ပိုင်ရှင်မဲ့ ဗလာခုတင်ကို ငုံ့မိုးကြည့်နေရချိန် ခံစားချက်မှာ အတော်ပင် ထူးဆန်းလှကြောင်း သူ နေခဲ့ဖူးသည်ဆိုသော ခုတင်အနား မတ်မတ်ရပ်မိသည့် မိနစ်ပိုင်းအတွင်း ကျွန်မ တွေးမိပါသည်။
ဗလာခုတင်ချင်း အတူတူမှာတောင်ပဲ ယခင်နေခဲ့သူ အခြားအခန်း သို့မဟုတ် နေရပ်တစ်ခုဆီ ပြောင်းရွှေ့သွား၍ ဟင်းလင်းကျန်ရစ်ခဲ့သော ခုတင်မျိုးလည်း မဟုတ်။ အလျား ခြောက်ပေခွဲ၊ အနံ နှစ်ပေခွဲ မပြည့်တပြည့်လောက်ရှိမည့် သစ်သားခုတင်ဟောင်းသည် မကြာသေးခင်ကမှ ကွယ်လွန်သွားသူ နေထိုင်ခဲ့သော နေရာ။ ထိုအသိကပဲ ခုတင်နား ရပ်တန့် ငုံ့ကြည့်နေသည့် ကျွန်မကို ထူးဆန်းသော ခံစားချက်တစ်မျိုး ဝင်လာစေပုံ ပေါ်ပါသည်။
ဘယ်လိုခံစားချက် ဆိုရမှာပါလိမ့်...။ ...သူ အသက်ရှင်နေခဲ့စဉ်က ဘယ်လိုနေရ ထိုင်ရကြောင်း တစ်ခါပင် မစေ့ငုမိ၍ ခုတင်တစ်လုံးစာအပြင် နေရာလွတ် ဧရိယာ မကျယ်ဝန်းလှသော အခန်းကို မြင်တွေ့ခိုက် နောင်တနှင့် ဝမ်းနည်းစိတ်လား။ သူ့ နောက်ဆုံးအချိန်ကို မသိလိုက်ရသလို မြေမြှုပ်သင်္ဂြိုဟ်ပုံကိုလည်း မြင်ခွင့်မရလိုက်၍ သူ သေဆုံးခဲ့ပြီဆိုတာကို လက်မခံနိုင်သေးသော ဝေဝါးစိတ်တစ်မျိုးလား။ ကျွန်မ မပြောတတ်ပါ။
“အိပ်ရာလိပ်တွေလည်း လောလောဆယ်တော့ ဒီအတိုင်းပဲ ဖျာနဲ့လိပ်ပြီး အပေါ်ဘက် ကပ်ထားလိုက်တာပဲ၊ ဘာလုပ်ရမှန်းလည်းမသိ...အင်း'
အခန်းဝဆီက ထွက်ပေါ်လာသော သက်ပြင်းနှောအသံမှာ ပြတင်းတစ်ခုသာ ဖွင့်ထားသည့် အခန်းထဲ အစိမ်းသက်သက်ပင် လွင့်ပျံ့သွားပါသည်။ အသံရှင်ကို ကျွန်မ ငဲ့မကြည့်သော်လည်း ညှိုးလျလျ ရှည်သွယ်သွယ် မျက်နှာထက်ဝယ် စိတ်လက် မကောင်းဟန်၊ တစ်ဖက်တွင် အနေရခက်ဟန် အရိပ်အငွေ့များ ပျပျမျှင်မျှင် ပြေးနေလိမ့်မည် ထင်၏။ သည်တိုက်ခန်းထဲ ရောက်စတုန်းကတည်းက မြင်တွေ့နေရသည့် သူ့အမူအရာမှာ မသိလျှင်ပဲ ကျွန်မအပေါ် အပြစ်တစ်စုံတစ်ရာ ကျူးလွန်မိ၍ အနေခက်နေဟန်။ လူတစ်ယောက်၏ သေဆုံးမှုမှာပဲ ပါဝင်ပတ်သက်မိသလိုလို အပြစ်မကင်းစိတ် ဝင်နေဟန်။
သို့သော် တိုက်ခန်းတစ်ခုလုံးကို ဦးစီးဦးဆောင်ပြု ငှားရမ်းလျက် အဆောင်သဖွယ် လူငှား ထပ်တင်ထားသည့် အိမ်ခန်းရှင်သည် သေဆုံးသူ ဘယ်အရပ်သို့ ဘယ်လောက်ကြာကြာ သွားလေမှန်းပင် အစဉ်သဖြင့် သိခွင့်ရခဲ့သူ မဟုတ်။ သွားခါနီးလျှင် အသိပေး သွားတတ်သော်လည်း ပြန်ချိန်ကတော့ မရေရာပါတဲ့။ ဆုံးမယ့်ဆုံးတော့လည်း အဆောင်က အသိမိတ်ဆွေ ဘယ်သူမျှ လက်လှမ်းမမီသည့် နယ်အဝေးမှာ။
အင်း …. ကျွန်မ၏ အဝေးမှာ။
"ဖုန်းရတုန်းက ကျွန်တော် တော်တော် အံ့သြသွားတာပဲ”
“ကျွန်မဆီကလား ́
"ဟုတ်ပါ့၊ ဒီကြားထဲ ဘယ်သူမှလည်း အဆက်အသွယ် လုပ်မလာကြဘူးဗျာ၊ သူ့ဖုန်းကိုလည်း ဟိုရွာက ပြီးခဲ့တဲ့အပတ်က ပစ္စည်းတွေ ပြန်ပို့လိုက်လို့ ရောက်လာကတည်းက အားအကုန်မခံဘဲ အားသွင်းပြီးကို ကျွန်တော် စောင့်နေတာ၊ အမျိုးအဆွေ တစ်ယောက်ယောက်များ ဆက်လာကြမလားပေါ့ ... အင်း”
အဆုံးသတ် “အင်း” မှာ စောင့်စားခဲ့ရသည့် အချိန်ကာလအတွက် စိတ်မောမှုကို ဖော်ပြသည်လား၊ လောကထဲက အသံမကြား ဘာမကြား ပျောက်နေခဲ့တာတောင် ဆက်သွယ်သူ တစ်ဦးတလေ မရှိခဲ့သည့်အဖြစ်အပေါ် စိတ်လက်မကောင်း ခံစားရသည်လား။ အိမ်ခန်းရှင် ကိုယ်တိုင်ပဲ သိပါလိမ့်မည်။
