အမျိုးသမီးဝတ်စုံ @ လူထုအဒေါ်အမာ


“... အမျိုးသမီးတွေ ကိုယ့်တိုင်းရင်းသား အဝတ်အစားအတိုင်းပဲ ဝတ်စား ဆင်ပြင်ထားတယ်ဆိုရင်တော့ တော်ရုံသဖြင့် အမြင်ရှိတာနဲ့ ဘယ်နိုင်ငံက အမျိုးသမီးဆိုတာ သိနိုင်ပါတယ်။ ပြီးတော့ အဲဒီတိုင်းရင်းသားဝတ်စုံတွေဟာ တစ်နိုင်ငံတစ်မျိုးစီ လှကြတာချည်းပါပဲ။ ရောင်စုံပွင့်နေတဲ့ ပန်းမျိုးစုံလိုပါပဲ။ အလှကိုယ်စီ ရှိကြတာပါ။ ဘယ်နိုင်ငံက အမျိုးသမီးဝတ်စုံကတော့ ရိုင်းလိုက်တာ ဆိုတာမျိုး မရှိပါဘူး … ”


“အမေရယ် ... ခုခေတ်ကောင်မလေးတွေ ဘောင်းဘီဝတ်ချင်နေတဲ့ရောဂါကို မကုစားကြတော့ဘူးလား။ လက်ပိုက်ကြည့်နေကြမှာလား" လို့ စာအုပ်ဆိုင်ထဲမှာ အမေနဲ့တွေ့တဲ့ လူတစ်ယောက်က အမေ့ကို ပြဿနာတင်လာပါတယ်။

“ဟုတ်လား။ ဘယ်တုန်းကလဲ" လို့ အမေက အလန့်တကြားမေးတော့ “ဗီဒီယိုကားတွေထဲမှာ မင်းသမီးတွေ ဘောင်းဘီဝတ်နေကြတာ၊ အဆိုတော်မတွေ ဘောင်းဘီဝတ်ပြီး သီချင်းဆိုနေကြတာကို ရုပ်မြင်သံကြား နှစ်ခုစလုံးက ပြနေတာပဲ အမေရဲ့။ ဒါခွင့်ပြုတာပေါ့။ ကြေညာချက် မလိုပါဘူး။ ကျွန်တော်တို့သမီးတွေ၊ တူမတွေက ရုပ်မြင်သံကြားကို ကြည့်၊ အဲဒီထဲက မင်းသမီးကလေးတွေ ဝတ်စားဆင်ပြင် ပြတာတွေကို အားလုံး အတုခိုးနေတာ။ ဒီကောင်မလေးတွေဆီ ဘောင်းဘီဝတ်ချင်တဲ့ ရောဂါ ရောက်လာတာပေါ့” တဲ့။

"နို့..မင်းကတော့ သဘောမတူဘူးပေါ့လေ” လို့ အမေက မေးတော့ “ဒါဆိုရင် တရုတ်မလေးတွေနဲ့ ကျွန်မတော်တို့နဲ့ ဘာကွဲတော့မှာလဲ အမေရဲ့။ သူတို ့ လိုက်မဝတ်သေးပါနဲ့မှ ကျွန်တော်တို့ဆီမှာ တရုတ်မတွေ တစ်နေ့တခြား ပေါလာရတဲ့ အထဲ။ သူတို့ကပါ လိုက်တတ်နေရင် ကျွန်တော်တို့ တိုင်းရင်းသားဝတ်စုံဆိုတာ လုံးလုံးကွယ်ရောပေါ့” တဲ့။

