အကြောင်းရင်းကတော့ လက်ရှိကမ္ဘာနဲ့ မလုံလောက်လို့ပါပဲ @ Tim


ပထမလ

ကစားကွင်းကြီးရှေ့မှာ ကျနော်စောင့်နေပါသည်။ သူ ရောက်မလာခဲ့သေးပါဘူး။ ခဏနေတော့ သုံးဘီးကား တစ်စီးပေါ်ကနေ ပြုံဆင်းလာတဲ့ လူတွေထဲမှာ သူ့ကို တွေ့လိုက်ရပါသည်။ စီးစရာ ဆက်သွယ်ရေး ယာဉ်အမျိုးအစားတွေ အများကြီး ရှိတဲ့ထဲကမှ သုံးဘီးကားကိုပဲ သူက မက်မက်စက်စက် စီးတတ်ပါသည်။ ကျနော်က ကျနော်တို့ အချိန်ဇုန်ဆီက YBS ကားတွေ စီးဖို့ သူ့ကို ခေါ်သွားဖူးသည်။ နှစ်မှတ်တိုင်ပဲ စီးပြီး ချမ်းတုန်လို့ ပြန်ဆင်းလာသည်။ နောက်တော့ YBS စီးဖို့ ဘယ်တော့မှ စကားစ မရတော့ပါ။ သူက ကျနော်တို့ အချိန်ဇုန်က ကိစ္စ တော်တော်များများကို မကြိုက်တတ်ပါ။ ကျနော်တို့ အချိန်ဇုန်က အစားအသောက် တော်တော်များများကိုလည်း မကြိုက်တတ်ပါ။

“ကျုပ်တို့ကို ဖိတ်ထားတာ မတူညီတဲ့ အချိန်ဇုန်တွေရဲ့ ယဉ်ကျေးမှု အချင်းချင်း ဖလှယ်ကြဖို့လေ။ ခင်ဗျားက ကျန်တဲ့လူတွေဆီ ကကိစ္စတွေကို မကြိုက်ရင် ဒီအချိန်မဲ့ဇုန်ကြီးထဲ ဘာလာလုပ်နေသေးလဲ” လို့ ကျနော် ဘုတောဖူးသည်။

အဲဒီကျတော့လည်း လက်မှတ်ရပြီးမှတော့ မလာရင် နှမျောလို့ ဆိုပြီး ပေါ့ပျက်ပျက် ပြန်ဖြေသည်။ သူ့ထုံးစံအတိုင်း တစ်ဖက်လူကို တည့်တည့် မကြည့်ပဲ ဖြေခြင်းမျိုး ဖြစ်သည်။ သူ အဲဒီလောက် ပေါ့ပျက်ပျက်နိုင်တဲ့ မိန်းကလေး မဟုတ်တာကိုတော့ ကျနော်သိပါသည်။

သူက ဒီနေ့ သုံးဘီးကားရောင် တီရှပ်လေးနဲ့ အားကစား ဘောင်းဘီရှည်၊ အားကစား ဖိနပ်နဲ့ပါ။ ကျစ်ဆံမြီး တုတ်တုတ်ကျစ်ပြီး တွဲလောင်း ချထားပါသည်။ မျက်မှန်ကိုင်းအထူ၊ အဝိုင်းကြီးကြီးကို တပ်ဆင်ထားပါသည်။ ကျောပိုးအိတ်အပျော့လေး လွယ်ထားပါသည်။ ကျနော်တို့ အချိန်ဇုန်က အဝတ်အစားတွေကိုတော့ မက်မက်စက်စက် ဝတ်နေတတ်သော သူ့ကို “ပြောပါဦး၊ ဒီဖက်ရှင်ကရော ဘယ်ခေတ်ကဟာများပါလိမ့်” လို့ ကျနော်က ချောင်ပိတ် မေးဖူးသည်။ ဒီလိုပဲ စိတ်ကူးပေါက်ရာ လျှောက်ဝတ်ကြည့်တာပါ ဟု ပြန်ဖြေပြီး ရှော်သွားသည်။ မနောသီချင်းသံ ဆူညံစွာ ဖွင့်ထားတဲ့ သုံးဘီးကားကတော့ ကျနော့် ဘေးကနေ ဝူးခနဲ မောင်းတက်သွားသည်။ သူက ကျနော့်ကို လူအုပ်ထဲမှာ ထွေထွေထူးထူး ရှာနေစရာမလိုပဲ တန်းတန်းမတ်မတ်လျှောက်လာပါသည်။

ကျနော့်ထံသို့ Ticket of Moon စတင်ပေးပို့ ခံရသည့် နေ့ကို ကျနော် မှတ်မိနေသေးသည်။ အဲဒီနေ့က ဘာရယ်မဟုတ် ပျင်းပျင်းနဲ့ ပလေးစတိုးက ဂိမ်းတစ်ခုကို ဒေါင်းလုတ်ဆွဲပြီး ဆော့နေမိသည်။ ကောင်းကောင်းကန်းကန်းလည်း မဟုတ်ပါ၊ ဒီတိုင်း နာမည်ကြီး အပြေး ဂိမ်းတစ်ခုကို ကူးထားတဲ့ ဟာမျိုးပါပဲ။ အပျင်းပြေ ဆော့နေခြင်းသာ ဖြစ်သည်။ အဲဒီအချိန်မှာပဲ သင် Ticket of Moon ကို ကံထူးပါသည်။ အသေးစိတ်ကို အောက်က လင့်ခ်မှာ ကြည့်ပါ ဆိုတဲ့ ကြော်ငြာတစ်ခု ပေါ်လာသည်။ အင်တာနက်လည်း မဖွင့်ပါပဲနဲ့ ဘယ်ကကြော်ငြာ ဝင်လာ တာလဲဟ ဆိုပြီး ကြောင်တော့ ကြောင်သွားသေးသည်။ ဒီတိုင်း clickbait ကြော်ငြာမှန်း သိပေမယ့်လည်း အဲဒီနေ့က တော်တော် ပျင်းနေတာနဲ့ လင့်ခ်ထဲ တမင်ကို ဝင်ကြည့်ပစ်လိုက်သည်။ အဲဒါကပဲ သူနဲ့ ဆုံတွေ့ရဖို့ ကံကြမ္မာအစ ဖြစ်ခဲ့သည်။

၂ဝဝဝ ခုနှစ်များဆီက လူတွေ သုံးလေ့သုံးထ ရှိတဲ့ GTalk ကိုသာ ကျနော် ရွေးချယ်ခဲ့သည်။ အဲဒီမှာ သူနဲ့ကျနော် သိခဲ့ကြပါသည်။ ဆက်သွယ်ရေးစင်တာမှာ အချိန်ဇုန် အမျိုးမျိုးက ဆက်သွယ်မှု နည်းပညာပေါင်းစုံ ရှိပေမယ့် ၂ဝဝဝ ခုနှစ် ဝန်းကျင်က အငွေ့အသက်ကို ပြန်လိုချင်လို့ GTalk ကို သုံးဖြစ်တာပါ။ သူ့နာမည်က Nerdy Chic ဖြစ်ပြီး တော့ ကျနော်က Mount Blanc ဆိုတဲ့ နာမည်နဲ့ပါ။ တစ်လလောက် အကြာမှာ ကျနော်တို့ ချိန်းတွေ့ကြည့်ဖို့ သဘောတူညီချက်ရပြီး ဘလိုင်းဒိတ်ကို ကစားကွင်းမှာ ချိန်းလိုက်ကြပါသည်။ အဲဒီနောက်တော့ အချိန်မဲ့ ဇုန်ထဲကို ရောက်လာတိုင်း သူနဲ့ကျနော်တွေ့ဖြစ်ကြတော့သည်။

သူက ကျနော့်ရှေ့ကို မြောက်ကြွမြောက်ကြွနဲ့ ရောက်ရှိလာပြီး ဖြူဖွေးနေတဲ့ သွားတွေ ပေါ်အောင် ပြုံးပြပါသည်။ သူပြုံးလိုက်တဲ့အခါ မျက်လုံး မှေးမှေးလေးတွေက တွင်းအောင်း ပွေးလေးလို ပိတ်လုမတတ် ဖြစ်သွားပါသည်။

“ကျနော်မှန်း ဘယ်လိုသိလဲ”

“ခါးကိုင်းကိုင်းနဲ့ အဖိုးကြီးပေါက်စပုံ ဖြစ်နေတာကိုး။ ယူကလွဲရင် ဘယ်သူရှိမလဲ”

ကျနော်က လက်ထဲမှာ ကိုင်ထားတဲ့ အာတာပူဇီ နှစ်ခုကနေ တစ်ခု သူ့ကို ပေးလိုက်ပါသည်။ သူက ကျေးဇူးလို့ ပြောပြီး ယူပြီးပြီးချင်း တစ်ဖဲ့ ဖဲ့စားလိုက်ပါသည်။

“ကျနော် ကစားကွင်းလက်မှတ် မဝယ်ရသေးဘူး”

“ရပါတယ်၊ ကိုယ် မန်ဘာကတ် လုပ်ထားတယ်။ သူ့အတွက် အဲ့ထဲက ဖြတ်ပေးလိုက်မယ်”

“ဟာ အားနာစရာကြီး”

“အဲဒါဆို အထဲရောက်ရင် တစ်ခုခု စီးတဲ့အခါ ယူလက်မှတ်ဝယ်ပေးပေါ့”

“အိုကေလေ”

ဒီလိုနဲ့ ကျနော်တို့ ကစားကွင်းအထဲ ရောက်သွားကြသည်။ အရင်ဆုံး သူက ရေလွှာလျှောစီး သွားမယ်ဆိုလို့ ကျနော်ရေလွှာလျှောစီး ရထားကို လက်မှတ် ဖြတ်လိုက်သည်။ လက်မှတ်ကောင်တာက စာရေးမက စက်ကလေးကို ထိုးပေးတော့ ကျနော့် လက်ပတ်ကို စက်နားကပ်လိုက်သည်။ တီ ဆိုတဲ့ အသံနဲ့အတူ ကျနော့်လက်ပတ်ထဲက ပွိုင့်တချို့ လျော့သွားသည်။ နောက်တော့ နှစ်ယောက်ထိုင် ရထားတွဲခုံ အကျယ်ကြီးမှာ ကျနော် သူ့အနားကို တမင်ကပ်ပြီး တိုးထိုင်လိုက်ပါသည်။ သူက သိပေမယ့် မသိချင်ဟန်ဆောင်ပြီး အာတာပူဇီကို ဖဲ့စားနေသည်။

“အဲဒါကြီး လွှင့်ပစ်လိုက်တော့လေ၊ တော်ကြာ ရထားလှုပ်မှ နင်နေဦးမယ်”

“ဟင် နှမျောစရာကြီး မကုန်သေးပဲနဲ့၊ ပြီးတော့ အခု လွှင့်ပစ်လိုက်ရင် ရေထဲ ရောက်သွားမှာပေါ့၊ အမှိုက်ပွတယ်”