"သူ့မှာ ကျွန်မ သိသလောက် ဆွေမျိုးထဲက ရင်းတာ မရှိသလောက်ပဲ ရှင့်---၊ အစ်မ---အင်း- - - အစ်မတစ်ယောက်တော့ ရှိတယ်"
"အဲဒီအစ်မကလည်း ဘာလို့များ မဆက်သွယ်သလဲဗျာ”
ဆတ်ဆတ်ဆော့ဆော့ မေးလေခြင်းဟု ကျွန်မ ချာခနဲ လှည့်ကြည့်မိပါသည်။
ကျွန်မ၏ မျက်လုံးများသည် တဒင်္ဂတွင် ဝင်းဝင်းလက်လက် ဖြစ်သွားခဲ့လိမ့်မည်။ နောက်မှပင် လူလည်း ထပ်မတင်၊ ပစ္စည်းပစ္စယများကိုလည်း အရှိအတိုင်း ထားမြဲ ထားဆဲ ဖြစ်လျက် ဆက်သွယ်သူ ပေါ်လာနိုး စောင့်စားခဲ့သူ၏ စိတ်ဒုက္ခနှင့် ကွယ်လွန်သူအပေါ် ခင်မင်မှုကို နားလည်ရပြန်ကာ ပျော့ပျောင်းသော မျက်နှာရိပ်ကို ဆင်ရသည်။ အိမ်ခန်းရှင်ကို ကျွန်မ စတွေ့လျှင်တွေ့ချင်း သူ တစ်ခါ ပြောခဲ့ဖူးသော “ကျွန်တော့် အနွံတာ ခံတဲ့လူဗျာ၊ ဘယ့်နှယ် ရေစက်မှန်းလည်း မသိပါဘူး” ဆိုတာကို ပြန်အောက်မေ့ရသေးသည်။ ရွက်ဝါလို လေတစ်ကြော မျောလိုရာ မျောနေချင်တော့ သူကို အနွံတာခံနိုင်ဖို့ဆိုသည်မှာ လူနှစ်ယောက်အကြားက ရေစက်လည်း လိုအပ်ကြောင်း သံသရာကို ထူး၍ မယုံသူက ထုတ်ပြောခဲ့လေတော့ ယခုတိုင် ထိုစကားသံကို ကျွန်မ ကြားယောင်ဆဲ။ ပြီးတော့ တစ်ဆက်တစ်စပ်တည်း ပြောလိုက်သည်မှာ "ခင်ဗျားလည်း အတူတူပါပဲ”...တဲ့။
ရုတ်တရက်တော့ သူ့စကားကို ကျွန်မ နားမရှင်းခဲ့ပါ။ “ဘာပြောတာတုံးဟု မချိုမနွဲ့ပင် ပြန်မေးခဲ့သည်။ သူ တစ်ခုခု ထပ်ရှင်းလိမ့်မည် မျှော်လင့်ချက်နှင့် -- -။ သို့သော် အံ့ဩဖွယ်ပင် စောစောက စကားကို ပြောလိုက်တာပဲ သူ မဟုတ်သည့်ပမာ ငြိမ်သက်နေတော့သည်။ မျက်လုံးအစုံမှာ လမ်းပေါ်က လူသွားလူလာတို့ဆီ မြင်မှန်း မမြင်မှန်းမသိ အာရုံစိုက်နေလေတော့ ကျွန်မလည်းဆက်မမေးဖြစ်။ သူ့စကား၏အဓိပ္ပာယ်ကို နားလည် စေ့ငုမိတော့ ကျွန်မတို့ လမ်းခွဲ နှုတ်ဆက်ခဲ့ကြပြီ။ နေညိုညို အိမ်အပြန်လမ်းထက် တစ်ယောက်တည်း ငိုက်စိုက်စိုက် လျှောက်ရင်းမှပင် ဆိုလိုရင်းကို ဗြုန်းခနဲ နားလည်တော့ ခြေလှမ်းတို့ကို ယောင်မှား ရပ်တန့်လိုက်မိသည်။ ရေစက်လား....ကျွန်မတို့နှစ် ယောက်ကြားက ရေစက်ကို ပြောခဲ့သလား။ တစ်နေ့ တွေ့တော့ ပြန်မေးတာပေါ့ဟု ကျွန်မ တွေးခဲ့သည်။ သို့သော်လည်း ထိုတစ်နေ့ မတိုင်မီပင် သူတစ်ယောက် ခရီးရှည်ထွက်ခွာခဲ့ပြီ။
“သူ့ အစ်မ ဆိုတာကလည်း.. ရှင် နားလည်အောင် ဘယ်လိုပြောရမလဲ၊ တစ်မအေတည်း မွေးခဲ့ကြပေမဲ့ ဘေးကကြည့်ရင် သွေးမတော်ကြသလိုပဲရှင်၊ သူတို့ချင်း စိတ်ချင်း မနီးစပ်ခဲ့ကြဘူးပဲ ထားပါတော့
"ဪ...အင်း...အင်း
ကျွန်မ စကားကို အပြည့်အဝ နားလည်ပုံမရသော အိမ်ခန်းရှင်၏ မျက်လုံးများကို ကြည့်၍ သူ မကွယ်လွန်မီ သည်အခန်း နေစဉ်က သူတို့နှစ်ဦး ဘယ်လိုများ စကားပြောဆိုဆက်သွယ်မှ ပြုခဲ့ကြပါလိမ့် အံ့အားသင့်မိသည်။ သူဆိုသည်က ကျွန်မနှင့်ပင် စိတ်လက်ရှည်ရှည် စကားပြောတတ်ခဲ့သူ မဟုတ်။ သူပြောလိုသော စကားများကို တစ်ဖက်လူ နားမှလည်ပါ့မလား အစဉ် သံသယပွားတတ်သည်။ သူပြောမြဲ စကားအဆုံးသတ်မှာ
"ကျွန်တော်ပြောတာ ခင်ဗျား နားလည်တယ် မဟုတ်လား”။
"အခန်းထဲ ခဏနေခဲ့ပါဦးဗျ၊ မီးဖိုချောင်ဘက်မှာ သူ့ပစ္စည်း ဘာတွေများရှိမလဲ သွားကြည့်ပြီး တစ်ခါတည်း သိမ်းလိုက်ချင်လို့”
“သိမ်းပြီးတော့ ..”
