သတင်းစာ လူထုအော်သံအခန်းမှာ ဘုရားပွဲတွေကို အမှီပြုပြီး လောင်းကစားဝိုင်းတွေ လုပ်နေပါတယ်လို့ ရေးသားကြတာတွေကို မကြာခဏ ဖတ်နေရတော့ လောင်းကစားမှုဟာ လူကို ဘယ်လောက် နှိပ်စက်သလဲဆိုတာကို အမေငယ်ငယ်က ကြုံတွေ့ရတဲ့ အကြောင်းကလေးတွေနဲ့ ယှဉ်ပြီး ရေးပြချင်စိတ် ဖြစ်လာတယ်။
အမေတို့က ဗြိတိသျှနယ်ချဲ့သမားရဲ့ ကျွန်ဘဝမှာ အသက် ၂၄ နှစ် ထိအောင် နေခဲ့ရတော့ သူ့ကျွန်ဆိုတဲ့ အရသာကို ကောင်းကောင်းကြီး သိတာပေါ့။ အမေတို့ ငယ်ငယ်တုန်းက ဗြိတိသျှ အစိုးရက နိုင်ငံတော်ထီ ဆိုတာကို စောစောက မဖွင့်သေးဘူး။ ကနေ့ထက်ထိ ရှိနေတဲ့ ထီက ၁၉၃၈ ခု ၁၉၃၉ ခုနှစ် လောက်က သူတို့ပြေးရခါနီးမှ စခဲ့တာ။ ဒီအရင်ကတော့ စနေနေ့တိုင်း လုပ်ခဲ့တဲ့ မြင်းပွဲ (တစ်လ ၄ ကြိမ်) ရှိဘယ်။ တရုတ်တန်းမှာ တရုတ်တွေကို တရားဝင် ခွင့်ပေးထားတဲ့ လေးကောင်ဂျင်ပိုင်း၊ ပါထန်ဝိုင်းတွေ ရှိတယ်။ ရှမ်းပြည်နယ်မှာ တစ်နှစ်တစ်ကြိမ်၊ တရားဝင်ပြုလုပ်နိုင်တဲ့ မြောက်ပိုင်းမှာ ဘော်ကြို လောင်းကစားပွဲ တောင်ပိုင်းမှာ မြို့ကြီး ဒေါင်းမြီးလောင်းကစားပွဲ၊ စော်ဘွားတွေအကြောင်းပြ အမျိုးမျိုးနဲ့ ခွင့်ပေးပြုလုပ်တဲ့ လောင်းကစားပွဲတွေက တစ်နှစ်မှာ ၂ ပွဲ၊ ၃ ပွဲစီ ရှိတယ်လေ။ တို့နိုင်ငံဟာ လယ်ယာ စိုက်ပျိုးရေးနိုင်ငံမို့ မန္တလေးမှာ စိုက်ပျိုးရေးတက္ကသိုလ်ကြီး ဖွင့်ဖို့တဲ့၊ တစ်နိုင်ငံလုံးမှာ လောင်းကစားပွဲကြီးတွေ အကြီးအကျယ် ခွင့်ပေးပြီး တက္ကသိုလ်ဆောက်ဖို့ ငွေရှာခဲ့တာကလည်း တကယ့် အမှတ်တရ။
ထားတော့ - အဲဒါတွေကို။ အမေ အခုရေးချင်တာက ဆင်းရဲသားကို နေ့တိုင်းနှိပ်စက်ပြီး နှိုက်ယူခဲ့တဲ့ ၃၆ ကောင် လောင်းကစားအကြောင်းကို ရေးချင်တာ၊ ၃၆ ကောင်ဆိုတာ အကောင်ပေါင်း ၃၆ ကောင်ထဲက တစ်ကောင်ကို ပေါက်အုပ်ထဲ ထည့်ထားပြီး တစ်နေ့တစ်ကြိမ် ဖွင့်တဲ့ ထီပါ။ ၃၆ ကောင်ကို တစ်ကောင် ပိုက်ဆံတစ်ပြားဖိုးစီထိုးရင် တစ်ကောင်က ပေါက်မယ်။ ပေါက်တဲ့အကောင်ကို ၂၄ ပြား လျော်မယ်။ ဒိုင်က ၁၂ ပြား စားမယ်ပေါ့။ အဓိပ္ပာယ်ကတော့ ထိုးကြေးထဲက ၃၃.၃ % ရာခိုင်နှုန်း ဒိုင်က ယူတယ်ပေါ့။ တို့အခုဖွင့်နေတဲ့ နိုင်ငံတော်ထီက ရာခိုင်နှုန်း ၄၀% ယူတယ်။
