ဗညားသည် တိရိစ္ဆာန်ရုံရောက်လျှင် အလွန်ပျော်သည်။ ဗညား ငယ်ငယ်တည်းက တိရိစ္ဆာန် အကောင်တွေကို စိတ်ဝင်စားသည်။ ချစ်လည်း ချစ်သည်။ ဗညားဖေဖေက တိရိစ္ဆာန်ရုံသို့ နေ့တိုင်း ပို့မပေးနိုင်၍ ဗညားကြည့်ရန် တီဗီကလာသော ဒစ္စကာဗာရီလိုင်းကို ဖွင့်ပေးထားရသည်။ ဗညားသည် တိရိစ္ဆာန်အစစ်များကို နေ့စဉ်ကြည့်ရရုံနှင့် အားမရ၊ တိရိစ္ဆာန်အရုပ်များကိုလည်း သဘောကျသည်။
အထူးသဖြင့် ဗညားတို့လမ်းထဲ လာသော အလှူခံများကို ဗညားသဘောကျသည်။ ထိုအလှူခံများတွင် တိပ်ခွေကြိုးများနှင့် လုပ်ထားသော ဝက်ဝံ၊ မျောက်ဝံကြီးများ၊ ဝါးကို ကွပ်၍ ပိတ်စအနက်ကြီးများဖြင့် ပတ်ထားသော ကျွဲရုပ်ကြီးများ ပါတတ်သည်။ ထိုအလှူခံများ လာလျှင် ဗညားသည် အိမ်ရှိ လူစုံထံမှ ပိုက်ဆံအကြွေ နည်းနည်းစီ လိုက်တောင်းတတ်သည်။ ပြီးလျှင် တစ်ရာတန်၊ ငါးဆယ်တန်လေးများ ကိုင်၍ အိမ်အပြင်ကို ပြေးထွက်သွားပြီး ဝက်ဝံကြီးအတွက် ငါးဆယ်၊ ကျွဲကြီး အတွက် ငါးဆယ် ဆိုပြီး လှူတတ်သည်။ ပြီးလျှင် လမ်းထိပ်ထိ ထပ်လိုက်ပြီး နောက်ထပ် ငါးဆယ်ဆိုပြီး ထပ်ပေးတတ်သည်။ သို့သော် ဗညား အလွန်ဆုံး သွားနိုင်သည်ကတော့ လမ်းထိပ်ထိသာ ဖြစ်သည်။ လမ်းထိပ် ကျော်သွားလျှင် ဗညားဘယ်လောက် ကြိုက်သော အရုပ်ဖြစ်ပါစေ လိုက်သွားခွင့် မရှိတော့ပါ။
ဗညားဖေဖေ သို့မဟုတ် မေမေ၊ တစ်ခါတရံ ဖွားဖွားက ထွက်လာပြီး ခေါ်တတ်ပါသည်။ ဗညား ထိုအချိန်မျိုးတွင် အင်မတန် စိတ်ဆိုးပါသည်။
“လူကြီးတွေမပါပဲ အပြင်မသွားရဘူး၊ မြေးရဲ့” ဟူ၍ ဖွားဖွားက ပြောတတ်ပါသည်။
“ဘာဖြစ်လို့လဲဟင် ဖွားဖွား” ဟု ဗညားက မေးလျှင်၊ ဖွားဖွားက ပြုံးပြီး “အန္တရာယ်ရှိလို့ပေါ့ကွယ်” ဟုဖြေတတ်ပါသည်။
အန္တရာယ်၊ ထိုအန္တရာယ်ဆိုသော အရာကို ဗညားနားမလည်ပါ။ သူ့အတွက်တော့ ဝက်ဝံရုပ်၊ ကျွဲရုပ်ကြီးများကို ကြည့်နေရတာက ပျော်စရာအလွန်ပင် ကောင်းလှပါသည်။
