လေထန်ကုန်း_အခန်း (၁)_ကျော်လှိုင်ဦး


 

အခန်း [ ၁ ]

 

၈၀၁ ခုနှစ်။

ကျွန်ုပ်သည် ကျွန်ုပ်ငှားနေသော အိမ်ပိုင်ရှင်ထံသို့ အလည်သွားရာမှ ပြန်လာခဲ့ခြင်း ဖြစ်ပါသည်။ ကျွန်ုပ်၏ အိမ်ရှင်မှာ ကျွန်ုပ်အဖို့ တဦးတည်းသော အိမ်နီးချင်းဖြစ်ပြီး ဆက်ဆံရခက်ခဲသော လူတယောက်ဟု ဆိုရပါမည်။

စင်စစ် ဤဒေသသည် လှပသော ဒေသဟု ဆိုရပါမည်။ အင်္ဂလန် နိုင်ငံတဝန်းလုံးတွင် လူသူအဆက်အဆံ အနှောင့်အယှက် ကင်းဝေးသော နေရာတခုပါပေ။ တကယ့် လူသူ ကင်းဝေး ဆိတ်ငြိမ်သော ဒေသဖြစ်လေသည်။ ဤနေရာတွင် မစ္စတာ ဟိကလစ်နှင့် ကျွန်ုပ်တို့သည် နှစ်ဦးတည်းသော ဆက်ဆံပေါင်းသင်းရမည့် သူများဟု ကျွန်ုပ် ယူဆပါသည်။

ကျွန်ုပ်သည် သူ့အိမ်သို့ မြင်းစီး သွားခဲ့ခြင်း ဖြစ်ပါသည်။ ကျွန်ုပ် သူ့ကို တွေ့ရသည်နှင့် ကျွန်ုပ် အားတက်သွားနိုင်သည်ဟု သူ ယူဆနိုင် ပါသည်။ သို့သော် သူ့မျက်လုံးများ၌မူ သံသယ လွှမ်းမိုးနေပုံ ရပါသည်။ မနာလိုဝန်တိုစိတ် ဖုံးလွှမ်းနေဟန်လည်း ရှိပါသည်။

“မစ္စတာ ဟိကလစ်ပါလား ခင်ဗျား”

ကျွန်ုပ်ကပင် စတင် နှုတ်ဆက်လိုက်ပါသည်။

သူက ခေါင်းတချက် ညိတ်၍သာ အဖြေပေးပါသည်။

ကျွန်တော် ခင်ဗျားအိမ်ကို ငှားနေတဲ့ အိမ်ငှားအသစ် မစ္စတာ လော့ဝုပါ၊ ကျွန်တော် ပြောင်းလာ လာချင်းပဲ သရတ်ကရော့အိမ်ကြီးမှာ ကျွန်တော် ရောက်လာတဲ့အတွက် ခင်ဗျား စိတ်အနှောင့်အယှက် မဖြစ်ဖို့ ခင်ဗျားဆီ လာပြီး အကြောင်းကြားဖို့ပါပဲ၊ မနေ့ကတော့ ခင်ဗျား တခုခု စိတ်ကူးပေါက်ပြီး..

သရုတ်ကရော့ အိမ်ကြီးက ကျွန်တော့်အိမ်ပါ

မျက်နှာကို ရွှံ့မဲ့လျက် ကျွန်တော့် စကားကို ဖြတ်ပြောလိုက်ပါသည်။

“ကျွန်တော်က တားဆီးနိုင်တဲ့တိုင်အောင် ဘယ်လိုဟာမျိုးကမှ ကျွန်တော့်ကို အနှောင့်အယှက် ပေးတာမျိုးတော့ ကျွန်တော် ခွင့်ပြုမှာ မဟုတ်ဘူးဗျ၊ ကဲ အိမ်ထဲကိုဝင်ခဲ့လေဗျာ”