“အစ်မ ပြန်တော့ သယ်သွားလေ”
“ဟော့တော်... ဘယ်လိုလုပ် သယ်သွားရမလဲ၊ ကျွန်မ ဘာလုပ်ရမှာလဲရှင့်”
စိတ်ရှုပ်လက်ရှုပ် အမှုအရာသည် ကျွန်မမျက်နှာပေါ်ဝယ် အတိုင်းသားပေါ်နေပါလိမ့်မည်။ အိမ်ခန်းရှင်ကို ကြည့်ရသည်မှာလည်း ကိုယ့်မျက်နှာကိုယ် မှန်ထဲပြန်ကြည့်နေရသည်နှင့် တူလာပါသည်။ နဂိုကပင် ပွရောင်းနေသောဆံပင်တို့ကို တစ်ချက်နှစ်ချက် ဆွဲဖွလိုက်ကာ-
"ကျွန်တော်လည်း ဒါတွေနဲ့ ဘာဆက်လုပ်ရမလဲ အစ်မရယ်”
"ဟုတ်တာပေါ့ . . . ဟုတ်တာပေါ့ ..လုပ်ပါ” ဟု သက်ပြင်းတစ်ချက် ဖွင့်ထုတ်ကာ ကျွန်မ စိတ်လျှော့ရတော့သည်။ မတတ်နိုင်။ နောက်မှပဲ အဆင်ပြေရာ နည်းလမ်းတစ်ခုခု ရွေးရလိမ့်မည်။ လောလောဆယ်တော့ ကွယ်လွန်သူ၏ ပစ္စည်းပစ္စယများနှင့် သည်အခန်းက ကျွန်မ ပြန်ရဖို့လမ်း ပိုများပါသည်။
ကျွန်မသည် သည်အတောအတွင်း သူ့ထံ ဦးဆုံး ဆက်သွယ်လာခဲ့သူ မဟုတ်လား။
ပြီးတော့ မိတ်ဆွေဆိုတာထက် အမျိုးအဆွေဆန်ခဲ့သူလေ။ အိမ်ခန်းရှင်အတွက် ကျပြန်တော့ သူ့နေရာမှာ အဆောင်သားတစ်ယောက်ထပ်လက်ခံဖို့ ဆိုတာထက် ခေါင်းပေါ်က ဝန်ထုပ်ဝန်ပိုး ချလိုက်စရာ နေရာတစ်ခုခု မဖြစ်မနေ လိုအပ်လိမ့်မည်။
ကျွန်မအတွက် ပြေးစရာလမ်းလည်းမရှိ။ လမ်းရှိဦးတော့ ကျွန်မ မပြေးလိုပါ။ အခန်းထဲ ထီးတည်း ကျန်ရစ်တာကြောင့်လား မပြောတတ်။ ဝမ်းနည်းနာ ကျင်ဖွယ် အငွေ့အသက် တစ်မျိုးသည် ကျွန်မ၏ သွေးကြောမျှင်များထဲ ရစ်ပတ်စီးမျောစ,ပြုလာ၏။ တစ်ခုတည်းသော ပြတင်းတံခါးကို ဖွင့်ထားသော်လည်း လေသန့် မရတော့သလို မွန်းကျပ်လာသည်။ နေ့အလင်းရောင်ရော နှစ်ပေမီးချောင်းအလင်းရောင်ပါ အပြိုင်ကျရောက်နေသော်လည်း အခန်းကိုက မှောင်လာသလိုပဲ။ မွန်းကျပ်ကျပ် ပိတ်လှောင်လှောင်။ ခြေမြဲမြံ ကြာကြာမရပ်နိုင်တော့သလို ကျွန်မကိုယ်ကျွန်မ ထင်လာ၍ ထိုင်ချရန် စိတ်ကူးတော့လည်း အခန်းထဲမှာ ပလတ်စတစ်ခုံကလေးပင် ရှိမနေ။
အမှန်တော့ သုံးထပ်သား ကာရံထားသော လူတစ်ယောက်စာ အခန်းကိုက ခုတင်တစ်လုံးအပြင် စာကြည့်စားပွဲ၊ ထိုင်ခုံဘာညာ ထားဖို့ရာပင် မကျယ်ဝန်းလှ။ သူ ဘယ်လိုများ စာ၊ ပန်းချီရေးပါလိမ့်။ အခန်းထောင့်မှာ ထောင်ထားသော ခေါက်စားပွဲသည် စာရေးစားပွဲများလား ဒါမှမဟုတ် ထမင်းစားခုံလား၊ နှစ်မျိုးလုံး သုံးစွဲရာလား။
ရပ်မနေချင်တော့သည့်အဆုံး အခန်းထဲရောက်ကတည်းက တစ်မျိုးတစ်မည် ခံစားမိသည့် ခုတင်ပေါ်သာ ထိုင်ချလိုက်ရသည်။ သစ်သားခုတင်ဟောင်း၏ ဤခနဲမြည်သံသည် အိမ်မြှောင်စုတ်ထိုးသံနှင့် ရောနှောသွားလေသည်။
နံရံပေါ်မှာ ရှားရှားပါးပါး ကပ်ထားသည့် ပန်းချီပုံတစ်ခုကို ငေးမောကာ ဖုန်း အဆက်အသွယ် ရလိုက်သည့်နေ့က ခံစားချက်ကို ကျွန်မ အောက်မေ့လာသည်။ တစ်နေ့က--- တစ်နေ့ကပေါ့။ သူ့ထံ မဆက်သွယ်တုန်းကလည်း ဘာကြောင့် မဆက်သွယ်မိမှန်း မသိသလို ဆက်သွယ်ပြန်တော့လည်း ဘာအကြောင်းကိစ္စမှ အထူးတလည် မရှိပါဘဲ သတိရစိတ်သက်သက်နှင့် ဆက်လိုက်မိသော ကျွန်မမှာ "သူ ဆုံးသွားပြီ ခင်ဗျ” ဆိုသော တုံ့ပြန်စကားတစ်ခွန်းနှင့်ပင် အငိုက်မိသွားခဲ့သည်။ ထို အခိုက်အတန့်က ကျွန်မ၏ ရုပ်သွင်ကိုသာ မှတ်တမ်းယူ ထားလျှင် ဝိုင်းဝိုင်းလည်နေသော မျက်ဝန်းများ ပါလိမ့်မည်။ ပွင့်ဟနေသော နှုတ်ခမ်းများလည်း ပါလိမ့်မည်။ နောက် နိမ့်ချည်မြင့်ချည် ရင်ဘတ်နှင့် လှိုင်းခတ်သော အသက်ရှူသံများ။
“မဖြစ်နိုင်တာ'ဟု ကျွန်မ ကယောင်ကတမ်း ဆိုလိုက်မိသည်။
