အမေတို့လူ့အဆောက်အအုံ (၁) @ လူထုဒေါ်အမာ


“... မိုးလင်းလို့ အလုပ်သွားစရာ ရှိတယ်၊ အိမ်မှာ ငယ်ရွယ်သူတွေချည်း ထားရစ်ခဲ့ရတယ်ဆိုရင် အလုပ်ဆင်းရတဲ့ မိဘက အိမ်နီးချင်းနဲ့ ရပ်ကွက်ကို အပ်ခဲ့တာပါ။ အိမ်နီးချင်းက မိဘကိုယ်စား မတော်တာမှန်သမျှ ဆုံးမနိုင်တယ်။ ပြောမရရင် ရိုက်နှက် ဆုံးမတယ်။ ဒါကို ဘယ်သူကမှ စိတ်မဆိုးဘူး။ ဒါဟာ အိမ်နီးချင်းရဲ့ မေတ္တာ စေတနာပဲလို့ ခံယူကြ လေးစားကြတယ်။ …”


မကြာသေးမီက အမေတို့မန္တလေးမှာ ရုပ်ရှင်စိန်ရတုသဘင်ပွဲတော်ကြီး ခြိမ့်ခြိမ့်သဲ ကျင်းပသွားတယ်။ ဝင်းလိုက်ရုပ်ရှင်ရုံမှာ ကျင်းပတာဆိုတော့ အမေတို့အိမ်နဲ့ အလွန်နီးကပ်နေတာမို့ သွားမကြည့်ပေမယ့် အများကြီး မြင်ကြားနေရတယ်။ ပွဲတော်ကို ရုပ်ရှင်မင်းသမီးကြီး မေရှင်က ဖဲကြိုးဖြတ်ပြီး ဖွင့်ပေးတာတဲ့။

ဖွင့်ပွဲလုပ်တဲ့အချိန်မှာ လူတွေ ရုတ်ရုတ်သဲသဲ အသံတွေ တဂေါဝေါမြည်ပြီး ပြေးကြလွှားကြ ဖြစ်ကုန်လို့ အမေက “ဟဲ့ ဟဲ့ ဘာများဖြစ်ကုန်လို့လဲ” လို့ အလန့်တကြား မေးကြည့်တော့ “ဘာမှ မဖြစ်ပါဘူး" တဲ့။ ရုပ်ရှင်မင်းသား မင်းသမီးတွေကို ကလေးတွေက ကြည့်ချင်လို့ ပြေးကြ လွှားကြ တိုးကြည့်ကြတာတဲ့။ “ဪ ဖြစ်မှဖြစ်ရလေ" လို့ အမေကဆိုပြီး တစ်ခုခုဖြစ်ကုန်ကြပြီထင်လို့ လန့်သွား စိုးရိမ် သွားတာကိုး။ တကယ်တော့ ပြေးကြ လွှားကြသူတွေက ငယ်ရွယ်သူတွေ ဝတ်ကောင်းစားလှတွေနဲ့၊ ဒါကြောင့် အမေစိတ်ထဲ ဒီကလေးတွေ တို့ငယ်ငယ်ကနဲ့ မတူဘူးနော်လို့ အောက်မေ့နေမိတယ်။

ပြီးတော့ မတူတာတစ်ခု ပြောဦးမယ်နော်။ ဒီလက ဝါခေါင်လ မဟုတ်လား၊ ဝါခေါင်လဆန်း ( ၈ ) ရက်ကစပြီး လပြည့်နေ့အထိ တောင်ပြုန်းပွဲကြီး ကျင်းပတယ်။ တစ်ပတ်နားပြီး ဝါခေါင်လပြည့်ကျော် ( ၈ ) ရက်ကစပြီး လကွယ်နေ့အထိ၊ နတ်ပွဲကြီး ကျင်းပတယ်။ ဒါကြောင့် ၀ါခေါင်လဟာ နတ်ပွဲလပေါ့။ ဒီနတ်ပွဲနှစ်ပွဲကို မြန်မာနိုင်ငံ အရပ်ရပ်က မိန်းမလျာတွေ လာလိုက်ကြကာ၊ ဘယ်နှစ်ရာရှိလေမလဲပဲ။

