“... အမေက ဒီခြင်္သေ့ကြီး ၂ စီးကို ကြည့်ပြီး ဟိုပထမမင်းသား မောင်ကျောက်လုံး ခေတ်အခါတုန်းက အမရပူရကနေပြီး ပုဂံမင်းဟာ သူ့အိမ်တော်ရာစေတီကို ဘုရားဖူး ကြွလာတဲ့အခါ ခြင်္သေ့ကြီးတွေ ရှေ့ကဖြတ်ပြီး အဆောင်အယောင် အခမ်းအနားတွေနဲ့ ကြွတော်မူလာတာ၊ အမရပူရကို ပြန်ကြွတော်မူတာတွေကို မြင်ရပေလိမ့်မယ်။ ဒီနောက် ညီတော် မင်းတုန်းမင်း နန်းတက်တယ်။ ဒိနောက် …”
အမေ့စာအုပ် “ရတနာပုံမန္တလေး၊ မန္တလေး၊ ကျွန်မတို့မန္တလေး” ဆိုတဲ့ စာအုပ်ထဲမှာ မန္တလေးအိမ်တော်ရာ မိကျောင်းတံတားအကြောင်း ရေးထားတဲ့ ဆောင်းပါးတစ်ပုဒ် ပါတယ်။ အဲဒီဆောင်းပါးမှာ မိကျောင်းတံတား တောင်ဘက်ထိပ်မှာတော့ ခြင်္သေ့ကြီး ၂ စီး လုပ်ထားတာ ရှိတယ်။ ခုတော့ လူနေအိမ်တွေ ဝိုင်းရံနေလို အဲဒီခြင်္သေ့ကြီး ၂ စီးကို ဓာတ်ပုံရိုက်ပြချင်ပေမယ့် ပုံကောင်းမရတော့ဘူးလို့ ရေးခဲ့ဖူးပါတယ်။
ခု ပဲလှော်ချောင်က မိတ်ဆွေတစ်ဦးက “အမေရေ - အမေရေးတဲ့ ခြင်္သေ့ကြီးတွေကို ခုလာကြည့်လှည့်ပါဦး၊ ခြင်္သေ့ကြီးတွေ စန်းထနေတယ်” တဲ့။
အမေ့ဆောင်းပါး ရေးပြီးတဲ့နောက် အခြေအနေတွေက ဘယ်လိုက ဘယ်လို ပြောင်းလဲကုန်တယ်တော့ မသိဘူး။ ပထမ ခြင်္သေ့ကြီးတွေ အနားကပ်ဆောက်ထားတဲ့ လူနေအိမ်တွေက ရွှေ့ပြောင်းပေးကုန်သတဲ့၊
နောက်တော့ ဒီခြင်္သေ့ကြီးတွေမှာ ပန်းတို့၊ ရေချမ်းတို့ တင်လှူပြီး ကိုယ်လိုရာ ဆုတောင်းရင် ဆုတောင်းပြည့်တယ်ဆိုတဲ့ သတင်းစကားက ဖြစ်လာသတဲ့။ အဲဒီသတင်းက တဖြည်းဖြည်း ပျံ့နှံ့သွားလို့ ခုဖြင့် ခြင်္သေ့ကြီး ၂ စီးမှာ ပန်း ရေချမ်းလည်း ပြတ်တယ် မရှိဘူး။ ပြီးတော့ ဖျာကလေးတွေ သင်ဖြူးကလေးတွေခင်း၊ ပုဆစ်ဒူးတုပ်ထိုင်ကြပြီး ရှိခိုးကြ၊ ဆုတောင်းကြသူတွေလည်း ပြတ်တယ် မရှိဘူးတဲ့။ အမေ ဒီမြင်ကွင်းကို လာမကြည့်အားရင် ကြည့်ရအောင် ဓာတ်ပုံရိုက်ပို့လိုက်မယ်ဆိုပြီး ဓာတ်ပုံတစ်ပုံ ရောက်လာပါတယ်။
ဓာတ်ပုံထဲ ကြည့်လိုက်တော့ အမေ့ကို သတင်းပေးတဲ့အတိုင်းပါပဲ၊ ဟုတ်လို့ပေါ့။ နောက်တော့ တစ်ခါ မကြာပါဘူး၊ ခြင်္သေ့ကြီးတွေကို ပြင်ချင်တဲ့ အလှူဒကာများ ပေါ်လာပြန်သတဲ့။