သူက ပြောပြီး အာတာပူဇီကို ပလတ်စတစ်အိတ်နဲ့ သေချာ ထုပ်လိုက်ပါသည်။

“အရှေ့အိတ်ဇစ်တချက်ဖွင့်ပေးပါ”

ကျနော်လည်း သူလွယ်ထားတဲ့ ကျောပိုးအိတ်ဇစ်ကို ဖွင့်ပေးလိုက်ပါသည်။

“ဟာ အဲဒါ အလယ်အိတ်ကြီးလေ၊ ရှေ့ဆုံးက အိတ်ကို ပြောတာ”

ပွင့်သွားတဲ့ အလယ်အိတ်ထဲမှာ ဗလာစာအုပ် ခပ်ထူထူ တစ်အုပ်နဲ့ ကတ်ထူပြားတစ်ချပ်၊ ခဲတံ၊ ပေတံတွေ ထည့်ထားတာ တွေ့လိုက်ပါသည်။ နောက်တော့ ကျနော် အလယ်အိတ်ဇစ်ကို ပြန်ပိတ်ပြီး ရှေ့အိတ် ဖွင့်လို့ သူ့အာတာပူဇီထုပ်ကို ထိုးထည့်ပေးလိုက်ပါသည်။

ပြီးတော့ ရထား စ ထွက်ပါသည်။

သံလမ်းကုန်းမြင့်တလျှောက် ရထားစတက်တဲ့ အချိန်မှာ ကျနော် သူ့မျက်နှာကို ငေးစိုက် ကြည့်နေမိပါသည်။ သူက စိတ်လှုပ်ရှား ရင်ခုန်တဲ့ပုံနဲ့ ပျော်မြူးနေပါသည်။ သူ ဒီဘက်လှည့်လိုက်တော့ ကျနော် ငေးကြည့်နေတာ တွေ့သွားပါသည်။ သူ ဘာမှ မပြောခင်မှာပဲ “ကျနော် အမြင့်ကြောက်လို့၊ ဘေးတို့ အောက်တို့ကို မကြည့်ရဲလို့ အာရုံလွှဲနေတာ” လို့ ခပ်တည်တည်နဲ့ ပြောလိုက်ပါသည်။

မကြာပါဘူး ရထားဟာ သံလမ်းရဲ့ အမြင့်ဆုံး နေရာကို ရောက်သွားပါပြီ။ သူက ကျနော့်ဖြေတာကို ခေါင်းထဲ သိပ်မထည့်တဲ့ ဟန်နဲ့ ပျော်မြူးဆဲပါပဲ။ ရထားက ဝုန်းဆို အောက်ကို ရုတ်တရက် လျှောဆင်း သွားပါသည်။ သူ ဟေးဆိုပြီး အကျယ်ကြီး အော်ပါသည်။ အပွင့်လင်းဆုံးနဲ့ အလှပဆုံး ပျော်ရွှင်မှုကို ကျနော်တွေ့ရပါသည်။ ရေတွေက ဖွားခနဲ ဖွားခနဲ လာစင်လို့။ ပြီးတဲ့အခါ ရထားဟာ မိကျောင်းရုပ်ကြီးရဲ့ ဟထားတဲ့ ပါးစပ်ထဲ အရှိန်ပြင်းပြင်းနဲ့ ဝင်သွားပါသည်။

ပြီးတော့ တိုက်ကား မောင်းကြသည်။ ကျနော်တို့ အပြင် တခြားလူ ဆိုလို့ ကလေးတွေပဲ ရှိပါသည်။ သူနဲ့ ကျနော်ပေါင်းပြီး ကလေးတွေကို လိုက်တိုက်ရင်း အနိုင်ကျင့်ကြပါသည်။ တော်တော်ကြာတဲ့အထိ မောင်းပြီး မောသွားတဲ့အခါ အုန်းပင်အောက်က ခုံတန်းလျားမှာ ထိုင်ပြီး အမော ဖြေကြပါသည်။ သူက ဓားလှီးရေခဲချောင်း တစ်ခုကို ကိုက်စားနေပြီး ကျနော်က အုန်းမွှေးလုံးတစ်ခု စားပါသည်။

“တစ်နေကုန် သွားရည်စာတွေချည်းပဲ စားနေတာ၊ ဗိုက်မဆာဘူးလား” လို့ မမေးဖြစ်ခဲ့ပါဘူး။

“ယူ အွန်လိုင်းမှာ လာလာပြောတဲ့ စာအုပ်တွေက ကိုယ်မဖတ်ရသေးတာတွေများတယ်”

“အင်းလေ ခင်ဗျားတို့ဆီမှာ ထွက်မှ မထွက်သေးတာကိုး” 

“မင်းလူရဲ့ ဝတ္ထုတွေတော့ ဖတ်ပြီးပြီ၊ သူက ကိုယ်တို့ဘက်မှာ အခု ရေးနေကျ ပုံစံနဲ့ ယူပို့ပေးတာတွေထဲက ပုံစံနဲ့ တော်တော်ကွာသွားတယ် သိလား”

“ဟုတ်လား...ကျနော်တို့ကတော့ စဖတ်တည်းက အဟောင်းအသစ်တွေ ရောနေလို့ အဲ့လောက် သတိမထားမိဘူး”

“ချစ်မြားရှင်ကို သူဆက်ရေးလိမ့်မယ်လို့ မထင်ထားမိဘူး။ ဒါပေမယ့် ဖတ်တုန်းကတော့ ဆက်ရေးစေချင်တာ”

“ကျနော့်အမြင်တော့ ဆက်ရေးလိုက်တာ တအားမိုက်သွားတယ်”

“အတင်းကြီး ညားပေးသလို ဖြစ်တယ်လို့ မထင်ဘူးလား”

“အာ မထင်ပါဘူး။ သူပြထားတာ အကျိုးအကြောင်းသင့်တာပဲ။ ပြီးတော့ ကောင်မလေးကို မမေ့နိုင်လို့ ကောင်မလေး စီးခဲ့တဲ့ ဘတ်စ်ကားကြီးကို ပြန်ဝယ်တာကို တအား သဘောကျတယ်”

“ကိုယ်ကတော့ တချို့ကိစ္စတွေကို ဒီအတိုင်း ထားခဲ့လိုက်တာပဲ ကြိုက်တယ်။ သူ သစ်ပုပ်ပင်ကြီးရှေ့မှာ အသည်းကွဲပြီး ကျန်ခဲ့တဲ့အခန်းမှာ ကိုယ်က ခံစားပြီးသွားပြီ။ အဲဒါကို နောက်မှ သူက ထပ်ဖြည့်ပြီး ပြန်ပေါင်း ပေးတယ်ဆိုတော့ မတင်မကျကြီးပဲ”

“အဲဒီလို မပေါင်းပေးပဲ တန်းလန်းကြီး ထားတာမှ မတင်မကျလို့ ခေါ်တယ်။ ခင်ဗျား သူ့အရွယ်ရောက်သွားရင် သဘောပေါက်သွားမှာပါ”

“အံမယ် ဘာမှမဆိုင်ဘူး။ အသက်အရွယ်နဲ့ အတွေးအခေါ်ကို ဆွဲစိပစ်တာမျိုး ကိုယ်မုန်းတယ်”

သူပြောပြီး တော်တော်ကြာ ငြိမ်သွားသည်။ ကျနော့်ကိုလည်း မကြည့်ဘူး၊ တစ်ခုခုကို တွေးနေသလိုပဲ။ လက်ထဲက ရေခဲချောင်းက အရည်တွေပျော်ကျနေသည်။

“ရှုခင်းကြည့်တဲ့ ရဟတ်မြင့်ကြီး စီးရအောင်ကွာ၊ ပုံကြမ်းခြစ်ချင်လို့”

“ခုနကပြောတော့ သရဲရထား စီးမယ်ဆို”

“ဟင့်အင်း စိတ်ပြောင်းသွားပြီ။ မင်းလူ သရော်စာထဲကလို သရဲစာရေးဆရာတွေ ကိုယ်တိုင် သရဲလုပ်ပြီး ခြောက်တော့မှပဲ စီးတော့မယ်”

သူက ပြောပြီး သူ့ဘာသူ သဘောကျနေသည်။ ကျနော်လည်း အလိုက်တသိနဲ့ လိုက်ရယ်ပေးလိုက်ပါသည်။

“လက်သုတ်လိုက်ဦး”

သူ့ကို တစ်ရှူးတစ်ခု ကမ်းပေးပြီး ကျနော်တို့ ခုံတန်းလေးက ထထွက်ခဲ့ပါသည်။

ရဟတ်အမြင့်ကြီးမှာ ကျနော်တို့တွဲက နေရာအကောင်းဆုံးပါပဲ။ ရဟတ်ကြီးဟာ နာရီအိုကြီးလို တအိအိနဲ့ ရွေ့လျားနေပါသည်။ သူက အဝေးကို ကြည့်လိုက် ကတ်ထူပြားခံထားတဲ့ စက္ကူပေါ် ရေးခြစ်လိုက် လုပ်နေပါသည်။ ကျနော်က သူ့မျက်နှာချင်းဆိုင်မှာ ထိုင်နေတော့ သူဘာ ဆွဲနေလဲ မမြင်ရပါဘူး။

“အမြင့်ကြောက်လို့ဆို ခုနကတော့”

သူက ကျနော့်ကို မကြည့်ပဲ လှမ်းမေးလိုက်ပါသည်။ ပုံဆွဲစက္ကူပေါ်  ငုံ့ကြည့်လိုက်တဲ့အခါ မျက်မှန်က လျှောလျှောကျသွားလို့ သူ့ဘယ်ဘက်လက် လက်ညှိုးနဲ့ ခဏခဏ ပင့်တင်နေပါသည်။

သူမေးတာကို ကျနော် ဘာပြန်ဖြေရမလဲ မသိပါဘူး။ သူက ဘာမှ ဆက်မမေးတော့ပဲ ပုံဆွဲနေပါသည်။

“ MCU ကားတွေ အကုန်ကြည့်ပြီးပြီလား”

“ယူ ပို့ပေးတာတွေထဲက နည်းနည်းပဲ ကြည့်ရသေးတယ်။ သိပ်မကြိုက်ဘူး။ ကိုယ်က 'Castaway On the Moon' ဆိုတဲ့ ကိုရီးယားကားကို တော်တော် သဘောကျနေတယ်”

“ဩော် ပဲခေါက်ဆွဲကား”

“ဟုတ်တယ် . ပဲခေါက်ဆွဲ။ အဲဒီအခန်း ကြည့်လိုက်တော့ ပဲခေါက်ဆွဲတအား စားချင်လို့၊ အိမ်ပြန်တော့ ဈေးထဲက ခေါက်ဆွဲဖတ် တစ်ဆယ်သား ဝယ်ပြီး ပုန်းရည်ကြီးနဲ့ သုပ်စားလိုက်တယ်”

“ဟင် ပေါက်ပေါက်ရှာရှာ၊ ကောင်းပါ့မလား ချဉ်စုတ်စုတ်ကြီးနေမှာပေါ့”

“မသိဘူးလေ၊ ကိုယ်မှ မစားဖူးတာ”

