ခွေးကလေးနဲ့ အမျိုးသမီး @ ပါပီယွန်


ဇာတ်လမ်းအဖွင့်မှာ သက်လတ်ပိုင်းအရွယ် ရောက်နေပြီဖြစ်တဲ့ မိုက်ကယ်ကို မြင်ရတယ်။ ညက သူနဲ့အတူ အိပ်ခဲ့ဟန်တူတဲ့ အမျိုးသမီး ထွက်ခွာသွားချိန်မှာ ပြူတင်းပေါက် အပြင်ဖက်ကို မိုက်ကယ် ငေးတယ်။ ဂျုံးဂျုံးဂျက်ဂျက် မြည်သံပေးပြီး မိုးတဖွဲဖွဲမှာ ခုတ်မောင်းသွားတဲ့ မြို့ပတ်ရထားကို ပြတယ်။ မြို့ပတ်ရထားထဲမှာ မိုးရေတွေစိုရွှဲနေတဲ့ ကောင်လေးတစ်ယောက် ပါသွားတယ်။ အဲ့ဒီကောင်လေးဟာ မိုက်ကယ်ပါပဲ။

ဇာတ်လမ်း နောက်ကြောင်းပြန်တယ်။ ၁၉၅၉၊ အနောက်ဂျာမနီက နွိုင်းရှတတ် မြို့လေးမှာ မိုးတွေရွာနေတယ်။

အသက် ၁၅ နှစ်အရွယ် မိုက်ကယ် ဆိုတဲ့ ချာတိတ်လေးဟာ နေသိပ်ကောင်းဟန် မတူဘူး။ ဓာတ်ရထားပေါ်က ဆင်းလာပြီး မိုးရေထဲမှာ ဒယီးဒယိုင်နဲ့။ အဆောက်အဦ အဟောင်းတစ်ခုရဲ့ အပေါက်ဝနားရောက်တော့ သူ မဟန်နိုင်တော့ဘူး။ ထိုးအန်ချပစ်လိုက်တယ်။ နံရံကို မှီထားရင်း ထပ်အန်ချတယ်။ အဲ့ဒီမှာ အမျိုးသမီးတစ်ယောက် ရောက်လာပြီး သူ့ကို ဆွဲထူတယ်။ အန်ဖတ်တွေကို ဆေးကြောပေးတယ်။ အားငယ်နေတဲ့သူ့ကို ဆွဲပွေ့ထူပြီး အားပေးတယ်။ အိမ်ပြန်လိုက်ပို့ခဲ့တယ်။

လအနည်းငယ် ကြာပြီးတဲ့နောက် မိုက်ကယ် နေကောင်းလာတော့ သူ့အမေရဲ့ တိုက်တွန်းချက်အရ သူ့ကို အိမ်ပြန်ပို့ပေးခဲ့တဲ့ အမျိုးသမီးကို ကျေးဇူးစကားဆိုဖို့ ပန်းစည်းလေးနဲ့ ပြန်သွားရှာတယ်။ အဆောက်အဦ အဟောင်းကြီးရဲ့ မှောင်ကြောင်ကြောင် လှေကားတွေအတိုင်း တက်သွားရင်း အမျိုးသမီးရဲ့ အခန်းထဲ ရောက်သွားတယ်။ ပန်းစည်းပေးရင်း ကျေးဇူးတင်စကားဆိုရင်း သူတို့ စကားစမြည် ပြောကြတယ်။ နေမကောင်းဖြစ်လို့ အိပ်ရာထဲ နားနေရပေမယ့် စာတော့ အဖတ် မပျက်ကြောင်း မိုက်ကယ်က ပြောတော့ မီးပူတိုက်နေတဲ့ အဲ့ဒီအမျိုးသမီးရဲ့ မျက်နှာအမူအရာက တစ်မျိုးဖြစ်သွားတယ်။ ခဏနေတော့ မိုက်ကယ်က ပြန်တော့မယ်လို့ နှုတ်ဆက်တယ်။

ခဏစောင့် ငါလည်းလိုက်မယ် အလုပ်သွားမလို့၊ အဝတ်လဲလိုက်ဦးမယ်၊ အခန်းအပြင်က စောင့်နေလို့ အမျိုးသမီးက ပြောတယ်။

အိပ်ခန်းအပြင်က စောင့်နေတဲ့ ၁၅ နှစ်သား ချာတိတ်လေး မိုက်ကယ်ဟာ မရည်ရွယ်ပဲ ချောင်းကြည့်မိတယ်။ ရွှေရောင်ဆံနွယ် အတွန့်အလိုပ်တွေ ပိုင်ရှင် အသက် ၃ဝ ကျော် ခပ်လှလှ အမျိုးသမီးဟာ ကပိုကရိုနဲ့ ခြေအိတ်အရှည် ဝတ်နေတယ်။ ပေါင်တံ ဖြောင့်ဖြောင့်လှလှကို မြင်ရတဲ့အခါ လူပျိုပေါက်လေး မိုက်ကယ့်ရင်ထဲ ဗလာင်ဆူသွားတယ်။ အဲ့ဒီအချိန်မှာ ခေါင်းငုံ့ပြီး ခြေအိတ်စွပ်နေတဲ့ အမျိုးသမီးက မိုက်ကယ့်ကို ဆတ်ခနဲ လှမ်းကြည့်တော့ သူခိုးလူမိ ဖြစ်သွားရတယ်။ ရှက်ရွံ့ထိတ်လန့်စွာနဲ့ မိုက်ကယ် ထွက်ပြေးခဲ့တယ်။

နောက်ရက်တွေမှာ မြို့ပတ်ဓာတ်ရထားပေါ် လက်မှတ်စစ်အဖြစ် အလုပ်လုပ်နေတဲ့ အမျိုးသမီးကို တိတ်တိတ်လေး သွားခိုးကြည့်ရင်း မိုက်ကယ် ရင်ခုန်တယ်။ သူမနေတဲ့ အဆောက်အဦ ဟောင်းနား မယောင်မလည် သွားသွားလုပ်ရာက အလုပ်က ပြန်လာတဲ့ အမျိုးသမီးနဲ့ ပက်ပင်းတိုးတယ်။ အမျိုးသမီးဟာ ဘာမှမဖြစ်ခဲ့သလို မျက်နှာခပ်မာမာနဲ့ မိုက်ကယ့်ကို တိုက်အောက်က မီးသွေးပုံးတွေ အခန်းထဲ သယ်ခိုင်းတယ်။ မီးသွေးမှုန်တွေ ပေတလူးပြီး ကြောင်ချေးရုပ်ပေါက်နေတဲ့ မိုက်ကယ့်ကို မြင်တော့ ဟက်ပက်ပက် ရယ်တယ်။ မင်းဒီပုံနဲ့ အိမ်ပြန်လို့ မဖြစ်ပါဘူးလို့ ပြောတယ်။ အဝတ်တွေ အကုန်ချွတ်ခိုင်းတယ်။ ရေချိုးဇလားထဲ ဝင်ထိုင်ပြီး ရေချိုးခိုင်းတယ်။

ရေချိုးဇလားထဲက အဝတ်မဲ့ ချာတိတ်လေးမိုက်ကယ်ဟာ သူ့အဝတ်တွေကို လှန်းပေးနေတဲ့ အမျိုးသမီးကို ချောင်းကြည့်ရင်း ရင်ဖိုလှိုက်မောနေတယ်။ အဝတ်လှန်းရာက ပြန်လာတဲ့ အမျိုးသမီးက ရေသုတ်ဖို့ ပဝါလာအပေးမှာ ရေချိုးဇလားထဲ ပက်လက်လှန်နေတဲ့ မိုက်ကယ် ထိတ်လန့် တုန်လှုပ်သွားရတယ်။ သူမအဝတ်တွေ ဝတ်မထားတော့ဘူး။

ကျောပေးထားရင်း ရှက်ရွံ့နေတဲ့ မိုက်ကယ်ကို နောက်ကနေ သိုင်းဖက်ရင်း သူမ မေးတယ်။ “မင်းဒီကို ဒါကြောင့် ပြန်လာတာမလား” တဲ့။ ပြောပြောဆိုဆိုနဲ့ ဆွဲလှည့်ပြီး မျက်နှာချင်းဆိုင် ခိုင်းတယ်။ မိုက်ကယ်က ကတုန်ကယင်နဲ့ “ခင်ဗျားက အရမ်းလှတာကိုး” လို့ ပြန်ဖြေတယ်။

“မင်းဘာတွေ ဘာတွေ ပြောနေတာလဲ၊ ငါ့ကို ကြည့်စမ်း ကလေးရယ်” လို့ သူမ အပြောမှာ မိုက်ကယ်ဟာ ချုပ်တည်းနိုင်စွမ်း မရှိတော့ဘူး။