ဘာကို မဖြစ်နိုင်တာ ပြောမိမှန်းလည်း ကျွန်မကိုယ်ကျွန်မမသိ။
ငိုချလိုက်ချင်စိတ်က တလှိုက်လှိုက် တက်လာသော်လည်း ငို၍မရဘဲ ရင်ဘတ်တစ်ခုလုံး တင်းကျပ်အောင့် မျက်နေသည့်အခါ ကျွန်မ မျက်လုံးအစုံကို မှိတ်ချလိုက်ရသည်။
တစ်ဖက်လူ အိမ်ခန်းရှင်သည် မသိလျှင် စွပ်စွဲဟန် ပေါက်နေမည့် ကျွန်မ၏ အပြောကို စိတ်ဆိုးခြင်း မရှိခဲ့ပေ။
*ဒီသတင်း ကြားကြားချင်း ကျွန်တော်လည်း အဲဒီလို ပြောမိတာပဲဗျ၊ ဒီသတင်းတောင် ကျွန်တော် သိတာ နှစ်ပတ်လောက်ပဲ ရှိသေးတယ်၊ သူ ဆုံးပြီး နှစ်ပတ်လောက်နေမှ သိတာပဲ။ အစကတော့ ကျွန်တော်ထင်တာ ခါတိုင်းလိုပဲ သူ ခရီးမှာ ကြာနေတယ်ပေါ့ဗျာ။ သူကလည်း လျှောက်သွားရင် တစ်ယောက်တည်း မဟုတ်လား၊ ပန်းချီဆွဲမယ်၊ စာရေးမယ် ဆိုပြီး သူနေချင်တဲ့နေရာမှာ လိုက်နေတတ်တဲ့လူ။ အခုလည်း ရွာတစ်ရွာက ဘုန်းကြီးကျောင်းမှာ သွားနေနေတာတဲ့ဗျာ၊ ဘုန်းကြီးကျောင်းက ကျွေးတာစား၊ သူ့အလုပ်လေး သူလုပ်နဲ့ နေတယ်တဲ့။ ဆုံးတဲ့နေ့က ရေချိုးလိုက်ဦးမယ်ဆိုပြီး ကပ္ပိယကြီးကို ပြောပြီး ထွက်သွားတာ တော်တော်နဲ့ ပြန်ရောက်မလာလို့ လိုက်သွားတော့ ကမ်းနားမှာ ဘာခြေရာလက်ရာမှ မတွေ့ဘူးတဲ့၊ ဒါနဲ့ပဲ ဘယ်များ သွားလိုက်သလဲ မသိဘူးဆိုပြီး နေ နေကြတာမှာ နောက်နှစ်ရက်၊ သုံးရက်လောက် နေတော့မှ ချောင်းအောက်ဘက် ရွာတစ်ရွာက အလောင်းတစ်လောင်းလာတင်လို့ ဆယ်ပြီး မြေမြှုပ်လိုက်တဲ့ သတင်းကြားလို့ လိုက်သွားတော့ သူ ဝတ်သွားခဲ့တဲ့ အဝတ်အစားပုံစံနဲ့ တိုက်ပြီး အလောင်းဟာ သူလို့ သတ်မှတ်လိုက်တယ်ပေါ့ဗျာ။ ဒါလည်း ကျွန်တော့်ဆီ သတင်းတော်တော်နဲ့ မရောက်ပါဘူး”
ကျွန်မသည် စကားလည်း ထောက်မပေးနိုင်။ ဘယ်သို့ဘယ်ပုံ စကား ထောက်လိုက်ရမှန်းလည်း မသိ။ အသာငြိမ်နေတော့ အိမ်ခန်းရှင်ကပဲ စကားဆက်ခဲ့သည်။
'ကပ္ပိယကြီးလည်း ကျွန်တော့်လိုပဲ ကျန်ခဲ့တဲ့ ဖုန်းကို ဘယ်သူများ ဆက်လာမလဲလို့ စောင့်တာပဲတဲ့။ ဖုန်း သုံး၊ လေးကောလ်လောက် ဝင်ဖူးပေမဲ့ သူနဲ့ ဖုန်းနဲ့ တခြား စီဖြစ်နေတဲ့ အချိန်မို့ မကိုင်လိုက်ရဘူးတဲ့၊ ဖုန်းက စကားဝှက်ခံထားတော့ သူ မလုပ်တော့တတ်ဘူးပေါ့ဗျာ။ တစ်ရက် ဒီတစ်ခါ ကြာလှချည်လားဆိုပြီး ကျွန်တော် ဆက်လိုက်တဲ့အချိန်နဲ့ သူ ကိုင်လိုက်မိတဲ့အချိန်နဲ့ တည့်တည့်တိုးလို့ သိရတော့တာပဲ အင်း..."
တကယ်တော့ သည့်ထက်စောစော ကျွန်မ ဖုန်းဆက်ခဲ့ရမှာ။ နယ်ရုံးခွဲမှာ မအားမလပ် ရှိနေရသည် အခိုက်အတန့်မို့ ဆိုသည့် ဆင်ခြေမျိုး ပေးမနေဘဲ သူ့ဆီ ဖုန်းဆက်ခဲ့ရမှာနော် . . . ။ တစ်နေ့တုန်းက တွေးခဲ့သော အတွေးသည် နောင်တဝတ်ရုံကို လွှားကာ ယခုတိုင် ကျွန်မအနီး မတ်မတ်ရပ်ဆဲ ရှိသည်။ အနည်းဆုံးတော့ သူ့သတင်း သိလိုက်ရလျှင် ရက်လည်လုပ်ပေးခဲ့ သည်ဆိုသော ရွာကလေးဆီ လိုက်သွားနိုင်သည်။ သူ နောက်ဆုံးနေခဲ့သော ဝန်းကျင်ကို တွေ့နိုင်သည်။ မမြင်မတွေ့ ဖူးသော်လည်း သူ ရွေးချယ် ခြေချခဲ့ရာ ရွာကလေးသည် သစ်ပင်ဝါးပင်ရိပ်တို့နှင့် စိမ်းမြလှပမည်ဟု ကျွန်မ သိနေသည်။