မိန်းမလျာဆိုတာ အမေတို့ငယ်ငယ်ကလည်း ရှိတာပါပဲ။ ဒါပေမယ့် ခုခေတ်မှာလို အများကြီးမရှိဘူး။ မြင်ဖူးချင်လို့ရှိရင် တိုးတိုးပြောပြီး လက်တို့ပြတဲ့လူရှိမှ ရှာကြည့်ရတာ။ မိန်းမလျာ ဖြစ်နေတဲ့လူကလည်း ခုခေတ်မှာလို အပျံစား ဝတ်စား ဖြီးလိမ်းပြီး ဒီးလွှား ဒီးလွှားနဲ့ လျှပ်စီးပြက်သလို လုပ်နေတာ မဟုတ်ဘူး။ သူက ရွက်ပုန်းသီးကလေးလိုနေတာ။ ရှက်ကိုးရှက်ကန်း။ သူ့ကိုမမြင်ဘူးလို့ ကြည့်တဲ့လူကလည်း ယောက်ျားလေးမွေးထားပြီး မိန်းမစိတ်ဝင်နေရှာတာတဲ့၊ သဘာဝရဲ့ ဖောက်လွဲ ဖောက်ပြန်ပြုမှုတစ်ခုနဲ့ ကြုံရရှာပြီး သနားပါတယ်ဆိုတဲ့အသိနဲ့ ကြည့်တာ။ သူ့မိဘကိုလည်း မွေးထားတာကလေးက ယောက်ျားလေးဖြစ်ပေမယ့် မိန်းမစိတ်ဝင်နေတယ် ဆိုပြီး သနား အားနာမှုနဲ့ ကြည့်တာ။

ခုခေတ်မှာ မိန်းမလျာဆိုတာတွေက အရေအတွက်အနေနဲ့လည်း ပေါလာလိုက်တာ၊ ဘယ်တုန်းကများ ဘယ်လိုပေါက်လာ ပွားလာတယ် မသိရဘူး။ လူမျိုးကလည်း မြန်မာရော ကုလားရော ဆိုသလိုပဲ။ အို စုံမှစုံ၊ ပြီးတော့ သူတို့က လူတစ်တန်း တစ်စား ဖြစ်လာတာပါကလား။ သူတို့က လက်ဝါးစီးအုပ်ထားတဲ့ စီးပွားရေးဒေသတွေလည်း ရှိလာတယ်။ ဥပမာ - နတ်ကတော်အလုပ်၊ သူတို့ချည်းတောင် လုပ်စားတော့ မတတ်၊ လက်ဟောင်း နတ်ကတော်အအိုကြီးတွေ သေကုန်ရင် မိန်းမနတ်ကတော်တောင် ရှိကောင်းမှ ရှိတော့မယ်ထင်တယ်။ သူတို့က နတ်ကတော်အပြင် တချို့က ဒီပြင်အလုပ်တွေ လုပ်သေးသတဲ့။ “နတ်ကတော်ဆိုတာ နတ်ကကြိုက်လို့ ကောက်ထားတာဆို၊ ဒီနတ်တွေက မိန်းမလျာကို ကြိုက်တဲ့ နတ်တွေပေါ့နော် ဟီ ဟီ " လို့ နတ်ပွဲမှာ ကလေးတစ်ယောက်ပြောတာ ကြားယောင်မိသေးတယ်။

ပြီးတော့ အလှပြင်တဲ့လုပ်ငန်း။ မိန်းမပျိုလေးတွေက ကိုယ့်မျက်နှာကို မိန်းမလျာတွေလက် ထိုးအပ်ပြီး အပြင်ခံနေကြတာတဲ့။ မိန်းမရဲ့အလှအပမျိုးစုံကို မိန်းမလျာကမှ ပစ္စည်းအတုမျိုးစုံနဲ့ ခြယ်သဖန်တီးပေးနိုင်ကြတာဆိုပဲ။ တချို့များ အဲဒီလုပ်ငန်းနဲ့ နာမည်ကြီးလိုက်တာ သူဌေးကိုဖြစ်လို့။ လှရေးပရေးမှာ မိန်းမအစစ်တွေက ဆရာတင်ရသူတွေဆိုကိုး။ ရှေးလူကြီးတွေများကြားရင် ဘယ်လိုပြောလေမယ်မသိ။

ပြီးတော့ ကျောင်းသားဆိုတဲ့ ကလေးတွေရဲ့ ဘဝကလည်း အမေကို ငယ်ငယ်ကနဲ့ ကွာလိုက်တာ၊ အမေတို့ဟာ ၄ - ၅ နှစ်သမီးကစပြီး အသက် ၄ နှစ် အထိ ကျောင်းနေခဲ့ဖူးပါတယ်။ ကျောင်းမှ အမျိုးမျိုးပါ ။