အဲ့ဒီနေ့က မိုက်ကယ် အိမ်အပြန် နောက်ကျလို့ အဆူခံရတယ်။ ညစာထမင်းဝိုင်းမှာ အဆူခံနေရတဲ့ မိုက်ကယ်ဟာ မျက်လုံးထဲ သူနဲ့ ဟိုအမျိုးသမီး ချစ်ပွဲဝင်ခဲ့တာတွေပဲ ပြန်မြင်ယောင်ပြီး ခပ်တည်တည်နဲ့ ကျနော် နေကောင်းပြီ၊ နက်ဖန်ကစပြီး ကျောင်းပြန်တက်တော့မယ်လို့ မိဘတွေကို ပြောလိုက်တယ်။

နောက်နေ့တွေမှာ မိုက်ကယ်ကျောင်းက လစ်ထွက်တယ်။ အဆောက်အဦး အဟောင်းကြီးဆီကို ပြေးတယ်။ အလုပ်ကပြန်လာတဲ့ အမျိုးသမီး အိမ်ပြန်အရောက်နဲ့ ကွက်တိပဲ။ နှစ်ယောက်သား ဒရောသောပါး အဝတ်တွေ ချွတ်ပစ်တယ်။ စကားတွေများများ အရင် မဆိုကြဘူး။ စိတ်လှုပ်ရှားစွာနဲ့ ချစ်ကြတယ်။ သူမဟာ အချစ်မှော်ဆရာမကြီး။ ချာတိတ်လေး မိုက်ကယ်ကို အချစ်လမ်းညွှန်ပေးတယ်။ ချစ်စခန်းဖွင့်အပြီးမယ် မိုက်ကယ်က သူမနာမည်ကို မေးတယ်။ မင်းဘာလုပ်မလို့ လဲလို့ ပြောရင်း ပြန်ဖြေတယ်။ သူမနာမည်က ဟန်နာရှမစ် တဲ့။ မမဟန်နာပေါ့။ မိုက်ကယ်ရဲ့ တိတ်တခိုးအချစ်ဦး မမဟန်နာ။ နောက်ရက် နောက်ရက်တွေမှာ မိုက်ကယ် ကျောင်းက လစ်တုန်းပဲ။ မမဟန်နာနဲ့ အရူးအမူးချစ်တယ်။ အိပ်ရာပေါ် လှဲနေကြရင်း မမဟန်နာက မေးတယ်။ မင်း ကျောင်းမှာ ဘာတွေ သင်နေတာလဲတဲ့။ မိုက်ကယ်က လာတင်ဘာသာနဲ့ စာနည်းနည်းရွတ်ပြတယ်။ သိပ်လှတယ်ကွာလို့ မမဟန်နာက ပြောရင်း ပြုံးနေရော။ သိပ်လှတယ်လို့ ပြောရအောင် မမကဖြင့် နားလည်း မလည်ပဲနဲ့လို့ ပြန်ပြောရင်း မိုက်ကယ်က တစောင်းလှဲအိပ်နေတဲ့ သူ့မမရဲ့ တင်ပါးချောချောမွှတ်မွှတ်ကို နမ်းတယ်။

ဂျာမန်လိုကော ဘာတွေသင်နေတာလဲ တဲ့။ အင်မီးလီးယား ဂါလောတီ ဆိုတဲ့ ပြဇာတ် ဖတ်ကြည့်ပါလားလို့ မိုက်ကယ်က ပြောရင်း စာအုပ်ကို ထိုးပေးတော့ မမဟန်နာက ဟင့်အင်း . . . မမကို ဖတ်ပြတဲ့။ ပြဇာတ်ဖတ်ပြနေတဲ့ မိုက်ကယ့်ကို မမဟန်နာက ပြုံးပြုံးလေးငေးရင်း ကြောင်ကလေးတစ်ကောင်လို ငြိမ်သက်စွာ နားထောင်နေခဲ့တယ်။

သူတို့နှစ်ဦးရဲ့ တိတ်တခိုး အချစ်ဇာတ်လမ်းဟာ သာမန်နဲ့မတူ အနည်းငယ် ထူးခြားတယ်။ မမဟန်နာဟာ အရာရာကို သံသယနဲ့ ကြည့်တတ်ပြီး တစ်ခါတစ်ခါမှာ ဒေါသကြီးတယ်။ ဥပမာ သူမ အလုပ်လုပ်နေတဲ့ ဓာတ်ရထားပေါ် မိုက်ကယ်ရောက်သွားပြီး လာခိုးကြည့်တာကို မြင်သွားတဲ့အခါ အိမ်ပြန်အရောက်မှာ ပြသနာတက်တယ်။ မင်း ငါ့ကို ဘာလို့ လာချောင်းကြည့်ရတာလဲဆိုပြီး ဒေါသူပုန် ထတယ်။ ဘာလို့ ငါ့ဆီ တိုက်ရိုက်မလာပဲ လာချောင်းရတာလဲပေါ့။ မိုက်ကယ်က ညှိုးငယ်စွာနဲ့ ကျနော် မမကို စိတ်ပျက်အောင် တမင်လုပ်တာ မဟုတ်ပါဘူးဗျာ လို့ ပြန်ပြောတော့ ရေချိုးဖို့ပြင်နေတဲ့ အဝတ်ဗလာနဲ့ မမဟန်နာက မိုက်ကယ့်အနား ပြေးလာပြီး အော်တယ်။ မင်းငါ့ကို စိတ်ပျက်အောင် မလုပ်နိုင်ဘူး ဆိုတာ မြဲမြဲမှတ်ထားလိုက်။ မင်း အဲ့လောက် အဆင့်မရှိဘူးကွ တဲ့။ ချာတိတ်လေး မိုက်ကယ် အင်မတန် ဝမ်းနည်းသွားရတယ်။ အခန်းအပြင်ထွက်ပြီး မျက်ရည်ကျရတယ်။ ငိုလို့အားရတဲ့အခါ အခန်းထဲပြန်ဝင်ပြီး ရေချိုးဇလားထဲ ရေစိမ်နေတဲ့ မမ ဟန်နာကို မေးတယ်။ ခုနက ပြောတာ တကယ်လား မမရာ တဲ့။ ကျနော်က မမအတွက် ဘာမှ မဟုတ်ဘူးလားတဲ့။ မမ ကျနော့်ကို ခွင့်လွှတ်တယ်မလား၊ ကျနော့်ကို ချစ်တယ်မလား၊ အဲ့လိုတွေ မိုက်ကယ်က မေးတဲ့အခါ မမဟန်နာက စိတ်ရှုပ်နေတဲ့ဟန်နဲ့ စိုက်ကြည့်ရင်း ခေါင်းညိတ်ပြတယ်။

ရေချိုးပြီးစီးလို့ မမဟန်နာ ဆံပင် ကပိုကရိုတွေကို ခြောက်အောင် သုတ်နေတဲ့အချိန် မိုက်ကယ်က ထုံးစံအတိုင်း ချစ်ခန်းဖွင့်ဖို့အဝတ်တွေ ချွတ်တယ်။

“မင်းဘာစာအုပ်ပါလာလဲ” တဲ့။

“ဟိုးမားရဲ့အိုဒက်ဆီ” လို့ ပြန်ဖြေတော့၊ “ကောင်းပြီ၊ ငါတို့ အစီအစဉ်ပြောင်းတယ်၊ မမကို စာအရင်ဖတ်ပြပြီးမှ ချစ်ကြမယ်” တဲ့။

မိုက်ကယ်က အိုဒက်ဆီကို ဖတ်ပြ။ မမဟန်နာက မီးဖိုချောင်ထဲ အလုပ်လုပ်ရင်း နားထောင်။ စာဖတ်ပြနေတဲ့ မိုက်ကယ့်ကို မွှေးမွှေးပေး။ အဲ့လိုနဲ့ အဆင်ပြန်ပြေသွားကြရော။

အဲ့ဒီလိုနဲ့ နေ့တွေရက်တွေ ကုန်လွန်ခဲ့ကြပြန်တယ်။ မိုက်ကယ် စာဖတ်ပြတယ်။ ဖတ်ပြတဲ့ ဇာတ်လမ်းပေါ် မူတည်ပြီး မမဟန်နာက ငိုတယ်၊ ရယ်မောတယ်၊ တစ်ခါတလေ စိတ်ဆိုးတယ်။ ဥပမာ ရေချိုးဇလားထဲ တူတူရေစိမ်ကြရင်း လေဒီချတ်တလေ၏ ချစ်သူ စာအုပ်ကို ဖတ်ပြတော့ မမ ဟန်နာက စိတ်ဆိုးတယ်။ ရွံစရာကောင်းတဲ့ ညစ်ညမ်းစာအုပ်ကြီးတဲ့။ ဒါပေမယ့် ဆက်ဖတ်စမ်းကွာ တဲ့။ တစ်ရက်မှာ သူတို့နှစ်ယောက် စက်ဘီးကိုယ်စီနဲ့ အပျော်ခရီး ထွက်ကြတယ်။

