အခန်း [ ၅ ]
အချိန်များ ရွှေ့ပြောင်းလာသည်နှင့်အမျှ မစ္စတာအန်းရှောသည် အားအင် ကုန်ခန်းစ ပြုလာပါလေသည်။ အင်အား လျော့နည်းလာပြီ ဖြစ်သည့်တိုင်အောင် သူသည် သွက်လက်ထက်ကြွကာ ကျန်းမာသော အသွင်ကို ဆောင်နေခဲ့ပါသေးသည်။ မီးဖိုဘေးတွင် ထိုင်ယင်း စိတ်တိုတတ်လာပါသည်။ စိတ်တိုစရာ စိတ်ရှုပ်စရာ မရှိလျှင်ကား သူသည် ပကတိ လူကောင်းတယောက်အသွင် ရှိတတ်ပါ၏။ အထူးသဖြင့် သူ့ ဟိကလစ်နှင့် ပတ်သက်၍ တစုံတဦးကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရပါက သူ့မှာ မနာလိုဝန်တိုစိတ်ပွားကာ နှုတ်ဆိတ်နေတတ်ပါသည်။ သူ့စိတ်ထဲမှာ သူက လိုလားသလောက် ဟိကလစ်အပေါ် အခြားလူများ အမှန်းပွားသည်ကိုလည်း သူ မခံရပ်နိုင်ပါ။ ထိုသို့ဖြစ်လေ ကျွန်မတို့သည် ဟိကလစ် အပေါ် ပြက်ရယ်ပြု တတ်လေ ဖြစ်လာကြပါသည်။ ထိုသို့ ပြက်ရယ်ပြုလေ ဟိကလစ်သည်လည်း စိတ်ထိခိုက်လေ ဖြစ်ပုံရပါသည်။ ဟိကလစ် အပေါ် မလိုမုန်းထားဟန် ပြခြင်းကို သခင်ကြီးကလည်း နည်းနည်းကလေးမျှ သည်းမခံနိုင်ပါ။ တခါတွင် ဟင်ဒလီသည် သူ့အဖေရှေ့မှာပင် ဟိကလစ်ကို မလိုမုန်းထားဟန် ပြမိသဖြင့် သခင်ကြီးသည် ကုတ်ကိုဆွဲ၍ ရိုက်မည် ပြုပါလေတော့သည်။ သို့သော် ထိုအချိန်၌ သခင်ကြီးတွင် စိတ်သွားတိုင်း ကိုယ်မပါ နိုင်တော့ပါ။
တခါတွင် ကလေးတွေကို စာသင်ပေးနေသော ခရစ်ယာန်ဘုန်းကြီးက ဟင်ဒလီအား ကောလိပ်သို့ ပို၍ ပညာသင်စေရန် အကြံပေးပါသည်။ သခင်ကြီးသည် စိတ်လေးလေးဖြင့် အလိုတူခဲ့ပါသည်။ ထိုစဉ်က သခင်ကြီးသည် …..
“ဟင်ဒလီ ဆိုတဲ့ ကောင်ဟာ တေ လေ နေမှာပဲ၊ ဖြစ်ထွန်းမယ့်ကစား မဟုတ်ပါဘူး' ဟုပင် ဆိုခဲ့သေးသည်။
ဟင်းဂလီမရှိသောအခါ ကျန်မတို့ အိမ်ကြီးမှာ အေးချမ်းသွားလိမ့်မည်ဟု ကျွန်မ မျှော်လင့်ခဲ့ပါသေး၏။ သခင်ကြီးကဖို့မှာ သူ အသက်ကြီးလာသည်နှင့်အမျှ အလိုမကျနိုင် စိတ်ကလည်း ကြီးမားလာသည်ဟု ကျွန်မ ထင်ပါသည်။ ထိပ်တန်း သဘောထား မတိုက်ဆိုင်မှုကြောင့် စိတ်ရောကိုယ်ပါ ထိခိုက်လာဟန်လည်း ရှိပါသည်။ အိမ်တွင် ကျန်ခဲ့သူများတွင် ကေသီနှင့် ဂျိုးဆက်တို့ကလည်း တယောက်တမျိုးစီ စိတ်အနှောင့်အယှက် ပေးတတ်ကြပါ၏။
