လူစိမ်း @ မိုးခကျော်သွင်



တစ်စုံတစ်ခုကို အကြောင်းမဲ့ ကြာမြင့်စွာ ငေးစိုက်နေတတ်တဲ့ အကျင့်သာ မရှိခဲ့ရင် အိမ်ထဲမှာ လူစိမ်းတစ်ယောက် ရောက်နေတာကို ဘယ်အချိန်မှ ကိုယ် သတိထားမိမယ် မသိဘူး။ ခြင်ထောင်အမိုးကို ငေးစိုက်ကြည့်ရင်း တိတ်ဆိတ်မှုတွေထဲ ကိုယ့်ကိုယ်ကို နေသားကျနေချိန် အရိပ်တစ်ခုက ကိုယ့်ကို အုပ်မိုးလာချိန်မှ သိမှာလား။ ဒါမှမဟုတ် ရေချိုးခန်းထဲ ထိုင်ရင်း အတွေးတွေနဲ့ နစ်မွန်းနေချိန် စူးရှချွန်မြတဲ့ အရာတစ်ခု ကိုယ့်ရင်ထဲ ထိုးခွင်း ဝင်ရောက်လာမှလား။ အဲဒီလိုအချိန်မှ သိရရင်လည်း ကောင်းသား။ အနည်းဆုံးတော့ ဘာတွေဖြစ်လာမှာလဲ ကြိုတွေးရင်း ကြောက်ရွံ့စိတ်တွေနဲ့ တစ်ကိုယ်လုံး အေးစက် တင်းကျပ်နေစရာ မလိုတော့တာပေါ့။ ကြိုသိလိုက်ရတော့လည်း ကြိုတင် ပြင်ဆင်ထားလို့ရတာပဲ။ နေပါဦး၊ ဘာကို ပြင်ထားရမှာလဲ။ ပြေးဖို့လား၊ ပုန်းဖို့လား။ မေးခွန်းထုတ်ကြည့်တော့မှ ကိုယ် သိပ်ကြောက်နေတယ်ဆိုတာ သတိထားမိတော့တယ်။ ဘာမှန်း သေချာ မသိသေးတာတောင် ပြေးဖို့ ကိုယ် တွေးမိနေကတည်းက သေသေချာချာကြီးကို ကြောက်နေတာပါ။ အရင်ဆုံး ခုခံဖို့ပဲ တွေးသင့်တာ။ ဒီလို ယူဆလိုက်တော့လည်း ဒီရေလှိုင်းတွေလိုမျိုး စိုးရွံ့စိတ်တွေ တရိပ်ရိပ်နဲ့ တက်လာနေတာ နောက်ဆုံး ခန္ဓာကိုယ်တစ်ခုလုံး တဆတ်ဆတ် တုန်ယင်လာရတဲ့အထိပဲ။ ရင်ထဲမှာလည်း တထိတ်ထိတ်နဲ့။

အလွတ်ရနေတဲ့ ဖုန်းနံပါတ်တစ်ခုကို ဆက်ပြီး လူစိမ်းအကြောင်းပြောဖို့ ကိုယ် ကြိုးစားလိုက်သေးတယ်။ "ဘာကြောင့် အဲဒီလို ထင်နေတာလဲ” လို့ မေးရင် ဘာပြန်ဖြေရမလဲဆိုတဲ့ အတွေးကသာ ဦးမသွားရင် ကိုယ် ဖုန်းကို တကယ်ဆက်ပြီး နေပြီ။ ဧည့်ခန်းထဲက ကိုယ့်ရဲ့ ကန္တာရပန်းအိုးလေးနေရာ ရွှေ့နေလို့ ဆိုတာမျိုး ပြန်ဖြေလိုက်ရင် ကိုယ့်ကို သူလှောင်ရယ်မှာလား၊ ဘေးအိမ်ကကြောင် ဝင်လာလို့နေမှာပါလို့ နားအေးပြီးရော ပြောပြီး ဖုန်းချပစ်မှာလား မသိ။ ကြောက်နေရင် တစ်ညလုံး ဖုန်းတွေပြောကြမယ်လေလို့လည်း နှစ်သိမ့်ပေးလာနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် တော်ပါပြီ။ လူစိမ်းရှိနေတယ်ဆိုတာ ကိုယ့်စိတ်ရဲ့ ထင်မှားမှု သက်သက်ပါလို့ သူ ပြောလာရင် ကိုယ့်ကို မယုံကြည်ရကောင်းလား ဆိုတဲ့ စိတ်နဲ့ ကိုယ်ပဲ နာကျင်နေရမှာ။ မဆက်တော့ပါဘူး။ ရဲစခန်းကိုကော။ တကယ် မဆက်ရင်တောင် လူစိမ်းကြောက်သွားအောင် ဆက်ချင်ယောင်တော့ ဆောင်ရမယ် ထင်တာပဲ။ ကြောင်တောင်တောင်ကြီးများ ဖြစ်နေမလား မသိ။ မတတ်နိုင်ဘူး။ ကိုယ့်ခန္ဓာကိုယ်မှာ နာကျင်မှု တစ်ခုမှမရှိဘဲ ဒီအိမ်ထဲကနေ လူစိမ်းထွက်သွားဖို့ဆိုရင် ဘာပဲဖြစ်ဖြစ် ကိုယ်လုပ်ရမှာပဲ။ ဒါပေမဲ့ အရင်ဆုံး လူစိမ်းရှိနေတယ်ဆိုတာ ဒီထက် ပိုသေချာဖို့ လိုဦးမယ်။ အကြည့်တို့က စားပွဲပေါ်က ပန်းအိုးသေးသေးလေးဆီကို ရောက်ရပြန်တယ်။ ဘယ်နှကြိမ်မြောက် ကြည့်တာလဲ မမှတ်မိတော့။ ကြည့်လိုက်တိုင်းလည်း လူစိမ်းနဲ့ ပတ်သက်နေတဲ့ အထင်က ပိုပိုပြီး ခိုင်မာလာနေတယ်။

