၁။
ချယ်ရီပင်အောက်မှ ပုံရိပ်လေးတစ်ခုသည် မိုးအကုန် ဆောင်းအစ နေ့တစ်နေ့၏ ဖူးစ မနက်ခင်းမှာ သူ့ဘဝထဲသို့ ကျူးကျော် ဝင်ရောက်လျက် သူ မသိလိုက်ရဘဲ သူ၏ နှလုံးသားတစ်စုံကို သိမ်းပိုက်သွားခဲ့သည်။ ချယ်ရီမြေကို နှစ်သက်မိသည့် အဓိက အချက်တွေထဲမှာ ရာသီဥတု အေးမြနေမှု ပါသည်။ ပြီးတော့ ချယ်ရီပင်တွေ။ အရွက်သေးသေး၊ အပွင့်သေးသေး ချယ်ရီပင်လေးတွေကိုလည်း သူ နှစ်သက်ပါသည်။ တစ်ခုတော့ ရှိပါသည်။ ခူးယားပေါက်ဖွားချိန်မှာတော့ ချယ်ရီပင်ကို သူ ဝေးဝေးမှ ရှောင်ပါသည်။
မနက်တိုင်း အလုပ်သို့သွားရာ လမ်းမဘေးမှာ ပေါက်နေခဲ့သည့် ချယ်ရီပင်တစ်ပင်ကို သူ သတိထားမိခဲ့သည်မှာ ကြာခဲ့ပြီ ဖြစ်သည်။ သူ့အလုပ်က မနက် ခုနစ်နာရီခွဲ လောက်ရောက်အောင် သွားရသည်မို့ မနက်တိုင်း စောစောသွားဖြစ်နေခဲ့သည်။
သူ့အလုပ်ရှိရာ အရပ်က အိမ်နှင့် သိပ်ပြီးတော့ ဝေးလှသည် မဟုတ်ပါ။ ဆိုင်ကယ်နှင့် ဆယ်မိနစ်ခန့် သွားလိုက်လျှင် ရောက်ပါသည်။ ပြင်ဦးလွင် မနက်ခင်းသည် အေးစက်နေသည်။ ချမ်းမြမှုတို့က သူ့ကို ဆီးကြို နှုတ်ဆက်ကြသည်။ သူ အနွေးထည် မဝတ်ဖြစ်ပါ။ ဆောင်းတွင်းမဟုတ်လျှင် သူ့အတွက် အနွေးထည် ဝတ်စရာမလိုပါ။ အေးမြမှုဆိုတာက သူ့စိတ်ကြိုက် အာရုံအရသာတစ်မျိုး ဖြစ်သည်။ အိမ်မှနေ လမ်းသွယ်နှစ်ခု၊ ပြီးလျှင် မန္တလေး- လားရှိုးလမ်းအတိုင်း ဘူတာရှေ့မှ ဖြတ်ကျော်လျက် အလုပ်သို့ သွားသည်။ အလုပ်သို့ ရောက်ခါနီး၌ လမ်းကို ကွေ့ဝင်ရသည့် နေရာတစ်နေရာရှိသည်။ ကွေ့မဝင်ခင် လမ်းထောင့်၌ ခြံဝန်းကျယ်ကြီးတစ်ခြံရှိပြီး ထိုခြံကြီး၏ အပြင်ဘက် လမ်းထောင့်၌ သူနှစ်သက်သော ချယ်ရီပင်တစ်ပင် ရှိနေခဲ့သည်။ သက်တမ်းရင့် ချယ်ရီပင်ကြီးသည် ယခုလို မိုးအကုန် ဆောင်းဝင်ခါစ အချိန်မျိုး၌ အရွက်များဝေဆာလျက် ဆောင်းအမီ ပွင့်နိုင်ရန် အားယူနေခဲ့သည်။
ထိုချယ်ရီပင်ကြီးကို စတင် သတိထားခဲ့မိသည့်က ချယ်ရီပန်းများ ဝေဆာနေ အောင်ပွင့်သော တစ်ရက်မှာ ဖြစ်သည်။ ဂျပန်က ဆာကူရာပန်းတွေလို အရောင်မစို၊ အပွင့် မကြီးသော်လည်း ပန်းသွေးဖျော့ဖျော့ မြန်မာချယ်ရီပန်းများကို သူ နှစ်သက်ပါသည်။ ထို့ကြောင့်လည်း အလုပ်သို့သွားတိုင်း ချယ်ရီပင်ကြီးကို သတိထားမိနေခဲ့ခြင်း ဖြစ်ပါသည်။ ချယ်ရီပင်အောက်၌ ထိုင်နိုင်သော ခုံတန်းလျားလေးတစ်ခုလည်း ရှိနေခဲ့ပါသည်။ သူ့အတွက်တော့ ချယ်ရီပင်ကြီးနှင့် ခုံတန်းလျားသည် ကဗျာဆန်သော မြင်ကွင်းကို ဖန်တီးပေးပါသည်။ တစ်ရက်မှာတော့ ချယ်ရီပင်အောက်သို့ ရောက်လာခဲ့သော အရိပ်လေးတစ်ခုသည် သူ့ဘဝထဲသို့ပါ ဝင်ရောက်လာခဲ့သည်။