“ပြီးရင် အောက်က ကန်တင်းမှာ သွားစားကြမယ်လေ၊ ပဲခေါက်ဆွဲရတဲ့ ဆိုင်ရှိတယ်။ ကျနော် ကျွေးပါ့မယ်”

ခဏနေတော့ သူက ပုံဆွဲစက္ကူညှပ်ထားတဲ့ ကတ်ထူပြားကို ကျောပိုးအိတ်ထဲ ထိုးထည့်လိုက်ပါသည်။ ရဟတ်ကြီးက အောက်ပြန် မကျသေးပါဘူး။ ကျနော် သူ့အနားမှာ သွားထိုင်လိုက်သည်။ ကျနော်တို့ စီးနေတဲ့တွဲက တအိအိနဲ့ အောက်ကို ရွေ့လျားနေပါသည်။ ကျနော်အမြင့် ကြောက်တတ်သည်ဟု သူ့ကို ညာပြောခဲ့မိပါသည်။ ယခု ကျနော့်နှလုံးသားများ တကယ် တဒိတ်ဒိတ် ခုန်လာခဲ့ပါပြီ၊ အကြောင်းရင်းကတော့ ကျနော်တစ်ခုခုကို ကြောက်နေခဲ့မိ၍ ဖြစ်သည်။

***

အချိန်မဲ့ဇုန်ထဲကို စရောက်လာတုန်းက ကျနော် ကြောင်တောင်တောင်နှင့် နိုးတဝက် အိပ်မက်မက်သူလို ဖြစ်နေခဲ့ဖူးသည်။ အမှတ်မထင်နှိပ်လိုက်သော ad တစ်ခုကနေပြီး ဒီလို ဆန်းကြယ်တဲ့နေရာကို ရောက်လာခဲ့မယ်လို့မှ မထင်မိတာကိုး။ ရောက်ရောက်ချင်းမှာ ကျနော့်ကို ဆက်သွယ်ရေးစင်တာတွေဆီ လိုက်ပို့ပေးကြသည်။ ဆက်သွယ်ရေး စင်တာတွေက ကျနော်တို့အချိန်ဇုန် အသီးသီးကနေ အချိန်မဲ့ဇုန်ထဲသို့ ဝင်ရသော လျှို့ဝှက်ဘူတာတိုင်းမှာ ရှိပါသည်။ ဒီစင်တာတွေမှာ ကြေးနန်းကြိုး၊ ပေးစာ၊ ပီစီအို အိတ်ချိန်းစနစ်ကနေ နောက်ဆုံးပေါ်  ဗီဒီယိုကောလ် စနစ်တွေထိ အစုံအလင်ရှိနေသည်။ ထိုစင်တာပေါ်မှာ ကျနော့်လို ကံထူးရှင် အချင်းချင်း ဆက်သွယ်မိတ်ဖွဲ့ဖို့ ကြိုးစားရာကနေ သူနဲ့ တွေ့ခဲ့ကြခြင်းဖြစ်ပါသည်။ အမှန်အတိုင်း ဝန်ခံရလျှင် မတူညီသော အချိန်ဇုန် အသီးသီးမှ လူများကို မိတ်ဖွဲပြီး ကျနော်သိချင်တာတွေကို တဝကြီး မေးလိုက်မယ်ဆိုသော ရည်ရွယ်ချက်ကြီး တပွေ့တပိုက်နှင့် အချိန်မဲ့ဇုန်ထဲကို ကျနော် ရောက်ရှိလာတာပါ၊ ဒါပေမယ့် သူနဲ့သာ ကျနော် ဦးစွာ ဆုံစည်းခဲ့သည်။ ထိုအချိန်ကစ၍ ကျနော့်ရည်ရွယ်ချက်ကြီးလည်း အကောင်အထည် မပေါ်တော့ပါ။ အကြောင်းရင်းကတော့ ကျနော့်မှာ သူရှိနေ၍ ဖြစ်သည်။

***

အပြန်လမ်းမှာ သူရော ကျနော်ရော နှုတ်ဆိတ်နေခဲ့ပါသည်။ ရထာလုံးလေးဟာ ဘူတာရုံဆီကို တလိမ့်လိမ့် ပြေးလွှားနေပါသည်။

သူက ရုတ်တရက် ကျောပိုးအိတ်ကို ရှေ့ထုတ်လိုက်ပါသည်။ ကျနော်က သူ ခုနက ကျန်တဲ့ အာတာပူဇီကို စားမယ်ထင်လို့ပါ။ ဒါပေမယ့် သူက အလယ်အိတ်ကို ဖွင့်လိုက်တာပါ။ ပြီးတော့ အထဲကနေ စက္ကူတစ်ချပ် ထုတ်လိုက်သည်။ ခုနက သူဆွဲနေတဲ့ပုံပါ။ ကြည့်လိုက်တော့ မှုန်ကုပ်ကုပ် ညှင်းသိုးသိုးနဲ့ လူတစ်ယောက်ကို တွေ့ပါသည်။

“ဟာ ကျနော့်ပုံပဲ” လို့ မရေရွတ်မိအောင် ကျနော် ထိန်းထားလိုက်ပါသည်။ သူကတော့ ကျနော့်ကို မကြည့်ပဲ အဲဒီပုံကို ထိုးပေးလိုက်ပါသည်။ ပြီးတော့ မသိချင်ယောင်ဆောင်ပြီး ရှေ့အိတ်ထဲကနေ အာတာပူဇီကို ထုတ်စားနေပါသည်။

ရထားလုံးဟာ အချိန်မဲ့ဇုန်က နှုတ်ခွန်းဆက်သပါသည် ဆိုတဲ့ ဆိုင်းဘုတ်ကြီးကို ဖြတ်ကျော် မောင်းနှင်သွားသည်။ ဒီဘက်ကနေ ပြန်ကြည့်တော့ အချိန်မဲ့ဇုန်က ကြိုဆိုပါသည် ဆိုတဲ့ တစ်ဘက်ခြမ်းကို မြင်နေရသည်။

ဘူတာကို ရောက်တော့ လူတွေတောင် တော်တော်ကျဲပါးနေပါပြီ။ ခုတလော အချိန်မဲ့ဇုန်သို့ လာသောသူ နည်းပါးနေသည်။ Ticket to the Moon ကို စတင် ကံထူးစဉ်က ကျနော်တို့ အားလုံးရဲ့လက်ပတ်တွေမှာ ပွိုင့်တွေ တထောကြီး ရရှိခဲ့ကြသည်။ အချိန်မဲ့ဇုန်ထဲမှာလည်း ကံထူးရှင်တွေ ပျားပန်းခတ် စည်ကားနေခဲ့ဖူးသည်။ ယခုတော့ ထိုပွိုင့်များမှာ သုံးရင်း သုံးရင်း တဖြည်းဖြည်း နည်းပါးသွားရာ လာတဲ့သူတွေလည်း တော်တော် နည်းသွားကြပြီ။ ဒီပွင့်တွေသာ ကုန်သွားရင် ကျနော်တို့ရဲ့ အနာဂတ်က ဘယ်လိုလာမလဲ မသိပါ။ ကျနော်တို့ အချိန်မဲ့ဇုန်ထဲကို ဝင်ခွင့်မရတော့ဘူးလား။ ပွိုင့်အသစ်တွေ ဘယ်တော့ ဖြည့်ပေးမှာလဲ။ ကျနော့်မှာ မေးခွန်းတွေ အများကြီးပါ။ အချိန်မဲ့ဇုန်ထဲကို လာခွင့်မရတော့မှာ ကျနော်ကြောက်နေမိသည်။ အကြောင်းရင်းကတော့...

***

သူ့ လော်ကာက ကျနော့် လော်ကာနဲ့ သိပ်မနီးမဝေးမှာ ဖြစ်သည်။ သူက locker ထဲက ကချင်လွယ်အိတ်အဖြူလေး တစ်လုံးကို ထုတ်လိုက်ပါသည်။ ပြီးတော့ အဝတ်လဲခန်းထဲ ဝင်သွားသည်။ သူဝင်သွားတုန်း သူဆွဲထားပေးသော ကျနော့်ပုံလေးကို သေချာကြည့်နေမိပါသည်။ ခဲပန်းချီလက်ရာ အကြမ်းမျိုး ဖြစ်ပြီး အောက်ခြေမှာ သူ့လက်မှတ်လေး ထိုးထားပါသည်။ ကျနော့်ရဲ့ပင်ကိုယ် ဝိညာဉ်လိပ်ပြာမျိုး ပေါ်အောင် ဆွဲထားနိုင်သည်လို့ ကျနော် ထင်မိသည်။ ပြီးတော့ ကျနော့်လော်ကာကို ဖွင့်ပြီး လော်ကာတံခါးမှာ သံလိုက်တုံးလေးနဲ့ ဖိပြီး ကပ်ထားလိုက်ပါသည်။ ခဏနေတော့ သူပြန်ထွက်လာသည်။ သုံးဘီးကားရောင် တီရှပ် နဲ့ အားကစားဘောင်းဘီကို ကျောပိုးအိတ်ထဲ ထည့်လိုက်တဲ့ ပုံပါပဲ။ ကျစ်ဆံမြီးကိုတော့ ဖြည်ပြီး ဆံထုံးထုံးထားပါသည်။ မီးခိုးမှိုင်းရောင် ရင်ဖုံး အင်္ကျီနဲ့ ထဘီဝမ်းဆက်လေး ဝတ်လို့။ ကချင်လွယ်အိတ် အဖြူလေးကို တဖက်တည်း ချိတ်လွယ်ထားပါသည်။ အားကစားဖိနပ်နေရာမှာ ခြေညှပ်ဖိနပ် ဖြစ်သွားပါပြီ။ မျက်မှန်ထူထူအောက်က မျက်နှာကလေးကတော့ ပြောင်းလဲ မသွားပါဘူး။

သူ့ကို ကျနော် ငေးစိုက်ကြည့်နေမိတာ ကျနော့်ဟာ ကျနော်တောင် မသိပါဘူး။ သူက ဟီးခနဲ ရယ်ပြလိုက်မှ သတိပြန်ဝင်သွားပါသည်။ သူ့မျက်လုံးတွေက ပွေးလေးလို ပူးကပ် ပိတ်အစ်သွားတာပါပဲ။

လက်မှတ်ရောင်းကောင်တာက မိန်းမဝဝကြီးက ကျနော်တို့ကို အသေအချာလည်း မဟုတ်သလို စိတ်မပါသလိုလည်း မဖြစ်ပဲ တာဝန်အရ ကြည့်တဲ့ ပုံမျိုးနဲ့ တစ်ချက် ဝေ့ကြည့်ပါသည်။ ပြီးတော့ “ဘယ်ကိုလဲ” လို့ မေးသည်။ သူ့အသံက ရင်းနှီး နွေးထွေးတဲ့ပုံ မပေါက်ပါဘူး။ ရုံးစာရေးမတွေရဲ့ လေသံမျိုးပါပဲ။

