ပြုတ်မကျမည့် ကျောက်တုံးကြီး (သို့မဟုတ်) ကျိုက်ထီးရိုး @ မြင့်မြင့်သိန်း (MUFL)



မတ်ဆူယိုကကူတာ ဂျပန်ဘာသာဖြင့်ရေးသားပြီး မြင့်မြင့်သိန်း (MUFL) ဘာသာပြန်သည်။


အင်ပါယာဟိုတယ်သည် ဘူတာကြီးနှင့် တော်တော် နီးနီးတွင်ရှိကာ အနီးပတ်ဝန်းကျင်တွင် များပြားလှသော တည်းခိုခန်းများ၊ စားသောက်ဆိုင်များ တသီတတန်းကြီး ရှိသည်။ အင်ပါယာဟိုတယ်ဆိုသည့် နာမည်ကတော့ ထည်ဝါ ခံ့ညားလှသော်လည်း တစ်ညလျှင် ၅ ဒေါ်လာ အခန်းမှာတော့ ခုတင်နှင့် ခပ်ဟောင်းဟောင်း စားပွဲတစ်လုံး ရှိတယ်ဆိုရုံသာရှိပြီး ခုတင်ပေါ်တွင် အိပ်ရာခင်းမပါဘဲ ခပ်ပါးပါး ဖျာချောတစ်ချပ်သာ ခင်းထားသည်။ သို့သော်လည်း ရေပန်းနှင့် အိမ်သာတော့ အခန်းတိုင်းမှာ ပါသည်။ ဟိုတယ်ရှေ့တွင်တော့ ဆိုက်ကားသမား လေး,ငါးယောက်အုပ်စု အမြဲတမ်း ရှိနေတတ်ကာ ဆေးလိပ်သောက်၊ စကားပြောလုပ်နေကြပြီး စိတ်ကူးပေါက်သည့်အခါမှာတော့ လမ်းသွားလမ်းလာများကို ဆိုက်ကားစီးဖို့ ဈေးခေါ်နေကြသည်။

ထိုဟိုတယ်ပိုင်ရှင် မိသားစုမှာတော့ အစ်ကိုနှင့် ညီမ မောင်နှမ နှစ်ယောက်ရှိကာ ညီမဖြစ်သူက “ကျွန်မတို့ ဟိုတယ်က ပုံမှန် ၈ ဒေါ်လာယူတာ၊ အစ်မကိုတော့ ၅ ဒေါ်လာနဲ့ ထားပေးမယ်” ဆိုတာကြောင့် တည်းဖြစ်သွားသည် ဆိုသော်လည်း မျက်နှာချင်းဆိုင်အခန်းမှ အမေရိကန် ခရီးသွားနှစ်ယောက်ကတော့ တစ်ည ၃ ဒေါ်လာနှင့် တည်းရသည့်ပုံပင်။ ပလီပလာ ပြောတတ်သည့် အကျင့်ရှိဟန်တူသော ညီမက သူ့ကိုယ်သူ ၂၆ နှစ်လို့ ဆိုသော်လည်း သူ့အစ်ကိုကတော့ “လျှောက်ပြောနေတာ၊ သူ့အသက် ၂၈ နှစ်ရှိပြီဟု။ ညီမမှာ ရင်းနှီးခင်မင်ချင်စရာ မကောင်းသော်လည်း လက်ဖက်ရည် သွားသောက်ရအောင် ဆိုကာ အဖော်ခေါ်သည်မျိုး ဘုန်းတော်ကြီးသင် စာသင်ကျောင်း၊ ပစိဖိတ်စစ်ပွဲတွင် သေဆုံးခဲ့ကြသည့် ဂျပန်စစ်သားများ၏ သင်္ချိုင်းအဆောက်အအုံတို့သို့ ခေါ်သွားပေးသည်။ ထိုအချိန်က ကျွန်မအသက်မှာ ထိုလိမ်တတ်သည့် ညီမထက် ၁ နှစ်ပိုကာ ၂၉ နှစ်ဖြစ်သည်။ နောက်နှစ်ဆိုလျှင် ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၁ ခုနှစ်သို့ ကူးပြောင်းကာ ရာစုနှစ်သစ်တစ်ခု၏ အစဖြစ်တော့မည်ဖြစ်ပြီး အခုအချိန်သည် တစ်ကမ္ဘာလုံး ရာစုနှစ် နောက်ဆုံးအချိန် ရောက်နေသည်ဆိုသည့် ကျွန်မ အတွေးက ရှိနေသည်။

ပဲခူးသည် မြို့တော်ရန်ကုန်မှ ဘတ်စ်ကားဖြင့် ၂ နာရီခန့် သွားရသည့် နေရာတွင်ရှိသည့် မင်းနေပြည်တော်ဟောင်းမြို့ ဖြစ်သည်။ ခွင့်တစ်ပတ်ဖြင့် ရန်ကုန်မှ မန္တလေး သွားရင်း လမ်းကြုံဝင်လိုက်ခြင်း ဖြစ်သည်။

အားလပ်ရက် ခရီးသွားဖို့ မြန်မာနိုင်ငံကို ရွေးလိုက်သည့် အကြောင်းအရင်း ထွေထွေထူးထူး မရှိပေ။ လွန်ခဲ့သည့် ၃ နှစ်က ကျွန်မချစ်သူနှင့် ထိုင်းနိုင်ငံကို လာလည်စဉ်က အစီအစဉ်မရှိဘဲ နယ်စပ်ဖြတ် ဝင်ကြည့်ကြဖို့ စိတ်အားထက်သန်နေကြကာ ဘန်ကောက်မှ ညကားစီးပြီး မြောက်ဘက်ဆုံးမြို့ မယ်ဆိုင်ကို ဦးတည်ခဲ့ကြသည်။ သို့သော်လည်း မြန်မာဘက်နှင့် ဆက်ထားသည့် အဝင်ဂိတ်မှာ ခရီးသွားဧည့်သည်များ အတွက်တော့ ဝင်ခွင့် ပိတ်ထားသည်။ ထိုအချိန်က ကျွန်မ ချစ်သူနှင့်အတူ ဂိတ်ကို လှမ်းမြင်နေရသည့် ကဖေးတစ်ခုမှာ ထိုင်ရင်း ဒီကလူတွေကျတော့ သွားလိုက်လာလိုက်လုပ်လို့ ရနေပါလျက်နဲ့၊ ရုပ်ဖျက်ပြီး ရောယောင်ဝင်ကြမလား။ ဒါပေမဲ့ မိသွားရင်တော့ အပြစ်က တော်တော်ကြီးမယ့်ပုံပဲ စသည် စသည် စင်းဂါးဘီယာတစ်ပုလင်းတည်းကို တစိစိသောက်ရင်း ပြောနေခဲ့ကြသည်။ ဘာကြောင့်များ နယ်စပ်ဖြတ်ဝင်ရဖို့ ဒီလောက်ထိ စိတ်အားထက်သန်နေကြပါလိမ့်လို့ အခုစဉ်းစားကြည့်တော့ အဖြေရှာမရ။ ထိုရည်းစားဟောင်း၏ မျက်နှာလည်း ဝိုးတဝါးသာပဲ မှတ်မိနေတယ်ဆိုပေမဲ့ ခွင့်တစ်ပတ်ရပြီ ဆိုသည်နှင့် မြန်မာနိုင်ငံသွားမည်ဆိုသည့် အတွေးက ရုတ်တရက် ပေါ်လာခဲ့သည်။ အရင်က မသွားနိုင်ခဲ့သည့် မြန်မာနိုင်ငံကို သွားကြည့်ရင်ကောင်းမလား ဆိုသည့် အတွေးနှင့် လေယာဉ်လက်မှတ် ဝယ်ပြီးနောက် လမ်းညွှန်စာအုပ်ကို ဖတ်ကြည့်လိုက်သည့်အခါမှာတော့ မယ်ဆိုင်နှင့် နယ်စပ်ဆက်နေသည့် တာချီလိတ်မြို့မှ ပြည်တွင်းသွားလို့ရသည် ဆိုသော်လည်း ကုန်းလမ်းမပေါက်ဟု ရေးထားသည်။ ပြည်တွင်းလေကြောင်းလိုင်း ရှိသော်လည်း ထွက်သည့် လေယာဉ်အရေအတွက် အနည်းငယ်သာ ရှိသည်။

သို့သော် လက်တွေ့ ရန်ကုန်ရောက်သည့်အခါမှာတော့ ထင်ထားသည်နှင့်တခြား စည်းကမ်းတင်းကျပ်မှုမရှိ၊ ပေါင်းစီးရသည့် တက္ကစီဖြင့်ပင် တာချီလိတ်အထိ သွားနိုင်လောက်သလို နောက်တစ်နည်း သဘောကောင်းသည့် ဦးလေးကြီးတစ်ယောက်က ဆိုင်ကယ်နောက် တင်ခေါ်သွားပေးမလား မသိဟုပင် ခပ်သာသာလေး တွေးလိုက်မိသည်။ ခိတရှိနမြို့ရှိ မြန်မာသံရုံးသွားကာ ခရီးသွားဗီဇာ သွားလျှောက်သည့် အချိန် မြန်မာနိုင်ငံသွားမည့် ခရီးစဉ်ဖျက်ရန် စိတ်ကူးပင်မရှိ ခဲ့သဖြင့် အခုလောက်ထိ ကိုယ့်ကိုယ်ကို ကျေနပ်နှစ်သိမ့်နိုင်ကာ ခရီးစ,ထွက်လာခဲ့ခြင်းဖြစ်သည်။ ရန်ကုန်ရောက်သည့် အခါမှာတော့ တွေးထင်ထားသလို အဆင်ချောဖို့ လမ်းမမြင်၊ မဖြစ်နိုင်တာကတော့ ဖြစ်နိုင်မည့်ပုံမရှိပေ။

အင်း... မြန်မာမဟုတ်ဘဲ ထိုင်းက မယ်ဆိုင်ကို ဦးတည် သွားခဲ့မိရင် ပြီးပြီပဲကို ဆိုသည့် အတွေး ဝင်လာသော်လည်း ရန်ကုန်ရောက်ပြီးနေပြီကတစ်ကြောင်း၊ တာချီလိတ်ကိုလည်း ထွေထွေထူးထူး သွားချင်သည် မဟုတ်တာတစ်ကြောင်းကြောင့် မြန်မာနိုင်ငံကို ခရီးထွက်ဖို့ လာခဲ့သည်ဆိုသည့်စိတ်ကို ချက်ချင်းပြောင်းပစ်ကာ အခု ပဲခူးမြို့ ရောက်နေတော့သည်။ လမ်းညွှန်စာအုပ်တွင် မင်းနေပြည်တော်ဟောင်းဟု ရေးထားသဖြင့် သွားကြည့်ဖို့ စိတ်ကူးကာ ဘတ်စ်ကားပေါ် တက်စီးလိုက်သည်။

ထိုမြို့မှ ကားဖြင့် ၂ နာရီခန့် သွားလိုက်လျှင် ကျိုက်ထီးရိုး ဆိုသည့် တန်ခိုးကြီး နေရာတစ်ခုရှိကြောင်း ပြောပြသူကတော့ အင်ပါယာဟိုတယ်ပိုင်ရှင် အစ်ကိုကြီးပင် ဖြစ်သည်။ တောင်ထိပ်တွင် ဧရာမ ကျောက်ဆောင်ကြီးရှိပြီး ထိုနေရာတွင် ကျောက်တုံးကြီးတစ်တုံး တင်နေကာ ထိုကျောက်တုံးမှာ ပြုတ်ကျလုဆဲဆဲ အနေအထားတွင်ရှိသော်လည်း ပြုတ်မကျဘဲ ရှိနေသည်။ ကျောက်တုံးကြီးပေါ်တွင် တည်ထားသည့် စေတီတွင် မြတ်စွာဘုရား၏ ဆံတော်ကို ဌာပနာထားသောကြောင့်ဟု ဆိုကြသည်။ ဘုရားဖူးများက ထိုကျောက်တုံးကြီးအား ရွှေပြား ကပ်လှူကြရာ ကျောက်တုံးမှာ ရွှေရောင်တဖိတ်ဖိတ် လက်နေသည်။ ဤနိုင်ငံတွင် တန်ခိုးအကြီးဆုံးသော အံ့ဖွယ်နေရာဖြစ်ပြီး ဘုရားဖူးများ အမြဲမပြတ် ရှိနေသည်ဆိုသည်။

