မြန်မာနဲ့ ဘောလုံးပွဲ @ လူထုဒေါ်အမာ


“. . . ဘောလုံးပွဲ ဘောလုံးပွဲနဲ့ အမေတို့ခေတ်ကတည်းက မြို့ချစ်တဲ့ အသင်း ကိုယ်နိုင်စေချင်တဲ့အရပ်သား အသင်းများနိုင်ရင် ပျော်ကြတာကလား၊ နိုင်အောင်လည်း အားပေးကြရ၊ ကိုယ်မနိုင်စေချင်တဲ့ မြို့က မချစ်တဲ့အသင်းဆိုရင် ဘောလုံးကွင်းထဲမှာပဲ အားရပါးရ ဆဲကြတာ။ မြန်မာလူမျိုးဆိုတာ အမေတို့ခေတ် ကတည်းက ဘောလုံးပွဲကို အဲဒီလို အားပေးကြတာကိုး။ …”


၁၉၉၄ ခုနှစ် ကမ္ဘာ့ဖလားဘောလုံး ဗိုလ်လုပွဲကြီး အမေရိကားမှာ စတင် ကစားနေပြီမို့ မြန်မာ့ရုပ်မြင်သံကြားက လွှင့်ပေးနေတဲ့ အဲဒီကမ္ဘာလားပွဲကြီး ကစားနေတာကို အမေတို့လူတွေ ကြည့်လိုက်ကြတာ၊ နေ့တိုင်းပဲ။ ဒီလို လွှင့်ခွင့်ရဖို့ စီးကရက် ကုမ္ပဏီတစ်ခုက လုပ်ပေးတာလို့ဆိုတယ်။

၁၉၉၀ ခုနှစ်တုန်းက ဒီလိုနေ့တိုင်း ကြည့်ခွင့်မရလို့ မကြည့်ခဲ့ကြရဘူး ဟုတ်လား။ ဒီနှစ်တော့ တီဗွီရှိတဲ့ အိမ်တိုင်းမှာ ကြည့်လို့ရအောင် မြန်မာ့ရုပ်မြင်သံကြားကလည်း စီစဉ်ပေးတာမို့ သိပ်နေရာကျတာပဲ။ ဒီရက်တွေမှာ အမေတို့ဆီက လျှပ်စစ်ဌာန စမ်းပွင့်လိုက်ပုံများ မပြောနဲ့တော့။

နိုင်ငံခြားက တင်သွင်းတဲ့ အားကစားတွေ အမျိုးမျိုးရှိတဲ့အနက် ဘောလုံး အားကစားကိုတော့ အမေတို့လူမျိုးတွေက အနှစ်သက်ဆုံး ထင်တာပဲ။ ကလေးလူကြီး တောရောမြို့ပါ ဘောလုံးပွဲကို မကြိုက်တဲ့လူ မရှိဘူး။ မကြည့်တတ်တဲ့လူ မရှိဘူး။ မကြည့်ချင်တဲ့လူ မရှိဘူး။

ဒါကြောင့် ခုလိုမြန်မာ့ရုပ်မြင်သံကြားက တစ်နိုင်ငံလုံးကနေ ကြည့်နိုင်အောင် စီစဉ်ပေးထားတော့ ပွဲလာချိန်ဆိုရင် တီဗွီတိုင်းရှေ့မှာ လူအပြည့်ပဲ။ တီဗွီသတင်း ထုတ်လွှင့်သူတွေရဲ့ ခန့်မှန်းချက်က နိုင်ငံပေါင်း ၁၉၀ လောက်မှာ ပွဲကြည့် ဘီလျံ ၃၀ လောက် ရှိမယ်လို့ ဆိုတယ်။ ပွဲကလည်း ကမ္ဘာ့ကုလသမဂ္ဂမှာ နိုင်ငံပေါင်း ၁၈၄ နိုင်ငံ ရှိတယ်။ ဒီပွဲကို ၁၄၃ နိုင်ငံက ဝင်ကစားနေကြတာ။ အဲဒီတော့ အမေတို နိုင်ငံက ဝင်မကစားနိုင်သေးပေမယ့် သိပ်ကြည့်ချင်စရာကောင်းနေတာကလား။