“၂၀၁၉ ကို တစ်စောင်ပေးပါဗျ” လို့ ကျနော် ပြောလိုက်သည်။ မိန်းမကြီးက သူလုပ်စရာရှိတာ လုပ်ပြီး၊ တံဆိပ်တုံးတွေထု၊ ဘောက်ချာတွေဖြတ်၊ စာအုပ်ထဲ ရေးမှတ်နဲ့ ခဏနေတော့ ကျနော့် ညာဘက်လက်က လက်ပတ်လေးကို သူ့လက်ထဲက စက်နဲ့ချိန် စကင်န်ဖတ် ပြီး ရထားလက်မှတ်ဖိုး ဖြတ်လိုက်ပါသည်။

“နောက်တစ်ယောက်”

အသံက ပုံမှန်ထက် ကျယ်ပြီး ထွက်ပေါ်လာသည်။

“၁၉၈၂ ကို တစ်စောင်ပေးပါရှင့်”

သူ့အသံက ကျနော်နဲ့ ပြောဆို ဆက်ဆံစဉ်ကထက် ယဉ်ကျေးတဲ့ လေသံမျိုး ဖြစ်နေပါသည်။

သူ့ဆီက လက်မှတ်ဖိုး ဖြတ်ပြီးတော့ မိန်းမကြီးက “ကိုယ့်ခရီးနဲ့ ဆိုင်ရာ စစ်ဆေးရေးဂိတ်ကို သွားပေးပါ။ တားမြစ်ပစ္စည်းတွေ ကိုယ်နဲ့ ပါလာသလား သေချာစစ်ပြီး၊ ပါလာရင် အခုတည်းက လော်ကာထဲမှာ သွားပြန်ထားပေးပါ” လို့ ဝတ်ကျေတန်းကျေ ပြောလိုက်သည်။

ကျနော်ခုနက ပန်းချီကားလေးကို သတိရသွားသည်။ အဲဒီ ပန်းချီကားလေးကို ကျနော့်အိမ် ပြန်သယ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ။ သူရော ကျနော်ရော စစ်ဆေးရေးဂိတ်တွေ ရှိရာဆီ လေးလံတဲ့ ခြေလှမ်းတွေနဲ့ ထွက်လာခဲ့သည်။ အနံ့ခံ ခွေးကြီးတွေက ဂိတ်ပေါက်ဝတိုင်းမှာ မာန်တဖီဖီနဲ့။ သူနဲ့ကျနော် ဂိတ်ပေါက်ချင်း တော်တော်လှမ်းပါသည်။

“နောက်တစ်ပတ်ရော...”

ကျနော် အရဲစွန့်ပြီး မေးလိုက်သည်။ သူက ကျနော့်ကို မကြည့်ပဲနဲ့ ခေါင်းခါပြသည်။

“နောက်တစ်လ ဒီလိုနေ့မှ တွေ့မယ်လေ၊ နေ့တိုင်း တွေ့နေရင် ပွိုင့်တွေ အမြန် ကုန်သွားမှာပေါ့၊ ရထားလက်မှတ်က ဈေးကြီးက ကြီးနဲ့၊ လက်မှတ်ဖိုးနဲ့တင် ပွိုင့်တွေ တော်တော် ကုန်နေပြီ သိလား”

“အိုကေလေ၊ အွန်လိုင်းမှာတော့ ရှိနေမယ်မှတ်လား”

“အင်း”

ဒီလိုနဲ့ ကျနော့်ကို သူတစ်ချက် မော့ကြည့်ပြီး သူ့စစ်ဆေးရေး ဂိတ်ထဲ ဝင်သွားသည်။ ကျနော်လည်း ကျနော့် စစ်ဆေးရေးဂိတ်ဆီ လျှောက်လာခဲ့သည်။ မာန်တဖီဖီနဲ့ လိုက်ကြည့်နေတဲ့ ခွေးကြီးတွေကို ကျနော် ဟီး ဆိုပြီး ပြုံးပြလိုက်သည်။ စစ်ဆေးရေးမှူးက ကာတွန်း အောက်တိုဘာ အောင်ကြီးလို ကတုံးပြောင်ပြောင်မှာ နှုတ်ခမ်းမွှေး ကားကားနဲ့ပါ။

သူက မေးနေကျ မေးခွန်းကို မေးပါသည်။

“ကိုယ့်အချိန်ဇုန်ထဲက မဟုတ်တဲ့ အရာဝတ္ထု ပစ္စည်းဆိုရင် သက်ရှိဖြစ်စေ၊ သက်မဲ့ဖြစ်စေ တားမြစ်ပစ္စည်းတွေအဖြစ် သတ်မှတ်ပါတယ်။ အဲဒါတွေကို ယူဆောင်လာပါသလား”

ကျနော် ပန်းချီကားလေးကို ဒုတိယအကြိမ် သတိရမိပြီး စိတ်ထဲမ ကောင်းသလိုလို ဖြစ်သွားသည်။ 

“မယူလာပါဘူး”

အောက်တိုဘာအောင်ကြီးက ခံစားချက်မဲ့တဲ့ မျက်နှာနဲ့

“ကောင်းပြီ၊ ကျောပိုးအိတ်၊ နာရီ၊ ခါးပတ်တွေကို ခြင်းထဲထည့်ပြီး ဒီစက်ပေါ် တင်ပေးပါ။ လူကတော့ ဒီတံခါးကနေဖြတ်ပါ”

ကျနော် စစ်ဆေးရေးတံခါးကနေ ဖြတ်သွားလိုက်တဲ့အခါ ကျနော့်ကိုယ်ကို စကင်န်ဖတ်ပြီးတော့ “ ၂၀၁၉ က လူ ဟုတ်မှန်ပါသည်” ဆိုတဲ့ စက်ရုပ်ဆန်ဆန် မိန်းမအသံတစ်သံ စက်ကနေ ထွက်လာသည်။ ရွေ့လျားကြမ်းခင်းနဲ့အတူ စကင်န်ဖတ်စက်ရဲ့ တစ်ဖက်ကနေ ဖြတ်ပြီးထွက်လာတဲ့ . ကျနော့်ကျောပိုးအိတ်နဲ့ ပစ္စည်းတွေကို ယူပြီး ကျနော် စင်္ကြံဘက် ထွက်လာလိုက်သည်။ ရထားက ဆိုက်နေပြီမို့လို့ ကျနော့် ခုံနံပတ်အတိုင်း ကျနော် ဝင်ထိုင်နေလိုက်သည်။ ခဏနေတော့ ကျနော် အိပ်ပျော်သွားပြီး ရထားထွက်လိုက်တာတောင် မသိလိုက်ပဲ တဖက်ဘူတာကို ရောက်မှ နိုးပါတော့သည်။


***


ဒုတိယလ

သူ့စင်္ကြံရှိတဲ့ စစ်ဆေးရေးဂိတ်ကနေ ကျနော် မယောင်မလည်နဲ့ သွား စောင့်နေလိုက်ပါသည်။ ခွေးကြီးတွေက ဒီနေ့ ဘာစိတ်ကူးပေါက်လဲ မသိပါဘူး ကျနော့်ကို မာန်မဖီတော့ပဲ ကြောင်တောင်တောင်နဲ့ ကြည့်နေကြပါသည်။ ခွေးပေါကြီးတွေပဲကွလို့ ကျနော်တိုးတိုးလေး ရေရွတ်ပြီး သူတို့ကို ပြုံးပြလိုက်ပါသည်။ ခဏနေတော့ သူထွက်လာပြီး ကျနော့်ဆီ တန်းတန်းမတ်မတ် လျှောက်လာပါသည်။ ဒီတစ်ခါ မရမ်းစေ့ရောင် ချည်ထည် ရင်ဖုံးလက်ပြတ်လေးနဲ့ပါ။ ထဘီကလည်း အဲဒီအရောင် ဝမ်းဆက်ပါပဲ။

“စောင့်နေတာကြာပြီလား”

သူ့ထုံးစံအတိုင်း မှေးပိတ်သွားအောင် ပြုံးပြရင်း မေးပါသည်။

“နည်းနည်းတော့ ကြာပြီ” လို့ ကျနော် အင်တင်တင်နဲ့ ပြန်ဖြေလိုက်ပါသည်။

“ဒါဆို ခဏစောင့်၊ အဝတ်လဲလိုက်ဦးမယ်”

“ဟာ မလဲပါနဲ့၊ ဒီတိုင်းလည်းလှတဲ့ဟာကို” သူက ရယ်ချင်ပက်ကျိနဲ့

“မလဲလို့ မဖြစ်ဘူးကွ။ ဒီအင်္ကျီနဲ့ လျှောက်သွားနေရင် ပေကျံသွားမယ်၊ မနေ့ကမှ ဝယ်ထားတာ အသစ်ကြီး”

“ဒါဖြင့်လည်း ဘာလို့ ဝတ်လာသေးလဲ”

“ကဲ . . . ကဲ ပြောနေရင် ကြာပါတယ်၊ သွားလဲလိုက်မယ်။ ကျောပိုးအိတ်လည်း ယူရဦးမှာ”

ဒီလိုနဲ့ ဘူတာရုံထဲက ထွက်လာတော့ သူက Star Wars တီရှပ်နဲ့ ဂျင်းဘောင်းဘီ မတိုမရှည်နဲ့ ရှူးဖိနပ်နဲ့ ဖြစ်သွားပါပြီ။ ကျောပိုး အိတ်ကတော့ လွယ်လျက်သား။

“လေးဘီးကား ငှားမလား၊ အေးအေးဆေးဆေး ရှိတာပေါ့၊ ရထားလုံးကတော့ ဈေးတက်သွားပြီ”

“ကိုယ့်မှာ ပွိုင့်တွေ နည်းနေပြီကွ။ ချွေတာသုံးမှရမယ်၊ သုံးဘီးပဲ တိုးစီးကြတာပေါ့”

“ဟင် ခုနကကျ ပေကျံသွားမယ် ဘာညာနဲ့”

“ရတယ် ဘာမှ မဖြစ်တော့ဘူး၊ အင်္ကျီလဲပြီးသွားပြီ”

“ပွိုင့်ကတော့ ကျနော်လည်း နည်းနေပြီ။ ခင်ဗျားက ပွိုင့်နည်းမှာပေါ့ အရောင်းစင်တာတွေကနေ အဲ့စတားဝါးအင်္ကျီတွေ ဘာတွေ လျှောက်ဝယ်တာကိုး၊ ဈေးကြီးကကြီးနဲ့။ အိမ်လည်း ပြန်သယ်သွားလို့ ရတာမဟုတ်”

“ဒီမှာရောက်နေတဲ့ အချိန်တွေ ဝတ်လို့ရတာပဲကွ ဘာဖြစ်လဲ” ကျနော် သူ့လက်မောင်းကို အသာအယာ ထုလိုက်ပါသည်။ သူဒီတစ်ခါ ရယ်မောလိုက်ပုံက အင်မတန် တရင်းတနှီး ရှိလှပါသည်။

