ဂန္ထဝင်မိတ်ဆက်
( ၁ )
လေထန်ကုန်းသည် အင်္ဂလိပ် စာရေးဆရာမ အယ်မီလီ ဗရွန်တီ၏ ဝူးသရင်းဟိုက် ( Wuthering Heights) ဝတ္ထုကို ဘာသာပြန်ထားသော ဝတ္ထုဖြစ်ပါသည်။
ဝတ္ထု၏နောက်ခံသည် အင်္ဂလန်ပြည်မြောက်ပိုင်း ယောရွှိုင်းယားဒေသ ရာသီဥတုပြင်းထန်သော တောင်ကုန်းနယ်မြေကို နောက်ခံပြုထားခြင်း ဖြစ်သည်။ ထိုဒေသရှိ လေထန်ကုန်းဟု အမည်ပေးထားသော အိမ်ကြီးတအိမ်မှ အိမ်သားများ အကြောင်းကို အခြေခံထား၏။ ဝတ္ထုနောက်ခံဒေသ၏ ရာသီဥတု ပြင်းထန်မှုသည် လေထန်ကုန်းအိမ်ကြီးမှ ဖြစ်ရပ်များကို ထင်ဟပ်နေဘိသကဲ့သို့ ရှိ၏။ တနည်းဆိုရသော် ရာသီဥတု ထိုင်းမှိုင်းခြင်း၊ ပြင်းထန်ခြင်းတို့သည် ဝတ္ထုပါ ဇာတ်ဆောင်များ၏ စရိုက်ကို ထင်ဟပ်နေဘိသကဲ့သို့လည်း ရှိ၏။ အထူးသဖြင့် အဓိက ဇာတ်ဆောင် ဟိကလစ်၏ စရိုက်သည် လေထန်ကုန်း အိမ်ကြီး၏သရုပ်၊ ထိုအိမ်ကြီးတည်ရာဒေသကို ကိုယ်စားပြုနေသယောင်လည်း ရှိလေသည်။
ထို့ကြောင့် ဤဝတ္ထုကို ဘာသာပြန်ရာတွင် လေထန်ကုန်း ဟူသောအမည်ကို တိုက်ရိုက်ဘာသာပြန် အသုံးပြုခြင်း ဖြစ်ပါသည်။
( ၂ )
လေထန်ကုန်း မူရင်းဝတ္ထုကို ၁၈၄၇ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ၌ ပထမအကြိမ် စတင် ထုတ်ဝေခဲ့သည်။ ခေတ်အဆက်ဆက် ဂန္ထဝင်ဝတ္ထုတပုဒ်အဖြစ် ထင်ရှားသည်။ ထို့ကြောင့် အကြိမ်ကြိမ်ပုံနှိပ် ထုတ်ဝေခဲ့ရသည်။ ထုတ်ဝေဆဲလည်း ဖြစ်သည်။ ထုတ်ဝေရာ၌ အနှစ်ချုပ်ပုံစံဖြင့် ထုတ်ဝေကြသည်လည်း ရှိသည်။ အလွယ်ဖတ်ပုံစံဖြင့် ထုတ်ဝေကြသည်လည်း ရှိပါသည်။ ရုပ်ရှင်အဖြစ်လည်း ရိုက်ကူးပြသခဲ့ပါသည်။
ဒဂုန်ခင်ခင်လေး၏ ဂုဏ်မြင့်သူဝတ္ထုသည် လေထန်ကုန်း ဝတ္ထု၏ ပထမပိုင်း ( အခန်း ၁၅ အထိ ) ကို သို့မဟုတ် လေထန်ကုန်းဝတ္ထုကို ရုပ်ရှင်ရိုက်ကူးပြသသော ရုပ်ရှင်ကားကို မှီးရေးသော ဝတ္ထုဖြစ်ပါသည်။
လေထန်ကုန်းသည် မြန်မာစာဖတ် ပရိသတ်အဖို့ အမည်မျှသာ ကြားဖူးကြပါ၏။ အချို့ကဆိုလျှင် ဂုဏ်မြင့်သူကိုပင် လေထန်ကုန်းအဖြစ် ထင်မှတ်မှားကြပါလေသည်။
