ဝံသာနုခေတ် @ လူထုဒေါ်အမာ


အမေတို့ ငယ်ငယ်တုန်းက တို့အဖေက မြန်မာဘိလပ်ရည်စက်မှာ မန်နေဂျာ လုပ်တယ်။ သူများတွေက “အမာရေ - ညည်းအဖေက ဘာလုပ်တာလဲ” လို့ မေးရင် “ဘိလပ်ရည်စက်က မန်နေဂျာရှင့်” လို့ လူကြီးတွေက ပြောပြထားတဲ့အတိုင်း ပြန်ဖြေတာပဲ။

အမေတို့ အိမ်နားက ကိုစံဝင်းဆိုတဲ့ လူကြီးတစ်ယောက်ရှိတယ်။ သူက အမေ့ကို သိပ်စတာ။ “ညည်းအဖေက ဘိလပ်ရည်စက်က မန်နေဂျာ မဟုတ်ပါဘူး၊ ဘိလပ်ရည်စက်မှာ တန်ကားမောင်းတာပါ” တဲ့။ တန်ကားဆိုတာ ဘိလပ်ရည်ပုလင်းတွေ တင်ပြီး မြို့ပေါ်က ဆိုင်တကာလည်ပို့တဲ့ လေးဘီးတပ် မြင်းတစ်ကောင်ဆွဲတဲ့ ကုန်တင်ယာဉ်ပေါ့။ ကျောက်လမ်းပေါ်မှာဆို ကဂျောင်းဂျောင်းနဲ့။ ဟိုတုန်းက ကတ္တရာစေးလမ်း မရှိသေးဘူး။ ကိုစံဝင်းက အဲသလိုပြောရင် အမေက သိပ်စိတ်ဆိုးတာ။ "မဟုတ်ပါဘူး၊ မဟုတ်ပါဘူး” နဲ့ ငြင်းတာပဲ။ ကိုစံခင်းကလည်း "ဟုတ်ပါတယ် - ညည်းမသိလို့ပါ၊ ငါပြောပြမယ်၊ မနက်မနက် အိမ်ကသွားရင် ဘိလပ်ရည်စက်ရောက်တော့ စက်နောက်ဖေးက ဝင်းထဲမှာ ချည်ထားတဲ့ မြင်းကြီးကို တန်ကားမှာတပ်ပြီး၊ တန်ကားကို ဘိလပ် ရည်စက်ရှေ့ မောင်းလာရော၊ ပြီးတော့ ဘိလပ်ရည်ပုလင်းတွေတင်ရော၊ ငါမြင်နေတာပဲ” တဲ့။ ကိုစံဝင်း ဒီလိုပြောတော့ ကိုယ့်စိတ်ထဲ ဇဝေဇ၀ါတွေ ဖြစ်ကုန်တာပေါ့။ နို့ပေမယ့် အမေတို့က ပြောတာက မန်နေဂျာပဲ။ မန်နေဂျာဆိုတာ လူကြီးပါဆိုပြီး ကိုစံဝင်းကို ငြင်းတာပဲ။ ကိုစံဝင်းကလည်း ဆက်ဆက်ပြီး စ,တာပဲ။ ကြာတော့ သူ့ကို နိုင်အောင် မပြောနိုင်လို့ ဆွဲဆိတ်၊ လက်သီးနဲ့ထု။ တစ်ခါတလေလည်း ကိုစံဝင်းဆီက ငိုပြီး ပြန်ခဲ့ရတယ်။ တကယ်ကတော့ ကိုစံဝင်းက အဖေတို့ ဘိလပ်ရည်စက်မှာ တန်ကား မောင်းတာပါ။ အဖေ့ကို ကလေးမို့ သူက တမင် စ,တာ။

