မမလေးတို့ထဘီ @ လူထုဒေါ်အမာ


“အဲဒီတော့ လူဦးရေကလည်း နည်းနည်းကလေး၊ တိုင်းပြည်ကလည်း မြေပေါ်မြေအောက် ပေါလိုက်များလိုက်တဲ့ သယံဇာတပစ္စည်းတွေ၊ လွတ်လပ်ရေးရပြီပဲ။ တို့တစ်တွေ ကုန်းကျုံးပြီး ညီညီညွတ်ညွတ်နဲ့ တိုင်းပြည်ထူထောင်လိုက်ရင် ဘာကြာမှာတုံး၊ တို့နိုင်ငံနဲ့ တို့လူမျိုးဟာ တင့်တောင်းတင့်တယ် နေထိုင် စားသောက်နိုင်တဲ့လူမျိုး ဖြစ်လားမှာပေါ့လို့ …..”


အမေတို့ ငယ်ငယ်တုန်းကလေ နေရတာက ကျွန်ခေတ် မဟုတ်လားကွဲ့။ အဲဒီတော့ အမေတို့နိုင်ငံဟာ မြန်မာနိုင်ငံဆိုပေမယ့် လူမျိုးစုံ ဝင်ကြထွက်ကြ လာပြီးနေကြနဲ့၊ မြို့ကြီးတွေမှာများဆိုရင် တို့လူမျိုးက လူနည်းစုထင်ပါရဲ့လို့တောင် အောက်မေ့ရတယ်။ နိုင်ငံခြားသားတွေက အဲသလောက်များပါရဲ့။ အထူးသဖြင့် ရန်ကုန်မြို့ကြီးပေါ့ကွယ်။ ကုလားတွေ၊ တရုတ်တွေက များလိုက်တာ။ မြို့လယ်က နေရာတွေမှာဆိုရင် မြန်မာ မနေနိုင်ပါဘူး။ မြန်မာက ကြည့်မြင်တိုင်တို့ စမ်းချောင်းတို့ ဆိုတဲ့ မြို့စွန်ပိုင်းတွေမှာသာ ရှိတာပါ။ တရုတ်ကုလားအပြင် အင်္ဂလိပ်တွေနဲ့ တခြား မျက်နှာဖြူတွေကလည်း ဒုနဲ့ဒေး ရှိသေးတယ်။

အဲဒီတုန်းက တို့လူမျိုးက ကိုယ့်နိုင်ငံက ကိုယ့်အိမ်ကိုယ့်ရာမှာ နေရတာ ဆိုပေမယ့် မျက်နှာငယ်ပါတယ်။ တို့အဖြစ်က ကိုယ့်နိုင်ငံမှာပေမယ့် လူ ဒုတိယတန်းစားလိုပဲ စိတ်ထဲ ခံစားရပါတယ်။

အလုပ်ကြီး အကိုင်ကြီးတွေ မှန်သမျှက တို့လက်ထဲမှာ ရှိတာ မဟုတ်ဘူး၊ လူမျိုးခြားတွေက လက်ဝါးကြီးအုပ်ပြီး လုပ်ကိုင်နေကြတာ။ တို့က အရာရာမှာ လက်ဝေခံဘဝ။

အောက်တန်းကျတယ်ဆိုတဲ့ အလုပ်ကြမ်း ဆိုပြန်တော့လည်း တို့လူမျိုးတွေက လုပ်မစားရပြန်ဘူး။ အိန္ဒိယက ဈေးပေါပေါနဲ့ ငှားလို့ရတဲ့ အလုပ်ကြမ်းသမားတွေကို သိန်းနဲ့သန်းနဲ့ချီခေါ်ပြီး ခိုင်းပြန်တယ်။ အဲဒီတော့ တို့တစ်တွေမှာ ငတ်တော့ မငတ်ဘူးပေါ့ကွယ်၊ တိုင်းပြည်က ပေါများချမ်းသာသေးတာကိုး။ ဒါပေမယ်လို့ နိုင်ငံခြားသားတွေ ခံစားနေကြတဲ့ စည်းစိမ်သုခမျိုးကို တို့လူမျိုးတွေ မခံစားကြရပါဘူး။ သူ့ကျွန်ဘဝမှာ တို့ဟာ ရတဲ့အဆင့်မှာပဲ ရောင့်ရဲလို့ နေကြရတယ်။

နောက်တော့ မျက်စိပွင့်တဲ့ မျိုးချစ်တွေက တို့လူမျိုးက ဘာလို့ တို့လာပြီး ကျွန်လုပ် သွေးစုပ်တဲ့လူတွေကို သခင်ခေါ်နေရမှာလဲ။ မခေါ်နိုင်ဘူး။ တို့လူမျိုးကမှ သခင်လူမျိုး၊ သခင်အစစ်။ ဒါကြောင့် တို့နာမည်မှာ ရှေ့က သခင်တပ်တယ်ဟေ့ – “ဗမာပြည်ဟာ ဒို့ပြည်၊ ဗမာစာဟာ ဒို့စာ၊ ဗမာစကားဟာ ဒို့စကား” စတဲ့ ကြွေးကြော်သံတွေနဲ့ ကိုယ့်လူမျိုးရဲ့ အဆင့်အတန်းကို ပြန်ယူကြ၊ ပြန်မြှင့်တင်ကြ၊ ပြန်ပြီး နေရာမှန်ကို ရောက်ဖို့ လုံးပန်းကြရတယ်။ အဲဒီတုန်းက စာရေးတဲ့အခါ အားမာန်ပါတဲ့ အသံကို ရချင်လို့ 'တို့' လို့ မရေးဘူးကွဲ့၊ ‘ဒို' လို့ ဒဒွေးနဲ့ရေးတာ။