*****
သူသည် သစ်ပင် ပန်းပင်တို့ကို ဘေးဘီဝန်းကျင်က သတိပြုမိလောက်အောင် ချစ်ခင်တတ်သည်။ ရှုပ်ထွေးပွရောင်းသော ဆံပင်များ ရံထားသည့် လူတစ်ယောက်နှင့် ပန်းကလေးတို့၏ နူးညံ့လှပပုံမှာ မအပ်မစပ်ဟု အများက မြင်လေမလား မပြောတတ်။ ကျွန်မကတော့ ပန်းပွင့်လေးများပုံ သူရေးနေလျှင် မျက်နှာထက် မမြင်စဖူး ထင်ဟပ်သည့် နူးညံ့သိပ်သည်းမှုကို သဘောကျလှသည်။ သူ့ ပန်းချီသည် များသောအားဖြင့် နှင်းဆီများကို ဟန်အမျိုးမျိုး ရေးချက်အဖုံဖုံဖြင့် ဆွဲသော ပန်းချီများဖြစ်သည်။ ဘာကြောင့်လဲဟု ကျွန်မ မေးတုန်းက သူ မဖြေ။ ပြုံး၍သာ နေခဲ့သည်။ ကျွန်မ မသိနိုင်သော သူ့အတိတ်မှာ နှင်းဆီဟာ ရာဇဝင်တစ်ခုလို ရှိရင်လည်း ရှိခဲ့မှာပေါ့။ ကျွန်မနှင့် တွေ့ဆုံချိန်မှာတော့ သူသည် နှင်းဆီပုံရိပ်များနှင့် နှောင်ကြိုးငင် ချိတ်ဆက်စပြုသည့် ပန်းချီ ရေးသူတစ်ယောက် ဖြစ်နေခဲ့ပြီ။
သူနှင့် ဘယ်တုန်းက စတင် ခင်မင်သလဲဟု နောက်နောင် မိတ်ဆွေများ စူးစမ်းတော့ ကျွန်မမှာ အဖြေမရှိခဲ့ပါ။ သူ့မှာလည်း အဖြေရှိမည် မဟုတ်ပါ။ ကျွန်မတို့သည် ပန်းချီပုံလွှာများ ပေး မောကြည့်ရှုနိုင်သော ပြခန်းအချို့မှာ မျက်မှန်းတန်းခဲ့မိ ကြတာလည်း ဖြစ်ကောင်း ဖြစ်လိမ့်မည်။ မိတ်ဆွေတစ်ယောက်ယောက်နှင့် ကျွန်မ စကားပြောဆိုနေခိုက် သူ့ကိုပါ စကားဝိုင်းအတွင်းသို့ မိတ်ဆွေက လှမ်း၍ ခေါ်ငင် ယူလိုက်တာလည်း ဖြစ်ကောင်းဖြစ်လိမ့်မည်။ ကျွန်မ တို့သည် ဘယ်တုန်းကတည်းက အချင်းချင်း သတိပြုမိကြောင်း ပြန်လည်ပြောပြရန် စကားလုံး မလိုအပ်ပါဘဲ အပြေးကပ်သွားကြသော သံလိုက်တုံးလေးများပမာရှိခဲ့သည်။
စင်စစ်တော့ ဘာသာစကားတူသူချင်းကြား ပေါ်ပေါက်တတ်သော ခင်မင်မှု ဆိုတာသည် အချိန်ကာလနှင့် တိုက်ရိုက်အချိုးချရန် မလို ပါ။ သူနှင့် ကျွန်မကြားက တိုတောင်းသော သိမှုသက်တမ်းသည် နှုတ်ထွက်နှင့် ရင်တွင်းစကားကို အပြန်အလှန် နားလည်သည့် အတိုင်းအတာနှင့် နှိုင်းယှဉ်ချိန်ထိုးရန်လည်း မလိုအပ်ပါ။ ကျွန်မ စိတ်လက်ကြည်သာ၍ စကားရွှန်းရွှန်းဝေပြောခိုက် အပြုံးနှင့် နားထောင်ကာ စကားတို့ လှယ်တတ်သော၊ ကျွန်မ ငြိမ်နေလိုလျှင် အလိုက်တသိ ဆိတ်ဆိတ်နေတတ်သော လက်ငါးချောင်းစာ မပြည့်သည့် အတွင်းစည်း မိတ်ဆွေများထဲ သူ့ကို ထည့်သွင်းမိခြင်းကို အနှစ်ချုပ်၍ မိတ်ဆက်ရလျှင် “သူ့အလိုလိုပေါ့။
သို့သော်လည်း ကျွန်မတို့ကြားက အလိုအလျောက် ဆက်နွှယ်မှုသည် သူတစိမ်း အမျိုးသမီးနှင့် အမျိုးသား တတွဲတွဲရှိကြလျှင် ချစ်သူ ရည်းစားများဟု အလွယ် သတ်မှတ်ကြပုံရသည့် ပတ်ဝန်းကျင်အတွက်တော့ နားလည်ရခက်ခဲသော ပုစ္ဆာဆန်း တစ်ခုနှင့် တူပါလိမ့်မည်။ ကျွန်မတို့နှစ်ယောက်ကြားမှာ ထူးခြားသော ချည်နှောင်မှ တစ်စုံတစ်ရာမရှိကြောင်း ဘယ်သူ့ကိုမှ ရှင်းပြ၍ မရပါ။ နောက်ပိုင်းတော့ သူဖြစ်စေ ကျွန်မဖြစ်စေ ဘေးပတ်ဝန်းကျင်၏ အရောင်စွက်သော ထင်မြင်ချက်များကို ရယ်မော၍သာ တုံ့ပြန်ပါတော့သည်။ ဥပမာ “တစ်ယောက်တည်းလား” ဟု အမေးခံရသော အခါမျိုးမှာပေါ့။ စိတ်ဆတ်နေချိန်ဆို "ဘယ်နှယောက်မြင်လို့တုံး” ဟု ကျွန်မ တုံ့ပြန်တတ်သော်လည်း စိတ်ကြည်နေလျှင်တော့ "ဟုတ်ပါ့" ဟု ပေါ့ပေါ့ပါးပါး ပြန်ဖြေတတ်ပါသည်။
တကယ့်တကယ် သက်ဆိုင်သူ ပေါ်လာလျှင် နောက်ကြောင်းတစ်ခုအနေနှင့် စိတ်အနှောင့်အယှက်ဖြစ်မှာ ပူပန်မှုမျိုးလည်း ကျွန်မမှာ မရှိပါ။ ပြီးခဲ့သော ဇာတ်လမ်းအကျဉ်း အကြောင်း ကတ္တီပါကားလိပ် ဖွင့်ဟပြခဲ့ဖူးသည့် သူ့မှာလည်း ရှိမည် မထင်ပါ။
