သမီးမိန်းကလေး @ လူထုဒေါ်အမာ


အမေပဲဖြစ်ဖြစ်၊ အဒီဆောင်းပါးကို ဖတ်နေသူပဲဖြစ်ဖြစ်၊ အမေတို့ လူဖြစ်လာကြတာ ဝါးထဲက သန္ဓေမှီးခဲ့တာလည်း မဟုတ်ဘူး၊ ပဒုမ္မာကြာပွင့်ကြီးထဲက ထွက်လာတာလည်း မဟုတ်ဘူး။ မိဘနှစ်ပါးက မွေးဖွားပေးလိုက်လို့ လူရယ်လို့ ဖြစ်လာပြီး လူ့လောကထဲ ရောက်လာကြတာ။ အဲဒီရောက်လာတဲ့ အမေတို့ လူ့လောကဟာ တစ်ယောက်တည်း နေထိုင် ကြီးပြင်းရတာ မဟုတ်ဘူး။ ပထမမိဘဆွေမျိုးဆိုတဲ့ အသိုက်အဝန်းထဲမှာ ကြီးထွားရတယ်။ အဲဒီမိဘဆွေမျိုးဆိုတဲ့ အုံကလေး အဖွဲ့ကလေး ကလည်း လူ့အသိုက် အမြုံကြီးတစ်ခုထဲက အစုအဖွဲ့ ကလေးတစ်ခုသာ ဖြစ်တယ်။

ဒီလူ့အသိုက်အမြုံကြီးဟာ လူရယ်လို့ ဒီနေရာ ဒီဒေသမှာ စုဝေးရောက်ရှိလာကတည်းက စုပေါင်းနေထိုင်လာကြတာဖြစ်လေတော့ နှစ်တွေ ထောင်နဲ့ချီပြီး ကြာခဲ့ပြီ။ ဒီ တို့လူ့အသိုက်အမြုံကို တစ်နေ့တခြား တိုးတက်ကောင်းမွန်လာအောင် Social Responsibility ဆိုတဲ့ လူမှုရေးဝိုင်းအုံတာဝန်ယူကြမှု၊ Social Control ခေါ်တဲ့ လူနှင့်လူချင်း ဝိုင်းဝန်း ထိန်းသိမ်းစောင့်ရှောက်မှု၊ Cultural Control ခေါ်တဲ့ အစဉ်အဆက်က ရှိခဲ့ကြတဲ့ တို့ယဉ်ကျေးမှုနဲ့ ဝိုင်းဝန်းထိန်းသိမ်းမှုတွေ ရှိကြတယ်။ ဘာမှ ပေါက်လွှတ်ပဲစား မလုပ်ကြရဘူး။ လုပ်မိရင် လုပ်တဲ့သူကို ပထမ မိဘမောင်ဘွား ဦးကြီးဦးလေး မိကြီး မိထွေးတို့က ဆုံးမကြတယ်။ မိဘလုပ်သူက ကိုယ်မမြင်လို မြင်တဲ့ ဆွေမျိုးက ဆုံးမရင်လည်း အဲဒီဆုံးမတာကို နားထောင်ဖို့ ဝင်ပြောတယ်။

အဲဒီလိုမှ မရပြန်ရင် ရပ်ဆွေရပ်မျိုးကလည်း ဆုံးမတယ်။ ပဲ့ပြင်တယ်။ မတော်တာလုပ်နေရင် မတော်ဘူးလို့ ပြောကြတယ်။ မိဘကို လာတိုင်ကြားမယ်။ အမေတို့ကြီးပြင်းခဲ့ကြတဲ့ လူ့အဖွဲ့အစည်းက ဒီလိုအဖွဲ့အစည်းမျိုးပါ။ ထိန်းထိန်းသိမ်းသိမ်း ကွပ်ကွပ်ကဲကဲနဲ့ ကြီးပြင်းရတာလေ။