သူ၏ “အိပ်ထဲကို ဝင်ခဲ့လေဗျာ” ဟူသော စကားကို သူသည် သွားကိုစေ့လျက် တိုတိုပြတ်ပြတ် ပြောလိုက်ခြင်း ဖြစ်သည်။ ထိုစကား၏ အတွင်းအနက် အဓိပ္ပာယ်ကား “နတ်ဆိုးနဲ့ တွေ့ပေတော့” ဟူသော အဓိပ္ပါယ်ကို ဆောင်နေသယောင် ရှိပါသည်။ သူမှီလျက်သား ရပ်နေသော ဝင်းတံခါးသည်ပင် သူ့ စကားလုံးများအတိုင်း အေးစက်မာကျောသော အသွင်ကို ဆောင်နေဟန် ရှိလေသည်။ ဤအခြေအနေကပင်လျှင် ကျွန်ုပ်အဖို့ သူ့အိမ်ဝင်းထဲသို့ ဝင်ရန် ဆုံးဖြတ်စေပါလေတော့သည်။ ကျွန်ုပ်သည် ကျွန်ုပ်ထက်ပင် ခွကျဟန်ရှိသော လူမျိုးကို ပို၍ စိတ်ဝင်စားမိဟန် ရှိပါသည်။

ကျွန်ုပ်မြင်းက တံခါးဝကို တိုးမည်အပြုတွင် သူသည် မြင်းဇက်ကို ဖြုတ်လိုက်ပြီး သူ့အိမ်တူရူ လမ်းအတိုင်း ကျွန်ုပ်ရှေ့မှ မျက်နှာ သုန်သုန်မှုန်မှုန်ဖြင့် ဦးဆောင်သွားပါလေတော့သည်။ ကျွန်ုပ်တို့ အိမ်ထဲ အဝင်တွင် သူသည်......

ဂျိုးဆက်ရေ၊ မစ္စတာလော့ဝု မြင်းကို ယူထားလိုက်ပါ၊ ပြီးတော့ ဝိုင်အရက်ကလေး ဘာကလေး ယူခဲ့ ဟု လှမ်းပြောလိုက်ပါသည်။

ခြံအနေအထားကို ကြည့်ရခြင်းဖြင့် ကျွန်ုပ်သည် အိမ်ထောင်တခုလုံး အနေအထားကို ခန့်မှန်းမိသလို ဖြစ်သွားပါသည်။ လူသွားလမ်း ကျောက်ပြားများကြားမှာ မြက်ပင် တပင်မျှ မရှိပေ။ ကျွဲနွားများ စားထားဟန် တူပါသည်။

ဂျိုးဆက်သည် အသက်ကြီးလှပါပြီ။ ကြွက်သားအဖုအဖုဖြင့် ကျန်းမာ သန်စွမ်းပုံ ပေါ်သော်လည်း အတော်ပင် အိုမင်းနေပုံရသော အဘိုးကြီးတယောက်ဖြစ်ပါသည်။ သူသည် ကျွန်ုပ်လက်မှ မြင်းကိုဆွဲယူယင်း “ဘုရားကယ်တော်မူပါ” ဟူသော စကားကို မနှစ်မြို့ဟန် လေသံတိုးတိုးနှင့် ပြောလိုက်ပါသည်။ သူ ဘုရား တလိုက်ခြင်းမှာ မမျှော်လင့်ပဲ ကျွန်ုပ် ရောက်လာသည့် ကိစ္စနှင့် မပတ်သက်ဟု ကျွန်ုပ် သဘောထားလိုက်ပါသည်။

လေထန်ကုန်း” သည် မစ္စတာ ဟိကလစ် နေအိမ်၏ အမည်နာမ ဖြစ်ပါသည်။ “လေထန်” ဟူသော စကားရပ်သည် ထိုဒေသ၏ လေထန်သော ရာသီဥတု သရုပ်ကို ဖော်ဆောင်ထားသည့် ဝိသေသ စကားရပ်ဖြစ်သည်။ ဤဒေသတွင် လေသည် အမြဲမပြတ် တိုက်ခတ်၏ မြောက်ဘက်လေ၏ အစွမ်းသည် ထင်းရှူးပင်ရွက်ဖျားတို့ကို အမြဲ တိုးဝှေ့နေတတ်၏။ နေရောင်ခြည်ကို ငံ့လင့်တောင်းခံနေဟန်ရှိသော ဆူးနွယ် ချုံပင်တို့၏ ကိုင်းဖျားကိုင်းလက်တို့ အပေါ်တွင်လည်း မြောက်ဘက်လေက အမြဲ တိုက်ခတ်နေတတ်၏။ သည်လို ရာသီဥတုရှိသော နေရာ၌ အဆောက်အအုံကို ခိုင်ခိုင်ခံ့ခံ့ ဆောက်ထားခြင်း ဖြစ်သည်။ ပြတင်းတံခါး ကျဉ်းကျဉ်းတို့သည် နံရံတွင် မြုပ်နေ၏။ ထောင့်တိုင်းတွင်လည်း ငေါထွက်နေသော ကျောက်တုံးများက လေဒဏ်ကို အကာအကွယ် ပြုနေဟန် ရှိလေသည်။

