အမှောင်တိုက်၌ အနားကွပ်ကို ရှာမရပါ။ အဆုံးမဲ့ ကျယ်ပြောသော အဇဋာ ဟင်းလင်းပြင်တွင် အလင်းရောင်တစ်ခုကို သူတို့ မြင်နေရသည်။
* * *
“မင်းတို့ ဟုမ္မလင်းက ပလွေဆရာကို သိလား”
ရဲရင့်၏ အသံက ထုံးစံအတိုင်း စွာကျယ်ကျယ် ထွက်ပေါ်လာသည်။ မနက်ဖြန် စနေနေ့ပြီးရင် တနင်္ဂနွေ၊ တနင်္လာထိ ကျောင်းဆက်တိုက် ပိတ်မည်မို့ အားလုံးက ကိုယ့်အတွေးနဲ့ကိုယ် အလုပ်ရှုပ်နေကြသမို့ ရဲရင့်စကားကို ဘယ်သူမှ အာရုံမထားပါ။ ပြီးတော့ မိုးကလည်း တော်တော်သည်းနေ၍ ကားဘေးပတ်ပတ်လည်နှင့် ကားနောက်ကိုပါ ဝါတာဘလူးတွေ အုပ်ထား၍ ကားထဲမှာ အတော်မှောင်နေသည်။
“ဟင်အင်း မကြားဖူးဘူး၊ ကိုကြီးရဲရင့် ပြောပြပါ”
ရဲရင့်ကို ဆရာတင်ထားတဲ့ ဘီစကွတ်တို့ အုပ်စုကတော့ သူတို့ဆရာကို အဖက်လုပ်ပြီး ဝင်ပြောသည်။ သူတို့ ကျောင်းကားပေါ်မှာက ကျောင်းသူနည်းသည်။ ရဲရင့်တို့ အတန်းက အာနိုးနှင့် မေမဉ္စူတို့ နှစ်ယောက်သာ ရှိသည်။ လိုက်ထရပ်ကားကို ထိုင်ခုံမပါ၊ ပိုက်ဖျာခင်းပြီး ကြပ်ကြပ်ညပ်ညပ် ထိုင်ရတာ ဆိုတော့ မိန်းကလေးတွေက သိပ်မစီးချင်ကြ။ ဦးဌေးဟု သူတို့သိကြသော ကားဆရာနှာဘူးကြီးက လူကို ရရင်ရသလို ဖိသိပ်ပြီး တင်တတ်သည်။ သူတို့ကား လမ်းကြောင်းက သူများကားတွေလို တဖြောင့်တည်း မဟုတ်။ လမ်းကြို လမ်းကြားပေါင်းစုံ ဝင်ပြီး လူကြိုရလို့ သူများထက် ကြာတတ်သည်။ အသွားဆိုရင် အမြဲ ဒူးလေးတွေတုပ်ပြီး ထိုင်ရလွန်းလို့ ကျောင်းရောက်ရင် ချိမလိုလိုတောင် ဖြစ်တတ်သည်။ ဒီနေ့တော့ ကျောင်းပျက်တဲ့သူများလို့ အသွားမှာတည်းက ချောင်နေသည်။ ဒါတောင် နေ့လယ်က အိမ်ကလာကြိုလို့ နေ့တစ်ဝက် ပြန်သွားတဲ့လူတွေရှိသေးသည်။
အဲဒီကိစ္စလည်း ထူးဆန်းသည်။ ဒီနေ့ သူတို့ကျောင်းကို ကျောင်းသားမိဘတွေ နေ့လယ်ခင်းကြီး အများအပြား ရောက်လာကြသည်။ ပုံမှန်ဆိုရင်တော့ သူငယ်တန်းတို့ ဘာတို့က ကလေးမိဘတွေက နေ့ခင်း ထမင်းလာကျွေးကြတာ ဘာညာ ရှိတတ်ပါသည်။ ဒါပေမယ့် ဒီနေ့ကတော့ အလယ်တန်း၊ အထက်တန်းက ကျောင်းသားမိဘတွေပါ လာပြီး သူတို့ သားသမီးတွေကို ကြိုသွားကြခြင်းဖြစ်သည်။ လာကြိုမယ့်သူမရှိတဲ့ ကျောင်းသားတွေသာ ညနေထိ နေနေရခြင်း