ပြီးတော့ သမီးမိန်းကလေးမွေးလာရင် အရွယ်ရောက်ခါနီးတာနဲ့ တစ်ပြိုင်တည်း အမေလုပ်သူက၊ တကယ်လို့ အမေမရှိရင် မိကြီး၊ မိထွေးက၊ အဒေါ်၊ ကြီးတော်က သွန်သင်တယ်။ ဆုံးမတယ်။ မိန်းကလေးဆိုတာ ဘယ်လိုဝတ်စားရတယ်။ ဘယ်လိုနေရ ထိုင်ရတယ်။ ဘယ်လို သွားရလာရတယ်။ ဘယ်လိုထိန်းရ သိမ်းရတယ်၊ သူတစ်စိမ်းနဲ့ ဘယ်လို ဆက်ဆံရတယ်၊ မိဘမောင်ဘွားစကားကို ဘယ်လိုနားထောင်ရတယ်ဆိုတာ မျိုးတွေ နေ့တတိုးတိုး ညတတိုးတိုး သွန်သင်ဆုံးမတယ်။ အရွယ်ရောက်လာရင် အပျိုဘဝကို ဘယ်လိုထိန်းသိမ်း ကာကွယ်ရမယ်ဆိုတာကို အရေးအကြီးဆုံးထားပြီး သွန်သင်တယ်။

အင်္ဂလန်က ကျောင်းသူနှစ်ဦး မကြာလှသေးခင်က မြန်မာပြည်ကိုလာပြီး အပျိုကြီးဆိုတဲ့ လူ့ဘဝတစ်ခုကို သုတေသနစာတမ်းတစ်ခုနဲ့ မယ်သီလခေါ်တဲ့ သီလရှင်များအကြောင်းကို သုတေသနပြု စာတမ်းတစ်ခု၊ စာတမ်းနှစ်စောင် လာပြီး ပြုစုသွားကြတယ်။

ပွင့်ပွင့်လင်းလင်း ရေးရပြောရရင် အပျိုစင် အပျိုစစ်ဆိုတာ အမေကို လူ့အဆောက်အအုံမှာသာ ရှိတာ။ သူတို့ဆီမှာ မရှိဘူး။ ဒါကြောင့် ဒီကိုလာပြီး သုတေသန လုပ်ရတာ။

အမေတို့လူ့အဆောက်အအုံမှာ မိန်းကလေးဟာ အချိန်တိုင်လို့ အရွယ်ရောက်ရင် လွတ်လပ်ပြီး ကိုယ်နှင့် သင့်တော်သူတစ်ဦးနဲ့ အိမ်ထောင်ပြုကြတာ များပါတယ်။ အကြီးလုပ်သူက နည်းတယ်။ ကိုယ့်အိမ်ထောင်ဘက်ဟာ လူကြီးမိဘရွေးချယ်တာ၊ သဘောကိုက်ညီတာ၊ ကိုယ့်ဖာသာကိုယ်ရွေးချယ်တာတစ်ခုခုပေါ့။ ဒါဓမ္မတာ လုပ်ရိုးလုပ်စဉ်ပဲ။ အဲဒီစည်းကမ်းကို မဖောက်ဖျက်ရဘူး။ ဆိုလိုတာက မလွတ်လပ်တဲ့သူနဲ့ အိမ်ထောင်မဖက်ရဘူး။ ဒါဟာ လူတိုင်း စောင့်စည်းရတဲ့ လူ့၀တ္တရား။ ပြီးတော့ အိမ်ထောင်သည်ဘဝ မရောက်မချင်း လူချင်းရင်းနှီးခွင့် မပြုရဘူး။ ဒါဟာ အမျိုးကောင်း သားသမီးတိုင်းရဲ့ ကျင့်ဝတ်ပဲ။ ဒါကို တို့ မြန်မာအမျိုးသမီးတွေက သိပ်ကို အလေးအနက် ထားပါတယ်။ ဘယ်အထိလဲဆိုရင် မိန်းမတို့ဣန္ဒြေ ရွှေပေးလို့မရတဲ့။ တို့က အရှက်နံလူလုပ်တာဟေ့၊ အသက်နဲ့ လူလုပ်တာ မဟုတ်ဘူး" ထိအောင် ကြေညာတတ်ကြတယ်။ ပြီးတော့ မိန်းကလေးရဲ့ ကာယိန္ဒြေကို စောင့်စည်းမှုဟာ တစ်ဘက်တည်း တစ်လမ်းသွား မဟုတ်ဘူး။ နှစ်ဦးနှစ်ဘက်က စောင့်ထိန်းကြရတဲ့ ကိစ္စလို့လည်း သတ်မှတ်တာပါ။ ယောက်ျားလေးတွေမှာပါ တာဝန်ရှိပါတယ်။ “နှစ်မချင်းစာပါ” ဆိုတာ ယောက်ျားလေးဘက်ကို ထိန်းကွပ်ထားတဲ့ စကားပါ။

