တို့ ပြန်ဆင်းလာတော့ ကိုယ့်အစ်ကိုက “ဒါပဲလား” ဆိုပြီး မကျေနပ်စကား ဆိုသေးတယ်၊ တနင်္ဂနွေ၊ ညနေတွေမှာ အသံဗလံ ဆူဆူညံညံ မလုပ်ယင် ကိုယ်တို့ ကစားခွင့် ရလေ့ရှိပါတယ်၊ ခုတော့ အခန်းထောင့် တနေရာမှာ ကျိတ်ရယ် နေရုံပဲ ရှိတယ်။
“အဲဒီတုန်းမှာပဲ အစ်ကို ဟင်ဒလီက “မင်းတို့မှာ သခင်ရှိတယ်ဆိုတာ မမေ့ပါနဲ့၊ ငါ့ကို စိတ်တိုအောင် လုပ်ယင်တော့ မလွယ်ဘူးမှတ်၊ မင်းတို့ နှစ်ယောက်စလုံး ငြိမ်ငြိမ်တိတ်တိတ်နေပါ၊ ဟေ့သူငယ် ဘာလုပ်တာလဲကွ၊ ဖရန့်၊ အချစ်ရေ၊ မင်း အဲဒီ ကောင်လေး ဆံပင်ကို ဆွဲစမ်းကွာ၊ သူ့ဆီက လက်ဖြောက်တီးသံ ကြားလိုက်တယ်ကွ”ဟု ပြောလိုက်သဖြင့် ဟင်းလီ၏ မိန်းမ ဖရန့်ဆက်သည် သူ့ယောက်ျားဆီ အသွားတွင် ဟိကလပ် ဆံပင်ကိုဆောင့်ဆွဲလိုက်ပါတော့တယ်၊ ပြီးတော့မှသူ့ယောက်ကျား ပေါင်ပေါ်မှာ သွားထိုင်လိုက်ပါတယ်၊ ပြီး ကလေးနှစ်ယောက်လိုပဲ နမ်းလိုက်ကြ၊ အဓိပ္ပာယ်မရှိတဲ့ စကားတွေ ပြောလိုက်ကြ ကိုယ်တို့အဖို့တော့ ရှက်စရာကြီးပါပဲ၊ ကိုယ်တို့လဲ အဝတ်ဗီရိုကြီးဘေးမှာ ကွေးနေကြရတယ်။ ဒီကြားကပဲ အပေါ်ဝတ်ခါးစည်းကိုချွတ်ပြီး ခန်းဆီးကို ချိတ်လိုက်တုန်းမှာပဲ ဂျိုးဆက် ဝင်လာပြီး အဲဒီ ခန်းဆီးကို ဆွဲဖယ်ပစ်လိုက်တယ်။
“ပြီးတော့ သူက သခင်ကြီးကို သင်္ဂြိုဟ်ပြီးရုံပဲ ရှိသေးတယ် ပြီးတော့ ဘုရားဝတ်ပြုပြီးရုံပဲ ရှိသေးတယ်။ ဒီလို ဆော့နေကြတာ ကောင်းသလား၊ စာလေးဘာလေး ဖတ်နေပါလား၊ ဘုရား တရား အောက်မေ့နေပါလား”လို့ ဆိုပြီး စာအုပ်နှစ်အုပ် ကိုယ်တို့ဆီ လှမ်းပစ်ပေးတယ်။
“ကိုယ်က ကိုယ့်ဆီ ရောက်လာတဲ့ စာအုပ်ကို ကောက်ယူပြီး ခွေးတွေဆီ လှမ်းပစ်လိုက်တယ်၊ `အဲဒီ အချိန်မျိုးမှာ စာ မဖတ်ချင်ပါဘူး၊ ဟိကလစ်ကလဲ သူ့ဆီ ရောက်လာတဲ့ စာအုပ်ကို ကန်ပစ်လိုက်တယ်၊ ဝုန်းဒိုင်းကြဲသွားတော့တာပေါ့။
“အဲဒီမှာတွင် ကိုယ်တို့ရဲ့ ဆရာကြီးက အော်တော့တာပါပဲ “သခင် ဟင်ဒလီ ခင်ဗျား၊ ဟောဒီမှာ လာကြည့်စမ်းပါ မစ္စကေသီက ဘုရားစာအုပ်ကို လွှင့်ပစ်သဗျ၊ ဟိကလစ်က ဘုရားစာအုပ်ကို ခြေထောက်နဲ့ ကန်ပစ်သတဲ့၊ ကလေးတွေတော့ အဘိုးကြီး မရှိကတည်းက ပျက်စီးကုန်ပါပြီ။
အဲဒါနဲ့ ဟင်ဒလီကလဲ သူဇိမ်ခံနေတဲ့ မီးဖိုနားက ထလာပြီ ကိုယ့်ကို အင်္ကျီလည်ကုပ်ကဆွဲ၊ နောက်တယောက်ကိုတော့ လက်ဆွဲပြီး နောက်ဖေးမီးဖိုဆောင်ထဲ တွန်းပစ်လိုက်တယ်၊ ဒါနဲ့ ကိုယ်လဲ ကိုယ့်အခန်းကို တက်ပြီး ဒီစာအုပ်ကို ဆွဲယူလိုက်တယ် မင်အိုးတလုံးကိုဆွဲပြီး အလင်းရောင်ရအောင် တံခါးကို ဟ ထားလိုက်တယ်၊ ကိုယ့်အဖို့ ဒီစာအုပ်မှာ ရေးဖို့ မိနစ်နှစ်ဆယ်လောက် အချိန်ရပါတယ်။ ဒါပေမယ့် ဟိကလစ်ကတော့ သည်းမခံနိုင်ဘူး၊ အထဲမှာလဲ ချမ်းတာပဲ၊ အပြင်ဘက်မှာလဲ ချမ်းတာပဲ၊ ဒီအတူတော့ အပြင်ဘက်ထွက်ပြီး ဆော့ဖို့ အကြံပေးတယ်၊ ကိုယ်လဲ သဘော ကျကျပဲ၊ အဘိုးကြီးကတော့ ကိုယ်တို့ အိမ်ထဲမှာ ရှိနေလိမ့်မယ် ထင်မှာပဲ”
ကျွန်ုပ်သည် ကက်သရင်းတို့နှစ်ယောက် အပြင်ထွက် ဆော့ကစားနေကြဟန်ကို မှန်းဆမိပါသည်။ နောက်ဝါကျများ၌ကား သူ ငိုကြွေးရသော အဖြစ်ကို `ဆက်လက် ဖော်ပြထားပါသည်။