ဖြစ်သည်။ မနက်ဖြန် ကျောင်းပိတ်မှာပဲ ဥစ္စာ၊ ဘာလို့ နေ့လယ်တည်းက လာကြိုနေကြလဲ မသိဘူးလို့ သူတွေးမိသည်။ ဧကန္တ အရေးအခင်းများ ဖြစ်ပြန်ပြီလား မသိဘူး။ မနှစ်က ဘုန်းကြီး အရေးအခင်းတုန်းကလည်း အဲလိုဘဲ မိဘတွေ လာကြိုသွားကြတာ ရှိသည်။ သူတို့မြို့က ဘုန်းကြီးအရေးအခင်းမှာ အတက်ကြွဆုံးလို့ သူထင်သည်။ ရန်ကုန်ထက်ပင် တက်ကြွလိမ့်ဦးမည်။ သူတို့မြို့မှာက ဘုန်းကြီးကျောင်း အတော်ပေါသည်။ ဘုန်းကြီးအင်အားလည်း တောင့်သည်။ တောင့်လွန်းလို့ ကြောက်တောင်ကြောက်ရသည်။ တောင်သမန်အင်းဘက်က ကျောင်းတွေနားဆို တော်ရုံလူ မသွားရဲ။ တစ်ခါက သူ ညဘက် စာကျက်ဝိုင်းက အပြန်၊ ဘီယာဆိုင်ထဲကနေ ဆိုင်ကယ်ကြီး ခေါင်းထောင်ပြီး မောင်းထွက်လာတဲ့ ဘုန်းကြီးတစ်ပါးကို မြင်ခဲ့ဖူးသည်။
တကယ်တော့ သူက နိုင်ငံရေးတွေ ဘာတွေလည်း သိပ် နားမလည်ပါ။ အဖေတို့ကတော့ အိမ်မှာ ကြုံရင်ကြုံသလို လူစုပြီး အစိုးရ မကောင်းကြောင်း ပြောတတ်သည်။ သူသိတာက ကျောင်းက သူတို့ စာသင်ခန်းတိုင်းမှာ ချိတ်ထားတတ်တဲ့ ဓာတ်ပုံထဲက စစ်ဗိုလ်ကြီးက သူတို့ကို အုပ်ချုပ်နေသည် ဆိုတာလောက်သာ ဖြစ်သည်။ နောက်ပြီး တီဗီကလာတဲ့ နိုင်ငံတကာသတင်းမှာ သူတွေ့နေကျ အမြဲမျက်မှောင် ကြုတ်ထားတဲ့ လူဖြူ အဖိုးကြီးနေရာမှာ အရပ်အရှည်ကြီးနဲ့ လူမည်း အမျိုးသားတစ်ယောက်ကိုသာ တွေ့ရတော့တာကိုလည်း သူသတိထားမိသည်။
“ဟေ့ရောင် သတင်းမှာတော့ အခြေအနေ တော်တော်ဆိုး နေတယ်တဲ့ကွ သိလား”
မိခေလ စကားကြောင့် သူတွေးနေတာ အဆက်ပြတ်သွားသည်။
“ဘာလဲ အရေးအခင်း ဖြစ်ပြန်ပြီလား”
“မဟုတ်ဘူးကွ။ ခုက ငါတို့ တစ်နိုင်ငံတည်း မဟုတ်ဘူး၊ တစ်ကမ္ဘာလုံးမှာ ဖြစ်နေတာတဲ့၊ မီးတောင်တွေပေါက်သည်၊ ရေခဲတောင်တွေ ပြိုကျသည်၊ ပိုလာဝက်ဝံတွေလည်း သေကုန်ပြီတဲ့၊ လူ...လူတွေက ပြောနေကြတယ်။ ကမ္ဘာပျက်တော့မယ်တဲ့”
မိခေလ လေသံက တကယ် စိုးရိမ်တဲ့ လေသံ ဖြစ်နေသည်။ မျက်နှာကလည်း ဖြူဆုတ်ဆုတ်နှင့်။ ဒါပေမယ့် သူ့စကားက တစ်ကား လုံးဝိုင်းဟားခြင်းကိုသာ ခံလိုက်ရသည်။ ကျနော်လည်း မိခေလကို အဲ့လောက်တောင် တုံးရလား ဆိုပြီး စိတ်တိုမိသွားသည်။
“မင်းကို ဘယ်သူပြောလဲ”
