လူနံပါတ် ၂၁ @ မိုးကျော်ဇင်


၁။


ကားရှေ့ခန်းတံခါးကို ဟန်ပါပါဆောင့်ပိတ်ပြီး လက်ဖက်ရည်ဆိုင်ထဲ သူဝင်လာတော့ ကျွန်တော်တို့ ပြိုင်တူ လှည့်ကြည့်မိလိုက်ကြသည်။ အင်္ကျီအဖြူကော်လာကတုံး၊ ပလေကတ်ပုဆိုး အပြာနုနုနှင့်။ ဗိုက်အိုးက ခပ်စူစူ အိကျနေသည်။ အင်္ကျီအိတ်ကပ်ထဲ လက်ဝါးခန့်အရွယ် ဟန်းဖုန်းပြားပြားကြီးက ကျွန်တော်တို့ကို ခေါင်းပြူကြည့်လျက်။

“သူငယ်ချင်းတို့... အတော်ပဲကွာ၊ ငါ မင်းတို့ကို တွေ့ချင်နေတာကွ”

သူက ပြောပြောဆိုဆို ဘေးစားပွဲက ထိုင်ခုံအလွတ်တစ်လုံး ဗြုန်းဗြုန်းဗြင်းဗြင်း ဆွဲယူပြီး ကျွန်တော်တို့ ဝိုင်းထဲ ထိုးဝင်လာသည်။

"အေး.. လာလာလေကွာ၊ ထိုင်... မင်း ဘာသောက်မလဲ”

ဘာမှ အဆင်သင့်မဖြစ်သေးသလို ကျွန်တော့်ပါးစပ်က အထစ်ထစ် အငေါ့ငေါ့ ဖိတ်ခေါ်မိလိုက်သည်။ သို့သော် ကျွန်တော့်ဖိတ်ခေါ်မှုက နောက်ကျနေ၏။ သူက ကျွန်တော်တို့ ဝိုင်းထဲ ဝင်ထိုင်ပြီးနေပြီ။ စွေ့ခနဲ ရောက်လာသော စားပွဲထိုးလေးကို လက်ကာပြပြီးနေပြီ။

“နေ... နေ .... အခုပဲ ရွှေအိမ်စံက ထ,လာတာ ပြောပြောဆိုဆို စားပွဲပေါ် ပိုက်ဆံအိတ်ထူထူကြီးနှင့် ကားသော့တွဲကို ပစ်ချလိုက်ပြန်၏။

“အေး သူငယ်ချင်းပြော၊ ငါတို့ ဘာကူညီရမလဲ”

ဝင်းလှိုင်က သူ့စကားစီးကြောင်းထဲ မေးခွန်းတစ်ခု အလိုက်သင့် မျှောပေးလိုက်သည်။ ငယ်သူငယ်ချင်းတွေ ဖြစ်ခဲ့ကြသော်လည်း ယုံကြည်ချက်အပေါ် တန်ဖိုးထားပုံတွေ မတူညီမှန်း သိခဲ့ကြကတည်းက မြို့သေးသေးကလေးထဲ တစ်ယောက်တစ်လမ်းစီ လျှောက်ခဲ့ကြသည်မှာ ဆယ်စုနှစ် သုံးခုနီးပါး ရှိခဲ့ပေါ့။ သည်အခြေအနေမှာ အခုမှ “သူငယ်ချင်း” ဟု ပီပီသသကြီး ခေါ်၍ ခေါင်းထိုးဝင်လာသော သူ့ကို နားမလည်နိုင်ကြသည့်တိုင် အလိုက်သင့် မျှောပေးနေရသည်။

"နိုး.. နိုး... သူငယ်ချင်းတို့... ငါက မင်းတို့ အကူအညီယူဖို့ မဟုတ်ပါ ဘူး၊ မင်းတို့ကို ငါက ကူညီ မလို့ပါ”

သူက လက်ဝါးတခါခါ ခေါင်းတခါခါနှင့် ပြောသည်။ သူ့မျက်လုံး ပြူးပြူးတွေက စိတ်အား တက်ကြွမှုကြောင့် စားပွဲပေါ် ပြုတ်ကျလာတော့မလားဟု ထင်ရအောင် ပိုမို ပြူးကျယ်လာနေ၏။

“မင်းတို့ အခု ဗိုလ်ချုပ် ကြေးရုပ်ကိစ္စ လုံးပန်းနေကြတယ်ဆို..."

ကျော်နိုင့် မျက်လုံးတွေ ကျွန်တော့်ထံ ဖြုန်းခနဲ ရောက်လာသည်။ ကျွန်တော်လည်း အဖွဲ့သားတွေ၏ မျက်နှာတွေပေါ်က အရိပ်တွေကို မသိမသာ ဝေ့ကြည့်လိုက်၏။ 

"အေးကွ... ဒါပေမဲ့ .....”

ကျွန်တော် စကားကို သတိထားပြီး ခဏ ရပ်လိုက်သည်။ သူ့ရှေ့မှာ သည်စကားမျိုးပြောလျှင် စိုးတထင့်ထင့် သတိထားနေရမည်ဟူသော အသားကျနေသည့် အကျင့်ကြောင့်လား မသိ။ သည်အချိန်မှာပင် သူ့စကားလုံးတွေက အရှိန်အဟုန်ဖြင့် ဖြတ်ဝင်လာလေသည်။

"ဒါပေမဲ့တွေ ဘာတွေ လုပ်မနေပါနဲ့၊ မင်းတို့ ရန်ပုံငွေ အခက်အခဲရှိတယ်မ ဟုတ်လား၊ အဲ့ဒါ ငါ ဆယ်သိန်း ထည့်မယ်ကွာ.. ငါ့နာမည်နဲ့ ဆယ်သိန်း .. စာရင်းမှတ်ထားလိုက်။

 ”ကော်မတီဖွဲ့တဲ့အခါ ငါ့နာမည်ကို ထည့်လိုက်ကွာ၊ ငါတို့ အလုပ်အတူလုပ်ကြတာပေါ့”

စကားပြောရင်း ထိုင်ခုံ နောက်မှီပေါ် ကျောပြင်နှင့် ကပ်လိုက်သောကြောင့် သူ့ မေးနှစ်ထပ် အရစ်ကြောင်းကြီးနှင့် ဗိုက်အိုးကြီးက ပိုထင်ရှားသွားသည်။ အဆီအနှစ်များဖြင့် ပြည့်,နေသော လူချမ်းသာ တစ်ယောက်၏ ကောက်ကြောင်းကို ကျွန်တော် ဆွံ့အ,ငေးမောနေမိ၏။ 

"ဗိုလ်ချုပ်လို ပုဂ္ဂိုလ် အတွက် လုပ်ကိုလုပ်ရမယ့် ငါတို့ရဲ့ သမိုင်းပေးတာဝန်ကြီးကွ၊ နောက်မျိုးဆက်တွေကိုလည်း ဗိုလ်ချုပ်လို စိတ်ဓာတ်မျိုးတွေ ငါတို့က လက်ဆင့်ကမ်းရမှာ။

"ဗိုလ်ချုပ်ဆိုတာ ငါတို့နိုင်ငံအတွက် တစ်ခေတ်တစ်ယောက်..အိုး... တစ်ခေတ်တစ်ယောက် မဟုတ်ပါဘူးကွာ၊ နှစ်ပေါင်း နှစ်ရာ သုံးရာကြာမှ တစ်ယောက် ပေါ်ထွန်းခဲ့တဲ့ တကယ့်ပုဂ္ဂိုလ်" 

ကျွန်တော်တို့ ဘာပြန်ပြောရမှန်း ရုတ်တရက် မသိ။

အရင်ဆုံး တစ်ယောက်မျက် နှာတစ်ယောက် ကြည့်မိကြပြီး နောက်ဆုံး သူ့မျက်နှာ ညိုဖောင်းဖောင်းကြီးကို တစ်ပြိုင်နက် ပြုံးကြည့်မိလိုက်ကြသည်။ သူကတော့ ဝက်တစ်ကောင် အစာစားနေသလိုမျိုး မေးနှစ်ထပ်ကြီး လှုပ်လှုပ် လှုပ်လှုပ် ဖြစ်သွားသည်အထိ သူပြောချင်သည့် စကားလုံးတွေကို သွန်ချနေသည့်အလား ပြောနေဆဲ။