အမေတို့ လူ့အဖွဲ့အစည်းရဲ့ ဒီအစဉ်အလာဟာ နှစ်တွေထောင်နဲ့ချီပြီး ကြာခဲ့ပြီမို့ တော်တော်ကြီး ခိုင်မြဲလာခဲ့ပါတယ်။ အနောက်နိုင်ငံက ရုပ်ရှင်တွေ၊ ဗွီဒီယိုတွေက ယဉ်ပါးအောင် ဘယ်လိုပြသနေပေမယ့် မြန်မာအမျိုးသမီးလေးတွေဟာ မြန်မာ့စံချိန်နဲ့အညီ ဣန္ဒြေကို စောင့်စည်းခဲ့ကြတယ်။ နို့ပေမယ့် အခုတလောမှာတော့ မိန်းကလေးအချို့ရဲ့ခါးပေါ်မှာ ထဘီကျွတ်ပြီး ဘောင်းဘီဝတ်ကြ၊ စကတ်ဝတ်ကြ ဖြစ်လာပြီးတော့ ကာယိန္ဒြေ ထိန်းသိမ်းမှုကလည်း တော်တော်လျော့နည်းလာတာကို စိတ်မချမ်းမြေ့ဖွယ်ရာ တွေ့မြင်လာရတယ်။

အမေက မနက်လမ်းလျှောက်တဲ့အခါ ကျုံးထောင့်ရောက်ရင် တစ်တောင်လုံး ထိန်ထိန်ညီးမျှ မီးတွေ ပူဇော်ထားတဲ့ မန္တလေးတောင်ကို ဘွားခနဲ တွေ့မြင်ရနေကျ။ အဲဒီရောက်ရင် တောင်ပေါ်က ဆုတောင်းပြည့်ဘုရား၊ မြတ်စောညီနောင်ဘုရား၊ ဗျာဒိတ်ပေးဘုရား၊ ရွှေရပ်တော်ဘုရားတွေကို ရည်မှန်းပြီ၊ လက်အုပ်မချီ ဦးမချဘဲ မနေနိုင်ဘူး။ ခဏလေးရပ်ပြီး ကန်တော့တာ နေ့တိုင်းပါ။

