ရုပ်ရှင်စိန်ရတု @ လူထုဒေါ်အမာ


“. . အဲဒီရုပ်ရှင်တွေ ခုနှယ်ပြန်ကြည့်ရရင် ဘယ်လိုများ နေမယ်မသိ။ ငယ်ငယ်တုန်းက ထိထိခိုက်ခိုက် ဖြစ်ခဲ့ရတာတွေကို ပြန်ပြီး ရယ်ချင်နေမလား မပြောတတ်ဘူး။ နှစ်တွေ၊ ခေတ်တွေ၊ အချိန်တွေ၊ ကာလတွေက ရွေ့လျား ပြောင်းလဲနေတာကိုး။ …”


မြန်မာရုပ်ရှင် စပေါ်တာ နှစ်ပေါင်း ၇၅ နှစ်ရှိပြီမို့ စိန်ရတုသဘင် ကျင်းပဖို့ စိုင်းပြင်းနေကြတယ်ဆိုတော့ အမေတို့ ငယ်ငယ်က ရုပ်ရှင်ပေါ်စ ခေတ်ကို ပြန်တွေးမိတယ်။

အမေတို့ဆီမှာ အင်္ဂလိပ်ရုပ်ရှင်ကားတွေ ဘယ်နှစ်ဆီလောက်က စရောက်သလဲတော့ မသိဘူး။ အမေတို့ သိမီတဲ့ အရွယ်ရောက်တော့ မန္တလေးမှာ ရုပ်ရှင်ရုံ ၂ ရုံ ဆောက်ပြီး ရှိနေပြီ။ ၈၁ လမ်းပေါ်က ပထမတစ်စုံက “သီပေါရုံ' တဲ့။ အဲဒီရုံဟာ နောင်တော့ မစိုးရိမ်ကျောင်းအမက ပိုင်တာမို့ 'မစိုးရိမ်ရုံ' လို့ နာမည်ပြောင်း ခေါ်လိုက်တယ်။ ဒုတိယရုံကတော့ သီပေါရုံနဲ့ မျက်နှာချင်းဆိုင် ရွှေတိုက်ရုံလို့ ခေါ်နေကြတဲ့ 'အယ်လီဖင်စတုန်း' ရုပ်ရှင်ရုံပါ။

ဒီ ၂ ရုံမှာ အင်္ဂလိပ်စာတန်းထိုး အင်္ဂလိပ်ကားတွေ ပြနေတာပဲ။ ရုပ်ရှင်တွေက အသံဘိတ်ကားတွေဆိုတော့ ရုပ်ရှင်ပြနေတဲ့အချိန်မှာ ပြကွက်နဲ့ လိုက်ဖက်တန်ရာတဲ့ အတီး တီးပေးလိုတာကြောင့် ရံတိုင်းမှာ ကိုယ်ပိုင်ရုပ်ရှင်တီးဝိုင်းတွေ ရှိကြရတယ်။

အမေတို့ အဖေက ရုပ်ရှင်ကြိုက်တယ်။ ဒါကြောင့် ကားလဲတိုင်း ရုပ်ရှင်ကြည့်တယ်။ ကြည့်တဲ့အခါ သူ့ သမီးကလေးတွေလည်း ဗဟုသုတရပါစေတော့ ဆိုတဲ့ စေတနာနဲ့ သူရုပ်ရှင်သွားရင် သီတတ်တဲ့အရွယ်ရှိတဲ့ သမီးလေးထဲက ၂ ယောက်တော့ အမြဲခေါ်သွားတယ်။ အမေတို့က အဖေနဲ့ ရုပ်ရှင်ကြည့်လိုက်ရရင် စာတန်းထိုးလာတဲ့အခါ အဖေစာဖတ်ပြီးအောင် စောင့်ရကောင်းမှန်း သိတာ မဟုတ်ဘူး။ ကိုယ်က သိချင်လှပြီမို့ “အဖေ ဘာဘဲ့လဲဟင်” ဆိုတာကို အဖေပေါင်ပုတ်ပြီး ပြောခိုင်းတယ်။ အဲဒါကို အဖေက သည်းသည်းခံပြီး သူစာဖတ်ပြီးရင် စာပါ အဓိပ္ပာယ်ကို ပြောပြတယ်။ ထိုးပြတဲ့ စာတန်းက ခဏလေးကြာတာ။ ဒါကို မအောင့်နိုင်ဘူး။ စာဖတ်နေတဲ့ အဖေ့ကို အမြဲ နှောင့်ယှက်ကြတာပဲ။ အဖေ သဘောကောင်းတာတွေ ကြီးမှ သိတယ်လေ။