မင်းသားမောင်ကျောက်လုံးရဲ့ ခြင်္သေ့ကြီး ၂ စီးက ၁၂၁၁ ခုနှစ်က တည်ဆောက်ခဲ့တာဆိုတော့ ခုဆိုရင် နှစ်ပေါင်း ၁၄၇ နှစ် ရှိခဲ့ပြီလေ။ အဲဒီအတောအတွင်း ဒုတိယကမ္ဘာစစ်ကြီးရဲ့ စစ်မြေပြင် စစ်တလင်းဖြစ်ခဲ့ရတဲ့ အချိန်ကာလကိုလည်း ကျော်လွန်ခဲ့ရတယ် ဟုတ်လား။ အဲဒီတော့ ခြင်္သေ့ကြီးတွေမှာ ပျက်စီး ယိုယွင်းမှုက ရှိတာပေါ့။ အရှေ့ဘက်က ခြင်္သေ့ကြီးထက် အနောက်ဘက်က ခြင်္သေ့ကြီးက ပိုလို့ပဲ ပျက်စီးသေးတယ်။ ခြင်္သေ့ရဲ့ ဖင်ပိုင်းတစ်အုံလုံး အင်္ဂတေကွာနေတာမို့ နောက်ကများ နေကြည့်ရင် မြင်လို့မကောင်းဘူး။ ဒါကြောင့် ခြင်္သေ့ကြီးတွေနဲ့ မလှမ်းမကမ်းမှာ ရှိကြသူထဲက အလှူရှင်တစ်ဦး ပေါ်လာသတဲ့။ ဒီခြင်္သေ့ကြီး ၂ စီးကို မူလအတိုင်းဖြစ်အောင် ပြန်ပြင်ပါရစေပေါ့။
မန္တလေး ဝိသုဒ္ဓါရုံတိုက်၊ ဝါးတန်းကျောင်းဆရာဘော်ကြီးက ရှေးဟောင်း သုတေသနဦးစီးဌာနကို ခွင့်တောင်းပေးတော့ ခွင့်ပြုချက်ရလို့တဲ့ ပြင်ကြပါတယ်။ အလှူဒကာများက ၈၆ နဲ့ ၈၇ လမ်းကြား၊ ၃၄ လမ်းပေါ်က ကိုကံချွန်နဲ့ မနွယ်နွယ်ခိုင်တို့ ဖြစ်ကြပြီး ဒီနှစ် မတ်လ (၅) ရက်နေ့က အားလုံး ပြုပြင်တာ ပြီးသတဲ့။
ခြင်္သေ့ကြီး ၂ စီးကတော့ လှသွားလိုက်တာ ခုခေတ်စကားနဲ့ပြောရရင် “ပျံနေတာပဲ၊” ခြင်္သေ့ကြီးတွေကို ပြုပြင်တော့ လက်ရာအနေနဲ့ ထူးခြားတာက ခုခေတ် ပြုလုပ်ကြတဲ့ အုတ်ခြင်္သေ့တွေက အုတ်တွေကိုစီပြီး ခြင်္သေ့ပုံပေါ်အောင် အင်္ဂတေက လိုက်ဖို့ယူကြတာ၊ ဟို အမရပူရ ပုဂံမင်းခေတ် လက်ရာက အုတ်တွေကတော့ မြေအုတ်တွေပါပဲ။ ဒါပေမယ့် အုတ်ကိုပဲ ခြင်္သေ့ရုပ်လုံးပေါ်အောင် ခုတ်ထစ်ပြီး စီထားတာ။ အင်္ဂတေက အပေါ်က ချောရုံ ကိုင်ထားတာကို တွေ့ ရတယ်။
ပြီးတော့ အချိုးအဆစ် ပြေပြစ်ပုံကလည်း တော်တော်ကိုကောင်းပြီး ပြုလုပ်ပြီး ရှိကြတဲ့ မန္တလေးတောင်က ခြင်္သေ့ကြီး၊ မဟာမုနိရှေ့က ခြင်္သေ့ကြီးတွေနဲ့ ယှဉ်ကြည့် ပြိုင်ကြည့်၊ သူက အလှအောက်မကျဘူး။ အမရပူရ လက်ရာဟာ တော်တော် အထက်တန်းကျတဲ့ လက်ရာပါပဲ။ ဒီခြင်္သေ့ ၂ စီး ပြုလုပ်စဉ်အခါတုန်းက ပန်းရန်က သူ့ခြင်္သေ့ဟာ ၂ စီးဆိုပေမယ့် မိုတစ်ခုတည်းက ထွက်သလို ၂ စီး သိပ်ကိုတူနေရမယ်လို့ အာမခံသတဲ့။ ပြီးတော့လည်း လက်ရာက တကယ်ကောင်းနေတာမို့ ဒီပန်းရန်ဆရာ နောင် သူများကို လုပ်မပေးနိုင်အောင် အသတ်ခံရသလိုလိုတောင် သတင်းကြီးခဲ့သေးတယ်ဆိုကိုး။