"ခင်ဗျားကို အားနာ တယ်” ဟု တစ်ကြိမ်မှာ သူ ပြောတော့ ကျွန်မ ရယ်မော နေခဲ့သည်။ ရယ်ရတာလည်းမမောပါ။ စိတ်က ကြည်လင် သန့်စင်လှပါသည်။ ကျွန်မတို့သည် အချို့သော ညနေခင်းများမှာ လက်ဖက်ရည် တစ်ခွက်၊ ကော်ဖီတစ်ခွက်လောက်နှင့် တမေ့တမော စကားလက်ဆုံ ကျတတ်ကြပါသည်။ များသောအားဖြင့် ပြပွဲ၊ ဂီတပွဲ တစ်ခုခုက အပြန်မှာပေါ့။ ကျွန်မတို့ နှစ်ယောက်တည်းလည်း ထိုင်ဖြစ်ရဲ့။ ကျွန်မနှင့်လည်း သိကျွမ်းသော သူ့မိတ်ဆွေများလည်း ပါရဲ့။ ကျွန်မတို့ ပြောတတ်သော စကားများမှာ ခေတ်ရေစီးကြောင်းအတိုင်း ရောက်တတ်ရာရာ။ ဆုံးစမထင် ပင်လယ်ပြင်ထဲ ကူးခပ်နေရသည့်ပမာ ကမ်းလမ်းမမြင် နေ့ရက်များကို ကော်ဖီထဲထည့်၍ ဖျော်စပ်မိတော့ အခါးမှာ ပိုသလို ထင်ရသည်။ သို့သော် ကျွန်မတို့ မလွဲမရှောင်သာပင် အလိုက်သင့် အလျားသင့် သောက်သုံးခဲ့ကြသည်။ ပြီးလျှင်တော့ ညနေခင်း လူအုပ်ကြားထဲ အတူ စီးမျောမြဲ။ သူ့ အဆောင် အပြန်လမ်းနှင့် ကျွန်မ၏ အိမ်အပြန်လမ်းမှာလည်း ဦးတည်ရာချင်း နီးစပ်လေတော့ စကားတပြောပြော လျှောက်ကြဖို့ ထူး၍ တိုင်ပင်စရာမလို။
လွန်ခဲ့သည့် နှစ်လလောက်တုန်းက တစ်ညနေမှာ ဗိုလ်ချုပ်လမ်း ပလက်ဖောင်းတစ်လျှောက် ခြေလျင် ပြန်ကြခိုက် သူသည် ကောက်ကာင်ကာပင် “သမီးလေးကို လွမ်းလိုက် တာဗျာ”ဟု ဆိုပါသည်။
"လွမ်းတာများ သွားတွေ့ပေါ့၊ ရှင့်ဟာက ဘာများ ခက်လို့တုံး”
သူ့မျက်လုံးများ ဖျတ်ခနဲ မှုန်မှိုင်းတော့ စကားမှား လေပြီလားဟု ကျွန်မ နည်းနည်း အနေရခက်သွားသည်။
"ခင်ဗျား ပြောတော့ အလွယ်လေးရယ်၊ သွားတွေ့ပေါ့ ဆိုတော့ တွေ့လို့ကတော့ ရသားပဲရယ်၊ ဖေဖေ သမီးကို ဘယ်တော့ လာခေါ်မှာလဲ ဆိုတဲ့ မေးခွန်းမျိုးကျ ကျွန်တော် မဖြေနိုင်ဘူး။ ပြီး တော့လည်း သူ့ဘာသာ အသားကျနေတာဗျာ၊ တစ်ခါတစ်ခါ ပြန်ခွဲ၊ သမီးရော အဖေရော ဒဏ်ရာ မနည်းဘူးဗျ။ တချို့ဘဝတွေက နဂိုနေလေးပဲ ကောင်းတယ်။ ကွဲဖူးတာတွေ ပြန်ကောက်ဆက်ထားရတဲ့ ဘဝတွေဆိုတာ အကောင်းအတိုင်း လိုလို ဘာလိုလို သူ့ဘာသာ အသားကျနေတာ အကောင်းသား၊ လက်နဲ့သွားတို့မှ နောက်တစ်ခါ ပြန်ကောက် ဆက်လို့ မရအောင် ကွဲသွားတော့မှာဗျ သိရဲ့လား
"ဆောရီး.. ကျွန်မမှ ဒါတွေ မတွေးမိဘဲ၊ ရှင့် ဇနီးဟောင်းက ဒီနိုင်ငံမှာမှ မရှိတာ။ ယောက္ခမအိမ် ကလေး သွားတွေ့ရတာ ရှင် မျက်နှာပူစရာ မရှိဘူးလို့ပဲ ကျွန်မ ရိုးရိုး တွေးမိလို့ပါ”
“တွေ့လည်း မျက်နှာပူစရာတော့ မရှိပါဘူးဗျာ၊ လောကကြီးမှာ လူတွေဟာ မုန်းလို့ လမ်းခွဲကြတာလို့ချည်း ခင်ဗျား ထင်သလား"
"ဘယ်သိမလဲ” ဟု တုံ့ ပြန်ရမှာ အားနာစိတ်နှင့် ကျွန်မ ဆိတ်ဆိတ်နေနေခဲ့သည်။
သည်တော့လည်း သူသည် တစ်ခါတုန်းက တစ်ဝက်တစ်ပျက် ဖွင့်ပြခဲ့ဖူးသော ဘဝဇာတ်လမ်းကက်ဆက်ခွေကိုပင် စကားလုံးသစ်၊ အပိုင်းအစသစ်များနှင့် ပုံဖော်ပါသည်။
"ကျွန်တော်တို့ တရားဝင် ကွာရှင်းပြီးကြတဲ့ နေ့ကလေ သူတို့လမ်းထိပ်က လက်ဖက်ရည်ဆိုင်မှာ အတူ ထိုင်ကြသေးတယ် သိလား၊ သူ ကျွန်တော့်အတွက် လက်ဖက်ရည် ပုံမှန်တစ်ခွက် မှာပေးတယ်။ ရောက်လာတော့ ဇွန်းလေးယူပြီး သူ့ခွက်ရော ကျွန်တော့်ခွက်ရော သူပဲ မွှေတယ်၊ ကျွန်တော်တို့ စကားတောင် မပြောဘဲနဲ့ ငြိမ်နေကြတာ အကြာကြီး။ နောက်တော့ သူ ဘာစ,ပြောသလဲဆို ပုံမှန်သောက်နေကျ ဆေးတွေ မမေ့မလျော့သောက်ဦး၊ ရေချိုးတာတွေ ဘာတွေလည်း ဂရုစိုက်၊ မလျှော်ရသေးတဲ့ အဝတ်တွေ ခဏခဏ ပြန်ကောက်ဝတ်တာလည်း မလုပ်နဲ့ဦးတဲ့။ ခင်ဗျား သိလား ...ကျွန်တော် ဝမ်းအနည်းဆုံး အချိန်ဟာ အဲဒီအချိန်ပဲ။ ကျွန်တော့်ကို အသုံးမကျတဲ့ ယောက်ျား၊ အိမ်ထောင်ကို ဦးမဆောင်နိုင်တဲ့ အကောင်လို့ အော်ဟစ်ဆဲဆိုပြီး ကွဲခဲ့ကြရင် ကျွန်တော် အေးဆေးပဲ နေခဲ့မှာ”