ကျေးလက်ဒေသတခွင်ကို စက်ဘီးလျှောက်နင်းကြရင်း စားသောက်ဆိုင်တစ်ခုမှာ ထိုင်တော့ မမဟန်နာက မီနူးကို ကြည့်ရင်း မိုက်ကယ်မှာတာပဲ စားမယ်လို့ ပြောတယ်။ ဘေးဝိုင်းက ကျောင်းသားလေးတွေ မီနူးကတ်ကို ဖတ်ရင်း ငြင်းခုံနေတာကို ငေးတယ်။ စားသောက်ပြီး ပိုက်ဆံရှင်းတော့ ဆိုင်ရှင် အန်တီကြီးက မိုက်ကယ့်ကို ပြောတယ် မင့်အမေလားတဲ့။ မိုက်ကယ်က ခပ်တည်တည်ပဲ သူ့ကို ရပ်စောင့်နေတဲ့ မမဟန်နာဆီ လျှောက်သွားပြီး မွှတ်မွှတ်သိပ်သိပ် နမ်းပြပစ်လိုက်တဲ့အခါ ဟိုအန်တီကြီး ရှက်သွားရော။

ခရီးဆက်ကြရင်း တစ်နေရာအရောက်မှာ ခဏနားကြတော့ မမဟန်နာဟာ ဘုရားရှိခိုး ကျောင်းအိုလေးထဲက နောက်ဆုံးခုံတန်းမှာ ဝင်ထိုင်တယ်။ ကလေးတွေရဲ့ ဓမ္မတေး သံပြိုင်ဆိုနေသံကို နားထောင်ရင်း မျက်ရည်လည်ရွဲနဲ့ မိုက်ကယ့်ကို ပြုံးပြတယ်။ အဲ့ဒီက ထွက်လာတော့ မမဟန်နာက စမ်းချောင်းလေးထဲမှာ ရေကူးတယ်။ မိုက်ကယ်က ကမ်းပါးမှာထိုင်ရင်း မမအတွက် ကဗျာတစ်ပုဒ် ရေးခဲ့တယ်။

သူတို့နှစ်ယောက်ရဲ့ ချစ်ခရီးက တစ်နွေလုံး ကြာခဲ့တယ်။ အဆင်ပြေသလားမေးရင် မမဟန်နာက တစ်ခါတစ်ခါမှာ မိုက်ကယ့်ကို လွှမ်းမိုးလွန်းတယ်။ ဒေါသတကြီး အော်ဟောက်တယ်။ ပါးချတယ်။ ဒါပေမယ့် ကလေးလေးတစ်ယောက်လို ရေချိုး ပွတ်တိုက် သန့်စင်ပေးပြီး ချစ်ပြ ဂရုစိုက်ပြပြန်ရော။ စာဖတ်ခိုင်းတယ်။ ပြီးရင် အရူးအမူး ချစ်ပွဲဝင်ကြပြန်တယ်။

တစ်နေ့မှာ မိုက်ကယ်တစ်ယောက် မမဟန်နာ့ အခန်းဆီအရောက် ဗလာကျင်းနေတဲ့ အခန်းလွှတ်ကိုသာ ရှာတွေ့ခဲ့တယ်။ မမဟန်နာ ပျောက်ဆုံးသွားခဲ့ပြီ။ ဇာတ်ဝင်ခန်း တစ်နေရာမှာ ဟန်နာရှမစ်ကို အလုပ်ကြိုးစားလို့ လက်မှတ်စစ်ရာထူးကနေ မြို့ပတ်ဓာတ်ရထားမောင်းသူ ရာထူး တိုးပေးလိုက်ပြီဖြစ်ကြောင်း ပြထားတယ်။

မမဟန်နာ ပျောက်ဆုံးသွားပြီး ၇ နှစ်အကြာမှာ ဟိုက်ဒင်ဘတ်ဂ် ဥပဒေကျောင်းမှာ မိုက်ကယ်ဟာ ဥပဒေအထူးပြု ကျောင်းသားဖြစ်နေပြီ။ တက္ကသိုလ်က သူ့ပရော်ဖက်ဆာဖြစ်သူဟာ နာဇီခေတ်ကို အထူး စိတ်ဝင်စားသူ ဖြစ်တယ်။ စစ်ကြီးအတွင်းက ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေအတွက် ဂျာမန်လူမျိုးတွေရဲ့ အပြစ်မကင်းတဲ့ ခံစားချက်တွေအကြောင်း လေ့လာတယ်။ မိုက်ကယ်နဲ့ အတန်းဖော် ခေတ်ပြိုင်တွေဟာ သူတို့ မိဘတွေမျိုးဆက်ရဲ့ နာဇီခေတ်က ဖြတ်သန်းမှုတွေကို မကျေနပ်ဟန် ပြထားတယ်။ တစ်ရက်မှာ ပရော်ဖက်ဆာ ဦးဆောင်ပြီး သူတို့ တစ်တန်းလုံး နာဇီ စစ်တရားခံတစ်စုရဲ့ တရားစီရင် ကြားနာမှုတစ်ခုကို သွားရောက် လေ့လာကြတယ်။

“မင်းဟာ ၁၉၂၂ ခုနှစ် ဟာမန်းရှတတ်မှာ မွေးတဲ့ ဟန်နာရှမစ် ဟုတ်ပါသလား” ဆိုတဲ့ တရားသူကြီးရဲ့ မေးခွန်းထုတ်သံကိုကြားတဲ့အခါ မိုက်ကယ် တုန်လှုပ်သွားတယ်။

နှစ်ပေါင်းများစွာ ထွက်ပြေးပုန်းရှောင်သွားတဲ့ မမဟန်နာကို နာဇီစစ်တရားခံအဖြစ်နဲ့ တရားခွင်မှာ ပြန်မြင်ရပြီ။

“ဘာလင်မြို့က ကမ္ဘာကျော် ဇီးမန်းစက်ရုံမှာ အလုပ်လုပ်နေရာကနေ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ နာဇီ အက်စ်အက်စ်တပ်ဖွဲ့ကို ဝင်သွားခဲ့တဲ့ ဟန်နာရှမစ်၊ မင့်သဘောနဲ့မင်း ဝင်ခဲ့တာလား” ဆိုတာကို “ဟုတ်တယ်” လို့ အစစ်ခံတယ်။ “ကမ္ဘာကျော် အော့ဇ်ဝတ်ရှ် အကျဉ်းစခန်းမှာ အစောင့်လုပ်ခဲ့တယ်၊ နောက်တော့ ကရာကောနားက အသေးစား အကျဉ်းစခန်းကို ပြောင်းတယ် ဟုတ်ပါသလား” ဆိုတာကို ဝန်ခံတယ်။

ကြားနာမှုက အပြန်မှာ မိုက်ကယ်ဟာ ဆောက်တည်ရာ မရတော့ဘူး။ တစ်ခါက သူ အင်မတန် ချစ်ခဲ့ရသူ ခပ်ချောချော အမျိုးသမီးဟာ ကမ္ဘာကျော် မျိုးဖြုတ်သုတ်သင်မှုကြီးထဲ ပါဝင်ခဲ့ဖူးတဲ့ နာဇီတရားခံတစ်ယောက်တဲ့လား။

နောက်ထပ် ရုံးချိန်းတွေမှာ အစွပ်စွဲခံ နာဇီတရားခံ အမျိုးသမီး ၆ ယောက်ထဲက ဟန်နာရှမစ်ဟာ အဓိကနေရာက အစစ်ဆေးခံရတယ်။

လစဉ်လတိုင်း အကျဉ်းသားအသစ်တွေအတွက် နေရာမရှိတဲ့အတွက် အကျဉ်းသားဟောင်းတွေကို သုတ်သင်ဖို့ လူရွေးထုတ်တဲ့အခါ သူမတို့ အစောင့် ၆ ယောက်က ရွေးထုတ်ပေးရကြောင်း ဝန်ခံတယ်။ ကျန်တဲ့ အမျိုးသမီးတွေက ငြင်းတယ်။ အရွေးခံ အကျဉ်းသားတွေ အသတ်ခံရတော့မှာ မင်းသိတယ် မဟုတ်လားလို့ တရားသူကြီးက မေးတဲ့အခါ ဟန်နာရှမစ်က တရားသူကြီးမင်း ဆိုရင်ကော ဘာလုပ်မလဲလို့ ခပ်မာမာ ပြန်ချေပတယ် (မပါးနပ်ဘူး ခပ်ရိုးအအရယ်)။

