ဘုန်းဘုန်း တာ့ တာ @ လူထုဒေါ်အမာ


ဒီခေါင်းစဉ်ကို ဖတ်လိုက်တော့ ဆရာတော်၊ သံဃာတော်များက ဒေါ်အမာလည်း ခင်ပွန်း အနိစ္စရောက်တာနဲ့ စိတ်များ ကတောက်ကတက် ဖြစ်နေရှာထင်ပါရဲ့လို့ ကျွန်မကို သနားနေကြမလား မသိပါ။

“ဘုန်းဘုန်း တာ့-တာ” ဆိုတဲ့အသံမျိုး မကြာမကြာ ကြားရလွန်းလို နားကလောတာနဲ့ ဒီခေါင်းစဉ်ကို တပ်လိုက်မိတာပါ။ ကျွန်မတို့ဆီမှာ ကလေးငယ်တွေကို လူကြီးမိဘတွေက ဘယ်သူပြန်ခါနီးမှာပဲဖြစ်ဖြစ် “တာ့-တာ” လို့ နှုတ်ဆက်လိုက်ဆိုပြီး လက်ပြခိုင်းနေကြပါတယ်။

မြို့ပေါ်တွင်လားဆိုတော့လည်း မဟုတ်သေးဘူး။ ဒီ တာ့ - တာက တောကြို အုံကြားအထိ ပျံ့နှံ့ ဆင်းသက်လို့ နေပါတယ်။

ဒါကို ထောက်ခြင်းအားဖြင့် ကျွန်မတို့မှာ ပြန်ခါနီး နှုတ်ဆက်စရာစကားတစ်ခု မရှိမဖြစ်၊ အပူတပြင်း လိုအပ်နေတဲ့ပုံပါပဲ။ လိုသမှ မဟားဒယားမို့ ကိုယ့်မှာလည်း မရှိလေတော့ သူများဟာကို အတင်းဆွဲယူသုံးထားရတဲ့ သဘောမျိုး ဖြစ်နေပါပြီ။ "တာ့ - တာ” ဆိုကာ ဘယ်လူမျိုးက သုံးစွဲတဲ့ စကား၊ ဘာအဓိပ္ပာယ်ရှိတယ် ဆိုတာကို ဇာစ်ဇာစ်မြစ်မြစ်သိကြတာလဲ မဟုတ်ပါဘူး။ နို့ပေမယ့် လက်ကလေးလှုပ် ပြပြီး တွေ့ကရာလူကို “တာ့-တာ” နေကြပါတယ်။ တချို့ကများ ကဲသထက်ကဲပြီး “ဘိုင့်ဘိုင် - တာ့ တာ - ချဲရီးယို" အထိ လုပ်နေကြလေရဲ့။

ကျွန်မတို့ငယ်ငယ်တုန်းကတော့ အိမ်တစ်အိမ်ကပြန်တော့မယ်ဆိုရင် အမေက သင်တာ လူကြီးတွေကို “ဦးတင်ပါသေးရဲ့” လို့ ပြောပြီး နှုတ်ဆက်ခဲ့ရမယ်တဲ့။ နည်းနည်းကြီးလာတော့ “ကျွန်မကို ခွင့်ပြုပါဦး” လို့ နှုတ်ဆက်ခဲ့ရတယ်။ နောက် တော်တော်ကြီးလာပြန်တော့ “ပြန်ပါဦးမယ်နော်” လို့ ပြောရတယ်။ ဒါမြန်မာ့ နှုတ်ဆက်နည်း ဖြစ်မှာပါပဲ။ ခုခေတ်လို လက်ကလေးပြပြီး “တာ့ တာ” လို့ ဆိုမိရင် အမေက လက်များပုတ်ချမလား မသိဘူး။ ပြီးတော့ “ဘာလဲ ညည်းတို့စကားက တာတယ်ဆိုတာ ကောင်းမှတ်လို့ လူထဲသုံးနေရတာလား” လို့ ငေါက်မှာ အမှန်ပါပဲ။