သိပ္ပံစိုးလှကလည်း ၁၉၆ဝ ဝန်းကျင်လောက်က ငွေတာရီ မဂ္ဂဇင်း၌ လေထန်ကုန်းကို ပင်မြင့်မာလာ အမည်ဖြင့် ဘာသာပြန်ခဲ့ပါသည်။
ယခုကား လေထန်ကုန်းမူရင်းကို ကမ္ဘာ့ဂန္ထဝင် ဝတ္ထုတပုဒ် အဖြစ်လည်းကောင်း၊ မြန်မာ့စာဖတ်ပရိသတ် ကြားဖူးနားဝရှိပြီး အစအဆုံး အပြည့်အစုံ မဖတ်ဖူးသေးသော ဝတ္ထုအဖြစ် လည်းကောင်း ဘာသာပြန်ပါသည်။
ဤတွင် ဂန္ထဝင်ဝတ္ထု၏ စံအကြောင်းကို ဆွေးနွေးစရာ လိုလာပါသည်။ ဝတ္ထု၏ စံအကြောင်းကို ဆွေးနွေးသောအခါ ဝတ္ထုရေးသူအကြောင်းကို ဦးစွာတင်ပြဖို့ လိုလာပါသည်။
( ၃ )
၁၉ ရာစုအတွင်းက အင်္ဂလိပ် စာပေလောကတွင် စာဆို ညီအစ်မသုံးဦး ပေါ်ပေါက်ခဲ့သည်။ သူတို့ကား ရှားလော့၊ အယ်မီလီနှင့် အင်တို့ညီအစ်မ သုံးဦးဖြစ်သည်။ သူတို့မိဘ မျိုးရိုးသည် အိုင်းရစ်လူမျိုးများ ဖြစ်ကြသည်။ ဖခင်မှာ ခရစ်ယာန် ဘုန်းကြီး ပက်ထရစ်ဗရွန်တီဖြစ်သည်။ ပက်ထရစ်ဗန်တိသည် သားသမီး ခြောက်ယောက် ထွန်းကားသည်။ သားသမီး ခြောက်ယောက်တွင် ငါးယောက်သည် သမီးမိန်းကလေးများ ချည်းဖြစ်ကြ၏။ သို့သော် ပထမ သမီးကြီးနှစ်ဦးသည် ၁၈၂၅ တွင် ကွယ်လွန်ခဲ့သည်။
ပတ်ထရစ်ဗရွန်တီသည် အင်္ဂလန်ပြည်မြောက်ပိုင်း ယော့ရှိင်းယားနယ်၌ သင်းထောက်ဆရာအဖြစ် တာဝန်ယူဆောင်ရွက်ရသည်။ ပက်ထရစ်ဗရွန်တီ၏ မိသားစု နေထိုင်သော နေရာသည် ဝတ္ထု၏ နောက်ခံ ဖြစ်လာသည်။ ထိုနေရာသည် စိမ့်မြေထူထပ်၏။ လူသူကင်းဝေး၏။ ရာသီဥတုပြင်းထန်၏။
အယ်မီလီဗရူန်တီသည် ဤဝတ္ထုနောက်ခံအဖြစ် သူကျင်လည်ခဲ့သော ပတ်ဝန်းကျင်ကို ခြယ်မှုန်းခြင်းဖြစ်သည်။
အယ်မီလီဗရူန်တီတို့၏ ကျန်ရစ်သော မောင်နှမ လေးယောက်တွင် ညီအစ်မသုံးယောက်သည် စာပေဝါသနာ ထုံကြသည်။ ကဗျာစပ်ကြသည်။ ဝတ္ထုလည်း ရေးခဲ့ကြသည်။ အကြီးဆုံး ရှားလော့ဗရွန်တီသည် ဂျိန်းအဲယားဝတ္ထုဖြင့် ထင်ရှားသည်။ ထိုဝတ္ထုကို ဦးအေးမောင်က ၁၉၅၃ ခုတွင် ဘာသာပြန်ခဲ့သည်။ ဒုတိယသမီးသည် လေထန်ကုန်းကိုရေးသော အယ်မီလီဗရွန်တီဖြစ်သည်။ သူ၏ ကဗျာများနှင့် တပုဒ်တည်းသော လေထန်ကုန်း ဝတ္ထုသည် ကျန်ညီအစ်မ နှစ်ယောက်တို့၏ စာများထက် ကျော်ကြား၏။ ညီမအငယ်ဆုံး ကင်သည်လည်း သရော်ဖက်ဆာနှင့်အင်မာ အမည်ရှိ ဝတ္ထုတို့ကို ရေးခဲ့သည်။