ချစ်ခြင်းမေတ္တာဆိုတာသည် အစစအရာရာ ခက်ခဲကျပ်တည်းမှု၊ ဘေးကျပ်နံ ကျပ်ဖြစ်မှုနှင့် ဆိုးလေးမျိုး လောကဓံ စုပြုံတိုးဝင်လာလျှင် တဖြည်းဖြည်း အထိမခံ ကြွေကျတော့မည့် ပန်းစက္ကူလို ပါးလျလာတတ်သလား။ ကျွန်မ မသိပါ။ ကျွန်မကတော့ အထိုက်အလျောက်ပြည့် စုံလျှင်လည်း အခန့်မသင့်သည့်အခါ ဆက်ကြောင်းလေးတစ်ခုလို တတိတိ ဟ,လျက် ပြတ်တောက်သွားတတ်သော ဇာတ်ကြောင်းမျိုးကိုသာ ရင်နှင့်အမျှ သိကျွမ်းခဲ့ပါသည်။
"တစ်ခါတလေတော့လည်း သတိရပါတယ်ဗျာ၊ သူ ကျွန်တော့်အပေါ် ကျွန်တော်လိုလူနဲ့ မတန်လောက်အောင် ကောင်းခဲ့ပါတယ်၊ သမီးအတွက်လည်း တကယ့် မိခင်ကောင်းပါပဲ။ ကျွန်တော် မရှိလည်း သမီးဘဝက ပြည့်စုံ နေမှာပါပဲ။ ကျွန်တော် ရှိရင်သာ သူ့အမေလည်း ကလေးတာဝန်တစ်ဖက်နဲ့၊ ကျွန်တော့်တာဝန်တစ်ဖက်နဲ့ သူ့ဘဝအတွက်သူ ကောင်းကောင်း မလုပ်နိုင်ဘဲ ခက်နေဦးမှာ။ အနှောင့်အယှက်တစ်ခုလို ဖြစ်နေဦးမှာ။ ခုတော့ ဘွားအေဆီ သမီးလေး အပ်ပြီး ပညာတော်သင်သွားနေရော၊ သူ့ဘဝလေး ဘယ်လောက်လှသွားလဲ၊ သမီး ဘဝလေး ဘယ်လောက် လှသွားလဲ။ ကျွန်တော်နဲ့ဆို နှစ်ယောက်လုံး စုတ်ပြတ်သတ်နေမှာ”
“ဘာကိစ္စ စုတ်ပြတ် သတ်ရမှာလဲ ရှင်လည်း တဖြည်းဖြည်း အဆင်ပြေလာပြီပဲဟာ။ သတ္တိမရှိကြတာ၊ အဓိပ္ပာယ်မရှိတာ”
အဘယ်သူကို ဒေါသပြမှန်းမသိ .. ဟွန်းကျယ်ကျယ် တီး၍ ကားတစ်စီးအဖြတ်နှင့် ကျွန်မစကား ဆိုတော့ သူက ကောင်းစွာ ကြားလိုက်ပုံမရ။ သို့သော်လည်း မျက်နှာအမူအရာ ကြည့်၍ ငြင်းဆန်လိုဟန်ကို အကဲဖမ်းမိပုံ ပေါ်ပါသည်။
"ဪ တကယ်ပြောတာ၊ ခင်ဗျား မသိဘူးနော်၊ တချို့လူတွေဟာ ချစ်ပေမဲ့ အတူနေဖို့ မလွယ်ဘူးဗျ။ တစ်ယောက်အတွက် နောက်တစ်ယောက်ဟာ ဖြည့်ပေးတဲ့သူ မဟုတ်ကြဘူး။ တစ်ယောက်မရှိမှ နောက်တစ်ယောက်က ပြည့်စုံသွားတာ။ ဒါပေမဲ့ သူတို့ချင်း ချစ်ကြတယ် ခင်ဗျားသိလား”
“မသိဘူး” ဟု ကျွန်မ တုံးတိဆိုတော့ သူ ရယ်မောပါသည်။ သူ့ရယ်ဟန်မှာ မောနေပုံ ပေါ်ပါသည်။
"ပြောရင်း ဆိုရင်း သမီးကို လွမ်းတာဗျာ၊ ဒဏ်ရာတွေ ဘာတွေ၊ ခွဲခွာရမှာတွေ မတွေးဘဲ သွားလိုက်ရင် ကောင်းမလားပဲဗျာ---ဟင်၊ ဟောဟို သိမ်ဖြူလမ်းအတိုင်း ကွေ့သွားလိုက်ရင် ငါးမိနစ်လောက် လျှောက်လိုက်ရင် သမီးအဘွား တိုက်ခန်း အောက်ကို ရောက်မှာပဲ”
"သွားပေါ့၊ ကျွန်မဘာသာပဲ ပြန်တော့မယ်”
"နောက်မှပဲ သွားတော့မယ်ဗျာ”
“ဘယ် နောက်မှတုံး
'တစ်ရက်ရက်ပေါ့၊ သမီးအတွက် နှင်းဆီပန်းပုံလေး သတ်သတ်ဆွဲပေးမယ် ပြောထားတာ၊ အဲဒါလေး ဆွဲပေးပြီးမှပဲ သွားတော့မယ်”
သူပြောသည့် တစ်ရက်ရက် ဆိုတာမှာ သမီးလေးကို တကယ်ပဲ သွားတွေ့ဖြစ်ခဲ့ပါသလား။ နောက်တစ်ကြိမ် ပြန်တွေ့ကြတော့ ကျွန်မ မေးဖို့ မေ့လျော့ခဲ့ပါသည်။
*****
"ဟောဒါတွေပဲ အစ်မ ရယ်၊ သိပ်တော့ မများပါဘူး
အိမ်ခန်းရှင်သည် မီးဖို ချောင်သုံး ပစ္စည်းအချို့ ထည့်သိုထားသော ကြွပ်ကြွပ်အိတ်ကို ယူလျက် အခန်းဝသို့ ပြန် ရောက်လာပါသည်။ စတီးနှင့် ဒန်တို့ တိုးတိုက်ထိခတ် မိသံကြားတော့ မကြည့် တကြည်အိတ်ကို ကဲကြည့် လိုက်မိသည်။ ပန်းကန်၊ ဇွန်း၊ ဒန်အိုး၊ ဒယ်အိုး။ သူကိုယ်တိုင်များ ချက်ပြုတ်စားတတ်သလား။ ပြောသံတော့ မကြားခဲ့ဖူးပါ။ အိုးခွက်ပန်းကန်တို့ကို တစ်ယောက်ယောက်ဆီ ပေးပစ်ရမည်။ ကွယ်လွန်သူ သုံးခဲ့ကြောင်းရော ပြောပြစရာ လိုသေးသလား။ အို.. ရယ်စရာနော်။ ကွယ်လွန်သူ မရှိတာ ဘယ်အိမ်များ ရှိမှာမို့လဲ။