ဂျိုးဆက်ဆိုလျှင် ဘုရားစာအုပ်ကို ကိုင်ပြီး လူတကာကို ပြစ်တင် ရှုတ်ချတတ်သူ ဖြစ်၏။ ဂျိုးဆက်သည် သူ့သခင်အမြင်တွင် ဘုရားတရား ကြည်ညိုသူအဖြစ် မြင်အောင် ဟန်ရေးပြတတ်ပါပေသည်။ ထို့ကြောင့် သူ့သြဇာက သခင်ကြီးအပေါ် လွှမ်းမိုးနေ၏။ သခင်ကြီး ပို၍မကျန်းမာလေလေ ဂျိုးဆက်၏ ဩဇာသည်လည်း ပို၍ ကြီးမားလေလေ ဖြစ်ပါသည်။ ဂျိုးဆက်သည် အခွင့်သာတိုင်းပင် ဟီကလစ်အား ပေါက်လွှတ်ပဲစား နိုင်သူအဖြစ် အပြစ်တင်စကား ပြောလေ့ရှိပါသည်။ ကက်သရင်းနှင့် ဟီကလစ်တို့နှင့် ပတ်သက်၍လည်း အမြဲလိုပင် ကတုံးကတိုက်စကား ပြောလေ့ရှိလေသည်။
ကက်သရင်းကလည်း ကက်သရင်းပါပဲ။ ကက်သရင်းသည် အလျင်ကနှင့်မတူတော့ပါ။ တနေ့တနေ့ အိမ်ပေါ်က ဆင်းလာသည်မှ အိပ်ရာဝင်ရန် အိမ်ပေါ်ပြန်တက်သွားသည်အထိ ကျွန်မတို့မှာ အေးအေးဆေးဆေး နေရသည်မရှိပါ။ လူကြီးတွေကြားမှာ ဝင်ရုပ်လိုက်၊ အနှောင့်အယှက် ပေးလိုက်နှင့် လုပ်တတ်ပါသည်။ သူ့ စိတ်ဓာတ်ရင်းကား ကောင်းသလောက် အပြောအဆို အရယ်အမောတို့တွင် ထိန်းထိန်း ချုပ်ချုပ် မရှိလှပါ။ သူ့မျက်လုံးတွေ ရွှန်းလဲ့ပြီး အပြုံးက ချိုမြိန်၊ လှုပ်ရှားဟန်က သိမ်မွေ့လှသော်လည်း သူကလည်း ဂြိုဟ်မွှေချင်ချင်ပင်။ မည်သို့ဖြစ်စေ၊ အန္တရာယ်ရှိသည်ဟူ၍ကား ကျွန်မ မထင်ပါ။
ကက်သရင်းသည် ဟိကလစ်ကို အလွန်ခင်တွယ်ပါသည်။ ထို့ကြောင့် ကက်သရင်းကို အပြစ်ပေးချင်လျှင် ဟိကလစ်နှင့် ခွဲထားလိုက်ကြရုံသာ ရှိပါသည်။
မစ္စတာအန်းရှောကား ကလေးတွေ အပြောင်အပြက်လုပ်သမျှကို နားမလည်နိုင်ပါ။ သူတို့နှင့်ပတ်သက်၍လည်း သူ စိတ်ညစ်ရလေသည်။ ကက်သရင်းကလည်း သူ့အဖေ မကျန်းမာလာသဖြင့် စိတ်မရှည်နိုင်သည့် အခြေအနေကို သတိမူပုံ မပေါ်ပါ။ သူကလည်း သူ့ဖအေ မကြိုက်မှန်းသိလျက် စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်ချင်သည်။ ထိုအချိန်မျိုးတွင် ကျွန်မတို့က သူ့ကို ဆူလားပူလား လုပ်ပြန်လျှင် သူစိတ်မကောင်းဆိုလျှင်လည်း ကျွန်မတို့ကို ကလန်ကဆန် လုပ်တတ်၏။ ဂျိုးဆက်တို့ ဆိုလျှင်လည်း သူက ဂရုမစိုက်။ ဒါကိုလည်း သူ့အဖေက နည်းနည်းကလေးမျှ မကြိုက်။
တခါအခါ သူ တနေ့လုံး လုပ်ချင်ရာ လုပ်ပြီး ညပိုင်းတွင် ဖအေနား ကပ်ပြီး ပွတ်သီးပွတ်သပ် လုပ်တတ်သေးသည်။ ထိုအခါမျိုး၌ ဖအေလုပ်သူက …..
“မဟုတ်သေးဘူး ကေသီ၊ ဖေဖေ သမီးကို မချစ်နိုင်ပါဘူးကွယ်။ သမီးက သားထက်တောင် ဆိုးချင်ပါသေးကလား၊ သွားသွား၊ ဘုရား ရှိခိုးပြီး ဘုရားဆီမှာ အပြစ်မယူဖို့ တောင်းပန်ချေ သမီး၊ သမီးကို မွေးခဲ့ရတဲ့အတွက်များ အဖေနဲ့ အမေတို့ ဝမ်းနည်းစရာ ဖြစ်ရသလားလို့တောင် သမီးလို့တောင် သံသယဝင်မိတယ်ကွယ်” ဟု ဆိုသောအခါ ကက်သရင်း ငိုလေတော့သည်။ ကက်သရင်းအဖို့ ပထမဆုံးအကြိမ် ငိုရခြင်း ဖြစ်လေသည်။ ပြီးတော့လည်း မေ့မေ့ပျောက်ပျောက်ပင်။
သခင်ကြီး အန်းရှော၏ ဒုက္ခအပေါင်း ချုပ်ငြိမ်းမည့် ကာလသည် ဆိုက်ရောက်လာပါလေတော့သည်။ သူသည် အောက်တိုဘာလ တညနေချမ်းတွင် မီးဖိုဘေး၌ ထိုင်နေယင်း အေးချမ်းဆိတ်ငြိမ်စွာ ကွယ်လွန် သွားခဲ့ပါလေသည်။ အိမ်ပတ်လည်မှာ လေပြင်းတိုက်နေပါသည်။ မီးခိုးခေါင်းတိုင်ထဲမှာပင် လေသံသည် ဆူညံနေပါ၏။ မအေးလှသော်လည် လေသံကား ပြင်းထန်လှပါသည်။ ထိုအချိန်က ကျွန်မတို့အားလုံး စုစုဝေးဝေး ရှိကြပါသည်။ ကျွန်မမှာ မီးဖိုနှင့် ခပ်လှမ်းလှမ်းတွင် ဇာထိုး နေပါသည်။ ဂျိုးဆက်ကား စားပွဲနားတွင် သမ္မာကျမ်းစာကို ဖတ်နေပါသည်။
မစ္စကေသီ (ကက်သရင်း)မှာ ကောင်းကောင်း နေမကောင်းသဖြင့် ဖအေ့ဒူးခေါင်းကို မှီပြီး ငြိမ်ငြိမ်ကလေး ထိုင်နေပါသည်။ ဟိကလစ်ကား ကေသီ ပေါင်ပေါ်မှာ ခေါင်းအုံးလျက် ကြမ်းပြင်ပေါ်မှာ လှဲနေပါသည်။ ကျွန်မ ကောင်းကောင်း မှတ်မိပါသေးသည်။ သခင်ကြီးသည် အသက်မထွက်မီအထိ သူ့သမီး ဆံပင်ကို ပုတ်သပ်ယင်း..