ဒီလိုနဲ့ ဈေးအသက်သာဆုံး သုံးဘီးကား ကြပ်ကြပ်ကို တိုးစီး ကြပြီးတော့ ကျနော်တို့ငှားထားတဲ့ ဘန်ဂလိုလေးဆီကို ရောက်လာခဲ့ပါသည်။ သန့်ရှင်းကျယ်ဝန်းတဲ့ ခြံဝင်းထဲမှာ ရှိပြီးတော့ ဘေးမှာ ကန်အကျယ်ကြီးလည်း ရှိပါသည်။ အဲဒီကန်ကြီးထဲမှာ အပျော်စီးလှေ စီးနေတဲ့လူ၊ ရေကူးနေတဲ့ လူတွေနဲ့ စည်ကားနေပါသည်။ ကန်စပ်မြက်ခင်းပြင် ပေါ်မှာလည်း ပျော်ပွဲစားထွက်နေကြတဲ့ သူတွေမနည်းပါဘူး။

ကျနော်တို့ ဘန်ဂလိုကတော့ တခြားအလုံးတွေနဲ့ ခပ်လှမ်းလှမ်းမှာ ရှိပါသည်။ အရင်ဆုံး ကျနော်တို့ ဧည့်ကြိုကောင်တာမှာ အကျိုးအကြောင်းပြောပြီး ငှားခ ရှင်းကြပါသည်။ ကျနော်က တစ်ယောက်တဝက် ပေးမယ်လို့ အစက တွေးထားပေမယ့် သူက ကျနော့်လက်ကို ကောင်တာပေါ် မရောက်အောင် သူ့လက်ဖဝါး ဖြူဖြူသေးသေးလေးတွေနဲ့ အတင်း ချုပ်ထားပါသည်။ ပြီးတော့ သူ့လက်ပတ်ကို အတင်းထိုးပေးပြီး ငှားခအကုန် သူပဲ ချေလိုက်ပါသည်။

ဘန်ဂလိုလေးက သပ်သပ်ရပ်ရပ်နဲ့ နေချင်စရာလေးပါ။ သူရော ကျနော်ရော အထုပ်အပိုးတွေချပြီး အိပ်ရာပေါ် ခြေပစ်လက်ပစ် အိပ်လိုက်ကြပါသည်။ ခုနက သုံးဘီးစီးလာတော့ ညောင်းထားသည် မဟုတ်လား။

“ဪ ... ခုမှ သတိရတယ်၊ ပါလာတဲ့ဟာတစ်ခု ပြဖို့ မေ့နေတယ်”

ကျနော်က ကျောပိုးအိတ်ကို ဖွင့်ပြီး ပလတ်စတစ်အိတ်သံ ဂျွတ်ဂျွတ်မြည်အောင် နှိုက်ထုတ်လိုက်ပါသည်။ ပြီးတော့ ယူလာတဲ့ အထုပ်နှစ်ထုပ်ကို သူ့ကို ပြလိုက်သည်။

“ဟာ ပဲခေါက်ဆွဲထုပ်တွေ”

သူ ယုန်ကလေးလို တအံ့တဩနဲ့ ဝမ်းသာအားရ မျက်နှာပေးဖြစ်သွားသည်။

“ဒီဟာက အသင့်စား ခေါက်ဆွဲလေ။ ရေနွေးဖျောပြီး အမှုန့်နဲ့ နယ်စားရုံပဲ။ ဒီတစ်ထုပ်ကတော့ ပဲခေါက်ဆွဲ အနှစ်ထုပ်ပါတဲ့ဟာ”

“ဩော် ကောင်းတာပေါ့”

“ညဘက်တွေ ဘာတွေ ဗိုက်ဆာလို့ ပဲခေါက်ဆွဲကိုလည်း အရမ်း တမ်းတနေပြီဆို ဒီကောင့်ကို ဖောက်စားလိုက်ရုံပဲ၊ အာသာပြေသွားရော”

“ယူကတော့ ဟန်ကျတာပေါ့။ အဲဒါက ယူတို့ဆီက ပစ္စည်းကိုး။ ကိုယ်ကကျ ပြန်သယ်သွားလို့မှ မရတာ”

သူ့နှုတ်ခမ်းလေး စူသွားသည်။

“ကဲပါ ယူသွားလို့မရလည်း စားဖူးတယ်ရှိအောင် အခုပြုတ်စားကြမယ်လေ၊ နို့မို့ဆို ဒီလာတိုင်း ဒီက အစားအသောက်တွေ ဝယ်စားနေရရင် မဟန်ဘူး၊ ဒီမှာက အစစ အရာရာ အကုန် ဈေးကြီးနေတာ။ ကျနော် ဝန်ထမ်းတွေဆီက ပန်းကန်ခွက်ယောက်တွေ သွားတောင်းလိုက်မယ်။ ရေနွေးက ဝါတာကူလာကနေငှဲ့လို့ရတယ်”

ကျနော်တို့နှစ်ယောက် ပဲခေါက်ဆွဲ နှစ်ထုပ်ပြုတ်ပြီး မြိန်ရေရှက်ရေ စားကြသည်။ သူစားရင်းနဲ့ တစ်ချက်တစ်ချက်မှာ ခေါင်းငုံ့ငုံ့သွားတာ ကျနော် သတိထားမိသည်။ ပဲခေါက်ဆွဲထုပ်တွေကို ကျနော် ညဘက် ဗိုက်ဆာတိုင်း စားနေကျပါ။ ဘာလို့ ဒီနေ့ ထူးထူးခြားခြား အရသာရှိနေလဲ မသိ။

ညနေကျတော့ ကန်စောင်းဘက် လမ်းလျှောက်ထွက်ကြသည်။ သူက လှေစီးမလားလို့ဆိုတော့ ကျနော်က ရေမကူးတတ်လို့ အတင်းငြင်းဆန်မိသည်။ အဲဒီလိုနဲ့ သူကဆွဲ၊ ကျနော်ကရုန်းနဲ့ နောက်ဆုံးတော့ ကျနော် အရှုံးပေးလိုက်ရပြီး လှေစီးတဲ့ဆီ ရောက်သွားသည်။ ရေလယ်ရောက်တော့ သူက ကျနော့်ကို စချင်တာနဲ့ လှေကို မှောက်အောင် တအားယမ်းလို့ ကျနော်လည်း သည်းမခံနိုင်တာနဲ့ အော်ထုတ်မိပြီး နောက်ဆုံးတော့ လှေစီးခရီးစဉ်ဟာ ကို့ရိုးကားရားနဲ့ ပြီးဆုံးသွားတော့သည်။ ဘန်ဂလိုပြန်လာတဲ့ လမ်းတလျှောက်လုံးမှာ သူက အဲဒီအကြောင်းကို ပြန်တွေးရင်း အူမြူးပြီး မပြီးနိုင်မစီးနိုင် စနောက်နေသည်။

“အရယ်လွန်ရင် ငိုရတတ်တယ်နော်” လို့ ကျနော်ပြောလိုက်တော့ သူတစ်ချက် တုံ့သွားသည်။ ပြီးတော့ သန့်စင်ခန်း ဝင်လိုက်ဦးမယ်သွားနှင့် ဆိုပြီး ကျနော့်ကို အတင်းသွားခိုင်းသည်။

သူအခန်းထဲ ပြန်ရောက်လာတော့ မိုးအတော်ချုပ်နေပြီ။ အပြင်မှာ ကန်စပ်က ဖားအော်သံ တဂွမ်ဂွမ် ကြားနေရသည်။ ဘန်ဂလိုက မီးလုံးမှိန်တုတ်တုတ်လေးပဲ လင်းနေသည်။

ညက စိုစွတ်နေသည်။ လမင်းရဲ့အလင်းရောင်ကလည်း စိုစွတ်နေသည်။ သူ့နှုတ်ခမ်းတွေလည်း စိုစွတ်နေသည်။

အဲဒီညက ကျနော်သူ့ကို ချစ်သည်လို့ ပြောမိတာ အခါခါပါပဲ။ အကြောင်းရင်းကတော့...

***

နောက်နေ့မနက် အပြန်ခရီးမှာတော့ ပွိုင့်နည်းနေပြီဆိုပေမယ့် ကျနော်တို့ ရထားလုံးပဲ ငှားဖြစ်ခဲ့သည်။ ဒီတစ်ခါတော့ နှစ်ယောက်လုံး တစ်ယောက်တဝက် မျှပေးကြပါသည်။ သူသိသိသာသာ နှုတ်ဆိတ်နေသည်။ အိပ်ရေးမဝလို့လား ဘာလားမသိ၊ ကျနော့်ပုခုံးကို မှီပြီး တစ်လမ်းလုံး လိုက်လာသည်။ ဒါပေမယ့် သူ့အသက်ရှူသံက အိပ်မောကျနေတဲ့ အသံမဟုတ်မှန်းတော့ ကျနော်သိပါသည်။

ဘူတာရုံရောက်တော့ သူက သူ့လော်ကာကို သွား၊ အဝတ်အစားတွေ ထုတ်ပြီး လဲသည်။ ကျနော်လည်း အဝတ်အစားတစ်စုံ ဝင်လဲလိုက်သည်။ ပြီးတော့ ပြန်ထွက်လာပြီး လော်ကာကနေ စောင့်နေသည်။ လော်ကာတံခါးမှာ ကပ်ထားသော သူဆွဲပေးထားသည့် ကျနော့်ပုံ ပန်းချီကားလေးကို ကျနော်လက်နဲ့ ပွတ်သပ်ကြည့်နေသည်။

ခဏနေတော့ သူထွက်လာသည်။ လာခါစတုန်းက မရမ်းစေ့ရောင် အင်္ကျီဝမ်းဆက်နဲ့ လွယ်အိတ်ဖြူနဲ့ပါပဲ။ သူ ကျနော်ရှိရာ တန်းတန်း လျှောက်လာသည်။ ပြီးတော့ ကျနော့်ရှေ့တည့်တည့် လာရပ်ပြီး ခြေဖျားထောက်ရင်း ကျနော့်နဖူးပြင်ကို မက်မက်စက်စက် နမ်းလိုက်သည်။ သူ ကျနော့်ကို ချစ်တယ်လို့ မပြောပါဘူး။ ကျနော်ကတော့ ချစ်တယ်လို့ တီးတိုးလေး ရေရွတ်လိုက်ပါသည်။ အဲဒီမှာ သူ ကျနော့်ကို မော့ကြည့်ပါသည်။ ဟင်။ သူ့မျက်ဝန်းထဲမှာ မျက်ရည်တွေ အပြည့်နဲ့ပါလား။

သူအသံကို အတတ်နိုင်ဆုံး တည်ငြိမ်အောင် ထိန်းပြီးတော့ပြောသည်။

“ကိုယ့်ကို အိမ်က ယောကျာ်းပေးစားတော့မယ်”

“ဘာ”

ကျနော့်အသံဟာ ခြင်္သေ့တစ်ကောင်လို ဟိန်းထွက်လာပြီး၊ ကျနော့်လည်ဆံမွှေးတွေ ထောင်သွားသည်။ သူကျနော့်ဆီက အကြည့် မလွှဲသွားပါဘူး။ ဖြစ်လာသမျှ ပေခံမယ်ဆိုတဲ့အကြည့်နဲ့ ကြည့်နေသည်။ 