မြန်မာစကားက လူပေါ်စ အဆင့်မျိုး မဟုတ်ပါဘူး။ ကြွယ်ဝပါတယ်။ ဝေါဟာရ မဆင်းရဲပါဘူး။ လူကြည့်ပြီး အသက်နဲ့အလိုက် ဂုဏ်သိက္ခာနဲ့အလိုက် သုံးနှုန်းပြောဆိုရတဲ့ စကားမျိုးပါ။ ဒီလိုယဉ်ကျေးမှုဟာ လူမျိုးတိုင်းမှာတောင် မရှိပါဘူး။ လူ့ယဉ်ကျေးမှု သမနိရှည်လှတယ်ဆိုတဲ့ တရုတ်တို့လို လူမျိုးအချို့မှာသာ ရှိတာပါ။

အဖေလုပ်တဲ့လူအပေါ်ကို ကိုယ်ဘယ်လောက်ကြီး မကျေလည်ပေမယ့် “မင်းကလဲကွာ” လို့ မြန်မာစကားက ပြောလို့ မရပါဘူး။ "ခင်ဗျားကြီးကလဲဗျာ" လို့ ပြောမိရင်တောင် “အဖေကို ခင်ဗျားလုံးကြီး ရိုက်ပြောတာ ရိုင်းလိုက်တာ" လို့ ဆိုပါသေးတယ်။ "ယူကလည်း ဂွကျလိုက်တာ" လို့ ပြောချင်လို့လည်း မဖြစ်ပါဘူး။ “အဖေကလည်း အဖေရာ" ဆိုတာမျိုးကို အလွန်ဆုံးပြောရတာပါ။ မြန်မာမှာ ကိုယ်က ပြောချင်တဲ့လူနဲ့ တန်ရာဝေါဟာရကို ရွေးပြီး သုံးစွဲရပါတယ်။ ဒါဟာ မြန်မာ့ယဉ်ကျေးမှုပဲ။

ခုတော့ ရည်းစားလည်း “တာ့ တာ”၊ သူငယ်ချင်းလည်း “တာ့ တာ" ဘုန်းကြီး ရဟန်းလည်း “တာ့ တာ” တဲ့။ ဘယ်လိုများ ဖြစ်နေကြတယ် မသိပါဘူး။ ကျွန်မတို့ မိုးကုတ်သွားလည်ကြတော့ မိတ်ဆွေတွေကို ပြန်မယ်လို့ နှုတ်ဆက်တဲ့အခါ အိမ်တိုင်းက ပြန်နှုတ်ဆက်တဲ့စကားက “ဖြည်းဖြည်း ပြန်ပါရှင်" တဲ့။ ဒါဟာ ပြန်ခါနီး လူကို မိုးကုတ်က နှုတ်ဆက်တဲ့စကားပါ။ မိုးကုတ်မှာ လမ်းတွေက မြေပြင်လမ်း မဟုတ်ဘူး။ အတက်အဆင်း၊ အကွေ့အကောက်တွေ၊ ကားနဲ့ခရီးသွားရတာ၊ ကားအမြန်မောင်းရင် အသက်အန္တရာယ်နဲ့ တွေ့ရတာ၊ တွေ့ပေါင်းလည်း မရေတွက်နိုင်ဘူး။ ဒါကြောင့် သူတို့ဆီမှာ ခွဲခါနီး နှုတ်ဆက်တဲ့ လူတိုင်းကို “ဖြည်းဖြည်းပဲပြန်ပါ" လို့ နှုတ်ဆက်မှာ မှာတာထင်ပါရဲ့။ မေတ္တာစောနာ ကရုဏာအပြည့်နဲ့ နှုတ်ဆက်လိုက်တဲ့ စကားမို့ ကြားရသူရဲ့ နားထဲမှာ ချမ်းမြေ့ကြည်နူး လိုက်တာ။ “တာ့-တာ” နဲ့ မကွာလား။

မြန်မာမှာ နှုတ်ဆက်စကားတွေ ကြွယ်ကြွယ်၀၀ ရှိပြီးသားပါ။


သောင်းပြောင်းထွေလာမဂ္ဂဇင်း၊ တွဲ ၁၈၊ အမှတ် ၈၊ ၁၉၈၃ ဧပြီ

Comments

Popular posts from this blog

ကြည်ကြည်ကို ဘယ်လိုပြောရပါ့ @ ပံသု-ဒီ

ခန်းဆောင်နီအိပ်မက် @ အခန်း - ၈

သိသောသူမည်ကား ကြားပါစေ . . . @ သိုးဆောင်း

ခန်းဆောင်နီအိပ်မက် @ အခန်း - ၁

ရွှေမျက်နှာ @ ကြည်အေး