သူတို့ကျင်လည်ရာ ယော့ရှိုင်းယား ဒေသသည် သူတို့အား စာပအနုပညာ စိတ်ကူးစိတ်သန်း ပေါ်ပေါက်စေခဲ့ခြင်းဖြစ်သည်။
သူတို့သုံးယောက်တွင် အယ်မီလီဗရွန်တီသည် စိတ်ဆတ်သည်။ မာနကြီးသည်။ ဇွတ်တရွတ် လုပ်သည်။
အယ်မီလီဗရွန်တီ၏အောက် မောင်ငယ် ပက်ထရစ်ဗရန်းနင်မှာ စာပေဘက်တွင် စိတ်မဝင်စားသော်လည်း အယ်မီလီဗရွန်တီ၏ လေထန်ကုန်းဝတ္ထုနှင့် ဆက်နွှယ်နေသဖြင့် သူ့အကြောင်းကိုလည်း အမြွက်မျှ ဖော်ပြရန် လိုပါသည်။
ဗရန်းနင်သည် အရက်သမားဖြစ်သည်။ လူပေလူတေဖြစ်၏။ အရက်ကြောင့် ငယ်ငယ်ရွယ်ရွယ်တွင် အသက်ဆုံးရှူံးခဲ့ရ၏။ ဗရန်းနင်သည် လေထန်ကုန်းဝတ္ထုထဲက ဟင်ဒလီအန်းရှောကို ကိုယ်စားပြုလေသလားဟု ယူဆကြသည်။
အယ်မီလီသည် သူ၏ လေထန်ကုန်းကို သူ မသေခင်တနှစ်တွင် ထုတ်ဝေခဲ့စဉ်က အောင်မြင်မှုမရပေ။ သို့သော် သူ ကွယ်လွန်ပြီးနောက်တွင်မှ အောင်မြင်မှု ရလာသည်။ ဂန္ထဝင်ဝတ္ထု အဖြစ် စံတင် သတ်မှတ်ခြင်းခံရသည်။
( ၄ )
ဂန္ထဝင်ဝတ္ထုတပုဒ်အဖြစ် လေထန်ကုန်းဝတ္ထုကို ခေတ်အဆက်ဆက် စာပေပညာရှင်တို့သည် ရုထောင့် အမျိုးမျိုးက တင်ပြခဲ့ကြသည်။ အင်္ဂလိပ် စာရေးဆရာ ဝီလီယံဆမ္မားဆက်မွမ် (၁၈၇၄-၁၉၆၅) သည် ၁၉၅၄ ခုတွင် (The Ten Novels and Their Authors) ကို ရေးသားခဲ့၏။ ထိုဝတ္ထုရှည်ကြီး ဆယ်ပုဒ်တွင် လေထန်ကုန်းသည် တပုဒ်အပါအဝင်ဖြစ်သည်။ (ဆမ္မားဆက်မွမ်၏စာအုပ်ကို ၁၉၇၄တွင် ကျော်အောင်က ကမ္ဘာ့ဂန္တဝင် တဆယ် အမည်ဖြင့် ဘာသာပြန်ခဲ့သည်။)