“ဟင်ဒလီဟာ ကိုယ့်ကို အခုလို ငိုရအောင် လုပ်လိမ့်မယ်လို့ မထင်ခဲ့ဘူး၊ ကိုယ် ငိုရလွန်းလို့ ခေါင်းတောင် ကိုက်နေပြီ၊ ခေါင်းအုံးပေါ်မှာတောင် ခေါင်းချလို့ မရဘူး၊ ဟိကလစ်ဟာ သနားစရာပဲ၊ ဟင်ဒလီက သူ့ကို ကလေကချေ တယောက်လို့လဲ ခေါ်တယ်၊ ကိုယ်တို့နဲ့လဲ အတူ မထိုင်ရဘူး၊ အတူလဲ မစားရ တော့ဘူး၊ ပြီးတော့ သူက ပြောသေးတယ်၊ ကိုယ်နဲ့ ဟိကလစ် အတူ မကစားရတော့ဘူးတဲ့၊ အဲဒီ သူ့ အမိန့်တွေကို မလိုက်နာယင် ဟိကလစ်ကိုလဲ အိမ်က မောင်းချမယ်တဲ့၊ သူက ဟိကလစ်ကို အဖေက ပြုစုစောင့်ရှောက်ခဲ့တာကိုတောင် အပြစ်တင်လိုက်သေးရဲ့၊ ဟိကလစ်ကို နေရာမှန် ပြန်ရောက်အောင် လုပ်ဦးမယ် ဆိုပဲ”
ကျွန်ုပ်သည် မှုန်ဝါးဝါး စာရွက်များကို စူးစိုက်ကြည့်ယင်း ငိုက်မျဉ်း လာပါလေတော့သည်။ ကျွန်ုပ်၏ မျက်လုံးများသည် လက်ရေးစာလုံးများမှ ပုံနှိပ်စာလုံးများဆီသို့ ရောက်သွားပြန်ပါလေသည်။ ပုံနှိပ်စာလုံးမှာ ဆရာတော် ဂျိတ်ဗရင်ဒါဟမ် ဟောမြွက်သော တရားစာများဟုဖတ်လိုက် ရပါသည်။ ကျွန်ုပ်စိတ်မှာ မသိတဝက် သိတဝက် ဖြစ်နေပါလေပြီ။ ဆရာထော် ဂျိတ်ဗရင်ဂါဟမ်သည် အာရုံသို့ ရောက်လာစဉ်မှာပင် ကျွန်ုပ်အိပ်ပျော်သွားပါလေတော့သည်။
သို့သော် ကောင်းကောင်း အိပ်ပျော် သွားပုံ မရပါ။ အိပ်မက်မက်နေဟန် တူပါသည်။ မနက် လင်းလာပြီဟု ထင်နေပါသည်။ ဂျိုးဆက်က လမ်းပြပြီး ကျွန်ုပ်အိမ်သို့ ပြန်လာနေသည်ဟုလည်း ထင်နေပါသည်။ လမ်းတလျှောက်မှာ နှင်းတွေ ဖုံးနေပါသည်။ အိပ်မက်ထဲတွင် ကျွန်ုပ်အိမ်လာသော လမ်းတလျှောက်၌ ဂျိုးဆက်သည် ကျွန်ုပ်ကို အပေါ်စီးနှင့် စကား ဆိုလာပါသည်။ ကျွန်ုပ် သူ စော်ကား မော်ကား လုပ်နေသည်ဟု ထင်လာပါသည်။ ထို့ကြောင့် ကိုယ့်အိမ်ကို မြန်မြန်ရောက်ချင်ပါသည်။ သို့သော် ကျွန်ုပ်စိတ်ထဲမှာ အိမ်ကို သွားနေသည်ဟု မထင်ပဲ စာအုပ်ထဲက ဆရာတော် ဗရင်ဒါဟမ်ထံသို့ သွားနေသည်ဟု ထင်လာပြန်ပါသည်။
အိပ်မက်ထဲတွင် ကျွန်ုပ်သည် ဘုရားကျောင်းထဲသို့ ရောက်လာပါသည်။ ဤနေရာကို ကျွန်ုပ် နှစ်ခေါက်သုံးခေါက် ရောက်ဖူးပါပြီ။ ထိုနေရာကား တောင်ကုန်းနှစ်ခုကြား အနိမ့်ပိုင်း ဖြစ်ပါသည်။ ဆရာတော်သည် တရားတော်ကို ဟောမြွက်နေပါသည်။ ထိုနေရာသို့ စုဝေးရောက်နေသူများကား လူထူးလူဆန်းများချည်း ဖြစ်ပါသည်။
ကျွန်ုပ်သည် ပို၍ပို၍ ပင်ပန်းလားပါသည်။ ကျွန်ုပ်သည် ဝက်သစ်ချသား သေတ္တာခုတင်ကြီးထဲတွင် လဲလျောင်းနေရသော အဖြစ်ကို သတိရလာပါသည်။ လေတဟူးဟူး တိုက်သံနှင့် နှင်းတဖြိုက်ဖြိုက်ကျသံကို အထင်အရှား ကြားလာရပါသည်။ ထင်းရှူးပင် ကိုင်းလက်များ ရိုက်ခတ်သံကိုလည်း ကြားလာရပါ၏။ ထိုအသံများကား စိတ်ကို အနှောင့်အယှက် ဖြစ်စေသဖြင့် ကျန်ုပ်သည် အသံဗလံများကို မကြားရလေအောင် နေရာမှထပြီး တံခါးချိတ်ကို ဖြုတ်ရန် ကြိုးစား ကြည့်လိုက်ပါသည်။ တံခါးပတ္တာသည် မရွှေပဲ ဖြစ်နေပါသည်။ ကျွန်ုပ်သည် အိပ်မက်ထဲတွင် တံခါးကို ကြိုးစား ဝင်ကြည့်နေမိပြန်သည်။ ကျွန်ုပ်သည် ပြတင်းမှန်တံခါးကို လက်ဖြင့်စိုက်ခဲ့ပြီး အပြင်ဘက်က သစ်ကိုင်းကို ဖမ်းမိရန် ကြိုးစားကြည့်ပါသည်။ ကျွန်ုပ်၏ လက်သည် သစ်ကိုင်းဆီသို့ မရောက်မီမှာပင် ရေခဲတမျှ အေးစက်လှသော လက်ချောင်းကလေးများ၏ ဖမ်းဆီးချုပ်ကိုင်ခြင်းကို ရုတ်တရက် ခံစားလိုက်ရပါသည်။ အတော်ကြီး ထိတ်လန့် တုန်လှုပ်သွားပါလေတော့သည်။ လက်ကို ပြန်ရုပ်သော်လည်း တဘက်က လက်များက အခိုင်အမာ ဆုပ်ကိုင်ထားပြီး လှိုက်ဖိုသော ရှိုက်သံနှင့် “ကျွန်မ အထဲဝင်ပါရစေရှင်၊ ကျွန်မ အထဲ ဝင်ပါရစေရှင်”ဟု ပြောလာသောအသံကို ကြားရသည်။
ကျွန်ုပ်သည် သူ့လက်မှ ကျွန်ုပ်လက်ကိုရုန်းယင်း “မင်း ဘယ်သူလဲ”ဟု မေးလိုက်မိပါသည်။ ထိုအခါ ကက်သရင်းလင်တန်ပါ” ဟူသော ကတုန် ကယင်အသံ ထွက်လာပါသည် (ကျွန်ုပ်သည် “အန်းရော” ဟူသော အမည်ကို ကြိမ်ဖန်များစွာ ဖတ်ခဲ့ရပါလျက် အဘယ်ကြောင့် “လင်တန်”ကို စွဲလမ်းနေရပါသနည်း)။
“ကျွန်မ အိမ်ကို ပြန်လာတာပါရှင်၊ ကျွန်မ ကွင်းထဲမှာ မျက်စိလည်နေလို့ပါ ပြတင်းပေါက်အပြင်မှ လှမ်းကြည့်နေသော ကလေးငယ်၏ ရုပ်သွင်ကို မြင်လာရသည်။ ကျွန်ုပ် ကြောက်ရွံ့ တုန်လှုပ်လာပါတော့သည်။ ကျွန်ုပ်လက်ကို ကိုင်ထားသော သူ့လက်ကို အတွင်းသို့ ပါလာသည်အထိ ကျွန်ုပ်လက်ကို ရုပ်လိုက်ရာ သူ့လက်မှာ မှန်ကွဲများနှင့် ရှပြီး သွေးများ စီးကျလာပါတော့သည်။ အိပ်ရာခင်းမှာ သွေးတွေနှင့် ရဲသွားပါ၏။ သူကား “ကျွန်မ အထဲဝင်ပါရစေရှင်’ ဟူသော စကားကို သည်းညူနေဆဲ ဖြစ်ပါသည်။ ကျွန်ုပ်လက်ကိုလည်း မလွှတ်သေးပါ။ ကျွန်ုပ်သည် ရူးမတတ် ကြောက်လာပါတော့သည်။
နောက်ဆုံးတွင် ကျွန်ုပ်က ‘ငါဘယ်လို လုပ်ရမှာလဲဟ၊ နင် အထဲ ဝင်ချင်ယင် ငါ့လက်တွေကို လွှတ်မှပေါ့” ဟု ဆိုလိုက်သဖြင့် သူ့ လက်များကို လျော့ဖြေပေးပါတော့သည်။ ကျွန်ုပ်လည်း ကျွန်ုပ်လက်ကို ချက်ချင်း ရုပ်သွင်းလိုက်ပြီး ပြတင်းပေါက် မှန်ကွဲနေရာကို စာအုပ်တွေ ဆင့်ပြီး ပိတ်လိုက်ပါတော့သည်။ အပြင်ဘက်က အသံကို မကြားရအောင် နားကို ပိတ်ထားလိုက်ပါသည်။ ဆယ့်ငါးမိနစ်လောက် ကြာသွားသည် ထင်ပါ၏။ ထို့နောက် စိတ်ပျက် အားလျော့စွာ ညည်းညူနေသော အသံသည် ထွက်ပေါ်လာပြန်ပါလေသည်။
“သွားစမ်းကွာ၊ နင် အနှစ်နှစ်ဆယ် ကြာအောင် တောင်းပန်နေလဲ ငါကတော့ နင့်ကို ဝင်ခွင့်ပြုမှာ မဟုတ်ဘူး' ဟု အော်ပစ်လိုက်ပါတော့သည်။
“ဟုတ်ပါတယ်၊ ဟုတ်ပါတယ်၊ ကျွန်မ အနှစ်နှစ်ဆယ်လုံးလုံး အပြင်ဘက်မှာ လေလွင့်နေခဲ့တာပါရှင်' ဟူသော ခပ်ညည်းညည်း အသံကို ကြားရပြန်သည်။
အပြင်ဘက်မှ ကုတ်ခြစ်သံများကို ကြားလာရပြန်သည်။ ပြတင်းပေါက် အကွဲနေရာကို ပိတ်ထားသော စ၁အုပ်သည် ရွှေ့လာသည်ဟု ထင်ရ၏။ ကျွန်ုပ်သည် ထခုန်နိုင်ရန် ကြိုးစားကြည့်ပါ၏။ ခန္ဓာကိုယ်သည် လှုပ်ရှား၍ မရပါ။ ထို့ကြောင့် ကြောက်လန့်တကြား သံကုန်အော်လိုက်ပါတော့သည်။ ကျွန်ုပ်သည် အိပ်မက်ထဲမှာ အော်လိုက်သော်လည်း တကယ် အသံထွက်သွားသလား၊ မသွားဘူးလား မသေချာပါ။ သုတ်သုတ်ပျာပျာ ခြေသံများ တံခါးနားရောက်လာသည်ကို သတိပြုမိပါသည်။ အားကောင်းမောင်းသံ လက်ကြီးဖြင့် တံခါးကို တွန်းဖွင့် လိုက်ပါသည်။ ကျွန်ုပ် ခုတင်အမိုးပေါက် လေးထောင့်ကွက်များမှ မီးရောင်မိန်ပြန်ကို ပြင်ရပါသည်။ ကျွန်ုပ်သည် ခုတင်ပေါ်မှာပင် လှဲနေရာမှ ထထိုင်လိုက်ပါသည်။ ကြောက်သေး မပြယ်သေးပဲ တုန်နေပါသည်။ နဖူးပေါ်မှ ချွေးစေးများကို လွှတ်ချလိုက်ပါသည်။
