“ကျွန်မတို့ လူ့အဖွဲ့အစည်းမှာ မိန်းကလေးတွေ မသိနားမလည် မိုက်မဲ မှားယွင်းမှုကြောင့် အရှက်တကွဲဖြစ်လာတဲ့အချိန်၊ ဒီဘဝက ဆီးပြီး ကယ်တင်မယ့် အဖွဲ့အစည်း၊ ကာကွယ်ပေးမယ့် အဖွဲ့အစည်းရယ်လို့ မရှိသေးဘူး၊ မလိုချင်တဲ့သားကို လက်ခံမွေးစားမယ့် အဖွဲ့အစည်းလည်း မရှိသေးဘူး။ တစ်ခုခု မှောက်မှောက်မှားမှား ဖြစ်လာရင် ဝိုင်းပြီး ရှုတ်ချ၊ ကဲ့ရဲ့သူတွေပဲ ရှိတယ်။”
ပျော်ပျော်ပါးပါး ကစားနေကြတဲ့ သားလေး သမီးလေးတွေ အရပ်တွေ ကြီးထွားလာပြီး လူလားမြောက်ကြတော့မယ်လို့ ကြီးကောင်ဝင်လာ၊ အပျိုဖော်ဝင်လာတာကို တွေ့မြင်ရရင် မိဘက ဒီသား ဒီသမီးလေးတွေကို ဘာတွေများ သွန်သင်သလဲ၊ အကြံဉာဏ်ပေးကြသလဲလို့ မေးရင် ကျွန်မတို့မိဘတွေ ဘယ်လိုဖြေကြမလဲ။ တချို့ကတော့ ဒါဟာ ငယ်ရာကကြီးလာတာ ဓမ္မတာပဲ၊ လူကြီးမိဘတွေက အထွေအထူး သင်စရာ ပြောစရာ မလိုပါဘူး။ သူတို့ဖာသာ တတ်သိ နားလည်သွားကြတာပါပဲလို့ ဖြေမလား။ တချို့အမေများကတော့ သမီးလေး ရာသီပန်းပွင့်လာရင် ဘယ်လိုထိန်းသိမ်း သန့်ရှင်းရမယ်ဆိုတာကိုတော့ သင်ပြပေးပါတယ်လို့ ဖြေမလား မသိပါဘူး။
တကယ်ကတော့ ဒီအချိန် ဒီအရွယ်ဟာ ကလေးများအဖို့ အခက်အခဲကြီးတွေ၊ ပြဿနာကြီးတွေနဲ့ ရင်ဆိုင်ရတဲ့ အချိန်ပါ။ နို့ပေမယ့် ကျွန်မတို့ သူတကာက ဒါကို သိပ်ကိုယ်ချင်းမစာတတ်ဘူး ဖြစ်နေပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်မတို့ ဘိုးဘွားမိဘနဲ့ ကျွန်မတို့ ကြီးပြင်းခဲ့ရတဲ့ ခေတ်ကာလနဲ့ သူတို့ခေတ်ကာလနဲ့ မတူခြားနားနေကြလို့ပါ။ ဟိုတုန်းက ဖိုမဆက်ဆံရေးလို့ခေါ်တဲ့ အိမ်ထောင်သားမွေး ကိစ္စကြီးဆိုင်ရာ လူ့ဆက်ဆံရေးတွေဟာ လူ့မျက်ကွယ်မှာသာ တစ်ဦးနဲ့တစ်ဦး ရင်းနှီးတဲ့ဆက်ဆံရေးမျိုး ရှိခဲ့တဲ့ ယဉ်ကျေးမှုပါ။ ခုခေတ်မှာတော့ ဒီယဉ်ကျေးမှုက မနည်းကြီး ပျက်ပြားနေပါပြီ။ ဘာမှ မတော်တဲ့ တစ်မိသားနဲ့တစ်မိသမီး ရင်းနှီးလှတဲ့ ဆက်ဆံရေးတွေကို