“ငါ့ အပေါင်းအသင်းတွေဆီကလည်း ရသလောက် အလှူခံပေးမယ်၊ ဟေ့ကောင်... သူငယ်ချင်း ငါ့အကြောင်း သိတယ်မဟုတ်လား၊ ဝင်းဗိုလ်လို့ ပြောလိုက်ရင် ဒီလူတွေ ဘယ်ငြင်းရဲမလဲကွာ … ဟား … ဟား …ဟား၊ အဲ --- အဲ့ဒါကွာ.. အဲ့ဒါလေး ပြောချင်တာ... မင်းတို့မြင်တာနဲ့ ဝင်လာတာ.. သွားတော့မယ်ကွာ၊ ပွဲရုံမှာ ဧည့်သည်တွေ စောင့်နေတယ်တဲ့”

 လက်ဖက်ရည်ဆိုင်လေးရှေ့က သူ့ကား ပြန်ထွက်သွားသည်။ ဖုန်ငွေ့တွေ ကတ္တရာလမ်းလေးပေါ် တထောင်းထောင်း ထ,ကျန်ရစ်ခဲ့သည်ကို ကျွန်တော်တို့ ဆက်ငေးနေမိကြသေးသည်။ ပြီးတော့ တစ်ယောက်မျက်နှာ တစ်ယောက် ပြန်ကြည့်မိကြပြန်သည်။

"ငါတို့များ နားကြားပွဲ လေသလားကွာ” 

တင့်နိုင်အသံက ခပ်အုပ်အုပ်။ အသံပင်မက ဖိတ်ကျလုလု အပြုံးတွေကိုပါ သူ့နှုတ်ခမ်းတွေနှင့် အနိုင်နိုင် အုပ်ထားရပုံပင်။ 

"ဘာပဲဖြစ်ဖြစ် စာရင်းတော့ မှတ်ထားလိုက်ပေါ့ကွာ”

ကျွန်တော်က ပြောတော့ ကျော်နိုင်က သူ့အိတ်ကပ်ထဲက စာရွက်ခေါက်လေးကို ထုတ်လိုက်ရင်း “ဒီကောင် ဘယ်တုန်းကများ အရောင် ပြောင်းသွားတာပါလိမ့်" ဟု ခပ်တိုးတိုး ရေရွတ်လိုက်သည်။


၂။


ဒီကောင် ဘယ်တုန်းကများ အရောင်ပြောင်းသွား တာပါလိမ့်။

အိမ်ပြန်ရောက်သောအခါ လက်ဖက်ရည်ဆိုင်မှာ ကျော်နိုင် ညည်းခဲ့သော စကားက ကျွန်တော့် အတွေးရေပြင်ထဲ ဂယက်ကလေးတွေလို တစ်ချက်တစ်ချက် ပေါ်လာသည်။ အတိတ်ခြေရာတွေကို တစ်လှမ်းချင်း နောက်ပြန် ဆုတ်ကြည့်မိသည်။ ဝင်းဗိုလ်၏ ခြေရာဟောင်းတွေက အနီးကပ် ပြန်ပေါ်လာသည်။ ဆယ်စုနှစ်အချို့ကြာသည်အထိ သူလျှောက်လာခဲ့သောလမ်းကြောင်းမှ သွေဖည်ကာ သူ ကျောခိုင်းခဲ့ပြီးသော ကျွန်တော်တို့ လမ်းကြောင်းပေါ် ဘယ်လို ဆုံးဖြတ်ချက်မျိုးနှင့် ပြန်လည် ကူးဖြတ်လာခဲ့မှန်း နားမလည်နိုင်။