နောက်ထပ်စွဲချက်တစ်ခုက ရပ်ရှားတွေရဲ့ ဗုံးဒဏ်ကြောင့် အကျဉ်းသားတွေနဲ့အတူ ပုန်းရှောင်ရတဲ့ တစ်ညမှာ ရွာလေးတစ်ရွာကို သူတို့ ရောက်သွားတယ်။ အကျဉ်းသား အမျိုးသမီးတွေကို ချာ့ခ်ျကျောင်းထဲထည့်ပြီး သော့ပိတ်ထားခဲ့တယ်။ ညဖက် ဗုံးကြဲခံရတဲ့အခါ အကျဉ်းသူ ၃ဝဝ ထည့်ထားခဲ့တဲ့ ချာ့ချ်ကျောင်း မီးလောင်တယ်။ အစောင့်တွေက သော့မဖွင့်ပေးဘူး။ အကုန် မီးလောင်ခံရပြီး သေဆုံးတယ်။ အဲ့ဒီအမှုမှာလည်း ဟန်နာရှမစ်ဟာ အဓိက တာဝန်ရှိသူလို့ အစွပ်စွဲ ခံရတယ်။ အက်စ်အက်စ်တပ်ဖွဲ့ရဲ့ အစီရင်ခံစာကို ရုံးတော်မှာ တင်ပြတဲ့အခါ လက်မှတ်ထိုးထားတာ ဟန်နာရှမစ် ဖြစ်နေတယ်။ ဘာဖြစ်လို့ တံခါးသော့ မဖွင့်ပေးတာလဲလို့ တရားသူကြီးက မေးတာကို ဟန်နာရှမစ်က တာဝန်အရ အကျဉ်းသားတွေ လွတ်မြောက်ခွင့် ပေးလို့မရဘူးလို့ အစစ်ခံတယ်။ လွတ်သွားရင် မင်းကို အက်စ်အက်စ်အဖွဲ့က ဒဏ်ခတ်လိမ့်မယ်ပေါ့ ဟုတ်သလားလို့ မေးတာကို ပါးပါးနပ်နပ် မဖြေတတ်ဘူး။ တရားသူကြီးမင်းသာ ကျမနေရာမှာဆို ဘာလုပ်မလဲပဲ ထပ်ပြောပြန်တယ်။

အကျဉ်းသားတွေထဲက မသေပဲ ကျန်ရစ်သူ သားအမိရဲ့ အစစ်ခံချက်အရ ဟန်နာရှမစ်ဟာ တမူ ထူးခြားနေတယ်။ အကျဉ်းသူ ကလေးမလေးတွေကို အနားခေါ်ထားပြီး စာအုပ်တွေ အမြဲ ဖတ်ပြခိုင်းတတ်တယ်တဲ့။

နောက်ဆုံးအစီရင်ခံစာကို ဘယ်သူရေးသလဲ မေးတာကို ဟန်နာရှမစ်က ကျမတို့ တစ်ဖွဲ့လုံး အတူတူ ရေးတာပါလို့ အစစ်ခံတယ်။ ကျန်တဲ့ တရားခံတွေက၊ မဟုတ်ဘူး ဟန်နာရေးတာ၊ အစီရင်ခံစာမှာ သူကိုယ်တိုင် လက်မှတ်ထိုးတာ ကြည့်ပါလို့ ချေပတယ်။ တရားသူကြီးက ဟန်နာ့ကို ရုံးတော်မှာ လက်ရေးနမူနာ ရေးပြခိုင်းတယ်။ ဟန်နာရှမစ် တုန်လှုပ်သွားတယ်။ မရေးပြတော့ဘူး။ ကျမရေးတဲ့ အစီရင်ခံစာပါလို့ ဝန်ခံလိုက်တယ်။

မိုက်ကယ်ဟာ အံ့ဩတုန်လှုပ်စွာနဲ့ ပရိသတ်ထဲကနေ သူ့မမဟန်နာကို ငေးကြည့်နေခဲ့တယ်။

မိမိကိုယ်ကိုယ် ခုခံကာကွယ်ဖို့တောင် နားမလည်တဲ့ ခပ်အအ တရားခံမ။ လက်ရေး နမူနာ အယူမခံတဲ့အခါ မိုက်ကယ် အကုန်လုံးကို နားလည်သွားခဲ့ပြီ။ သူတို့နှစ်ဦး ချစ်ရည်လူးခဲ့စဉ်က ဘာလို့ စာဖတ်ပြခိုင်းခဲ့တာလဲ။ အပျော်ခရီးထွက်စဉ်က စားသောက်ဆိုင်မှာ မီနူးမဖတ်ပဲ သူ့ကို မှာခိုင်းခဲ့တာလဲ။ စာမတတ်ဘူး၊ မမဟန်နာဟာ စာမရေးတတ် မဖတ်တတ်ခဲ့ဘူး။ နွိုင်းရှတတ်မြို့ကလေးမှာ လက်မှတ်စစ်လုပ်နေရာက ဓာတ်ရထားမောင်းရာထူး တိုးအပေးမှာ ထွက်ပြေးခဲ့ရတာ စာမတတ်လို့။ ဇီးမန်းစက်ရုံမှာ အလုပ်လုပ်နေရာက ရာထူးအတိုးမှာ စာမတတ်တဲ့အတွက် ထွက်ခဲ့ရာက နာဇီအက်စ်အက်စ်တပ်ဖွဲ့ထဲ အစောင့်အလုပ်ဝင်လုပ်ခဲ့တာ ဘာလို့လဲ၊ စာမတတ်လို့။ ကိုယ်စာမတတ်မှန်း လူသိမခံဝံ့လို့ အရှက်ကြီးလွန်းလို့ ခုအခါမှာ ကိုယ်ကျိုးနည်းရတော့မယ်။

ပရိသတ်ထဲက ငေးနေတဲ့ မိုက်ကယ်ဟာ ဆောက်တည်ရာမရဘူး။ လူတွေမသိတဲ့ ဟန်နာ့ လျှို့ဝှက်ချက်ကို တရားသူကြီး သိသွားရင် ဘယ်လိုဖြစ်နိုင်မလဲ။ အပြစ်က မလွှတ်တောင် ကျန်တဲ့ တရားခံတွေနဲ့အတူတူ လျော့ပေါ့သွားနိုင်မလား။ ခုလောလောဆယ်တော့ အကုန်လုံး သူမအပေါ် ပုံကျနေပြီ။

အဲဒီ ရုံးချိန်းအပြီးမှာ မိုက်ကယ်ဟာ သူ့ဆရာ ပရော်ဖက်ဆာနဲ့ အမှုအကြောင်း ဆွေးနွေးတယ်။ တရားခံမ စာမတတ်ကြောင်း သူသိတယ်ပေါ့။ သူရှက်လို့ ဖုံးထားတာ။ ဒါကိုသာ ရုံးတော်က သိရင် အနည်းဆုံး အပြစ်လျှော့ပေါ့ နိုင်တယ်ပေါ့။ ပရော်ဖက်ဆာက မိုက်ကယ့်ကို ပြောတယ်၊ မင်း အဲ့ဒီအမျိုးသမီးနဲ့ စကားပြောပြီးပြီလားတဲ့။

မိုက်ကယ် တစ်ယောက် ဟန်နာရှမစ်ဆီ ထောင်ဝင်စာသွားတွေ့ဖို့ ကြိုးစားတယ်။

ထောင်ဝင်စာတွေ့တဲ့ အခန်းထဲ ဟန်နာရှမစ် စောင့်နေတဲ့နေရာကို သွားတဲ့ မြေကွက်လပ်ကို အဖြတ်မှာ မိုက်ကယ် စိတ်ပြောင်းသွားတယ်။ ချာခနဲ လှည့်ပြီး ဂိတ်ပေါက်ဝဆီ ပြန်လျှောက်သွားခဲ့တယ်။ ဘယ်သူမှန်းမသိ ထောင်ဝင်စာ လာတွေ့တယ်ဆိုလို့ စောင့်နေတဲ့ ဟန်နာရှမစ်ဆီ ဘယ်သူမှ ပေါ်မလာခဲ့ပါ။

အဲ့ဒီညမှာ မိုက်ကယ်ဟာ သူ့ကို သဘောကျဟန်ပြတဲ့ တက္ကသိုလ်က အတန်းဖော် ကောင်မလေးရဲ့ အခန်းကို သွားလည်တယ်။ လိင်ဆက်ဆံတယ်။ ကိစ္စပြီးတဲ့အခါ အသာအယာထပြီး အခန်းအပြင် ထွက်တယ်။ ကောင်မလေးက ဘာလုပ်တာလဲလို့ မေးတာကို ဆောရီး ငါ့ဖာသာ တစ်ယောက်တည်း အိပ်ချင်လို့လို့ ပြန်ဖြေပြီး ထားပစ်ခဲ့တယ်။ ကိုယ့်အိပ်ရာ ပြန်ရောက်တော့ မမဟန်နာကို ပြင်းပြင်းပျပျ သတိရနေခဲ့တယ်။ (ယောက်ျားတွေဟာ မိမိ မစုံမက်သူနဲ့ တူတူ မအိပ်ချင်ကြဘူး)။