သွားချင်တယ်။ ကျွန်မ မတုံ့မဆိုင်း ပြောလိုက်သည်။ ဒီလောက် အံ့သြစရာကောင်းလောက်အောင် တန်ခိုးကြီးသည့် အထွတ်အမြတ်နေရာ ရှိတယ်ဆိုတာ အရင်ကသိလျှင် ကျွန်မ ခရီး၏ ဦးတည်ချက်က ထိုနေရာပင် ဖြစ်ခဲ့လိမ့်မည်။ ဒီလိုနေရာ ရှိတာကိုလည်း မသိပါဘဲနှင့် ထိုနေရာကိုသွားဖို့ အကြောင်းဆုံ လာသည်မှာ ထိုနေရာနှင့် ရေစက်ပါလို့ပင်။ နောက်ပြီး အခုလို ရာစုနှစ်ကုန်တွင် မြန်မာ့ တန်ခိုးအကြီးဆုံးဘုရားကို ဖူးရမယ်ဆိုပါက ဇူလိုင်လမှာ လူသားမျိုးနွယ်များ မျိုးတုံးပျောက်ကွယ်မှာ မဟုတ်လောက်ဘူးဟုလည်း ဖျတ်ခနဲ အတွေးပေါ်လာသည်။ ကလေးဘဝက ရာစုနှစ်ကုန်မှာ လောကကြီး ပျက်စီး ပျောက်ကွယ်သွားမည်ဆိုသည့် အလွန်ခေတ်စားခဲ့သည့် နိမိတ်စကားကို ယုံကြည်သည်လည်း မဟုတ်ပါဘဲ ဘယ်လိုမှ မေ့ပျောက်မသွား။ ဒီလိုနှင့်ပင် အကျင့်တစ်ခုလို ဖြစ်မှန်းမသိ ဖြစ်သွားကာ ထိုအတွေးက တွေးမိသွားသည်။

နောက်တစ်ရက်မှာတော့ ကျွန်မတစ်ယောက် တည်းခိုခန်းက အစ်ကိုကြီးမောင်းသည့် ဖုန်ဗရပွနှင့် ကားကိုစီးကာ ကျိုက်ထီးရိုးသို့ ခရီးနှင်ခဲ့တော့သည်။ ပထမဆုံး တောင်ခြေမြို့ဖြစ်သည့် ကင်မွန်းသို့။ ပဲခူးမြို့ကို ထွက်လိုက်လျှင်ပဲ ကတ္တရာ လမ်းဘေးနှစ်ဖက်တွင် လယ်ခင်းယာခင်းများ တစ်မျှော်တစ်ခေါ်။ ရှေ့နောက်ဝဲယာ လေးမျက်နှာစလုံးတွင် တောင်စဉ် တောင်တန်းများက အဝေးကြီးထိပင် သွယ်တန်းနေသည်။ ဒရိုင်ဘာထိုင်ခုံရှိ အစ်ကိုကြီးကတော့ ဖိနပ်ချွတ်ကာ ဘရိတ်နှင့် လီဘာကို နင်းနေသည်။ ထိုညစ်ပေနေသည့် ခြေထောက်ကိုကြည့်ပြီး သူသာ မတော်မရားလုပ်ရင်၊ ငါအသတ်ခံရရင် ဘယ်သူမှတောင် သိမှာမဟုတ်ဘူးဆိုသည့် အတွေးက အမှတ်မထင် ပေါ်လာသည်။ သို့သော် အခိုက်အတန့်လေးအတွင်းမှာပင် ချက်ချင်း မေ့ပျောက်သွားကာ ပြတင်းပေါက်အပြင်မှ ဟိုးအဝေး တစ်မျှော်တစ်ခေါ်အထိ တစ်ဆက်တည်း ရှိနေသည့် မြေပြန့်လွင်ပြင်၏ ဆွဲဆောင်မှု ခံလိုက်ရသည်။ အစ်ကိုက ဘေးထိုင်ခုံမှာ ထိုင်နေသည့် ကျွန်မဘက်ဆီလှည့်ကာ ခန္ဓာကိုယ် နီးကပ်လာတာကြောင့် ကျွန်မလည်း ထိတ်ခနဲလန့်ကာ ကိုယ်ကိုကျုံ့ပြီး ပြတင်းပေါက်ဘက် တိုးလိုက်သည်။ အစ်ကိုကတော့ ဒက်ရှ်ဘုတ်ကိုဖွင့်ကာ ဖြစ်သလို ထိုးထည့်ထားသည့် ကက်ဆက်တိပ်ခွေပုံထဲ ဂလောက်ဂလောက် မွှေနှောက်ကာ တစ်ခုကို ထုတ်ယူ၍ လက်တစ်ဖက်ဖြင့် ကျွမ်းကျင်စွာ တိပ်ခွေ အဖုံးကိုဖွင့်ပြီး ကားကက်ဆက်ထဲသို့ ထည့်လိုက်သည်။ အသံထွက်မကောင်းသည့် ကျေးလက်သီချင်းသံ ထွက်ပေါ်လာကာ အစ်ကိုကြီးက သီချင်းလိုက်ဆိုရင်း ကားဆက်မောင်းနေတော့သည်။

ဒီအချိန်ထိ လူမရှိခဲ့ပါသော်လည်း လမ်းဘေးနှစ်ဖက်တွင် ဟိုတစ်စုဒီတစ်စု ငုတ်တုတ်ထိုင်နေသည့် လူများကို တွေ့နေရသည်။ အနီးအနားတွင် လူနေအိမ်ရော ဈေးဆိုင်ပါမရှိ၊ လယ်နှင့်ယာခင်းများသာ တစ်ဆက်တစ်စပ်တည်း ရှိနေသည်။ တံလျှပ်အရိပ်ပေါ်တွင် ထိုင်နေကြသည့် အမျိုးသား အမျိုးသမီးများက အသီး၊ မုန့် စသည်တို့ကို ရှေ့တွင်ထားကာ ရောင်းနေကြသည့်ပုံပင်။ အစ်ကိုက လူငယ်နှစ်ယောက်ရှေ့တွင် ကားရပ်လိုက်ပြီး သူတို့ရောင်းနေသည့် လိမ္မော်သီးပုံစံ အသီးတစ်မျိုးကို တစ်ထုပ် ဝယ်လိုက်သည်။ တစ်ဖန် ကားကို ဆက်မောင်းရင်း ကြွပ်ကြွပ်အိတ်နှင့် ထည့်ထားသော လိမ္မော်သီးအိတ်ကို ကျွန်မ ဒူးပေါ်ထားလိုက်ကာ “ဂွတ်” လို့ ပြောလိုက်သည်။ ကျွန်မ နားထဲမှာတော့ အဲဒါက “ချိုတယ်” လို့ ဂျပန်လို ကြားလိုက်ရသည်။ တစ်လုံးယူပြီး ခွာစားကြည့်လိုက်သည့်အခါမှာတော့ တကယ့်ကို ချိုလှသည်။ အခွံကို လက်ထဲမှာ ကိုင်ထားလိုက်သည့်အခါ ပြတင်းပေါက်အပြင်ဘက် လွှင့်ပစ်လိုက်ဆိုသည့် အမူအရာနှင့် ပြောလာသဖြင့် သူပြောသလိုပင် လုပ်လိုက်သည်။ လိမ္မော်ခွံ တော်တော်များများ ဖတ်ခနဲ ဖတ်ခနဲ နောက်မှာ စီးမျောကျန်နေခဲ့သည်။

အစ်ကို့ကား ကင်ပွန်းစခန်းသို့ ရောက်လာပြီ။ ပြောသာ ပြောရသည်၊ ကင်ပွန်းဆိုသည့် ဆိုင်းဘုတ်လည်း မဖတ်တတ်တာကြောင့် ထိုနေရာက တကယ်ပဲ ကင်ပွန်းလား ဆိုသည်ကိုတော့ အတပ် မပြောနိုင်ပေ။ သို့သော် "တန်ခိုးကြီး ကျောက်တုံး ကြီးရှိသည့် တောင်ခြေရွာ” ၏ သဘောသဘာဝကိုတော့ မြင်တွေ့ရသည်။ ယာယီတဲအိမ်ကဲ့သို့သော ဈေးဆိုင်ခန်းများ၊ လက်ဖက်ရည်ဆိုင် တွန်းလှည်းလေးများ များစွာရှိသည့်အပြင် တယ်လီဖုန်းအိမ် ခပ်ကြီးကြီးအခန်းကဲ့သို့ စစ်ဆေးရေးဂိတ်တဲ တစ်ခုရှိပြီး ထိုဂိတ်တဲထဲမှ စစ်သားပုံစံ လူငယ်များ ထွက်လာကာ ဒရိုင်ဘာခုံက မှန်တံခါးဖွင့်ထားသည့် အစ်ကိုနှင့် တစ်ခုခုကို ပြောနေကြသည်။

အစ်ကိုက-

"ပိုက်ဆံလိုတယ်၊ ဒီကနေ ရှေ့ဆက်သွားဖို့ ၆ ဒေါ်လာ ပေးရမယ်”

ခံလိုက်ရပြီဆို့သည့်အသိနှင့် ချက်ချင်းပင် ကျွန်မက "ဒါမျိုး မကြားဖူးပါဘူး” လို့ အစ်ကို့ကို ပြောလိုက်သည်။ မတရားလုပ်တာမျိုး ကျွန်မ မကြိုက်ဘူး။ ကားဆရာအစ်ကိုနှင့် စစ်သားတွေ ပေါင်းစား လူလည်ကျပြီး ကျွန်မဆီက ၆ ဒေါ်လာယူဖို့ လုပ်နေတာပဲဖြစ်မယ်။

“ပေးစရာ အကြောင်းမရှိဘူး”

အစ်ကိုက စိတ်မကောင်းသည့် မျက်နှာနှင့် ကျွန်မကို ကြည့်ပြီး-

“မပေးရင် အပေါ်တက်လို့ မရဘူးတဲ့။ ပြန်မလား ́ နည်းနည်းလောက် လျှော့ပေးလို့ မရနိုင်ဘူးလား” လို့ ပြောကြည့်လိုက်သည်။ ဘယ်လိုပဲဖြစ်ဖြစ် ပိုက်ဆံက ပေးရမှာပဲဆိုတော့ နည်းနည်းပဲဖြစ်ဖြစ် ဈေးဆစ်ကြည့်ချင်ခဲ့သည်။ ဈေးဆစ်ကြည့်ခြင်းအားဖြင့် “ကျွန်မက လွယ်လွယ်နဲ့ အချဉ်ဖမ်းလို့ရမယ့်သူလို့ ထင်ခံရမှာနှင့်စာလျှင် အများကြီး ပိုကောင်းသည်ဟု တွေးမိလိုက်သည်။

"နိုင်ငံတော်က သတ်မှတ်ထားတာဖြစ်နေလို့” ထပ်ပြီး စိတ်မကောင်းဖြစ်သည့်ပုံနှင့် အစ်ကိုက ပြောလိုက်သည်။ ဒီလိုပုံစံဖြစ်နေသည့် အစ်ကို့ကို သနားသွားတာကြောင့် ကျွန်မလည်း မတတ်နိုင်သည့်အဆုံး ၆ ဒေါ်လာနှင့်ညီမျှသည့် မြန်မာငွေကို စစ်သားတွေဆီ ပေးလိုက်သည်။