ထိုနေ့ကို သူမှတ်မိနေပါသည်။ သူ အိပ်ရာထနောက် ကျသည့်အတွက် ရုံးသို့ ကပျာကယာ လာရသည့်နေ့ ဖြစ်သည်။ ထိုနေ့သည် ပထမဆုံး ရုံးဖွင့်ရက်လည်း ဖြစ်ခဲ့သည်။ တစ်ခါတလေကျတော့ အလျင်စလိုနိုင်မှုများ ကြားထဲကပဲ အမှတ်ရစရာများ ဖြစ်တည်လာရသည်။
၂။
ပထမတော့ ထိုအရိပ်လေးကို သတိမထားခဲ့မိပါ။ ထိုအရိပ်လေးသည် ချယ်ရီပင်၏အောက်သို့ လွန်ခဲ့သော တစ်ပတ်၊ နှစ်ပတ်ခန့်ကတည်းက ရောက်နေတာလည်း ဖြစ်နိုင်ပါသည်။ တစ်ရက်မှာ ရုံးသို့ ရောက်အောင် ဆိုင်ကယ်ကို အမြန်မောင်းလာရင်း ထိုအရိပ်လေးကို သတိထားခဲ့ပါသည်။ ချယ်ရီပင်အောက်၌ နွဲ့နှောင်းစွာ ထိုင်နေခဲ့သော မိန်းမပျိုလေးသည် အလုပ်သို့ မနက်စောစောလာသည့် အချိန်တိုင်း ရှိနေခဲ့သည်။ သို့သော် တွေ့ဆုံမှု၏ အစဦးပိုင်း ရက်များမှာတော့ ထိုင်စရာဖြစ်သော ခုံတန်းလျားတစ်ခုပေါ်မှာထိုင် နိုင်သော လူတစ်ယောက်ရှိနေခြင်းသည် ဘာမှ မထူးဆန်းသောကိစ္စအဖြစ် မှတ်ထင် နေခဲ့မိသေးသည်။ ဤသို့ဖြင့် မနက်စောစော အလုပ်သို့ လာတိုင်း ချယ်ရီပင်ကြီးရှိရာ လမ်းထောင့်ကို တွေ့လျက် ဖြတ်ကျော်ရသည်။ ဖြတ်ကျော်ရသည့်အခါတိုင်း၌ ချယ်ရီပင်ကြီးကိုသာမက မိန်းမပျိုလေးကိုပါ သတိထားလာမိခဲ့သည်။ လမ်းမထက်တွင် လူ
နှစ်ယောက်တွေ့ဆုံခြင်းသည် ဘာမှမထူးဆန်းလှပါ။ အထူး သဖြင့် မသိမကျွမ်းသော သူစိမ်းများကို နေ့စဉ်နှင့်အမျှ ကြုံတွေ့ နေရသည့်ဘဝတွင် ချယ်ရီပင်အောက်မှ အရိပ်လေးတစ်ခုက သူ့စိတ်ကို ဖမ်းစားလာနိုင်ခဲ့လိမ့်မည်ဟု ထိုစဉ်တုန်းက လုံးဝမထင်ခဲ့မိပါ။
မနက် ခုနစ်နာရီကျော် အချိန်သည် ကျေးလက်များတွင် မစောတော့သော်လည်း မြို့ကြီးပြကြီးမှာ အထူးသဖြင့် သူနေထိုင်ရာ တောင်ပေါ်မြို့လေးမှာတော့ အတန်ငယ် စောနေခဲ့ပါသည်။ ထို့ကြောင့် လမ်းမထက်တွင် အများအားဖြင့် ဆိုင်ကယ်တစ်စီးစ နှစ်စီးစသာ ရှိနေတတ်ပါသည်။ ယခင်တုန်းက ချယ်ရီပင်လမ်းထောင့်သို့ ရောက်သည့်အခါတိုင်းလည်း သူတစ်ယောက်တည်းသာ ရှိနေတတ်ပါသည်။ ယခုတော့ သူတစ်ယောက်တည်း မဟုတ်တော့ဘဲ ချယ်ရီပင်အောက်မှာ အရိပ်လေးတစ်ခုလည်း ရှိနေခဲ့ပြီ ဖြစ်သည်။
တစ်ပတ်ခန့် အကြာမှာတော့ ထိုနားမှ ဖြတ်သွားရသည့်အခါတိုင်း ချယ်ရီပင်အောက်မှ အရိပ်လေးကို သတိထား ကြည့်မိလာသည်။ ချယ်ရီပင်အောက်၌ တစ်ယောက်တည်း ရှိနေတတ်သော မိန်းမပျိုလေးသည် မျက်လုံးများကို အောက်ချလျက် ရှိနေတတ်သည်။ လမ်းမဘက်သို့လည်းကောင်း၊ ဘေးဘီသို့လည်းကောင်း မျက်စိမကစားဘဲ စာအုပ်တစ်အုပ်ကို ဖတ်နေတတ်သည်။ တစ်ခါတစ်ရံ ပါးစပ်လှုပ်လျက် တစ်ခုခု ရွတ်နေဟန်ရှိသည်။ ဘုရားစာရွတ်နေသည် ထင်ပါသည်။ ဤသို့ဖြင့် ရက်ရင့်ကာ လ,ဖြစ်လာခဲ့သည့် အချိန်ထိ ချယ်ရီပင်အောက်တွင် အရိပ်တစ်ခု အမြဲတမ်း ရှိနေခဲ့သည်။ ချယ်ရီပင်အောက်မှ မိန်းမပျိုလေးသည် အလုပ်သွားရန် ဖယ်ရီစောင့်နေသည့် ဝန်ထမ်းတစ်ယောက် ဖြစ်နိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် အလုပ်ဝတ်စုံ ဖြစ်ဟန်တူသော ဝတ်စုံတစ်စုံတည်းကိုသာ အမြဲတမ်း ဝတ်ဆင်ထားလေ့ရှိခြင်းကြောင့် ဖြစ်သည်။ ယခင်တုန်းက ဘာသိဘာသာ ဖြတ်ကျော်ခဲ့သော ချယ်ရီပင်လမ်းထောင့်သည် သူ့အတွက် အလုပ်သွားသည့်အခါတိုင်း သတိထား ကြည့်ချင်စရာ နေရာတစ်ခု ဖြစ်လာခဲ့သည်။
၃။
ချယ်ရီပင်လမ်းထောင့်သို့ ဖြတ်သွားရသည့် မနက်တိုင်း အရိပ်ပိုင်ရှင်ကို သတိထားမိခဲ့သော်လည်း ထိုအရိပ်ပိုင်ရှင်က သူ့ကို သတိထားမိခြင်း ရှိ၊ မရှိကိုမူ မသိနိုင်ခဲ့ပါ။ လှုပ်နေသောသူက ငြိမ်နေသော သူကို အလွယ်တကူ သိမြင်နိုင်သော်လည်း ငြိမ်နေသောသူက လှုပ်နေသောသူကို သတိထားမိဖို့ ခက်ပါလိမ့်မည်။ တစ်ခါတစ်ရံ လမ်းမပေါ်၌ သူ့ဆိုင်ကယ်အပြင် တခြားသော ဆိုင်ကယ်များကလည်း ရှိနေတတ်သည်။ သို့ဖြစ်ရာ သူ့ကို သတိမထားမိဖို့သာ များလိမ့်မည်ဟု ယူဆထားခဲ့ပါသည်။ သို့သော် တစ်ရက်မှာတော့ ချယ်ရီပင်ရှေ့မှ အဖြတ် ခုံကလေးသို့ လှမ်းအကြည့်တွင် ရီလဲ့နေခဲ့သည့် မျက်ဝန်းတောက်တောက် တစ်စုံက ရင်ဝကို ပြေးဆောင့်ခဲ့သည်။ အကြည့်တို့ ဆုံမိချိန်လေးအတွင်း၌ သူ့ရင်အတွင်းမှာ အမျိုးအမည် မခွဲခြားနိုင်သော ဝေဒနာတစ်ရပ် ခံစားလိုက်ရသည်။ အရိပ်ပိုင်ရှင်ကတော့ မျက်ဝန်းများကို အရှိန်သတ်လျက် အကြည့်ကို လျင်မြန်စွာ ရုပ်သိမ်းသွားခဲ့သည်။ ထိုနေ့မှစ၍ မျက်ဝန်းတောက်တောက် တစ်စုံသည် သူ့စိတ်ထဲမှ အချိန်အတော်တော်များများကို လွှမ်းမိုးချုပ်ကိုင်နိုင်ခဲ့သည်။ သူနှင့် ချယ်ရီပင်အောက်မှ မိန်းမပျိုလေးတို့ကြား၌ အကြည့်ချင်း ဆုံမိသည့် တိုတောင်းသော အခိုက်အတန့် တစ်ခု၌သာ အပြန်အလှန် ဆက်သွယ်မိခဲ့ခြင်း ဖြစ်သည်။ သို့သော် သူ့စိတ်ထဲမှာမူ နှစ်ပေါင်းများစွာ ရင်းနှီးလာရသူတစ်ယောက်ကို ပြန်လည်တွေ့ရှိ လိုက်ရသလို ခံစားခဲ့ရသည်။
တကယ်ဆို မိန်းမပျိုလေး၏ အကြောင်းကို သူ ဘာမှ မသိခဲ့ပါ။ နာမည်ကိုတော င်မသိနိုင်ခဲ့သည့် မိန်းမပျိုလေးသည် ညဘက် အိပ်မက်များထဲသို့ပင် ရောက်စပြုလာခဲ့သည်။ တစ်ခါတစ်ရံ နေ့ခင်းဘက် အတွေးများကိုလည်း ပိုင်စိုးလာခဲ့သည်။ အပျိုလား၊ အအိုလားဟု ကွဲကွဲပြားပြား မသိသော်လည်း တစ်ယောက်တည်း ထိုင်စောင့်နေခြင်းကို ကြည့်ရခြင်းအားဖြင့် အပျိုဖြစ်လိမ့်မည်ဟု တွေးထင်မိသည်။ အကယ်၍ မိန်းမပျိုလေးမှာ ယောက်ျားရှိခဲ့ပြီး ထိုယောက်ျားသာ သူဖြစ်ခဲ့မည်ဆိုပါက လမ်းမဘေးမှာ ထိုကဲ့သို့ တစ်ယောက်တည်း ပစ်ထားရက်လိမ့်မည် မဟုတ်သည်မှာ သေချာပါသည်။