နောက်ဆုံးရုံးချိန်းမှာ ပရိသတ်တွေဟာ နာဇီတရားခံတွေကို အော်ဟစ်ဆဲဆိုကြတယ်။ ရုံးတော်က ကျန်တဲ့ တရားခံအမျိုးသမီးတွေကို ၄ နှစ်နဲ့ ၃ လ ထောင်ချပြီး၊ လူ ၃ဝဝ မီးလောင် သေဆုံးမှုအတွက် အဓိကတရားခံ ဟန်နာရှမစ်ကို ထောင်ဒဏ်တစ်သက် ချမှတ်လိုက်တယ်။ ဒဏ်ရာ အနာတရနဲ့ မိုက်ကယ်ဟာ အိမ်ထောင်ကျတယ်။ သမီးတစ်ယောက် ရတယ်။ အိမ်ထောင်ကွဲတယ်။

ဟန်နာရှမစ် ထောင်ထဲရောက်တာ ၈ နှစ်လောက် ကြာသွားတဲ့အခါ တစ်နေ့မှာ ပါဆယ်ထုပ်တစ်ခု လက်ခံရရှိတယ်။ ကက်ဆက်နဲ့ တိတ်ခွေလေးတွေ ဖြစ်နေတယ်။ ဇဝေဇဝါဖြစ်နေတဲ့ ဟန်နာ တိတ်ခွေကို ကက်ဆက်ထဲထည့်ပြီး ဖွင့်ကြည့်တဲ့အခါ . . . ဟိုးမားရဲ့ အိုဒက်ဆီ ဆိုတဲ့ စာဖတ်သံ ထွက်ကျလာတယ်။

တုန်ခါနေတဲ့ လက်ချောင်းတွေနဲ့ ချက်ချင်း ခလုတ်ပိတ်မိတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ကလေးလို့ သူမ ခေါ်ခဲ့ဖူးတဲ့ မိုက်ကယ်ရဲ့ စာဖတ်သံပါလား။ ကက်ဆက်ခလုတ်ကို နှိပ်ပြီး ထပ်ဖွင့်ကြည့်တယ်။ မိုက်ကယ်မှ မိုက်ကယ်အစစ်ပဲ။ ဟိုး အရင်တုန်းကလိုပဲ ဟိုးမားရဲ့ အိုဒက်ဆီကို ဖတ်ပြနေတယ်။ ဟန်နာရှမစ်ဟာ မျက်ရည်တွေကြားထဲက ကက်ဆက်ထဲက စာဖတ်သံကို နားထောင်လို့။

နောက်ထပ် နောက်ထပ် ကက်ဆက်ခွေတွေဟာ ဟန်နာရှမစ်ဆီကို ဆက်တိုက်ပဲ ရောက်လာတယ်။ စာအုပ်ပေါင်းမြောက်များစွာကို မိုက်ကယ်က ဖတ်ပြနေတယ်။

တစ်နေ့မှာ ဟန်နာ့ထံ ရောက်လာတဲ့ ကက်ဆက်ခွေ အသစ်ဟာ အန်တန်ချက်ကော့ဖ်ရဲ့ ခွေးကလေးနဲ့အမျိုးသမီး စာအုပ်ဖြစ်နေတယ်။ တစ်ခါက မိုက်ကယ်ကိုယ်တိုင် ဖတ်ပြပြီး ဟန်နာ သိပ်ကြိုက်တဲ့ စာအုပ်လေး။ ဟန်နာရှမစ် ထောင်စာကြည့်တိုက်ကို သွားတယ်။ ခွေးကလေးနဲ့ အမျိုးသမီး စာအုပ်ကို ငှားတယ်။ သူ့အခန်းပြန်ရောက်တော့ စာအုပ်ကို အသင့်အနေထား ဖွင့်ထားရင်း ကက်ဆက်ခွေကို ဖွင့်တယ်။ ခွေးကလေးနဲ့ အမျိုးသမီး ဆိုတဲ့ အသံကို နားထောင်ပြီး စာလုံးတွေကို လိုက်မှတ်တယ်။ ဟန်နာရှမစ်ဟာ မိမိဖာသာ စာဖတ်ဖို့ စကြိုးစားခဲ့ပြီ။

တစ်နေ့မှာ မိုက်ကယ့်ဆီ စာတစ်စောင် ရောက်လာတယ်။ ပေးပို့သူက ဟန်နာရှမစ်တဲ့။ ကလေးတစ်ယောက်ရဲ့လက်ရေးမျိုးနဲ့ ရေးထားတဲ့ စာက တိုတိုလေး။

“ပို့ပေးတဲ့ နောက်ဆုံး အခွေတွေအတွက် ကျေးဇူးတင်ပါတယ် ကလေးရယ်၊ ငါကြိုက်ပါတယ်” တဲ့။

မိုက်ကယ်ဟာ နောက်ထပ် ကက်ဆက်ခွေတွေ ထပ်ပို့ပေးနေပေမယ့် ဟန်နာ့ဆီ စာမပြန်ပါ။ တဖြေးဖြေး စာတတ်ကျွမ်းလာတဲ့ ဟန်နာ့ထံကသာ စာလေးတွေ တဖွဲဖွဲ ရောက်လာနေခဲ့တယ်။

အဲ့ဒီလိုနဲ့ နှစ်ပေါင်းများစွာအကြာ ဟန်နာရှမစ်ဟာ ထောင်ထဲမှာ ၁၇ နှစ် ကြာသွားခဲ့ပြီး တစ်နေ့မှာ ထောင်ဝါဒါက မိုက်ကယ့်ဆီ ဖုန်းဆက်ပါတယ်။ ဟန်နာနဲ့ မိုက်ကယ် ဘာတော်စပ်မှန်း သူ မသိပါဘူး။ သို့သော် ဟန်နာဟာ မကြာခင် ထောင်က လွတ်ပါတော့မယ်။ ဆွေမျိုးညာတိမရှိတဲ့ ဟန်နာဟာ အပြင်လောကမှာ အသက်ဆက်ရှင်ဖို့ မလွယ်ပါဘူး။ မိုက်ကယ် ကူညီနိုင်မလားလို့ မေးတယ်။

ဒီလိုနဲ့ မိုက်ကယ်ဟာ ထောင်ထဲ လိုက်သွားခဲ့တယ်။ ထောင်ဝါဒါရဲ့ လမ်းညွှန်မှုနဲ့ ထမင်းစား စားပွဲမှာ ထိုင်နေတဲ့ ဟန်နာရှမစ်ရှေ့ကို ရောက်သွားပြီး မျက်နှာချင်းဆိုင် ထိုင်မိတယ်။ နှစ်ယောက်သား ဝမ်းနည်းဆို့နင့်နေတဲ့ အကြည့်နဲ့ ငေးနေကြတယ်။ ဟန်နာရှမစ်က လက်ကမ်းပေးတဲ့အခါ မိုက်ကယ်က အသာဖွဖွ တို့ထိတယ်။

“မင်း အရွယ်ရောက်ခဲ့ပြီကော ကလေးရယ်” တဲ့။ တစ်ခေါင်းလုံး ဖွေးဆွတ်နေတဲ့ ဆံပင်ဖြူတွေ ဖုံးနေတဲ့ အဘွားအိုလေး ဟန်နာက စကားစတယ်။

မိုက်ကယ်က သူ့လက်ကို ရုတ်လိုက်တယ်။ စကားစတယ်။ အလုပ်အကိုင်တစ်ခု စီစဉ်ပေးနိုင်ကြောင်း၊ အခန်းလေးတစ်ခု နေဖို့ ဖန်တီးပေးနိုင်ကြောင်းပေါ့။ ဟန်နာက ကျေးဇူးပါလို့ တိုးတိုး ပြောတယ်။

ဟန်နာ့အခန်း အနီးနားမှာ စာကြည့်တိုက်လည်း ရှိကြောင်း မိုက်ကယ်က ဆက်ပြောတယ်။ ဒီနှစ်ပိုင်း စာတွေ အရမ်းဖတ်ဖြစ်တယ် မဟုတ်လားလို့ မေးတော့ ဟန်နာက ငါ့ကို စာဖတ်ပြတာ ပိုကြိုက်တာလို့ ငေးရင်းပြန်ဖြေတယ်။ ခုတော့ ဒါတွေပြီးပြီပေါ့နော် တဲ့ (ဖတ်မပြတော့ဘူးပေါ့ နော်ပေါ့)။

အတိတ်အကြောင်း တွေးဖြစ်သေးလား လို့ မိုက်ကယ်က မေးတော့ မင်းနဲ့ငါ့ရဲ့ အတိတ်လားလို့ ဟန်နာက ပြန်မေးတယ်။ မိုက်ကယ်က ခါးသီးဟန်နဲ့ မဟုတ်ဘူး အဲ့ဒါ မဟုတ်ဘူးလို့ ငြင်းတယ်။