အခန်းထဲသို့ ဝင်လာသူသည် သူ့ဘာသာ တကိုယ်တည်း ညည်းတွားပြောတိုယင်း တုံ့ဆိုင်းဆိုင်း ဖြစ်နေပါသေးသည်။ နောက်ဆုံးမှပင် အဖြေကို မမျှော်လင့်ဟန်ဖြင့် “အခန်းထဲမှာ ဘယ်သူရှိသလဲ ဟေ့” ဟု ခပ်တိုးတို့ မေးပါသည်။
ကျွန်ုပ်သည် ကျွန်ုပ်နေကြောင်း ဝန်ခံလိုက်ရုံသာ ရှိပါတော့သည်။ မဟုတ်လျှင် သူလည်း ကြောက်ကြောက်လန့်လန့်ဖြင့်အခန်းထဲမှာ ရှာလား ဖွေလား လုပ်ပါတော့မည်။ ထို့ကြောင့် ကျွန်ုပ်သည် ခုတင်အံဖုံးကို ဖွင့်လိုက်ပါသည်။ ကျွန်ုပ်အိပ်မက်တွင် ကြောက်လှန့်တကြား အော်လိုက်သည့်အဖြစ်ကို မေ့မရပါ။
ဟိကလစ်သည် အခန်းဝတွင် အပ်အစား အပြည့်အစုံနှင့် ရပ်နေပါသည်။ လက်ထဲမှ ဖယောင်းတိုင် မီးရောင်တွင် သူ့မျက်နှာသည် သူ နောက်က နံရံအတိုင်း ဖြူဖွေးနေပါသည်။ ကျွန်ုပ် ခုတင် ဖွင့်သံကြောင့် သူ့တုန်သွားပြီး လက်ထဲက ဖယောင်းတိုင်သည် လွတ်ကျသွားပါလေတော့သည်။ သူသည် လွှတ်ကျသားသော ဖယောင်းတိုင်ကို ရုတ်တရက် မကောက်နိုင်သေးပါ။
“ဧည့်သည်ပါ ခင်ဗျား၊ ကျွန်တော် အိပ်ပျော်နေယင်း အိပ်မက်ဆိုး မက်တာနဲ့ လန့်အော်မိလို့ ခင်ဗျားကို အနှောင့်အယှက်ပြုသလို ဖြစ်မိတဲ့အတွက် တောင်းပန်ပါတယ်ဗျာ”
သူသည် ဖယောင်းတိုင်ကို ကောက်ကိုင်ပြီး ကျွန်ုပ်ဆီသို့ လှမ်းလာ၍ ဖယောင်းတိုင်ကို လက်မှာ မြဲမြဲမကိုင်နိုင်သောကြောင့် ကုလားထိုင်ပေါ်တင်ရင်း …
“အိုး၊ ခင်ဗျားကို မစ္စတာ လော့ဝုရဲ့၊ ခင်ဗျား အတော်ဆိုးတာပဲ၊ ခင်ဗျားကို ဒီအခန်း ဘယ်သူ လိုက်ပြတာလဲ၊ ဘယ်သူလဲဗျ၊ အဲဒီလူတွေတော့ ကျုုပ်အိမ်က ချက်ချင်း မောင်းချမှပဲ” ဟု ပြောပါလေသည်။ သူသည် ဂနာငြိမ်ပုံ မရပါ။ လက်သီးကို ဆုပ်ပြီး အံကိုလည်း ကြိတ်ထားပါသည်။
ကျွန်ုပ်သည် ကြမ်းပြင်ပေါ် ရုတ်ကနဲ ဆင်းရပ်ယင်း အဝတ်အစားကို သေသပ်အောင် ပြင်ဝတ်ပြီး စကားပြန် ပေးလိုက်ပါသည်။
“ခင်ဗျားရဲ့ အိမ်ဖော်မကြီး ဇီလာ လိုက်ပြတာပါဗျာ။ ခင်ဗျား သူ့ကို အိမ်ပေါ်က ကန်ချလဲ ကျွန်တော်ကတော့ အမှုမထားပါဘူး၊ တကယ်တော့ သူကလဲ နှင်အချခံထိုက်ပေသကိုး၊ ခုတော့ လုပ်ပုံကို ကြည့်ပါဦးဗျာ၊ ဒီအခန်း သရဲခြောက်တယ်ဆိုတာ ကျွန်တော့်ကို ဒုက္ခအခံခိုင်းပြီး စမ်းသပ်ကြည့်တဲ့ သဘောပဲပေါ့၊ ဟုတ်ပါဗျာ၊ သရဲတွေရော၊ မှင်စာတွေရော တပုံကြီးပါပဲ၊ ဒါကြောင့်လဲ ခင်ဗျားက ဒီအခန်းကို ပိတ်ထားတာပေါ့လေ၊ ဒီအခန်းထဲ တမှေးကလေး မှေးရဦး၊ ခင်ဗျားကို ဘယ်သူကမှ ကျေးဇူးတင်မှာ မဟုတ်ဘူး”
“ခင်ဗျား ဘာဆိုချင်တာလဲ၊ ခင်ဗျား ဘာတွေ လုပ်နေတာလဲ၊ ခင်ဗျားဘာသာ ဒီထဲ ရောက်နေယင်လဲ လှဲအိပ်လိုက်ပါလား၊ ခင်ဗျား လည်ပင်းကို လာဖြတ်တာမှ မဟုတ်ယင် ခင်ဗျားအသံဗလံ ဆူဆူညံညံ့ ဘာမှလုပ်စရာ မလိုဘူး”