မွမ်၏ ဆောင်းပါးတွင် လေထန်ကုန်းကို စာရေးသူ အယ်မီလီဗရွန်တီ ကွယ်လွန်ပြီးနောက် ပြန်လည်ထုတ်ဝေရာ၌ သူအစ်မ ရှားလော့က တည်းဖြတ် ထုတ်ဝေခဲ့ကြောင်း ဖော်ပြထား ပါသည်။ ထိုသို့ ရှားလော့က တည်းဖြတ် ထုတ်ဝေရာတွင် တည်းဖြတ်သူ မှတ်ချက်အဖြစ် ဤသို့ ရေးခဲ့ပါသည်။ “ကျွန်မ ညီမ သေပြီးသည့်နောက်တွင် ကျွန်မအဖို့ ဤစာအုပ်ကို ပထမအကြိမ် ဖတ်ရန် ကြုံကြိုက်လာရခြင်း ဖြစ်ပါသည်။ ကွန်မအဖို့ ဝတ္ထု၏ စွမ်းအား ထက်မြက်မှုကြောင့် အသစ်တဖန် ချီးကျူးလိုစိတ်များ ပြည့်လျှံလာရပါသည်။ သို့သော် သူ့စာအုပ်ကို ဖတ်ရသည်မှာ ပင်ပန်းလှပါသည်။ ဤစာအုပ်တွင် စာဖတ်သူအား ပျော်စရာ တကွက်ကလေးမျှ ပေးမထားပါ။ စာမျက်နှာတိုင်းသည် ကိုယ်ကျင့်တရား လျှပ်စစ်ဓာတ်များ စီးဝင်နေပါလေသည်”
မွမ်ကမူ “လေထန်ကုန်းသည် အလွန်ထူးခြားသော ဝတ္ထုတပုဒ်ဖြစ်သည်။ အလွန်မကောင်းသော ဝတ္ထုတပုဒ်လည်း ဖြစ်သည်။ အလွန်ကောင်းသော ဝတ္ထုတပုဒ်လည်း ဖြစ်သည်။ အရုပ်လည်း ဆိုး၏။ လှလည်း လှ၏။ စိတ်ဓာတ်ပြင်းထန်သူတို့ အကြောင်းကို ဖွဲ့ထားသော ဝတ္ထုဖြစ်သည်နှင့်အညီ ဆွဲဆောင်အားလည်း ပြင်းထန်လှပါသည်” ဟု သုံးသပ် တင်ပြခဲ့လေသည်။
ပယ်လီကင် အင်္ဂလိပ်စာပေအညွှန်း (Plican Guide to English Literature) အတွဲ၌ ဒါးရက် ထရာဗာဆီ (Derek Traversi) က ရှားလာနှင့် အယ်မီလီဗရွန်တီတို့၏ ဝတ္ထုများသည် ထိုကာလ အခြားသော အင်္ဂလိပ် ဝတ္ထုရေး ဆရာတို့၏ဝတ္ထုများနှင့် စိတ်ကူး ဖန်တီးမှုအရာ၌ ခြားနားသည်” ဟူ၍လည်းကောင်း၊ လေထန်ကုန်းသည် လူ၏ ပြင်းထန်သော စိတ်ဓာတ်ပေါက်ကွဲမှုကို ဖော်ပြထားခြင်း ဖြစ်သည်” ဟူ၍ လည်းကောင်း၊ “ဝတ္ထု၏ ဦးတည်ချက်မှာ ပုဂ္ဂိုလ်ရေးနှင့် လူမှုရေး နှစ်ခုစလုံး အကျုံးဝင်နေသည်” ဟူ၍ လည်းကောင်း ဖော်ပြထားပါသည်။
လိဘက္ကသိုလ် ဝါရင့်အင်္ဂလိပ်စာပေ ကထိက အာနိုးကက်တဲ (Arnold Kattle) ၏ သုံးသပ်ချက်သည်လည်း စဉ်းစားဖွယ် ဖြစ်ပါသည်။ သူက သူ၏ အင်္ဂလိပ်စာ မိတ်ဆက် (An Introduction to the English Literature) အတွဲ ၁ တွင် “လေထန်ကုန်းသည် အခြားသော အနုပညာ ပစ္စည်းများနည်းတူ ပုဂ္ဂိုလ်ရေး ဖွဲ့သည် မှန်စေ၊ ယေဘုယျသဘောကို ဆောင်၏။ ဒေသတခုအကြောင်းကို အခြေခံသည် မှန်စေ၊ လူလောကတခုလုံး၏ သဘောကိုလည်း ဆောင်၏” ဟု ရေးပါသည်။ ထို့ပြင် “လေထန်ကုန်းသည် ၁၈၇၄ နှင့် ထိုကာလမတိုင်မီ အင်္ဂလန်၏ အကြောင်း ဖြစ်သည်” ဟု လည်း ဆက်လက် သုံးသပ်ပါသည်။ သူ သုံးသပ်ချက်တွင် “စင်စစ် လေထန်ကုန်းသည် အိုလီဗာတွစ် ကဲ့သို့သော ဝတ္ထုမျိုး ဖြစ်သည်။ (ချားဒစ်ကင်း၏ အိုလီဗာတွစ်ကို ဘာသာပြန် ထုတ်ဝေခဲ့ပြီး ဖြစ်သည်။) ဤ ဝတ္ထုသည် စိတ်ကူးယဉ်မဟုတ်။ တည်ဆဲဘဝမှ စိမ့်မြေရိုင်းသို့ လည်းကောင်း၊ ချစ်သူနှစ်ဦး၏ စိတ်ကူးယဉ် အချစ်ဆီသို့ လည်းကောင်း ထွက်ပြေးလွတ်မြောက်စေရန် ဦးတည်ထားသည်လည်း မဟုတ်” ဟူ၍ လည်းကောင်း ဖော်ပြထားပါသည်။ ဝတ္ထုပါ အဓိက ဇာတ်ဆောင်သည် အဖိနှိပ်ခံ အပယ်ခံဘဝမှ တွန်းလှန်ရန် အားထုတ်ခြင်းဖြစ်ကြောင်း၊ ကက်သရင်းအန်းရှောမှာ ဘူဇွာစိတ်ဓာတ်အရ ဟိကလစ်ကို ချစ်လျက် လက်မထပ်ပဲ အက်ဝါလင်တန်ကို လက်ထပ်ခဲ့သဖြင့် စိတ်ဆင်းရဲပြီး အသက်ဆုံးရှူံးရကြောင်း၊ ဟိကလစ်သည် ကေသီနှင့် ဟယ်ယာတန်တို့ ကြင်ကြင်နာနာ ဆက်ဆံမှုကို မြင်လာရသောအခါ သူ့ချစ်သူ ကက်သရင်းအား ကေသီ နေရာတွင် အစားထိုးကြည့်ပြီး သူ၏ လက်စားချေလိုစိတ်ကို လျော့ဖြေခဲ့ခြင်း ဖြစ်ကြောင်းလည်း သုံးသပ်ထားပါ၏။ ထိုပြင်လည်း လေထန်ကုန်းသည် ဆယ့်ကိုးရာစု အရင်းရှင် လူအဖွဲ့အစည်း၏ ပုဂ္ဂိုလ်ရေး၊ စိတ်ဓာတ်ရေးကို ထင်ဟပ်ထားခြင်း ဖြစ်ကြောင်း သုံးသပ် ဖော်ပြထားပါ၏။
( ၅ )
လေထန်ကုန်းသည် ဂန္ထဝင်ဝတ္ထုတပုဒ်အဖြစ် အများက လက်ခံထားပြီး ဝတ္ထု ဖြစ်ပါသည်။ ဂန္ထဝင် ဝတ္ထုတို့သည် အပျော်ဖတ် ဝတ္ထုများနှင့် ခြားနားပါသည်။ ဂန္ထဝင် ဝတ္ထုတို့သည် စာပေ အရသာ ခံစားလိုသူများသာ အာရုံဝင်စား ဖတ်လေ့ရှိပါသည်။
ယခုဝတ္ထုသည် အထက်စာပေပညာရှင်တို့ ဝေဖန်သုံးသပ်သကဲ့သို့ပင် လူ၏ အစွဲအလမ်းကြီးတတ်သော စိတ်ထား၊ စိတ်ဓာတ်ပြင်းထန်မှုနှင့် လူ့စရိုက်၏ ပျော့ကွက် ဟာကွက်များကို ဖော်ပြထားသော ဝတ္ထု ဖြစ်ပါသည်။