သူ့အဖြစ်က ဇာတ်လမ်း ဇာတ်ကွက်မရှိသော ပြဇာတ်တစ်ပုဒ်ကို ကပြနေရသည့်နှယ် ဖြစ်နေခဲ့သည်။ ဇာတ်ကောင် နှစ်ယောက်တွင် သူ့ဘက်ခြမ်းကသာ လင်းနေခဲ့သည်။ အကယ်၍ ဝတ္ထုတစ်ပုဒ်သာ ဖြစ်ခဲ့မည်ဆိုပါက သူသည် ဇာတ်ရှိန်မြင့် တက်စေရန်အတွက် ယခုထက် ကြိုးစားဖြစ်လိမ့်မည် ထင်သည်။ လက်တွေ့ဘဝမှာတော့ ဆွဲဆောင်မှု မရှိသည့် ခပ်မျောမျော ဇာတ်လမ်းတစ်ပုဒ်၏ ဇာတ်ကောင်တစ်ကောင်အဖြစ် သူ ဆက်လက် ကပြနေခဲ့မိသည်။ ဤသို့ဖြင့် တွေ့ဆုံမှု၏ နှောင်းစပြုနေသော ရက်များ၏ မနက်ခင်းတိုင်း၊ ချယ်ရီပင်လမ်းထောင့်သို့ သူရောက်သည့်အခါတိုင်း ခုံတန်းပေါ်တွင် ရှိနေခဲ့သည့် အရိပ်လေးကို ငေးမော ကြည့်မိလျက်၊ အရိပ်လေး၏ ပိုင်ရှင်ထံမှ ဒုတိယမြောက် အကြည့်လေး ရလိမ့်နိုး မျှော်လင့်မိလျက် အကြိမ်ကြိမ် ဖြတ်ကျော်ဖြစ်ခဲ့သည်။
၄။
တစ်ရက်မှာတော့ ချယ်ရီပင်အောက်ရှိ ခုံတန်းလျားလေးထက်မှ အရိပ်လေး ပျောက်ကွယ်သွားခဲ့သည်။ ယောင်ချာချာဖြစ်လျက် ထိုနေရာမှ သူ ဖြတ်ကျော်လာခဲ့ရသည်။ ဟာနေခဲ့သော သူ့စိတ်သည် ညဘက်သို့ ရောက်သည့်တိုင် ပြန်မပြည့်နိုင်ခဲ့ပေ။ အရိပ်ပိုင်ရှင်လေး ဘယ်ဆီများရောက်လို့ သွားခဲ့ပြီလဲ ဟူသော အတွေးစက သူ့ကို ညှဉ်းဆဲနှိပ်စက် နေခဲ့သည်။ နောက်နေ့မှာ အရိပ်ပိုင်ရှင်လေး ရှိမှ ရှိနေပါတော့မလား ဟူသော အတွေးဖြင့် မနက်ဖြန်သို့ အမြန်ရောက်ချင်နေခဲ့မိသည်။
ထိုနေ့က ရုံးမှာ သူ နေမထိထိုင်မသာ ဖြစ်နေခဲ့သည်။ သူ၏ ပျက်ယွင်းနေခဲ့သော အမူအရာများကို လုပ်ဖော်ကိုင်ဖက်များကပင် သတိထားခဲ့မိကြသည်။ “နေမကောင်းချင်လို့” ဟူသော ရိုးစင်းသော်လည်း ထိရောက်သည့် အကြောင်းပြချက်ကို အကာအကွယ်ပြုလျက် ဟန်ဆောင်နေမိသေးသည်။ မနေနိုင်သည့်အ ဆုံးမှာတော့ သူ့မိတ်ဆွေနှစ်ယောက်၊ သုံးယောက်ခန့်ကို ချယ်ရီပင်အောက်မှ အရိပ်လေးအကြောင်း စူးစမ်းကြည့်မိခဲ့သည်။ သူတို့ထံမှ အထူးအဆန်း ဖြစ်ကြဟန်ရှိသော အကြည့်များက သူ့ကို ပိုပြီး ခံရခက်စေခဲ့သည်။ သူ မေးကြည့်မိသည့် မိတ်ဆွေများက ချယ်ရီပင်အောက်မှာ အရိပ်တစ်ခု ရှိမနေခဲ့ပါဟု ဆိုကြသည်။“ မဟုတ်ဘူး။ မဖြစ်နိုင် ဘူး ́ ဟု သူ့စိတ်ထဲ ဟစ်အော်နေမိသည်။ သူ့မျက်ဝန်းကို သူ ယုံကြည်သည်။ သူ့မျက်ဝန်းများသည် သူ့ကို ဘယ်တော့မှ သစ္စာ မဖောက်ပါ။ အထူးသဖြင့် ချယ်ရီပင်အောက်မှ အရိပ်လေးသည် သူ့မျက်လုံးများ၏ လွဲမှားမှု လုံးဝမဟုတ်ကြောင်း နှလုံးသားကို သက်သေထားလျက် သူ ဆိုဝံ့ပါသည်။