အမေတို့ မန္တလေးမှာ အဲဒီခေတ်တုန်းက ဘိလပ်ရည်ခေါ်တဲ့ သောက်စရာ အချိုရည်လုပ်ငန်းကို DAVID & EZRA Bro; ဒေးဗစ်နဲ့ အီဖရာဘရားသားဆိုတဲ့ ကုမ္ပဏီကြီးက တစ်ဦးတည်း လက်ဝါးကြီးအုပ် လုပ်ကိုင်ပါတယ်။ သူ့ခေတ်နဲ့သူ့အခါ သူတို့ ဘိလပ်ရည်စက်လုပ်ငန်းဟာ အလွန်ကြီးပါတယ်။

သူတို့ဘိလပ်ရည်စက်ကို ၁၉၈၄ ခုနှစ်က စတည်ထောင်တာတဲ့။ မန္တလေးမှာ ဓာတ်ရထား ပြေးတာနဲ့ တစ်နှစ်တည်းပေါ့။ စက်ကြီး တစ်ခုလုံး ဘိလပ်ရည်ပုလင်း ဆေးတာ၊ အရည်သွတ်တာကအစ အားလုံးလျှပ်စစ်နဲ့ချည်း လည်ပတ်လုပ်ကိုင်တဲ့ စက်ကြီးပေါ့။ စက်ကလည်း အလွန်ခေတ်မိသတဲ့။ ဘိလပ်က နောက်ဆုံးမှာ ထားတာတဲ့။ ကျန်းမာရေးအတွက် အိုးတွေခွက်တွေက အားလုံး ငွေရည်သုတ်အိုးခွက်တွေ။ ပုလင်းဆေးတာလည်း စက်နဲ့ဆေးတာ၊ တစ်နေ့တစ်နေ့ကို ဘိလပ်ရည် ပုလင်းဒါဇင် ၅၀၀ ကျတယ်။ အလုပ်သမားလူ ၂ဝ နဲ့ ထုတ်လုပ်တဲ့စက်ကြီးတဲ့။ ဟိုလွန်ခဲ့တဲ့ နှစ်ပေါင်း ၉ဝ က အနေအထားလေ။

အဲဒီတော့ ဘိလပ်ရည်ဆိုတာကို အင်္ဂလိပ်ဝင်လာမှ သောက်ဖူးသူများအဖို့က အလွန်အထင်ကြီးစရာ၊ စမ်းသောက်မြည်းသောက်ကြည့်ချင်စရာ၊ ဒါသောက်တတ်မှ ခေတ်မီ အထက်တန်းကျတယ်လို့ ထင်စရာကြီး ဖြစ်နေတာပေါ့။

ဒီဘိလပ်ရည်ကို မြန်မာတွေကလည်း သောက်ကြည့်တော့ တော်တော်ကြိုက်လာကြပြီ။

အမေတို့ သိပ်ငယ်ငယ်က အခြေအနေကို ပြောပြဦးမယ်နော် - တို့အထက် မြန်မာနိုင်ငံက ရှင်ဘုရင်ပါတော်မူသွားပြီး သူ့ကျွန်ဖြစ်လာရတဲ့အချိန်မှာ ဗြိတိသျှအစိုးရက ကျွန်းသစ်အရောင်းအဝယ်၊ စပါးအရောင်းအဝယ်၊ ရေနံလုပ်ငန်းစတဲ့ စီးပွားရေးလုပ်ငန်း အကြီးစားကြီးတွေကို သူတို့လူမျိုး လုပ်ငန်းရှင်ကြီးတွေ လက်ထဲရောက်စေပြီးတဲ့နောက် အရောင်းအ၀ယ်လုပ်ငန်း အလတ်စားနဲ့ အငယ်စား စီးပွားရေးတွေကို သူတို့က မလုပ်တော့ဘဲ စီးပွားရေးတံခါးကြီးကျယ်ကျယ် ဖွင့်ပေးလိုက်တော့ အရင်းအနှီး သိပ်ရှိပြီး အဆက်အသွယ် ကောင်းကြတဲ့လူမျိုးခြားတွေက ဝင်လာပြီး အားလုံးဝင်လုပ်ကြတာပေါ့။