“မကောင်းဆိုးဝါးသာ အထဲဝင်လာယင် ကျွန်တော့်ကို ကုပ်ချိုး သတ်ချင် သတ်မှာဗျ၊ ကျွန်တော် ခင်ဗျားရဲ့ ဘိုးဘေးဘီဘင်တွေကို စော်ကား မှော်ကား လုပ်လိုဘာ မဟုတ်ပါဘူးဗျ၊ ဒါပေမယ့် ဆရာတော် ဗရင်ဒါဟမ် ဆိုတာ ခင်ဗျား အမေဘက်က အမျိုး မဟုတ်ဘူးလား၊ နောက် ဟိုမိန်းကလေးလေဗျာ၊ ကက်သရင်းလင်တန်ပဲလား၊ အန်းရှောလားမသိပါဘူး။ ဘယ်သူပဲ ဖြစ်ဖြစ် အဲဒီမိန်းကလေးဟာ အသက်ရှင်စဉ်ကတည်းက စိတ်ယုတ်မာရှိလို့ အခုလဲ သရဲ တစ္ဆေ ဖြစ်နေဟန်တူပါရဲ့။ သူကိုယ်တိုင်ကလဲ အခုလို မကျွတ်ပဲနေတာ အနှစ် နှစ်ဆယ်ရှိပြီ ဆိုပဲဗျ။ အသက် ရှင်စဉ်က မကောင်းခဲ့လို့ အပြစ်ဒဏ် အခတ်ခံရတာ နေမှာပဲ"
ကျွန်ုပ်သည် ဤသို့ စိတ်လိုက်မာန်ပါ ပြောချလိုက်မိပြီးမှ စ၁အုပ်ထဲက ကက်သရင်းဟူသော အမည်နှင့် ဟိကလပ်တို့၏ အဆက်အစပ်ကို တွေးမိသဖြင့် ပြောမိသည့် စကားအတွက် အားတုံ့အားနာ ဖြစ်ရပါတော့သည်။ ရုတ်တရက် မိမိစိတ်ကို မိမိ ရှင်းလင်းပြီးဟန်မျိုးနှင့် စကားကို ဆက်ပြောလိုက်ပါတော့သည်။
“အမှန်ကတော့ ပထမ ကျန်တော်...”
ကျွန်ုပ်သည် စာအုပ်များထဲမှ ဖတ်ရသမျှ အကြောင်းတွေကို ပြောလိုက်မိမည် ပြုပြီးမှ “ပြတင်းဘောင်ပေါ်က တွေ့တဲ့ စာအုပ်တွေပေါ်က နာမည်တွေကို အိပ်ပျော်အောင် ရွတ်ကြည့်မိပါတယ်' ဟု စကားဆက်၍မှ မဆုံးမီမှာပင်....
“ခင်ဗျား ကျုပ်ကို ဘာသဘောနဲ့ ဒါတွေ ပြောနေရတာလဲ၊ ကျုပ် အိမ်မှာ ခင်ဗျား ဒီစကားမျိုး ဘာလို့ ပြောရတာလဲ၊ ဒီလူတော့ ရူးနေပြီ ထင်ပါရဲ့” ဟု ဒေါသဖြင့် အော်ပြောလိုက်ပါလေတော့သည်။
ကျွန်ုပ်စကားကိုပင် သဘောမကျလေသလား၊ ကျွန်ုပ် ရှင်းလင်းချက်ကိုပင် အဆုံးမသတ်စေချင်သည်လား ကျွန်ုပ် မသိပါ။ သို့သော်လည်း ကျွန်ုပ် ပြောပြလိုက်သော စကားကြောင့် သူ စိတ်ထိခိုက်သွားပုံ ရပါသည်။ ကျွန်ုပ်ကလည်း ကက်သရင်းလင်တန်ဟူသော အမည်ကို မကြားဖူးခဲ့ကြောင်း၊ သို့သော်လည်း ထိုအမည်ကို ဖတ်လိုက်ရပြီး ထိုအမည်၏ ရုပ်သွင်က ကျွန်ုပ်ကို လွှမ်းမိုးလာခြင်း ဖြစ်နိုင်ကြောင်း ရှင်းပြလိုက်ပါသည်။ ဟိကလစ်သည် ကျွန်ုပ် ရှင်းပြနေစဉ်မှာပင် ခုတင်ပေါ်တွင် ထိုင်ချမိလျက်သား ဖြစ်သွားပြီး ခုတင်ထဲတွင် တဖြည်းဖြည်း နိမ့်ဆင်းသွားပါတော့သည်။ သို့သော် အသက်ရှူသံကမူ မမှန်ပေ။ သူသည် တစုံတခု သော ဝေဒနာကို အပြင်းအထန် ခံစားနေရပုံ ရပါသည်။ ကျွန်ုပ် စကားမဆက်ချင်တော့ပါ။ နာရီကို ကြည့်ပြီး အိပ်ရမည့်အချိန်ကို မှန်းဆလိုက်ပြီး ဤသို့ ပြောချလိုက်မိပါသည်။
“သုံးနာရီတောင် မထိုးသေးဘူးပဲ၊ ကျွန်တော်က ခြောက်နာရီ လောက်ရှိပြီ ထင်နေတာ၊ အချိန်များ ကုန်ခဲလိုက်တာ၊ မနက် ရှစ်နာရီ လောက်ထိတော့ အိပ်နိုင်သေးတာပဲ”
“ဆောင်းတွင်းဆို ကိုးနာရီ အိပ်ပြီး လေးနာရီ ထနေကျဗျ”
မစ္စတာ ဟိကလစ်သည် ခပ်ညည်းညည်း ပြောယင်။ မျက်ရည်စ သုတ်ဟန် သူ့ လက်မောင်း လှုပ်ရှားမှုကို ကျွန်ုပ် သတိပြုလိုက်မိပါသည်။ သူက ဆက်ပြောပါသည်။
“ကဲ၊ မစ္စတာ လော့၀ု၊ ခင်ဗျား ကျုပ်အခန်းထဲ သွားအိပ်ချင် အိပ်ချေ၊ မနက်မှသာ အောက်ထပ် ဆင်းခဲ့တော့၊ ခင်ဗျား အော်သံကြောင့် ကျုပ်လဲ လန့်နိုးပြီး ပြန်အိပ်လို့ ရတော့မှာ မဟုတ်ဘူး”