သူတို့ စကားဆက်ပြောတာ အဆင်မပြေတော့ဘူး။ တစ်ချိန်က အင်မတန်ချောတဲ့ ဟန်နာရှမစ်ဟာ လူအိုနံ့နံနေတဲ့ အဘွားအိုလေး ဖြစ်နေပြီ။ အဲ့ဒါကို မိုက်ကယ်က ရွံရှာသလို ဖြစ်လာတယ်။ သူမဟာ အတိတ်က လုပ်ရပ်တွေကို သင်ခန်းစာယူဟန် မတူဘူးလို့ သူက မြင်နေတယ်။ နောက်အပတ် ထောင်ကလွတ်ရင် လာကြိုမယ်လို့ မိုက်ကယ်က ပြောရင်း ထတယ်။ ပြန်ခါနီးမှာ ဟန်နာရှမစ်ဟာ မိုက်ကယ့်ကို ခပ်စူးစူးတစ်ချက် စိုက်ကြည့်တယ်။ ဟိုး လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ချာတိတ်လေး မိုက်ကယ်ကို ပုန်းရှောင်စွန့်ခွာတော့မယ့် နောက်ဆုံးအကြိမ်က စိုက်ကြည့်ခဲ့တဲ့ မမဟန်နာရဲ့ အကြည့်မျိုးနဲ့။

နောက်တစ်ပတ်မှာ မိုက်ကယ်ဟာ ပန်းစည်းလေးကိုင်လို့ ဟန်နာရှမစ်ကို လာကြိုတဲ့ အခါ ဘဝတစ်ခုလုံး ကွဲကြေသွားဟန်တူတဲ့ ဟန်နာရှမစ်တစ်ယောက် ထောင်က လွှတ်မယ့်နေ့မှာပဲ မိမိကိုယ်ကိုယ် သတ်သေသွားပြီဖြစ်ကြောင်း သိလိုက်ရပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားအပေါ် ကျနော့် ခံစားမှုကို ရေးပြချင်လွန်းလို့ ဇာတ်ကြောင်း အစအဆုံးနီးပါး မှတ်မိသလောက် ပြန်ရေးပြခဲ့မိပါတယ်။ အတိအကျကြီး မဟုတ်ပေမယ့် ဇာတ်ကြောင်း အကုန်နီးပါး ရေးလိုက်မိသွားတယ်။ အခုရေးပြခဲ့တဲ့ The Reader ဇာတ်ကားဟာ ကျနော် အင်မတန် ကြိုက်ခဲ့ဖူးတဲ့ ဒရာမာ ရုပ်ရှင်တွေဖြစ်တဲ့ The English Patient တို့ Atonement တို့ လို ဇာတ်ကားတွေနဲ့မတူ တမူ ကွဲလွန်းပါတယ်။ အထူးသဖြင့် ဇာတ်လမ်းသွားဟာ ပုံမှန်မဟုတ်ပါဘူး။ အငြင်းပွားဖွယ်ရာ ကာရိုက်တာတွေနဲ့ ဖွဲ့စည်းထားပြီး အဓိက ဇာတ်ကောင်နှစ်ယောက်ရဲ့ ဆက်ဆံရေးဟာ လူမှုအသိုက်အဝန်းက လက်မခံတဲ့ အချစ်ရေးမျိုး ဖြစ်နေပါတယ်။ ညစ်ညမ်းတယ်လို့ ထင်ရတဲ့ ပြကွက်တွေဟာ ပရိသတ် ကျနော့် နှလုံးသွေးကို ပွက်ပွက်ဆူစေပါတယ်။ ၁၉၂၂ ခုနှစ် မှာ မွေးတဲ့ ဟန်နာရှမစ်ဟာ၊ မိုက်ကယ်ဘာ့ဂ်နဲ့ ချစ်ကြိုးသွယ်တဲ့ ၁၉၅၉ ခုနှစ်မှာ အသက် ၃၆ နှစ် ရှိတဲ့ သက်လတ်ပိုင်း မိန်းမဖြစ်နေပါပြီ။ မိုက်ကယ်ဟာ ၁၅ နှစ်အရွယ် ချာတိတ်လေးပါ။ အသက် မပြည့်သေးတဲ့ ချာတိတ်ကို ကျုံးသွင်း ဖျက်စီးတယ်လို့ ဥပဒေအရကော လူမှုပတ်ဝန်းကျင်ကပါ သတ်မှတ်ပါလိမ့်မယ်။ ဘိုလိုဆိုရရင် bizarre relationship လို့ ပြောရမယ် ထင်တယ်။

ဒါပေမယ့် အဲ့ဒီအချက်ကို ရုပ်ရှင်ကား စကြည့်မိတာနဲ့ ကျနော် မတွေးမိတော့ပါဘူး။ ကျနော်ဟာ မိုက်ကယ် ဖြစ်သွားတယ်။ ၁၅ နှစ်အရွယ် ချာတိတ်ရဲ့ အသွေးအသားတွေဟာ ဘယ်လို ဖြစ်နေတတ်သလဲဆိုတာ အဲ့ဒီအရွယ်ကို ဖြတ်သန်းဖူးတဲ့ လူတိုင်း သိပြီးသားပဲ။ ချို (ဂျို) သွေးပြီး ခပ်ကွင်းပြင်နေတဲ့ နွားပေါက်စလေးပေါ့။ ဟန်နာရှမစ် ဆိုတဲ့ မိန်းမကကော။ အသက် ၃၆ နှစ် ဆိုတာ အစွမ်းကုန် ပွင့်လန်းနေတဲ့ နေကြာပန်းပွင့်ပဲ။ မိန်းမတစ်ယောက်ရဲ့ အလှအပဆုံး အဆူဖြိုးဆုံး အချိန်ပဲ။ အဲ့ဒီကွာဟနေတဲ့ အရာနှစ်ခုဟာ အင်မတန် စပ်ဟပ်နေတယ်။ ကျနော် ဒီ့ထက်ပိုပြီး မပြောရဲတော့ဘူး။ ကိုယ့်ဖာသာ တွေးကြည့်ကြပါ။ ရုပ်ရှင်ထဲက မိုက်ကယ်နဲ့အတူ မမဟန်နာရဲ့ ခြေအိတ်ဝတ်ဟန်ကို ချောင်းကြည့်ပြီး ရင်တုန်တယ်။ ပေါင်တံလှလှကိုမြင်ပြီး တံတွေးမျိုချမိတယ်။

ဆတ်ခနဲ သူခိုးဖမ်းတဲ့ အကြည့်နဲ့ လှမ်းကြည့်တဲ့ အဝါရောင် ဆံနွယ်အတွန့်တွေနဲ့ မမဟန်နာရဲ့ လှပကျော့ရှင်းတဲ့ ဟန်ပန်လေး။ ရေချိုးဇလားနား လာရပ်တဲ့ မမဟန်နာရဲ့ အဝတ်မဲ့တဲ့ ကိုယ်လုံး အိအိဖြိုးဖြိုးကို အမြင်မှာ အသက်တောင် မရှူနိုင်တော့လောက်အောင်ဖြစ်ပြီး ဟာခနဲ စိတ်ထဲက အော်မိတယ်။

ဒါပေမယ့် သံသယ ဖြစ်ဖွယ်အချက်တွေကို စတွေ့ရတယ်။ ဥပမာ၊ မိုက်ကယ်က ကျေးဇူးတင်စကား လာပြောရင်း နေမကောင်းဖြစ်လို့ အိပ်ရာထဲ လှဲနေရပေမယ့် စာအဖတ် မပျက်ကြောင်း ပြောတဲ့အခါ ဟန်နာရှမစ်ရဲ့ မျက်နှာမှာ အရိပ်တစ်မျိုး ဖြတ်ပြေးသွားတယ်။ မိုက်ကယ် စာဖတ်ကြောင်းသိသွားပြီး စိတ်ဝင်စားသွားတယ်လို့ ထင်တယ်။ ချက်ချင်းပဲ အလုပ်သွားဖို့ ပြင်တယ်။ အဝတ်လဲပြတယ်။ မိုက်ကယ် ချောင်းကြည့်လိမ့်မယ်မှန်း သိသိနဲ့။ လူပျိုပေါက်ကလေးရဲ့ စိတ်ဆင်ရိုင်းကို ကျုံးစသွင်းတယ်လို့ ယူဆရမယ်။ နောက်တော့ မီးသွေးကျုံးခိုင်းတယ်။ ရေချိုးခိုင်းတယ်။ ကတုန်ကယင်ဖြစ်နေတဲ့ အရိုင်းလေးကို အချစ်အရသာ ဘာလဲ ပြလိုက်တယ်။ သူဆင်ထားတဲ့ အကွက်ထဲ ရောက်လာမှ စာအကြောင်း ပေအကြောင်း စကားစတယ်။ စာဖတ်ပြခိုင်းတယ်။ စာဖတ်ပြရင် ငါနဲ့ ချစ်ရမယ်ဆိုပြီး အပေးအယူ (မသိမသာ) လုပ်တယ်။ ရုပ်ရှင်ကြည့်ပရိသတ် ကျနော်ဟာ အဲ့ဒါတွေကို အသေချာ သတိမထားပါ။ မိုက်ကယ်နေရာက ဝင်ခံစားပြီး ပျော်နေပါတယ်။ ကမ္ဘာကျော် စာအုပ်တွေ ဖတ်ပြတယ်။ တူတူပျော်တယ်၊ ငိုတယ်၊ ရန်ဖြစ်တယ်၊ အဆုံးကျရင် တစ်တစ်ရစ်ရစ် မမဟန်နာလေးနဲ့ ချစ်ပွဲဝင်ရမယ်၊ ဒါပါပဲ။

