Tumblr အကောင့် ပူပူနွေးနွေးဖွင့်ပြီး သူဘာလုပ်ရမှန်းမသိ။ တကယ်တော့ ကလေးတွေ သုံးတဲ့ tumblr ဆိုတာကြီးကို သူမသုံးတတ်ပါ။ ခုလည်း ဘာရယ်မဟုတ်၊ ပျင်းပျင်းနဲ့ ဖုန်းလျှောက်ပွတ်ရင်း ဖွင့်ဖြစ်သွားခြင်း ဖြစ်သည်။ သူ့ username မှာ the-bachelor ဖြစ်သည်။
ဖွင့်ပြီး တစ်ပတ်လောက်ထိတော့ ဟိုဟိုဒီဒီ လျှောက်ကြည့်ရတာ ပျော်စရာကောင်းပါသည်။ နောက်ပိုင်းကျ နည်းနည်းရိုးလာသည်။ သူ့တူမအရွယ် ကလေးမလေးတွေက ခုခေတ်အခေါ် vaporwave စတိုင်များနှင့် ပုံတွေ တင်ကြတာမျိုးတွေ၊ သူတို့ခေတ်တုန်းက ခေတ်ပေါ် ကဗျာဆရာတွေရဲ့ တချို့သော အသည်းကွဲ စာသားများကို ကလေးတွေ က စာလုံးပုံ အမျိုးမျိုးဖြင့် ပုံဖော်ပြီး တင်ကြတာမျိုးတွေ၊ တချို့ကလေးမများက မေးစေ့နဲ့ လည်ပင်းရိုးထိသာ ရိုက်ထားတဲ့ ရွဲ့စောင်းစောင်းပုံတွေ တင်ကြတာမျိုးတွေ စသည်ဖြင့်သာ သူတွေ့နေရသည်။ သူတို့အခေါ် retro bmnm စသောပုံများလည်း ပါသည်။ သူ့ကတော့ aesthetics မဖြစ်ဖြစ်အောင် ဖျစ်ညှစ်လုပ်နေကြခြင်းဟုသာထင်သည်။
ဒီပရက်ရှင်ဝင်သည့် ကလေးမများ၊ လောကကြီးကို စိတ်ကုန်နေပြီ ဆိုသော ကလေးမများ၊ စီးကရက်တွေ ဖွာရှိုက်နေပုံများ သူတွေ့ရ သည်။ ထိုအထဲမှာမှ ကလေးမလေး တစ်ယောက်ကို သူသတိထားမိ သည်။ ထိုကလေးမလေး၏ username က dja-ill ဖြစ်သည်။
သူ့အကောင့်ထဲကို ဝင်ကြည့်တော့ အခန်းထောင့် အမှောင်ထဲမှာ ကလေးမလေးတစ်ယောက် ဒူးနှစ်ဖက်ပေါ် မျက်နှာအပ်ပြီး ငိုကြွေး နေပုံများ တင်ထားသည်။ ပန်းချီပုံများ၊ ဓာတ်ပုံများနှင့် video များပင် ရှိသေးသည်။ သို့သော် medium များ ကွဲပြားသွားသော်လည်း သူတင်သည်မှာ ဒီတစ်ခုတည်းသာ။ အခန်းထောင့်၌ ဒူးကြားထဲ မျက်နှာအပ်ပြီး ငိုနေပုံသာ ဖြစ်သည်။ ပန်းချီများကလည်း ခဲခြစ်၊ ရေဆေး၊ ဆီဆေးနှင့် ယခုခေတ် ဒစ်ဂျစ်သည် လက်ရာများအထိ ဖြစ်သော်လည်း ပုံပါ အကြောင်းအရာမှာ ဒီတစ်ခုတည်းသာ။ ဓာတ်ပုံများသည်လည်း အလင်းယူပုံ၊ ကင်မရာရှုထောင့်၊ အပေါ်ယံ filter နှင့် effects များ ပြောင်းလဲ သွားသော်လည်း ပုံမှာ ထိုင်ငိုနေသည့်ပုံသာ ဖြစ်သည်။ ဒီနေရာမှာ တစ်ချက် ထူးဆန်းတာက ပုံတွင် ကလေးမ၏ ခန္ဓာကိုယ်မှာ ငိုကြွေးနေ သည်ဟု သိသိသာသာ ဖော်ပြထားခြင်း မရှိသော်လည်း ငိုနေသည်ဟု ကြည့်သူက ခံစားမိနေခြင်း ဖြစ်သည်။ ပိုသေချာစေရန် ဗီဒီယိုများတွင် ငိုသံပါ မပါ ဖွင့်ကြည့်တော့ ဘာသံမှ မကြားရပဲ ကြည့်နေသော သူ၏ ပတ်ဝန်းကျင်သည်ပင် ရုတ်တရက် တိတ်ဆိတ်သွားသလို ခံစားရသည်။ နားကြပ်တပ်ကြည့်သော်လည်း မထူးခြား၊ ထိုဆိတ်ငြိမ်မှုကြီးကသာ ကြီးစိုးလာပြီး အသံဆို ဘာသံမှ မကြားရတော့လောက်အောင် ပျံ့နှံ့လာသည်။ လေဟာနယ် void ထဲ ရောက်သွားသလိုပင် ခံစားလိုက်ရသည်။ ထို့ကြောင့် နားကြပ်ကို သူ အမြန်ဆွဲဖြုတ်ပစ်လိုက်သည်။ ဗီဒီယိုများ၌လည်း သူက ဒူးနှစ်လုံးကြား မျက်နှာအပ်ပြီး အခန်းထောင့် အမှောင်ထဲမှာ ထိုင်နေသည်ပင်။
နောက်ရက်များတွင်လည်း ထိုကလေးမ၏ ပရိုဖိုင်ထဲ ဝင်ဝင် ကြည့်ဖြစ်သည်။ ပုံအသစ် ဗီဒီယိုအသစ်များ ထပ်တင်ထားသော်လည်း ယခင်အတိုင်းပင် ဖြစ်သည်။ ထို့ကြောင့် သူလည်း မေ့မေ့ပျောက်ပျောက် ထားလိုက်ပြီး နောက်ပိုင်း tumblr ပင် မသုံးဖြစ်တော့ပေ။
တစ်ရက်တွင် ထိုကလေးမကို ဖေ့စ်ဘွတ်မှာ ပြန်တွေ့သည်။ သူဟု အတပ်ပြောနိုင်ခြင်းက ထိုနာမည်နှင့် ထိုပုံများကြောင့်ပင်။ ဖေ့စ်ဘွတ်ခ် timeline ထဲတွင်လည်း ထိုပုံများ၊ ဗီဒီယိုများကိုသာ တင်ထားသည်။
သူက ဖေ့စ်ဘွတ်ခ်ကို နာမည်အရင်းနှင့် သုံးသော်လည်း nickname ကိုမူ the bachelor ဟု ပင်ပေးထားသည်။ ဒါကလည်း ကျောင်းတုန်းက သူတို့သူငယ်ချင်းတွေချင်းသာ သိသည့် inside joke တစ်ခုကို အစွဲပြုပြီး ပေးထားခြင်း ဖြစ်သည်။
တစ်ရက်မှာ သူ့ကို ဟိုကလေးမ လာ add သည်။ သူ လက်ခံရမှာ တွန့်ဆုတ်နေမိသည်။ တကယ်တော့ သူနဲ့ကိုယ်ကြား ဘာမှလည်း ဖြစ်ထားတာမဟုတ်။
ဒီလိုနှင့် တခြား friend request များနှင့် ရော၍ သူ့ကိုပါ တစ်ခါတည်း လက်ခံလိုက်သည်။ ထိုအခါတွင်လည်း သူ့ news feed ၌ ထိုကလေးမကို မကြာမကြာ တွေ့ရပြန်သည်။ သူ့ကို ဟု ပြောရမည်ထက် စာရင် သူ့ပုံများကိုဟု ဆိုက ပိုတိကျမည်။ သူက ဘာစာမှမတင်၊ သူ့ပုံများ ဗီဒီယိုများ ပန်းချီကားများကိုသာ နေ့စဉ်နဲ့အမျှ တင်နေသည်။ တင်ရာတွင်လည်း ထိုင်ငိုနေသည့်ပုံ တစ်မျိုးတည်းကိုသာ လှည့်ပတ် တင်နေခြင်း ဖြစ်သည်။ ကြာလာတော့ အာရုံတော်တော် နောက်လာ၍ unfollow လိုက်ရသည်။
“ကျွန်မခြေထောက်ကို လာလာဆွဲနေတာ ရှင်လား”