“ဟုတ်တယ်၊ မင်းနဲ့ မတွေ့ခင်တည်းက အိမ်က ပေးစားဖို့စီစဉ်ထားပြီးသား။ စေ့စပ်ပွဲတောင် လုပ်ပြီးပြီ”

ကျနော့် ဒေါသတွေ မီးတောင်တစ်တောင်လို ဆူပွက်လာသည်။

“အဲဒါနဲ့များ ခင်ဗျား ဘာလို့ ကျုပ်နဲ့ လာပတ်သက်နေသေးလဲ” 

ဘေးပတ်ဝန်းကျင်က လူတွေလည်း ကျနော်တို့နှစ်ယောက်ကိုကြည့်ကုန်ကြပြီ။

“ကိုယ်ပြောတာ ဆုံးအောင် ခေါင်းအေးအေးနဲ့ နားထောင်ပါဦး” 

ကျနော် တစ်စုံတရာ ပြန်ပြောလိုက်ပေမယ့် ဘာပြောလိုက်မိမှန်းမသိဘူး။ ခပ်ရိုင်းရိုင်း အရာတစ်ခုခုပဲ နေမှာပါ။


“ကိုယ်တို့ နှစ်ယောက်အခြေအနေက ဘယ်လိုမှ မဖြစ်နိုင်တာကြီးလေကွာ။ ကိုယ်တို့ ဒီအချိန်မဲ့ ဇုန်ကြီးထဲမှာ ထာဝရနေလို့မှ မရတာ။ ကိုယ်တို့မှာရှိတဲ့ ပွိုင့်တွေကုန်တော့မယ်။ အခုတောင် တစ်လနေမှတစ်ခါ တွေ့နိုင်တာလေ။ မင်းသေချာစဉ်းစားကြည့်ကွာ၊ ဘယ်လိုမှ အဓိပ္ပာယ်မရှိသလို ဘယ်လိုမှ မဖြစ်နိုင်တဲ့ကိစ္စကြီး။ ပြီးတော့ တို့မှာ ဘဝရှေ့ရေးက ရှိသေးတယ်”

သူအများကြီး ဆက်ပြောနေပါသေးသည်။ ဒါပေမယ့် သူဘာတွေ ဆက်ပြောနေလဲဆိုတာ ကျနော် မသိတော့ပါဘူး။ အဲဒီစကားတွေ ပြောနေတာ သူမှ ဟုတ်ရဲ့လားလို့ ကျနော် သံသယဝင်မိသည်။ သူက ကျနော်သိထားသလို အရာရာကို ဂရုမစိုက်ပဲ လွတ်လပ်ပျော်ရွှင်နေတတ်တဲ့ မိန်းမ မဟုတ်တော့ပါ။ သူ့ဆီကနေ ဘဝရှေ့ရေးတွေ ဘာတွေ ပြောနေတာကို ကြားရတာ ကျနော် မယုံနိုင်အောင်ပါပဲ။

“ဟုတ်ပြီ၊ ဒါဆို ခင်ဗျားက ဘယ်လိုဖြစ်စေချင်တာလဲ”

“ဆက်သွယ်ရေးစင်တာက ရထားလက်မှတ်လောက် ဈေးမကြီးဘူးဆိုတော့ မင်းနဲ့ကိုယ် အွန်လိုင်းပေါ်ကနေ ပတ်သက်နေလို့တော့ ရသေးတယ်လေ”

“ဟာ တော်စမ်းပါ၊ ခင်ဗျားက လင်ကြီးကို ရိုးအီသွားတဲ့အချိန် ကျနော်နဲ့ လာလာ ကြူမလို့လား။ သူများမယား ကြာခိုတဲ့အလုပ် ကျနော် မလုပ်နိုင်ဘူး”

“မဟုတ်ဘူးလေ၊ မင်းနဲ့ကိုယ် သူငယ်ချင်းတွေ ဆက်ဖြစ်နေလို့ ရသေးတယ်လေ။ တို့အရင်လို ရုပ်ရှင်အကြောင်း စာအုပ်အကြောင်းတွေ ပြောလို့ရတယ်လေ......."

“တော် တော် တော်ဗျာ”

ကျနော် သူ့ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ ယုတ်ယုတ်ကန်းကန်းတွေ အဆက်မပြတ် ပြောနေမိပါသည်။ ကျနော်အရင်က ရှုံ့ချခဲ့တဲ့ အမူအကျင့်တွေ အကုန်လုံး ကျနော် လုပ်နေမိပါသည်။ အဲဒီနောက် ကျနော့်ပုံ ပန်းချီကားကို ကျနော်ဆွဲဖြဲပြီး သူ့မျက်နှာရှေ့ ပိတ်ပေါက်လိုက်ပါသည်။ ပြီးတော့ ကျနော် ဆောင့်ကြီးအောင့်ကြီးနဲ့ လက်မှတ်ရောင်း ကောင်တာဆီ ထွက်လာခဲ့သည်။ သူလိုက်မလာပါဘူး။ အဲဒီနေရာမှာ ငိုင်တွေပြီး ငိုယိုရင်း ရပ်ကျန်နေခဲ့ပါသည်။ မိန်းမဝဝကြီးနဲ့ အောက်တိုဘာ အောင်ကြီးတို့ရဲ့ ပရိုတိုကောတွေကို ကျနော်ဘယ်လို ဖြတ်ကျော်လာလဲ၊ အိမ်ဘယ်လို ပြန်ရောက်လာလဲ ကျနော် မသိပါဘူး။ ဒါပေမယ့် အဲဒီကနေ တစ်ပတ်လောက်ထိ ကျနော် ဆက်သွယ်ရေးစင်တာဆီ မသွားပဲ နေလိုက်ပါသည်။


***


တတိယလ

ကျနော် စိတ်ပြန်လည်လာလို့ ဆက်သွယ်ရေးစင်တာဆီ ခြေဦးလှည့်ဖြစ်တော့ ကျနော့်အကောင့်မှာ missed call တွေ၊ စာတွေ တစ်ပုံကြီးပါပဲ။ အကုန် သူ့ဆီကပါ။ ပို့ထားတာကတော့ လွန်ခဲ့တဲ့ နှစ်ပတ်လောက်တည်းက အဆက်မပြတ် ပို့ထားတာတွေပါ။ သူတောင်းပန်တဲ့အကြောင်း၊ သူ့ဆီစာပြန်ဖို့၊ ဖုန်းခေါ်ဖို့စတာတွေပါ။

ဒါနဲ့ ကျနော်လည်း သူ့ဆီ ဘာလုပ်နေလဲ၊ အခုပြန်သုံးနေပြီ အစရှိတဲ့ စာတစ်စောင် ပို့လိုက်ပါသည်။ ဒါပေမယ့် သူ စာမပြန်ခဲ့ပါဘူး။ သူ့အကောင့်ကလည်း offline ဖြစ်နေပါသည်။ ဒီလိုနဲ့ မေ့မေ့ပျောက်ပျောက် နေလိုက်ပြီး နောက်တစ်နေ့ ကျနော် ထပ်ရောက်သွားတော့လည်း သူ့အကောင့်ဟာ offline ဖြစ်နေတုန်းပါပဲ။ ဒါနဲ့ ကျနော်လည်း စိတ်ပူပြီး သူရှိမယ်ထင်တဲ့ တခြား facebook, Instagram စတဲ့ medium တွေမှာပါ လိုက်ကြည့်ကြည့်ပါသည်။ အကုန် offline တွေချည်း ဖြစ်နေပါသည်။ ကျနော် ဘယ်လိုမှ နေလို့မရတော့ပါဘူး။ အိမ်မှာလည်း ထိုင်မရ ထမရနဲ့ နောက်ဆုံးမှာတော့ ကျနော် ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပါသည်။

အဖေနဲ့ အမေ မင်္ဂလာပွဲတုန်းက အဖေဝတ်တဲ့ ဆင်စွယ်ရောင် တိုက်ပုံလေးကို ဗီရိုထဲကနေ သေချာ ထုတ်ယူလိုက်ပါသည်။ ပြီးတော့ အဖေ့ရဲ့ ဆိတ်ခွန်ပုဆိုးအဟောင်းနဲ့၊ လည်ကတုံးအင်္ကျီဖြူ အဟောင်းကို ကျနော် သေချာဝတ်ပါသည်။ ပြီးတော့ အဖေ့ လွယ်အိတ်အဟောင်းကို လွယ်လိုက်ပါသည်။ ဒီပစ္စည်းတွေကတော့ အဖေလူပျိုဘဝ ၈ဝ ခုနှစ် ကာလတွေတည်းက ပစ္စည်းတွေပါ။ အထိန်းအသိမ်း ကောင်းလွန်းတဲ့ အဖေ့ကိုပဲ ကျေးဇူးတင်ရပါမယ်။ ဒီအဝတ်အစားတွေရဲ့ အငွေ့အသက် aura ကတော့ စကင်န်ဖတ်စက်ကို လှည့်စားလို့ ရကောင်းပါရဲ့လို့ ကျနော် ဆုတောင်းနေပါသည်။

ဘူတာကို ရောက်တော့ ကျနော့် စစ်ဆေးရေးဂိတ်ကနေ သေချာစစ်ဆေးပါသည်။ ပြီးတော့ လော်ကာခန်းတွေဘက် ကျနော် ရောက်လာ ပြီးစေ့စေ့လေးဖြစ်နေတဲ့ ကျနော့်လော်ကာကို ဖွင့်ကြည့်တော့ အထဲမှာ သော့ကို တွေ့ပါသည်။ ကျနော့်ပုံ ပန်းချီကားကတော့ မရှိတော့ပါဘူး။ ဒါနဲ့ ကျနော် ငါးမိနစ်လောက်စောင့်နေပြီး လက်မှတ်တန်းစီတဲ့ လူတွေများတဲ့အချိန်မှ လူအုပ်ထဲ ရောယောင်ဝင်တိုး နေလိုက်ပါသည်။ ကံဆိုးစွာနဲ့ပဲ လက်မှတ်ရောင်းတဲ့လူက မိန်းမဝဝကြီးပဲ ဖြစ်နေပါသည်။ ကျနော့် အလှည့်ရောက်တော့ သူ့ကိုမကြည့်ပဲ “၁၉၈၂ ကို တစ်စောင်လောက်” လို့ ကျနော် ပြောလိုက်ပါသည်။

မိန်းမကြီးက ကျနော့်ကို သေချာ လိုက်ကြည့်နေပါသည်။ ကျနော် သူ့ကို သေချာမကြည့်ပဲ တောင်ကြည့် မြောက်ကြည့် လုပ်နေလိုက်ပါသည်။ အဲဒီနောက်

“လက်ပေး”

“ဟမ်”

ကျနော်ကြောင်အအနဲ့ ဖြေလိုက်သည်။ 

“လက်ပေးလေ၊ လက်မှတ်ဖိုးရှင်းရမယ်”