ဇာတ်ကွက်တချို့မှာ မသိမသာ ပြထားတာတွေရှိတယ်။ ဟန်နာရှမစ်ဟာ ဒေါသကြီးတယ်။ မိုက်ကယ်နဲ့ ဆက်ဆံရေးမှာ သူကချည်းပဲ လွှမ်းမိုးနေတယ်။ မလျော်ကန်တဲ့ ဆက်ဆံရေးတစ်ခု ဖြစ်ပေမယ့်လို့ ဓာတ်ရထားပေါ်မှာ သူ့ကို တိုက်ရိုက်မခေါ်ပဲ လာချောင်းကြည့်တဲ့ မိုက်ကယ့်ကို ဒေါသတကြီး ရန်တွေ့တာမျိုး (မင်းငါ့ဆီ သတ္တိရှိရှိ မလာရဲပဲ ခိုးကြောင်ခိုးဝှက် လာမချောင်းနဲ့ကွာ၊ ငါ မင့်ကို ရထားပေါ်မှာ ဗလက္ကာယ ပြုမှာမို့လားလို့ အော်တာမျိုး) မိုက်ကယ်ဟာ အသက်ကြီးတဲ့ မိန်းမတစ်ယောက်နဲ့ ချစ်မိနေတာကို ရှက်ရွံ့နေပြီး သူမကို ပေါ်ပေါ်တင်တင် မချစ်ဝံ့တာကိုလည်း ဟန်နာဟာ သိနေတယ်။ အဆုံးတစ်နေ့ ဟန်နာရှမစ် ထွက်ပြေးပျောက်ဆုံးသွားတဲ့အခါ မိုက်ကယ်ဟာ အထက်ကပြောတဲ့ မူမမှန်တဲ့ အချစ်ရေးကြောင့် သူမရဲ့ အသိအမှတ်ပြုမှု မခံရတာကြောင့် နာကျည်း ရှောင်တိမ်းသွားရှာတယ်လို့ ထင်နေခဲ့တယ်။

တရားခွင်မှာ တရားခံ ဟန်နာရှမစ် အဖြစ်ပြန်တွေ့ရတဲ့ အခါ မိုက်ကယ်ဟာ ယူကြုံးမရ ဖြစ်တယ်။ တရားခံအဖြစ်နဲ့ လျှောက်လဲချက် ပေးနေရတာတောင် ကိုယ့်ကိုယ်ကိုယ် ဘာပြောနေမှန်း (တရားခွင်မှာ ဘာတွေ ဖြစ်နေမှန်း) သေချာမသိတဲ့ အသက် ၄ဝ စွန်းစွန်း ခပ်အအ အမျိုးသမီး အဖြစ် ပြန်မြင်ရတာ နာကျင်ရတယ်။ နောက်ဆုံး မမဟန်နာလို့ သူသိခဲ့တဲ့ အမျိုးသမီးဟာ စာမတတ်ကြောင်း သိလိုက်ရတဲ့အခါ မိုက်ကယ် စိတ်တွေ လွန်ဆွဲနေခဲ့တယ်။ အမှုတွေ ပုံချခံနေရတာတောင် စာမတတ်ကြောင်း ဖုံးထားတဲ့မိန်းမ။ အနည်းဆုံးတော့ သူမ တစ်ယောက်တည်းမှာသာ တာဝန်ရှိတာ မဟုတ်ကြောင်း ပြနိုင်ခဲ့သော် လျော့ပေါ့ ပြစ်ဒဏ်ရနိုင်ချေ ရှိတယ်။ ကျန်တဲ့ တရားခံ အမျိုးသမီးတွေ ၄ နှစ်ကျော်လောက်ပဲ ထောင်ဒဏ် ခံရတယ်။

ဟန်နာရှမစ်နဲ့ ထောင်ထဲမှာတွေ့ဖို့ ကြိုးစားပေမယ့် မိုက်ကယ် စိတ်ပြောင်းသွားတယ်။ မတွေ့ဘူး။ တရားသူကြီးကို ဟန်နာ စာမတတ်ကြောင်း သွားမပြောခဲ့ဘူး။ ဒီနေရာမှာ ကျနော် နားလည်သွားတာက မိုက်ကယ့်စိတ်ဟာ အင်မတန် ရှုပ်ထွေးတဲ့အဆင့်ကို ရောက်နေပြီ။ အဲ့ဒီခေတ် အဲ့ဒီအခါက မျိုးဆက်နှစ်ခုဟာ ပွတ်တိုက်မှုဖြစ်နေတဲ့ ခေတ်ကာလ ဖြစ်နေတယ်။ အရင်မျိုးဆက်ဟာ နာဇီဝါဒကို မျက်ကွယ်ပြု အားပေးခဲ့တယ်လို့ မိုက်ကယ်တို့ မျိုးဆက်က အပြစ်တင်နေတဲ့ ကာလ။ မိုက်ကယ့် အတန်းဖော် ဥပဒေကျောင်းသားတွေဟာ သူတို့ သွားလေ့လာနေတဲ့ တရားခွင်က နာဇီမတွေကို အင်မတန်ရွံရှာ စက်ဆုပ်နေတယ်။ တရားခံမ ဟန်နာရှမစ်ကို တရားခွင်မှာ ငေးငေးပြီး အမူအရာ ပျက်နေတဲ့ မိုက်ကယ့်ကို သူတို့ ရိပ်မိသလို ဖြစ်နေတယ်။ အဲ့ဒါဟာ မိုက်ကယ့် အတွက် ရှက်စရာကြီးပဲ။ နာဇီမကြီးနဲ့ ဖြစ်ဖူးတယ်လို့ လူသိမှာ ကြောက်တယ်။ ကျနော် နားလည်တာ အဲ့လိုပဲ။

ဒုတိယတစ်ချက်က နှုတ်ဆက် စကားတစ်ခွန်းတောင် မဆိုပဲ သူ့ကို ချန်ထားခဲ့တယ် ဆိုတဲ့ နာကျည်းမှု။ အရွယ်မရောက်သေးတဲ့ သူ့ကို သွေးသားဆန္ဒ ဖြေဖျောက်ရုံသက်သက် ကစားသွားခဲ့တယ်။ ချာတိတ်လေး ငါ့မှာတော့ အရူးအမူး ကျန်ရစ်ခဲ့ရတယ်ပေါ့။ အဲ့ဒီစိတ်တွေ အကုန်လုံးကြောင့် မိုက်ကယ်ဟာ အေးစက်သွားခဲ့တယ်လို့ ယူဆရတယ်။ တက္ကသိုလ်က အတန်းဖော် ကောင်မလေးနဲ့ လိင်ဆက်ဆံတဲ့ပြကွက်၊ ကိုယ့်အခန်း ကိုယ်ပြန်အိပ်တဲ့ ပြကွက်။

နောက်နောင်မှာ မိုက်ကယ့်ဘဝဟာ အဲ့ဒီစိတ်ဒဏ်ရာတွေကြောင့်ပဲ အိမ်ထောင်ရေး မအောင်မြင်၊ ပြိုကွဲ၊ ဘဝကြီးကို တစ်ယောက်တည်း အေးတိအေးစက် အထီးကျန်ဆန်ဆန် ဖြတ်သန်းနေတဲ့သူ ဖြစ်သွားခဲ့ရတယ်လို့ ထင်တယ်။ ဥပမာ၊ ဇာတ်လမ်းအဖွင့်မှာ ပြတဲ့ ဘယ်သူမှန်းမသိတဲ့ မိန်းမနဲ့ အိပ်ပြီး မနက်ဖက်မှာ အဲ့ဒီ မိန်းမ ဖုတ်ဖက်ခါထ ပြန်သွားတဲ့ ပြကွက်မျိုး။