တစ်နေ့တော့ အမေ ဘုရားကန်တော့နေတာကိုမြင်တဲ့ လမ်းလျှောက်ဖော် လူငယ်တစ်ဦးက အမေ့ကို “အမေ မန္တလေးတောင်ကြီး ပြုပြင်ထားမှ တောင်ပေါ်ကို ရောက်ပြီလား" တဲ့ မေးလာတယ်။ အမေက ရောက်တယ်။ ဧည့်သည်လာလို့ ကားနဲ့ပို့ခဲ့တာ ခါတိုင်းလို ခြေကျင်မတက်ခဲ့ရလို့ လမ်းဘုရားတွေတော့ စုံအောင် မဖူးခဲ့ရတော့ဘူး။ ထိပ်က ဆုတောင်းပြည့်ဘုရားကိုတော့ သေသေချာချာ ဖူးခဲ့ရတယ်လို့ ပြောပြတော့ “အမေ့ကို စိတ်မကောင်းစရာတစ်ခု ပြောပြဦးမယ်၊ ကျွန်တော့်ကို မိတ်ဆွေတစ်ယောက်က တောင်ပေါ်ညဘုရားဖူး တက်ကြည့်စမ်းပါ၊ သတင်းကြီး လှပါတယ်ပြောလို့ ညပိုင်း ရောက်ခဲ့တယ်။ ညကြီးကျမှ တောင်ပေါ်က အံ့ဩစရာ လူစည်နေလိုက်တာ အမေရယ်၊ ကားတွေ ဆိုင်ကယ်တွေဆိုတာလည်း အရမ်းပဲ။ ဆုတောင်းပြည့်ဘုရား အတက်အဆင်း ကားလမ်းတစ်လျှောက်မှာ ဘုရားဖူးမဟုတ်တဲ့ ကောင်လေးတွေ ကောင်မလေးတွေလာပြီး ပျော်စရာ နေရာကြီး ဖြစ်နေတာကိုး။ ညဥ့်သန်းခေါင်အထိလည်း မဆင်းကြသေးဘဲ တရုန်းရုန်းနဲ့တဲ့။ ကျွန်တော်ဖြင့် စိတ်ဆင်းရဲပြီး ပြန်လာခဲ့ရတယ်။ ဒီအဖြစ်ကို သိသင့်သိထိုက်တဲ့ လူကြီးတွေလည်း သိမယ် မထင်ပါဘူး။ အမေ့ကို သွားကြည့်ပါလို့လည်း ကျွန်တော် မတိုက်တွန်းရဲပါဘူး။ အမေတော့ မသွားပါနဲ့ခင်ဗျာ၊ နားနဲ့မနာ ဖဝါးနဲ့နာပါ" လို့ သူက ပြောသွားပါတယ်။

အမေလည်း ဘာပြန်ပြောရမှန်း မသိဘူး။ ဒီအထဲ အမေတို့ မိန်းကလေးတွေလည်း ပါလေသလား၊ မန္တလေးက လူလွန်မသားသမီးတွေချည်းပဲလား ဆိုတာလည်း မပြောတတ်ပါဘူး။ ကာရာအိုကေသိမ်းတဲ့အချိန်မှ တောင်ပေါ်တက်ကြသူတွေလည်း ပါတယ်လို့ သတင်းပေးတဲ့လူငယ်က ပြောသေးရဲ့။ ဪ - ဒုက္ခ၊ ဒုက္ခ။ အမေတို့ မန္တလေးကလည်း တယ်ပြောင်းလဲနေတာကိုး။

အမေတို့ နှစ်တွေ ထောင်နဲ့ချီပြီး လူ အဆက်ဆက်က ထိန်းသိမ်းလာတဲ့ အမေတို့ ယဉ်ကျေးမှုတွေ၊ ခုလို ယိုယွင်းလာရင် လက်ပိုက်ကြည့် မနေကြပါနဲ့။ ဝိုင်းပြီး ထိန်းကြပါဦးလို့ အမေက ပြောချင်လှတယ်။


ကဗျာမဂ္ဂဇင်း၊ အမှတ် ၁၃၃၊ ၁၉၉၆ မတ်

Comments

Popular posts from this blog

ကြည်ကြည်ကို ဘယ်လိုပြောရပါ့ @ ပံသု-ဒီ

ခန်းဆောင်နီအိပ်မက် @ အခန်း - ၈

သိသောသူမည်ကား ကြားပါစေ . . . @ သိုးဆောင်း

ခန်းဆောင်နီအိပ်မက် @ အခန်း - ၁

ရွှေမျက်နှာ @ ကြည်အေး