“အမိုး ဖုန်းလှမ်းဆက်တာကွ။ ဟို (A) ခန်း အတန်းပိုင် ဒေါ်တင်တင်မြင့်ဆီမှာ ဟမ်းဖုန်း ရှိတယ်လေကွာ။ ငါတို့အိမ်နဲ့ သူနဲ့က ရင်းနှီးတော့ သူ့ဆီလှမ်းဆက်ပြီး ငါ့ကို လှမ်းပြောတာ။ ပါပါးက မြို့ထဲက ဘော်ဒါဆောင်မှာ ငါ့ညီကို သွားပြန်ခေါ်နေတယ်။ အမိုးက ငါ့ကိုပါ ကြိုခိုင်းတာ၊ ပါပါးက နှာဘူးကြီး ဦးဌေးကိုပဲ ဖုန်းဆက်ပြီး အကျိုးအကြောင်း ပြောလိုက်တယ်၊ လာမကြိုဘူးကွာ”
မိခေလက ပြောရင်းနှင့် ငိုချင်လာလား မသိပါ။ မိခေလက ပင်ကိုယ် အားငယ်တတ်သည့် စိတ်ရှိသည်။ သူ့အဖေနဲ့ အမေက သူ့ထက်စာရင် သူ့ညီ ဂါဗြေလကို ပိုချစ်သည်လို့ သူအမြဲ ထင်တတ်သည်။ အဲဒီလို ထင်တာကိုလည်း ထုတ်ပြောတတ်သည်။ သူ့အဖေက အခု ဂါဗြေလကို ထားထားတဲ့ ဘော်ဒါဆောင်က အောင်ချက်ကောင်းသည်ဆိုပြီး သူ့ကိုပါ ကျောင်းအိပ်ကျောင်းစား ထားဖို့ စီစဉ်ခဲ့သည်။ ဒါပေမယ့် မိခေလက သူငယ်ချင်းတွေနဲ့ မခွဲနိုင်ဘူးဆိုပြီး အတင်းအကြပ် ငြင်းသည်။ ခြောက်တစ်ခါ ချော့တစ်လှည့် ပြောပေမယ့် မရတဲ့အဆုံးတော့ လက်လျော့လိုက်ရသည်။ သူ့အဖေက အဲဒီကိစ္စကို သူ့အပေါ် အငြိုးထားနေသည်ဟု မိခေလက ထင်သည်။ အခုလည်း ဂါဗြေလကို သွားကြိုပြီး သူ့ကိုကျ လာမကြိုတာကို တွေးရင်း ဝမ်းနည်းလာမိသည်။
“က...ကမ္ဘာကြီးများ မပြောကောင်း မဆိုကောင်း တစ်ခုခု ဖြစ်တော့မလားမသိ..."
“သဘာဝ ဘေးအန္တရာယ်တွေကတော့ ဒီလိုပဲ ဖြစ်တတ်ပါတယ်ကွာ။ မင်းတို့ အမိုးက အစိုးရိမ်လွန်တာ နေမှာပေါ့။ သဘာဝ ဘေးအန္တရာယ်တွေ မဖြစ်အောင်လို့ ငါတို့အနေနဲ့ လုပ်ရမယ့် တာဝန်တွေက …”
“ဟဲ့ နင်ဝင်ပြိုင်တဲ့ စာစီစာကုံးပြိုင်ပွဲကဟာတွေ အလွတ်ကျက်ပြီးပြောမနေနဲ့”
အာနိုးက သူ့ထုံးစံအတိုင်း ခပ်ငေါ့ငေါ့ ပြောလိုက်တော့ သူ အောင့်သက်သက် ဖြစ်သွားသည်။ အာနိုးကို တစ်ခုခု ပြန်ချေပမလို့ ကြည့်လိုက်တော့ အံကြိတ်ပြီး သူ့ကို ဒေါသတကြီးနှင့် ကြည့်နေသည်။ ပြီးတော့ မိခေလဘက်ကို မေးငေါ့ပြသည်။ အဲဒီတော့မှ သူကြည့်မိသည်။ ကိုယ့်ဆရာက မျက်နှာတစ်ခုလုံး ဖြူဆုတ်ပြီး တစ်ကိုယ်လုံးလည်း တုန်နေသည်။ မျက်လုံးတွေကလည်း ပြုးကျယ်ပြီး အောက်ကိုသာ စိုက်ကြည့်နေသည်။
“မိခေလ ရေသောက်လိုက်ရော့”