နောက်တော့ မန္တလေးက မြန်မာလူငယ်လူရွယ်တွေက ရှိပြီးသားရုပ်ရှင်ရုံ ၂ ရုံက လူမျိုးခြားပိုင်တွေ၊ မြန်မာပိုင်ရံလည်း ရှိသင့်တယ်ဆိုပြီး ပိုက်ဆံစုကြပြီး 'မြန်မာညွန့် ရုပ်ရှင်ရုံ' ဆိုတာကို ဆောက်လုပ် တည်ထောင်ကြတယ်။ အဲဒီရုံဟာ နောင်တော့ 'မြို့လယ်ရုံ' လို့ နာမည်ပြောင်းတယ်။ ခုတော့ 'မြို့ဂုဏ်ရောင်ရုံ' လို့ ခေါ်နေကြပြီ။ ပထမဆုံးကတော့ မြန်မာညွန့် ရုံပါ။ ဒီရုံက မြန်မာတီးဝိုင်းအဖွဲ့ကို ဦးဆောင်သူက ကိုချစ်မောင်တဲ့။ ဆရာစိန်ဗေဒါကြီးရဲ့ တပည့်ပေါ့။ မြန်မာညွန့်ရုံက တီးဝိုင်းအဖွဲ့ခေါင်းဆောင်မို့ “မြန်မာညွန့် ဦးချစ်မောင်” လို့ သူ့အမည် တွင်လာထယ်။ အဖေ ဒေါ်အောင်ကြည်ရဲ့ ခင်ပွန်းလေ။

အမေတို့ ငယ်ငယ်က စကြည့်ရတဲ့ရုပ်ရှင်ကားတွေက ကောင်းဘွိုင်ကားတွေ။ ကောင်းဘွိုင်းဇာတ်လိုက်ထဲမှာ ဝီလျှံဒန်ကင်းဆိုတာ နာမည်ကျော်တော့ အမေတို့အိမ်က ကိုပန်းအိဆိုတဲ့ လူငယ်များ သူ့ကိုယ်သူ ဝီလျှံဒန်ကင်းလုပ် လုပ်ပြီး အိမ်ကခွေးတွေကို ကြိုးကွင်းပစ်ရဟာအမော။ ဆေးရိုးအိတ်ကြီးတွေကို မြင်းလုပ်စီးပြီး ကြိုးကွင်းကြီး တရမ်းရမ်းနဲ့၊ ခမောက်ကြီး ဆောင်းလိုက်ပြီး “ဝီလျှံဒန်ကင်းကွ" လို့လည်း အော်လိုက်သေးတယ်။

ကောင်းဘွိုင်ကားတွေပြီးရင် ချာလီချက်ပလင်တို့ ဟာရိုလွိုက်တို့ လူရွှင်တော် မင်းသားတွေ ကားတွေအားကြီး ကြည့်ရတာပဲ။

နောက်တော့ မြန်မာကား ပေါ်လာတယ်။ အစောဆုံးထဲက တစ်ကားကို အမေမှတ်မိနေတယ်။ ကားနာမည်က 'သီတာမြ' လို့ ထင်တာပဲ။