"နောက်ပြီး ဒီကစပြီး ကားစီးဝင်လို့ မရတော့ဘူး” ဟု စစ်သားကမ်းပေးသည့် ပြေစာကိုယူရင်း အစ်ကိုက ဆက်ပြောပြန်သည်။ အစိုးရက စီစဉ်ထားသည့် ကားကလွဲလို့ ရှေ့ဆက် ဝင်လို့ မရတော့ဘူး။ ဒါမှမဟုတ် ခြေကျင်ဖြစ်ဖြစ်” ဟု စကားကို ဖြတ်လိုက်ပြီး မျက်နှာကို ကားရှေ့မှန်ဆီကပ်ပြီး စစ်ဆေးရေးဂိတ်က လုပ်ထားသည့် အရိပ်ခပ်သေးသေးအောက်တွင် ထိုင်နေကြသည့် လူအုပ်ကို ညွှန်ပြရင်း “လူသား တက္ကစီ စီးသွားမလား ́ဟုဆိုသည်။ "လူသား တက္ကစီဆိုသည်ကတော့ ထိုင်လိုက်လို့ရသည့် ထမ်းစင်ပုံစံနှင့် ထမ်းစင်ခြေထောက်ကို ထမ်းကြမည့် အမျိုးသားလေးယောက်ကို ခေါ်သည်။ "ပိုက်ဆံကလည်း ယူခံရသေး၊ ခြေကျင်ကလည်း သွားခိုင်းသေးတယ်” တွေးရင်းကပင် ကျွန်မ ကားပေါ်က ဆင်းလိုက်သည်။ အစ်ကိုကတော့ ဘုရားဖူးကားများ သီးသန့်ထားသည့် ကားပါကင်သို့ ကားရပ်ရန် ထွက်သွားလိုက်သည်။ ပြန်ရောက်လာသည့် အစ်ကိုနှင့် ကျွန်မတို့၏ ခြေကျင်ခရီးကို စ,ထွက်လိုက်ကြသည်။ စစ်ဆေးရေးဂိတ်ကို ကျော်လွန်သွားပြီးနောက်တွင်တော့ လမ်းမှာ ကတ္တရာခင်းထားသည် ဆိုသော်လည်း တစ်မျှော်တစ်ခေါ် မြင့်သည်ထက် မြင့်တက်သွားတော့သည်။ ပင်ပန်းလာသည်နှင့်အမျှ ရေစက်ရှိလို့ ရောက်လာသည့် နေရာဆိုတာသည်လည်း မေ့သွားကာ သူ့ဟာသူ တန်ဖိုးကြီးသည့် အံ့ဖွယ်ကျောက်တုံးကြီးဖြစ်ဖြစ် ဘာဖြစ်ဖြစ်ဟု တွေးမိလာသည်။ ၆ ဒေါ်လာလည်း ပေးရသေး၊ ဒီလိုလည်း ပင်ပင်ပန်းပန်း လမ်းလျှောက်ခိုင်းသေး။ ရှေ့ရောက်မည့်နေရာက တန်ခိုးကြီးသည့် အံ့ဖွယ်နေရာ ဆိုသည်မှာလည်း တဖြည်းဖြည်း အဓိပ္ပာယ်မဲ့လာသလို ဖြစ်လာသည်။ သေချာတယ်။ ဂျပန်က အဆခုဆ ဘုရားကျောင်းလို နေရာပဲ ဖြစ်မယ်။ တန်ခိုးကြီးတယ်သာ ဆိုတယ် ဘုရားဖူးလာတဲ့သူကလည်း မရှိ။ ပင်ပန်းမှုကြောင့် ဒေါသထွက်ရင်း ကျွန်မ တောင်တက်လမ်းကို ဆက်တက်နေတော့သည်။ အစ်ကိုကတော့ ကျွန်မနောက်ကနေ နှုတ်ဆိတ်စွာဖြင့် လိုက်ပါလာခဲ့သည်။

"တောင်ထိပ်ထိရောက်အောင် နောက်ထပ် ဘယ်လောက် လိုသေးပါလိမ့်” လို့ ကျွန်မ နောက်လှည့်မကြည့်ဘဲ မေးလိုက်သည့် အခါမှာတော့ “မိနစ် ၃၀၊ အဲ လောက်ပါပဲ။ မကြာခင် ရောက်တော့မှာ” ဟု အစ်ကိုက ပြန်ဖြေလိုက်သည်။ အစိုးရကစီမံထားသည့် ယာဉ် ဆိုသည်မှာ TownAce ပုံစံ ထရပ်ကား အငယ်စားဖြစ်ပြီး ကျွန်မအမြင် ပစ္စည်းတင်သည့် နေရာတွင် ပျဉ်ပြားများ တန်းစီ ထိုးထားရုံလောက်သာ။ စစ်ဆေးရေးဂိတ်တွင် ၆ ဒေါ်လာ ပေးပြီးသည့် ခရီးသည်များက တာဝန်ခံများ ခိုင်းသည့်အတိုင်း တိုးဝှေ့ပြွတ်သိပ်ကာ ပျဉ်ပြားပေါ် ထိုင်ကြရသည်။ ကျွန်မလည်း သူတို့လို ၆ ဒေါ်လာပေး၊ ပြေစာရ၊ မိသားစုအဖွဲ့တစ်ဖွဲ့ နားတွင် ထိုင်လိုက်ပြီးနောက် ကျွန်မဘေးမှာ အသက် ၂ဝ ပတ်ဝန်းကျင်အရွယ် အတွဲတစ်တွဲ လာထိုင်သည်။ ဪ ငါအလိမ်ခံရတာ မဟုတ်လောက်ဘူး ထင်ပါရဲ့ဟု တွေးမိသည်က ၁၇ နှစ်ကြာပြီးသည့် အခုအချိန်မှသာ နားလည်သွားတော့သည်။ ဝင်ကြေးပေးရသည်လည်း အမှန်။ အစိုးရစီမံသည့် ကားမှလွဲ၍ မဝင်ရဆိုသည်မှာလည်း အမှန်ပင်။

သို့သော်လည်း ထိုအချိန်မြင်ကွင်းနှင့် တော်တော့ကို ကွာခြားသွားပြီဖြစ်သည်။ လွန်ခဲ့သည့် ၁၇ နှစ် ကင်ပွန်းမြို့တွင် အဖြစ်ဆောက်ထားသည့် တဲငယ်ပုံစံ ဈေးဆိုင်တန်းနှင့် တွန်းလှည်းဆိုင်များသာ ရှိခဲ့ပြီး အခုလို မြို့တစ်မြို့အဖြစ် မရောက်သေးပေ။ အခုလည်း ကတ္တရာလမ်း မဟုတ်သေးသော်လည်း ဈေးဆိုင်တန်းများကတော့ တိုက်ခန်းများအဖြစ် အစီအရီရှိနေပြီး ဘတ်စ်ကားဂိတ်တွင် မီနီဘတ်စ်ကားများက အဆက်မပြတ် ရောက်လာကြကာ လူပေါင်းများစွာ အဆင်းအတက် လုပ်သွားကြသည်။ ရှပ်အင်္ကျီ၊ လက်ဆွဲအိတ်ဖြင့် စီးပွားရေးသမားပုံစံ လူမျိုးရှိသလို၊ ကြက်အကောင်များစွာ၏ ခြေထောက်ကို စုစည်းကာ ဆွဲလာသူ၊ မျက်နှာတစ်ပြင်လုံးကို သနပ်ခါးဆိုသည့် နေလောင်ခံကို ပိန်းနေအောင် လိမ်းထားသည့် ကလေးများ၊ ဧရာမ ဂျပ်ဖာများကို မ,ကာ ကားအမိုး ပေါ်တင်နေသူများလည်း ရှိသည်။ ကျိုက်ထီးရိုး စစ်ဆေးရေးဂိတ်သည် ဤဘတ်စ်ကားဂိတ်မှ အနည်းငယ် လမ်းလျှောက် သွားရသေးသည်။ တင်နိုင်သလောက် ရအောင်တင်ကာ ထရပ်ကားထွက်လိုက်သည့်နှင့် ဆင်းလာခါစ ကားအလွတ်တွင် တစ်ဖန် နောက်ထပ် ရောက်လာသူများနှင့် အပြည့်အသိပ် ဖြစ်သွားပြန်သည်။

ပြွတ်သိပ်နေသော လူများကိုတင်ကာ ကျွန်မတို့ကားလည်း စတင် ထွက်ခွာလာသည်။ ပြည့်သိပ် ကျပ်ညပ်နေအောင် တင်ထားသည့် ကျွန်မတို့အားလုံး ဘယ်ညာယိမ်းထိုးနေသော်လည်း လက်ကိုင်စရာမရှိသဖြင့် အားလုံးပြိုင်တူ ဘယ်သို့၊ ညာသို့၊ ရှေ့သို့ တောက်လျှောက် ဝှေ့ဝှိုက်မွှေနှောက်ခံနေကြရသည်။ မသိတဲ့သူတွေချည်းပါလား။ မြင်ရုံဖြင့် ခရီးသွား ဧည့်သည်ပုံစံပေါက်သူ အလွန်နည်းသည်။ ကျွန်မနှင့် အနောက်တိုင်းသား သက်ကြီးစုံတွဲတစ်တွဲ၊ အာရှအနွယ် လူငယ်လေးတစ်ယောက်။ ကျန်သူများကတော့ မြန်မာနိုင်ငံ ဒေသအသီးသီးမှ တန်ခိုးကြီးဘုရားဖူးရန် ရည်ရွယ်ကာ လာကြသူများ ဖြစ်လိမ့်မည်ထင်သည်။ မိသားစုလိုက်၊ ဇနီးမောင်နှံ၊ မိဘနှင့် သားသမီး၊ စုံတွဲလိုက်၊ သူငယ်ချင်းများနှင့်၊ အိမ်နီးနားချင်း မိတ်ဆွေများ စသည်စသည်။

ကားဆက်သွား သွားသလောက်ကိုပင် အတက်လမ်းက ဆက်ကာဆက်ကာရှိနေသည်။ လမ်းဘေးဝဲယာတွင် ယာခင်းများ ကျယ်ပြန့်စွာ ရှိနေသည်။ ထိုနေရာတွင် တောင်နိမ့်နိမ့်များက ဆက်နေသည်။ နာရီဝက်ကျော်သွားသော်လည်း ထရပ်ကားကတော့ အတက်လမ်းကို ဆက်တက်နေဆဲပင်။ အခု အရွယ်ထက် ဘယ်လောက်ပဲ ၁၇ နှစ် ငယ်သည့်အရွယ် ဆိုစေကာမူ ဒီလောက်ထိတောင် လမ်းလျှောက်နိုင်ခဲ့စရာ မဖြစ်နိုင်။ ဒီနေရာက ငါမှတ်မိနေတဲ့နေရာနဲ့ မတူတဲ့နေရာ ဖြစ်လောက်တယ်ဟု တွေးနေစဉ်မှာပင် လမ်းညာဘက်တွင် ခရီးသည်ထမ်းလာသည့် အထမ်းသမားများကို တွေ့လိုက်သည်။ ထမ်းစင်ပုံစံ ပြုလုပ်ထားပြီး လူလေးယောက်က ထမ်းစင်ခြေထောက်မှ ထမ်းကာ “ဟေ့” “ဟေ့” အားပေးသံများဖြင့် တောင်ပေါ်သို့ တက်သွားကြသည်။ လူသားတက္ကစီဆိုတာ ဒါပဲပေါ့။ ထမ်းစင်အဝတ်စမှာတော့ လူလှဲ အိပ်လိုက်၍ရသည့် အလျားအရှည်မဟုတ်ဘဲ ထိုင်ခုံပုံစံဖြစ်ကာ အဘွားတစ်ယောက် ထိုင်လိုက်လာသည်။ ဒါကတော့ သေချာပေါက် လွန်ခဲ့သော ၁၇ နှစ် တွေ့ခဲ့သည်။ မဟုတ်ဘူး။ လက်တွေ့ လူကိုတင်ပြီး သယ်ထမ်းလာသည်ကိုတော့ မမြင်ဖူးသဖြင့် ထမ်းစင်က အခုလို ထိုင်ခုံပုံစံ ဖြစ်နေသည်ကိုလည်း သတိမထားမိခဲ့။ တကယ်ပဲ အရင်က ရောက်ဖူးတဲ့နေရာမှ ဟုတ်ရဲ့လား။ မည်သို့ဆိုစေကာမူ ထိုအချိန်က လူမရှိခဲ့တာတော့ အသေအချာပင်။