ဒီမိတ်ဆွေ တင်ပြလာတဲ့ပြဿနာက ဒီမှာတွင် ဟုတ်ကောင်းမှ ဟုတ်ပါလိမ့်မယ်။ အာရှတိုက် တစ်တိုက်လုံးမှာ ဖြစ်ပေါ်နေတာနဲ့ တူပါတယ်။ ခေတ်မီတယ် ခေတ်ဆန် ဘယ်အထက်တန်းလွှာ မြို့သူဆိုတဲ့ အတန်းအစားထဲမှာ ဘောင်းဘီ ဝတ်ချင်လာတာ ထိုင်းမှာလဲရှိတာပဲ။ ဖိလစ်ပိုင်မှာလည်း ရှိနေတာပဲ။ အင်ဒိုနီးရှားမှာလည်း ရှိလာတာပဲ။ အိန္ဒိယ၊ ပါကစ္စတန်၊ လော၊ ကမ္ဘောဒီးယား အားလုံးမှာ ရှိနေတာပဲ။ အဲဒီနိုင်ငံတွေက တချို့မိန်းကလေးတွေ ဝတ်နေတာလည်း တွေ့နေရတာပဲ။ နို့ပေမယ့် အဲဒါက လူနည်းစု။ တစ်မျိုးသားလုံးအနေနဲ့တော့ မဟုတ်ဘူး။ လူများစုကြီးနဲ့ ဆင်းရဲသားတွေကတော့ အမျိုးသမီး တိုင်းရင်းသားဝတ်စုံကို ဖတ်နေကြတာပါပဲ။ သူတို့ဆီမှာလည်း အမေတို့ဆီလိုပဲ မကြိုက်တဲ့လူ၊ ကြိုက်တဲ့လူ ရှိနေမှာပါ။

“အမေကတော့ ဒီကိစ္စကို ပွင့်ပွင့်လင်းလင်း၊ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေး ငြင်းခုန်ကြစေချင်တယ်" လို့ အမေက အဲဒီလူကို ပြောပြတော့ “ဒီလိုတင်ပြရင် အမေ့ကို ပြဿနာမရှိ ပြဿနာလုပ်တယ်၊ ကျွန်တော်တို့မှာ စကတည်းက ပြဿနာပေါင်း သောင်းခြောက်ထောင်နဲ့ နေရတဲ့အထဲ တစ်ခုတိုးအောင် လုပ်ပြန်တယ်လို့ အပြစ်တင်ကြလိမ့်မယ်” လို ့ ဒီမိတ်ဆွေက အမေ့အတွက် စိုးရိမ်ရှာပြန်တယ်။

အမေကတော့လည်း အဲဒီလို မတွေးမိဘူး။ တို့မှာ ဘာမှ ပွင့်ပွင့်လင်းလင်း ရဲရဲတင်းတင်း မပြောကြတော့ လူငယ်တွေ၊ ကလေးတွေက သူတို့ စိတ်ကူးပေါက်ရာ ကောင်းနိုးရာရာတွေကို လျှောက်လုပ်နေကြတယ်။ မကြိုက်သူက ရင်မပြီး ကြည့်နေကြတယ်လို့ ထင်လို ့ပါ။

ဘောင်းဘီဝတ်တာကို ကြိုက်တဲ့လူက “ဒီခေတ်ကမ္ဘာက သိပ်ကျုံ့သွား သိပ်ငယ်သွားပါပြီ။ မီဒီယာတွေကလည်း သိပ်များလာနေပါပြီ။ ဘယ်မှာ ဘာလုပ်နေတာ ပဲဖြစ်ဖြစ် ဂြိုဟ်တုစလောင်းက ထိုင်ကြည့်နေရင် နေ့မကူးပဲ အားလုံးမြင်နေတာပဲ။ အဲဒီတော့ သူ့နိုင်ငံ၊ ငါ့နိုင်ငံဆိုတဲ့ သတ်မှတ်ခွဲခြားချက်တောင် မကြာလှခင်တစ်နေ့မှာ ကွယ်ပျောက်တော့မှာပဲဟာ၊ တိုင်းရင်းသား အမျိုးသားဆိုတာတွေလည်း ရှိတော့မှာ မဟုတ်ပါဘူး။ ဘောင်းဘီဟာ လုံလုံခြုံခြုံ ရှိတယ်။ ခိုင်တယ် အကုန်အကျသက်သာတယ် သွားလာလှုပ်ရှား လုပ်ကိုင်ရာမှာ ပိုအဆင်ပြေတယ်ဆိုရင် ဝတ်ပါစေလား” လို့ သဘောဘူတဲ့လူကလည်း အကြောင်းပြချက် ခိုင်ခိုင်လုံလုံနဲ ့ တင်ပြပေါ့။