တစ်ရက်တော့ ဗညားတို့ လမ်းထဲသို့ ထုံးစံအတိုင်း ကျွဲရုပ်ကြီးများ အလှူခံ ရောက်လာပါသည်။ တခြားအိမ်က ကလေးများ ဟေးခနဲ အော်ပြီး ပြေးထွက်သွားသည်ကို ဗညား ကြားရပါသည်။ ဗညားလည်း လိုက်သွားကြည့်ချင်ပါသည်။ သို့သော် ပိုက်ဆံ အရင်တောင်းရဦးမည်။ ပြီးလျှင် ဖေဖေနှင့် မေမေကိုလည်း ခွင့်တောင်းရဦးမည်။ ဒါပေမယ့် အခု ဖေဖေနှင့် မေမေ မရှိပါ။ မြို့ထဲသို့ ကိစ္စတစ်ခုဖြင့် ထွက်သွားပါသည်။ ဗညားနှင့် ဖွားဖွားသာ ကျန်ခဲ့ပါသည်။ ဗညား ဖွားဖွားရှိရာ အပေါ်ထပ်ကို တက်လာခဲ့ပါသည်။ ညနေစောင်းဖြစ်သဖြင့် ဖွားဖွားက ဘုရားစင်ကို မီးပူဇော်ပြီး ဘုရာရှိခိုးနေပါသည်။
“ဖွားဖွား ဘုရားရှိခိုးနေရင် မနှောင့်ယှက်ရဘူးနော်” ဆိုသည့် မေမေ့စကားကို ဗညားပြန်၍ ကြားယောင်မိသွားသည်။ ထို့ကြောင့် ဗညား ခြေကို ဖွဖွလေးနင်းပြီး အိမ်အောက် ပြန်ဆင်းလာခဲ့သည်။ ပြီးတော့ ဖွားဖွား ဘုရားရှိခိုးပြီးတာကို ထိုင်စောင့်နေပါသည်။
“ဖွားဖွားကလည်း ဘုရားရှိခိုးတာ ကြာလိုက်တာ”
ကျွဲရုပ်ကြီးတွေက ဗညားတို့ လမ်းထဲမှာ အလှူခံနေပါသည်။ ဗညား ဖွားဖွားကို ထပ်စောင့်ပါသည်။ သို့သော် ကျွဲရုပ်ကြီးများ၏ တီးမှုတ် ကခုန်သံကသာ ဝေး၍ သွားသည်။ ဖွားဖွားက ဆင်းမလာသေးပါ။ ဗညား စိတ်ပူလာ၍ ခြံရှေ့ကို ပြေးထွက်ပြီး ကြည့်လိုက်သည်။ ကျွဲရုပ်ကြီးများ မရှိတော့ပါ။ အသံကိုသာ ကြားရတော့သည်။ ဟိုဘက်လမ်းထဲ ရောက်သွားတာ ဖြစ်မည်။ ဗညား ခုန်ဆွခုန်ဆွ ဖြစ်နေသည်။ ဖွားဖွားရှိရာ အပေါ် ထပ်ကို လှမ်းကြည့်လိုက်သည်။ ဖွားဖွားထလာသည့် အရိပ်အယောင် မမြင်သေးပါ။ နောက်ဆုံး ဗညား စိတ်ကို ဒုံးဒုံးချ လိုက်သည်။ သူ ကျွဲရုပ် ကြီးများနောက်ကို လိုက်မည်။ ပြန်လာမှ ဖွားဖွားကို ခွင့်တောင်းလိုက်မည်၊ သူပြန်လာတဲ့ထိ ဖွားဖွား ဆင်းမလာသေးရင် ဟန်မပျက် ပြန်ထိုင်နေ လိုက်မည်။