မိတ်ဆွေတစ်ယောက်က သူ မရောက်ခင် ဆယ်စုနှစ်တစ်ခုကျော်အလွန်က ဇာတ်လမ်းဟောင်းတစ်ပုဒ်ကို ဇာတ်ကြောင်းပြန်ခဲ့သည်။
“ချယ်ရီပင်နားမှာ ဆိုင်ကယ် အက်ဆီးဒင့်ဖြစ်ပြီး မိန်းကလေးတစ်ဦး သေသွားခဲ့ဖူးတယ်” ဟူသော စကားက သူ့၏ အသိစိတ်များကို ဝေဝါးအောင် တွန်းပို့နေခဲ့သည်။ “မဟုတ်နိုင်ပါဘူး” ဟူသော အတွေးများက ထိုစကားသံများကို တွန်းလှန် ဖယ်ရှားပစ်လိုက်ကြသည်။ သူရခဲ့ဖူးသော လျှို့ဝှက်လှသည့် အကြည့်တစ်ခု၏ ပိုင်ရှင်သည် လူသားစစ်စစ်ဖြစ်တာ သေချာပါသည်။ နောက်ဆုံးမှာတော့ “တော်ပါတော့ဗျာ” ဟု ဆိုလျက် ထိုမိတ်ဆွေနားမှ ထွက်ခွာလာခဲ့မိသည်။ ထိုနေ့ တစ်နေ့လုံးသည် သူ့အတွက်တော့ ပူလောင်လှသော အပူရောင် နေ့တစ်နေ့ ဖြစ်ခဲ့သည်။
၅။
မနေ့က နောက်နေ့သည် ယနေ့ ဖြစ်လာခဲ့သည်။ ချယ်ရီပင်အောက်၌ အရိပ်တစ်ခု ရှိမနေခဲ့ပါ။ ပထမဆုံးအကြိမ်အဖြစ် သူ့မျက်လုံးများကို သံသယ ဖြစ်လာမိသည်။ ယနေ့မှာတော့ အရိပ်ပိုင်ရှင်ကို ကိုယ်တိုင် တွေ့မြင်လျက် သူ၏ အမြင်အာရုံများ မှန်ကန်ကြောင်း၊ သူ့၏ စိတ်ခံစားချက်များ အဓိပ္ပာယ်ရှိနေကြောင်း သက်သေထူရန် စဉ်းစားထားခဲ့ပေမဲ့ ချယ်ရီပင်အောက်မှ ခုံတန်းလျားလေးသည် အထီးကျန်စွာ ငြိမ်သက်နေရင်း သူ့ကို လှောင်ပြောင်နေခဲ့သည်။ ပျောက်ဆုံးနေသော အရိပ်တစ်ခုသည် လွမ်းမောခြင်းများကို သူ့အတွက် တနင့်တပိုး ချန်ထားရစ်ခဲ့သည်။ သူ့ကိုယ်သူ အပြစ်တင်မိသည်။ အကယ်၍ သူသာ လက်တွေ့ကျသူတစ်ယောက် ဖြစ်ခဲ့မည်ဆိုလျှင်၊ အကယ်၍ သူသာ စိတ်ကူးယဉ်ဆန်သော ပလေတိုနစ် အချစ်မျိုးထက် ကျော်လွန်အောင် အားထုတ်ခဲ့မိမည်ဆိုလျှင်၊ အကယ်၍ သူသာ ချယ်ရီပင်အောက်သို့ ခိုဝင်ခဲ့မိမည်ဆိုလျှင် သူ မြင်တွေ့ခဲ့ရသော အရိပ်သည် အရိပ်စစ်တစ်ခုဖြစ်ကြောင်း ကောင်းကောင်းကြီး သက်သေပြနိုင်မှာ ဖြစ်သည်။ ပြီးတော့ သူ့နှလုံးသားသည် ယခုလို နွမ်းနယ်နေခဲ့ရလိမ့်မည် မဟုတ်ပေ။ သူ၏စိတ်တို့သည် ယခုလို လေးလံထိုင်းမှိုင် းနေကြရလိမ့်မည် မဟုတ်ပေ။
ရုံးပိတ်ရက် သုံးရက်သည် သူ့အတွက် ကြာရှည်သော အချိန်များကို ဖန်ဆင်းပေးသည်။ ရုံးဖွင့်ရက်တိုင်း ဆုံခဲ့ရသည့် အရိပ်လေးနှင့် ပြန်ဆုံချင်ပါသေးသည်။ ယခုတစ်ခါ ဆိုလျှင်ဖြင့် သူ တုံ့နှေးနေတော့မည် မဟုတ်ပါ။ သူ့နှလုံးသား၏ စေစားချက် အမိန့်အတိုင်း ဆောင်ရွက်တော့မည်ဟု ဆုံးဖြတ်ထားမိသည်။ ကံကြမ္မာသည် သူ့ကို အကောင်းဆုံးသော အခွင့်အရေးကို တစ်လခွဲကျော် ကြာသည်အထိ ပေးအပ်ခဲ့ပါသည်။ ယခုတော့ ထိုအခွင့်အရေးကို အကောင်းဆုံး အသုံးမချနိုင်ခဲ့သည့်အတွက် နောင်တတရားများကိုသာ ကြေကွဲစွာ ရိတ်သိမ်းနေခဲ့ရသည်။