သဘောမတူသူကလည်း “ကျွန်တော်တို့ နိုင်ငံခြားသွားတဲ့အခါ မင်္ဂလာဒုံက ထွက်ကတည်းက ဆိုက်နားလေရာ လေဆိပ်တွေမှာ ဥရောပဝတ်စုံခေါ်တဲ့ ဘောင်းဘီနဲ ကုတ်နဲ့ နက်ကတိုင်နဲ့ အာရှသားတွေ အများကြီး တွေ့ရတာပဲ။ ဒီလူတွေဟာ ဥရောပက အမေရိက အင်္ဂလန်က လူဖြူတွေ မဟုတ်ဘူး။ အာရှတိုက်သားတွေပဲလို့တော့ မျက်နှာပေါက်နဲ့ အသားအရောင်နဲ့ ကိုယ်လုံးကိုယ်ဖန်ကြည့်တာနဲ့ သိသားပဲ။ ဒါပေမယ့် ဘာနိုင်ငံသားမှန်းတော့ မသိနိုင်ဘူး။ ခင်ဗျား ဘာလူမျိုးလဲ ဘာစကား ပြောတတ်ပါသလဲဆိုတာကို သူနဲ့ဆက်သွယ် စကားပြောချင်ရင် မေးကိုမေးယူရတယ်။ အင်္ဂလိပ်စကား ပြောတတ်တယ်။ (နည်းနည်းပါးပါး ဖြစ်ဖြစ်ပေါ့) ကိုယ်ကလည်း နည်းနည်း နားလည်တယ်ဆိုရင် ကျွန်တော် ဖီလီပီနို၊ ကျွန်တော် အင်ဒိုနီးရှား၊ ကျွန်တော်ထိုင်း၊ ကျွန်တော် မြန်မာ၊ ကျွန်တော် ကမ္ဘောဒီးယား၊ ကျွန်တော် မလေး၊ ကျွန်တော် ပါကစ္စတန်၊ အိန္ဒိယက စသဖြင့် ပြောလာလိမ့်မယ်။ အဲဒီတော့မှ ဪ- သူက ဘာလူမျိုးကိုးလို ့ ကွဲဘော့တာပါ"။

အမျိုးသမီးတွေ ကိုယ့်တိုင်းရင်းသား အဝတ်အစားအတိုင်းပဲ ဝတ်စားဆင်ပြင် ထားတယ် ဆိုရင်တော့ တော်ရုံသဖြင့် အမြင်ရှိတာနဲ့ ဘယ်နိုင်ငံက အမျိုးသမီးဆိုတာ သိနိုင်ပါတယ်။ ပြီးတော့ အဲဒီတိုင်းရင်းသားဝတ်စုံတွေဟာ တစ်နိုင်ငံတစ်မျိုးစီ လှကြတာချည်းပါပဲ။ ရောင်စုံပွင့်နေတဲ့ ပန်းမျိုးစုံလိုပါပဲ။ အလှကိုယ်စီ ရှိကြတာပါ။ ဘယ်နိုင်ငံက အမျိုးသမီးဝတ်စုံကတော့ ရိုင်းလိုက်တာ ဆိုတာမျိုး မရှိပါဘူး၊

ပြီးတော့ ဒီကမ္ဘာကြီး ဘယ်လောက်ကျဉ်းသွားသွား၊ ဘယ်လောက် ကျုံ့သွားသွား၊ လူသားတွေ အားလုံးဟာ တစ်မြေတည်းနေ တစ်ရေတည်းသောက် ဖြစ်သွားသေးတာမှ မဟုတ်ဘဲ။ သူ ့ဓလေ့၊ သူ ့ထုံးစံ၊ သူ ့အစဉ်အလာဆိုတာမျိုးတွေကတော့ ကျန်ရှိနေရဦးမှာပေါ့။ လူတွေ နှစ်တွေ ထောင်နဲ့ချီပြီး တည်ဆောက်လာတဲ့ အမျိုးသား ရိုးရာဓလေ့ထုံးစံတွေကို နေ့ချင်းညချင်း ပစ်ပယ်ချင်လို့ မရနိုင်ပါဘူး။ ဒါကြောင့် ရိုးရာဝတ်စုံကတော့ လူမျိုးအသီးသီးရဲ့ ခါးပေါ်မှာ ရှိမြဲရှိနေစေချင်ပါသေးတယ်လို့ ကိုယ်ပိုင်ယဉ်ကျေးမှုရှိတဲ့ လူမျိုး၊ ကိုယ့်အမျိုးသားယဉ်ကျေးမှုဟာ နိုင်ငံတကာထဲမှာ ယှဉ်ရင် အောက်တန်းမကျတဲ့ အမျိုးအစား၊ အမျိုးသားယဉ်ကျေးမှုဆိုတဲ့ ပန်းဟာ အလှကိုယ်စီရှိတဲ့ပန်း၊ အနံ့ကိုယ်စီမွှေးတဲ့ပန်းလို လက်ခံသူများကလည်း ကိုယ့်ဘက်က ကာကွယ်ပြောဆိုပြီး ပွင့်ပွင့်လင်းလင်း တင်ပြကြစေချင်တယ်။