ညနေက ရေချိုးခန်းထဲမှာ တောင်စဉ်ရေမရ အတွေးပေါင်းစုံကို ပိုက်ပွေ့ပြီး ထိုင်နေရင်း ဒီပန်းအိုးကို ကြည့်နေမိတာ အကြာကြီးပဲ။ ရင်တစ်ခုလုံး ပူလောင်နေလို့ သက်သာရာ ရမလားဆိုပြီး ရေချိုးမယ်လုပ်ရင်း မချိုးဖြစ်ဘဲ ထိုင်နေတာ။ ဘယ်ကို ဦးတည်နေမှန်း မသိတဲ့ အတွေးတွေကြောင့် ခေါင်းထဲမှာလည်း ကျပ်ခဲလို့။ စိတ်က တွေးချင်ရာတွေး၊ မျက်လုံးက ငေးမိပေးရာကို ငေးနေရင်း ရေချိုးခန်းတံခါးကနေ မြင်နေရတဲ့ ဧည့်ခန်းစားပွဲထောင့်စွန်းက ဒီပန်းအိုးလေးဆီကနေ အကြည့်တို့ကို ဘယ်လိုမှ လွှဲပစ်လို့ မရနိုင်ဘူး။ ကိုယ့်ကို သူ မွေးနေ့လက်ဆောင် ပေးထားတဲ့ အပင်။ ကန္တာရပင်ဆိုတော့ ဆူးတွေနဲ့။ ဆူးသေးသေးလေးတွေပါလို့ သူပြောတတ်ပေမဲ့ ကိုယ့်အတွက်တော့ ဆူးက ဆူးပဲ။ သေးလွန်းတော့ တစ်ခါတလေကျ စူးမိတာကို မသိဘဲ လက်ထဲ မျက်ရှရှ ဖြစ်နေမှ ဆူးစူးနေတာပါလားလို့ သိရတာ။ ဘာပဲဖြစ်ဖြစ် အပင်လေးကို ကိုယ်ချစ်ပါတယ်။

စူးစူးစိုက်စိုက်ငေးရင်းကနေ ကိုယ် ဓာတ်ပုံရိုက်ချင်လာတယ်။ အခန်းထဲဝင်၊ အဝတ်အစားလဲပြီး ဖုန်းကို ယူလိုက်တော့ ကိုယ့်လက်တွေက ကင်မရာထဲ မဝင်ဘဲ မက်ဆေ့ချ်အဟောင်းတွေထဲ ရောက်ပြီး အကြာကြီး ဖတ်မိပြန်တယ်။ ပြီးတော့ အရင်က ဓာတ်ပုံတွေ ကြည့်မိတယ်။ ကိုယ် သိပ်ပျော်ခဲ့ရတာပဲလို့ တွေးမိတော့ ရင်ထဲမှာ ဆို့ကျပ်ကျပ်ကြီး။ ကိုယ့်သူငယ်ချင်းသာရှိရင် ငိုပစ်လို့ ပြောမှာ သေချာသလောက်ပဲ။ နားထဲမှာ သူငယ်ချင်းရဲ့ ငိုပစ်လိုက်ဆိုတဲ့ အသံကို ကြားယောင်ပြီး ဘာကြောင့်မှန်း မသိ ကိုယ် ရယ်ချင်လာတယ်။ ရယ်တောင် ရယ်လိုက်မိသေးတယ် ထင်တယ်။ ပြီးတော့ ကိုယ် ဧည့်ခန်းထဲကို ပြန်ဝင်လာခဲ့တယ်။