မှတ်မိသေးတယ်၊ လူငယ်လူရွယ်တွေ ပုဆိုးတိုတို၊ ထဘီတိုတိုဝတ်၊ ခုံဖိနပ်စီး၊ လက်သီးလက်ရုံးတန်းပြီး တို့အမိနိုင်ငံကို ဝင်ရောက်ခြယ်လှယ်နေကြတဲ့ လူမျိုးခြား သွေးစုပ်ကောင်တွေလက်အောက်က လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြရတာတွေ။ ဖိနှိပ်သူတွေက ဖမ်းတယ်၊ ထောင်ချတယ်၊ တို့က ထောင်ကို ခြင်ထောင်မှတ်တယ်ဟေ့လို့ ကြွေးကြော်ပြီး အဖမ်းခံရပစေ ဆက်တိုက်ပွဲဝင်တယ်။

အဲဒီတုန်းကလေ - တို့ဟာ စီးပွားရေးအရ တို့အပေါ်က ခြယ်လှယ်နေတဲ့ လူတွေနဲ့ ပခုံးချင်းယှဉ်၊ ရင်ဘောင်တန်းပြီး တို့အခွင့်အရေးတွေကို ပြန်ရအောင် တိုက်ယူနိုင်ဖို့အတွက် တို့ဘက်က မျိုးချစ်စိတ်ဓာတ်ဆိုတဲ့ အားဆေးကို လူတိုင်း အပြည့်အဝ သောက်သုံးထားကြရတယ်။ တို့မှာ ဘယ်လိုအထက်တန်းကျတဲ့ ယဉ်ကျေးမှု ရှိတယ်။ တို့မှာ ဘယ်လိုအထက်တန်းကျတဲ့ လူမှုရေးအဆောက်အအုံ ရှိတယ်။ တို့ဘာသာရေးက ဘယ်လို ဘာသာရေး၊ တို့က သူများကို မေတ္တာနဲ့ ပေးကမ်းကျွေးမွေး စွန့်ကြဲတာ၊ တို့က လက်ဝါးဖြန့်ခံတဲ့ လူမျိုးမဟုတ်ဘူးဆိုတဲ့ အမျိုးသားအားမာန်တွေကလည်း လူတိုင်းမှာ ပြည့်ပြည့်ဝဝ တင်းတင်းမာမာ ထားရှိခဲ့ကြရတယ်။

ဒုတိယကမ္ဘာစစ်ကြီး ဖြစ်လာတယ်၊ တို့ကိုကျွန်လုပ်ထားတဲ့ ဗြိတိသျှတွေ တို့နိုင်ငံက ပြေးရတယ်၊ တို့ကို ၃ နှစ် ၃ မိုး ကျွန်လုပ်သွားတဲ့ ဖက်ဆစ်ဂျပန်တွေ စစ်ရှုံးတယ်။ အဲဒီကာလကြီးတစ်လျှောက်လုံးမှာ တို့လူတွေက လွတ်လပ်ရေးတိုက်ပွဲကို မရပ်နားဘူး။ ဆက်တိုက်နေတာပဲ။ ဒါကြောင့် ၁၉၄၈ ခုနှစ်မှာ တို့လူမျိုးနဲ တို့နိုင်ငံ လွတ်လပ်ရေး ရပါတော့တယ်။

အဲဒီတော့ လူဦးရေကလည်း နည်းနည်းကလေး၊ တိုင်းပြည်ကလည်း မြေပေါ်မြေအောက် ပေါလိုက်များလိုက်တဲ့ သယံဇာတပစ္စည်းတွေ၊ လွတ်လပ်ရေးရပြီပဲ တို့တစ်တွေ ကုန်းကျုံးပြီး ညီညီညွတ်ညွတ်နဲ့ တိုင်းပြည်ထူထောင်လိုက်ရင် ဘာကြာမှာတုံး၊ တို့နိုင်ငံနဲ့ တို့လူမျိုးဟာ တင့်တောင်းတင့်တယ် နေထိုင် စားသောက်နိုင်တဲ့လူမျိုး ဖြစ်လာရမှာပေါ့လို့ တက်ကြွယုံကြည်လိုက်ကြတာ၊ ပျော်လိုက်ရတာ။ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်တော့မယ်လို့။