ဝင်းဗိုလ် ဆိုသည်မှာ… ။

စကားပြောလျှင် အားသွန်ခွန်စိုက် ဟောဟော ဒိုင်းဒိုင်း ပြောတတ်သည်။ လမ်းလျှောက်လျှင် ပုဆိုးစတစ်ဖက်ကို ဆွဲမ,၍ ခပ်သုတ်သုတ် လျှောက်တတ်သည်။ စာဖတ်နာသည်။ တက်ကြွသည်။ ကျွန်တော်တို့နှင့် ရွယ်တူတန်းတူဖြစ်သည့်တိုင် သူ့ခြေလှမ်းတွေက ကျွန်တော်တို့ရှေ့ကို ကြိုကြိုရောက်နေတတ်ကြသည်။

လွန်ခဲ့သော နှစ် ၃ဝ ခန့်က ကျွန်တော်တို့က ဆယ်တန်းကျောင်းသား။ မိုးစက်ကလေးတွေ တဖွဲဖွဲ ဖျန်းပက်နေသည့်ကြားမှ ပျံသန်းလာသော သတင်းတွေမှာ အပူငွေ့ ကာလတွေတလူလူ။ ကောလဟလတွေ၊ အမှန်တရားထက် ပိုပြန့်ကားနေသည့် သတင်းတွေက နယ်မြို့လေးတစ်မြို့ မှာ အတွင်းလှိုက်လောင်နေသည်နှင့် တူနေ၏။

ထိုအချိန်မှာပင် ဝင်းဗိုလ် လွယ်အိတ်ထဲမှ ထွက်လာသော အသံတိတ် ကြွေးကြော်သံများကြောင့် ကျွန်တော်တို့ သွေးကြောတွေထဲ ပူလောင်ဆူပွက်သွားကြသည်။ ကျောင်းအိမ်သာထောင့်မှာ၊ လက်ဖက်ရည်ဆိုင်ထဲက ကက်ဆက်သီချင်းသံတွေအောက်မှာ ကျွန်တော်တို့ ခေါင်းချင်းဆိုင်ခဲ့ကြသည်။ ခေါင်းချင်းဆိုင်ကြသည် ဆိုသော်လည်း အမှန်တကယ်တော့ ဝင်းဗိုလ်ခေါင်းရှိရာဆီ ကျွန်တော်တို့ခေါင်းများကို ဦးတည်လိုက်ကြခြင်းသာဖြစ်၏။

“မင်းတို့ ဘယ်လိုလဲ၊ ငါတော့ ဆုံးဖြတ်ပြီးပြီ၊ ဟိုလူတွေဆီကလည်း ညွှန်ကြားချက်တွေ ရနေပြီ၊ အေး... လုပ်ပြီဆိုရင်တော့ ပြန်မလှည့်ကြေးနော်၊ ဟေ့ကောင်တွေ မှတ်ထား ... ကျောင်းသားသမိုင်းကို ပြန်ကြည့်လိုက်၊ အာဏာရှင်ကို ဘယ်တော့မှ မကြောက်ဘူးကွ”

လူဖလံ ဝင်းဗိုလ်၏ မေးရိုးတွေ ထင်းခနဲ ကားထွက်လာကြသောအခါ ကျွန်တော်တို့ သွေးကြောတွေလည်း တင်းခနဲ ခံစားလိုက်ကြရသည်။

သည်လိုနှင့် အချို့ ကြွေကျသွားကြသည်။ 

သည်လို နှင့် အချို့ နွမ်းရိသွားကြသည်။

သည်လိုနှင့် အချို့ ပျောက်ဆုံးသွားကြသည်။ 

သည်လိုနှင့် ကျွန်တော်လည်း ပညာတစ်ပိုင်းတစ်စနှင့် ကျောင်းပြီးသွားခဲ့ရလေသည်။

စောင့်ကြည့်နေကြသော ဝံပုလွေ မျက်လုံးများအောက်မှာ ဘဝကို ကြုံသလို မွေးမြူခဲ့ရသည်။ သည်လိုနှင့် ဝင်းဗိုလ်ကတော့….။

“ငယ်သေးတာကိုးကွ - - - ဘာသိဦးမှာတုံး၊ ရူးရူးမိုက်မိုက်နဲ့ အုတ်နံရံကို ခေါင်းနဲ့ ပြေးတိုက်ကြတာမျိုးပေါ့ကွာ”