ဧည့်ခန်းစားပွဲပေါ်က ပန်းအိုးလေးကို မြင်လိုက်ရတဲ့အချိန်မှာ တစ်ခုခုတော့ မှားယွင်းနေပြီ ဆိုတဲ့ အသိက ကိုယ့်ရင်ထဲ တိုးဝင်လာတယ်။ အစက ပန်းအိုးက တစ်မျိုးဖြစ်နေပါလားလို့ ထင်ရုံပဲ။ သေချာကြည့်မှ နေရာရွေ့နေတာမှန်း သိလိုက်တာ။ မ,ပြီး ရွှေ့တာ မဟုတ်ဘဲ တွန်းပြီး ရွှေ့ထားသလိုမျိုး စားပွဲပေါ်မှာ စွတ်ကြောင်းရာက ထင်းလို့။ ပြီးတော့ ရေချိုးခန်းထဲကနေ မြင်ရတဲ့ စားပွဲစွန်းမှာ ရှိနေတာ မဟုတ်တော့သလို။ သေချာချင်တဲ့စိတ်နဲ့ ရေချိုးခန်းထဲ ပြန်ဝင်ပြီးကြည့်တော့ ပန်းအိုးက လုံးဝကြီး အကွယ်ဘက် ရောက်နေပြီ။ ကိုယ် နည်းနည်းကြောင်သွားတယ်။ ဘာလဲဟလို့ ရေရွတ်ရင်း ထပ်ကာထပ်ကာ ကြည့်တယ်။ ကြည့်တိုင်းလည်း နေရာရွေ့နေတာ တကယ်ကြီးမှန်း သိလာတယ်။ ဘယ်လို နားလည်လိုက်ရမှန်းတောင် မသိ။ နောက်တော့မှ ပိတ်ဆို့နေတဲ့ အရာတစ်ခုကို ရုတ်တရက် ဖွင့်ချလိုက်သလို လူစိမ်းနဲ့ ပတ်သက်တဲ့အထင်တွေက ကိုယ့်ခေါင်းထဲ အရှိန်အဟုန်ပြင်းပြင်းနဲ့ စီးဝင်လာကြတယ်။ ပန်းအိုး နေရာရွေ့နေတာနဲ့ပဲ လူစိမ်းရှိနေပြီလို့ ထင်စရာလားဆိုတဲ့ အတွေးကိုပါ နှစ်မြှုပ်ပစ်တဲ့အထိ အရှိန်ပြင်းတာပါ။ ကိုယ့်ရင်ထဲ ထိတ်ခနဲပဲ။

တဖြည်းဖြည်းနဲ့ စိတ်ထဲမှာ ပန်းအိုးကြောင့်မဟုတ်သော်လည်း လူစိမ်းရောက်နေတာကို တစ်နည်းမဟုတ်တစ်နည်းနဲ့ ကိုယ် သိကိုသိလာရမှာပဲလို့ ထင်ထားတယ်။ ကိုယ်မဖြစ်မနေ သိရမယ်လို့ ကံကြမ္မာက တံဆိပ်ခတ်နှိပ်ထားသလိုမျိုးပဲ။ ရင်ဝဆီ တည့်တည့် ပြေးဝင်လာတဲ့ ကျည်ဆန်တစ်ခုကို ကိုယ် ဘယ်လိုများ ရှောင်လွှဲပစ်လို့ရမှာလဲလို့ တွေးမိလာတယ်။ ကိုယ့်ကျောရိုးတစ်လျှောက် စိမ့်တက်သွားတယ်။ ခန္ဓာကိုယ်ကလည်း ဇောချွေးတွေနဲ့ ချက်ချင်းစေးထန်းလားတယ်။

ကိုယ်ဟာ တစ်ချိန်လုံး လူစိမ်းရဲ့ စောင့်ကြည့်ခြင်းကို ခံနေရတာထင်တယ်။ ဒီလိုသာဆို ဘယ်လို စိတ်ခံစားချက်မျိုးကိုမှ ထိန်းချုပ်မထားနိုင်လောက်အောင် ပျော့ညံ့လွန်းတဲ့ ကိုယ့်ကိုကြည့်ပြီး အနိုင်ယူရ လွယ်မယ်ဆိုတာ သူ သိသွားလောက်ပြီပေါ့။ ဘုရားသခင်...။ ကိုယ် ရဲစခန်းကို ဖုန်းဆက်လိုက်ရတော့မလား။ ဒီလိုဆို ပိုပြီးများ ရှုပ်ထွေးသွားမလား။ ဘာမှမသိသလို နေမြဲတိုင်း နေလိုက်ရင် လူစိမ်းက အိမ်ထဲကို ကိုယ်မသိအောင် ဝင်လာသလိုမျိုး တိတ်တိတ် ဆိတ်ဆိတ်ပဲ ပြန်ထွက်သွား မှာလား။ စဉ်းစားလေ၊ ဘာလုပ်ရမယ်မှန်း မသိတော့လေပဲ။