လွတ်လပ်ရေးရပြီးလို့ နှစ်ပေါင်းလေးဆယ်ကျော် ကြာလာတဲ့အခါမှာတော့ တို့မိန်းကလေးတချို့ ခါးပေါ်မှာ ထဘီ မရှိတော့ဘူး။ ဘောင်းဘီတို၊ ဘောင်းဘီရှည်နဲ့ စကတ်တွေ ဝတ်နေကြလေရဲ့။ သူတို့ဟာက အားကစားအတွက် ဝတ်တာမျိုး မဟုတ်ဘူးနော်။

အမေတို့ ငယ်ငယ်က ကတော်မယားဆိုတဲ့ ထိပ်သီး မိန်းမကြီးတစ်ယောက် နှစ်ယောက်လောက်က ညှပ်ဖိနပ် မစီးဘူး။ လေဒီရှူးကို စီးတယ်။ ဝိုင်းပြီး ဝေဖန်လိုက်ကြတာ၊ ကာတွန်းတွေ ဆွဲပြီး သရော်လိုက်ကြတာ၊ မိန်းမချင်းက နှာခေါင်းရှုံ့လိုက်ကြတာ။ နို့ပေမယ့် ဘယ်ငါးထောင်စားကတော်နဲ့ ဘယ်သူ့သမီးမှ ဘောင်းဘီ၀တ်တဲ့အထိ တက်မလုပ်ကြဘူး။ ငါးထောင်စားဆိုတာ ဟိုခေတ်ကဝန်ကြီးကို ပြောတာကွဲ့။ ဝန်ကြီးလခက ၅ဝဝဝ ပေကိုး ကျောင်းဆရာလခက ၉ဝိ-၁ဝဝိ ထက် မပိုတဲ့ခေတ်လေ။

ခုတော့ကွယ် မဂ္ဂဇင်းမျက်နှာဖုံးပေါ်က မိန်းကလေးတွေ၊ ပြက္ခဒိန်ကားတွေက မိန်းကလေးတွေ၊ ရုပ်ရှင်ဗွီဒီယိုတွေထဲက မိန်းကလေးတွေရဲ့ ခါးပေါ်မှာ ထဘီမရှိတော့ဘူး။

ရှေးတုန်းကတော့ မြို့နဲ့တောဟာ ကွာဟမှု ကြီးကြီးမားမား ရှိတယ်။ ခုခေတ်မှာတော့ ဗွီဒီယိုတွေ၊ တီဗွီတွေရဲ့ ကျေးဇူးကြောင့် ဝတ်တုစားတုမှာ ဘာကွာဟမှု မရှိဘူး။ အမေ့အိမ်လာပြီး အလုပ်လုပ်တဲ့ မိန်းကလေး၊ သူ့ရွာက ကျွန်းချောင်း ဓာတ်မြေဩဇာစက်ရုံကြီး မဝေးတဲ့နေရာက၊ အဲဒါ သူက စကတ်နဲ့ဘောင်းဘီရှည် ဝတ်ချင်သတဲ့။ အမေက မဝတ်ဖို့ တောင်းပန်တော့ ရွာမှာ ဘောင်းဘီရှည်တစ်ထည်နဲ့ စကတ်တစ်ထည် ထားခဲ့တယ်။ သူ့မှာ တစ်ထည်စီ ရှိတယ်လို့ ပြောပါတယ်။

အမေကတော့ အဘွားကြီးမို့လား မသိဘူး။ မြန်မာမိန်းကလေးဆိုရင် ခါးပေါ်မှာ ထဘီကလေးနဲ့မှ တင့်တယ်တယ် ထင်တာပဲ။ မဟုတ်ရင် တရုတ်မလား၊ ဂျပန်မလား၊ ဖိလစ်ပိုင်မလား၊ အင်ဒိုနီးရှားမလား၊ ထိုင်းကအမျိုးသမီးလား မခွဲခြားနိုင်တဲ့ ဘဝရောက်ပြီး ကိုယ့်လူမျိုးရေးလက္ခဏာ၊ လူမျိုးရဲ့အသွင်အပြင် ပျောက်သွားလိမ့်မယ် ထင်တာပဲ။

ပြီးခဲ့တဲ့ သင်္ကြန်တုန်းက တို့မန္တလေးမှာ ဘောင်းဘီဝတ်ပြီး ရေပက်ခံတဲ့ မိန်းကလေးတွေလည်း တော်တော်များသတဲ့။ အဲဒါတွေဟာ မြန်မာမလေးတွေပဲလား၊ တရုတ်မလေးတွေပဲလားဆိုတာလည်း အမေအတိအကျ မပြောတတ်ဘူး။

သခင်ခေါ်ရတဲ့ခေတ်၊ မာစတာခေါ်ရတဲ့ခေတ်တွေတုန်းက အဲဒီမြင်ကွင်းမျိုး မတွေ့ခဲ့ရဘဲ လောပန်းခေတ်ရောက်မှ မြင်တွေ့နေရတာကို အမေတို့ ဘယ်လို လုပ်ကြမတုံး။


ကလျာမဂ္ဂဇင်း၊ အမှတ် ၁၁၂၊ ၁၉၉၄ ဇွန်

Comments