အမေကတော့ မကြည့်ဘဲလည်း မနေနိုင်ဘူး၊ ကြည့်မိတော့လည်း ဆုံးအောင် မကြည့်နိုင်ပြန်ဘူး။ ဘာလို့လဲဆိုတော့ အမေ့ခင်ပွန်းဦးလှက ဘောသမား ... ကွဲ့၊ သူငယ်ငယ်က ရန်ကုန်မြူနီစီပယ်အသင်းမှာ စင်တာ ဖောဝပ်က ကစားခဲ့တဲ့ လက်ရွေးစင် ဘော့သမား သား ၃ ယောက်မှာ အငယ်နှစ်ယောက်ကလည်း ကျောင်းသားလက်ရွေးစင် ဘောသမားတွေ။ အဲဒီတော့ သူတို့ကို သတိရမိတော့ ကိုယ်ချည့်ကြည့်နေရတာ မပျော်ဘူးလေ။ စိတ်ဆင်းရဲတယ်။

အမေတို့လူမျိုးက ဘောလုံးကန်တဲ့ အားကစားကို မြန်မာနိုင်ငံထဲ သွတ်သွင်းလို လာကတည်းက ကြိုက်တာ လက်ခံတာ ထင်ပါရဲ့။ ဘောလုံးပွဲပေါ်စက ဘောလုံးကစားတဲ့ ကွင်းကို ကွင်းလို့ မခေါ်သေးဘူး၊ 'ခြံ' လို့ ခေါ်တယ်တဲ့။ အဲဒီအကြောင်း ရေးခဲ့တဲ့ အငြိမ့်စာအုပ် ဒုတိယပိုင်းမှာ ပါတယ်။

“ဟော  ခြံထဲမှာ သောညံလို့ မစဲတာက၊ ဘောကန်ပွဲပါကလား။ အလို ဘယ်အသင်းနဲ့ ဘယ်အသင်းတုံး၊ တစ်မျိုးလှစရာ ဂရုန်းဂရင်းရယ်နှင့်၊ ဂိုး၀မှာ အလုံးသွင်းတာက ရုံးသင်းနဲ့ စီဂေါ်ရာဆိုပါကလား။ တွဲဘက်က ကိုဘလှဟာ စီဂေါ်ရာ နှစ်ဦးကြားက ဒူးဖျားနဲ့တိုက်လိုက်တာ၊ နဖူးနားက သွေးထွက်၊ လေးဘက်ကုန်းအထတွင် ဂိုးသွင်းသည့်သဟာလို ထိုးကွင်းနှင့် နယားက ကိုင်း ဖန်တော်မူလိုက်စမ်း” လို့ လူပျက်ကြီး ဦးချစ်စရာက အငြိမ့်ပေါ်ဦးခေတ်မှာ လေပြည်ထိုးခဲ့တယ်လို့ အဲဒီစာအုပ်မှာ ပါတယ်။