ဒါပေမယ့် ခုခေတ် ကျောင်းသားဆိုတဲ့ ကလေးတွေမျိုး အမေတို့ခေတ်တုန်းက မရှိခဲ့ဘူး။ ကျောင်းသားအရွယ် လမ်းသရဲဆိုတာ ဘယ်လိုကနေပြီး ဘယ်လိုပေါ်ပေါက် လာတာပါလိမ့်။ မိဘချမ်းသာလို့လား၊ ရှေးတုန်းကလည်း လူချမ်းသာရဲ့သားသမီးတွေ ကျောင်းထားကြတာပါပဲ။ နို့ပေမယ့် လမ်းသရဲခေါ်တဲ့ လူငယ်တွေလို ဆိုးဆိုးသွမ်းသွမ်း ပြုမူကြတယ်လို့ မကြားဖူးပါဘူး။

ပြီးတော့ အမေတို့ငယ်ငယ်က ကျောင်းသား မူးယစ်ဆေးဝါးစွဲတယ်ဆိုတဲ့ ပြဿနာ မကြားဖူးဘူး။ ဆေးလိပ်သောက်တဲ့ ကျောင်းသားတောင် အင်မတန် နည်းတယ်။ တစ်ယောက်တလေ သောက်တတ်နေဦးတော့ ခိုးကြောင်ခိုးဝှက် သောက်ကြတယ်။ ခုခေတ်မှာတော့ ကျောင်းသား ဆေးလိပ်သောက်တယ်ဆိုတာက ထမင်းစား ရေသောက်။ ဒိထက် အတန်းမြင့်ပြီး မူးယစ်ဆေးဝါး နွံဗွက်ကြီးထဲ ကျနေရှာကြတဲ့ လူငယ်တွေလည်း မမြင်ချင်အဆုံး ရှိလေသေးရဲ့။ အဲဒါတွေ ဘယ်လိုဖြစ်လို. ဒီလို ယိုယွင်းပျက်စီး လိုက်လာရတာလဲလို့ အမေတို့အားလုံး လေးလေးနက်နက် စဉ်းစားဖို့ ကောင်းလာပါပြီ။

စတိတ်ရှိုးမှာ သီချင်းဆိုသူနဲ့ စင်အောက်က သီချင်းနားထောင်သူနဲ့ ကသောင်းကနင်း ဝရုန်းသုန်းကား ဖြစ်ကြရတယ်ဆိုတာမျိုးတွေလည်း ကြားမိ မြင်မိရဲ့။ အမေတို့ လူ့အဖွဲ့အစည်းထဲကို ဒီလိုပုံစံတွေ ဘယ်ကရောက်လာသလဲ၊ ဘယ်က ရလာသလဲ၊ လူ ့သိက္ခာ လူ့ဣန္ဒြေ မထိန်းသိမ်းနိုင်အောင် ဘာလို့ဖြစ်ရတာလဲ။ အမေတို့လူမျိုး အရင်တုန်းက ဒီလို မဟုတ်ပါဘူး။ ဒါတွေဟာ ကလေးတွေ စုံရေမက်ရေ တကြည့်တည်း ကြည့်နေကြတဲ့ ဗွီဒီယိုတွေကရတာ အတုယူတာတွေလား။

အမေတို့ လူ့အဖွဲ့အစည်းကို မြန်မာဆိုတဲ့ ဂုဏ်သိက္ခာနဲ့အညီ ပြန်လည် တည်ရှိအောင် လေးလေးစားစား စဉ်းစားကြဖို့ ကောင်းပါတယ်။

အမေ့အထင်တော့ ငယ်ရွယ်သူတွေမို့ တွေ့တာ မြင်တာတွေကို အကောင်းထင်ပြီး အတုခိုးနေတာတွေလည်း ပါလိမ့်မယ်ထင်ပါရဲ့။ ပြီးတော့ တွေ့ကရာ သူများနိုင်ငံတွေမှာ လုပ်နေတာ ဖြစ်နေတယ်ဆိုတာကို ငယ်ရွယ်သူတွေက အကောင်းထင်နေရင် ဒါကို မတော်ဘူး၊ အတုမယူနဲ့လို့ လူကြီးမိဘတွေက မပြောဆို မတားမြစ် မကွပ်ညှပ်နိုင်တာလည်း ပါမယ် ထင်ပါတယ်။