သူ့အတွေးနှင့်သူ ကျေနပ်ပြီး ဗညား အိမ်ကနေ တဟုန်ထိုး ပြေးထွက်လာခဲ့သည်။ အိမ်များကို တရိပ်ရိပ်နှင့် ဖြတ်ကျော်သွားသည်။ ကျွဲရုပ်ကြီးများ ရှိမည်ထင်သော ဟိုဘက်လမ်းထဲကို သူချိုးကွေ့လိုက်သည်။ သို့သော် ကျွဲရုပ်ကြီးများကို မတွေ့ရပါ။ ဗညားရင်ထဲ ဟာတာတာ ကြီး ဖြစ်သွားသည်။ သူပြန်လှည့်ရကောင်းမလား စဉ်းစားသည်။ သို့သော် ထိုလမ်းထဲတွင် သူနှင့်ရွယ်တူကလေးလေးများ ဂွေလှိမ့်နေတာ တွေ့ရ သည်။
“ကျွဲရုပ်တွေ ဘယ်ဘက် ထွက်သွားလဲကွ”
ဗညားမောမောနှင့် အသက်ကို လုရှူရင်း မေးလိုက်သည်။
“ဟိုဘက်လမ်းကွ”
စွပ်ကျယ်အင်္ကျီအပြဲနှင့် ကလေးလေးက ဖြေသည်။
“မဟုတ်ပါဘူး၊ ဒီဘက်လမ်းပါ"
သွားကျိုးနှင့်ကလေးလေးကဝင်ပြောသည်။
ပြီးတော့ သူတို့နှစ်ယောက်သား ဟိုဘက်လမ်း၊ ဒီဘက်လမ်း ငြင်းနေကြသည်။ ဗညားလည်း စောင့်မနေတော့ပဲ သူထင်သည့်ဘက်ကိုသာ ပြေးထွက်လာခဲ့သည်။ ပလွေသံနှင့် ဗုံတီးသံလေးကို သူသဲ့သဲ့ကြား နေရသည်။ တဖြည်းဖြည်းမှောင်လာ၍ လမ်းမီးတွေတောင် လင်းစပြုလာပြီ။ ဗညား တစ်လမ်းဝင် တစ်လမ်းထွက် ရှာသော်လည်း ကျွဲရုပ်ကြီးများကို မတွေ့ပါ။ သူသတိထားမိချိန်တွင် အိမ်နှင့် တော်တော်ဝေးနေပြီ။ လမ်းများကိုလည်း သူ မမှတ်မိတော့ပါ။ ဗညား တဖြည်းဖြည်း ကြောက်လာသည်။ လမ်းပေါ်မှာလည်း ကလေးတွေ မရှိတော့။ ဒီအချိန်ဆို တီဗီက ဗညားသိပ်ကြိုက်သော ကာတွန်းကား လာနေပြီ။ ကလေးတွေအကုန် အဲဒါ ဝင်ကြည့်နေကြတာ ဖြစ်မည်။ လူကြီးတစ်ယောက်စ နှစ်ယောက်စ တွေ့ပေမယ့် သူတို့ကို ဗညားမမေးရဲပါ။
ကြောက်ကြောက်နှင့် ဆက်လျှောက်လာရင်း လူရှင်းသော လမ်းတစ်ခုနား အရောက်တွင် လူကြီးတစ်ယောက် ဗညားနား ကပ်လာပါသည်။ မှောင်နေသာ လမ်းဖြစ်၍ သူ့ပုံစံကို ဗညားကောင်းကောင်း မမြင်ရပါ။ သူ့အနားက ချဉ်စုတ်စုတ်အနံ့ကိုသာ ဗညား ရပါသည်။
“ဘယ်သွားမလို့လဲကွ သားလေး”
ထိုလူ့အနားက ချဉ်စုတ်စုတ်အနံ့က ပိုပြင်းလာပါသည်။
“သား ကျွဲကြီးတွေ ကြည့်မလို့”
“ဪ ကျွဲကြီးတွေလား၊ လာလာ ဦးနဲ့ လိုက်ခဲ့၊ ကျွဲကြီးတွေ သွားတဲ့ဘက် ဦးသိတယ်”