ကျွန်တော်တို့ သူ့ကို ဂြိုဟ်သားတစ်ယောက်ကဲ့သို့ တအံ့တသြ ကြည့်နေမိကြ၏။

“တကယ်တော့... မသိလို့ လုပ်ခဲ့ကြတာကွ” 

တရားပဲ ရခဲ့သူလိုလို။ နောင်တပဲ ရခဲ့သူလိုလို။ မင်းကတော့ မသိလို့လုပ်ခဲ့တာ ဖြစ်ချင်ဖြစ်မယ်၊ ငါတို့ကတော့ သိလို့ လုပ်ခဲ့ကြတာကွ၊ သိလို့ လုပ်ခဲ့ကြတာ။ မင်းမှတ်ထား ဟေ့ကောင်”

ဇော်မိုးက ဝင်းဗိုလ်မျက်နှာကို လက်ညှိုးငေါက်ငေါက်ထိုးရင်း ပေါက်ကွဲခဲ့ပြီး ဝင်းဗိုလ်က အခန်းထောင့်မှာ ကုပ်နေသော ကြွက်တစ်ကောင်၏ မျက်လုံးများဖြင့် ပြန်ကြည့်ခဲ့သည်။ ထိုစကားဝိုင်းသည် ဝင်းဗိုလ်နှင့် ကျွန်တော်တို့အတွက် နောက်ဆုံးစကားဝိုင်း ဖြစ်ခဲ့ကြ၏။ ထိုနေ့မှ စ၍လျှောက်သည့်လမ်းတွေ မတူတော့သလို ဘာသာစကားတွေလည်း မတူကြတော့။ ထို့အတူ ပိုက်ဆံအိတ်တွေလည်း မတူကြတော့။ ဖိနပ်တံဆိပ်တွေလည်း မတူကြတော့။ ဦးထုပ်တံဆိပ်တွေလည်း မတူ၊ ဝီစကီ တံဆိပ်တွေလည်း မတူ၊ စားကျက်မြေတွေလည်း မတူ၊ ယုတ်စွအဆုံး ထိုင်သည့် လက်ဖက်ရည်ဆိုင်တွေပင် မတူညီကြတော့ပေ။

ကျွန်တော်တို့ စက်ဘီးကလေး ချောက်ချက်ချောက်ချက်နင်းနေချိန်မှာ သူက ဆိုင်ကယ်စီးနေပြီ။ ကျွန်တော်တို့ တရုတ်ဆိုင်ကယ်အဟောင်းလေး ပြန်သာစီးနေသောအခါ သူက ကားရှေ့ခန်းတံခါးကို ဟန်ပါပါ ဆောင့်ပိတ်တတ်နေပြီ။ သူ တစ်ချိန်က ခေါင်းနှင့် ပြေးတိုက်ခဲ့ဖူးသည့် အုတ်နံရံတွေအတွက် ရွာတွေအထိ ဆင်းပြီး ကြိုတင်မဲတွေ လိုက်ဝယ်ခဲ့သည့် သတင်းကို ကြားလိုက်ရချိန်မှာတော့ ကျွန်တော်တို့ သူ့နာမည်ကို အန်ထုတ်ပစ်ခဲ့ကြလေသည်။ ကျွန်တော်တို့ အတိတ်စာရင်းမှာ ဝင်းဗိုလ် မရှိတော့။ 

အခုမှ..။ ဒီကောင် ဘယ်တုန်းကများ အရောင် ပြောင်းသွားတာပါလိမ့်။ ကျော်နိုင့် ညည်းချင်းလေးက ကျွန်တော့်အတွေးထဲ ဂယက်ထ သွားပြန်သည်။