“ကျွန်တော်လဲ အိပ်လို့ရမှာ မဟုတ်တော့ပါဘူး။ ဒီတော့ ခြံထဲဆင်းပြီး လမ်းလျှောက် နေလိုက်ပါတော့မယ်၊ မနက်လင်းတာနဲ့ ကျွန်တော်လဲ၊ ပြန်ပါမယ်၊ ကျွန်တော်လာလို့ ခင်ဗျား စိတ်ညစ်ရတာမျိုးလဲ နောက် မဖြစ်စေရပါဘူးဗျာ၊ ကျွန်တော်လဲ ခုတော့ မြို့ပေါ်မှာပဲ ဖြစ်ဖြစ် တောင်ပိုင်းမှာပဲ ဖြစ်ဖြစ် အထိုက်အလျောက် ပေါင်းတတ် သင်းတတ်လာပြီဆိုရမှာပဲ၊ ခံစားတတ်လွယ်တဲ့ လူဆိုတော့ ကိုယ့်ကိုယ် ကိုယ်ပဲ အဖော်ပြုရမှာပေါ့လေ'
“ကောင်းပါလေဗျာ၊ ဖယောင်းတိုင်ကို ယူသွားပြီး ခင်ဗျား ကြိုက်တဲ့နေရာသာ သွားပေတော့၊ ကျုပ် ခင်ဗျားဆီ လာခဲ့မယ်၊ အဲ၊ ခြံထဲတော့ မသွားနဲ့၊ ခွေးတွေ လွှတ်ထားတယ်ဗျ၊ ခင်ဗျား အိမ်ထဲမှာပဲ နေပေါ့၊ ကဲ ခင်ဗျားသွားတော့၊ နှစ်မိနစ်လောက် ကြာယင် ကျုပ် လိုက်ခဲ့မယ်'
ကျွန်ုပ်လည်း သူ့စကားအတိုင်း အခန်းထဲမှ ထွက်လာခဲ့ပါသည်။ သို့သော် ဘယ်သွားရမည် မသိသေးပါ။ ထို့ကြောင့် ရှပ်နေစဉ် အခန်းတွင်းမှ ကျွန်ုပ်အိမ်ရှင်၏ အဖြစ်အပျက်ကို အလိုလို သတိပြုမိလျက်သား ဖြစ်ရပါတော့သည်။ မစ္စတာ ဟိကလစ်သည် အစဉ်းစားအဆင်ခြင်ရှိပုံ ရသော်လည်း အစွဲအလမ်းလည်း ကြီးပုံရပါသည်။ သူသည် အိပ်ရာပေါ်မှာ ထိုင်ပြီး တံခါးပေါက်ကို ဖွင့်လိုက်ပါသည်။ မျက်ရည်စများကို ထိန်းချုပ်ရနိုင်ပုံ မပေါ်ပါ။ ငိုရှိုက်လျက်ကပင်...
“လာပါကွယ်၊ အထဲကို ဝင်ခဲ့ပါ၊ ကေသီရေ၊ လာစမ်းပါဦးကွယ်၊ တခါလောက် လာခဲ့စမ်းပါဦးတော့လား၊ ကိုယ့် အသည်းနှလုံး ပိုင်ရှင် အချစ်ကလေးရယ်၊ ကိုယ်ပြောတာ ကြားတယ် မဟုတ်လား အချစ်ရယ် ဟု ရေရွတ်မြည်တမ်း နေပြန်ပါလေသည်။ ဝိညာဉ်ချင်း စကားဆိုနေသည်လား မဆိုနိုင်။ သက်ရှိ လှုပ်ရှားမှု အသွင်ကိုကား မမြင်ရ။ သို့သော် နှင်းနှင့် လေသည် ထန်သည်းနေလေသည်။ တချက်ဝှေ့လိုက်သဖြင့် ဖယောင်းတိုင်မီးသည် ငြိမ်းသွားပါလေတော့သည်။
မြင်ကွင်းနှင့် ကြားရသော အသံတို့ကား စိတ်မချမ်းမြေ့ဖွယ်သော ဝေဒနာမှ ပေါက်ဖွားလာခြင်း ဖြပ်ပေသည်။ ကျွန်ုပ်သည် ဤမြင်ကွင်းကို ဆက်၍ မကြည့်ချင်တော့ပါ။ ဝေဒနာမှ ပေါက်ဖွားလာသော အသံကိုလည်း မကြားချင်တော့ပါ။ ကျွန်ုပ်ပြန်ပြောင်း ပြောလိုက်မိသော ချောက်ချားဖွယ် အဖြစ်နှင့် ဤစိတ်မချမ်းမြေ့ဖွယ် ခံစားမှုတို့ကိုလည်း ကျွန်ုပ် ဆက်စပ် မစဉ်းစားချင်တော့ပါ။
ကျွန်ုပ်သည် သတိကြီးစွာဖြင့် အောက်ထပ်သို့ ဆင်းလာခဲ့ပါတော့သည်။ နောက်ဘက် မီးဖိုဆောင်သို့ ရောက်လာသည်။ မီးဖိုမှ မီးရောင်သည် လင်းနေ၏။ ကျွန်ုပ်သည် ဖယောင်းတိုင်ကို ပြန်လည်ထွန်းညှိ လိုက်ပါသည်။ အခန်းတွင်း၌ မီးခိုးရောင် ကြောင်တကောင်သည် ပြာပုံထဲမှ ထွက်လာပြီး ကျွန်ုပ်အား နှုတ်ဆက်သလို အသံပေးလိုက်လေသည်။
မီးဖိုဘေး၌ ခုံတန်းလျားနှစ်ခု ရှိလေသည်။ ကျွန်ုပ်သည်ခုံတန်းလျား ထခုပေါ်တွင် မိမိကိုယ်ကို ဆန့်ချလိုက်သောအခါ ကြောင်ကြီးကလည်း အခြားတခုံပေါ်တွင် တက်လှဲလိုက်ပါသည်။ ကျွန်ုပ်တို့သည် တဦးနှင့် တဦး ခေါင်းညိတ် နှုတ်ဆက်နေစဉ်မှာပင် ဂျိုးဆက် ရောက်လာပါလေသည်။ သူသည် အပေါ်ထပ်ခိုးပေါ် တက်ရန် ထောင်ထားသည့် လှေကားအရှင်ကို ဖယ်လိုက်ပါသည်။ တဘက်တန်းလျားတွင် လှဲနေသော ကြောင်ကြီးကို ဖယ်လိုက်ပြီး သူကိုယ်တိုင် ဝင်ထိုင်ကာ ဆေးတံကို ဆေးဖြည့်လိုက်ပါသည်။ သူ့အမူအရာမှာ ကျွန်ုပ်ရှိနေခြင်းကို မလိုလားဟန် ပြနေပါသည်။ သူသည် ဆေးတံကို ဖွာနေပြန်လေသည်။ ကျွန်ုပ်သည် သူ့ကို အနှောင့်အယှက် မပေးပဲ ကြည့်နေလိုက်ပါသည်။ အတန်ကြာသောအခါ သူလည်း ပြန်လည် ထွက်ခွာ သွားပါလေတော့သည်။