အဲဒီ ၃၆ ကောင်က ၁ ပြားထိုးလို ၂၄ ပြား လျော်နေတာကို ရိုးရိုး ထိုးစေ လျော်စေတာ မဟုတ်ဘူး။ သူတို့က ဇာတ်ခင်းပြီး အတိတ်ပေးတယ်။ အဝေးတိတ် အနီးတိတ်ပေးတယ်။ အဲဒါကို ထိုးချင်သူက တစ်လုံး စဉ်းစားပြီးမှ ထိုးကြရတယ်။ တကယ်ကတော့ အလျော်ရ အနည်းဆုံးဖြစ်မယ့် အကောင်ကို ဒိုင်က ပေါက်ထုပ်ထဲ မနက်ကတည်းက ထည့်ထားပြီး ပေးချင်တဲ့အတိတ်ကို ပေးတာ။ ဖွင့်တော့ ပြောချင်တာပြောပြီး ဖွင့်တာပါ။ ဒါကို အလုပ်သမား ဆင်းရဲသားက အဟုတ်မှတ်ပြီး တစ်နေကုန်တစ်နေခန်း တွေးနေ မေးနေပြီးမှ လောင်းကြရတာကို အမေက ခံပြင်းနာကြည်းတာပါ။
၃၆ ကောင်သမားအဖို့ အကောင် ၃၆ ကောင်ကို အလွတ်ထားတာ မဟုတ်ပါဘူး။ ကြေးစန္ဒီလို့ခေါ်တဲ့ တရုတ်နတ်ရုပ်ကြီး ရှိပါတယ်။ အဲဒီနတ်ရုပ်ကြီးမှာ ဒီအကောင်တွေက သူ့နေရာနဲ့သူ နေရာချထားတာပါ။ ခေါင်းပေါ်မှာ မြင်း၊ နားရွက်နှစ်ဘက်မှာ ရွှေနဂါးနဲ့ လိပ်ပြာ၊ ပါးစပ်မှာကတော့ ၃၆ ကောင် ဆိုပေမယ့် ၃၆ ကောင်စလုံး အကောင်တွေချည်း မဟုတ်ဘူးတဲ့။ သီလဆိုတဲ့ မယ်သီလပါတယ်။ တောဆိုတဲ့ တောပါတယ်။ အိမ်ဆိုတာလည်း ပါသေးတယ်။ သားဆိုတာလည်း ပါသေးတယ်။ နို့ပေမယ့် ဆတ်ကိုသားလို့ ခေါ်နိုင်တယ်။ အိမ်ကို ကြောင်လို့ ခေါ်နိုင်တယ် စသဖြင့် အဓိပ္ပာယ် မရှိတာတွေလည်း လုပ်ထားတာပါ။ ပြီးတော့ တစ်ကောင်က တစ်ကောင်ရဲ့ကိုယ်စားလှယ်လုပ်လို့ ရသတဲ့။ လိပ်ရဲ့ ကိုယ်စားလှယ်က လိပ်ပြာတဲ့။ ပုဇွန်ရဲ့ ကိုယ်စားလှယ်က ရွှေနဂါးတဲ့။ နဂါးကလည်း တစ်ကောင်တည်း မဟုတ်ဘူး။ ရွှေနဂါးဆိုတာက ညာဘက်နားရွက်မှာ၊ နဂါးပုံဆိုတာက အရုပ်ကြီးရဲ့ ပေါင်ရင်းမှာ ရှိတာပါ။
အမေတို့ အသက် ၁၀ နှစ်လောက်ကစပြီး ၁၃ နှစ်သမီးလောက်အထိ ထင်တာပဲ။ မန္တလေးမှာ ၃၆ ကောင်ထီ နေ့တိုင်းဖွင့်တဲ့ ဒိုင်ကြီးတစ်ယောက် တရုတ်တန်းမှာ ရှိတယ်။ သူ့နာမည်က ဦးမြဲတဲ့။ သူက တစ်နေ့တစ်ကိန်းလို့ခေါ်တဲ့ တစ်နေ့တစ်ကြိမ် ၃၆ ကောင် ဖွင့်ပါတယ်။ ဖွင့်မယ့်အကောင်ကို ပေါက်ထုပ် ကတ္တီပါအိတ်နဲ့ထည့်ပြီး တိုင်ကြီးရဲ့ထိပ်မှာ မနက်ကတည်းက ဆွဲထားတာပါတဲ့။