"ကျွန်တော် ပစ္စည်းလေးတွေ တစ်ခါတည်းပြပြီး အပ်ဦးမယ်၊ အိပ်ရာလိပ်ရောဘာရော နှစ်ယောက်သား နေရာချင်း လဲသည့်သဖွယ် ကျွန်မက အခန်းဝသို့ ရောက်ရကာ အိမ်ခန်းရှင်က မီးဖိုချောင်းသုံး ပစ္စည်းအိတ်ကို ခုတင် ပေါ်ချ၊ ခုတင်ပေါ်က အိပ်ရာလိပ်တို့ကို ပီနန်အိတ်အတွင်း ထည့်သို၊ စာအုပ်၊ ဘောပင် အစရှိသည်တို့ကို ကြွပ်ကြွပ်အိတ်အမည်းထဲ သိမ်းဆည်းနှင့် အခန်းတွင်းဝယ် လက်ဇယ်စက်နေတော့သည်။ ဖုန်မှုန်များ လွင့်၍ နှာချေဆတ်မိတော့ ဘာကိုမှန်းမသိ အားနာနေတတ်သည့် အိမ်ခန်းရှင်က ဆောရီးဗျာ--- တဲ့။ “ရပါတယ်” ပြော၍ ပြုံးမိပုံကို သူမြင်လျှင် ဘာပြောဦးမည်မသိ။ အခုနေ သူရှိလျှင် ဟောဟို ပြတင်းပေါက်မှာများ ရပ်နေမလား။
နှစ်နှစ်တိုင်တိုင် နေခဲ့ဖူးသော အခန်းဆီမှ သူကိုယ်တိုင် မပြောင်းရွှေ့ပါဘဲ ထွက်ခွာခဲ့ရပုံကို ပြန်ပြောင်းပြောပြချင် သေးသလား။ နှုတ်ဆက် စကား မဆိုခဲ့ရသည့် ကျွန်မကိုရော ဘာများပြောချင်သေးသလဲ။ ပစ္စည်းတစ်ပွေ့တစ်ပိုက်နှင့် ပြန်ရမည့်အဖြစ်အတွက်ရော သူ အားတုံ့အားနာ ရှိနေမလား။ သည်အခန်းထဲ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ချိန်မှာတောင် မျက်ရည်တစ်ပေါက်တလေ စိမ့်မကျခဲ့သောအဖြစ်သည် သံယောဇဉ်ထုထည်နှင့် လားလားမျှ မသက်ဆိုင်ကြောင်းတော့ သူ ယုံကြည်ပါလိမ့်မည်။
“အစ်မရေ ကျွန်မ ဆတ်ခနဲ တုန်ကာ လှမ်းကြည့်မိတော့ အခန်းရှင်သည် ခုတင်ခေါင်းရင်းမှာ ချထားသော အိတ်အချို့ကို ခုတင်ပေါ် ရွှေ့နေသည်။
"ဟောဒါ ပြီးခဲ့တဲ့အပတ်က ရွာက ပို့လိုက်တာတွေဗျ။ ပန်းချီတွေလည်း ပါတယ်၊ စာအုပ်လည်းပါတယ်။ အဝတ်အစားလည်း နည်းနည်း ...လာကြည့်ပါဦး'
ကျွန်မသည် အဝတ်အစားအိတ်ကို သာမန်ကာ လျှံကာပင် ကြည့်လိုက်မိသည်။ ပန်းချီပုံနှင့် စာအုပ်အိတ်ဆိုတာမှာတော့ သူ့နှလုံးသားပုံထားရာ သက်မဲ့မိတ်ဆွေများမို့ နွေးထွေးစိတ်နှင့် အကြည့်စိုက်ရသည်။ ပုံကားချပ် သုံး၊ လေးခုအနက် အပေါ်ဆုံးက မြင်နေရတာသည် သူ့မူဟန်အတိုင်း နှင်းဆီပန်းများ။ အသေအချာ စူးစိုက် ပြန်လျှင် နှင်းဆီမျှမက သလို။ မိန်းကလေးငယ်တစ်ဦး၏ မျက်နှာရိပ်ကို ပုံဖော်ထားသည်နှင့် တူသလိုလို ထင်လာသည်။ အရောင်ကတော့ သူသုံးနေကျ မှိုင်းထိုင်းထိုင်း အရောင်မျိုးမဟုတ်။ လွင်သော ရွှင်သော အရောင်အတွဲအစပ် - - -။ ပန်းချီပုံချပ်များနှင့် စာအုပ်တို့ကို မသယ်မီ ခွဲလိုက်ချင်၍ စာအုပ်များကိုချည်း ကျွန်မ ရွေးထုတ်လိုက်လျှင် ကြမ်းပေါ်သို့ တစ်စုံတစ်ရာ ဒေါက်ခနဲ ကျ၏။ ငုံ့မိုးကြည့်တော့ စာခေါက်ကလေး။ သာမန်အားဖြင့်ဆိုလျှင် မျိုးတူရာ စာအုပ်အိတ်ထဲ ကျွန်မ ထည့်လိုက်မိမည့် စာခေါက်သည် ရည်ညွှန်းသော နာမည်ကြောင့်ပင် လက်တုံ့လျက် ဖွင့်ဖတ်မိသောအနေသို့ ရောက်ရပြီ။ မဆုံဖူးသော်လည်း နားယဉ်နေသော နာမည်လေး။ စာခေါက်ထဲက စာမှာ ရှည်ရှည်လျားလျား မဟုတ်။
“သမီးအတွက် ပုံလေး ဒီနေ့ပဲ ဆွဲပြီးတယ်၊ ဖေဖေ ကိုယ်တိုင် လာမပေးဖြစ်ရင် ဖေဖေ့သူငယ်ချင်း အန်တီတစ်ယောက် လာပေးလိမ့်မယ်နော်...”
"လာမပေးဖြစ်ရင်.." ဆိုတာ ဘာကိုများ ရည်ညွှန်းခဲ့ပါလိမ့်။ ခရီးက ပြန်ရောက်ချိန် ကိုယ်တိုင် မသွားဖြစ်မှာကို ညွှန်းသလား။ ခရီးက ပြန်မရောက်နိုင်တော့ဘူးလို့ပဲ ပြောလိုသလား။ ကျွန်မသည် ပန်းချီပုံကိုလှမ်းကြည့်မိသည်။ ပြုံးနေသော နှင်းဆီတို့မှာ ကျွန်မကို ပြန်၍ ပေးနေကြသည်။
စံပယ်ဖြူနု
အမှတ်၊ ၃၆၆၊ ဇွန်၊ ၂ဝ၂ဝ ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
Comments
Post a Comment