နေပါဦး၊ အခုမှ သတိထားမိတယ်။ ကိုယ့်အိမ်ထဲ သူဘယ်လိုဝင်လာတာပါလိမ့်။ အိမ်တံခါးမကြီးကတော့ ညနေက ကိုယ်သော့ခတ်ထားခဲ့တဲ့အတိုင်း တင်းတင်းပိတ်လို့။ ချိုးဖျက်ဝင်လာတဲ့ ပုံစံမျိုး မဟုတ်။ ဒါဆို ပြတင်းပေါက်ကနေများ · - -။ မဟုတ်တာပဲ။ သံပန်းတွေ တပ်ထားတဲ့ ပြတင်းပေါက်ကနေ ဘယ်သူမှ အလွယ်တကူ ဝင်လာနိုင်မှာ မဟုတ်ဘူး။ လူစိမ်းက ကိုယ့်အိမ် အနေအထားကို ပိုင်ပိုင်နိုင်နိုင် သိနေတာလား။ ဒါမှမဟုတ် သူ ဝင်ရောက်လာနိုင်ဖို့ တစ်ယောက်ယောက်က အကူအညီ ပေးထားတာများလား။ သေချာတာတစ်ခုက ကိုယ် ဘယ်လိုမှ သတိမထားမိခင်မှာတင် လူစိမ်းက ကိုယ့်အိမ်ထဲ ရောက်နေခဲ့တာပဲ။ ကိုယ် သိပ်စိုးထိတ်သွားတယ်။ ကိုယ့်ဆီကနေ သူ ဘာလိုချင်တာလဲ။ သူတစ်ပါး ခိုးယူချင်လောက်အောင်အထိလည်း ကိုယ့်မှာ အဖိုးတန်ပစ္စည်း ဘာတစ်ခုမှ မရှိပါဘူး။ ဘယ်လိုမှ စဉ်းစားလို့ မရနိုင်ဖြစ်နေရတဲ့ကြားထဲ ကြည့်ဖူးခဲ့တဲ့ ရုပ်ရှင်တစ်ခုကို အမှတ်ရလာတယ်။ ရုပ်ရှင်ထဲမှာ ဇာတ်လိုက်အမျိုးသမီးက သူ့အိမ်ထဲရောက်နေတဲ့ လူသတ်သမားလက်က လွတ်အောင် တစ်ချိန်လုံး ပြေးနေရတာ။ လူသတ်သမားက သူ့ကို ဘယ်လို လွတ်မြောက်မှုမျိုးကိုမှ မပေးဘူးလို့ ဆုံးဖြတ်ထားပုံမျိုး။ သိပ်မွန်းကျပ်ရတဲ့ရုပ်ရှင်။ အဲဒီမိန်းမ မသေရင်တောင် ကြည့်နေတဲ့ ငါကတော့ မောပြီး သေမှာပဲလို့ သူငယ်ချင်းကို ပြောမိသေးတာ အမှတ်ရတယ်။ တဖြည်းဖြည်းနဲ့ ဘယ်လိုမှ ဆက်မကြည့်ရဲတော့လို့ ပိတ်ပစ်လိုက်ရတဲ့အထိပဲ။ ဇာတ်သိမ်းအထိ မကြည့်တာတောင် ညဘက်တွေကျ ခုတင်အောက်မှာ တစ်ခုခုရှိနေလား၊ ပြတင်းတံခါးမှန်ကို တဒေါက်ဒေါက်နဲ့ လာခေါက်တာ သစ်ကိုင်း ဟုတ်ပါ့မလားတွေ တွေးရင်း အိပ်မပျော်ဘူး။

အခု ကိုယ်ကြုံနေရတာကရော။

ကိုယ် ခုခံစရာတစ်ခုခုတော့ ရှာရမယ်ထင်တယ်။ မီးဖိုခန်းထဲက အသီးလှီးတဲ့ ဓားကို သွားယူမယ်လုပ်ပြီးမှ မီးဖွင့်မထားတဲ့ မီးဖိုခန်းကို ငေးရင်း ခြေလှမ်းတွေကို နည်းနည်းလေးမှ ရှေ့တိုးလို့ မရဘူး။ လူစိမ်းက မီးဖိုခန်းထဲကနေ ကိုယ်ဝင်လာတာကို စောင့်နေခဲ့ရင်ဆိုတဲ့ အသိက ကိုယ့်ကို ဘယ်လိုမှ လှုပ်ရှားလို့မရနိုင်အောင် အတင်း ချုပ်နှောင်ထားတယ်။ မဟုတ်သေးပါဘူး။ လူစိမ်းကသာ ကိုယ့်ကို တကယ်သတ်ချင်ခဲ့ရင် အခုလောက်ထိ စိတ်ရှည်ရှည်နဲ့ ကြည့်နေမယ် မထင်ပါဘူး။ ဒါမှမဟုတ် ကိုယ် အကြောက်လွန်ပြီး ဆောက်တည်ရာမရ ဖြစ်လာတဲ့အချိန် အထိ သူက စောင့်နေတာဆိုရင်ရော။ 