ကျွန်ုပ်သည် အဝင်တံခါးဆီသို့ လာယင်း မျက်နှာစာတွင် လှလှပပ ထုလုပ်ထားသော ပန်းတော့လက်ရာများ၊ အထူးသဖြင့် အဝင်တံခါးပေါ်က ပန်းဖုလက်ရာများကို ခဏမျှ ရုပ်ကြည့်ယင်း စိတ်ထဲက ချီးကျူးလိုက်မိပါသေးသည်။ အပေါ်ရုပ်တုများကြားမှ “၁၅၀၀” ဟူသော ခုနှစ်နှင့် “ဟယ်ယာတန်အန်းရှော” ဟူသော အမည်တို့ကို ကျွန်ုပ် သတိပြု မှတ်ထားလိုက်ပါသည်။

ကျွန်ုပ်သည် အဆောက်အအုံနှင့် ပတ်သက်၍ ဝေဖန်မှု အနည်းငယ်လည်း လုပ်ချင်ပါသည်။ မူလ အိမ်ရှင်၏ အမည်ကို ခြေရာကောက်၍ ဤအိမ်၏ သမိုင်းကြောင်းကိုလည်း သိချင်ပါသည်။ သို့သော် တံခါးဝက ကျွန်ုပ် အိမ်ရှင်၏ အမူအရာမှာ မြန်မြန် ဝင်ချင် ဝင်၊ မဝင်လျှင် ပြန်ထွက်သွားတော့ ဟူသော အသွင်မျိုးကို ဆောင်နေသဖြင့် ကျွန်ုပ်လည်း သူ၏ သည်းမခံနိုင်သောစိတ်ကို ဆွမပေးလိုတော့သောကြောင့် တံခါးဝမှ ဝင်လိုက်ပါတော့သည်။

တံခါးဝမှ ဝင်လျှင်ဝင်ချင်း ကြားအခန်း၊ ကြားလမ်း မရှိပဲ အိမ်ခန်းကြီးထဲသို့ တန်းရောက်သွားပါသည်။ ဤသည်ပင်လျှင် အိမ်တခုလုံး၏ အသွင်ကိုလည်း ဆောင်နေပါသည်။ ဤအခန်းကြီးထဲ၌ အဓိကအားဖြင့် မီးဖိုနှင့် ဧည့်ခန်း ပါဝင်သည်။ သို့သော် မီးဖိုကြီးပေါ်၌ချက်ပြုတ်သည့် အသွင်လက္ခဏာများကို မတွေ့ရပေ။ ဒန်အိုး ဒန်ခွက် ဒယ်အိုးတို့ကိုလည်း မတွေ့ရပေ။ မီးဖိုခန်းအစွန်ဘက်ရှိ ဗီရိုကြီး ပေါ်တွင်ကား ငွေခွက်များ၊ ဒန်ခွက်များ၊ ပန်းကန်ပြားများ အထပ်လိုက် အထပ်လိုက် တင်ထားသဖြင့် အရောင် တဖိတ်ဖိတ် လင်းလက်နေသည်။

မီးခိုးထုတ် ခေါင်းတိုင်ပေါ်တွင်ကား အမျိုးအစား ခပ်ညံ့ညံ့ သေနတ်ဟောင်းများနှင့် သေနတ်ကြီးနှစ်လက် ရှိသည်။ အဆင်တန်ဆာအဖြစ် ရောင်စုံခြယ် လက်ဖက်ခြောက် သေတ္တာ သုံးလုံး ကိုလည်း လှလှပပ တင်ထား၏။