လူမျက်မှောက်ရောက်လာအောင် ခေါ်ဆောင်ပြနေတဲ့လုပ်ရပ်တွေက အကြီးအကျယ် ရှိနေပါပြီ။ ကနေ့ ကျွန်မတို့ သားသမီးလေးတွေ ကြည့်နေတဲ့ နိုင်ငံတကာ ရုပ်ရှင်တွေထဲမှာ၊ မြန်မာနိုင်ငံက မြန်မာကားတွေထဲမှာ၊ တီဗွီနဲ့ ဗွီဒီယိုဆိုတာတွေထဲမှာ၊ တီဗွီကြော်ငြာဆိုတာတွေထဲမှာ မြန်မာ့ယဉ်ကျေးမှုမျိုး မဟုတ်တော့တဲ့ ဆက်ဆံရင်းနှီးမှုတွေကို အလျှံပယ် ဖော်ထုတ် ပြသနေတာတွေ တွေ့နေကြရပါပြီ။ လှုပ်ရှားတဲ့အရုပ်နဲ့ချည်းမကသေးဘဲ၊ တေးဂီတတွေ၊ စာပေတွေကလည်း ဒီကိစ္စတွေမှာ အများကြီး လှုံ့ဆော် သွေးဆောင်နေပါတယ်။ ဒါတွေကို မနေ့တစ်နေ့ကမှ အရွယ်ပြောင်းလာတဲ့ သားသမီးလေးတွေအနေနဲ့ ဘယ်လို လက်ခံနေကြသလဲ။ စေ့စေ့တွေးကြည့်ရင် သားသမီးလေးတွေအတွက် ရင်လေးစရာ ကောင်းပြီး သနားစရာလည်း ကောင်းလှပါတယ်။
အရွယ်ပြောင်းစ ကလေးတွေကို ဖိုမကိစ္စတွေ သင်ကြားပေးမှဖြစ်မယ်၊ ဒီအတိုင်းထားလို့ မဖြစ်ဘူးဆိုပြီး နိုင်ငံအတော်များများမှာဖြင့် စာသင်ကျောင်းတွေက ဘာသာရပ်တစ်ခုအနေနဲ့ သင်ကြားပေးနေတယ်လို့ သိရပါတယ်။ ဒီအရေးမှာ ပွင့်လင်းမှုရှိတယ်ဆိုတဲ့ အနောက်နိုင်ငံတွေမှာ စာသင်ကျောင်းကတစ်ဆင့် ကလေးများ နားလည် သိရှိအောင် ဆောင်ရွက်နေတာ တော်တော်ကြာပါပြီ။ ကျွန်မတို့ အရှေ့နိုင်ငံတွေ၊ အထူးသဖြင့် အိန္ဒိယ၊ တရုတ်၊ ဂျပန်နဲ့ မြန်မာ အပါအဝင် အာရှနိုင်ငံတွေမှာတော့ အယူသီးမှုက ရှိနေသေးလို့ မဝံ့မရဲ ဖြစ်နေကြပါသေးတယ်။ ဒီကိစ္စမှာ တရုတ်လူမျိုးတွေဆိုရင် သိပ်အယူသီးပါတယ်။ သူတို့က ဒီအကြောင်းအရာတွေဟာ မကြားအပ်၊ မမြင်အပ်၊ မပြောအပ်ဘူးလို့ကို ပညတ်ထားတဲ့လူမျိုးပါ။ နို့ပေမယ့် ခေတ်နဲ့မလျော်တော့တဲ့ ရှေးအယူအဆဟောင်းတွေကို တိုက်ဖျက်မှုများ ရှိလာတာကြောင့် မပြအပ်၊ မသိအပ်ဘူးဆိုတဲ့ အစွဲကြီးကိုဖျောက်ပြီး စာသင်ကျောင်းတချို့ကစပြီး အစမ်းပညာပေးကြည့်နေပြီလို့ ကြားရပါတယ်။ သူတို့က ဒီခေတ်ကလေးတွေဟာ သူတို့မိဘတွေထက် စောပြီး အပျိုဖော် လူပျိုဖော်ဝင်လာကြတယ်။ ဒီလိုဖြစ်လာတဲ့အခါ ကြုံတွေ့ရတဲ့ ပြဿနာတွေကို ဒီကလေးတွေ သူတို့ဖာသာ မဖြေရှင်းနိုင်ဘူး။ ဘေးက အကြံဉာဏ်၊ ဘေးက အကူအညီ၊ ဘေးက အသွန်သင်ရှိဖို့လိုတယ်။ ဒါကြောင့် ဒါကို ဘယ်လိုကူညီနိုင်မလဲဆိုပြီး ပထမဆုံး လူမှုဝန်ထမ်းဌာနက ပုဂ္ဂိုလ်တွေ၊ ကျောင်းဆရာ, ဆရာမတွေနဲ့ လူမှုရေး သုတေသီတွေစုပြီး ဆွေးနွေးပွဲတွေလုပ်သတဲ့။ ပြီးတော့ ဒီကိစ္စတွေကို ဆေးပညာဘက်ကနဲ့ စိတ်ပိုင်းဆိုင်ရာဘက်က တတ်သိနားလည်သူတွေခေါ်ပြီး ဟောပြောပွဲတွေ လုပ်ခိုင်းသတဲ့။ အဲဒီလို သေသေချာချာ စဉ်းစားလေ့လာပြီးကြတော့မှ ကလေးများ ကြီးကောင်ငင် အပျိုဖော်ဝင်ခြင်းဆိုင်ရာ ပြဿနာ၌ သိသင့်သိထိုက်တဲ့ အချက်အလက်များဆိုပြီး လက်စွဲစာအုပ်ငယ်တစ်အုပ် ပြုစုသတဲ့။ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလထဲတုန်းကတော့ ရှန်ဟဲမြို့ကြီးမှာရှိတဲ့ အလယ်တန်းကျောင်း ၄၀ မှာ စတင်ပြီး လူငယ်များ အရွယ်ရောက်ခြင်းကို ဘာသာတစ်ရပ်အနေနဲ့ အစမ်းသဘော သင်ကြားပေးနေသတဲ့။
ယောက်ျားလေးရော၊ မိန်းကလေးတွေရော အရွယ်ရောက်ကြတော့မယ်လို့ အကူးအပြောင်း ဖြစ်လာတဲ့အခါ ခန္ဓာကိုယ်မှာလည်း ပြောင်းလဲတာတွေ ဖြစ်လာတယ်။ စိတ်မှာလည်း ပြောင်းလဲဘာတွေ ဖြစ်လာတယ်။ ဖိုမကိစ္စနဲ့ ပတ်သက်လို့ စိတ်ကစားလာတယ်လေ။ ဒီလို ပြောင်းလဲမှုကို မှန်မှန်ကန်ကန် ဘယ်လိုနားလည်ရမယ်၊ ဘယ်လို ထိန်းသိမ်းရမယ်၊ စိတ်တွေ ပြောင်းလဲတာကို ဘယ်လိုသဘောထားရမယ်၊ ကျင့်ကြံမယ်ဆိုတာတွေ သင်ကြားပို့ချချက်မှာ ပါမယ်။ ယောက်ျားလေးနဲ့ မိန်းကလေးတွေ တစ်ဦးပေါ်တစ်ဦး ဘယ်လိုသဘောထား ဆက်ဆံသင့်တယ်၊ လိုက်နာကျင့်ကြံရမယ် ကိုယ်ကျင့်သိက္ခာက ဘယ်လိုရှိထိုက်တယ်ဆိုတာတွေ ပါဝင်မယ်လို့ သိရတယ်။