အမေတို့နိုင်ငံက လူဦးရေတွေ သိပ်များတဲ့ နိုင်ငံကြီး ၂ ခုကြားမှာ ရှိတဲ့ နိုင်ငံငယ် မဟုတ်လား။ အဲဒီတော့ ဒီ နှစ်နိုင်ငံက စီးပွားရေးသမားတွေက တို့နိုင်ငံထဲ တိုးဝင်လာကြတာပေါ့။

ပြီးခဲ့တဲ့အပတ်တုန်းက လုပ်ခဈေးပေါပေါနဲ့ အောက်တန်းစားအလုပ်ကြမ်း အမျိုးမျိုးကို အိန္ဒိယက လာလုပ်တဲ့ အလုပ်သမား ကော်ရင်ဂျီတွေ အကြောင်းရေးခဲ့ပြီး ဒီအပတ် အထက်တန်း အလုပ်အကိုင်တွေမှာ လူမျိုးခြားတွေ လုပ်ကြတာကို ရေးဦးမယ်လေ။ အမေတို့ရဲ့ အနောက်ဘက်မှာ ကပ်နေတဲ့ပြည်နယ်၊ ဘင်္ဂလားလို့ခေါ်တဲ့ BENGAL ဘင်ဂေါလ်က ဘန်ဂါလီလူမျိုးတွေကဆိုရင် အမေတို့နိုင်ငံက ရုံးအသီးသီးမှာ လုပ်ရတဲ့ စာရေးစာချီ အလုပ်တွေထဲမှာ သူတို့အများကြီး ဝင်လုပ်နေကြတာပဲ။ သူတို့က အင်္ဂလိပ်စာတတ်တွေ။ ဟိုတုန်းက မီးရထားဌာနကြီးထဲမှာဆိုရင် မြန်မာက သိပ်နည်းတာ။ မီးရထားဌာနကို ဘန်ဂါလီလူမျိုးတွေ အုပ်စီးထားတယ်လို့တောင် ပြောရမတတ်ပဲ။

ပြီးတော့ ရွှေ စိန်စတဲ့ အရင်းအနှီးကြီးတဲ့ အရောင်းအဝယ်လုပ်ငန်း၊ အထည်အလိပ်စတဲ့ အရောင်းအ၀ယ်လုပ်ငန်းတွေကိုတော့ မာရ၀ါရီကုလားသူဌေးတွေက လုပ်ကိုင်ကြဘယ်။ မြန်မာတွေက သူတို့လက်ဝေခံ လက်လီဆိုင်လောက် အနည်းအပါးရှိတာ။ သွင်းကုန်လုပ်ငန်းကြီးရော၊ လက္ကားအရောင်းအဝယ်ကြီးမှာရော သူတို့ချည်း လုပ်ကြတာပဲ။

အမေတို့ရဲ့ ဧရာဝတီတို့၊ သံလွင်တို့၊ ချင်းတွင်းတို့ဆိုတဲ့ မြစ်ကြောင်းနဲ ပင်လယ်ကမ်းရိုးတန်းကို သင်္ဘောသွားလာတဲ့ လုပ်ငန်းကြီးကို ၁၈၆၅ ခုက စတည်ထောင်တဲ့ ဧရာဝတီ ဖလုပ်တီလာကုမ္ပဏီ ဆိုတာကြီးက တစ်ဦးတည်း လုပ်ကိုင်တယ်။ အဲဒီမှာ အလုပ်သမား သင်္ဘောသားတွေက အားလုံး ခေါ်တောကုလားတွေချည်းပဲ။ တခြား ဘာလူမျိုးမှ မရောနှောဘူး။ မြန်မာဆိုတာ တစ်ယောက်မှ မရှိဘူး။ သင်္ဘောတစ်စင်းလုံး ထိပ်ဆုံးက အောက်ဆုံးအထိ ခေါ်တောကုလားတွေပဲ လုပ်ကိုင်ကြတာပဲ။ အဲဒါ သူတို့ရဲ့ စပယ်ရှယ်လိုင်းတဲ့။