ကြမ်းပြင်ကား ကျောက်ဖြူချော ခင်းထားသဖြင့် ချောမွတ်နေ၏ ကုလားထိုင်ကြီးများမှာ နောက်မှီမြင့်ကြီးများနှင့် ရှေးပုံစံဖြစ်ပြီး အစိမ်းရောင် ဆေးခြယ်ထား၏။ အခြား ကုလားထိုင် မည်းမည်းကြီး တလုံး သို့မဟုတ် နှစ်လုံးသည် မှောင်ရိပ်တွင် ရောက်နေ၏။

ဗီရိုကြီး အောက်တွင်ကား အနီရောင် ခွေးမကြီး တကောင်နှင့် တအိမ့်အိမ့် မြည်နေသော မွေးကင်းစ ခွေးကလေးများ။ အခြားခွေးများကား အချင်းချင်း မာန်ဖီလျက်။

အခန်းနှင့် အိမ်ထောင်ပရိဘောဂများမှာ ထူးထူးထွေထွေ မဟုတ်လှ စေကာမူ ခေါင်းမာသည့် မျက်နှာထားမျိုး၊ ကြံ့ခိုင်သည့် ကိုယ်ထည် ချိုးကို ပိုင်ဆိုင်ပြီး ဘောင်းဘီတိုနှင့် ဒူးစွပ် ဝတ်ဆင်မြဲ မြောက်ပိုင်းသား ယာသမားကြီးတဦး၏ အိမ်အသွင်ကို ဆောင်နေလေသည်။ ထိုကဲ့သို့သော ယာသမားကြီးမျိုးကို ညစာစားပြီးချိန် နောက်ပိုင်းလောက်တွင် ဤနေရာ ထရိတ် တောင်တွေကြား ငါးမိုင်ခြောက်မိုင် ပတ်ဝန်းကျင်တွင် စားပွဲဝိုင်းရှေ့ ပက်လက်ကုလားထိုင်မှာ အမြှုပ်ထနေသည့် ဘီယာမတ်ခွက်နှင့် ထိုင်နေတတ်သည်ကို တွေ့ရတတ်မြဲ ဖြစ်သည်။

သို့သော် မစ္စတာ ဟိကလစ်၏ နေအိမ်နှင့် နေထိုင်သူပုံပန်းမှာ တသီးတသန့် ဖြစ်နေလေသည်။ ရုပ်ပုံပန်းမှာ အသားမည်းမည်း ဂျစ်ပဆီတယောက်လို ဖြစ်ပြီး ဝတ်စားဆင်ယင်ပုံနှင့် အမူအရာမှာ လူကြီးလူကောင်း ဆန်ချင်ပုံရသည်။ လူကြီးလူကောင်း ဆိုသည်မှာ ဤဒေသတွင် အများအားဖြင့် တွေ့ရတတ်သော မြေပိုင်ရှင်ကြီးများ ပုံစံမျိုး ဖြစ်သည်။ သူ ဖရိုဖရဲ ဖြစ်ကတတ်ဆန်းနေပုံမှာ ဘာကိုမျှ အမှုမထားဟန်မျိုး ဖြစ်ပြီး ရုပ်သွင်မူ ချောမော ပြေပြစ်သည်။ အဆာကျယ် ဇီဇာကြောင်သော အသွင်လည်း ရှိသည်။ တချို့လူများဆိုလျှင် သူ့ကို မျိုးရိုး မမှန်သဖြင့် မာနတင်းထားသူဟုပင် သံသယ ဖြစ်နိုင်ဖွယ် ရှိလေသည်။ ကျွန်ုပ်မှာ သူနှင့်ပတ်သက်၍ ဘာမျှမသိသေးသော်လည်း ဤသို့ သံသယ ဖြစ်နိုင်ခြင်းအတွက် သူ့အပေါ် ကရုဏာသက်မိပါသည်။ သူသည် တစုံတရာအတွက် စက်ဆုပ်နေဟန် ရှိသည်ကိုလည်း ကျွန်ုပ် သိနေသလို ထင်ပါသည်။ သူသည် အချစ်နှင့် အမုန်းတရားကိုလည်း အညီအမျှ လက်ခံထားပုံ ရပါသည်။ ချစ်ခြင်းမုန်းခြင်း အပေါ်၌လည်း အလေးအမြတ် ခံယူထားပုံ ရပါသည်။