၃၆ ကောင်သမားက အတိတ်ဆိုတာ ပေးရအောင် ဇာတ်တော်ကြီး ၁ဝ ဘွဲ့ထဲက ဇာတ်တွေကို တစ်ဇာတ်စီယူပြီး အဲဒီထဲက ဇာတ်လမ်းကို နေ့တိုင်း အတိတ်ပေးပါတယ်၊ အဲဒါကို ထီစာရေးတွေက စက္ကူပေါ်မှာ ခဲတံနဲ့ ရေးပြီး ထီထိုးချင်တဲ့လူတွေကို ပေးတယ်။ အဲဒီအတိတ်ဆိုတာကို ထိုးချင်သူက တစ်နေ့လုံးရွတ်၊ ဇာတ်လမ်းကို တစ်နေ့လုံးတွေး၊ ညနေတိုင်တော့ ဘာကောင်ထိုးမယ်ဆိုတာ ဆုံးဖြတ်ပြီး အရပ်ထဲမှာ မှိုလိုပေါက်နေတဲ့ ၃၆ ကောင် စာရေးတွေဆီမှာ ထိုးကြတာပဲ။ ထိုးကြေးက ပိုတ်ဆံ ၁ ပြား အထိ လက်ခံတာမို့ အဆင်းရဲဆုံး ဆင်းရဲသားအိတ်ထဲက နှိုက်ယူတဲ့ လောင်းကစားကွဲ့။ အမေတို့အိမ်မှာ အမေတို့ငယ်ငယ်တုန်းက ဆေးပြင်းလိပ်နဲ ဆေးပေါ့လိပ်ခုံ ထောင်ထားတယ်။ အဲဒီတော့ ဆေးပြင်းလိပ်အလုပ်သမား ဆေးမပါ့လိပ် အလုပ်သမား မိန်းမတွေရှိတာပေါ့။ သူတို့ဝင်ငွေက လက်ဖျင်းတဲ့လူဟာ တစ်နေ့ ပိုက်ဆံတစ်မတ်လောက် ရှိတယ်။ တစ်မတ်ဆိုတာ ၁၆ ပြား၊ တစ်ကျပ်ရဲ့ လေးပုံတစ်ပုံပါ။ အလတ်စားက သုံးမူး ငါးမူးလောက်ရှိတယ်။ တစ်ယောက်နှစ်ယောက်ကတော့ သိပ်မြန်တဲ့လက်မို့ သုံးမတ်လောက် ၀င်ပါတယ်။
ဒီမိန်းမတွေဟာ အများအားဖြင့် စာမတတ်ကြပါဘူး။ အဲဒီတော့ မနက် ဆေးလိပ်လိပ်ဖို့ အလုပ်ခွင်ဝင်တဲ့အခါ ခဲတံလောက်ရှိတဲ့ စက္ကူကလေးပေါ်မှာ ရေးထားတဲ့ ၃၆ ကောင် အတိတ်လိပ်ကလေးကို ဆေးစပ်သံပုံးမှာ ပထမဖြေပြီး ကော်နဲ့ ကပ်ထားလိုက်တယ်။ အလုပ်စပြီ ဆေးလိပ်လိပ်ပြီဆိုတော့ “အမာရေ အမာရေ လာပါဦးအေ" လို့ အမေ့ကို ခေါ်ရော၊ အမေကလာတော့ "ဒါကလေး ဖတ်ပြစမ်းပါ" လို့ သံပုံးကပ်ထားတဲ့ အတိတ်ကလေးကို အဖတ်ခိုင်းတော့တာပဲ။ သူတို့ ၃၆ ကောင်က သုဝဏ္ဏသျှံဇာတ်ကို ဖွင့်နေတာဆိုကိုး။ “သုဝဏ္ဏသျှံ၊ ရေခပ်ပြန်၊ လမ်းမှန်မတွေ့၊ တောအကွေ့၌ ရသေ့လမ်းပျောက်နေရှာသည်”၊ “ကျောင်းသင်္ခမ်းသို့ မိုးစုပ်စုပ်ချုပ်မှ ပြန်ရောက်တာ ကြည့်ထိုး" တဲ့။