ပြီးတော့ ဘာသာရေးအလိုက် လုပ်ကိုင်စားတဲ့ စီးပွားရေးတွေ ရှိသေးတယ်။ ဥပမာ နွားမွေးမြူတာ၊ နွားနို့ရောင်းတာ ဆိုပါတော့ ဒီအလုပ်ကို ဟိန္ဒူကုလားတွေကချည်း လုပ်ပါတယ်။ နွားတို့၊ ဆိတ်တို့ စတဲ့ သားသတ်လုပ်ငန်းကို မွတ်ဆလင်တွေကရည်း လုပ်ကိုင်တယ်။ ဝက်သက်တဲ့လုပ်ငန်းကိုတော့ တရုတ်က လုပ်ကိုင်တယ်။

တရုတ်ကလည်း ကုလားလိုပဲကွဲ့၊ ဟိုတုန်းက ဒေသကွဲလို့ အမျိုးကွဲတဲ့ သူ ့လူမျိုးနဲ ့သူ၊ သူတို့လုပ်ကိုင်တဲ့အလုပ် တသီးတခြားစီ ရှိတယ်။ ဥပမာဆိုပါတော့ ကွမ်းတုံလူမျိုးလို့ခေါ်တဲ့ ကန်တုန်ပြည်နယ်က တရုတ်တွေက တို့နိုင်ငံမှာ လက်သမား လုပ်တယ်။ တရုတ်လက်သမားဆိုတာ မြန်မာလက်သမားထက် လုပ်ခပိုပေးရတဲ့ တတ်ကျွမ်းသူ အဆင့်ကပေါ့။ ချမ်းသာတဲ့ ကွမ်းတုံက သစ်စက် တည်တယ်။ ပြီးတော့ ကွမ်းတံတွေက အပေါင်ဆိုင်လုပ်ငန်းမှန်သမျှ သူတို့ချည်း လုပ်တာကွဲ့။ အပေါင်ဆိုင် ဆိုတဲ့ တရုတ်စာကြီး တစ်လုံးတည်း ဧရာမကို ဆိုင်ရှေ့က လမ်းပေါ်မှာ ထောင်ထားလိုက်တာပဲ။ အဲဒါကို အဖေတို့ မြန်မာတွေက မဖတ်တတ်ပါဘူး။ ဗူးသီးကြော်လို့ပဲ ဖတ်လိုက်တာပဲ။ ဒါပေမယ့် လူ့အသုံးအဆောင် ဘာပစ္စည်းကိုမဆို အတိုးကြီးကြီးနဲ့ လာပေါင်လို့ရတဲ့နေရာ အပေါင်ဆိုင်လို့တော့ သိကြတယ်။

ကွမ်းတုံတွေက ထန်းရည်ဆိုင်လည်း သူတို့ပဲ၊ သူတို့ရောင်းတာကို မြန်မာတွေက ဝယ်သောက်ကြတာပဲ။

ဖူးကျင့်လို ့ခေါ်တဲ့ ဖူကျန်နယ်သား တရုတ်တွေကတော့ တို ့ဆီမှာ လက်ဖက်ရည်ဆိုင် ဖွင့်တယ်။ တရုတ်လက်ဖက်ရည်ဆိုင် မှန်သမျှ ဖူးကျင့် တရုတ်ချည်းပဲ။ သူတို့က လက်ဖက်ရည်ဆိုင်ဆိုပေမယ့် ကုန်စုံဆိုင်ပါ တွဲဖွင့်တာ။ ဒါကြောင့် လက်ဖက်ရည်ဆိုင်ထဲမှာပဲ မှန်အိမ် မီးခွက် မီးစာလိုချင်လည်း ရတယ်။ စွပ်ကျယ်ငယ်ချင်လည်း ရတယ်။ လက်နှိပ်ဓာတ်မီး၊ ဓာတ်ခဲ၊ သွားတိုက်တံ၊ သွားတိုက်ဆေး ဝယ်မလား၊ ပစ္စည်းတွေစုံနေအောင် ရောင်းတယ်လေ။ မှန်ဗီရိုကြီးတွေ ဆိုင်အမိုးထိအောင် ထားပြီး ပစ္စည်းထည့်ရောင်းတာပဲ။ ဗီရိုကြီးတွေရှေ့ကကော့ လက်ဖက်ရည်စားပွဲနဲ့ ကုလားထိုင်တွေပေါ့။