စင်စစ် ကျွန်ုပ်သည် လူတယောက်ကို အကဲခတ် မြန်နေသည် ထင်ပါသည်။ ကျွန်ုပ်သည် သူ့အပေါ် မျှမျှတတ သဘောထားရပါမည်။ ကျွန်ုပ်သည် သူနှင့် မျက်နှာချင်းဆိုင် မီးဖိုနေရာတွင် ဝင်ထိုင်လိုက်ပါသည်။ ကျွန်ုပ်တို့ စကား မစဖြစ်မီကြားတွင် ခွေးကလေးတွေနှင့် ခွဲလာပြီး ကျွန်ုပ်ခြေထောက်နားသို့ ရောက်လာသော ခွေးမကို ကျွန်ုပ်က ပွတ်သပ်ပေးလိုက်ပါသည်။ ကျွန်ုပ် ပွတ်သပ်ပေးသည်မှာ ကြာလာသော အခါ ခွေးမသည် မာန်ဖီလာပါတော့သည်။

ခွေးကို ထားလိုက်စမ်းပါ' မစ္စတာ ဟိကလစ်သည် ခြေထောက်ကို စုံဆောင့်ပြီး ကျွန်ုပ်ကို ဟောက်လိုက်ပါသည်။ “ဒီခွေးကို အလှမွေးထားတာ မဟုတ်ဘူး၊ ဘာမှ တယုတယ လုပ်နေစရာ မလိုဘူး” ပြောပြောဆိုဆို ဘေးတံခါးဘက်သို့ ထွက်သွားပြီး ဂျိုးဆက်ကို လှမ်းခေါ်လိုက်ပါသည်။ ဂျိုးဆက်သည် အောက်ခန်းထဲမှနေ၍ ခပ်ဝါးဝါး လှမ်းပြောလိုက်သော်လည်း အပေါ်သို့ တက်လာပုံမပေါ်။ သူ့သခင်သည် မြေအောက်ခန်းထဲသို့ ဆင်းသွား၏။ ကျွန်ုပ်မှာ ခွေးရိုင်းမနှင့် အခြား သိုးထိန်းခွေး နှစ်ကောင်တို့နှင့်အတူ ကျန်ခဲ့သည်။ ခွေးတွေသည် အစွယ်တဖွေးဖွေးနှင့် ဖြစ်နေသော်လည်း ကျွန်ုပ် စိုးရိမ်စိတ် မဝင်မိပါ။ သို့သော်လည်း ခွေးတို့သည် ကျွန်ုပ်က တယုတယ လုပ်သည်ကိုပင် နှောင့်ယှက်သည်ဟု အထင်ရောက်ပုံ ရပါသည်။ ကျွန်ုပ်သည် သူတို့နှင့်အတူ ရှိနေစဉ်တွင် မျက်တောင်ခတ်လိုက်မိရာ ခွေးမသည် ရုတ်တရက် ဒေါသထွက်သွားပြီး ကျွန်ုပ်ပေါ်သို့ တက်ခုန်လိုက်သဖြင့် ကျွန်ုပ်လည်း ခွေးမကို ပြန်တွန်းချလိုက်ရသည်။ ထို့နောက် ကျွန်ုပ်နှင့် ခွေးမကြားတွင် စားပွဲ ခံလိုက်ပါသည်။ အခြေအနေသည် ပိုဆိုးလာပါတော့သည်။ ခွေးတွေသည် ချောင်ကြို ချောင်ကြားမှ အလျှိုအလျှို ထွက်လာကြပါသည်။

ထိုစဉ်မှာပင် မစ္စတာ ဟိကလစ်နှင့် ဂျိုးဆက်တို့သည် ချောင်းဟန့်သံပေး၍ တက်လာကြသဖြင် အခြေအနေမှာ အေးချမ်းသွားပါတော့သည်။ သားသည်အမေ ခွေးမလည်း ငြိမ်သွားပါတော့သည်။