လုပ်သက် ၁ဝ နှစ်မှာ ၁ဝ ရက်တာ ခွင့်ရက်ရှည်ရသည့် အချိန် ဝမ်းသာသည် ဆိုသည်ထက် တွေဝေနေခဲ့သည်ကိုတော့ မှတ်မိနေသည်။ ဘယ်သွားပြီး ဘာလုပ်ရင်ကောင်းမလဲ လုံးဝ စဉ်းစားမရ ဖြစ်နေခဲ့သည်။ ဘယ်မှမသွားဘဲ နေတာပဲ မကောင်းဘူးလား။ အိမ်မှာပဲ အေးအေးဆေးဆေး နေရင်ကော ဟု သူငယ်ချင်းများ ပြောကြသောအခါ အဲလိုပဲ ကောင်းမလား ဟု တွေးနေစဉ်မှာပဲ မြန်မာက ခေါင်းထဲပေါ်လာခဲ့သည်။ မြန်မာ၊ တန်ခိုးကြီးဘုရား၊ ရွှေရောင်ကျောက်တုံးကြီး။

တစ်ခုခုကို အကြောင်းပြုပြီး သွားချင်စိတ်ပေါ်လာကာ အစီအစဉ်ဆွဲပြီး ခရီးထွက်ခဲ့သည့် နေရာများစွာ ရှိခဲ့သည်။ တစ်ချိန်ချိန်မှာတော့ ထပ်သွားဦးမည်ဆိုသည့် နေရာများလည်း ရှိသည်။ သို့သော် ယခုတန်ခိုးကြီးဘုရားဆိုသည်ကတော့ မတူ ခြားနားသည်။ ဘာမှမသိဘဲ တစ်ခုခုက တင်ခေါ်သွားသလို ရောက်ခဲ့ရသည်။ ထိုနေရာကို နောက်တစ်ခေါက် ထပ်သွားချင်သည်။ ဒီတစ်ခါတော့ မိမိဆန္ဒဖြင့်.....ဟု တွေးထားပြီး ၁၇ နှစ် ကြာပြီးနောက် ယခု ဒီနေရာသို့ လာခဲ့သည်ဆိုသော်လည်း အပြောင်းလဲကြီး ပြောင်းလဲနေတာကြောင့် ကျွန်မ မှတ်မိနေတာတွေရော မှန်မှမှန်သေးရဲ့လားဟု သံသယဝင်လာသည်။ လွန်ခဲ့သော ၁၇ နှစ်က ဒီနေရာနှင့် ဆင်တူသည့် အခြားနေရာတစ်ခုကိုများ သွားခဲ့လေသလား။

မည်သို့ပင်ဆိုစေကာမူ ကျွန်မကတော့ ရှေ့သို့သာ ဆက်လျှောက်ရင်း ပင်ပန်းလာလျှင် ထိုင်လိုက်၊ “ထမ်းပို့ရမလား” ပြောနေဟန်တူသည့် အထမ်းသမားများကို ခေါင်းယမ်းရင်း တစ်ဖန် ထ,လျှောက်လိုက်ဖြင့် ဆက်လျှောက်လာခဲ့သည်။ လမ်းညွှန်မြေပုံ ဝယ်လာခဲ့သည့် တည်းခိုခန်းက အစ်ကိုသည်လည်း တောက်လျှောက် အတူလိုက်ပါလာကာ ကျွန်မ လမ်းပေါ် ထိုင်ချလိုက်သည့်အခါ အနီးနား လိုက်ထိုင်သည်။ အစိုးရ စီမံကွပ်ကဲသည်ဆိုသည့် ထရပ်ကားလည်း တစ်စီးမျှမရှိ။ တောင်ပေါ်တက်သူရော တောင်အောက်ဆင်း သူပါ တစ်ယောက်တလေမျှ မရှိပေ။

အပေါ်ရောက်လာသည်နှင့်အမျှ မြူခိုးလိုလို၊ တိမ်လိုလိုများ ဝေဆိုင်းလာသောကြောင့် ပတ်ဝန်းကျင်မှာ မှုန်ဝါးဝါးစ ဖြစ်လာသည်။ တောင်တက်လမ်း ဘေးနှစ်ဖက်တွင် ဘာရှိသလဲ၊ ဘယ်လိုရှုခင်းလဲ လုံးဝမမြင်ရ။ တစ်ခါတစ်ရံ ထိုမြူလား၊ တိမ်လားကြားမှ သက်ငယ်အမိုးများမြင်ရပြီး ထိုအမိုးမှ မီးခိုးခေါင်းတိုင် ဖြစ်ဟန်တူသည့် ခေါင်းတိုင်မှ မီးခိုးငွေ့တန်းများ ဘေးဘက်ဆီသို့ ပျံ့လွင့်နေသည်။ “ဒါဘဝပဲလို့ မီးခိုးငွေ့ကို ကြည့်ကာ ရွှင်လန်းတက်ကြွသည့်စိတ်ဖြင့် တွေးမိလိုက်သည်။ အေးချမ်းစင်ကြယ်သော တန်ခိုးကြီးနေရာနှင့် လှုပ်ရှားသက်ဝင်နေသော ဘဝဆိုသည့် အစွန်းနှစ်ဖက်က အရာနှစ်ခု အနီးအနားတွင် အတူရှိနေသည်က ထူးဆန်းနေသည်ဟု ထင်မိသည်။

နောက်ဆုံးတော့ မုခ်ဦးကို တွေ့ပါပြီ။ တောင်ထိပ် တစ်ပြင်လုံး ဘုရားကျောင်းအဖြစ် ရှိနေကာ ဘုရားဖူးများက မုခ်ပေါက်အောက်ကို မဖြတ်မီ ဖိနပ်ချွတ်ကြသည်။ ရွှေရောင်ကျောက်တုံးကြီးရှိသည့် နေရာကတော့ ဘုရားဝင်း၏ အတွင်းဘက်ကျကျ နေရာတွင်ရှိပြီး ထိုနေရာရောက်ခင်အထိ ဖူးမြော် ပူဇော်စရာ နေရာများစွာ ရှိဟန်တူသည်။ မြူဆိုင်းကာ ဝိုးတဝါးဖြစ်နေခဲ့သည့် မုခ်ဝမှာရော၊ ဘုရားကျောင်းဝင်းအတွင်းမှာပါ လူရိပ်လူယောင် မတွေ့ရပေ။ နာမည်မကြီးသည့် ဘုရားဖြစ်နေတာလား သို့မဟုတ် ဘုရားဖူးရာသီ မဟုတ်သောကြောင့်ပေလား။ အစ်ကိုကတော့ ကျွန်မ ရှေ့လေး,ငါးလှမ်းလျှောက်ရင်း ပူဇော်ကန်တော့ကြသည့် နေရာများကို ဧည့်လမ်းညွှန်တစ်ယောက်လို ရှင်းပြပေးသည်။ 

ဘုရားဆင်းတုများ တန်းစီရှိနေသည့်နေရာရှိပြီး ထိုနေရာတွင် "ကိုယ်မွေးတဲ့နေ့ရဲ့ မွေးနေ့နံ ဘုရားဆင်းတုကို ပူဇော်ရတဲ့ နေရာ” ဟု အစ်ကိုက ပြောပြသည်။ ဘုရားဆင်းတုနှင့် ထိုနေ့နံကို စောင့်ရှောက်သည့်အကောင်မှာ နေ့နံအလိုက် ကွဲပြားကာ တနင်္လာနေ့မှ တနင်္ဂနွေနေ့အထိ အသီးသီး ဘုရားဆင်းတုနှင့် အစောင့်အရှောက် အကောင်ရုပ်တုများ တန်းစီရှိနေသည်။ ရေတွက်ကြည့်ပါက ရှစ်ခုဖြစ်နေသည်မှာ “ဗုဒ္ဓဟူးနေ့ တစ်ရက်တည်း မနက်နဲ့ မွန်းလွဲပိုင်းအဖြစ် နှစ်ခုခွဲထားတယ်” ဟု အစ်ကိုက ရှင်းပြပေးသည်။ ရေခပ်စရာ နေရာအနီးတွင် ထားထားသည့် ရေခွက်ဖြင့် ရေခပ်ကာ ဘုရားဆင်းတုနှင့် အစောင့်အရှောက် အကောင်အား ရေသပ္ပာယ်ကာ ရှေ့တည့်တည့်တွင် ထိုင်ဆုတောင်းရန် အစ်ကိုက ပြောသည်။ အစ်ကိုကတော့ တနင်္ဂနွေနံ ဘုရားသို့သွားကာ ရေသပ္ပာယ်ပြီး ဒူးတုပ်ထိုင်ကာ လက်အုပ်ချီထားသည်။ ကျွန်မကတော့ ဗုဒ္ဓဟူးနေ့သမီးဟု သိထားသော်လည်း မနက်လား၊ မွန်းလွဲပိုင်းလား ဆိုသည်ကိုတော့ မသိပါ။ လပြည့်လကွယ်၊ ဒီရေအတက်အကျနှင့် မွေးဖွားမှု ပတ်သက်ဆက်စပ်မှု ရှိသည်ဟု တစ်နေရာရာတွင် ဖတ်ဖူးသည်ကို သတိရကာ မွန်းလွဲပိုင်း ဘုရားဆင်းတုထံ ဆုတောင်းရန် ဆုံးဖြတ်လိုက်သည်။ အစောင့်အရှောက် အကောင်မှာ အစ်ကို့ပြောပြချက်အရ အစွယ်မရှိသောဆင် ဖြစ်မည်ထင်သည်။ ဘုရားဆင်းတုရှေ့ရှိ ကြေးရုပ်တုမှာတော့ စောင့်ရှောက်ပေးနိုင်သည့် ပါဝါတော့ ရှိလိမ့်မည်မထင်။ ထူးဆန်းပြီး ချစ်စရာကောင်းသည့် ရုပ်တုတော့ ဖြစ်သည်။ ဘုရားဆင်းတုရှေ့ ဒူးတုပ်ထိုင်ကာ လက်အုပ်ချီလိုက်သည်။ ကဲ ဘာဆုတောင်းရင် ကောင်းမလဲ။ ပုံမှန်ထက် လေးလေးနက်နက် စဉ်းစားကြည့်ခဲ့သည်။ ဘုရားဆင်းတု ခုအထိ ကွဲပြားသွားသောကြောင့် ဆုတောင်းများကို သေသေချာချာ နားထောင်ပေးဖို့ လွယ်သွားမည်ဆိုသည့် အတွေးကြောင့် အမြဲတမ်းသွားသည့် အိမ်နားမှ ဘုရားကျောင်း၊ နှစ်ဆန်းတစ်ရက်နေ့တွင်သွားသည့် ဗုဒ္ဓဘာသာနှင့် ရှင်တိုဘုရားကျောင်းတွင် ဆုတောင်းသည်ထက် ကျွန်မ အလေးအနက် ဖြစ်နေသည်။ ဘာဆုတောင်းရင် ကောင်းမလဲ။ တစ်အိမ်သားလုံး ဘေးရန်ကင်းကာ ကျန်းမာချမ်းသာ လမ်းဖြာပါစေ ကြောင်းမှာလည်း ယောင်ဝါးဝါး မရေမရာဖြစ်လွန်းသည်။