အမေက ဒီခြင်္သေ့ကြီး ၂ စီးကိုကြည့်ပြီး ဟိုပထမမင်းသား မောင်ကျောက်လုံး ခေတ်အခါတုန်းက အမရပူရကနေပြီး ပုဂံမင်းဟာ သူ အိမ်တော်ရာစေတီကို ဘုရားဖူး ကြွလာတဲ့အခါ ခြင်္သေ့ကြီးတွေ ရှေ့ကဖြတ်ပြီး အဆောင်အယောင် အခမ်းအနားတွေနဲ့ ကြွတော်မူလာတာ၊ အမရပူရကို ပြန်ကြွတော်မူတာတွေကို မြင်ရပေလိမ့်မယ်။ ထို့နောက် ညီတော် မင်းတုန်းမင်း နန်းတက်တယ်။ ဒီနောက် သားတော် သီပေါမင်း နန်းတက်တယ်။ ဒီနောက် သီပေါမင်း ပါတော်မူရပြီး ဗြိတိသျှ ဝိတိုရိယဘုရင်မကြီး သိမ်းမြန်းစိုးအုပ် မင်းလုပ်တယ်။ ဒိနောက် သားတော် သတ္တမမြောက် အက်ဒဝပ်ဘုရင်၊ ဒိနောက် သားတော် ပဉ္စမမြောက် ဂျော့ဘုရင်၊ ဒီနောက် သားတော် အဋ္ဌမမြောက် အက်ဒဝပ်ဘုရင် (ဝင်ဆာမြို့စား)၊ ဒိနောက် ဆဋ္ဌမမြောက် ဂျော့ဘုရင်၊ ဒိနောက် ဂျပန်ဘုရင် တင်နော်ဟေကာ ဒိနောက် ဆဋ္ဌမမြောက်ာ့၊ နောက် ဗိုလ်ချုပ်အောင်ဆန်း အစိုးရ၊ ဒီနောက် ဖဆပလအစိုးရ၊ ဒိနောက် သန့်ရှင်းအစိုးရ၊ ဒိနောက် တော်လှန်ရေး ကောင်စီအစိုးရ၊ နိုင်ငံတော်ကောင်စီ၊ ဒိနောက် နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေး အစိုးရဆိုပြီး တစ်ခုပြီးတစ်ခု ပြောင်းလဲနေတာတွေကို ကြုံတွေ့ခဲ့ရမှာပဲ။
ခြင်္သေ့ကြီးတွေဟာ ပထမတော့ မင်းသုံးဖို့ တံတားကြီးရဲ့ အဆင်တန်ဆာပေါ့။ နောက်တော့ တံတားကြီး ပျက်စီးပြီး ဒုတိယကမ္ဘာစစ်မတိုင်မီက မန္တလေးမြို့ရဲ့ တစ်ခုသော ပြည့်တန်ဆာရပ်ကွက်၊ ဒီနောက် စစ်ပြီးခေတ်မှာ စစ်ဘေးဒုက္ခသည်များရဲ့ ကျူးကျော်အိမ်များ အလယ်က စုတ်ပဲ့နေတဲ့ ခြင်္သေ့အိုကြီး ၂ စီး၊ ဟော ခုတစ်ခါတော့လည်း သစ်လွင်လှပ တောက်ပြောင်ပြီး များလှတဲ့ ကျက်သရေတွေနဲ့ လူတွေရဲ့ အားကိုးယုံ ကြည်ခြင်းကို ခံနေရတဲ့ အကိုးကွယ်ခံ ခြင်္သေ့ကြီး ၂ စီး ဖြစ်လို့ နေပြန်ပြီ။
ကလျာမဂ္ဂဇင်း၊ အမှတ် ၁၁၊ ဒီဇင်ဘာ


Comments
Post a Comment