အမေတို့ လူလားမြောက်တော့ ဘောလုံးကွင်းကို ခြံမခေါ်တော့ပါဘူး။ ကွင်းခေါ်နေပါပြီ။ မန္တလေးက ကွင်းကြီးဟာ ယူဘီအေအေကွင်းပါ။ ရန်ကုန်က ဘီအေအေကွင်းပါ။ ယူဘီအေအေဆိုတာက အထက်မြန်မာနိုင်ငံအားကစား အသင်းက ကွင်းပေါ့။ ဘီအေအေဆိုတာက မြန်မာနိုင်ငံ အားကစားအသင်းက ကွင်းပေါ့။ အဲဒီမှာ အားလုံး ကစားကြတာပဲ။ မန္တလေးကကွင်းကြီးကို လွတ်လပ်ရေးရတော့ ဂျပန်ဖက်ဆစ်တွေကို မန္တလေးတိုင်းကစ ဦးဆောင်တော်လှန်ခဲ့တဲ့ ထားဝယ်သား တော်လှန်ရေးသမားကြီး ဗိုလ်မှူးကြီးဗထူးကို ဂုဏ်ပြုတဲ့အနေနဲ့ ဗထူးကွင်း” လို့ နာမည်ပြောင်းလိုက်တယ်။ ဟိုအရင်တုန်းက တို့နိုင်ငံမှာ ဘောလုံးပေါ်စက ဘောလုံးအသင်းတွေ အခုခေတ်လိုများ များစားစား မရှိသေးဘူး။ အင်္ဂလိပ်စစ်တပ်တွေရှိတော့ စစ်တပ်အသင်းတွေက ခပ်များများ မြန်မာဘောလုံးအသင်းက ခပ်နည်းနည်းရယ်။ အမေ မှတ်မိသလောက်ဆိုရင် အစိုးရဝန်ထမ်းတွေထဲက ကစားဖို့ဖွဲ့ထားတဲ့အသင်းကို 'ရုံးသင်း' လို့ ခေါ်တယ်။ အရပ်သားတွေထဲက စုပြီးဖွဲ့ထားတဲ့အသင်းကို “စီဗီလျံ (Civihan)” အသင်းလိုခေါ်တယ်။ ရဲလုံခြုံရေးသင်တန်းက သင်တန်းသားတွေနဲ့ ဖွဲ့ထားတဲ့အသင်းကိုတော့ ဆပ်ကျောင်သင်း” လို့ ခေါ်တယ်။ (Sub - Inspector) ဆပ်အင်စပိတ်တော်တွေ ထွက်တဲ့ကျောင်းက ဘောလုံးသင်းဖို့ အတိုကောက် ဆပ်ကျောင်းသင်းလို့ ခေါ်တာပဲ။ (ဟိုခေတ်တုန်းကတော့ အဲဒီကျောင်းဆင်းတွေက ကျောင်းကဆင်းရင် ဒ-လ-မ ရာထူး တန်းရတာမို့ ကောလိပ်ကျောင်းသားတွေလိုပဲ သူတို့လည်း ပျိုတိုင်းကြိုက် နှင်းဆီခိုင်တွေပေါ့။)

အရပ်ဘက်က ရုံးသင်း၊ ဗီဗီလျံနဲ့ ရဲဘက်က ဆပ်ကျောင်းလောက်ရှိပြီး စစ်ဘက်ကတော့ အဖြူတွေကစားတဲ့ အသင်းတွေ အများကြီးပဲ။ 'စီဂေါ်ရာ' ဆိုတာလည်း လူဖြူတွေရဲ့ ဘောသင်းတစ်သင်းရဲ့ အမည်ပဲ။

ကြံတုန်း ပြောရဦးမယ်။ အဲဒီဂေါ်ရာဆိုတဲ့ အဖြူတွေဟာလေ လူကြီးတွေက အရပ် ၆ ပေနီးပါးတို့၊၊ ၆ ပေကျော်တို့ ရှိတာ။ ဧရာမလူကြီးတွေ။ တို့မြန်မာ ဘောသမားတွေက ၅ ပေက နည်းနည်းသာ ကျော်ကြတာမို့ ကွင်းထဲ ယှဉ်ကြည့်လိုက်ရင် အားရစရာ မရှိဘူး။ ဆင်နဲ့ဆိတ်လိုပဲ။ နို့ပေမယ့် ယှဉ်ကစားကြတော့ ဖျတ်လတ်တာ၊ သွက်လက်တာ၊ သတ္တိရှိတာ အသည်းကောင်းတာမှာ တို့လူတွေက သာတာကိုး။ သူတို့ကို ထိမိခိုက်မိရင်လည်း ဒီကောင်တွေက အနာတရ ချက်ချင်းဖြစ်ပြီး ကွင်းထဲက ထွက်ကြရတာ။ တို့လူတွေက တော်ရုံခိုက်မိလို့တော့ ပြန်ထတာ။ သိပ်ဖြုံတာ မဟုတ်ဘူး။ ဆက်ကစားတာပဲ။ အဲဒီမှာ ဂေါ်ရာကို ခိုက်မိလို့ လဲသွားရင် ပွဲကြည့် ပရိသတ်က “မူတာကွ” လို့ ဝိုင်းအော်ကြတာ။ သူတို့က တော်တော်နဲ့ မထနိုင်တဲ့အပြင် လှိမ့်နေသေးတယ်။ ခိုက်မိတာကလည်း ခဏခဏပဲ။