၃။


နောက်ထပ် ရက်သတ္တ ၂ ပတ်ခန့်ကြာတော့ အစည်းအဝေးကလေးတစ်ခု လုပ်သည်။ ထိုင်နေကျ လက်ဖက်ရည်ဆိုင်မှာ စားပွဲခုံများ ဆက်၍ အစည်းအဝေးခန်းမအဖြစ် အသွင်ပြောင်းလိုက်သည်။ မြို့မိမြို့ဖအချို့၊ ရင်ဘတ်ချင်း တူသူအချို့နှင့် တက်ကြွသူအချို့ကို ဖိတ်သည်။ သို့သော် တကယ်တမ်း ရောက်လာသည်က ဆယ်ယောက်သာသာ။ “လုပ်မှာသာလုပ်ပါ၊ ခင်ဗျားတို့ ဆုံးဖြတ်တာ ထောက်ခံပြီးသားလို့သာ မှတ်လိုက်” ဟု မိုဘိုင်းဖုန်းမှ တစ်ဆင့် အစည်းအဝေးတက်သူတွေလည်း ရှိသည်။ သည်လို မိုဘိုင်းဖုန်းဖြင့် အစည်းအဝေး တက်သူတွေထဲ ဝင်းဗိုလ်လည်း ပါ၏။ သူကိုယ်တိုင်က လိုလိုလားလား ကော်မတီထဲ ထည့်ပါဆို၍ ဖုန်းဆက်တော့ ရန်ကုန်ရောက်နေသည်တဲ့။

“သူငယ်ချင်း …  မင်းတို့ဘာပဲလုပ်လုပ် ငါသဘော တူတယ်ကွာ၊ ကော်မတီထဲသာ ငါ့နာမည် ထည့်ထားလိုက်တဲ့။ ဖုန်းထဲမှ ကြားနေရသော သူ့အသံမှာပင် သူ့မျက်နှာညိုအစ်အစ်ကြီးကို မြင်ယောင်လိုက်သေး၏။ 

“ဟိုကောင့်ကို ကော်မတီထဲ ထည့်ဦးမှာလား၊ ဒီမှာ အယောက်နှစ်ဆယ် ရှိနေပြီ”

အစည်းအဝေး မှတ်တမ်းစာအုပ်ထဲ ရေးခြစ်နေရင်း ကျော်နိုင်က မေးခွန်းထုတ်သည်။ မေးခွန်းထုတ်သော်လည်း သူ့မေးခွန်းထဲမှာ မလိုလားသော အငွေ့အသက်များ ရောပါနေကြသည်။ 

"အင်း သူ့ဘက်က အပေါင်းလက္ခဏာပြနေတော့လည်း ဘယ်လို ငြင်းရမလဲကွာ၊ သူ့လို ငွေကြေးတောင့်တင်းတဲ့သူ ပါလာတော့ တို့ကော်မတီလည်း တအားရှိတာပေါ့၊ မဟုတ်ဘူးလား။ ရိုးရိုးကော်မတီဝင်ထဲတော့ ထည့်လိုက်မလားလို့” 

သည်လိုနှင့် ဗိုလ်ချုပ် မြင်းစီးကြေးရုပ် ဖြစ်မြောက်ရေးကော်မတီမှာ ဝင်းဗိုလ် နာမည်က ၂၁ ဦးမြောက်အဖြစ် ပါဝင်လာခဲ့လေသည်။ မည်သို့ပင်ဖြစ်စေ သူ့ကို ဘယ်သူမှ မယုံကြည်။ သူ ပြောင်းလဲသွားပုံကို ကျွန်တော်တို့ပင်မက တစ်မြို့လုံးကပါ ပါးစပ်အဟောင်းသားဖြင့် ပေးသွားကြရသည်။ တစ်ချိန်က “အဘ အဘ” ကို အစွမ်းထက် ဂါထာတစ်ပုဒ်အလား တဖွဖွ ရွတ်ခဲ့လေသူ။ တစ်ချိန်က အာဏာရှင် ဆန့်ကျင်ရေးသမားဘဝကို ဒုတိယဘုရားသခင်၏ ယဇ်ပလ္လင်ပေါ် စတေးပစ်ခဲ့လေသူ။ အခုတော့ ရယ်ဒီမိတ် နိုင်ငံရေးအင်္ကျီကို ကောက်ဝတ်၍ ကိုယ်ထင်တပြပြ ဖြစ်နေသူ။ ထိုသူက ဗိုလ်ချုပ်ကြေးရုပ်ကိစ္စအတွက် လက်ကမ်းလာသောအခါ ထိုလက်ကို မဆုပ်ကိုင်ဖြစ်သော်လည်း ပုတ်ခါချလိုက်ရန်အထိ ကျွန်တော်တို့ အသည်းတွေက မမာကျောနိုင်။