ထို့နောက် ခြေသံဖော့ဖော့ ပေါ်လာပြန်ပါသည်။ ကျွန်ုပ်သည် ပါးစပ်ကို ဟပြီး “မင်္ဂလာနံနက်ပါ” ဟု နှုတ်ဆက်မည်ပြုပြီးမှ ပါးစပ်ကို ပြန်ပိတ်လိုက်ပါသည်။ ဟယ်ယာတန်အန်းရှောသည် ဘုရားဝတ်ပြုလာခြင်း ဖြစ်ပါသည်။ သူသည် ကျွန်ုပ်ကို ရင်းနှီးခင်မင်စွာဖြင့် လှမ်းကြည့်ပါသည်။ ထို့ကြောင့် အခန်းထဲမှ သူ ထွက်မည် ပြုသောအခါ ကျွန်ုပ်လည်း အိပ်ရာမှ ထပြီး သူ့နောက်က လိုက်ခဲ့ပါသည်။ သူသည် အခြေအနေကို သတိပြုမိသည်နှင့် ကျွန်ုပ်အား အတွင်းဘက်သို့ ဝင်ရန် တံခါးပေါက်ကို ဖွင့်ပေးလိုက်ပါ လေတာ့သည်။
အိမ်မကြီးထဲသို့ ဝင်သော အပေါက် ဖြစ်သည်။ အိမ်မကြီးထဲတွင် အမျိုးသမီးများ ရောက်နေကြလေပြီ။ ဇီလာသည် မီးဖိုတွင် မီးရှိန် ရအောင် လုပ်နေ၏။ မစ္စက်ကလစ်မှာ မီးဖိုဘေး မီးလျှံအောက်၌ ပုဆစ်တုပ်ထိုင်လျက် စာအုပ်တအုပ်ကို ဖတ်နေသည်။ မစ္စတာဟိကလစ် လည်း ရောက်နေသဖြင့် ကျွန်ုပ်အဖို့ အံ့ဩရလေတော့သည်။ သူသည် ကျွန်ုပ်ကို ကျောပေးလျက် မီးဖိုဘေးတွင် ရပ်နေသည်။ သူ ဇီလာကို ဆူပူကြိမ်းမောင်းပြီးဟန် တူပါသည်။
“နင်လဲ အလကားပဲ’ ကျွန်ုပ် အခန်းထဲ ဝင်လာသော အချိန်တွင် မစ္စတာ ဟိကလစ်သည် အပြစ်မဲ့သော ဘဲကလေး တကောင်လို၊ သိုးကလေးတကောင်လို ရှိနေရှာသော သူ့ချွေးမဘက်သို့လှည့်၍ “အလကား အားအားရှိတိုင်း အချိန်ဖြုန်းနေတယ်၊ လူတကာ ထမင်းစားဖို့ အလုပ်လုပ်နေရတဲ့ အချိန်မှာ နင်ကတော့ ငါကိုပဲ မှီခိုနေတယ်၊ အဲဒီ အသုံးမကျတဲ့ စာအုပ်ကို လွင့်ပစ်ပြီး တခုခုလုပ်စမ်း၊ နင် ငါ့မျက်စိ အောက်မှာ ရှိနေတာကိုက ဘယ်လောက် အကုသိုလ် ဖြစ်သလဲ၊ နင် ငါ့အတွက် တခုခု လုပ်ရမယ်၊ ကြားရဲ့လားဟဲ့ အယုတ်တမာမရဲ့” ဟု ဒေါသတကြီး ပြောလိုက်ပါလေတော့သည်။
“ကျွန်မ စာအုပ်ကို ကျွန်မ လွှင့်ပစ်ပါမယ်၊ မပစ်လဲ ရှင်က ကျွန်မကို မပစ်ပစ်အောင် လုပ်နိုင်တာပဲ” ဟု ဆိုလျက် မိန်းကလေးသည် သူ ဖတ်နေသောစာအုပ်ကို ပိတ်ပြီး ကုလားထိုင်ပေါ် လွှင့်ပစ်ယင်း ‘ဒါပေမယ့် ရှင်မပြောလဲ ကျွန်မ လုပ်ချင်စိတ် မရှိပဲ၊ ဘာမှ မလုပ်ဘူး” ဟု ဆက်ပြောလိုက်ပါသည်။
ဟိကလစ်သည် လက်ကို မြှောက်လိုက်သည်နှင့် မိန်းကလေးသည် ဟိကလစ် လက်လှမ်းမမီနိုင်သည့် လုံခြုံသော နေရာသို့ ရွှေ့ထိုင်လိုက်သည် ကျွန်ုပ်သည် သူတို့နှစ်ယောက်ရန်ပွဲကို ဆက်လက် မကြည့်လိုသော သဘောဖြင့် ဘာမျှ မသိမမြင်လေဟန် ရွှေဘက်သို့ လှမ်းလာခဲ့ပါသည်။ ထိုနှစ်ဦး ရန်ပွဲလည်း အပြီးသတ်လေတော့သည်။ ဟိကလစ်သည် လက်သီးဆုပ်ကို သူ့ဘေးအိတ်ထဲသို့ ပြန်ထည့်လိုက်သည်။ မစ္စက် ဟိကလစ်သည် နှုတ်ခမ်းကို မဲ့ရွှဲလျက် ဟိကလစ်နှင့် ပို၍ဝေးသော နေရာသို့ ထသွားပြီး ကျွန်ုပ် ရှိနေသည်ကို သတိပြုမိဟန်ဖြင့် ကျောက်ရုပ် တရုပ်လို ငြိမ်နေလိုက်လေတော့သည်။