အမေက အဲဒီအတိုင်း ဖတ်ပြလိုက်တော့ “သုဝဏ္ဏသျှံ ဇာတ်လမ်းပြောပြပါဦး အမာရဲ့" လို့ သူတို့က ပြောပြန်တယ်။ စာမှမတတ်ဘဲ၊ ဒီဇာတ်လမ်းကို တော်ရုံပဲ ကြားဖူးတာပေါ့။ အမေက ကျောင်းနေလို့ ၄-၅-၆ တန်းရောက်နေပြီဆိုတော့ သုဝဏ္ဏသျှံ ဇာတ်လမ်းလည်း ပြောပြနိုင်တဲ့ ပညာရှိကြီးပေါ့။ ဇာတ်လမ်းအသေးစိတ်ကို သိတော့ အတွေးနယ်က ချဲ့လို့ရတယ်ဟုတ်လား။ ဒါကြောင့် အမေ့ကို ဇာတ်လမ်း အပြောခိုင်းပြန်တာ။
သူတို့မှာလေ - လက်ကလည်း ဆေးလိပ်လိပ်ရင်း ပါးစပ်ကလည်း ပေါက်ကောင်ကို စဉ်းစားရတာအမော - “သုဝဏ္ဏသျှံဟာ ရေအိုးထမ်းပြန်လာတာဆိုတော့ ပခုံးမှာ ရှိတဲ့အကောင် ဆတ်နဲ့ သီလလည်း ဖြစ်နိုင်တယ်။ လမ်းပျောက်လို့ တောထဲအကြာကြီး လျှောက်နေရတာမို့ ခြေထောက်ကအကောင် ကြွက်နဲ့ငါးရှဉ့်လည်း ဖြစ်နိုင်တယ်" လို့ တွေးလိုက်။ “သုဝဏ္ဏသျှံဟာ မိဘကို လုပ်ကျွေးတဲ့သားမို့ သားလည်း ဖြစ်နိုင်တယ်၊ ငါတော့ သားနဲ့ဆတ်ကို သိပ်ကြိုက်နေပြီ – ၂ ပြားဖိုးစီတော့ ထိုးလိုက်ချင်တာပဲ" လို့ တွေးလိုက်။
ဒီမိန်းမရမယ့်လုပ်ခက ၁ မတ် ၅ ပဲပါ။ အဲဒီအထဲက သူက အကောင် ၂ ကောင်ကို ၂ ပြားဖိုးစီ ထိုးမယ်ဆိုတော့ သူ့ဝင်ငွေရဲ့ ၂၅ ရာခိုင်နှုန်း၊ ၂ဝ ရာခိုင်နှုန်းကို သူက ထီထိုးချင်နေတာပေါ့။
သူဒီလို တွေးနေ စဉ်းစားနေတုန်း “ဒေါ်တင့်ရေ - ကျွန်မကို ညနေကျတော့ တီကို ၁ ပဲဖိုး ထိုးပေးစမ်းပါ" လို့လာပြီး သူနဲ့တစ်ခုခြားက မငွေက ပြောရင်း ပိုက်ဆံ ၁ ပဲ သူ့ကို လာပေးပြန်တယ်။ အဲဒီတော့ ဒေါ်တင့်က "အံမယ်၊ ကောင်မက ၁ ပဲ ပိုးကြီးများတောင် တီကို ထိုးမလို့တဲ့၊ ညည်းက ဘဝအတိတ်စိမ်းများရလို့တုန်း၊ ကောင်မ ငါ့တော့ မပြောဘူး" တဲ့။ မငွေက “ဆေးလိပ်ခုံလာခါနီး ခုတင်နဲ့ဒူးနဲ တိုက်မိတာ ဒူးကိုညိုသွားတာပဲ၊ အဲဒါ အတိတ်စိမ်းကောက်ပြီး ညာဘက်ဒူးက အကောင် တီကို ၁ ပဲဖိုး ထိုးချင်တာပါ။ ဒေါ်တင့်လည်း ထိုးချင်ထိုးပါ၊ ကျွန်မ အတိတ်စိမ်းကတော့ ဒါပဲ" ဆိုပြီး သူ့ညာဒူးက အညိုကြီးကို လှန်ပြတယ်လေ။