၄။


စာရင်းကိုင် ကျော်နိုင်က စာရင်းစာအုပ်ကို တပ်ဖျပ်ဖျပ် လှန်ကြည့်ရင်း ခေါင်းကို ခါယမ်းသည်။ ဟန်းဆက်ထဲက ဂဏန်းပေါင်းစက်ကလေးနှင့် ပေါင်း၊ နုတ်၊ မြှောက်၊ စားသည်။ ထို့နောက် ခေါင်းယမ်းပြန်သည်။ 

“နာမည်စာရင်းသာ ပေးထားကြတယ်ကွာ၊ အလှူငွေက ဘယ်နေမှန်း မသိဘူး၊ အခု ဒီမှာ အဲ့ဒီလို လူတွေ များနေတယ်ကွ၊ ဒီလိုဆို..." 

ကျော်နိုင်က ဘယ်နှ ကြိမ်မြောက်မှန်းမသိတော့ လောက်အောင် သည်စကားကို ပြောပြန်သည်။ ကျွန်တော်က ဘာပြောရမည်မှန်းမတွေးတတ်တော့သောကြောင့် မကြားသလို လုပ်နေလိုက်၏။ တကယ်တော့ သူ ညည်းလည်း ညည်းလောက်သည်။ လူတွေက ကျွန်တော်တို့အဖွဲ့ သည်မြို့ကလေးမှာ ဗိုလ်ချုပ်ကြေးရုပ် ထူထောင်မည်ဆိုတော့ ကျွန်တော်တို့ ကျောပြင်ကို အသာအယာ သပ်ကြသည်။ ကြေးရုပ်အတွက် အလှူခံသောအခါ တက်တက်ကြွကြွပင် နာမည်နှင့်တကွ ကိန်းဂဏန်းတွေကို အလွယ်တကူ စာရင်းပေးကြသည်။ သို့သော် ကော်မတီဖွဲ့ ပြီး တစ်လခန့် ကြာသည်အထိ . ထိုနာမည်စာရင်းတွေက သည်အတိုင်း။ အချို့က အကြောင်းပြချက်မျိုးစုံနှင့် ကျွံနေသော စကားတို့ကို ပြန်ဆွဲနုတ်သွားကြသည်။ အချို့က "ငါ့နာမည် ဖျက်လိုက်တော့” ဟု ပွင့်ပွင့်လင်းလင်း မျက်နှာပြောင်တိုက်ကြသည်။

 “ဟေ့။ ဒါနဲ့ မင်းကောင်... ဟို ခရုနီလူထွက်လည်း ကော်မတီထဲသာ ထည့်ထားရတယ်၊ အစည်းအဝေးလည်းမလာ၊ လှူပါမယ်ဆိုတဲ့ ဆယ်သိန်းလည်းမလာ၊ အလှူခံပေးမယ်ဆိုတာလည်း ဘာသံမှ မကြားရတော့ဘူး၊ ဒါကြောင့် . . . ဒီလိုကောင်နဲ့ မပတ်သက်ချင်တာ”

ကျွန်တော် သူ့ဖုန်းကို အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပြီးပြီ။ ဆက်သွယ်မှုဧရိယာ အပြင်၊ လိုင်းမအားသေး၊ ဖုန်းမကိုင် စသည့် တုံ့ပြန်မှုများနှင့်သာ ရင်ဆိုင်ခဲ့ရသည်။ အခုတော့ ..။ သည်အချိန်ဆို သည်ကောင် ရွှေအိမ်စံကဖီးမှာလား၊ ပွဲရုံမှာလား၊ အိမ်မှာပဲလား။

"ခဏကွာ... ငါ အခုပဲသွားလိုက်မယ်” 