ထိုလူက ဗညားလက်ကို လာဆွဲပါသည်။ သူ့အနားက ချဉ်စုတ်စုတ် အနံ့ကြီးက ပိုပြင်းလာသည်။ သူ့အင်္ကျီဟပြဲကြောင့် ရင်ဘတ်က ဟောင်းလောင်းကြီး ဖြစ်နေသည်။ သူ့လက်တွေက ဗညားလက်မောင်းကို အတင်းကြီး ဆုပ်ထား၍ နာလာသည်။ ဗညား တဖြည်းဖြည်း ကြောက်လာသည်။
“ဟင်အင်း သား မလိုက်တော့ဘူး၊ သား အိမ်ပဲပြန်တော့မယ်”
“အေး အဲဒါဆိုလည်း မင်းအိမ်ကို လိုက်ပို့မယ်၊ ဦးနဲ့ လိုက်ခဲ့”
ဟိုလူက ဗညားလက်ကို အတင်းဆွဲ၍ ခေါ်သွားသည်။ သူသွား နေသည့်ဘက်က မှောင်မည်းပြီး ဘာမှ မမြင်ရပေ။
ထိုစဉ်မှာပင်
“ဟင်အင်း သားဘာသား ပြန်မယ်၊ သားကိုလွတ်”
“ဟာကွာ စကားများလိုက်တာ၊ လိုက်ခဲ့ပါ ဆိုနေမှ”
ဟိုလူက ဗညားကို လက်ဖြင့် ရွယ်ပြီး ရိုက်မည်ပြင်သည်။
“ညွမ့်”
ကျွဲအော်သံကြီး အကျယ်ကြီး ကြားလိုက်ရသည်။ သူတို့ရှိရာသို့ ပြေးဝင်လာသော မည်းမည်း အရာကြီး။ တဖြည်းဖြည်း နီးလာတော့မှ သေချာ ရုပ်လုံးပေါ်လာသည်။ ကျွဲကြီးတစ်ကောင်။ ချိုကြီးက ချွန်ကော့ နေသည်။ ကျွဲကြီးက သူတို့ဆီ တဟုန်ထိုး လာနေသည်။
“ဟာ ကျွဲ ကျွဲ”
ဟိုလူကြီး ကြောက်လန့်ပြီး ဗညားလက်မောင်းကို လွှတ်လိုက်သည်။ ပြီးတော့ ဆန့်ကျင်ဘက် အရပ်ကို သုတ်ခြေတင် ပြေးတော့သည်။ ထိုနေရာတွင် ဗညားတစ်ယောက်တည်း ကျန်ခဲ့တော့သည်။ ကျွဲကြီးက ဗညားဆီ ပြေးဝင်လာသည်။ ဗညားမျက်လုံးကို မှိတ်ထားလိုက်သည်။ သို့သော် ကျွဲကြီးက ဗညားနား ရောက်ခါနီးတွင် ရှေ့ခြေနှစ်ဘက်ကို ရှေ့ကိုထိုးပြီး အရှိန်ကို လျှော့လိုက်သည်။ ဗညားရှေ့တည့်တည့် အရောက်တွင် လုံးဝ ရပ်သွားသည်။ ဗညားမျက်လုံးတွေကို ပြန်ဖွင့်ကြည့်တော့ သူ့မျက်နှာ ရှေ့တည့်တည့်တွင် ချိုကားကားနှင့် ကျွဲကြီး ရပ်နေတာကို တွေ့ရသည်။
“လမ်းပျောက်နေတာလား ကောင်လေး”
ကျွဲကြီးက နှာတစ်ချက်မှုတ်ပြီး ဗညားကိုမေးသည်။
“ဟုတ် ဟုတ်”
ဗညား တုန်တုန်ယင်ယင်နှင့် ပြန်ဖြေလိုက်သည်။
“ကဲ ဒါဖြင့် တက်၊ အိမ်လိုက်ပို့ပေးမယ်”