အလုပ်အဆင်ပြေပါစေဟု ဆုတောင်းရအောင်ကလည်း ပြောလောက်အောင် သဘောကျသည့်အလုပ်လည်းမဟုတ်။ ကျွန်မ ချစ်သူနှင့် သက်ဆုံးတိုင် အတူနေရပါစေဟု ဆုတောင်းရအောင်ကလည်း ပြတ်လုပြတ်ဆဲ အနေအထား ဆိုသည်ကိုလည်း သိနေသည်။ ဒီလိုဆိုရင်လည်း ပြန်အဆင်ပြေပါစေဟု ဆုတောင်းပြန်လျှင်လည်း ကျွန်မ တကယ်ပဲ ပြန်အဆင်ပြေချင်ရဲ့လား၊ ရှုပ်ယှက်ခတ် အတွေးများက များပြားရှုပ်ထွေးပြီး ဘာဆုတောင်းရမည်မသိ ဖြစ်နေကာ “ ဒီနေရာက တကယ့် အဓိကနေရာမှ မဟုတ်တာ” ကိုယ့်ကိုယ်ကို နှစ်သိမ့်ပေးလိုက်သည်။ အဓိကနေရာက ဟိုးအတွင်းဘက်မှာ၊ တန်ခိုးကြီးတဲ့ နေရာက ဟိုဘက်မှာ။ ဒါ့ကြောင့် ဒီမှာ သဘောလောက်ဆိုရပြီ။ သဘောလောက်ပဲ။ ဟု စိတ်ထဲမှာ အထပ်ထပ် ပြောနေပြီး “ချမ်းမြေ့ပျော်ရွှင်ရပါလို၏” ဟိုဟိုဒီဒီ ဆုတောင်းများစွာကို တစ်ဆုတည်းဖြင့် ပေါင်းတောင်းလိုက်သည်။

အဓိကနေရာဖြစ်သည့် အံ့သြဖွယ်တန်ခိုးကြီး ကျောက်တုံးကြီးဆီသို့ သွားတော့မည်။ လှူဖွယ်ပစ္စည်းနှင့် အစားအသောက် ရောင်းသည့် ဆိုင်ခန်းများစုထားသည့် နေရာရှိသော်လည်း သံတံခါး ပိတ်ထားသည်။ ဒီနေရာထိ ရောက်လာသော်လည်း ဘုရားဖူးဧည့်သည်ဆို၍ ကျွန်မတို့အပြင် အခြား မည်သူမျှ မရှိသေး။ ခွေးလေခွေးလွင့်များကသာ လှဲအိပ်နေလိုက်၊ ဟိုယောင်ဒီယောင် လျှောက်သွားနေလိုက် လုပ်နေကြသည်။

မကြာခင်မှာပဲ ရှေ့ဘက်တွင် တစောင်းအနေအထာ းဖြစ်နေသည့် ရွှေရောင်ကျောက်တုံးကြီးကို တွေ့လိုက်ရသည်။ လုံးဝ မျှော်လင့်ချက် မထားခဲ့ပါဘဲနှင့် စိတ်က ပြောင်းသွား သည်။ “မြင်ရပြီ။ အဲဒါ ဟုတ်တယ်မလား”ဟု အော်ပြောရင်း အလိုလို ခြေလှမ်းမြန်လာသည်။ ဟုတ်တာပဲ။ ကျောက်ဆောင် ကြီးပေါ်မှာ လျော့ကျတော့မည့်အနေအထားဖြင့် အေးဆေးငြိမ် သက်စွာ ရွှေရောင်ကျောက်တုံးကြီးက တင်လျက်ရှိနေသည်။ အနီးကပ်ကြည့်လေ ကျောက်တုံးကြီးမှာ ပိုကြီးလာလေဖြစ် ပြီး ထိုအနေအထားမမျှ တဲတဲလေး ဖြစ်နေသည်ကလည်း အထင်အရှားပင်။ ကောင်းကင်မှာ တိမ်ထူနေပြီး ပတ်ဝန်းကျင် မှာတော့ မြူခိုးများဖြင့် မှုန်ဝါးဝါးဖြစ်နေသော်လည်း ကျောက် တုံးကြီးကိုယ်တိုင်က အလင်းရောင်ထွက်နေသကဲ့သို့ ထီးထီးမားမား ရွှေအိုရောင် တောက်ပနေသည်။ အနီးကပ်ဆုံးအထိ သွားကြည့်လိုက်သည့်အခါမှာတော့ လူမရှိပါဘဲ ကျောက်တုံးတစ်ဝိုက်မှာရှိ လေထုမှာ တင်းခနဲ ဖိအားပြင်းသလို ခံစားမိလိုက်သည်တော့ အသေအချာပင်။ အလျင်လိုနေသည့် ခြေလှမ်းကိုရပ်၊ အသက်ပြင်းပြင်းရှူကာ ကျွန်မ ခပ်ဖြည်းဖြည်း အံ့ဖွယ်ကျောက်တုံးကြီးဆီသို့ ချဉ်းကပ်သွားလိုက်သည်။ ကျောက်တုံးကြီးကို ထောက်တင်ထားသည့် ကျောက်ဆောင် တစ်ဝိုက်ကို သံပန်းဖြင့် ကာထားသည်။ သံပန်းအတွင်း အမျိုးသမီးများ ဝင်ရောက်ခြင်းကို တားမြစ်ထားကာ အမျိုးသားများသာ ရွှေသင်္ကန်းကပ်လို့ရသည် ဆိုသည်ကိုလည်း အစ်ကိုကပင် ပြောပြပေးသည်။ ထို့အတွက် ကျွန်မ စိတ်ပျက်မသွားပါ။ ဒီလိုသတ်မှတ်ချက်က စင်ကြယ်ထွတ်မြတ်သည့် ဘုရားမြေကို ပိုမိုစင်ကြယ်သည့်နေရာ ပီသစေရန်ဟု ယူဆထားသောကြောင့်ပင်။

နီးနိုင်သမျှ အနီးဆုံးအထိ ချဉ်းကပ်သွားပြီး၊ မော်ဖူး ကြည့်သလို မော့ကြည့်လိုက်ကာ လက်စုံမိုး၍ မျက်လုံးကို မှိတ်လိုက်သည်။ ပျော်ရွှင် ချမ်းမြေ့ရပါလို၏။ ပျော်ရွှင်ချမ်းမြေ့ရပါလို၏။ ပျော်ရွှင်ချမ်းမြေ့ရပါလို၏။ စောစောက အကြမ်းဖျင်း ခြုံငုံစုပေါင်းထားသည့် ဆုတောင်းစကားမှလွဲ၍ အခြားဆုတောင်း ခေါင်းထဲတွင်ပေါ်မလာ။ မဟုတ်သေးဘူး။ ဒါကိုက ကိုယ့်ရဲ့ တကယ့်ဆန္ဒပဲဖြစ်ပြီး ဒါကလွဲလို့ အခြား ဆုတောင်းချင်တာမရှိဟု ခံစားမိသည်။ အလင်းရောင်ထုတ် လွှတ်နေသလို ခပ်စောင်းစောင်း အနေအထားရှိနေသည့် ကျောက်တုံးကြီးမှာ အခုထိ မရှိခဲ့ဖူးသေးလောက်အောင် ကျွန်မကို ဆုတောင်းခွင့်ပေးနေသည်။ အခုကျွန်မ ပြားပြားဝပ်နေအောင် လေးလေးနက်နက်ဖြင့် ပျော်ရွှင်ချမ်းမြေ့ရပါလို၏၊ ပျော်ရွှင်ချမ်းမြေ့ရပါလို၏ဟု ဘယ်နှခါမှန်းမသိ တတွတ်တွတ် ရွတ်နေတော့သည်။ မကြာမတင် အသက် ၃၀ အရွယ် ရောက်တော့မည့် ကျွန်မ ဘယ်လိုအရာက စိတ်ချမ်းသာစေတယ်လို့ တွေးခဲ့တာပါလိမ့်၊ ရယ်စရာကောင်းလောက်အောင် အလေးအနက်နှင့် အထပ်ထပ် အကြိမ်ကြိမ် ပျော်ရွှင်ချမ်းမြေ့ရပါလို၏ ဆိုသည့် ဆုတောင်းစကားကို အခြားစကားလုံး ပြင်ပြောကြည့်မယ်ဆိုလျှင် ဘယ်လိုဖြစ်သွားမှာပါလိမ့်။ ကျန်းကျန်းမာမာ နေရပါစေ၊ ငွေရေးကြေးရေး အဆင်ပြေပါစေ၊ အနာဂတ်အတွက် စိုးရိမ်သောကများ ကင်းဝေးပါစေ၊ အထီးကျန်ဖြစ်လည်း မတုန်လှုပ်ပါစေနဲ့။ စသည်စသည် ဘယ်ဆုတောင်းမဆို နည်း နည်းစီတော့မတူ။ အခု ဆုတောင်းများက ထိုအချိန် ဟိုရောက် ဒီရောက် စိတ်အာရုံတွင် ပေါ်ရုံလေးသာ ပေါ်လာခဲ့သည်။ ဒါဆိုရင် ဘာလဲ၊ ဘာဖြစ်ချင်ခဲ့တာလဲ၊ ကိုယ်ကိုယ်တိုင်ရဲ့ နောင် ၁ဝ နှစ်၊ အနှစ် ၂ဝ မှာ ဘာတွေကိုများ ဖြစ်စေချင်ခဲ့ပါလိမ့်။ ဒါကို နားမလည်ခဲ့ပါလားဆိုတာကို သတိထားမိလိုက်ကာ နိုင်ငံတော်မှ ဆွဲပေးသည့် ထရပ်ကားထဲတွင် ယိမ်းထိုး လိုက်ပါရင်း ကျွန်မ နှုတ်ဆိတ်ဆွံ့အနေမိသည်။ ဘာက ပျော်ရွှင်ချမ်းမြေ့မှုဆိုတာကို မသိဘဲ အဲဒီလောက်အထိ ပြင်းပြင်းပြပြ ဆုတောင်းခဲ့ပါလား။ ပျော်ရွှင်ချမ်းမြေ့ရပါလို၏လို့။ ကျွန်မ အဖြေရှာဖို့ လမ်းဘေးဝဲယာကို ကြည့်ဖို့ ကြိုးစားသော်လည်း ခရီးသည်များ ပိတ်ကျပ်လွန်းကာ အဝေးရှိ တောင်ကြောများမှ လွဲ၍ အခြား ဘာမှ မမြင်ရပေ။ ဟိုအရင်က လတ်ဆတ်သည့် စိတ်ခံစားမှုပေးခဲ့သည့် လှုပ်ရှားသက်ဝင်နေသည့် ဘဝ၏အရိပ် အယောင်လေးမျှပင် မတွေ့ရပေ။

ထရပ်ကားသည် ရှည်လျားစွာ ရစ်ပတ်ခွေဝိုက်နေသော လမ်းကို တက်ရင်း ဂိတ်ဆုံးတွင် ခရီးသည်များကို ချလိုက်သည်။ ထိုမှ ဆက်သွားမည့်လမ်းမှာ လမ်းခင်းထားခြင်းမရှိ၊ ခပ်ပြေပြေ အတက်လမ်းဘေး ဝဲယာတွင်တော့ လှူဖွယ်ပစ္စည်း၊ သောက်စရာ၊ မုန့်၊ လက်ဆောင် စသည့် အရောင်းဆိုင် တဲလေးများက အလုအယက် တစာစာ အော်ဟစ် ရောင်းချနေကြသည်။ ထရပ်ကားပေါ်မှ ဆင်းလာသည့် ဘုရားဖူးများသည် ဧည့်သည်ခေါ်သံများကြားမှ ရှေ့ဆက်လျှောက်နေကြသည်။ မကြာခင် မုခ်ဦးနှင့် ဝင်ပေါက်ကိုတွေ့ရသည်။ အားလုံး ထိုနေရာတွင် ဖိနပ်ချွတ်ကာ ချွတ်ထားသည့်ဖိနပ်ကို ဘေးဘက်မှ ကိုင်လာကာ ဘုရားဝင်းအတွင်း ဝင်သွားကြသည်။ ကျွန်မလည်း သူတို့လုပ်သလိုကြည့်ပြီး ဖိနပ်ချွတ်ကာ မုခ်ပေါက်အောက်မှ ဝင်လိုက်သည်။