အဲ့ကျမှ ကျနော်လည်း အယောင်ယောင်အမှားမှားနဲ့ သတိဝင်ပြီး လက်ကို ထိုးပေးလိုက်ပါသည်။ လက်မှတ်ရရချင်းပဲ ကျနော် ဟန်မဆောင်နိုင်ပဲ စိတ်တွေလှုပ်ရှားပြီး ထခုန်မိမတတ် ခြေလှမ်းတွေနဲ့ ထွက်လာခဲ့ပါသည်။ ၁၉၈၂ စင်္ကြံကို သွားတဲ့ စစ်ဆေးရေးဂိတ်က ခွေးကြီးတွေက မာန်တဖီဖီနဲ့ပါ။ ကျနော်သူတို့ကို ထုံးစံမပျက် ပြုံးပြလိုက်ပြီး စစ်ဆေးရေးဂိတ်ထဲ ခြေတုန်လက်တုန်နဲ့ ဝင်လာခဲ့ပါသည်။ ကံကောင်းတာက စစ်ဆေးရေးမှူးက အောက်တိုဘာအောင်ကြီး မဟုတ်ပါဘူး။ ပိန်ညော်ညော်မျက်လုံးပြူးပြူးနဲ့ Reservoir Dogs ထဲက Mr. Pink လိုလူပါ။ သူက ကျနော့်ကို ဘာမှ ထူးထူးခြားခြား သံသယမဝင်ပဲ လုပ်ထုံးလုပ်နည်းအတိုင်း ပြောပါသည်။

“ကိုယ့်အချိန်ဇုန်ထဲက မဟုတ်တဲ့ အရာဝတ္ထုပစ္စည်းဆိုရင် သက်ရှိဖြစ်စေ၊ သက်မဲ့ဖြစ်စေ တားမြစ်ပစ္စည်းတွေအဖြစ် သတ်မှတ်ပါတယ်။ အဲဒါတွေကိုယူဆောင်လာပါသလား”

ကျနော်လည်းတည်တည်ငြိမ်ငြိမ်နဲ့ ပြန်ဖြေလိုက်ပါသည်။

“မယူလာပါဘူး”

ပြီးတော့ ကျနော့်လွယ်အိတ် (အဖေ့လွယ်အိတ်) ကို စစ်ဆေးရေး စက်ပေါ် တင်ပေးလိုက်ပါသည်။ ကျနော်ကတော့ စကင်န်ဖတ်တဲ့ စက်တံခါးကနေ ဖြတ်ဝင်လိုက်ပါသည်။ စက်ရုပ်ဆန်ဆန် မိန်းမအသံ တစ်သံထွက်လာပါသည်။

သူဘာပြောမလဲဆိုတာကို ကျနော် ဘုရားတပြီး စောင့်နေခဲ့သည်။

“၁၉၈၂ က လူ …”


***


အသံက “၁၉၈၂ ကလူ ...” ဆိုပြီး ရပ်သွားပါသည်။ ဟုတ်မှန်ပါသည်၊ မဟုတ်မှန်ပါ ဆိုတာမျိုး ဘာမှ ဆက်မလာတော့ပါ။

Mr. Pink ကကျနော့်ကို နောက်တစ်ခေါက် ထပ်ဖြတ်ဖို့ ပြောပါသည်။ ကျနော် ဖြတ်ရနိုး မဖြတ်ရနိုး ချီတုံချတုံ ဖြစ်နေတုန်းမှာပဲ တဝုတ်ဝုတ်အသံနဲ့ ခွေးကြီးတစ်ကောင် ပြေးဝင်လာပါသည်။ ခွေးကြီးနောက်က ပါလာတာကတော့ အောက်တိုဘာအောင်ကြီးပါ။ သူ့နောက်မှာ လက်မှတ်ရောင်းကောင်တာက မိန်းမဝဝကြီး။

သူတို့ကျနော့်ဆီ ပြေးဝင်လာပုံက အနှေးပြကွက် တစ်ခုလိုပါ။ အဲဒီနောက် ကျနော့်ကို ကြမ်းပြင်ပေါ် ပစ်လှဲသိပ်လိုက်ကြပြီး ကျနော့် တစ်ကိုယ်လုံး ကျင်တက်သွားပါသည်။

ကျနော် သတိပြန်လည်လာတော့ ရုံးခန်းတစ်ခန်းထဲက ထိုင်ခုံမှာ ကျနော် ထိုင်နေရပါသည်။ ကျနော့်ရှေ့မှာ လူသုံးယောက်ရှိပါသည်။ ကျနော်နောက်မှ သိရတာတော့ အဲဒါဟာ ရုံပိုင်ကြီး ရုံးခန်းပါတဲ့။ ရုံပိုင်ကြီးက နှုတ်ခမ်းမွှေးထူထူ၊ အသားညိုညို၊ ဥပဓိရုပ်ကောင်းကောင်းပါ၊ သူက အလယ်မှာ ထိုင်နေပြီး ဘာစကားမှ မဆိုပါဘူး။ သူ့ဘေးက ထိပ်ပြောင်ပြောင်နဲ့ သိပ္ပံပညာရှင် ဆိုတဲ့ လူရယ် မန်နေဂျာဆိုတဲ့လူရယ်က ကျနော့်ကို အလုအယက် ပြောနေတာပါ။ အဲဒီနှစ်ယောက်က အချိန်မဲ့ဇုန်ထဲကို ကျနော့်ကို စတင်ဖိတ်ခေါ်ကြတဲ့ သူတွေပါ။ ကျနော် အချိန်မဲ့ဇုန်ထဲ စရောက်လာတုန်းက ပထမဆုံး လိုက်ရှင်းပြပေးတာလည်း သူတို့ပါပဲ။ သူတို့ပြောနေတာတွေ ကျနော် မကြားတစ်ချက် ကြားတစ်ချက်ရယ်ပါ။ ကျနော်ကြားမိသလောက်ကတော့ သက်ရှိသက်မဲ့တွေကို မတူညီတဲ့ အချိန်ဇုန်တွေကို ပို့ဖို့က မဖြစ်နိုင်သေးကြောင်း။ အချိန်မဲ့ဇုန်နဲ့ ဆက်သွယ် ရေးစင်တာတွေကို စတင်တည်ထောင်တည်းက သူတို့ အမျိုးမျိုး ကြိုးစားကြည့်ခဲ့ကြကြောင်း၊ ယခုအချိန်ထိ မအောင်မြင်သေးကြောင်း၊ ကျနော်သာ ၁၉၈၂ ရထားပေါ် ခိုးလိုက်သွားရင် ၁၉၈၂ ကို ရောက်တဲ့အခါ အချိန်မဲ့ စက်ဝန်းအုပ်ထားတဲ့ လျှို့ဝှက်ဘူတာထိပဲ ကျနော် ဝင်ခွင့်ရှိမှာဖြစ်ပြီး အဲဒီကနေ ဆက်သွားရင် ကျနော့် ခန္ဓာကိုယ်လည်း ပျက်စီးပြီး ကျနော်လည်း သေဆုံးသွားနိုင်ကြောင်း စတာတွေပါပဲ။

နောက်ဆုံးမှာ ကျနော်ကြားလိုက်ရတာတော့ .. ရုံပိုင်ကြီးရဲ့စကားပါ။

“မောင်ရင်က ဧည့်သည် သဘောတူညီချက်မှာပါတဲ့ အကြီးလေးဆုံး စည်းကမ်းချက်ကို ဖောက်ဖျက်တဲ့အတွက် အကြီးလေးဆုံး ပြစ်ဒဏ်ကို ချရပါလိမ့်မယ်။ စိတ်မကောင်းပါဘူး”


***


Ticket of the Moon လို့ ကျနော်တို့ ခေါ်ကြတဲ့ အချိန်မဲ့ဇုန်ကို လည်ပတ်ခွင့်ရရေး ကံထူးလက်မှတ်တွေဟာ အင်မတန် ရှားပါးပြီး လျှို့လည်း လျှို့ဝှက်ပါသည်။ ရွေးချယ်ခံရတဲ့ အနည်းငယ်သောသူတွေသာ ဒီအခွင့်အရေးကို ရရှိတာပါ။ ကျနော်တို့ အချိန်ဇုန်ဖြစ်တဲ့ ၂၀၁၉ မှာတော့ ကျနော်အပါအဝင် ဆယ်ဂဏန်းသောသူတွေပဲ ဝင်ခွင့်ရရှိခဲ့ပါသည်။ အခုတော့ ကျနော်ဟာ အဲဒီအခွင့်အရေးကနေ ရာသက်ပန် ပိတ်ပင်ခံလိုက်ရပါပြီ။ ကျနော် အချိန်မဲ့ဇုန်ကို လည်ပတ်ခွင့် မရှိတော့ပါဘူး။ ဆက်သွယ်ရေး စင်တာတွေဆီ သွားခွင့် မရှိတော့ပါဘူး။ မတူညီတဲ့ အချိန်ဇုန်က လူတွေနဲ့ စကားပြောခွင့် မရှိတော့ပါဘူး။ အထူးသဖြင့် သူနဲ့ပေါ့။ ကျနော် လျှို့ဝှက်ဘူတာရှိရာ နေရာကို ပြန်ရှာကြည့်ပါသေးသည်။ ဘယ်လိုမှ ရှာမတွေ့တော့ပါဘူး။ အချိန်မဲ့ဇုန်ရဲ့ မြင့်မားတဲ့နည်းပညာကို ကျနော့်လို ကောင်က ဘယ်လိုလုပ် တုဖက်ပြိုင်နိုင်မှာတဲ့လဲ။

ကျနော်လမ်းမထက်မှာ လေလွင့်ပြီး လျှောက်သွားနေခဲ့သည်။ ဘာမှ မစားမသောက်ရသေးလို့ ဗိုက်ထဲက တကျုတ်ကျုတ်မြည်နေတာကိုတောင် ဘာမှမဖြစ်သလိုပဲ နေနေခဲ့ပါသည်။ အိမ်လည်း မပြန်ဖြစ်ပါဘူး။ အဲဒီမှာ ရုတ်တရက် ကျနော့်ခေါင်းထဲ သတိတစ်ချက် ရသွားသည်။ ကျနော့်ပိုက်ဆံအိတ်ထဲက လက်ကျန်ပိုက်ဆံကို တွက်ကြည့်ပါသည်။ ပြီးတော့ နီးစပ်ရာ အငှားကားတစ်စီးငှားပြီး နာမည်တစ်ခု ပြောပြလိုက်ပါသည်။ သူ တနင်္ဂနွေနေ့တိုင်း စာသင်ပေးသည်လို့ ပြောဖူးတဲ့ ဘုရားကျောင်းလေး တစ်ခုပါ။ ကားသမားကလည်း အူလယ်လယ်နဲ့ မသိဘူး ဆိုပြီး ပြောနေပါသည်။ အဲဒါနဲ့ ကျနော် စိတ်မရှည်လို့ နောက်တစ်စီး ငှားမယ်လုပ်တော့မှ ကားသမားက သိတယ် သိတယ် တက်ဆိုပြီး အတင်းခေါ်ပါသည်။ နောက်တော့ တစ်လမ်းလုံး ဖုန်းတဂွမ်ဂွမ်ဆက်ပြီး သူ့သူငယ်ချင်းတွေကို လမ်းကြောင်း မေးနေပါတော့သည်။ ကျနော်လည်း အချိုးမပြေလို့ကတော့ မျက်ခွက်ရိုက်ပြီသာ မှတ်လို့ စိတ်ထဲတေးနေတုန်း သူ့ လေးယောက်မြောက် သူငယ်ချင်းမှာ အဆင်ပြေသွားပါသည်။ အဲ့တစ်ယောက်က နေရာလည်း သိပြီး ကောင်းကောင်းလည်း လမ်းညွန်နိုင်ပါသည်။ ဒီလိုနဲ့ အဲဒီလူရဲ့ လမ်းညွှန်ချက်နဲ့အတူ နောက်ဆုံးတော့ ကျနော် သွားချင်တဲ့နေရာကို ရောက်သွားခဲ့ပါသည်။ ကားသမားကို ကျသင့်ငွေပေးပြီး ပြန်အမ်းတာ မစောင့်တော့ပဲ ဘုရားကျောင်းထဲ ပြေးဝင်သွားလိုက်ပါသည်။