ကိုယ့်အိမ်ရဲ့ ဘယ်နေရာမှာမှ လုံခြုံမှုမရှိတော့ဘူးပဲ။ ကိုယ် ငိုချင်လာတယ်။ နာနာကျင်ကျင်နဲ့ ရှိုက်ရှိုက်ပြီး ငိုချင်လာတာ။ ပြီးတော့ အိမ်ကနေ ထွက်ပြေးသွားလိုက်ချင်တဲ့စိတ်ကို ကြိုးစားပြီး ချုပ်ထိန်းနေရတယ်။ လူစိမ်းကို ကြောက်တဲ့စိတ်တစ်ခုတည်းနဲ့တော့ ကိုယ်ပိုင်တဲ့ အိမ်လေးကို ထားမသွားနိုင်ပါဘူး။ ပြေးမယ့်အစား ကိုယ်သာ သတ္တိရှိဖို့လိုတာ။ လူစိမ်းကို ဟစ်အော် စိန်ခေါ်ပစ်ရဲတဲ့ အထိ သတ္တိရှိဖို့ လိုနေတာ။ 

အတွေးကို အကောင်အထည် ဖော်မိတော့မတတ် ပွင့်ဟလာတဲ့ ကိုယ့်နှုတ်ခမ်းတွေက အိပ်ရဲ့ မီးထွန်းမထားတဲ့ အမှောင်ထောင့်တွေကို ကြည့်ရင်း ဘာအသံမှ ထွက်မလာ။ အမှောင်ကို ကြောက်ရွံ့တတ်လွန်းလို့ အိပ်ရင်တောင် မီးဖွင့်ထားတဲ့ ကိုယ်ဟာ အခုလည်း အမှောင်ရဲ့ ခြောက်လှန့်မှုအောက်မှာ ဆွံ့အ သွားရတယ်။ တစ်ဖက်က ဒီအမှောင်ထဲမှာပဲ လူစိမ်း ပုန်းအောင်းနေမယ်ဆိုတာ သိနေတဲ့စိတ်က စိန်ခေါ်ဖို့ကို အတင်း တွန်းအားပေးနေပြန်တယ်။ ဘာလုပ်ရမယ်မှန်း မသိတော့တဲ့စိတ်နဲ့ ကိုယ် မောဟိုက်လာတယ်။ အမှောင်တွေ ကြီးစိုးနေတဲ့ကြားက ကိုယ့်အသက်ရှူသံသဲ့သဲ့ကလွဲပြီး တခြား ဘာသံမှ မကြားရတာက ပိုပြီး ချောက်ချားစရာပဲ။ အနည်းဆုံး လူစိမ်းဆီက ခြေသံပဲဖြစ်ဖြစ် အသံတစ်ခုခုတော့ ကြားရသင့်တယ်။ ဒီလိုကြားရရင် အသံလာရာရဲ့ ဆန့်ကျင်ဘက်ကို ကိုယ် ပြေးထွက်သွားလို့ရပြီ။ လွတ်မြောက်မှုက အဲဒီလောက် လွယ်ပါ့မလားလည်း တွေးမိတော့ အကောင်းမြင်စိတ်တွေ ဆိတ်သုဉ်းနေတဲ့ ကိုယ့်ကိုယ်ကိုသာ ပြန်ပြီး ကျိန်ဆဲပစ်လိုက်တယ်။ ဒီလိုအချိန်မျိုးမှာ သူ့ကို ကိုယ့်ဘေးနား သိပ်ရှိစေချင်တာပဲ။ အနည်းဆုံး သူနဲ့ စကားပြောနေရရင်ကို ကိုယ့်ကိုယ်ကို ယုံကြည်စိတ်တွေ ပြည့်ဝနေရတာမျိုး။ ပြီးတော့ သူက အမှောင်ကို မကြောက်တတ်ဘူးလို့ အမြဲပြောနေကျ။

"ငါက အမြင့်ကြောက်တာ။ အမြင့်ကိုရောက်ရင် ပြုတ်ကျမှာစိုးတာမျိုး မဟုတ်ဘူး။ လက်ထဲမှာရှိနေတာတွေကို ပစ်လွှတ်ပစ်ပြီး ဟိုးအောက်ခြေအထိ ခုန်ချပစ်မိမှာကို ကြောက်တာ။ အဲဒီလို ကြောက်မိတိုင်းလည်း ကိုယ့်ကိုယ်ကို အသုံးမကျသလို ခံစားရတယ်။ မတော်တဆ ထိခိုက်မိမှာမျိုးထက် ကိုယ့်စိတ်ကိုယ် မထိန်းနိုင်လို့ နာကျင်ရမှာမျိုးကို ပိုကြောက်နေရတာကြီးလေ။ တစ်ခါတလေကျ တစ်ခုခုကို လုပ်မိမှာ ကြောက်နေရတဲ့စိတ်ကိုက လုပ်မိအောင် အတင်း တွန်းအားပေးနေသလို ဖြစ်နေတယ် ထင်တယ်” တဲ့။ 