အမေတို့ လူ့အဆောက်အအုံက အကွပ်မဲ့ကြမ်း ပရမ်းပတာ အဆောက်အအုံမျိုးတော့ အလျှင်း မဟုတ်ခဲ့ပါဘူး။ ရပ်နဲ့ ရွာနဲ့ မိနဲ့ ဖနဲ့ ဆွေနဲ့ မျိုးနဲ့ နေကြတဲ့ လူ့အဖွဲ့အစည်းပါ။

မိဘမောင်ဖွားက မတော်တာမှန်သမျှ မှားယွင်းနေတာမှန်သမျှကို ပြုပြင်ပေးတယ်။ သူတို့ မမြင်ရင် မသိရင် ရပ်ကရွာက အိမ်နီးချင်းက မတော်တာကို မတော်လေဘူးလို့ တားမြစ် ပြောဆို ဆုံးမတတ်ပါတယ်။ ပြောလို့မရရင် ညည်းသား ညည်းသမီး ဘယ်နေရာမှာ ဘယ်လိုပြုမူပြောဆိုနေလေရဲ့ အဲဒါ ဆုံးမဦးလို့ သတိပေးတဲ့ လူ့အဖွဲ့အစည်းပါ။

မိုးလင်းလို့ အလုပ်သွားစရာရှိတယ်၊ အိမ်မှာ ငယ်ရွယ်သူတွေချည်း ထားရစ်ခဲ့ရတယ်ဆိုရင် အလုပ်ဆင်းရတဲ့မိဘက အိမ်နီးချင်းနဲ့ ရပ်ကွက်ကို အပ်ခဲ့တာပါ။ အိမ်နီးချင်းက မိဘကိုယ်စား မတော်တာမှန်သမျှ ဆုံးမနိုင်တယ်။ ပြောမရရင် ရိုက်နှက် ဆုံးမတယ်။ ဒါကို ဘယ်သူကမှ စိတ်မဆိုးဘူး။ ဒါဟာ အိမ်နီးချင်းရဲ့ မေတ္တာ စေတနာပဲလို့ ခံယူကြ လေးစားကြတယ်။

အဲဒီပုံစံတွေ ပြောင်းသလောက် ပြောင်းကုန်တဲ့အခါတော့လည်း အမေတို့ ကျောင်းသားဘဝက ကျောင်းသားအသင်းအဖွဲ့တွေက ကျောင်းသားချင်း အများကြီး ထိန်းသိမ်းစောင့်ရှောက်ပါတယ်၊ စာနယ်ဇင်းတွေကလည်း ဝေဖန်ရေးသားသင့်တာမှန်ရင် မညှာမထောက် သူထက်ငါ ရေးသား ဝေဖန်ခဲ့ကြတာပဲ။ လူဆိုတာကလည်း လူ့အဖွဲ့အစည်းက လက်မခံတာကို မပြုကျင့်ဝံ့တတ်ဘူးလေ။ ကိုယ့်ချည်းနေတာမှ မဟုတ်ဘဲကလား။

ဒါကြောင့် မြန်မာ့ပုံစံ အခုလို ယိုယွင်းပျက်စီးလာတဲ့ လူ့အဆောက်အအုံကို အမြင်မတော် အကြားမတော်သူများက၊ လူကြီးမိဘတွေက၊ ဆရာသမားတွေက၊ ရဟန်းသံဃာတွေက ပဲ့ပြင်ထိန်းသိမ်းကြပါ။ အမေတို့ လူ့အဆောက်အအုံမှာ ပုံပျက်ပန်းပျက် အများကြီးဖြစ်လို့နေပါပြီလို့ ပြောစမ်းချင်လှပါတယ်။


ကဗျာမဂ္ဂဇင်း၊ အမှတ် ၁၂၈၊ ၁၉၉၅ အောက်တိုဘာ

Comments

Popular posts from this blog

ကြည်ကြည်ကို ဘယ်လိုပြောရပါ့ @ ပံသု-ဒီ

ခန်းဆောင်နီအိပ်မက် @ အခန်း - ၈

သိသောသူမည်ကား ကြားပါစေ . . . @ သိုးဆောင်း

ခန်းဆောင်နီအိပ်မက် @ အခန်း - ၁

ရွှေမျက်နှာ @ ကြည်အေး