မျက်စိရှေ့တွင် မြင်နေရသည့် မြင်ကွင်းမှာ အာရုံတွင် မှတ်မိနေသည့် မြင်ကွင်းနှင့် တော်တော်ကိုပင် ကွာခြားလွန်းနေသဖြင့် ကျွန်မကိုယ်ကျွန်မ သံသယဝင်လာသည်။ ကျယ်ပြောလှသည့် ဘုရားရင်ပြင်၏ နေရာတိုင်းတွင် လူအများ တိုးဝှေ့ ပြည့်ကျပ်နေသည်။ ဘုရားရင်ပြင်တွင် တစ်ချိန်က ကျွန်မ ဆုတောင်းခဲ့သည့် နေ့နံအလိုက် ဘုရားဆင်းတုများနှင့် ဆုတောင်းရန် နေရာအပြင် စေတီများစွာနှင့် ဝတ်ပြုဆုတောင်းရန်နေရာ၊ အသီးသီး သံကြိုးနှင့် ပိုင်းခြားထားရာ၊ ထိုသံကြိုးကို အထပ်ထပ် ရစ်ပတ်ထားသကဲ့သို့ ရွက်ဖျင်တဲထိုး၊ ပလတ်စတစ်၊ အဝတ် စသည်တို့ကို ခင်းထားပြီး မိသားစုလိုက်၊ အုပ်စုလိုက် အပြည့်အသိပ်ထိုင်နေကြသည်။ ရွက်ဖျင်တဲ မရှိသူများက ထီးဆောင်းထားသူထား၊ ကြွပ်ဆတ်ဆတ်ဖြစ်သော်လည်း ဈေးဝယ်ရင်းရသည့် အိတ်များကို ကျွမ်းကျင်စွာ တွဲဆက် ပေါင်းစပ်၍ အမိုးပြုလုပ်ကာ နေရောင်မထိုးစေရန် အကာအကွယ် လုပ်ကြသူများလည်း ရှိသည်။ ထိုသူများသည် အိပ်သူအိပ်၊ ထမင်းဘူးဖွင့်ကာ စားသူစား၊ ဝိုင်းဖွဲ့ကာ စကားလက်ဆုံကျနေသူများ၊ စာဖတ်နေသူ၊ ဖဲကစားနေကြသူ စသည် အသီးသီး သူတို့နေရာသူတို့ စိတ်ကြိုက် နေနေကြသည်။ ဘုရားတွင်တည်းကာ သီတင်းသီလ ဆောက်တည်ရန် လာကြသူများလားဟု ထင်လိုက်မိသော်လည်း မြင်နေရသည့် မြင်ကွင်းမှာ စင်ကြယ်မြင့်မြတ်သည့် ဘုရားပရိဝုဏ်၏ သဘောသဘာဝကို မခံစားရသဖြင့် အပန်းဖြေ နေရာတစ်ခုကဲ့သို့ ခံစားရကာ မနက်နေထွက်ချိန်နှင့် နေဝင်ဆည်းဆာကို ကြည့်ရှုခံစားရန် ညအိပ်စောင့်ဆိုင်းနေကြခြင်း ဖြစ်လိမ့်မည်ထင်သည်။

နေ့နံအလိုက်ဘုရားများ ပူဇော်ထားသည့် နေရာတွင်လည်း မြောက်မြားလှစွာသော လူများရှိပြီး အသီးသီးသော ဘုရားဆင်းတုရှေ့တွင် ထိုင်ကာ ပြားပြားဝပ်အောင် ဆုတောင်းနေသူ၊ ဘုရားဆင်းတု အရိပ်တွင် တစ်ရေးတစ်မော အိပ်နေသူများလည်း ရှိသည်။ ကျွန်မလည်း ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်း ဘုရားဆင်းတုတွင် ဆုတောင်းကန်တော့ချင်သော်လည်း လူများလွန်းသဖြင့် ထိုဝင်းအတွင်းဝင်ရန်ပင် တွန့်ဆုတ်နေခဲ့သည်။ ဈေးဆိုင်ကလည်း များစွာရှိသည်။ စားစရာ၊ လက်ဆောင်ပစ္စည်း အရောင်းဆိုင်များ၊ ဘုရားပန်းရောင်းသည့် တွန်းလှည်းဆိုင်များ၊ အမွှေးတိုင်ဆိုင်လေးများ၊ ဖျော်ရည်တွန်းလှည်းဆိုင်များ။ ခွေးလေခွေးလွင့်များသာ မပြောင်းမလဲ လွန်ခဲ့သည့် ၁၇ နှစ်က ကဲ့သို့ပင် လျှောက်သွားနေကြသလို အရိပ်အောက် ဝပ်နေကြသည်လည်း ရှိသည်။

ကျွန်မ၏ လွန်ခဲ့သော ၁၇ နှစ်က မှတ်ဉာဏ်က တကယ်ပဲ မှန်ရောမှန်ပါ့မလား၊ တိတ်ဆိတ်ငြိမ်သက်ကာ မြူဆိုင်းနေသည့် ကျိုက်ထီးရိုးက ကျွန်မအတွက် အခြားသီးသန့် မှတ်ဉာဏ်များ ဖြစ်နေမလား၊ ပြန်လည် အမှတ်ဖော်ရန် ကြိုးစားကြည့်လိုက်သည့်အခါ ဒီကနေ့ တွေ့မြင်နေရသည့် မြင်ကွင်းကျယ်နှင့် သိသိသာသာကြီးကို ကွဲပြားခြားနားနေသဖြင့် မြင်ကွင်းအားလုံး အရာတိုင်း တစ်ရောင်တည်း မြင်လာရသည် အထိပင်။ ရွေ့လျားသွားနေသူများက ရှေ့သို့သာ ဆက်သွားနေကြသဖြင့် ကျွန်မလည်း ရောပါ လိုက်သွားလိုက်တော့သည်။ လူအများ၏ ခေါင်းပေါ်မှကျော်၍ ရွှေရောင်ကျောက်တုံးကြီးကို လှမ်းမြင်နေရပြီ။ ကောင်းကင်ပြာပြာအောက်တွင် နေရောင်ခြည်ဖြာကျနေကာ အရင်က မြင်ဖူးသည်ထက် အဆတစ်ထောင်လောက် လင်းလက်တောက်ပနေသလို ထင်ရသည်။ ထိုကျောက်တုံးကြီး အနီးတစ်ဝိုက်တွင်လည်း မယုံနိုင်လောက်သည့် အနေအထားပင်။ ရွှေသင်္ကန်းကပ်မည့် အမျိုးသားများ၏ လူတန်းကြီးကလည်း ကာထားသည့် သံပန်းကို အထပ်ထပ်ရ စ်ပတ်ထားကာ ရွှေရောင်ကျောက်တုံးကြီးကို ဖူးမြင်နိုင်သည့် မည်သည့်နေရာမဆို တစ်ယောက်ယောက်ရှိနေပြီး တစ်ခုခုစားနေသူ၊ လဲလျောင်းနေသူ၊ ပြားပြားဝပ်ကာ ဆုတောင်းနေသူများလည်း ရှိနေသည်။ နောက်ထပ် အသစ်ရောက်လာကြသည့် ဘုရားဖူးများက ဆယ်လ်ဖီတုတ်ချောင်းကို စိတ်ကြိုက် လှည့်ချင်သည့်ဘက် လှည့်ချိန်ကာ စမတ်ဖုန်းများဖြင့် ကျောက်တုံးကြီးကို နောက်ခံထား၍ အပြုံးမျက်နှာဖြင့် အလှဓာတ်ပုံရိုက်နေကြသည်။ ဓာတ်ပုံရိုက်ရန်အတွက် တစ်ယောက်တည်း ဒီနေရာအထိ အရောက်လာခဲ့ကြဟန်တူသည်။ နီညိုရောင်သင်္ကန်းရုံထားသော ကိုရင်လေးများအထိပင် ဆယ်လ်ဖီတုတ်ချောင်းကို မြှောက်ကာမ,ကာ မိမိနှင့် ကျောက်တုံးအနေအထား ချိန်ကာ ချိန်ကာ စမတ်ဖုန်းဖြင့် ဆယ်လ်ဖီဆွဲနေကြသည်။

၁၇ နှစ်တာအတွင်း အံ့ဖွယ်ကျောက်တုံးကြီးသည် ထူးထူးခြားခြား တန်ခိုးပြသည့် အဖြစ်အပျက်တစ်ခုများ ရှိခဲ့လေရော့သလား။ ဒါ့ကြောင့်သာ ရေပန်းစားသည့် လည်ပတ်စရာ နေရာ ဖြစ်လာရသည်လား။ သို့မဟုတ် ပြီးခဲ့သည့်နှစ်က ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ် အနိုင်ရပြီး ကာလကြာရှည်အုပ်ချုပ်ခဲ့သည့် စစ်တပ်အာဏာကုန်ဆုံးချိန် နီးကပ်လာသည်နှင့် ပတ်သက်မှုများ ရှိနိုင်မည်လား။ အစ်ကိုရောဟု အမှတ်မထင် သတိရမိလိုက်သည်။ တည်းခိုခန်းက အစ်ကိုသာရှိမည်ဆိုလျှင် အလုံးစုံ ရှင်းပြပေးလိမ့်မည် ထင်သည်။ အစ်ကိုရော ကျွန်မပါ ၁၇ နှစ်တာ အသက်ပိုကြီးနေမည်ဖြစ်ပြီး အမှတ်မထင် တွေ့မည်ဆိုလျှင် တစ်ယောက်ကိုတစ်ယောက် မှတ်မိကြမည်မထင်။ တကယ်တော့ တစ်ယောက်နာမည် တစ်ယောက်ကိုလည်း မသိကြပေ။ ရွှေရောင်ကျောက်တုံးကြီး ကျွန်မမျက်စိရှေ့ ရှိနေသည့် နေရာတွင် တစ်ယောက်စာ နေရာတစ်ခု ရအောင်ယူထားကာ ကျွန်မ လက်နှစ်ဖက်ယှက် လက်အုပ်ချီကြည့်လိုက်သည်။ ပျော်ရွှင်ချမ်းမြေ့ရပါလို၏ ဆိုသည့် စကားလုံးက ထွက်မလာ။ ထိုအစား လက်အုပ်ချီကြည့်ရင်း ပြင်းအားတစ်ခုကို ခံစားမိလိုက်သည်။ လွန်ခဲ့သော ၁၇ နှစ် ဒီနေရာတွင်ရှိနေသော မိမိနှင့် အခု ဒီနေရာတွင်ရှိနေသော မိမိက လုံးဝဥဿုံ အခြားလူတစ်ယောက်အဖြစ် ခြားနားသွားသည်ဆိုသည့် အချက်ပင်။ လွန်ခဲ့သော ၁၇ နှစ်က အုံ့မှိုင်းနေသည့် ကောင်းကင်အောက်မှ မြင်ကွင်းမှာ အခုဒီနေရာတွင် အရိပ်အငွေ့လေး တစ်ခုတလေမျှပင် ကျန်နေသည် မထင်ရအောင်ပင် ကျွန်မသည်လည်း ထိုနည်းတူ အရင်ကနှင့် မတူတော့သည့် အခြားလူသား တစ်ယောက် ဖြစ်နေခဲ့ပြီ။