ပြီးတော့ တို့ကို ကျွန်လုပ်ထားတဲ့ လူတွေဆိုပြီး တို့က မုန်းသမှုတ်လား။ နို့ပေမယ့် တို့က ဘာမှ သူတို့ကို ပြန်လုပ်နိုင်တာမှ မဟုတ်ဘဲ။ အဲဒီတော့ ဘောလုံးကွင်းထဲမှာ ဆဲစရာရှိရင် အားရပါးရ ပျော်ပျော်ကြီး ဆဲကြတာ။ အဲဒီလို ဆဲကြတာကို သူတို့က အရေးမယူဘူး။ လစ်ရင်လစ်သလိုလည်း လူချသေးတယ်၊ ပြီးတော့ သူတို့အဖြူတွေ အသည်းကြောင်ရမလားလို့လည်း အထင်သေး သေးတယ်။

ဘောလုံးပွဲဆိုရင်လည်း အဖြူနဲ့ တိုင်းရင်းသား ကစားရတဲ့ ပွဲချည်းလိုလို 'ဒီကုမ္ပဏီ' နဲ့ 'စီလီလျံ' တဲ့ဆိုရင် စီဗီလျံက မြို့ချစ်တဲ့ မြန်မာဘောသမားတွေ ဒီကုမ္ပဏီက အဖြူစစ်တပ်အသင်း၊ ပွဲကြည့်က လှိမ့်လာပြီး စီဗီလျံအရပ်သားအသင်းကို အားပေးကြတာပဲ။

အမေတို့ တော်တော်ကြီးလာတော့ ဘောသင်းတွေ များများလာပြီ။ အရပ် အသင်းတွေလည်း များများလာပြီ။ အမေတို့ ယူနီဗာစီတီ ရောက်တဲ့အချိန်ကျတော့ ယူနီဗာစီတီ လက်ရွေးစင်အသင်းဟာ မြို့ချစ်တဲ့အသင်း၊ ပရိသတ်ရဲ့ အသည်းကြော်တွေပေါ့။ ဟိုတုန်းက တက္ကသိုလ်ကျောင်းသားဆိုတာကလည်း ရွှေပေါ်မြတင် ဟုတ်လား။ မောင်မောင်လေးတို့ မောင်ဝင်းတို့ ရုပ်ကွင်းတို့ဆိုတဲ့ ယူနီဗာစီတီ ဘောသမားလူတော်တွေကို လူမမြင်ဘူးပေမယ့်.. နာမည်တွေက ကြားနေရတာ နေ့တိုင်းမို့ အင်းလျားရောက်စနှစ်ကဆိုရင် ရောက်နှင့်ပြီး ကျောင်းသူကြီးတွေကို မောင်ဝင်းဆိုတာ ပြစမ်းပါ။ မောင်မောင်လေးဆိုတာ ပြစမ်းပါ၊ ရုပ်ကွင်းဆိုတာ ဘယ်သူလဲနဲ့ အပြခိုင်းပြီး ချောင်းကြည့်ခဲ့ရတာ။