ကျွဲကြီးက ရှေ့ခြေနောက်ခြေတို့ကို ကွေး၍ ဝပ်ချလိုက်သည်။ ဗညားလည်း ကျွဲကြီးကို ကုပ်တွယ်၍ တက်လိုက်သည်။ ကျွဲပေါ် တက်ရတာ သူထင်သလောက် မခက်ခဲတာကို တွေ့ရသည်။
“ခြေကို မြဲမြဲကုပ်ထားနော်”
ကျွဲကြီးက ပြောပြီး ပြန်ထလိုက်သည်။ ထို့နောက် အိပဲ့ အိပဲ့နှင့် ထိုနေရာကနေ စထွက်သွားသည်။ လမ်းမှာ ကျွဲကြီးနှင့် ဗညား စကားတွေ အများကြီး ပြောကြသည်။ ဗညာက ဖွားဖွားအကြောင်း၊ ဖေဖေနှင့် မေမေ အကြောင်း ပြောပြသည်။ ကျွဲကြီးက စားကျက်ထဲတွင် မြက်တွေဘယ်လို ချိုနုကြောင်း၊ တိုက်ခတ်သော လေက အေးမြ ချိုမွှေးနေကြောင်း ပြောပြသည်။ ဗညားလစ်ထွက်လာသည့် အကြောင်းကို ပြောပြတော့ ကျွဲကြီးက နှာကို အကျယ်ကြီးမှုတ်သည်။
“လူကြီးတွေ စကားကို နားထောင်ရတယ်ကွ၊ အဲဒီလို ကိုယ်ထင်တာ မလုပ်ရဘူး။ တစ်ယောက်တည်း လျှောက်သွားတော့ အခု မင်း ဘေးတွေ့ပြီ မဟုတ်လား”
“ဘေးဆိုတာ ဘာလဲဟင် ကျွဲကြီး”
“ဘေးဆိုတာ အန္တရာယ်ပေါ့ကွ”
“အန္တရာယ် ဆိုတာကရောဟင်”
“အန္တရာယ်ဆိုတာဘေးပေါ့ကွ၊ ဟာရှုပ်သွားပြီကွာ”
ကျွဲကြီးက ချိုကြီးများကို စောင်းပြီး စဉ်းစားနေသည်။
"ဒီလိုကွာ ဘေးတို့ အန္တရာယ်တို့ဆိုတာ မင်းခုနက တွေ့ခဲ့တဲ့ လူကြီးလိုမျိုးကွာ။ သူတို့တွေက မင်းကို မကောင်းတာတွေ လုပ်ချင်တာ။ မင်း အဲဒီလို မဖြစ်ချင်ရင် လူကြီးတွေပြောတာ နားထောင်၊ တစ်ယောက်တည်း လျှောက်မသွားနဲ့ ဟုတ်ပြီလား”
“ဟုတ်”
သူတို့ စကားတပြောပြောနှင့် သွားလိုက်တာ တဖြည်းဖြည်းနှင့် ပတ်ဝန်းကျင်ကို ဗညား မှတ်မိလာပြီ။
“ဟာ ဒီနေရာ သားသိတယ်၊ ဖေဖေနဲ့ မနက်တိုင်း လိုက်လာနေကျ လက်ဖက်ရည်ဆိုင်၊ ဒီမှာထိုင်ပြီး လက်ဖက်ရည်ပူပူထဲကို အီကြာကွေးတွေနှစ်ပြီး စားရတာ သိပ်ကောင်းတာပဲ၊ သိလား၊ ကျွဲကြီး”
“အေးအေး အဲဒီလိုစားချင်ရင် လူကြီးတွေ မပါပဲ၊ လျှောက်မသွားနဲ့ ကြားလား”