မေမဉ္ဇူက ရေဘူးလေး လှမ်းကမ်းပေးသည်။ အစက သူတို့ချင်း တိုးတိုးကြိတ်ကြိတ် ပြောနေပေမယ့် အခုတော့ မိခေလဆီ တစ်ကားလုံး အာရုံစိုက်လာကြပြီ။ ကလေးတွေကို ပုံပြင်ပြောပြနေသော ရဲရင့်ပါ ပုံပြောတာ ရပ်ပြီး မိခေလကို ဘာဖြစ်တာလဲ ဘာလဲ မေးနေသည်။ မိခေလကတော့ ရေဘူးကို တစ်ဘူးလုံး ကုန်အောင်သောက်ပြီး အသက်ကို မျှင်းမျှင်း ရှူနေသည်။
“ဟေ့ရောင် မင်းမှာ ပန်းနာရင်ကြပ် ရှိတယ်မို့လား၊ ဖြစ်ရဲ့လား”
သူစိုးရိမ်တကြီး မေးလိုက်တော့ မိခေလက မျက်လုံးကိုမှိတ်ပြီး ခေါင်းသာညိတ်ပြသည်။
“အခုက ပန်းနာရင်ကြပ်ထက် အစိုးရိမ်လွန်ပြီး စိတ်လှုပ်ရှားတာမျိုး ထင်တယ်နော်။ အဲဒီလို ဖြစ်ရင်လည်း အသက်ရှူမဝတာတွေ ဘာတွေ ဖြစ်တတ်တယ်” ဟု မေမဉ္ဇူက ဝင်ပြောသည်။
“နင်လှဲချင်လား၊ ငါ့လွယ်အိတ်ကို ခေါင်းအုံးလိုက်ရော့”
အာနိုးက ပြောပြောဆိုဆိုနဲ့ မိခေလကို လှဲချလိုက်ပြီး ခေါင်းအောက်ကို သူ့ကျောပိုးအိတ် ခံပေးလိုက်သည်။ ဒီနေ့ လူချောင်၍ တော်သေးသည်။ အရင်လို လူကြပ်တဲ့နေ့သာ ဒီလိုဖြစ်ရင် မိခေလ ဒူးလေးကျုံ့နေရလိမ့်မည်၊ အခုလို လှဲလို့ရမှာ မဟုတ်။ မိခေလ ပက်လက်လှန်ပြီး လှဲနေတုန်း မေမဉ္ဇူက သူ သင်္ချာတွက်သည့် အကြမ်းစာအုပ် အရှည်ကြီး ကိုထုတ်ပြီး ယပ်ခတ်ပေးနေသည်။
“ငါတို့ ဦးဌေးကို ပြောလိုက်ရင် ကောင်းမယ် ထင်တယ်” ရဲရင့်က တွေးတွေးဆဆနှင့် ပြောသည်။
“ဟယ်၊ နှာဘူးကြီးကို ပြောလည်း ဘာထူးမှာလဲ၊ ဒီနေ့ လူနည်းပါတယ်၊ ပို့ရမယ့် လမ်းကြောင်း မများဘူး၊ ပြီးတော့ မိခေလတို့အိမ်က သိပ်မှ မဝေးတော့တာ”
အာနိုးက သူ့ထုံးစံအတိုင်း ခပ်ဆတ်ဆတ် ဝင်ပြောသည်။ ဒါပေမယ့် အာနိုးလည်း တင်းခံနေသော်ငြား တစ်ခုခုကိုတော့ စိုးရိမ်နေသည့် ပုံပေါ်နေသည်။ အာနိုးက သူတို့အတန်းထဲက မိန်းကလေးတွေထဲမှာ အမာဆုံးဖြစ်သည်။ လူကောင်လေး ပိန်သေးသေးမို့လို့ နောက်ပြီး အာနိုးလို့ ခေါ်ကြရင်းနဲ့ အဲဒီနာမည်က တွင်သွားသည်။ အာနိုးက မာသည် ဆိုသည့်နေရာမှာ စိတ်ရောကိုယ်ပါ မာတာဖြစ်သည်။ အရိုက်ကြမ်းသည့် ဒေါ်တင့်တင့်စိန် အတန်းမှာ သူနှင့် အတူတက်ခဲ့ဖူးပေမယ့် အရိုက်ခံရလို့ အာနိုးမျက်ရည်ကျတာ တစ်ခါမှ မမြင်ဖူးပါ။
“ရဲရင့်...”