ဒေါ်တင့်ခမျာမယ် မိဘကို ရေခပ်ပေးတဲ့သားမို့၊ သားနဲ့ကိုယ်စားလှယ် ပခုံးက အကောင် ဆတ်ကိုလည်း ထိုးချင်၊ တောထဲ လမ်းပျောက်နေတယ်လို့ အဘိတ်ကဆိုလို့ ခြေထောက်ကအကောင် ကြွက်တို့၊ ငါးရှဉ့်တို့လည်း ထိုးချင်၊ မငွေရဲ့ အတိတ်စိမ်းအရ ဒူးကအကောင် တီကိုလည်း ထိုးချင်။ တီကိုသာ ထိုးမယ်ဆိုရင် သူ့ကိုယ်စားလှယ် ငွေငါးပါထိုးရမှာ။ စိတ်ထဲတော့ တစ်ပြားဖိုးစီ ရှစ်ကောင်လောက် ထိုးလိုက်ချင်တယ်။ နို့ပေမယ့် လက်ခရမှာက ၁ မတ် ၅ ပဲ။ ၁ မူးဖိုးထိုးရင် စားစရာ ဘယ်ကျန်တော့မှာလဲ။ သူ့မှာ အလုပ်မလုပ်နိုင်တော့လို့ သူကပဲ လုပ်ကျွေးနေရတဲ့ လင်ယောက်ျားကြီးလည်း အိမ်မှာရှိသေးတာကိုး။ ပိုက်ဆံက ၃ ပဲပဲ ကျန်တော့မှာလေ။ အဲဒီတော့ တစ်ခါတလေ "အမာရေ - လာပါဦးအေ၊ ဒေါ်တင့်ကိုကူပြီး တွေးပေး စမ်းပါဦး" လို့များ စစ်ကူတောင်းရှာသေးတယ်။
မှတ်မှတ်ရရ အဲဒီနေ့က ဘာဖွင့်သလဲလို့ နောက်မနက်မှာ အဖေက မေးကြည့်တော့ ရွှေငါးတဲ့။ အမေက စိတ်ဆိုးလို့ “ဘာဆိုင်လဲ” လို့ အော်တော့ ဒေါ်တင့်က “မိုးစုပ်စုပ်ချုပ်မှ ကျောင်းသင်္ခမ်းပြန်ရောက်တယ်ဆိုတော့ ချုပ်တာက လက်နဲ့သမီး၊ ညာဘက်လက်မှာ ရွှေငါးလေး၊ အတည့်ကြီးပြောရဲ့သားနဲ့ တို့က မျှော်တွေးနေတာကိုး” တဲ့။ မပေါက်ပေမယ့် ကိုယ့်ဖာသာပဲ အပြစ်တင်ပါတယ်။ ဒိုင်က လုပ်ပုံကတော့ ထိုးသားအဖို့ မှန်တာချည်းပါပဲ။ အမေဖြင့် ခံပြင်းလိုက်တာ၊ မကျေနပ်လိုက်တာ။ နို့ပေမယ့် ဒေါ်တင့်တို့လို ထိုးသားတွေက အမေ့လို မမြင်ရှာကြပါဘူး။
ဒိုင်ကြီး ဦးမြဲဆီကို ထိုးကြေးတစ်နေ့ဘယ်လောက်ရောက်မယ်ဆိုတာကတော့ အမေတို့က ဦးမြနဲ့ မနီးစပ်လို့ မသိဘူး။ ဒါပေမယ့် ဦးမြဲဖွင့်နေတဲ့ ပေါက်ကောင်ကို အမှီပြုပြီး 'အုပ်ခိုင်' ဆိုတာတွေ ရှိတယ်။ 'ခုပ်ဒိုင်' ဆိုတာတွေ ရှိပါသေးတယ်။ “အုပ်ဒိုင်” က သူ့ဖာသာ ပေါက်ထုပ်မတင်ဘူး၊ ဦးမြဲတင်တဲ့ပေါက်ထုပ်၊ ဦးမြဲပေးတဲ့ အတိတ်ကိုပဲ သူက သုံးတယ်။ သူ့ဖာသာ ထိုးသားဆီက ငွေကို သူ့စာရေးနဲ့ သူ လက်ခံပြီး ဦးမြဲဖွင့်တဲ့အတိုင်းဖွင့်၊ ဦးမြဲလျော်သလို လျော်၊ ဦးမြဲစားသလိုစားတဲ့ လက်ဝေခံ ဒိုင်ပေါ့။