ကလေးတွေကို အဲဒီလို ပညာပေးခြင်းအားဖြင့် မဖြစ်သင့်တာတွေ မဖြစ်ဘူး၊ စိတ်ညစ်စရာ ပြဿနာတွေနဲ့ ရင်မဆိုင်ရဘူး၊ အရှက်တကွဲအကျိုးနည်း ဖြစ်မှုတွေ မလာနိုင်ဘူး၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ရည်းစားထားချင်မှုတွေ ရှောင်ရှားနိုင်မယ်၊ မိမိကိုယ်ကိုလည်း ကျန်းမာသန့်ရှင်းအောင် ထိန်းသိမ်းတတ်လာလိမ့်မယ်လို့ ယုံကြည်သတဲ့။
တရုတ်လူမျိုးက အယူသည်းမှုတွေ ရှိလေတော့၊ ဒီပညာ ကျောင်းသားကလေးတွေကို သင်ပြပေးရမှာပဲဆိုတာကို ပြည်သူက လက်ခံလာအောင်လည်း သတင်းစာတွေ၊ မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေက ရေးပေးကြဦးမယ်။ တချို့မိဘတွေက ဒီကိစ္စမျိုးမှာ ကျောင်းဆရာ၊ ဆရာမက သူတို့သားသမီးကို သင်ပြပေးခွင့်မရှိဘူးလို့ ငြင်းဆန် ကန့်ကွက်ဆဲ ဖြစ်သတဲ့။ အခု ပထမအစမှာ အလယ်တန်းကျောင်း ၄ဝ ကို အစမ်းသဘော သင်ကြည့်မယ်။ နောက်ကျောင်း ၄ဝဝ အထိ ရှန်ဟဲမှာ တိုးချဲ့ယူမယ်၊ နောင်ခါတော့ နိုင်ငံရဲ့ ပညာရေးထဲမှာ ဘာသာတစ်ရပ်အနေနဲ့ ထည့်သွင်းဖို့အထိ ရည်ရွယ်တယ်လို့ သိရတယ်။ ရှန်ဟဲလို မြို့ကြီးပြကြီးမှာ လိင်ကိစ္စနဲ့ပတ်သက်တဲ့ ရာဇဝတ်မှု ကျူးလွန်ခြင်းတွေ ရှိတယ်။ ဒီလို ကျူးလွန်သူတွေဟာ အများအားဖြင့် ငယ်ရွယ်သူတွေပဲဖြစ်တာ တွေ့ရတယ်လို့လည်း သူတို့ အတွေ့အကြုံကို ဖော်ပြထားပါတယ်။
သူတို့ဆီမှာ ကျောင်းတွေကနေပြီး ကလေးတွေ လူလားမြောက်တဲ့ သက်တမ်းကို အတိအကျသိရအောင် စာရင်းကောက်ကြည့်တဲ့အခါ မိန်းကလေးရာခိုင်နှုန်း ၆ဝ ကျော်ဟာ အသက် ၁၂ နှစ်နဲ့ ၁၃ နှစ်ကြားမှာ ရာသီပန်း စပွင့်တယ်။ ယောက်ျားလေးအသက် ၁၄ နှစ်မှာ ကြီးကောင်စဝင်တယ်လို့ တွေ့ရပါသတဲ့။ ဒါဟာ ဒီခေတ်မှာ ရှေးနဲ့မတူ စောလာတာလို့လည်း ယူဆတယ်။ ဒီလိုအရွယ်ကလေးမှာ အပြောင်းအလဲဖြစ်ကြပြီး ရုပ်ရှင်တွေက၊ တီဗွီနဲ့ ဗွီဒီယိုတွေကနေပြီး လိင်ကိစ္စကို ပညာယူနေကြရင် အားလုံး ကိုယ်ကျိုးနည်းကုန်နိုင်တယ်လို့လည်း မိဘတချို့နဲ့ ဆရာသမားတွေက မြင်ကြသတဲ့။ ဒါကြောင့် ၅ တန်း၊ ၆ တန်းကစပြီး ကိုယ်ကာယဆိုင်ရာ ကျန်းမာရေးကို ဘာသာ တစ်ခုအနေနဲ့ စသင်ပေးတယ်။ ၇ တန်း၊ ၈ တန်းမှာ အရွယ်ရောက်ခြင်း၊ အရွယ်ပြောင်းခြင်းကို ဘာသာရပ်တစ်ခုအနေနဲ့ စသင်နေတာဖြစ်သတဲ့။