ဟတ်ကာလူမျိုးကတော့ အထည်သည်တွေကွဲ့။

တို့နိုင်ငံနဲ့ ကပ်နေတဲ့ ယူနန်ပြည်နယ်က ယူနန်လူမျိုးတွေကတော့ တို့ကျောက်စိမ်းတွင်းမှာ သူတို့ချည်း။ ပြီးတော့ တချို့က လားမွေးတယ်။ တစ်ဦးတစ်ဦးမှာ လားအကောင် ၄ဝဝ-၅ဝဝ မွေးထားပြီး ကားလမ်းမပေါက်တဲ့ တောင်ပေါ်ဒေသရဲ့ ခရီးသွားလာ သယ်ယူပို့ဆောင်ရေး အလုပ်တွေ သူတို့က လုပ်ကြတယ်။ အဲဒီလုပ်ငန်းဟာ သူတို့တစ်ဦးတည်းပိုင်လုပ်ငန်းပဲ။ လားဝန်တင်ဆိုတာ မင်းတို့ သိတယ်မှုတ်လား။ အေး - အဲဒါဟိုရှေးက အမေတို့ ငယ်ငယ်တုန်းက စီးပွားရေး အနေအထားကို ပြောတာ။ မင်းတို့က အမေ့ကို မေးချင်လိမ့်မယ်။ ဒါဖြင့်အမေရယ် ဗြိတိသျှတွေက အဲဒီလို စီးပွားရေးတံခါးဖွင့်ထားတော့ ကျွန်တော်တို့ပြည်နေပြည်ထိုင် တိုင်းရင်းသား မြန်မာလူမျိုးတွေက ဘာလုပ်စားကြသလဲလို့။

ရှိတာကလေး ကျန်တာကလေးကို ရသမျှလုပ်စားနေကြရတာပေါ့ကွဲ့ ။

ဒါပေမယ့် အမျိုးသားလွတ်လပ်ရေး နိုးကြားအုံကြွမှုကြီး ပေါက်ကွဲလာတော့ ဝံသာနုဆိုတဲ့ စကားလုံးကြီးနဲ့အတူ လူမျိုးခြားတွေလက်က စီးပွားရေး မြန်မာ့လက်ထဲ ပြန်ရောက်အောင် မြန်မာတွေကလည်း နိုင်ငံခြားသားတွေ လက်ဝါးကြီးအုပ် လုပ်နေတဲ့ စီးပွားရေးတွေမှာ ထိုးဖောက်ကြ၊ ပြီးတော့ ကိုယ့်အမျိုးသားအချင်းချင်း အားပေးကြ၊ ရိုင်းပင်းကြ၊ ဝံသာနုကြဆိုတဲ့ ကြွေးကြော်သံကြီး ပေါ်လာတယ်။ ဒါကြောင့် တို့ မန္တလေးမြို့မှာ အမျိုးသားပိုင်လုပ်ငန်းတွေ စပေါ်လာတယ်။ အယ်လီဖင်စတုန်းရုပ်ရှင်၊ သီပေါရုပ်ရှင်ရုံတွေဟာ နိုင်ငံခြားသားပိုင်တွေချည်းမို့ မြန်မာပိုင်ရုပ်ရှင်ရုံတစ်ရုံကို ငွေစုပြီး လူငယ်မျိုးချစ်တွေက တည်ကြစို့လို့ ကြွေးကြော်ပြီး မြန်မာညွန့် ရုပ်ရှင်ရုံ ဆိုတာကို တည်ခဲ့ကြတယ်။ အဲဒါ ခု ၃၁ လမ်းနဲ့ ၈၃ လမ်းထောင့်က မြို့ဂုဏ်ရောင်ရုံဟာ ပထမဆုံးသော မြန်မာပိုင် ရုပ်ရှင်ရုံပေါ့။

