ကမ်းခြေမှာ အပန်းဖြေကြတဲ့သူတွေ များနေသည်။ နွေရာသီဖြစ်၍ တချို့က အပူဒဏ်ကို ရေဆော့ရင်း ဖြေဖျောက်ရန် လာကြသည်။ တချို့က သဲသောင်ပြင်၌ ဘောလုံးကန်နေကြသည်။ တချို့က စက်ဘီး ကိုယ်စီ စီးလို့။
“ဂျစ် … ဂျစ် … ဂျစ်”
ကမ်းခြေစောင့်ဌာန၏ သတိပေး လော်စပီကာမှ အသံထွက် ပေါ်လာခြင်း ဖြစ်သည်။
“ဟယ်လို တက်စီ ဝမ်းတူး ဟယ်လို … ကမ်းခြေကိုလာရောက် အပန်းဖြေ အနားယူကြတဲ့ မိဘပြည်သူများ ခင်ဗျား။ မိဘများအနေဖြင့် ကျနော်များရဲ့ ကမ်းခြေမှာ စိတ်အေးချမ်းသာစွာ အနားယူနိုင်ပါတယ်၊ ရေထဲဆင်း၍လည်း မိမိကြိုက်နှစ်သက်ရာ နည်းလမ်းများနဲ့ ဆော့ကစား နိုင်ကြပါတယ် ခင်ဗျား။ သို့သော် မဆော့ကစားခင် အချိန်လေးမှာ ကျနော်များရဲ့ တာဝန်ဝတ္တရားအရ မိဘပြည်သူတို့ အသက်အန္တရာယ် လုံခြုံရေးအတွက် လုံခြုံရေး သတိပေးချက်ကလေးကိုတော့ ဖွင့်ပြလိုက်ပါရစေ”
“ဂျောက်”
“” … … … ’’
“” … … … ’’
အေးစက်သော လေသံနှင့် လူတစ်ယောက် စကားပြောသံ ထွက်လာသည်။ ကမ်းခြေတစ်ခုလုံး ရုတ်တရက် ချမ်းစိမ့်သွားသလိုပင် ခံစားလိုက်ရသည်။
“Scuba diving လုပ်တယ်ဆိုတာ အရမ်းအန္တရာယ်များတဲ့ ကိစ္စတစ်ခုပဲ။ ဟိုးရေအောက် အနက်ကြီးထဲထိ အောက်ဆီဂျင်ဘူးတစ်ဘူးနဲ့ ဆင်းသွားရမှာ။ အောက်ဆီဂျင်ဘူးဟာ အချိန်မရွေး ပေါက်သွားနိုင်တယ်။ မင်း ရုတ်တရက် လေဖြတ်သွားနိုင်တယ်။ မင်း တစ်ခုခုနဲ့ ငြိမိသွားနိုင်တယ်။ မင်း ကျောက်စိုင် ကျောက်ခဲတွေနဲ့လည်း ရိုက်မိသွားနိုင်တာပေါ့။ မင်းက ရေငုပ်တာ ကျွမ်းလွန်းလို့ ရေထဲမှာ လမ်းလျှောက် သွားနေနိုင်ရင်တောင်မှ မတော်တဆ ဆိုတာက ဖြစ်တတ်တာပဲ။
ခြေချော်လက်ချော်နဲ့ တစ်စုံတစ်ခုဟာ ဖြစ်သွားခဲ့မယ်။
ဘယ်လောက် ဝမ်းနည်းဖို့ ကောင်းလိုက်သလဲ၊ မင်း ကြည့်လိုက်။ မင်း ရုပ်အလောင်းနားမှာ မင်းချစ်ရတဲ့သူတွေ ငိုနေမယ်။ မင်းနဲ့ အနီးစပ်ခဲ့ဆုံးသူက အခေါင်းထဲက မင်းမျက်နှာကို မျက်ရည်တွေအပြည့် စိုက်ကြည့်နေမယ်။ စန္ဒရားဆရာက ကြေကွဲဖွယ် ဓမ္မတေးကို တီးခတ်ချိန်မှာ လူတွေ အစုံရောက်လာမှာပေါ့။ တချို့ကလည်း မင်းကြိုက်တတ်တဲ့ ဘရန်ဒီပုလင်းတွေ ကိုင်လို့လေ။ မင်းဈာပနအပြီးမှာတော့ သူတို့ ကိုယ်စီ အိမ်ပြန်သွားကြမှာ။
သူတို့တွေ ဘယ်တော့မှ သိနိုင်မှာ မဟုတ်တာကတော့ မင်းဟာ အောက်ဆီဂျင်ဘူးရဲ့ အဖုံးကို တမင်ဖွင့်ခဲ့တယ်ဆိုတာပဲ”
“... ... …’’
၂၃-၁-၂ဝ၁၈
Ref: The Leftovers, Season 03 Episode 06
.jpg)

Comments
Post a Comment