“အင်းပါ ကျွဲကြီးကလည်း ဆရာပဲ လုပ်နေတာပဲ၊ ဟာ ဒါ သားတို့ လမ်းထိပ်ပဲ။ သားမှတ်မိပြီ။ သားအိမ်ပြန်ရောက်တော့မယ် ကျွဲကြီး၊ မြန်မြန်သွားပေးပါ၊ သားဖေဖေ၊ မေမေနဲ့ ဖွားဖွားကို တွေ့ချင်လှပြီ”
“အေး ဒါဖြင့် ချိုကို မြဲမြဲ ကိုင်ထားပေတော့”
ဗညားလည်း ကျွဲကြီး၏ ကော့ကားနေသော ချိုကြီးများကို လက်နှစ်ဖက်နှင့် မြဲမြဲ ကိုင်လိုက်သည်။ ကျွဲကြီးက ခွာကို တစ်ချက်ယက်ပြီး တရှိန်ထိုး ပြေးတော့သည်။ လေက တဟူးဟူးနှင့် တိုးနေသည်။ ဗညား ဆံပင်များ လေထဲတွင် နောက်သို့ လန်နေသည်။ အိမ်ရှေ့ရောက်ခါနီးတွင် ကျွဲကြီးက ရပ်လိုက်သည်။ ဗညားလည်း ကျွဲကြီးပေါ်က ကမန်းကတမ်း ခုန်ဆင်းပြီး အိမ်ထဲကို ပြေးဝင်သွားလိုက်သည်။
အိမ်ထဲမှာ ဖွားဖွားက မေမေ့ကို ဖက်ပြီး တရှုပ်ရှုပ်နှင့် ငိုကြွေးနေသည်။ ဖေဖေက တယ်လီဖုန်းကို နားတွင်ကပ်၍ တစ်စုံတရာကို အသည်းအသန်မေးရင်း ခေါက်တုံ့ခေါက်ပြန် လျှောက်နေသည်။
ဗညား အိမ်ပေါက်ဝတွင် ရပ်နေပြီး သူတို့ကို ငေးနေမိသည်။ သမင်လည်ပြန်၍ အိမ်ရှေ့ကို ကြည့်လိုက်ရာတွင်မူ ကျွဲကြီးကို မတွေ့ရတော့ပါ။
၂၇-၅-၂၀၁၉
For Hayao Miyazaki.
(ဒီစာက ပိုက်ဆံပြတ်တဲ့ ကာလမှာ ကလေးပုံပြင် ပရောဂျက်တစ်ခုကို ပေးပို့တဲ့ စာပါ။ အဲဒီတုန်းက သူတို့က စာလုံးရေ၊ စာမျက်နှာ အရေအတွက် ဘာညာကန့်သတ်ပြီး ခပ်တိုတိုပဲ ရေးရမယ်ဆိုပြီး စည်းကမ်း သတ်မှတ်ထားတယ်။ ဪ မေ့လို့၊ ကလေးတွေအတွက် တစုံတစ်ခု အကျိုးပြုရမယ်ဆိုတာမျိုးလည်း ပါသားပဲ။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျနော်က သူတို့ရဲ့ စည်းမျဉ်းတွေကို မကြိုက်ဘူး၊ အဲဒါနဲ့ သူတို့ ပြောထားတာတွေကို အတိအကျ မလိုက်နာပဲ ဖောက်ဖျက်တဲ့ပုံလည်း မရောက်အောင် ဝိနည်းလွတ် ရေးကြည့်လိုက်တယ်။ အဲဒီမှာတင် ပြုတ်သွားရော။ အခုတော့ အဲဒီစာမူကို ဒီစာအုပ်မှာ အမှတ်တရ ပြန်ထည့်တာပါ။ ကိုယ့်အတ္တကိုယ် ပြန်ကုစားတာပါပဲ။ ရုပ်ပေါက်တယ်ထင်လည်း ဆဲကြပေါ့ဗျာ။)
.jpg)

Comments
Post a Comment