မိခေလ လှဲနေရာမှ အသံယဲ့ယဲ့လေး ထွက်လာသည်။
“အေးပြော”
“မင်းခုနက ပြောပြတဲ့ ပုံပြင် ဆက်ပြောပါ၊ ငါနားထောင်ချင်တယ်”
ရဲရင့်မျက်နှာက ပျော်သလို ဖြစ်သွားသည်။
“ဟုမ္မလင်းက ပလွေဆရာလား”
“ဟမ်မလင်က ပလွေဆရာပါ ဟယ်၊ နင်ပြောလိုက်မှဖြင့် တလွဲချည်းပဲ။ ပြီးတော့ အဲဒါ ခြောက်တန်း အင်္ဂလိပ်စာမှာ သင်ရတယ်လေ။ ဘာတွေအဆန်းလုပ်ပြီး ပြောဦးမှာလဲ”
အာနိုးက ကျောင်းစာ ဟုတ်တိပတ်တိ မလုပ်ပေမယ့် စာတော့ တော်တော် ဖတ်သည်။ သူနဲ့တော့ ဆန့်ကျင်ဘက်ပင်။
“ဟ၊ သင်ပြီးသားမှန်းတော့ သိတာပေါ့။ ဒါပေမယ့် ဒီကောင်တွေမ သိသေးလို့ ငါက ပြောပြနေတာ”
ရဲရင့်က ပြောရင်းနဲ့ သူ့တပည့်ကျော် ဘီစကွတ်ကို မျက်ရိပ် လှမ်းပြလိုက်သည်။
ဘီစကွတ်က အလိုက်တသိပင် “ဟုတ်တယ် မကြီး အာနိုးရဲ့ ၊ သားတို့မှ မသိတာ” ဆိုပြီး ထောက်ခံသည်။ တပည့်ကျော် ထောက်ခံတော့ ရဲရင့်လည်း အားတက်သွားသည်။
”ပြီးတော့ဟာ၊ ငါပြောမယ့် တစ်ခုက စာထဲမှာ သင်ရတာနဲ့ မတူဘူး”
“အမယ် ဘယ်လို မတူတာလဲ၊ လုပ်စမ်းပါဦး”
”အဲလိုကြီး တန်းပြောလို့ မရဘူးလေ၊ အစကနေ သေချာ ပြန်ပြောမှ ရမှာပေါ့၊ ဒီလိုဟာ တစ်ခါက ဟုမ္မလင်း အဲ ဟမ်မလင် ဆိုတဲ့ မြို့ မှာ...”