ထူးဆန်းလွန်းတာလား၊ သိပ်ညံ့ဖျင်းတာလားလို့ ရယ်မောရင်း ကိုယ်ပြန်ပြောတော့ သူလည်း လိုက်ရယ်တယ်။ အမှန်အတိုင်း ဝန်ခံရရင် အဲ့ဒီအချိန်က သူ့စကားတွေကို ကိုယ် သေချာ နားမလည်ခဲ့ပါဘူး။ အခုတော့..။

တွေးတော ငေးမောနေရင်းကနေ သတိထားမိလာတာ အမှောင်ထုနဲ့ကိုယ် သိပ် နီးကပ်လာတာကို။ ယောင်ယမ်းပြီး အမှောင်ရှိရာကို လမ်းလျှောက်သွားမိနေတာလား ကိုယ့်ကိုယ်ကို အရင် ပြန်ဆန်းစစ်ရတယ်။ မဟုတ်ဘူး။ အမှောင်က ကိုယ့်ဆီကို တိုးဝင်လာနေတာ။ ကြောင်အမ်းပြီး ဘာလုပ်ရမယ်မှန်း မသိချိန် ကိုယ့်ရှေ့မှာ ရင်းနှီးလွန်းတဲ့ မျက်နှာတစ်ခုကို ဖျတ်ခနဲ မြင်လိုက်ရတယ်။ လက်သွားတဲ့ အလင်းရောင် တစ်ခုကိုလည်း သတိထားမိလိုက်တယ်။ အသိတစ်ခုက အာရုံထဲ ရုတ်တရက် တိုးဝင်လာချိန် နောက်ကို လှည့်ပြီး ပြေးထွက်ဖို့ ကြိုးစားလိုက်ပေမဲ့ သိပ်နောက်ကျသွားပြီ။ 

ကိုယ့်ကျောဘက်က မီးစနဲ့ အထိုးခံလိုက်ရသလို ပူသွားတယ်။ ခန္ဓာကိုယ်တစ်ခုလုံး ဘယ်လိုမှ လှုပ်ရှားလို့ မရတော့ဘဲ နာကျင်မှုတွေ အသွေးသားထဲ စိမ့်ဝင်လာတာကို ခံစားလိုက်ရတယ်။ အသက်ရှူလို့လည်း မရတော့။ ကြီးမားလွန်းတဲ့ နာကျင်မှုက ကျောဘက်ကနေ တဖြည်းဖြည်း ရင်ဝအထိ စူးနစ်လာတယ်။ နှလုံးသားကလည်း မွတ်ခြေဆုပ်နယ်တာကို ခံနေရသလို အောင့်မျက် ခံရခက်လာတယ်။ စူးစူးဝါးဝါး ဟစ်အော်ပစ်လိုက်ချင်ပေမဲ့လည်း အသံက ထွက်မလာဘူး။ ချက်ချင်းကြီး တစ်ကိုယ်လုံး စိုနစ်လာတာ ချွေးတွေလား။ မဟုတ်နိုင်ဘူး။ စေးပျစ်တဲ့ သွေးတွေပဲဖြစ်မယ်။ စောင့်စားနေရတဲ့ အချိန်ထက်တောင် မြန်ဆန်လွန်းတဲ့ အဖြစ်အပျက်က ကိုယ့်ကို သေစေတော့မယ်။

နောက်ဆုံး ကိုယ် ဘယ်လိုမှ တောင့်မခံထားနိုင်တော့ဘဲ ပြိုလဲကျသွားတယ်။ "အို.. အမ် ရယ်” လို့ ရေရွတ်ရင်း သူ့လက်ထဲက ချွန်ထက်တဲ့ အရာတစ်ခုကို ပစ်လွှတ်လိုက်ပြီး ကိုယ့်ဘေးမှာ သူ ဒူးထောက်ထိုင်ချလိုက်တယ်။ ကိုယ့်ကို သူ့ရင်ထဲ ထွေးပွေ့လိုက်မယ်လို့ ထင်လိုက်တာ။ ဒါပေမဲ့ အဲဒီအစား "ငါလည်း ဒီလိုမဖြစ်ချင်ပါဘူး အမ် ရယ်။ ငါမရည်ရွယ်ပါဘူး”

ဆိုတဲ့ စကားတစ်ခွန်းတည်းကို ထပ်တလဲလဲ ပြောရင်း ကိုယ့်ကို သူ ဆွဲထူမ နေတယ်။ သူ့လေသံက ဘယ်တုန်းကမှ ကိုယ့်ကို နာကျင်စေချင်တဲ့စိတ် မရှိခဲ့သလိုပဲ။ ဘယ်တုန်းကမှလည်း ကိုယ့်ကို မကျရှုံးစေချင်သလိုမျိုးပဲ။ ကိုယ် ငိုချပစ်လိုက်တယ်။ မျက်ရည်လည်းမကျ၊ ဘာသံမှလည်း မထွက်ဘဲ ကိုယ် ငိုကြွေးမိနေတာပါ။ ပြီးတော့ နာကျင်အောင် ဆက်မလုပ်တော့ဖို့ သူ့ကို တောင်းပန်ချင်တယ်။