မိန်းမတွေဆိုတာကတော့ ဘယ်ခေတ် ဘယ်အခါမဆို သူကို စိတ်ထဲ ကောင်းတယ်၊ လှတယ်၊ တစ်ဖက်သားကို ဆွဲဆောင်နိုင်တယ် ဒီလို ဝတ်စားဆင်ပြင်ထားရင် သူများထက်ထူးကဲ ထင်ပေါ်ပြီး သူတို့ကို သူများက အသိအမှတ်ပြုကြလိမ့်မယ်လို့ထင်ရင် အဆန်းအပြားကို အမျိုးမျိုး ထွင်မယ်။ ထွင်ကြည့်ပြီး ၀တ်စားပြကြတာပါပဲ။ အမေတို့ တစ်သက်မှာကိုပဲ အဆန်းတွေ ဖက်ရှင်ဆိုတာတွေ ပြောင်းလဲလို ့မကုန် တွေ့ခဲ့မြင်ခဲ့ လှပါပြီ။

ဒါပေမယ့် အဲဒီ အဆန်းဆိုတာတွေက ပရိသတ်က လက်ခံမှ အောင်မြင်တာပါ။ လက်မခံရင် ပျောက်ကွယ် တိမ်မြုပ်သွားရတာပါ။ လူဆိုတာ လူတွေနဲ့ နေတာဟုတ်လား။ လူ အဆောက်အအုံက လက်မခံတာကို ကြာကြာ လုပ်မနေဝံ့ကြပါဘူး။

ခုတလော မိန်းကလေးက ထဘီကို ကွင်းမချုပ်ဘဲ အပြန့်အတိုင်း ဝတ်ပြနေကြတယ်။ အဲဒါကို “ယိုးဒယားထဘီ' လို့ နာမည်ပေးနေကြတယ်။ ဒီထဘီက ကွင်းမဟုတ်တော့ လမ်းလျှောက်ရင်၊ ခုံးလှေကားတက်ရင်၊ ကားပေါ်တက်ရင် ဒူးမက ပေါင်ရင်းအထိ ပေါ်တယ်လေ။ ဒါလည်း ဘောင်းဘီလိုပါပဲ။ ဝတ်ချင်တဲ့လူက ဝတ်ကြည့်နေကြတာပါ။ ဒီပုံနဲ ့ ဖော်တာ လှစ်တာကို ပရိသတ်က ကြိုက်ရင် ကြိုက်သလို မကြိုက်ရင် မကြိုက်သလို ဟိုအရင်ကလို ပွင့်ပွင့်လင်းလင်း ပြောကြရေးကြ၊ ကာတွန်းဆွဲကြ၊ သင်္ကြန်သံချပ် ထိုးကြ၊ အငြိမ့်ခုံ ဇာတ်ခုံပေါ်က ဝေဖန်ကြရင် လူလက်ခံရင် လက်ခံသလို၊ လက်မခံရင် လက်မခံသလို ဖြစ်ကြရမှာပါ။

ဒါကြောင့် အမြင်မတော်ရင်လည်း ဘော်သလို၊ အမြင်မတော်ရင်လည်း မတော်သလို ပရိသတ်ရဲ့ တုန် ့ပြန်ချက်ကတော့ လိုနေပါတယ်လို့. အမေတော့ ထင်တာပဲ။


ကလျာမဂ္ဂဇင်း၊ အမှတ် ၁၃၆၊ ၁၉၉၆ ဇွန်

Comments

Popular posts from this blog

ကြည်ကြည်ကို ဘယ်လိုပြောရပါ့ @ ပံသု-ဒီ

ခန်းဆောင်နီအိပ်မက် @ အခန်း - ၈

သိသောသူမည်ကား ကြားပါစေ . . . @ သိုးဆောင်း

ခန်းဆောင်နီအိပ်မက် @ အခန်း - ၁

ရွှေမျက်နှာ @ ကြည်အေး