“ဘာဖြစ်တာလဲဗျ” မစ္စတာ ဟိကလစ်သည် ကျွန်ုပ်ကို မကျေမချမ်းဟန်ဖြင့် ကြည့်လျက် ပြောပါသည်။

ဖြစ်တာတော့ မပြောချင်ဘူးဗျာ၊ ခင်ဗျား အကောင်တွေက အဆိုးချည်းပဲ၊ ခင်ဗျားကလဲ ကျွန်တော့်ကို ကျားအုပ်ကြားမှာ ထားခဲ့တာကိုး

“ကျုပ်ခွေးတွေက သူတို့ကို မထိယင် ဘာမှ မလုပ်ပါဘူးဗျ ပြောပြောဆိုဆိုပင် နေရာရွှေ့သွားသော စားပွဲကို ပြန်ရွှေ့ကာ ကျွန်ုပ်ရှေ့တွင် အရက်ပုလင်းကို ချပေးလိုက်ပါသည်။

“ခွေးတွေမှာလဲ တုန့်ပြန်နိုင်ခွင့် ရှိတာပဲလေ၊ ကဲ ဝိုင်ခွက်ကလေး သောက်လိုက်ပါဦး”

“နေပါစေ ခင်ဗျာ၊ ကျေးဇူးပါပဲ

“ခင်ဗျားကို ခွေးကိုက်လိုက်သေးသလား”

“ကျွန်တော်သာ အကိုက်ခံရယင် ကိုက်တဲ့အကောင်လဲ မသက်သာဘူးသာ မှတ်”

ဟိကလစ်သည် ရွှံ့ရှုံ့မဲ့မဲ့ ဖြစ်သွားသည်။

ကဲ လာပါ။ လာပါ။ ခင်ဗျားကလဲ ခုထိ ပျာယာခတ်နေတာကို မစ္စတာလော့ဝုရဲ့၊ ကဲ အရက်ကလေး သောက်လိုက်ပါဦး၊ ကျုပ်နဲ့ ကျုပ် ခွေးတွေကြောင့် ဧည့်သည်တွေမှာက ဒုက္ခပဲဗျ၊ ကဲ သောက်လိုက်ပါပြီး ခင်ဗျားရဲ့ ကျန်းမာရေးအတွက် ကျုပ်ဆုတောင်းပါတယ်'

ကျွန်ုပ်လည်း အရက်ခွက်ကို လှမ်းယူပြီး ဦးခေါင်းကို ညိတ်၍ တုံ့ပြန် ဆုတောင်းစကား ဆိုလိုက်ပါသည်။ စိတ်ထဲကမူ ခွေးယုတ် ခွေးညံ့တွေကြောင့် စိတ်ကသိကအောက်ဖြစ်လျက် ဆက်လက်ထိုင်ရမည်ကို ဘဝင်မကျပဲ ဖြစ်ရပါတော့သည်။ သို့သော် သူ ရယ်ရွှန်း ဖတ်ရွှန်း ဖြစ်လာသဖြင့် စကားဝိုင်းကလေးမှာ စိုပြည်လာပါတော့သည်။ သူ့စကားတွေကို နားထောင်ရခြင်းဖြင့် သူသည် ဗဟုသုတ နှံ့စပ်သူတဦး ဖြစ်ကြောင်း သိရပါသည်။

ကျွန်ုပ်သည် အိမ်သို့ မပြန်မီ နောက်တကြိမ် လာလည်ဦးမည်ဖြစ်ကြောင်း အရိပ်အမြွက် ပြောလိုက်မိပါသည်။ သူ့သဘောထားက ကျွန်ုပ် နောက်တကြိမ် ရောက်လာမည်ကို လိုလားဟန် မတူပါ။ မည်သို့ဖြစ်စေ ကျွန်ုပ်သည် သူ့အိမ်သို့ နောက်တကြိမ် လာရပါဦးမည်။ သူနှင့် နှိုင်းယှဉ်ကြည့်မိမှလည်း ကျွန်ုပ်သည် သူ့ထက် ပေါင်းသင်းဆက်ဆံရာမှာ ဖော်ရွေကြောင်း အံ့ဩဖွယ် သတိပြုမိပါတော့သည်။

Comments