အကယ်၍ ချယ်ရီပင်အောက်မှ အရိပ်ပိုင်ရှင်နှင့် တစ်နေရာရာတွင် ဆုံတွေ့ခဲ့ရလျှင် ချယ်ရီပင်အောက်မှ အရိပ်ရှင်ဖြစ်ကြောင်း သက်သေပြနိုင်ရန် သူ့ထံမှာ ဝှက်ဖဲတစ်ချပ် ရှိနေခဲ့သည်။ သူ စွဲလမ်းစွာ မှတ်မိနေခဲ့သည့် အရာတစ်ခုက အရိပ်ပိုင်ရှင်ဖြစ်ကြောင်း ကောင်းကောင်း ပြောပြနိုင်ပါသည်။ ထိုအရာသည် အရိပ်ပိုင်ရှင်လေး၏ ခန္ဓာကိုယ်ပေါ်မှ အတန်ငယ် ထင်ရှားသည့် အမှတ်အသားတစ်ခု ဖြစ်သည်။ မနက်တိုင်း ခုံပေါ်တွင် ဘေးတစောင်းထိုင်လျက် ခေါင်းကိုငုံ့ကာ စာဖတ်နေတတ်သော မိန်းမပျိုလေး၏ ခန္ဓာကိုယ်ပေါ်မှ အမှတ်အသားတစ်ခုသည် သူ့မျက်လုံးများမှ တစ်ဆင့် သူ့စိတ်ထဲသို့ ဝင်ရောက်လျက် အနယ်ထိုင်စွဲထင် ကျန်နေရစ်ခဲ့သည်။ သူသည် ထိုအမှတ်အသားလေးကို စိတ်ဖြင့် အကြိမ်ကြိမ် နမ်းရှုပ်ခဲ့မိကြောင်း မညာတမ်း ဝန်ခံရပါလိမ့်မည်။
လက်တွေ့မပါသော အိပ်မက်များသည် အကောင်မပေါက်သော လေဥများသာ ဖြစ်ကြပါသည်။ အသီးမသီးသော သစ်တစ်ပင်ကို သူ့ရင်ဘတ်ထဲမှာ ပျိုးထားခဲ့မိပြီ ထင်သည်။ အချစ်သည် မျက်စိတစ်မှိတ်၊ လျှပ်တစ်ပြက်အတွင်းမှာ ဖြစ်သွားနိုင်ပါသလောဟု မေးလျှင် ဖြစ်နိုင်ပါသည်ဟု သူ ယုံကြည်ရဲရင့်စွာ ဖြေပါမည်။ အချစ်သည် အချစ်သာဖြစ်သည်။ အချစ်သည် အချိန်ပေါ်မှာ မူတည်မနေ၊ အချစ်သည် နှလုံးသား၏ အခန်းငယ်လေးတစ်ခုတွင် နေထိုင်သည်။ အချစ်သည် ဆုံခဲ့မိသည့် မျက်ဝန်းနက်နက်လေးတစ်စုံကို စွဲလမ်းစွာ တွယ်ငြိသည်။ အချစ်သည် ချယ်ရီပင်အောက်မှ အရိပ်တစ်ခုအဖြစ် သူ့ကို ကိုယ်ထင်ပြခဲ့သည်။ သူ့အတွက် အချစ်ကို ချယ်ရီပင်အောက်ရှိ ခုံတန်းလျားပေါ်မှ နွဲ့နှောင်းသည့် ပုံရိပ်လေးတစ်ခုက မွေးဖွားပေးခဲ့ခြင်းဖြစ်သည်ဟု ယခုအချိန်မှာ သေချာစွာ သိလိုက်ရသည်။
၆။
နောက်ဆုံး ရုံးပိတ်ရက် ဖြစ်သော တနင်္ဂနွေသည် သူ့စိတ်ကို လှုပ်ရှားစေသည်။ မနက်ဖြန်မှာ ရုံးဖွင့်ပေတော့မည်။ ရုံးဖွင့်လျှင် သူတွေ့ချင်နေသော အရိပ်လေးရှိရာ ချယ်ရီပင်လမ်းထောင့်သို့ အမြန်ဆုံးရောက်အောင် သွားရပေလိမ့်မည်။ တိတ်ဆိတ်နေသော အိမ်လေးထဲ၌ အတန်ငယ် ကျယ်လောင်သော သီချင်းသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
“အားငယ်နေလား xxx အရှုံးပေးပြီး ထွက်မပြေးနဲ့၊ ကိုယ် အမြဲချစ်နေမယ် ××× ́