Messenger ကနေ ရုတ်တရက် စကားလာပြောခြင်း ဖြစ်၍ သူလန့်သွားသည်။ သူ့ကို unfollow ထားပြီး သုံးလေးလ အကြာတွင် ဖြစ်သည်။ တစ်ခုခု ပြန်ပြောဖို့ သူစာရိုက်ပြီးမှ စိတ်ထဲမှ တစ်မျိုးဖြစ်လာသည်။ ဆိုင်းမဆင့် ဗုံမဆင့်နှင့် အဓိပ္ပာယ်မရှိ တောင်စဉ်ရေမရ လာပြောသော စကားကို ဘယ်လို တုံ့ပြန်ရမလဲ သူ မသိတာလည်း ပါသည်။ ပြီးတော့ အသက်အရွယ်အားဖြင့် သူ့ထက် အဆမတန် ငယ်ပုံရသည့် မိန်းကလေးတစ်ယောက်က သူ့ကို ရှင်တွေ ကျွန်မတွေနှင့် လာပြောနေသောကြောင့် ဒေါသလည်း ထွက်သလို ဖြစ်သည်။ ထို့ကြောင့် ဘာမှပြန် မပြောဘဲ archive လုပ်လိုက်သည်။ ဖျက်ပစ်ရမည်ကိုကျတော့ သူ့စိတ်က ဝန်လေးနေပြန်သည်။
ဒီလိုနဲ့ မေ့မေ့ပျောက်ပျောက်ရှိသော ကာလတစ်ခုရောက်မှ...သူထပ်ပို့လာပြန်သည်။
“ကျွန်မအမေကိုမုန်းလိုက်တာ”
ဒီတစ်ခါတွင်လည်း စကားပြန်မပြောဖြစ်ပေ။ ဒီမိန်းကလေးကို တဖြည်းဖြည်းနှင့် သူလန့်လာသည်။ သူ့စကားလုံးတွေကို ကြည့်လိုက်ရင် အဓိပ္ပာယ်မဲ့သော မရေရာမှုတစ်မျိုးသာ သူခံစားရသည်။ ထို့ကြောင့် ဒုတိယအကြိမ် archive လုပ်မိပြန်သည်။
တစ်ရက်တော့ သူစိတ်ကူးပေါက်၍ မိန်းကလေး timeline ထဲ ဝင်ကြည့်မိသည်။ ယခင်ကလိုပင် မပြောင်းမလဲ။ ဒူးခေါင်းကြား မျက်နှာအပ်ပြီး ထိုင်နေပုံများသာ တွေ့ရသည်။
သူငယ်ချင်းတွေနှင့် ဆိုင်ထိုင်ဖြစ်တော့ ဘာရယ်မဟုတ် မသိသလိုလို သိသလိုလိုနှင့် စကားစကြည့်သည်။
“ 'Dja ill' ဆိုတဲ့အကောင့်ကို မင်းတို့သိလား”
မသိကြောင်း ဖြေကြသည်။ သူတို့က မတွေ့တာ ကြာပြီဖြစ်သည့်အတွက် သူ့အကြောင်း ကိုယ့်အကြောင်း ဖောက်သည်ချရုံကလွဲရင် ကျန်တာ သိပ်စိတ်ဝင်စားပုံ မရကြ။ သူ့ဘေးနား ထိုင်နေသည့် သွား ဆရာဝန်ကမူ သူသိချင်ကြောင်းပြော၍အကောင့်ပြလိုက်သည်။
“ဪ အဲဒီ D က silent ဗျ။ ဥပမာ Django ဆိုရင် ဂျန်ဂိုလို့ ထွက်ရသလိုမျိုးလေ”
သူက D အသံကိုထည့်ပြီး ထွက်လိုက်မိ၍ အမြဲတမ်း grammar nazi လုပ်တတ်သော သွားဆရာဝန်က ပြင်ပေးလိုက်ခြင်း ဖြစ် သည်။ သူလည်း အောင့်သက်သက်နှင့် ခံလိုက်ရသည်။
သူ သူငယ်ချင်းတွေနဲ့ လမ်းခွဲပြီး အိမ်ပြန်လာခဲ့သည်။ ညက တော်တော် မှောင်နေပြီ။ လမ်းတစ်ဝက်ရောက်ခါနီး၌ သူ့ဖုန်းကို ဖွင့်ကြည့် လိုက်စဉ်
“ကျွန်မ ထွက်သွားတော့မယ်”
သူ အမူးပြေချင်သလိုလို ဖြစ်သွားသည်။ ဒီတခေါက် တတိယမြောက် စကားလာပြောခြင်း ဖြစ်သည်။ ဒုတိယတစ်ခေါက် ပြောပြီးတည်းက လာမပြောတော့တာ တော်တော်ကြာနေပြီ။
“နေပါဦး၊ မင်းနဲ့ငါ သိလို့လား ဟု ရိုက်ပြီးကာမှ သူပြန်ဖျက်လိုက်သည်။ တကယ်ပို့ဖြစ်တာက
“ဘယ်ကိုလဲ”
အကြာကြီး ဘာ မှပြန်မပြောပဲ နေနေသည်။
“ဒီလိုပဲ၊ တစ်နေရာရာပေါ့”