အမေရှိတုန်းက တစ်နှစ်ဟာများ ယူနီဗာစီတီးအသင်းက ဘောလုံးပွဲကြီးနိုင်ပြီး ဖလားကြီး ပိုက်ပြန်လာတော့ အမေတို့ အင်းလျားဟောလမ်းကို ဘောသမားတွေက ဖလားကြီးပွေ့ပြီး “ဗာစီဘီ- ဗာစီတီ၊ ရား - ရား" ဆိုတာတွေ အော်ရင်း ကားတန်းကြီးနဲ့ ဝင်လာကြတယ်လေ။ အင်းလျားဟောရှေ့ရောက်တော့ “မသိန်းဝါ ဖော်အေစပိ(ချ)" လို့ သူတို့က အော်ပြီး ကျောင်းသူ မသိန်းပါက မိန့်ခွန်းပြောပါလို့ တောင်းဆိုကြတယ်။ အဲဒီတော့ အင်းလျားဟောက အချောအလှ ကျောင်းသူ မသိန်းဝါက အင်းလျားဟောရဲ့ ဆင်ဝင်ပေါ်ထွက်လာပြီး အောင်ပွဲရ ဘောလုံးအသင်းကို ချီးကျူးစကား အင်္ဂလိပ်လို ကွန်ဂရက်ကျူလိတ် လုပ်ပါတယ်။

မသိန်းဝါတို့ အင်္ဂလိပ်စကားပြော ကောင်းတာကလည်း စံပါပဲ။ ခုတော့ အဲဒီမသိန်းဝါ သေရှာပြီလို့ နာရေးကြော်ငြာမှာ တစ်နေ့က တွေ့လိုက်ရတယ်။ သူသာမက သူသား အင်္ဂလိပ်သတင်းစာ အယ်ဒီတာရဲ့ နာရေးကိုလည်း အမေ ဖတ်လိုက်ရသေးတယ်။

မသိန်းဝါကလည်း မသိန်းဝါပါ။ ချောလည်းချော၊ စတိုင်လည်းကျ၊ ဘိုလည်း ဆန်တဲ့ ကျောင်းသူကိုး။ ကျောင်းသားတွေဆိုတာ ဘတ်စ်ကားတွေပေါ်မှာ ခုန်နေကြတာပဲ။ အမေတို့ ကျောင်းသူတွေကလည်း သူတို့ပျော်တော့ ပျော်တာပေါ့။

ဘောလုံးပွဲ ဘောလုံးပွဲနဲ့ အမေတို့ခေတ်ကတည်းက မြို့ချစ်တဲ့အသင်း ကိုယ်နိုင်စေချင်တဲ့ အရပ်သား အသင်းများနိုင်ရင် ပျော်ကြတာကလား။ နိုင်အောင်လည်း အားပေးကြရ၊ ကိုယ်မနိုင်စေချင်တဲ့မြို့က မချစ်တဲ့အသင်းဆိုရင် ဘောလုံးကွင်းထဲမှာပဲ အားရပါးရ ဆဲကြတာ၊ မြန်မာလူမျိုးဆိုတာ အမေကို ခေတ်ကတည်းက ဘောလုံးပွဲကို အဲဒီလို အားပေးကြတာကိုး။ အခုထိလည်း မြန်မာလူမျိုးစိတ်ဓာတ်က အရင်ကလို ပါပဲကလား။

ကလျာမဂ္ဂဇင်း၊ အမှတ် ၁၁၅၊ ၁၉၉၄ စက်တင်ဘာ

Comments

Popular posts from this blog

ကြည်ကြည်ကို ဘယ်လိုပြောရပါ့ @ ပံသု-ဒီ

ခန်းဆောင်နီအိပ်မက် @ အခန်း - ၈

သိသောသူမည်ကား ကြားပါစေ . . . @ သိုးဆောင်း

ခန်းဆောင်နီအိပ်မက် @ အခန်း - ၁

ရွှေမျက်နှာ @ ကြည်အေး