ဟူသော အဆိုတော် ခင်စုစုလှိုင်၏ သီချင်းသံသည် သူပေးထားခဲ့သည့် Alarm သံစဉ်ဖြစ်သည်။ ဖုန်းယူပြီး ကြည့်မိသည့်အခါ မိတ်ဆွေတစ်ယောက်၏ အိမ်တက်ပွဲအတွက် ဖိတ်ကြားထားမှုအား မှတ်သားထားသည့် စာသားကို တွေ့လိုက်ရသည်။ ထိုမိတ်ဆွေ မင်္ဂလာဆောင်တုန်းက မသွားဖြစ်ခဲ့သည့်အတွက် ယခု အိမ်တက်ပွဲအခမ်းအနားကိုတော့ သွားရမည်ဟု ဆုံးဖြတ်ထားခဲ့သည်။
အမှန်အတိုင်း ဝန်ခံရလျှင် ယခုလို အချိန်မျိုးမှာ ဘယ်ကိုမှ မသွားချင်ပါ။ သို့သော် လူမှုရေးအရ သူ သွားရပေဦးမည်။ ရေမိုးချိုး၊ အဝတ်အစားလဲပြီးသည့်အခါ ဆိုင်ကယ်ထုတ်လျက် ဖိတ်ကြားထားသည့် အိမ်သို့ မောင်းလာခဲ့သည်။ အလှူအိမ်သို့ ရောက်သည့်အခါ ဧည့်သည်များဖြင့် စည်ကားနေခဲ့သည်။ ဧည့်ကြိုက စားပွဲတစ်လုံးမှာ နေရာချပေးခဲ့သည်။ မကြာခင်မှာ အလှူရှင် ကိုခင်မောင်ထွေးက သူတို့စားပွဲနား ရောက်လာကာ ဧည့်ခံစကားပြောသည်။ စကားပြောနေရင်းမှ သူတို့နှင့် မိတ်ဆက်ပေးရန် သူ့အမျိုးသမီးကို လှမ်းခေါ်လိုက်သည်။ နွဲ့နှောင်းသည့် အရိပ်တစ်ခု အနားသို့ ရောက်လာခဲ့သည့် အချိန်မှာ သူက အုန်းနို့ခေါက်ဆွဲကို အားရပါးရ ငုံ့စားနေခဲ့သည်။ သူမော့ကြည့်လိုက်သည့်အခါ ရီလဲ့နေသော မျက်ဝန်းနက်နက်တစ်စုံနှင့် ဆုံမိသွားပြီး သူ့ရင်မှာ “ဒိန်းခနဲ” ဖြစ်သွားရသည်။ ကိုခင်မောင်ထွေး၏ “ဒါ ကျွန်တော့်အမျိုးသမီး မသူဇာပါ” ဟူသော မိတ်ဆက်စကားသံကို သူ့နားထဲမှာ မကြားတစ်ချက် ကြားတစ်ချက် ဖြစ်နေခဲ့သည်။
“အရင်တုန်းက( . . .) ဝန်ကြီးဌာနမှာ လုပ်တယ်၊ အခုတော့ အလုပ်ထွက်ခိုင်းလိုက်ပြီ” ဟု ဆက်ရှင်းပြနေသည့် ကိုခင်မောင်ထွေး၏ စကားသံများက နားထဲသို့ မဝင်တစ်ချက် ဝင်တစ်ချက်။
“လူပျိုကြီးရော ဘယ်တော့ မိန်းမယူမှာလဲ” ဟူသော ဘေးနားမှ မိတ်ဆွေတစ်ယောက်၏ သူ့ကို ရင်းနှီးစွာ ကျီစယ်နောက်ပြောင်မှုစကားကို မတုံ့ပြန်နိုင်ခဲ့ပါ။ အချိန်သည် စက္ကန့်ပိုင်းမျှ သူ့အတွက် ရပ်တန့်သွားခဲ့သည်။
အလှူအိမ်မှ နှုတ်ဆက် ထွက်ခွာလာခဲ့သည့် လမ်းတစ်လျှောက်လုံးတွင် မျက်ဝန်းနက်နက် တစ်စုံအကြောင်းကို တွေးတောနေခဲ့မိသည်။ ကံကြမ္မာသည် အရက်စက်ဆုံး ဇာတ်ကွက်တစ်ခုကို သူ့အတွက် ရေးသားထားခဲ့ပြီလားဟု တွေးကာ ထိတ်လန့်သွားခဲ့မိသည်။ ဆုံခဲ့သော အကြည့်တစ်စုံသည် လွန်ခဲ့သည့် တစ်လခန့်က ရရှိခဲ့ဖူးသော အကြည့်နှင့် ထပ်တူညီ နေခဲ့သည်။ “ ဒိန်းခနဲ ‘’ ဖြစ်သွားသော ခံစားမှုကြောင့် ဆက်မကြည့်လိုက်မိသည့်အတွက် မျက်နှာအနေအထားကို သေသေချာချာ မသိလိုက်ရပါ။ သို့သော် မျက်ဝန်းနက်နက် တစ်စုံကိုတော့ သူ သေသေချာချာ မှတ်မိနေခဲ့ပါသည်။ “မဖြစ်နိုင်ပါဘူး” ဟူသော အငြင်းစကားဖြင့် မှန်နိုင်သော ဖြစ်ရပ်တစ်ခုကို ဖုံးကွယ်ရန် သူ ကြိုးစားနေမိခဲ့သည်။
၇။