အဲဒီတုန်းက ရုပ်ရှင်ရုံက တီးဝိုင်းက ပြနေတဲ့ရုပ်ရှင်ကား ဇာတ်လမ်းအကြောင်းကို စပ်ထားတဲ့ သီချင်းကို သီဆိုပေးရတာပါ။ အမေ ဒီကားပြတုန်းကဆိုတဲ့ သီချင်းလို့ အမှတ်ရနေတာကလေး ရေးပြမယ် -

“ သားတစ်ယောက် (မောင်ထွန်းတင်ပါ) - ငယ်စဉ်ကတည်းရယ်က စွဲခဲ့တဲ့ ဝါသနာ၊ ပန်းမျိုးစုံစွာ သူကြိုက်တာ စန္ဒရား၊ ဘာဂျာ၊ တူရိယာ၊ အဓိကပါ သိကြတာ ကျိုက်ထီးရိုးခေါ် ရှင်မြတ်စွာ၊  ပန်းရှာရင်းပ တောဝနာ မျက်စိလည်ကာ သွားတာကြောင့် မခြားရေငတ် မတ်တတ် ယခုလဲရှာ။ လမ်းစ မတွေ့ ယနေ့ တွက်တာ။  သီတာမြခေါ် မြခေါ် (ကရင်မကျေးဇူးပါ) ”

ဒါပဲမှတ်မိပါတော့တယ်။ ကောလိပ်ကျောင်းသားတစ်စု ကျိုက်ထီးရိုးသွားကြတာ။ ရောက်တော့ တောပန်းတောင်ပန်းတွေ လိုက်ရှာကြရင်း ဇာတ်လိုက် မောင်ထွန်းတင်က အဖော်တွေနဲ့ကွဲပြီး တောထဲမျက်စိလည်နေတော့ တစ်နေ့သာ ကုန်ရော လမ်းမတွေ့တော့ ရေငတ်ပြီး လဲနေရော။ အဲဒီမှာ ကရင်မလေး သီတာမြက ထူမပြီး ရေဘူးလေးနဲ့ ရေတိုက်ပြီး ကယ်ရာက ကရင်မလေးနဲ့ ချစ်သွားကြတာ။ ရုပ်ရှင်ကြည့်တဲ့လူတွေကတော့ ကျိုက်ထီးရိုးဖူးရတာနဲ့ကို တန်သကွာလို့ ပြောကြတယ်။

အဲဒီကားဟာ 'တောမြိုင်စွန်းက လွမ်းအောင်ဖန်' ကားထက် စောတယ်လို အမေတော့ ထင်တာပဲ။ ဒီကားကို ဘယ်ကုမ္ပဏီက ရိုက်တာလဲဆိုတာကိုလည်း ငယ်သေးလို့ မမှတ်တတ်ပါဘူး။ စိတ်ကထင်ဟာ ပြောရရင် မောင်တင်ဦးတို ဇော်ဝမ်းတို့ရဲ့ ဘကြီး အမ်ဘီတီ ဦးဘတင်ရိုက်တဲ့ကားလို့တောင် ထင်ပါတယ်။ သေချာတာတော့ မဟုတ်ဘူး။

အဲဒီရုပ်ရှင် ပေါ်စခေတ်က ရုံဝင်ခက ၁ိ/- တန်း၊ ၁ဲ တန်း၊ ၄တန်းနဲ့ ၂ ပဲတန်းပါ။ ၂ဲ တန်းက ရှေ့ဆုံးကခုံရှည်တွေ တန်းစီပြီး ခင်းထားတယ်။ ခုံရှည်တွေ ရှေ့မှာက ဖျာတွေ ခင်းထားပါသေးတယ်။ ခုံရှည်တွေပြည့်လို ့ ထိုင်စရာမရှိရင် ဖျာပေါ်ထိုင်ဖို့ပေါ့။