“မင်းကလေး ဘာကြောင့်များ ဆိုးချင် မိုက်ချင်ရတာလဲ သမီးကလေး ကေသီရယ် ́ဟု ဆိုလိုက်လျှင် ကက်သရင်းသည် ဖအေကို ခေါင်းမော် ကြည့်လျက် ရှယ်လိုက်ပြီး
“ဖေဖေကကော ဘာကြောင်းများ အမြဲတမ်း လူကောင်းကြီး မဖြစ်ရတာပါလိမ့်ဟု ဆိုလိုက်ပါသေးသည်။
သူ့အဖေ စိတ်ထိခိုက်သွားပုံ မြင်လိုက်ရသည်နှင့် ကက်သရင်းသည် အဖေ လက်ကို နမ်းပြီး အဖေ့ကို သီချင်းဆိုသိပ်မည်ဟု ဆိုကာ သီချင်းတပုဒ်ကို ခပ်တိုးတိုး ဆိုပါလေ၏။ ထိုစဉ်မှာပင် သခင်ကြီး၏ လက်ချောင်းများသည် ကက်သရင်း၏ ခေါင်းပေါ်မှ ပြုတ်ကျသွားပါတော့သည်။ သူ ခေါင်းသည်လည်း ရင်ဘတ်ပေါ် ငိုက်ကျလာပါ၏။ ထိုအခါ ကျွန်မက ကေသီကို သခင်ကြီး နိုးမသွားစေရန် တိတ်တိတ်နေဖို့ ပြော လိုက်ပါသည်။ ကျွန်မတို့ အားလုံးပင် ကြွက်ကလေးတွေလို ငြိမ်နေလိုက်ကြပါသည်။ ဂျိုးဆက်သာလျှင် သူဖတ်နေသော အခန်း ပြီးဆုံးသည်နှင့် သခင်ကြီး ဘုရားရှိခိုးရန်အတွက် ထလာပါလေသည်။ ဂျိုးဆက်သည် သခင်ကြီးနား တိုးလာပြီး ပခုံးကို ကိုင်၍ နာမည်ကို ခေါ်လိုက်ပါသည်။ သို့သော် သခင်ကြီးသည် မလှုပ်ရှားတော့ပါ။ ထို့ကြောင့် ဂျိုးဆက်သည် ဖယောင်းတိုင်ကို ယူလာပြီး သခင်ကြီးကို ကြည့်လိုက်ပါသည်။
သူ့ ဖယောင်းတိုင် အလင်းရောင်အောက်တွင် သခင်ကြီး အခြေအနေကို သတိပြုမိလျှင်ပင် တခုခုတော့ ဖြစ်ပြီဟု ကျွန်မ ထင်လိုက်သဖြင့် ကလေးနှစ်ယောက်ကို လက်တဘက်စီနှင့် ဆုပ်ကိုင်ယင်း
“ကဲ အပေါ်သွားကြတော့၊ ဆူဆူညံညံ လုပ်မနေနဲ့၊ သူတို့ ဘုရားဝတ်ပြုကြလိမ့်မယ်” ဟု ခပ်တိုးတိုး ပြောလိုက်ပါသည်။
ထိုအခါ ကက်သရင်းက....
“ကျွန်မ ဖေဖေကို ဦးဆုံး နှုတ်ဆက်ဦးမယ် ဆိုလျက် ကျွန်မတို့ မတားလိုက်မီမှာပင် သူ့အဖေ လည်ပင်းကို သိုင်းဖက်လိုက်သည်နှင့် ကလေးမသည် “အိုး ဖေဖေ သေပြီ၊ ဟိကလစ်၊ ဖေဖေသေပြီ'ဟု အော်လိုက်ပါသည်။ တဆက်တည်းပင် သူတို့နှစ်ယောက် ချုံးပွဲချ ငိုကြပါလေတော့သည်။ ကျွန်မလည်း သူတို့နှင့်အတူ အော်ငိုလိုက်ပါတော့သည်။ ထိုအခါမှပင် ဂျိုးဆက်က ကျွန်မအား ဆရာဝန် သွားခေါ်ရန် ပြောသဖြင့် ကျွန်မလည်း အပေါ်အင်္ကျီ ဝတ်ပြီး မိုးထဲ လေထဲမှာပင် ဆရာဝန်ကို သွားခေါ်ခဲ့ပါ၏။ ဆရာဝန်ရောက်လာသောအခါ ဂျိုးဆက်နှင့် ထားခဲ့ပြီ ကလေးတွေဆီသို့ ကျွန်မ လာခဲ့ပါ၏။ ကလေးတွေ၏ တံခါးမှာ ဟထားပါသည်။ သန်းခေါင်ကျော်လာပြီ ဖြစ်သော်လည်း သူတို့ မအိပ်ကြသေးပါ။ တဦးကိုတဦး နှစ်သိမ့်မူ ပေးနေကြလေသည်။ ကျွန်မမှာ ငိုရှိုက်ယင်း သူတို့အချင်းချင်း နှစ်သိမ့်မှု ပေးနေသည်ကို နားစိုက်နေပါသည်။ ကျွန်မအဖို့ကား အားလုံး ဘေးကင်း ရန်ကင်း အေးအေ ချမ်းချမ်း နေကြရဖို့ ဆန္ဒပြုရုံမှအပ ဘာမျှ မတတ်နိုင်တော့ပါ။
.jpg)

Comments
Post a Comment