ကျွန်မတို့ လူ့အဖွဲ့အစည်းမှာ မိန်းကလေးတွေ မသိနားမလည် မိုက်မဲ မှားယွင်းမှုကြောင့် အရှက်တကွဲဖြစ်လာတဲ့အချိန်၊ ဒီဘဝကဆီးပြီး ကယ်တင်မယ့် အဖွဲ့အစည်း၊ ကာကွယ်ပေးမယ့် အဖွဲ့အစည်းရယ်လို့ မရှိသေးဘူး၊ မလိုချင်တဲ့သားကို လက်ခံမွေးစားမယ့် အဖွဲ့အစည်းလည်း မရှိသေးဘူး။ တစ်ခုခု မှောက်မှောက်မှားမှား ဖြစ်လာရင် ဝိုင်းပြီး ရှုတ်ချ၊ ကဲ့ရဲ့သူတွေပဲ ရှိတယ်။ အဲဒီတော့ ဒီအဖြစ်မျိုးရောက်လာရင် မိန်းမငယ်တွေဟာ မဖြေရှင်းနိုင်တော့တာနဲ့ မိမိကိုယ်ကို လုပ်ကြံပြီး လူ နှစ်ဘဝ ဆုံးရှုံးသွားရတဲ့အဖြစ်မျိုးတွေလည်း သိကြားနေရတာပဲ။ ဒါတွေကို ကာကွယ်ဖို့ နည်းလမ်းရှာသင့်ပါတယ်။ မိဘတွေဟာ ကိုယ့်သား ကိုယ့်သမီး စာသင်နေရင်း ၁ဝ တန်းမှ မအောင်သေးခင် ရည်းစားထားမှာကိုတော့ ကြောက်ပါတယ်။ သားသမီးရဲ့ ကိုယ်ပိုင်ပစ္စည်းတွေထဲမှာ ရည်းစားစာ တွေ့မလား၊ ရည်းစားဓာတ်ပုံ တွေ့မလား ဆိုတာကိုတော့ သတိကြီးကြီးနဲ့ စောင့်ကြည့်ရှာဖွေနေတတ်ပါတယ်။ နို့ပေမယ့် ဒီအဖြစ်မရောက်ခင် ဒီလိုစိတ်တွေ ဖြစ်ပေါ်လာတဲ့အချိန် ခန္ဓာကိုယ် ပြောင်းလဲကြီးထွားပြီး စိတ်ပြောင်းဖို့ ကလေး စိတ်ကစားနေတဲ့အချိန်မှာ မိဘက သိပ္ပံနည်းကျ အဖိုးတန်တဲ့ အသွန်အသင် အဆုံးအမ မပေးတတ်ပါဘူး။ ဒါဟာ ကျွန်မတို့ကိုယ်တိုင်နှိုက်က မရရှိခဲ့လို့ပါ။ အဲဒီတော့ ဒီခေတ်ကြီးမျိုးမှာ ကလေးတွေအတွက် မဖြစ်သင့် မဖြစ်ထိုက်တာတွေ မဖြစ်ဖို့ ဘယ်လိုဆောင်ရွက်ကြမလဲဆိုတာ လေးလေးနက်နက် မိဘတွေက စဉ်းစားထိုက်လှပါတယ်။ ပညာရေးဘက်မှာ တာဝန်ရှိတဲ့ ဆရာ၊ ဆရာမတွေကလည်း မိဘများနဲ့ လက်တွဲပြီး အလေးထား စဉ်းစားကြသင့်ပါပြီ။


Comments
Post a Comment