အမေတို့အိမ်က တောက ဧည့်သည်အလွန်လာတတ်တယ်။ မြန်မာညွန့်ရုံက အမေတို့ အိမ်နဲ့ တစ်ပြဝေးတာ။ အဲဒီတော့ ရုပ်ရှင်မကြည်ဖူးတဲ့ တောဧည့်သည်ကို ရုပ်ရှင်လိုက်ပြရတဲ့တာဝန်က အများအားဖြင့် အမေ့တာဝန်။ သူတို့တစ်အုပ်ကြီး မြန်မာညွန့် ရုံကို ခေါ်သွား။ ၂ဲ တန်းက ပြတော့ ကြည့်ရသူတွေက ရှေ့ဆုံးကနေရာရတာမို့ ကျေနပ်လို့။ မကျေနပ်တာက အမေလေ။ ကိုယ်က ဟန်လုပ်ချင်တော့ ၂တန်း ဝင်ရတာကို ရှက်တယ်။ နို့ပေမယ့် မကြာမကြာ လိုက်ပြရဘော့လည်း အပေါက်စောင့် ကိုချစ်တီးနဲ့ အသိဖြစ်ပြီး နောင်တော့ ထမင်းမလောက်လို့ ရုပ်ရှင်ရုံနားက ထမင်းဆိုင်က ထမင်းဝယ်သွားရတဲ့အခါ ကိုချစ်တီးက အလကားဝင်ကြည့်သွားဦးလို့ အမေ့ကို ခေါ်ပါတယ်။ အိမ်က ထမင်းစားမယ့်လူတွေ စောင့်နေလို. မကြည့်အားရင်သာပါ၊ မဟုတ်လို့ကတော့ ကိုယ့်အနေနဲ့ အလကားဝင်ကြည့်လို့ ရနေတာပဲ။

ဟိုတုန်းက ၄ဲ တန်း၊ ဂဲတန်းက လူအများဆုံး အတန်းတွေပါ။ ၁ဲ တန်းကတော့ ကြည့်သူ နည်းပါတယ်။ အဖေနဲ့ကြည့်တဲ့အခါတော့ ၁ဲ/ တန်းပေါ့၊ ဒါပေမယ့် ငွေ ၁ိ – ပေးပြီး သားအဖ ၃ ယောက် ကြည့်ကြတာပဲ။

မေတ္တာနဲ့ အသူရာကားကို ကောင်းကောင်း မမှတ်မိဘူး။ တောမြိုင်စွန်းက လွမ်းအောင်ဖန်တို့ မှိုင်းဝေဝေတို့ကျတော့ တစ်ကားကို တစ်ခါမက ကြည့်ရတယ်။

အဲဒီရုပ်ရှင်တွေ ခုနှယ်ပြန်ကြည့်ရရင် ဘယ်လိုများ နေမယ်မသိ။ ငယ်ငယ်တုန်းက ထိထိခိုက်ခိုက် ဖြစ်ခဲ့ရတာတွေကို ပြန်ပြီး ရယ်ချင်နေမလား မပြောတတ်ဘူး။ နှစ်တွေ၊ ခေတ်တွေ၊ အချိန်တွေ၊ ကာလတွေက ရွေ့လျား ပြောင်းလဲနေတာကိုး။


ကလျာမဂ္ဂဇင်း၊ အမှတ် ၁၂၃၊ ၁၉၉၅ မေ။

Comments

Popular posts from this blog

ကြည်ကြည်ကို ဘယ်လိုပြောရပါ့ @ ပံသု-ဒီ

သိသောသူမည်ကား ကြားပါစေ . . . @ သိုးဆောင်း

ခန်းဆောင်နီအိပ်မက် @ အခန်း - ၈

ရွှေမျက်နှာ @ ကြည်အေး

မြို့တစ်မြို့နှင့် လူငါးယောက် @ ဆွန်း၊ စက်မှုတက္ကသိုလ်၊