သူက ကိုယ့်ခံစားချက်ကို နားလည်နေတဲ့အလား ဇွတ်ဆွဲထူမ နေရာကနေ ရုတ်တရက် ရပ်သွားတယ်။ ပြီးတော့ သူ မတ်တတ်ရပ်လိုက်တယ်။ အဲဒီအချိန်မှာ ကိုယ့် ခံစားချက်တွေကို သူ ဘယ်တော့မှ နားလည်မှာ မဟုတ်မှန်း၊ နားလည်လည်း ကိုယ့်အတွက် စဉ်းစားပေးနေမှာ မဟုတ်တော့မှန်း သိလိုက်ရတာ။ ကိုယ် လဲကျနေတဲ့နေရာကနေ သူ ပြေးထွက်သွားတယ်။ ကိုယ်နဲ့ အဝေးနိုင်ဆုံး ဝေးတဲ့နေရာကို ဖြစ်မယ်။ ကိုယ် ဆက်မတွေးရဲတဲ့ အဖြစ်အပျက်တစ်ခုဆီကို ပြေးထွက်သွားတာလည်း ဖြစ်မယ်။ သူ့ကို ကိုယ် ဘာမှ ပြန်မလုပ်နိုင်တော့အောင် ပြိုလဲနေမှန်းသိလို့ စိတ်ချပြီး ထွက်သွားတာလည်း ဖြစ်နိုင်ပါတယ်။ သူ ပြေးထွက်သွားတဲ့ဘက်ကို ကိုယ် မကြည့်ဘူး။ ကြည့်လည်း မကြည့်ရဲဘူး။ အဲဒီအစား တစ်ကိုယ်လုံး ပဲ့ကြွေလုမတတ် ကိုက်ခဲနာကျင်နေတဲ့ ခံစားချက်တွေကို ပိုက်ပွေ့ထားရင်း အေးစက်လွန်းတဲ့ အမှောင်ထုထဲ ကိုယ် တိုးဝင်လိုက်တယ်။ အဲဒါ သေသွားတာသာ ဖြစ်ပါစေတော့လို့လည်း ဆုတောင်းလိုက်မိတယ်။

ကိုယ့် ဆုတောင်းမပြည့်မှန်း အဝါရောင်မျက်နှာကြက်ကို မြင်လိုက်ရခြင်းက သက်သေခံနေတယ်။ မျက်လုံးဖွင့်ဖွင့်ချင်း ကိုယ့်ကိုယ်ကို ဘယ်ရောက်နေမှန်း မသိဘူး။ ဘာဖြစ်နေမှန်းလည်း မသိဘူး။

လူစိမ်းကို အရင်ဆုံး သတိရတယ်။ စက္ကန့်အနည်းငယ်လောက်ကြာမှ ကိုယ်ဟာ ခုတင်ပေါ်မှာ ကန့်လန့်ဖြတ် လဲလျောင်းနေမှန်း သိတယ်။ လက်ထဲမှာလည်း ဖုန်းကို တင်းတင်းဆုပ်လို့။ ဖုန်းက အားလုံးဝ မရှိတော့။ အိပ်မက်မက်လိုက်တာပဲ။ အိပ်မက်ဆိုရင် ကိုယ့်ရင်ခွင်ရော ခန္ဓာတစ်ခုလုံးရော ဘာကြောင့် ဒီလောက်အထိ ကိုက်ခဲ နာကျင်နေရတာလဲ။ ဗိုက်ထဲမှာလည်း နေလို့ မကောင်းဘူး။ ကိုက်ခဲနေရတဲ့ကြားက အတင်း ကုန်းရုန်းထပြီး ရေချိုးခန်းထဲ သွားအန်ချလိုက်မှ နည်းနည်းနေသာတယ်။ အစာအိမ် ပြန်နာချင်နေပြီထင်တယ်။ 

လက်ဖက်ရည်တစ်ခွက်လောက် သောက်ချင်လိုက်တာ။ မီးဖိုခန်းထဲဝင်ပြီး ရေနွေးအိုးတည်မယ် တွေးတော့ ဗိုက်အောင့်နေတာကို လက်ဖက်ရည် သောက်မလို့လားလို့ ဆူမယ့်သူတွေမရှိတော့တဲ့ ကိုယ့်အကြောင်း ကိုယ် ပြန်စဉ်းစားမိတယ်။ ရင်ထဲနှင့်ခနဲ။ သေလောက်အောင် ဝမ်းနည်းသွားတယ်လို့ပြောရင် ပိုမှန်မယ်ထင်တယ်။ ငိုချင်တိုင်း ငိုချပစ်လို့မရတာကြီးက သိပ်ဆိုးဝါးတဲ့ ခံစားချက်မှန်း ကိုယ် ပိုပိုပြီး သိလာတယ်။ မျက်ရည်တွေနဲ့အတူ ခံစားချက်တချို့ကို စွန့်ထုတ် ပစ်လို့မရတာက တကယ်ကို ကျိန်စာတစ်ခုလိုပဲ။ 