ကျောင်းလေးက အတော်အသင့် ကျယ်ပါသည်။ ဟောင်းပေမယ့် သပ်သပ်ရပ်ရပ် ရှိနေပါသည်။ အထဲမှာ ဖာသာတစ်ယောက် ရှိနေပါသည်။ ဖာသာက အသက် ၆ဝ ကျော်ကျော်ပါ၊ သူ့မျက်နှာကို ကျနော် ရင်းနှီးနေသလို ရှိပါသည်။ ဖာသာက ကျနော့်ကို တရင်းတနှီး ပြုံးပြပြီး နှုတ်ဆက်ပါသည်။

“ဘာကိစ္စရှိလို့လဲကွယ့်”

ကျနော် ရင်တွေတုန်နေပါသည်။

“ဟိုလေဖာသာ၊ နော်...နော်လီယာဦး ရှိလားဟင်”

ကျနော် သူ့နာမည်ကို ထုတ်ပြောလိုက်တော့ ဖာသာ့မျက်နှာက တော်တော် အံ့ဩသွားပါသည်။

“ဟေ . . . အဲ . . . အဲဒါ တို့အစ်မကွ၊ ငါ့တူနဲ့ ဘယ်လိုများ ပတ်သက်လို့လဲ”

ကျနော် ဘာပြန်ပြောရမလဲ မသိပါ။

“ကျနော်ပြောလည်း ဖာသာ ယုံ . . . ယုံမှာ မဟုတ်ပါဘူး။ သူရှိလား မရှိလားသာ ဖြေပေးပါဗျာ”

ဖာသာက မျက်မှန်ကို အသာအယာ ချွတ်သည်၊ ပြီးတော့ ကျနော့်ကို လိုက်ခဲ့ဖို့ လက်ဟန်ခြေဟန်ပြပြီး နောက်ဖေးကွက်လပ်ကို ခေါ်သွားသည်။ အဲဒီမှာ အဖြူရောင် ကျောက်ပြားတစ်ချပ်၊ အောက်ခြေမယ် ရေညှိစိမ်းစိမ်းတွေနဲ့။ ကျနော်ခေါင်းတစ်ခုလုံး မူးဝေမှောင်မိုက်သွားသည်။

“သူ့အသက် ၂၇ မှာပဲ အပြင်းဖျားပြီး ဆုံးတာကွ။ သူနဲ့ စေ့စပ်ထားတဲ့ သူနဲ့ ယူဖို့တောင် တစ်ပတ်ပဲ လိုတယ်။ ဆုံးသွားတော့ ကြံတောမှာပဲ မြုပ်လိုက်တယ်။ ပြီးတော့ ဘာဖြစ်လဲဆိုတော့ ငါ့တူတို့တော့ မီချင်မှ မီမယ်၊ ကြံတောသင်္ချိုင်းကြီး ပြောင်းကြရွှေ့ကြနဲ့ ဖြစ်ရော။ အဲဒီမှာ ကိုယ်တို့လည်း သူ့အရိုးတွေ ဘာတွေ ရသလောက် ကောက်ပြီး ဒီဘုရား ကျောင်းဝင်းထဲမှာပဲ ယာယီဆိုပြီး ထားရာကနေ ကျောင်းကလည်း ခွင့်ပြုတော့ မရွေ့ပဲ ထားထားလိုက်တာ”

ကျောက်ပြားပေါ်မှာ သူ့နာမည်ကို အင်္ဂလိပ်လို ရေးထွင်းထား ပါသည်။ အောက်မှာ (၁၉၅၅-၁၉၈၂) ဆိုပြီး ရေးထိုးထားပါသည်။

“ငါ့တူကို မေးရတာ အကြောင်းရှိတယ်ကွ။ သူမဆုံးခင် တစ်ရက်မှာ အထုပ်အပိုးတွေ အကုန်ပြင်ပြီး အိမ်ပေါ်က ထွက်ပြေးသွားတာ။ သူ့ကြည့်ရတာ တစ်နေရာရာကို အပြီးထွက်သွားတော့မယ့် အတိုင်းပဲ။ ကိုယ် ကောင်းကောင်း မှတ်မိတယ်။ သူ စိတ်တွေ တော်တော်လှုပ်ရှား နေသလို ပျော်လည်း ပျော်နေခဲ့တယ်။ အဲဒီတုန်းက ညဘက်ကြီးပေါ့၊ သူခိုးထွက်ဖို့ လုပ်နေတုန်း ကိုယ်နဲ့ တန်းတိုးတာ။ ကိုယ်က အဲဒီတုန်းက ကလေးလေးပဲ ရှိသေးတာကွ။ သူက ကိုယ့်ကိုတွေ့တော့ ရှိုက်ကြီးတငင်ငိုပြီး နှုတ်ဆက်တယ်၊ ဖိုးခွား မမ သွားတော့မယ်၊ မမ အခုသွားမယ့် နေရာက မင်းဘယ်လိုမှ လိုက်ရှာလို့မရတဲ့ နေရာတဲ့။ ကိုယ်လည်း ပြောလိုက်တယ်၊ မငိုပါနဲ့ မမလို့။ မမ အခုသွားမယ်ဆိုတဲ့ နေရာကို သွားရရင် မမ ပျော်မှာလားလို့ ဆိုတော့ သူမျက်နှာ ဝင်းလက်သွားတယ်၊ ပြီးတော့ ယုံကြည်ချက်အပြည့်နဲ့ ပြန်ဖြေတယ်၊ သေချာတာပေါ့တဲ့။ ဒီလိုနဲ့ သူထွက် သွားခဲ့တာပေါ့”

ဖာသာက ပြောပြီး ခဏနားလိုက်သည်။ ပြီးတော့မှ ဆက်ပြောသည်။

“ဒါပေမယ့် နောက်တစ်နေ့မှာပဲ သူပြန်ရောက်လာခဲ့တယ်။ အထုပ်အပိုးတွေလည်း ပါမလာဘူး၊ သူ့တစ်ကိုယ်လုံးလည်း နေ့ချင်း ညချင်း ပိန်ချုံးကျသွားတယ်။ ကိုယ်တို့ မိဘတွေက ညတွင်းချင်း ဆေးရုံတင်ပေမယ့် မမီတော့ဘူး။ သူဘာဖြစ်သွားတာလဲဆိုတာ ဆေးရုံက ဆရာဝန်တွေလည်း မစမ်းသပ်နိုင်ဘူး၊ ကိုယ်တို့လည်း ခုချိန်ထိမသိဘူး” 

ဖာသာ့ အသံက တဖြည်းဖြည်းနှင့် အက်ကွဲလာသည်။

“သူ မဆုံးခင်က သူ့ ဘေးနားမှာ ကိုယ်ရှိနေခဲ့တာ။ သူက လူကြီးတွေ မရှိတုန်း ကိုယ့်ကို တိုးတိုးလေး ပြောတယ် အသက် ၂၇ နှစ်လောက် ကောင်လေး နောက်ဘယ်နှနှစ်နေရင် လာရှာလိမ့်မယ်၊ သူ့ကို ပေးပေးပါဆိုပြီး ဘူးလေးတစ်ဘူး အပ်သွားတယ်”

ကျနော် ဖာသာ့စကားတွေကို မကြားတစ်ချက် ကြားတစ်ချက်ပါပဲ။

“ကိုယ်လည်း သူဖျားပြီး ကယောင်ကတမ်း ပြောနေတာမှတ်လို့ ပေးပေးမယ်ဆိုပြီး ကတိပေးလိုက်တယ်။ ဒါပေမယ့် သူဆုံးသွားတော့ အဲဒီဘူးလေးကို လွှင့်မပစ်ရက်ပဲ ကိုယ်သိမ်းထားခဲ့တယ်။ အရေးအခင်းကြီး ဖြစ်တော့တောင် ကိုယ်ပြေးဟယ် လွှားဟယ်နဲ့ ရအောင် သိမ်းခဲ့တယ်။ ဒါပေမယ့် အဲဒီအချိန်ကနေ အခုထိ ဘယ်သူမှ မလာခဲ့ဘူး”

ဖာသာက ပြောပြီးတော့ ကျောင်းထဲ ပြန်ဝင်သွားသည်။ ပြီးတော့ ဘူးလေးတစ်ဘူးကိုင်ပြီး ပြန်ထွက်လာသည်။

“ငါ့တူက သူပြောတဲ့လူ ဟုတ်လား မဟုတ်လားတော့ ကိုယ် မသိဘူး။ ဒါပေမယ့် ငါ့တူက သူ့အကြောင်း ပထမဆုံး လာမေးတဲ့ သူစိမ်း ယောက်ျားလေးပဲ။ ပြီးတော့ ကိုယ်လည်း လောကကြီးမှာ နေရမယ့်အချိန် သိပ်မကျန်တော့ဘူးကွာ။ဒီတော့...”

ဖာသာက ချောင်းတဟွတ်ဟွတ် ဆိုးနေသည်။ ပြီးတော့ အသက်ကို ဖြည်းဖြည်းရှူပြီး သေတ္တာဘူးလေးတစ်ဘူး ကမ်းပေးပါသည်။ ကျနော် လွတ်လွတ်လပ်လပ် ဖွင့်ကြည့်လို့ရအောင် ဖာသာက အထဲပြန် ဝင်သွားသည်။

ကျနော် မဖွင့်ကြည့်ခင်တည်းက ဘာလဲဆိုတာ သိလိုက်ပါသည်။ ဖွင့်ကြည့်လိုက်တော့လည်း ထင်တဲ့အတိုင်းပါပဲ။

ကျနော်ဆုတ်ဖြဲပစ်ခဲ့တဲ့ သူ့လက်ရာ ကျနော့်ပုံတူ ပန်းချီကားလေးပါ။ သူကြိုးစားပြီး အကောင်းအတိုင်း ဖြစ်အောင် ပြန်ဆက်ပေးထား ခဲ့ပါသည်။

ပုံအောက်ခြေမှာတော့ သူ့လက်မှတ်အပြင် စာလေး တစ်ကြောင်း တိုးလာပါသည်။

“ချစ်တယ်”

၁-၉-၂၀၁၉


 

Comments