ထောင်ထဲက ဟန်နာရှမစ်ဆီကို အသံသွင်းတိတ်ခွေတွေ ပို့ပြီး စာဖတ်ပြတဲ့အခါ မိုက်ကယ်ဟာ မမဟန်နာကို ချစ်နေတုန်းပဲလားဆိုပြီး ကြည်နူးရပြန်တယ်။ ဟိုးမားရဲ့ အိုဒက်ဆီ ဆိုတဲ့ မိုက်ကယ့် စာဖတ်သံကို ကြားတဲ့အခါ ဟန်နာရှမစ် “အို” ခနဲ ဖြစ်သွားတဲ့အခါ ကျနော့်ရင်ထဲ ဆစ်ခနဲ ဖြစ်သွားရတာမျိုး။ မျက်ရည်လည်ရွဲနဲ့ မိုက်ကယ့် စာဖတ်သံတွေကို နားထောင်နေတဲ့ ဟန်နာရှမစ်ကို ငေးရင်း ကျနော်လည်း အင်မတန် ဆွေးမြေ့ရတာမျိုး။ ခွေးကလေးနဲ့ အမျိုးသမီး စာအုပ်ကို ဖတ်ပြထားတဲ့ တိတ်ခွေလေး ရတဲ့အချိန်မှာ ဟန်နာရှမစ်ဟာ ငြိမ်သက်မနေတော့ပဲ ထောင်စာကြည့်တိုက်က စာအုပ်ကို ပြေးငှားပြီး စာဖတ်ဖို့ ကြိုးစားတဲ့အခါ ပရိသတ် ကျနော်ဟာ အံ့သြဝမ်းသာတဲ့ ခံစားချက်မျိုး ဖြစ်ရပြန်တယ်။

ဒါပေမယ့် ဟန်နာ့ စာအတိုလေးတွေကို ပြန်စာမရေးတဲ့ မိုက်ကယ့်ကို နားမလည်ပြန်ဘူး။ နောက်ဆုံး အခံစားရဆုံး ပြကွက်က ထောင်ထဲက ထမင်းစားခန်းမှာ ထောင်က လွှတ်ခါနီး ဟန်နာ့ကို မိုက်ကယ်က လာတွေ့တဲ့ အခန်း။ ဟန်နာရှမစ် ဆိုတဲ့ အဘွားကြီးအိုလေးဟာ ဘာကို မျှော်လင့်နေသေးတာလဲ။ ငါ့ကို စာဖတ်ပြဦးမှာလားဆိုတဲ့ အဓိပ္ပာယ်ပါတဲ့ မေးခွန်းကို မိုက်ကယ်ဟာ ရှောင်ထွက်သွားတယ်။ မလှပတော့တဲ့ ဟန်နာရှမစ် ဆိုတဲ့ လူအိုနံ့နံနေတဲ့ ဆံပင်ဖြူ အဘွားကြီးကို မိုက်ကယ်ဟာ မသတီတော့ဘူးပေါ့။ ရွံရှာတယ်ပေါ့။

“အတိတ်အကြောင်း တွေးမိသေးလား” ဆိုတာကို မင်းနဲ့ ငါ့အတိတ်လားလို့ အဆောတလျင် ပြန်မေးတဲ့ ဟန်နာ့ မျက်လုံးတွေထဲမှာ အချစ်အရိပ် အငွေ့တွေရယ်၊ “မဟုတ်ဘူး အဲ့ဒီ အတိတ် မဟုတ်ဘူး” လို့ ခါးခါးသီးသီး ပြန်ပြောတဲ့ မိုက်ကယ့်မျက်နှာပေါ်က ရှက်ရွံ နာကျင်မှုတွေရယ်၊ ဟန်နာရှမစ် နားလည်သွားခဲ့ရတယ်။ တစ်ဘဝလုံး ဆွေမဲ့မျိုးမဲ့ တွယ်တာရာမဲ့ခဲ့တဲ့ စာမတတ် ပေမတတ် မိန်းမ၊ အဲ့ဒီ နာဇီမကြီးရဲ့ တစ်ဦးတည်းသော တွယ်တာရာ တစ်ခါက ကလေးလို့ ခေါ်ခဲ့ဖူးတဲ့ မိုက်ကယ်ဆိုတဲ့ ကောင်လေးရဲ့ဘဝမှာ ဟန်နာရှမစ် မရှိတော့ဘူး။ ဘာကြောင့် သူ့ဆီ ပြန်စာတွေ မရေးခဲ့တာလဲ သူနားလည်သွားခဲ့ရပြီ။ မျှော်လင့်ချက်မဲ့သွားတဲ့ အကျဉ်းစံ နာဇီမကြီးဟာ သူ့ကို မသတီတော့တဲ့ ကောင်လေး လာကြိုမှာကို မျှော်မနေတော့ပါဘူးလေ။ ထောင်က လွတ်မယ့်နေ့မှာပဲ ကိုယ့်ကိုယ်ကိုယ် အဆုံး စီရင်ပစ်လိုက်တယ်။ မိုက်ကယ် လာကြိုတာကို စောင့်မနေတော့ဘူး။ နေပါစေတော့ ကလေးရယ်...ငါ့ဖာသာ အဝေးကို ထွက်သွားပါ့မယ်ပေါ့။

ဟန်နာ နေသွားခဲ့တဲ့ အခန်းလေးထဲ မိုက်ကယ် ဝင်ကြည့်တော့ ချက်ကော့ဖ်ရဲ့ “ခွေးကလေးနဲ့ အမျိုးသမီး” ဇာတ်လမ်းကို လက်ရေးနဲ့ စာရွက်ပေါ်ချရေးပြီး နံရံမှာ ကပ်ထားတာ တွေ့ရတယ်။ ဟန်နာ့ နောက်ဆုံးဆန္ဒအဖြစ် ရေးသွားခဲ့တဲ့စာထဲမှာ သူမ ချန်ရစ်ခဲ့တဲ့ ပိုက်ဆံအချို့ကို အကျဉ်းစခန်း မီးလောင်မှုက အသက်မသေကျန်ရစ်ခဲ့သူ အမျိုးသမီးကို လွှဲပေးစေလိုကြောင်း၊ မိုက်ကယ့်ကို ဟယ်လိုလို့ နှုတ်ဆက်ခဲ့ကြောင်းနဲ့ အဆုံးသတ်ထားတယ်။ အဲ့ဒီစာကို ထောင်ဝါဒါ အမျိုးသမီးက ဖတ်ပြတဲ့အခါ မိုက်ကယ်ဟာ ကလေးလေးတစ်ယောက်လို အော်ငိုတော့တာပဲ။ ကျနော် ကိုယ်တိုင်လည်း တောင့်ခံမထားနိုင်တော့ဘူး။ မျက်ရည်ကျရတယ်။ လူ့ဘဝမှာ လိင်ကိစ္စ မပါသော်လည်းပဲ ဖြူစင်တဲ့ ချစ်ခြင်းမေတ္တာတစ်ခု ပြန်မရနိုင်တော့ဘူးလား။ ကံဆိုးမကြီး ဟန်နာရှမစ်ဟာ တစ်ဆယ့်ရှစ်နှစ်တိတိ ထောင်ထဲမှာ အသက်ရှင်နိုင်ခဲ့ပေမယ့် နောက်ဆုံးမှာ မျှော်လင့်စရာ မကျန်တော့ကြောင်း သေချာသွားတဲ့အခါ ဘဝကို အဆုံးသတ် ပစ်လိုက်တယ်တဲ့ လားဗျာ။

ဒီရုပ်ရှင်ဟာ ကျနော့်ကို ပျော်ရွှင်စေခဲ့တယ်။ လိင်ပိုင်းဆိုင်ရာ စိတ်လှုပ်ရှားမှုကို ပေးခဲ့တယ်။ တုန်လှုပ်စေခဲ့တယ်။ နောက်ဆုံး ကျနော့် နှလုံးသားကို ထုခွဲ ချေမွသွားခဲ့တယ်။ လူတစ်ယောက်ဟာ မျှော်လင့်ချက်ရှိနေသ၍ အသက်ဆက် ရှင်သန်ချင်နေပေမယ့်လို့ ဘဝမှာ ဘာမှ မကျန်တော့ပါလားလို့ သိလိုက်ရတဲ့အချိန်မှာ လူ့လောကမှာ ဆက်လက် မရှင်သန်လိုတော့ကြောင်း နားလည် ခံစားလိုက်ရတယ်။

“လူဖြစ်ရတာ တန်လိုက်လေ” လို့ ကျူးရင့်ချင်တဲ့ အခါတိုင်းမှာ The Reader ရုပ်ရှင် ဇာတ်ကားကို ကျနော် ကြည့်လေ့ရှိပါတယ်။ ကြည့်မိတိုင်း ကျနော် စိတ်လှုပ်ရှားမိပါတယ်။ ခွေးကလေးနဲ့ အမျိုးသမီးဆိုတဲ့ ချက်ကော့ဖ်ရဲ့ စာအုပ်ကို ရုပ်ရှင်ကြည့်ပြီးတာနဲ့ ကောက်ဖတ်ဖို့ စာအုပ်စင်ပေါ်က ဆွဲချပြီး ဘေးမှာ အသင့် ချထားလေ့ ရှိပါတယ်။ ဇာတ်ကားဆုံးခါနီး ဇာတ်ကွက်တွေမှာ ကျနော် ငိုမိပါတယ်။ ကိစ္စမရှိပါဘူး။ ဘဝမှာ လူဖြစ်ရတာ တန်ကြောင်း ဒီရုပ်ရှင်ဇာတ်ကားက သက်သေပြနေတာပဲ မဟုတ်လား။

ဇတ်ကားလင့်

Comments