လက်ဖက်ရည် သောက်ချင်တဲ့စိတ်ကို ကြိုးစားထိန်းချုပ်ရင်း ရေချိုးခန်းထဲကနေ ထပြီး အိမ်တံခါးတွေကို တစ် ပေါက်ချင်းစီ လိုက်ကြည့်တယ်။ တစ်အိမ်လုံး လုံလုံခြုံခြုံပဲ။ ကိုယ့်နှလုံးအိမ်ကတော့ ဟာလာဟင်းလင်း။ ယောင်ယမ်းပြီး ဝတ်ထားတဲ့ ထပ်အင်္ကျီရင်ဘတ်ကို လုံအောင် ဆွဲစေ့လိုက်တယ်။ ဘယ်လိုမှ လုံခြုံသွားမှာ မဟုတ်မှန်း သိနေပေမဲ့လည်းပေါ့။

တံခါးပေါက်တွေကို စစ်ဆေးနေရင်း အကျင့်ပါနေတဲ့ မျက်လုံးတွေက ဧည့်ခန်းစားပွဲဆီ ရောက်ပြန်တယ်။ စားပွဲအစွန်းမှာ ကိုယ့်ရဲ့ ကန္တာရအပင်လေးက မနေ့ညနေက တွေ့ခဲ့ရတဲ့အတိုင်း မပြောင်းလဲ။ အပင်လေးက သူ့ကိုယ်ပွားလေးတစ်ခုလို ကိုယ့်ကို အဖော်ပြုပေးတော့မယ့်ပုံစံမျိုး ဝင့်ဝင့်ကြွားကြွား။ စိတ်ထင်လို့လားမသိ နည်းနည်းတောင် ကြီးလာသလိုပဲ။

ပန်းအိုးရဲ့ ဘေးနားမှာတော့ မှောက်ထားတဲ့ ဓာတ်ပုံ စတန်းတစ်ခု ရှိတယ်။ ကိုယ့်မွေးနေ့က ကိုယ်ရယ်၊ ကိုယ့်ဘဝရဲ့ အချစ်ရဆုံးသူရယ်၊ ကိုယ်အခင်ရဆုံး သူငယ်ချင်းရယ် ရိုက်ထားတဲ့ ဓာတ်ပုံ။ သူတို့နှစ်ယောက်ကြောင့် ကိုယ် သိပ်ပျော်ခဲ့ရတဲ့ မွေးနေ့။ သူတို့ချစ်ခြင်းတွေနဲ့ ကိုယ် နွေးထွေးလုံခြုံခဲ့ရတဲ့နေ့။ အဲဒီ အချိန်ကသာ လောကကြီးဟာ ပြောင်းလဲတတ်တဲ့သဘော ရှိတယ်လို့ တစ်ယောက်ယောက်က ပြောလာရင် ကိုယ် အနည်းငယ်လောက်ဖြစ်ဖြစ် စောဒက တက်မိမယ် ထင်တယ်။

ကိုယ်က အလယ်ကနေ သူတို့နှစ်ယောက်ရဲ့ ပခုံးတွေကို ဖက်ပြီး အားပါးတရ အော်ရယ်နေတယ်။ သူငယ်ချင်းက ကိတ်မုန့်ပန်းကန်ကို လက်တစ်ဖက်နဲ့ ကိုင်ထားတယ်။ သူကတော့ သူ့ပခုံးပေါ်က ကိုယ့်လက်ကို ပြန်ဆုပ်ကိုင်ထားတယ်။ ရယ်နေတဲ့ ကိုယ့်ကို ချစ်ခြင်းတွေနဲ့ ဝေးလို့။ ကိုယ့်ခန္ဓာကိုယ်နဲ့ ကွယ်နေတဲ့ သူတို့လက်တွေကရော..။ အဲဒီအချိန်ကတည်းက တွဲထားကြပြီလား။ ချိုမြိန်လှတဲ့ သူ့နှုတ်ခမ်းရဲ့ နွေးထွေးမှုက အဲဒီအချိန်ကတည်းက ကိုယ့်တစ်ယောက်တည်းအတွက် ဟုတ်ပါသေးရဲ့လား။ မှောက်ထားတဲ့ ဓာတ်ပုံကို ပြန်လှန်ကြည့်မိတော့မတတ် စိတ်က အိပ်မက်ထဲက "မရည်ရွယ်ပါဘူး အမ်ရယ်" ဆိုတဲ့ စကားကို ပြန်ကြားယောင်လာပြီး မကြည့်ဖြစ်တော့။ 

သေချာတာတစ်ခုက ကိုယ် အချစ်ခင်ရဆုံးလူတွေလောက် ဘယ်လူစိမ်းကမှ ကိုယ့်ကို နာကျင်အောင် မလုပ်နိုင်ပါဘူး။


မိုးခကျော်သွင်

အမှတ် ၃၆၄၊ ဧပြီ ၂၀၂၀

ရွှေအမြုတေမဂ္ဂဇင်း



Comments