ရုံးတက်သည့်အခါတိုင်း ချယ်ရီပင်အောက်မှ ပျောက်ဆုံးသွားခဲ့သည့် အရိပ်တစ်ခုကို သူ လွမ်းဆွတ်နေခဲ့မိသည်။ ချယ်ရီပင်ကြီးက ယခင်အတိုင်း မပြောင်းမလဲ တည်ရှိနေခဲ့သော်လည်း ချယ်ရီပင်အောက်မှ အရိပ်လေးတစ်ခုကတော့ ပျောက်ကွယ်သွားခဲ့ပြီလေ။ လွတ်ဟာနေသည့် ခုံတန်းလျားလေးသည် သူ့၏ နှလုံးသားတစ်စုံ ဖြစ်နေခဲ့သည်။ သမားရိုးကျ အလွမ်းဇာတ်လမ်းတစ်ပုဒ်၏ ဇာတ်သိမ်းခန်းလောက်တောင် သူ့အဖြစ်က မခမ်းနား။ မပိုင်ဆိုင်လိုက်ရသော ဇာတ်ကွက်များကို သူ့စိတ်ထဲမှာ ဆက်လက်ရေးသား ကြည့်နေမိသည်။ ကြေကွဲစိတ်တို့ များပြားပြည့်လျှံလာနေခဲ့သည်။
အရာရာသည် သူမှလွဲ၍ အရင်အတိုင်း ရှိနေခဲ့ကြသည်။ တောင်ပေါ်မြေ၏ အေးမြမှုသည်လည်းကောင်း၊ ချယ်ရီပွင့်များသည်လည်းကောင်း မပြောင်းလဲကြ။ ချယ်ရီလမ်းထောင့်သည် ပဟေဠိ ပုစ္ဆာတစ်ပုဒ်ကို သူ့စိတ်သို့ ထည့်ပေးခဲ့သည်။ လွမ်းမောခြင်းဝေဒနာကို သူ့နှလုံးသားထဲ ဆွတ်ဖျန်းပေးခဲ့သည်။ တစ်ခါတစ်ရံမှာတော့ အခြေအနေနှင့် ပတ်ဝန်းကျင်သည် အနယ်ထိုင်နေသော သူ့စိတ်အတွေးစများကို လှုပ်နှိုးတတ်သည်။ ချယ်ရီပင်အောက်မှ အရိပ်တစ်ခုသည် ဝိညာဉ်ဖြစ်ကြောင်း သက်သေထူရန် သူ့မိတ်ဆွေက ဓာတ်ပုံတစ်ပုံ ယူလာပြသည်။ ဓာတ်ပုံထဲမှ မိန်းမပျိုလေးသည် သူ ဆုံစည်းခဲ့ရသော တစ်ခါက ချယ်ရီပင်အောက်မှ အရိပ်ပိုင်ရှင်နှင့် ကိုယ်နေဟန်ထားချင်း ဆင်တူနေခဲ့သည်။ ထိုအကြောင်းကို ဝန်ခံမိသည့်အခါ သူ့မိတ်ဆွေသည် “ကျွန်တော် မပြောဘူးလား ”ဟု မျက်စပစ်ပြသည်။ မိတ်ဆွေဖြစ်သူနှင့် အငြင်းအခုံ မလုပ်ချင်တော့ပါ။
အကယ်၍သာ သူ့မိတ်ဆွေပြသော ဓာတ်ပုံထဲမှ မိန်းမပျိုလေး၏ လည်ပင်း နောက်နားတွင် မှဲ့နီနီလေးတစ်လုံးကို တွေ့နိုင်ခဲ့မည်ဆိုလျှင်..။ သို့သော် ဓာတ်ပုံထဲမှ မိန်းမပျို လေးပုံသည် အရောင်ပြယ်လွင့်စပြုနေသည့် ဆေးသားများကြောင့် ဝါးနေခဲ့သည်။ သူ စွဲလမ်းခဲ့မိသော ဖြူဝင်းကြော့ရှင်းသည့် လည်တိုင်ထက်မှ မှဲ့နီလေးသည် ချယ်ရီပင်အောက်မှ မိန်းမပျိုလေးနှင့် သူ၏အကြားမှ တစ်ခုတည်းသော လှပစွာ ဆက်သွယ်မှုဖြစ်သည်။ ယခုတော့ ထိုတစ်ခုတည်းသော ဆက်သွယ်မှုသည်ပင် ပြတ်တောက်နေခဲ့ရပြီ ဖြစ်သည်။ သူ၏ လွမ်းဆွတ် သတိရနေမှုတို့သည် မည်သို့မျှ အရာမထင်နိုင်တော့ပါ။ ဘာပဲဖြစ်ဖြစ် ယခု အချိန်မှာတော့ သူ့မိတ်ဆွေ ပြောသလို ချယ်ရီပင်အောက်မှ အရိပ်လေးသည် ဝိညာဉ်တစ်ခုဖြစ်သည်ဟုသာ ယုံကြည်နေချင်မိတော့သည်။
ဥဩ၊ ချယ်ရီမြေ
အမှတ်၊ ၃၆၆၊ ဇွန်၊ ၂ဝ၂ဝ ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
Comments
Post a Comment