ဒေးဗစ်နဲ့ အီဇရာဘရားသားရဲ့ ဘိလပ်ရည်လုပ်ငန်းကို ထိုးဖောက်ဖို့ အတွက် မြန်မာတွေ အစုစပ်တည်ထောင်တဲ့ မြန်မာဘိလပ်ရည်စက်လည်း ဒါးတန်းမှာ ၈၄ လမ်းနဲ့ ၂၄ လမ်းထောင့်မှာ ပေါ်ပေါက်လာတယ်။ အမေတို့ အဖေ မန်နေဂျာလုပ်တယ်ဆိုတာ ဒီမှာပေါ့။

နိုင်ငံခြားသားတွေ လက်ဝါးကြီးအုပ်ထားတဲ့ စီးပွားရေးထဲ ထိုးဖောက်တာတွေ အများကြီးပဲ။ မန္တလေးက စက္ကူအရောင်းအဝယ်ကို ဒေဆိုင်းနာမည်ခံတဲ့ အိန္ဒိယသားတွေက  လက်ဝါးကြီးအုပ်ထားလို့ မြန်မာတွေက စုပြီး မြန်မာစက္ကူဆိုင် ဖွင့်ခဲ့ရတယ်။ တို့ဘကြီး အဲဒီဆိုင်မှာ လုပ်ဖူးတယ်။ အဲဒီဆိုင် ပျက်သွားပြီးတဲ့နောက် တို့အဖေက ပုဂ္ဂလိကပိုင် မြန်မာဆိုင်တစ်ဆိုင်ထပ်ဖွင့်လို့ အမေအိမ်ထောင်မကျခင်က အဲဒီဆိုင်မှာ ရောင်းပေးရသေးတယ်။

ဝံသာနု၊ ဝံသာနုဆိုတဲ့စကား၊ အမျိုးသားချင်း ရိုင်းပင်းပါ၊ ကိုယ့်လူမျိုးကို အားပေးပါ ဆိုတာတွေကလည်း အနေရာရာမှာ ကြွေးကြော်နေရတာပဲ။

ဒါပေမယ့် အရင်းအနှီးချင်းကကွာ၊ အတွေ့အကြုံချင်းကကွာ။ ကာဘာပေး ခံရတာချင်းကကွာ။ အဆက်အသွယ်ချင်းက ကွာလေတော့ စီးပွားရေးမှာ ယှဉ်ရပြိုင်ရကာ မလွယ်ဘူး၊ ကိုယ့်ဘက်က ရှုံးတာတွေလည်း အများကြီး၊ နိုင်ငံရေး နိုးကြားမှု အမြတ်တော့ ရတာပေါ့။

ဒါကြောင့် သီချင်းစပ်တဲ့ စာရေးဆရာကိုတော့ ကောင်းကောင်း အမေ မမှတ်မိတော့ဘူး၊ စိတ်ထဲကတော့ အေဝမ်းဆရာညှာလို့ပဲ ထင်တာပဲ။ သူစာရေးစပ်ပေးတဲ့သီချင်း အမေတို့ ငယ်ငယ်က သီဆိုခဲ့ရသေးတယ်။


ကလျာမဂ္ဂဇင်း၊ အမှတ် ၁၀၉၊ ၁၉၉၄ မတ်

Comments