အဲဒီစကားပြောပြီးတော့ location တစ်ခုလှမ်းပို့လိုက်သည်။ ထိုနေရာကို maps တွင် ထောက်ရှာကြည့်လိုက်တော့ သူပိုလို့ မျက်လုံးပြူးသွားသည်။ သူအခု ရောက်နေသော လမ်းနှင့် နှစ်လမ်းကျော်လောက်သာ ကွာသည့်နေရာ ဖြစ်နေသည်။ အယ်လ်ကိုဟောအရှိန် မသေသေးသဖြင့် သူဘာမှ မစဉ်းစားတော့ပဲ ထိုနေရာရှိရာကို အမြန်ပြေးထွက်သွား လိုက်သည်။
တကယ်တမ်း ရောက်သွားတော့ လေးဘက်လေးတန် အုတ်တံတိုင်း အမြင့်ကြီး ခတ်ထားသော ခြံကျယ်ကြီးဖြစ်သည်။ အလယ်မှာ သံတံခါး အကြီးကြီး တစ်ချပ်။ သံတံခါးကို သူတွန်းကြည့်တော့ အသာလေး ပွင့်သွားသည်။ ခြံထဲမှာ လူတစ်ရပ်ကျော်သည့် မြက်ရိုင်းပင်ကြီးများက တောထနေသည်။ လေတဟူးဟူး တိုက်လိုက်တိုင်း မြက်ရိုင်းပင် ကြီးများ ယိမ်းထိုးခါသွားသည်။ GPS မှာပြနေသော location point က ရှေ့ကို နည်းနည်း ထပ်တိုးလိုက်ရင် ရောက်ပြီ။ သူမြက်ရိုင်းပင်များ၏ ကြမ်းရှသော ထိတွေ့မှုကို အတင်းတိုးဝင်ပြီး ရှေ့ကို ဆက်တိုးနေမိသည်။ ကြမ်းရှအေးစက်သော မြက်ရိုင်းပင်များက သူ့အပေါ်ကို ပြိုလဲလာ မယောင် ခံစားရသည်။
“ကွိ...ခွိ...တွိ”
သူနားကြားမှားတာ မဟုတ်ရင်တော့ မျောက်တစ်ကောင် အော်ဟစ်သော အသံ သေချာသည်။ သူမြက်ပင်များထဲ တိုးဝင်လေလေ မျောက်အော်သံက ပိုပြီး ကျယ်လောင်လာလေလေ ဖြစ်သည်။ နောက်ဆုံး မှာ GPS က location point နှင့် သူ့ကို ကိုယ်စားပြုသော အစက် ကလေးထပ်တူကျသွားသည်။
သူတွေ့လိုက်ရတာက လူမနေတာ ကြာပြီဖြစ်သော တစ်ထပ်အိမ်ပု တစ်လုံးသာ။ အိမ်၏ နံရံများက ညစ်ပတ်ပေရေနေသည်။ သူ ထိုအိမ်ထဲ ဝင်သွားလိုက်သည်။ အခန်းအနည်းငယ်သာ ရှိပြီး အခန်းတိုင်းက ပိတ်ထားသည်။ ဖွင့်ထားသော အခန်းက တစ်ခန်းသာ ရှိသည်။ ထိုအခန်းထဲ သူဝင်သွားလိုက်တော့ ဘာမှမရှိသည့် အခန်းဟောင်းအလွတ်သာ ဖြစ်နေသည်။ ခေါင်မိုးမှ ဖြာကျနေသည့် လရောင်ကြောင့် အခန်းအတွင်းကို မြင်နေရသည်။ လရောင် မရောက်သော အခန်းထောင့်မှာတော့ မှောင်မိုက်နေသည်။ သူ့ဖုန်း flash မီးကို ဖွင့်၍ ထိုအခန်းထောင့် နေရာကို ထိုးကြည့်လိုက်သည်။ အခန်းထောင့်နံရံ၏ အောက်ခြေတွင် အပေါက်နှစ်ခု တွေ့သည်။ လူတစ်ယောက် ခြေနှစ်ဖက် ဝင်ဆံ့နိုင်ရုံ အပေါက်နှစ်ပေါက်။ ဒီထက်ပိုပြီး သူဘာမှ မတွေ့တော့။
သရုပ်မှန် ဝတ္ထု မဟုတ်၍ သူလည်း များများစားစား စဉ်းစားမနေတော့ပဲ အိမ်ကိုမီးရှို့ပြီး ထွက်လာခဲ့လိုက်သည်။
၃၁-၁-၂၀၁၈
Inspired by "Fables" comics
.jpg)

Comments
Post a Comment