ကျွန်တော် လက်ဖက်ရည်ဆိုင်ရှေ့ ရပ်ထားသည့် ဆိုင်ကယ်ကို စက်နှိုးကာ လမ်းပေါ်တက်ရန် ခေါင်းလှည့်လိုက်ချိန်တွင် အခြားဆိုင်ကယ်တစ်စီး ထိုးဝင်လာ၏။

"ဘယ်တုံး "

“ဟိုကောင် - - ဝင်းဗိုလ်ဆီ သွားမလို့” 

ကျွန်တော်က အလှူငွေစာရင်းများအကြောင်း အတိုချုံ့ ပြောပြလိုက်သည်။ ဇော်မိုးက အသံမထွက်ဘဲ နှုတ်ခမ်းနှစ်ခုကို သွားများ မြင်ရသည်အထိ ဖြဲပြ၍ ရယ်သည်။

"ဒါဆိုရင် သွားမနေနဲ့၊ ဆိုင်ထဲပြန်ဝင်၊ ငါ့မှာ အဖြေပါလာတယ်”

ကျွန်တော်လည်း အသံတိတ်မေးခွန်းများစွာနှင့်အတူ လက်ဖက်ရည်ဆိုင်ထဲ ပြန်ရောက်လာသည်။ ဖော်မိုးက အပိုင်သေချာနေသော မျက်နှာပေးဖြင့် ကျွန်တော်တို့ကို ကြည့်၏။

“ဒီကောင့်နာမည်ကို စာရင်းထဲက ဖျက်လိုက်တော့၊ အလှူငွေစာရင်းထဲကရော ကော်မတီဝင် စာရင်းထဲကပါ ဖျက်လိုက်တော့”

ကျွန်တော်တို့ ဇော်မိုး မျက်နှာကိုသာ ငေးကြည့်နေမိကြသည်။ အခုအထိ ဖော်မိုး စကားတွေထဲ အဖြေတစ်စုံတစ်ရာ မပါဝင်သေး။ မထီတရီ လှောင်ပြောင်နေသော အရိပ်များကမူ သူ့မျက်နှာပေါ် တစ်စတစ်စ ပိုထင်ရှားလာသည်ကို သတိထားမိသည်။

“မင်းတို့ ဝင်းဗိုလ်က ဥက္ကဋ္ဌတို့၊ အတွင်းရေးမှူးတို့ နေရာကို သူ့ပေးမယ် ထင်နေတာတဲ့ကွ၊ အခု ရိုးရိုးကော်မတီထဲ ထည့်ထားတာ သိတော့ မကျေမနပ်ပေါက်ကွဲ နေတာတဲ့ဗျာ၊ ဘာအလှူငွေမှ မထည့်နိုင်တော့ဘူးတဲ့ ...ကဲ”

ကျွန်တော်တို့ စက္ကန့်အနည်းငယ်ခန့် ငြိမ်သက်သွားကြသည်။ ပထမဆုံး ပြန်လည် လှုပ်ရှားလာသည်ကတော့ ကျွန်တော်တို့ နှုတ်ခမ်းတွေမှာ···။ လှောင်ပြုံး ထေ့ပြုံးကလေးများ အလျှိုအလျှို ပေါ်လာကြခြင်းပင်။ ထို့နောက် ကျော်နိုင်က သူ့ စာရင်းစာအုပ်လေးထဲရှိ ကော်မတီဝင်စာရင်းထဲမှ နံပါတ် ၂၁ ကို မင်နီဖြင့် ခြစ်ချလိုက်လေသည်။ သည်သတင်းကို ဘယ်နေရာက ကြားခဲ့ရကြောင်း ဇော်မိုးကို ကျွန်တော်တို့ မေးခွန်းမထုတ်ကြပါ။ ကျွန်တော်တို့ ဖော်မိုးကို ယုံကြည်ပါသည်။ အထူးသဖြင့် ဝင်းဗိုလ်ဆိုသော လူတစ်ယောက်ကို ကျွန်တော်တို့ ပိုယုံကြည်ပါသည်။


မိုးကျော်ဇင်

အမှတ် ၃၆၄၊ ဧပြီ ၂၀၂၀

ရွှေအမြုတေမဂ္ဂဇင်း

Comments