ထိုခြားနားမှုသည် အနေအထားပုံစံ မတူညီတော့ခြင်း မဟုတ်။ ထိုအချိန်က သက်ရှိထင်ရှားရှိခဲ့သည့် အဖေသည်လည်း ဆုံးပါးသွားပြီ။ ထိုအချိန်က လက်မထပ်ရသေးသော ကျွန်မ လက်ထပ်ခြင်းနှင့် ကွာရှင်းခြင်း ကြုံတွေ့ခံစားရဖူးပြီ။ ယာယီဝန်ထမ်းဘဝမှ ခွင့်ရက်ရှည်ယူလို့ရသည့် အမြဲတမ်း ကုမ္ပဏီဝန်ထမ်း ဖြစ်လာသည်။ အိမ်လခ ယန်း ရှစ်သောင်း နှစ်ထောင် ပေးရသည့် အိပ်ခန်းတစ်ခန်းသာရှိသည့် အိမ်ခန်း မဟုတ်တော့ဘဲ အပိုင်ဝယ်ထားသည့် တစ်ပတ်ရစ် ကွန်ဒိုတွင် နေ,နေသည်။ ထိုထိုသော အကြောင်းများကြောင့် မတူကွဲပြား သွားခြင်းမဟုတ်။ အခု ဒီနေရာတွင်ရှိနေသော ကျွန်မက လွန်ခဲ့သော ၁၇ နှစ်ကလို အချဉ်ဖမ်းလို့ရမည့်သူ မဟုတ်ဘူးဆိုသည့် ပုံစံမပြတော့သလို လွန်ခဲ့သည့် ၁၇ နှစ်ကလို မကျေမနပ်ဖြင့် ဝင်ကြေးဈေးဆစ်ခြင်းတို့ကိုလည်း လုံးဝမလုပ်တော့။ လွန်ခဲ့ သည့် ၁၇ နှစ်က ကျွန်မလိုမျိုး နာမည်ပင်မသိသည့် ယောက်ျားတစ်ယောက်၏ ကားကို စီးဖို့လည်း မလုပ်သလို ထိုအမျိုးသားနှင့်အတူ လူပြတ်သည့် တောင်တက်လမ်းကို ၂ နာရီနီးပါး သွားသည်မျိုးလည်း မလုပ်တော့။ လုပ်ဖို့နေ နေသာသာ ဒီလိုလုပ်သူ၏ စိတ်ကို စဉ်းစားကြည့်ဖို့ကိုပင် မဖြစ်နိုင်။

သေချာသည်။ လွန်ခဲ့သည့် ၁၇နှစ်က ကျွန်မနှင့် ယခုလက်ရှိ ကျွန်မက အခြားလူတစ်ယောက် ဖြစ်သွားစရာ အကြောင်းကတော့ မရှိ။ ဒီနေရာမှ ပြန်လာခဲ့သည့် ကျွန်မသည် တစ်ရက်ပြီးတစ်ရက် ဖြတ်ကျော် ကုန်လွန်လာခဲ့သည့် လမ်းကြောင်းတစ်လျှောက်ထိပ်တွင် ယခုလက်ရှိ ကျွန်မက ရှိနေသည် ဖြစ်သော်လည်း ထိုကုန်လွန်ခဲ့သည့် နေ့ရက်များတွင် ထူးထူးခြားခြား လုပ်ခဲ့သည်အရာ ဘာတစ်ခုမျှ မရှိခဲ့။ လက်ထပ်၊ ကွာရှင်း၊ သွေးသားရင်း သေဆုံးခြင်းတို့မှာ ကျွန်မအတွက် ကြီးမားသည့် အဖြစ်အပျက်များဖြစ်သည် ဆိုသော်လည်း ခက်ခဲပင်ပန်းခြင်းများနှင့် ရင်ဆိုင်ခဲ့ရသည့် အမှတ်တရ မရှိဘဲ တစ်ရက်စာ ဆက်သွားနိုင်သလောက်သာ သွားရင်း၊ လုပ်နိုင်သလောက်သာလုပ်၊ မလုပ်နိုင်သည့်အရာကိုတော့ မသိချင်ယောင်ဆောင်ကာ၊ တစ်နည်း ဆင်ခြေပေးကာ၊ တစ်ခါတစ်ရံ ရှေ့ဆက်လုပ်ဖို့ထက် ပျင်းရိနေသည်ကများသည့်ရက်လည်း ရှိသည်။ သို့သော်လည်း တစ်နေ့တာတိုင်းကို ကျော်ဖြတ်ကုန်ဆုံးရင်းဖြင့် ဒီကနေ့အထိ ရောက်လာခဲ့သည်။

ထို့ကြောင့် ဘယ်နေ့မှာ တစ်နည်းအားဖြင့် ဘယ်နေ့မှ ဘယ်နေ့အတွင်း ကျွန်မ အခုလောက်အထိ မတူခြားနားသည့် အခြားလူတစ်ယောက် ဖြစ်သွားသလဲ ဆိုသည်ကိုတော့ မသိခဲ့။ ဒီလိုခံစားမှုမျိုးကိုလည်း မခံစားမိခဲ့။

ကိုယ်နှင့် လုံးဝ မတူခြားနားနေသည် ထင်ရသည့် လူတစ်ယောက်က လေးလေးနက်နက် ဆုတောင်းခဲ့သည့် "ပျော်ရွှင်ချမ်းမြေ့ရပါလို၏” ၏ အဓိပ္ပာယ်ကိုလည်း နားမလည်။ နားမလည်သည်ကလည်း ဖြစ်တတ်သည့် သဘာဝဟု ထင်သည်။ ပြောရမည်ဆိုလျှင် အစကတည်းက ဒီမှာရှိနေသော ကျွန်မ“ ပျော်ရွှင်ချမ်းမြေ့လာလိမ့်မည်” လို့လည်း မယုံကြည်ပေ။ ပျော်ရွှင်ချမ်းမြေ့ခြင်းနှင့် ပျော်ရွှင်ချမ်းမြေ့သည်ဟု ခံစားမှုရခြင်းသည် လုံးဝ ပတ်သက်ဆက်စပ်မှု မရှိဆိုသည်ကို သိထားသည်။ ပျော်ရွှင်ချမ်းမြေ့ရပါလို၏ဟု စိတ်အားထက်သန်စွာ ဆုတောင်းခဲ့သည်က ထိုအချိန်က ပျော်ရွှင်ချမ်းမြေ့မှုကို မခံစားရ၍သာ ထိုဆုတောင်းခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ သို့သော် ထိုစဉ်အချိန် အသက် ၂ဝ အရွယ်ဝန်းကျင် မိန်းကလေးတစ်ယောက်သည် မည်သို့ဆိုစေကာမူ ပျော်ရွှင်ချမ်းမြေ့နေမည် မလွဲဟု မတွေးမိဘဲ မနေနိုင်။

ပုံစံအနေအထားပြောင်းသွားသည့် ဤနေရာသည် တစ်ချိန်က လာခဲ့ဖူးသည့်နေရာဟု ထင်ခဲ့ခြင်းမှာ ရွှေဝါရောင်ဖြင့် ခပ်စောင်းစောင်းဖြစ်နေသည့် ကျောက်တုံးကြီးကြောင့်ပင်။ ထိုပေါ်ရှိ စေတီငယ်တွင် မြတ်စွာဘုရား၏ ဆံတော်ကို ဌာပနာထားသည်ဆိုသည့် ထိုကျိုက်ထီးရိုးကြောင့်ပင် ဖြစ်သည်။ ထိုအရာက ကောင်းကင်ကြီးကို နောက်ခံထားပြီး ထိုနေရာတွင် ရှိနေသောကြောင့် အရာအားလုံး ပြောင်းလဲသွားကြသော်လည်း ဒီတစ်နေရာတည်းဖြစ်သည်ကို နားလည်လိုက်သည်။ နောက်ပြီး တစ်ချိန်က ကျွန်မနှင့် ဘယ်လောက်ပင် ပြောင်းလဲသည်ဆိုဦးတော့ တူညီသည့် လူသားတစ်ယောက်တည်းဖြစ်သည်ကို နားလည်လိုက်သည်မှာလည်း ဤ ထူးဆန်းအံ့သြဖွယ် ကျောက်တုံးကြီးကို ဤမျက်စိဖြင့် ကြည့်နေလို့သာ ဖြစ်သည်။ ကျောက်ဆောင်ကြီးပေါ်တွင် မတည်ငြိမ်သည့် အနေအထားဖြင့် ထီးထီးကြီး တင်နေသည့် ကျောက်တုံးကြီး တည်ရှိနေခြင်းကြောင့် ဒီမြေကြီးရော ကျွန်မပါ တည်ရှိနေသည်။ ယှဉ်တွဲပြပေးထားသလို အခုလက်ရှိ ရှိနေသည်။ ဒီလိုတွေးလိုက်လျှင် ကျွန်မရော ဘေးပတ်ဝန်းကျင်မှ လူများနှင့် အတူတူပင် အားကောင်းသည့် ယုံကြည်ချက်ရှိနေသောကြောင့် ဒီနေရာတွင် ရှိနေကြသူတွေပါလားဟု တွေးနိုင်လာသည်။ ကျောက်ဆောင်ပေါ်မှ စေတီတော်တွင် မြတ်စွာဘုရား၏ ဆံတော် ဌာပနာထားသည် ဆိုတာကိုတော့ စိုးစဉ်းမျှ ယုံကြည်မှု မရှိပါသော်လည်း။

ကဲ အဲဒီတော့ ဒီတစ်ခါ ဘာဆုတောင်းရမှာပါလိမ့်။ ဆုတောင်းသင့်သည့်အရာကို စဉ်းစားရင်း ချက်ချင်းခေါင်းထဲ ပေါ်လာသည်ကတော့ ဒီကျောက်တုံးကြီး ဒီကရှေ့လျှောက် တောက်လျှောက် တောက်လျှောက် လိမ့်ကျမသွားဘဲ ထာဝရ တည်တံ့နေပါစေဟု ဆုတောင်းလိုက်မိပြီး မျက်လုံးဖွင့်လိုက်ရင်ပဲ ကျွန်မ ရယ်ချင်လာသည်။ ဒီကျောက်တုံးကြီး လိမ့်ကျမသွားဘဲ အမြဲထာဝရ တည်တံ့နေပါစေ။ ဒီလိုဆုတောင်းမျိုး တောင်းဖို့အတွက် တကူးတက ဒီနေရာကို ထပ်လာခဲ့တာလား၊ ဒီကျောက်တုံးနှင့် ငါ့ဘဝနှင့် ရှေ့လျှောက် ဘာပတ်သက်မှုမျိုးမှ ရှိမှာလည်း မဟုတ်လောက်ပါပဲနဲ့။ ခနဲ့တဲ့တဲ့ ပြုံးလိုက်ရင်း ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည့်နောက်တွင်တော့ စိတ်အစဉ်မှာ အေးချမ်း ငြိမ်သက်သွားတော့သည်။ ဆယ်လ်ဖီတုတ်ချောင်း တပြင်ပြင်လုပ်နေကြသူများ၊ လဲလျောင်း အိပ်စက်နေကြသူများ၊ အလေးအနက် ဆုတောင်းနေကြသူများရော၊ ပလတ်စတစ်အိတ်တွင် လက်ထည့်ကာ တစ်ခုခုစ ားနေကြသူများပါ ဒီနေရာတွင် ရှိနေကြသူအားလုံး ကျွန်မတောင်းသည့် ဆုတောင်းမျိုး တောင်းနေကြသလို ခံစားမိသည်။ ထိုဆုတောင်းက တကယ့်ကိုပင် ဒီကျောက်တုံးကြီးက တဲတဲလေး အခြေမခိုင်သော အနေအထားဖြင့် ကျောက်ဆောင်ပေါ်တွင် ရှိနေသည်မှာ အသေအချာဟု ယူဆထားသောကြောင့်သာ ဖြစ်ပေမည်။ အကယ်၍ ထိုအရာကို ယုံကြည်တယ်ဆိုပါလျှင် ဘယ်လောက်များ ကောင်းလိုက်မလဲဟု မရေမရာအတွေး တွေးမိလိုက်သည့် ကျွန်မကိုယ်ကျွန်မ သတိပြုမိလိုက်သည်။ ထိုအရာဆိုတာကတော့ မိမိဘဝနှင့် လုံးဝ ပတ်သက်ဆက်စပ်မှုမရှိသည့် ကျောက်တုံးကြီး ပြုတ်ကျမသွားစေဖို့ ဆုတောင်းခြင်းနှင့် ဆုတောင်းရုံဖြင့် ကျောက်တုံးကြီးက တကယ်ပဲ ပြုတ်ကျမသွားဘဲ ရှိနေမည်ဟု ထင်နေခြင်းပင်။ အရူးတစ်ယောက်လို ဒီလို လွယ်လွယ်ကူကူကိစ္စကို ယုံကြည်တတ်မည်ဆိုလျှင် ဘယ်လောက်ကောင်းလိုက်မည်လဲ။