ဘာသာပြန်သူ အနေနှင့် သုံးသပ် တင်ပြလိုသည်များလည်း ရှိပါသည်။
ဤဝတ္ထုသည် လူ၏ ကိုယ်ကျင့်တရား၊ မျိုးဆက်သစ် ပြုစု ပျိုးထောင်မှု၏ အရေးပါပုံကိုလည်း ထင်ဟပ် ပြနေသည်ဟု သဘောရပါသည်။ ဟိကလစ် ကြီးပြင်းရပုံနှင့် ဟယ်ယာတန် ကြီးပြင်းလာရပုံတို့သည် မျိုးဆက်သစ်ပြုစု ပျိုးထောင်မှုကို ထင်ဟပ်ပြနေခြင်းပင် ဖြစ်ပါသည်။ မျိုးရိုးသည် အဓိက မဟုတ်သော သဘောကို ပြသည်ဟုလည်း သဘောရပါသည်။ ဟယ်ယာတန် စာပေသင်ကြားခွင့် ဆုံးရှူံးရသော အဖြစ်သည် လူ့ဘဝ၏ ကြီးမားသော ဆုံးရှူံးမှုအဖြစ် ပြထားခြင်း ဖြစ်သည်ဟုလည်း သဘောရပါသည်။
ထို့ပြင် ဤဝတ္ထု၌ လူ့အစွဲအလမ်းအဖြစ် ၁၉ ရာစု လူတို့ အစွဲအလမ်းတခုကိုလည်း ထင်ဟပ်နေသည်ဟု သဘောရပါသည်။ ထိုခေတ် ထိုအခါက အင်္ဂလိပ်တို့သည် တစ္ဆေသူရဲ အစွဲအလမ်းရှိခဲ့ပုံ ရပါသည်။ စိတ်ဓာတ် အစွဲအလမ်း ပြင်းထန်မှုပင် ဖြစ်ပါလိမ့်မည်။ ဟိကလစ် ကွယ်လွန်ပြီးနောက် အဖြစ်အပျက်ကို ဝတ္ထုဆုံးခါနီး အပိုင်း၌ ဖော်ပြထားသည်ကို ဖတ်လျှင်ပင် အစွဲအလမ်း၏ ပြင်းထန်မှု သဘောကို သိနိုင်ပါ၏။ ထိုကိစ္စနှင့် စပ်လျဉ်း၍ မစ္စတာ လော့စုနှင့် အယ်လင်ဒင်းတို့ အပြန်အလှန် ပြောဆိုပုံကို ဆင်ခြင်နိုင်ပါသည်။
'အဲဒီလိုဆို ဟိကလစ်တို့ ချစ်သူ တစ္ဆေနှစ်ဦး နေရတာပေါ့ဗျာ"
ကျွန်ုပ်က အကဲစမ်း မေးလိုက်မိပါသည်။
“မဟုတ်သေးပါဘူး မစ္စတာ လော့ဝုရယ်၊ ကျွန်မတော့ သေတဲ့လူတွေဟာ အေးအေးချမ်းချမ်းရှိသွားပြီလို့ပဲ ယုံကြည်တယ်။ ပြီးတော့လဲ သူတို့အကြောင်း၊ ကပျက်ကချော် မပြောသင့်ပါဘူးရှင်”
ထိုခေတ် အစွဲအလမ်းတခုကို ချေပ တင်ပြခြင်းဟု သဘောရပါသည်။
မည်သို့ဖြစ်စေ၊ လေထန်ကုန်း ဝတ္ထုကို ဘာသာပြန် တင်ဆက်ခြင်းဖြင့် မြန်မာစာပေတွင် လည်းကောင်း၊ စာဖတ်သူ အဖို့ လည်းကောင်း တစုံတခုသော အကျိုးသက်ရောက်မှု ဖြစ်ထွန်းသည်ဆိုမူ ဘာသာပြန်သူအဖို့ ကျေနပ်ရမည်သာ ဖြစ်ပါသတည်း။
ကျော်လှိုင်ဦး


Comments
Post a Comment