သိပ်မကြာလိုက်ပါ့။ ကျွန်ုပ်သည် သူတို့နှင့်အတူ နံနက် စောစာကို မသုံးဆောင်တော့ပဲ ခပ်စောစော အလင်းရောင်အောက်မှာပင် အပြင်ဘက်သို့ ထွက်လာခဲ့ပါတော့သည်။ ရာသီဥတု ကင်းရှင်းသွားပြီ ဖြစ်သော်လည်း အအေးဓာတ်ကား ရေခဲတုံးတမျှ အေးဆဲ ဖြစ်ပါသည်။
ကျွန်ုပ် ခြံဝသို့ မရောက်မီမှာပင် ကျွန်ုပ်အိမ်ရှင်သည် နောက်က လှမ်းခေါ်ပြီး ကျွန်ုပ် ကွင်းကို ဖြတ်ပြန့်ရာတွင် အဖော်အဖြစ် လိုက်မည်ဟု လှမ်းပြောပါသည်။
သူ လုပ်ဆောင်ချက်သည် လျော်ကန်လှသော လုပ်ဆောင်ချက် ဖြစ်ပါသည်။ အကြောင်းကား အပြင်ဘက် ကွင်းတခုလုံးမှာ နှင်းသမုဒ္ဒရာ ဖွေးဖွေး လှိုင်းထနေဘိသကဲ့သို့ ရှိပါသည်။ နှင်းတွေဖုံးထားသဖြင့် ကျင်းတွေ ချိုင့်တွေကို မမှန်းဆသာပါ။ လမ်းရာကိုလည်း မမြင်သာပါ ကျွန်ုပ် မနေ့က လာခဲ့သော လမ်းကြောင်းကိုလည်း ကျွန်ုပ် မမှတ်မိတော့ပါ။ မနေ့က ကျွန်ုပ်လာခဲ့စဉ် အပြန်ခရီး အမှောင်ထဲ၌ မှတ်သားမိစေရန် ခြောက်ဂိုက် ခုနစ်ဂိုက်အကွာတွင် ကျောက်တုံး အမှတ်အသားများ ပြခဲ့သော်လည်း အားလုံးသော လမ်းအမှတ်အသားများမှာ နှင်းတွေအောက်တွင် ပျောက်ကွယ်နေကြပေပြီ။ မစ္စတာ ဟိကလစ်သည် ကျွန်ုပ် လမ်းတိမ်းသွားတိုင်း ဘယ်ဘက်တိုးသွားရန် ညာဘက် တိုးသွားရန် စသည်ဖြင့် တည့်ပေးပါသည်။
ကျွန်ုပ်တို့သည် စကားအနည်းငယ်သာ ပြောယင်း လာခဲ့ကြရာ သရတ်ကရော့ ခြံကြီးအဝင်ဝသို့ ရောက်လာကြပါသည်။ ကျွန်ုပ်အဖို့ ရှေ့ခရီးသည် မမှားနိုင်တော့ကြောင်း ပြောလိုက်ပါသည်။ ကျွန်ုပ်တို့သည် နှုတ်ဆက်စကား ခပ်တိုတို ပြောပြီး ကျွန်ုပ်သည် ရွှေ့ခရီး ဆက်ခဲ့ပါလေသည်။ ကျွန်ုပ် အိမ်ခြံဝင်းသို့ ရောက်လာပြီဟု ယုံကြည်လာပါသည်။ ဥယျာဉ်တံခါးဝသည် ကျွန်ုပ်အိမ်ကြီးနှင့် နှစ်မိုင်သာ ဝေးပါတော့သည်။ သို့သော် လေးမိုင်ခရီးလောက် လာခဲ့ရသည် ထင်ပါသည်။ သစ်ပင်တွေကြားမှာလည်း လမ်းပျောက်နေပါသည်။ နှင်းထဲတွင်လည်း နစ်နေပါသေးသည်။ ဤသို့ဖြင့် တဝဲလည်လည်လာယင်း ကျွန်ုပ်အိမ်ထဲသို့ ရောက်လာသောအခါ ဆယ့်နှစ်နာရီ ထိုးသံကို ကြားရပါလေတော့သည်။
ကျွန်ုပ် အိမ်ထဲသို့ ပြန်ရောက်လာသည်ကို တွေ့လိုက်ရသော ကျွန်ုပ်၏ အိမ်ဖော်နှင့် အိမ်က အခိုင်းအစေ အားလုံးသည် ဝမ်းပန်းတသာ ကြိုဆို ကြပါသည်။ သူတို့သည် တအံ့တဩ ဖြစ်သွားကြပါသည်။ အားလုံးကပင် ညကတည်းက ကျွန်ုပ် နှင်းဘောထဲမှာ ပျောက်ဆုံးခဲ့ပြီဟု အထင်ရောက်နေကြသည်။ ယနေ့မနက် ကျွန်ုပ်ကို ရှာဖွေရန်ပင် သူတို့ တိုင်ပင်နေကြလေပြီ။ ကျွန်ုပ်လည်း သူတို့အား ကျွန်ုပ် ပြန်လာပြီ ဖြစ်ကြောင်းနှင့် ကျွန်ုပ်မှာ ပင်ပန်းလာသဖြင့် တိတ်တိတ်ဆိတ်ဆိတ်နေကြရန် တောင်းပန်ပြီး အပေါ်ထပ်သို့ တရွတ်ဆွဲ တက်လာခဲ့ပါတော့သည်။
ကျွန်ုပ်သည် အပေါ်ထပ်၌ အဝတ်ခြောက်များကို လဲဝတ်ပြီး နွေးနွေးထွေးထွေးရှိလာစေရန် နာရီဝက်ခန့် လမ်းလျှောက်လိုက်ပါသည်။ ထို့နောက် အောက်ထပ်သို့ ပြန်ဆင်းလာပြီး ကျွန်ုပ် အိမ်ဖော်များ တည်ခင်းသော အငွေ့တထောင်းထောင်းနှင့် ကော်ဖီကို မီးဖိုဘေးတွင် အားရပါးရ သောက်သုံးလိုက်ပါလေတော့သည်။
.jpg)

Comments
Post a Comment