ပြန်သင့်ပြီ။ အရင်ကလာခဲ့သည့်လမ်းကို ပြန်ရတော့မည်။ ပရိဝုဏ်အတွင်းမှာ အရင်ကထက် လူပိုများလာနေသည်။ အရပ်မျက်နှာမျိုးစုံလှည့်ထားသည့် ရွက်ဖျင်တဲများလည်း ပိုများလာသည်။ လမ်းဘေးတွင်ထိုင်ကာ နက်နက်ရှိုင်းရှိုင်း ဆုတောင်းနေသူများလည်း များလာသည်။ နေကလည်း အရင်ကထက်ပို၍ တိမ်းစောင်းကာ ဘုရားပရိဝုဏ် တစ်ပြင်လုံးကို လိမ္မော်ရောင်ဖျော့ဖျော့ လွှမ်းခြုံကာ အရောင်ဆိုးပေးနေသည်။ နောက်ပြန် လှည့်ကြည့်လိုက်သည့် အခါမှာတော့ ပတ်ဝန်းကျင်က လိမ္မော်ရောင် အားလုံးကို ဆွဲစုပ်ယူနေသကဲ့သို့ ရွှေရောင်ကျောက်တုံးကြီးမှာ တဖိတ်ဖိတ် တလက်လက် တောက်ပနေတော့သည်။ အပြန်ကားတွင်တော့ အသွားထက် လူချောင်သည်။ ခရီးသည် အနည်းငယ်ကို တင်ကာ ရှည်လျားလှသည့် တောင်ဆင်းလမ်းကို အရှိန်အဟုန်ဖြင့် ဆင်းသွားသည်။ လမ်းဘေးဝဲယာတွင် ယာခင်းများ တစ်ဆက် တစ်စပ်တည်း ရှိနေပြီး ယာခင်းများ ဟိုဘက်အစပ်တွင် တောအုပ်ရှိကာ တောအုပ်အလွန်တွင်တော့ တောင်တန်းများကို မြင်ရသည်။ ယာခင်းများတွင်တော့ ဟိုတစ်စု ဒီတစ်စု လူနေအိမ်လေးများ ရှိသည်။ နေစောင်းသွားပြီ ဆိုသော်လည်း ကောင်းကင်ကတော့ အပြာရောင်ရှိနေဆဲ။ တိမ်ထုကြီးများက တောင်ကြောပေါ်မှ ပွက်ထွက်လာကြသလို တက်လာနေသည်။

ဟိုးမှာ ခပ်မှိုင်းမှိုင်းဖြစ်နေတာ မြင်ရလား၊ အဲဒီအောက်နားလေးမှာပဲ အခုမိုးရွာနေတယ်။ ကားရှေ့မှန်ဆီကို လက်ညှိုးထိုးလျက် အဝေးက တောင်ကြောတစ်ဝိုက်ဆီ ညွှန်ပြနေသည့် တည်းခိုခန်းက အစ်ကို့ကို ရုတ်တရက် သတိရသွားသည်။ အပြန်လမ်းပါလား။ ရေပြင်ညီမျဉ်းအတိုင်း အတားအဆီးမရှိ တစ်မျှော်တစ်ခေါ် မြင်ရသည့် စိမ်းစိမ်းစိုစို ယာခင်းများ၏ ဟိုးတစ်နေရာတွင်တော့ ကောင်းကင်ပေါ်မှ တည့်တည့်မတ်မတ် ကျနေသည့် သေးသေးရှည်ရှည် အပိုင်းလေးတစ်ခု တွဲလဲ ဆွဲထားသလို ထိုတစ်နေရာသာ ကွက်ပြီး အခြားနေရာ အရောင်ကွဲနေသည်။ ထိုအပိုင်းလေးမှာတော့ ညိုမှိုင်းမှိုင်းရောင် ဖြစ်နေပြီး သူ့ဝဲယာတွင်တော့ သိသိသာသာကို အပြာရောင် ဖြစ်နေသည်။ အဲဒီ ဒေါင်လိုက် အညိုရောင်နေရာလေးမှာပဲ မိုးသက်မုန်တိုင်း ဖြစ်နေတာပေါ့လို့ အစ်ကို ပြောခဲ့သည်။ သေချာကြည့်ပါက ကောင်းကင်မှ တွဲလောင်းဆွဲထားသည့် အညိုရောင် အပိုင်းလေးသည် တဖြည်းဖြည်း ဘယ်ဘက်ဆီသို့ ရွေ့လျားနေသည်။ မိုးလေဝသရေဒါဖြင့် ထောက်ရွှေ့ကာ မိုးတိမ်ကို အရောင်ဆိုးပြသည့် မိုးလေဝသသတင်းတစ်ခုကို ကြည့်နေရသလို မိုးရွာခြင်းနှင့် နေသာခြင်းမှာ သိသာထင်ရှားစွာ ခွဲခြား မြင်နေရသည်။ မိုးတိမ်မည်းများ ကိုယ့်ဘက်ဆီသို့ ရွေ့လျားလာကာ ရုတ်တရက် မိုးသီးပေါက်ကြီးများ သွန်ချလိုက်သည့်အဖြစ် ကြုံဖူးသည်ကိုလည်း သတိရမိလိုက်သည်။ ဟိုးအဝေးဆီက မိုးအောက်တွင် လူအများ ပြာယာခတ်ကာ မိုးလွတ်အောင် လုပ်နေကြမည့်ပုံကို ကွက်ကွက်ကွင်းကွင်း မြင်ယောင်လာသည်။ တံစက်မြိတ်အောက် ပြေးဝင်ကြ၊ ဆိုင်ကရသည့် ကြွပ်ကြွပ်အိတ် ဆောင်းသူဆောင်း၊ လက်ထဲတွင်ရှိသည့် သတင်းစာကို ခေါင်းပေါ်တင်သူတင်လုပ်နေကြသည့် တွေ့လည်း မတွေ့ဖူးသူ၊ နောင်လည်း တွေ့စရာအကြောင်း မရှိသူများ။ သို့သော်လည်း ထိုဒေါင်လိုက်မျဉ်း အစပ်နေရာတွင် ရှိနေလျှင်တော့ ဘယ်လိုဖြစ်လိမ့်မလဲဟု ထိုအချိန်က ကျွန်မ တွေးနေမိခဲ့သည်။ ခန္ဓာကိုယ် ညာဘက်က မိုး၊ ဘယ်ဘက်မှာက နေသာနေသည် ဆိုတာမျိုးလည်း ရှိနိုင်လိမ့်မည် ထင်သည်။ တွေးရုံသာ တွေးကြည့်ခဲ့ပေမဲ့ ပါးစပ်ကနေတော့ ထုတ်မပြောခဲ့။ အစ်ကို့ကို မေးကြည့်ဖို့ အင်္ဂလိပ်လို ဘယ်လိုပြောရမည် မသိသလို၊ ကျွန်မ ဘာကိုသိချင်တာလဲ ဆိုတာကိုလည်း တိတိပပ နားမလည်ခဲ့သောကြောင့်ပင်။ ဒါ့ကြောင့် ကျွန်မ နှုတ်ဆိတ်ကာ မီးခိုးရောင် နေရာအပိုင်းကိုသာ ကြည့်နေတော့သည်။

ကျွန်မ ရှေ့ဘက်ဆီသို့ အာရုံစိုက် ကြည့်လိုက်သော်လည်း မှုန်ပျပျ လိမ္မော်ရောင် ခင်တန်းများသာ ရှိနေပြီး မိုးရွာ မနေပါ။ သို့သော်လည်း တစ်ချိန်က အတွေးပုံဖော်ခဲ့သည့် ဟိုးအဝေးက နေရာဒေသတွင် နေထိုင်လုပ်ကိုင် စားသောက်ကြသူများ၏ အသွင်သဏ္ဌာန်ကိုတော့ ဟိုတစ်ချိန်ကလိုပင် ကွက်ကွက်ကွင်းကွင်း မြင်နေရသည်။ မတ်တတ်ရပ် စကားပြောနေကြသူ၊ မကျေမနပ် ယင်ကောင်မောင်းနေသူ၊ တီဗွီကို စူးစိုက်ကြည့်ရင်း ခေါက်ဆွဲကို တရှူးရှူးစားနေသူ၊ ဆောင့်ကြောင့်ထိုင်ကာ ဆေးလိပ်သောက်နေသူ။ တွေ့လည်း မတွေ့ဖူးသလို နောင်လည်း တွေ့စရာ အကြောင်းမရှိသူများ။

ထရပ်ကားသည် ကင်ပွန်းမြို့သို့ ရောက်လာကာ ကျွန်မလည်း အနည်းငယ်သော ခရီးသည်များနှင့်အတူ ကားပေါ်မှဆင်းလိုက်သည်။ အရင်အတိုင်း မပြောင်းမလဲ လူများနှင့် ရှုပ်ယှက်ခတ်နေသည့် ဘတ်စ်ကားဂိတ်ကို ကျောခိုင်းကာ စားသောက်ဆိုင်တန်းများ၊ ကုန်စုံဆိုင်များကိုကြည့်ရင်း ဖုန်တထောင်းထောင်းထနေသော လမ်းကို လျှောက်နေတော့သည်။

နတ်ဘုရားကို တွေ့ဖို့သွားမည်။

နတ်ဘုရားကို တွေ့ဖို့သွားမည်။ 

မတ်ဆူယိုကကူတာ


မှတ်ချက် ။ ။

ဒီဝတ္ထုကို ဘာသာပြန်ဖို့ စ,ဖတ်လိုက်တဲ့အချိန်မှာ ခရီးသွားမှတ်တမ်း သက်သက်ပဲလို့ ထင်ထားမိခဲ့ပေမဲ့ ဆက်ဖတ်လိုက်တဲ့အခါမှာတော့ ကျွန်မတို့ မြန်မာနိုင်ငံသားတွေအတွက် တော်တော် အဖိုးတန်တဲ့ ဝတ္ထုတစ်ပုဒ်ဆိုတာကို သိလိုက်ရပါတယ်။ ကျိုက်ထီးရိုးဘုရားရင်ပြင်ရဲ့ မြင်ကွင်းကို ရေးထားတဲ့ အပိုင်းမှာတော့ အထူးသဖြင့် ကျွန်မတို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေ သတိထားရမယ့် ပြန်လည်သုံးသပ်သင့်တဲ့ အချက်တွေကို နိုင်ငံခြားသားတစ်ယောက်ရဲ့ အမြင်နဲ့ ရေးသားထားပါတယ်။ "ဒီကျောက်တုံးကြီး လိမ့်ကျမသွားဘဲ နောင်ထာဝရ တည်တံ့နေပါစေ” ဆိုတဲ့ စာရေးသူရဲ့ ဆုတောင်းစကားကတော့ စာရေးသူရဲ့ မြန်မာနိုင်ငံအပေါ်မှာထားတဲ့ စေတနာကို တွေ့ရသလို ကျွန်မ သဘောအကျဆုံး စာကြောင်းပါ။ ကျွန်မတို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေ ဖတ်ဖြစ်အောင် ဖတ်ကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။


မြင့်မြင့်သိန်း (IUFL)

အမှတ် ၃၆၄၊ ဧပြီ ၂၀၂၀

ရွှေအမြုတေမဂ္ဂဇင်း

Comments