“ခုပ်ဒိုင်” ဆိုတာကတော့ ဦးမြီရဲ့ စာရေးပဲ။ ဒါပေမယ့် သူက သူခံလို့ရတဲ့ ထိုးကြေးကို အကုန်မသွင်းဘူး။ သူက ဖွင့်မယ်ထင်ထားတဲ့အကောင်ကို ထိုးထားတဲ့ ထိုးေကြးထဲက နည်းနည်းပဲ ဖြတ်ယူထားလိုက်ပြီး ခပ်များများ သွင်းလိုက်တယ်။ အဲဒီလိုဖြတ်စားတာကို 'ခုပ်တယ်' လို့ ခေါ်တယ်။ သူက ဖွင့်မယ်မထင်တဲ့ အကောင်ကိုတော့ သူမထင်ရင် မထင်သလို လုံး၀မသွင်းဘဲ သူချည့်စားတာ။ နည်းနည်းသာ သွင်းတာမျိုး လုပ်ပါတယ်။ အဲဒီတော့ တကယ်လို့ သူစားထားတာထဲက ပေါက်နေရင်လည်း သူကစိုက်ပြီး လျော်သင့်ရင် လျော်ပါတယ်။ အများအားဖြင့် ခုပ်ဒိုင်တွေက သူတို့လည်း အတွက်အချက် တော်ကြလေတော့ သူတို့ ခုပ်စားနေတာကို လူသိမခံပါဘူး။ ထိုးသားကို ပေးစရာရှိတာ ပေးနေတာပါပဲ။
သူတို့ စိုက်ပြီး လျော်နိုင်လောက်အောင်လည်း ဖြစ်ခဲပါတယ်။ တကယ်လို့ ဖြစ်လာပြီဆိုရင်တော့ ပုလိပ်ဖမ်းလို့ဆိုပြီး တစ်ပြားမှ မလျော်ဘဲ ညစ်လိုက်ပုန်းနေလိုက်တော့တာပါပဲ။
“ကြေးစန္ဒီ” နတ်ကြီးက ဒိုင်ဘက်က နတ်ကြီးတဲ့။ ဒါကြောင့် ဒိုင်က သူစားရတာများအောင် ကြေးစန္ဒီနတ်ကြီးကို ဖယောင်းတိုင် ထွန်းတယ်။ ဝက်သားဟင်းနဲ နတ်တင်တယ်တဲ့။ ထိုးသားဘက်ကလည်း ထွန်းအောင်ကျော်နက် ရှိသတဲ့။ သူ့ကိုလည်း ထိုးသားက ဖယောင်းတိုင်နဲ့ စားဖွယ်နဲ့ တင်ကြတယ်။ ဒါကြောင့် ဟိုခေတ်တုန်းကပေါ်တဲ့ ၃၆ ကောင်သီချင်းမှာ “ကိုထွန်းအောင်ကျော်ရယ် ပေါက်ကောင်ကိုမပါ။ ကြေးစန္ဒီ လူပလီ မူလကျီနှစ်ကောင်၊ ရွှေရင်ပေါင် ငွေရင်ပေါင် နေဝင်အောင်တွေး၊ အနီးတိတ်ပေးတော့ လိပ်ကို ငွေ ၂၀ဝဝိ / – ပေါက်ကောင်စာရင်းဖွင့်လိုက်တော့ ရွှေအိမ်ကြောင်" လို့ ပါတယ်လေ။
အမေတို့ ငယ်ငယ်ကလေ ဒီ ၃၆ ကောင်ဆိုတဲ့ ထီကို အလုပ်သမားဆင်းရဲသားတွေက ကိုယ်စားရမယ့်အထဲက နေ့တိုင်းပဲနှိုက်ပြီး ထိုးနေကြတာ။ သူတို့မှာ ပေါက်တယ်ဆိုတာက နည်းနည်း၊ ပါတာက နေ့တိုင်းဆိုတော့ အမေက ခံပြင်းလိုက်တာ။ နို့ပေမယ့် သူတို့ကို မထိုးချင်အောင်လည်း အမေ ဘာမှ မလုပ်တတ်ပါဘူး။
ဒီလောင်းကစားဟာ တရုတ်ပြည်က ရတာတဲ့။ တရုတ်ဆင်းရဲသားကိုတော့ ဘယ်လိုနှိပ်စက်တယ် မသိဘူး၊ အမေတို့ မြန်မာဆင်းရဲသားတွေကိုတော့ နှိပ်စက်လိုက်တာပါကွယ် လိမ့်နေတာပါပဲ။
ကလျာဂ္ဂဇင်း၊ အမှတ် ၁၁ဝ၊ ၁၉၉၄ ဧပြီ


Comments
Post a Comment