“ဟေ့ကောင်ရာ၊ မင်း အစက ပြန်ပြောနေရင် မိခေလအိမ်ထိသာ ရောက်သွားမယ်၊ ပြီးမှာ မဟုတ်ဘူး။ ဘာမတူလဲ ဆိုတာသာ ပြောလိုက်”
သူ ဝင်ဟောက်လိုက်တော့ ရဲရင့် နည်းနည်း အရှိန်ပျက်သွားသည်။
“အေးလေ ငါတို့ သိပြီးသားတွေကို”
ယပ်ခတ်ပေးနေသော မေမဉ္ဇူ ကပါ ဝင်ပြောတော့ အများနဲ့ တစ်ယောက်မို့ ရဲရင့် လက်လျှော့လိုက်သည်။
"ဒီတိုင်းကြီးတော့ ပြောလို့ မရဘူးကွာ။ နည်းနည်းတော့ အစလေး ပြန်ကောက်မှ ဖြစ်မယ်”
”အေးပါ၊ ပြောမှာသာ ပြောပါ”
မိခေလက အသံယဲ့ယဲ့လေးနှင့် ကြိုးစားပြောလိုက်တော့ ဘယ်သူမှ အထွန့်မတက်ရဲကြတော့ချေ။
“ဒီလိုကွာ၊ အဲဒီမြို့မှာ ကြွက်တွေက သောင်ကျန်းရော။ လူတွေ ရောဂါဖြစ်ပြီး သေကြရော။ အဲဒီမှာ ပလွေဆရာက ရောက်လာပြီး သူ ကြွက်တွေ ရှင်းပေးမယ်၊ သူ့ကို ဘယ်လောက် ဘယ်လောက် ပေးပါဆိုပြီး လုပ်တယ်မို့လား။ ပြီးတော့ ပလွေမှုတ်ပြီး ကြွက်တွေကို မြစ်ထဲ ခေါ်သွားပြီး ရေနှစ်သတ်လိုက်ရောလေ”
"နောက်တော့ မြို့ကလူတွေက ကတိမတည်လို့ ကလေးတွေကို ပလွေနဲ့ ဖမ်းခေါ်သွားတယ်လေ”
မေမဉ္ဇူက ကြားဖြတ်ပြောလိုက်တော့ ရဲရင့် အတော် နှာကစ်သွားသည်။
”ဟဲ့၊ နင်ပြောမှာလား ငါပြောရမှာလား”
“အေးပါဆောရီး၊ နင်ပဲပြောပါ”
ရဲရင့်က အားလုံးကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး
“ငါပြောချင်တာကကွာ၊ ငါဟိုနေ့က ဖတ်လာတာ၊ တကယ့်ပုံပြင်က ငါတို့ ခြောက်တန်းစာထဲမှာ သင်ရတာနဲ့ မတူဘူး”
”ဘယ်လို မတူတာလဲ”
အာနိုးက စိတ်မပါ့တပါ မေးလိုက်တော့ ရဲရင့်က “ဟေ့ ဘီစကွတ်၊ ငါ့ကို ရေဘူးလေး ပေးစမ်းပါ” ဆိုပြီး ရေထုတ်သောက် နေလိုက်သေးသည်။
“ငါတို့စာထဲမှာ သင်ရတာကကွာ၊ နောက်ဆုံးမှာ မြို့က လူတွေက အသိတရားရပြီး ပလွေဆရာကို ထိုက်သင့်တဲ့ အဖိုးအခ ပေးလိုက်တော့ သူက ကလေးတွေကို ဖမ်းထားတဲ့ ဂူထဲက ပြန်လွှတ်ပေးလိုက်တယ်လို့ ပြောထားတယ်မို့လား”
ရဲရင့်က ခဏနားလိုက်ပြီးမှ
“အေး တကယ့် ပုံပြင်မှာကျ ပလွေဆရာဟာ မြို့သားတွေ ကတိမတည်တာကို အတော်လေး စိတ်ဆိုးပြီး ကလေးတွေကိုလည်း ကြွက်တွေလိုပဲ ရေနှစ်သတ်ပစ်လိုက်တယ်တဲ့”
ဘီစကွတ်တို့ ကလေးအုပ်စုဆီက ဟာခနဲ အသံထွက်လာသည်။ ဒီလို အကြောင်းအရာမျိုးက ကလေးတွေရှေ့ ပြောဖို့တော့ မသင့်တော်ဘူး ထင်သည်။ ရဲရင့်ဆိုတဲ့ကောင် ဘာအရူးထလဲမသိ။
“နင့်ဟာကလည်း မဖြစ်နိုင်တာဟာ၊ အခြေအမြစ် မရှိတာတွေ”
အာနိုးက ပြောရင်းနှင့် ရဲရင့်ကို မျက်လုံးတစ်ဖက် မှိတ်ပြပြီး ငိုမဲ့မဲ့ ဖြစ်နေတဲ့ကလေးတွေဆီ မေးငေါ့ပြသည်။
“ဟာ ဘာလို့ မဖြစ်နိုင်ရမှာလဲ၊ ငါဆိုလည်း အဲလို ကတိမတည်တဲ့လူတွေဆိုရင် အဲလိုပဲ လုပ်မှာပဲ”
“ဒါပေမယ့် ကလေးတွေမှာ ဘာအပြစ်ရှိလို့လဲ”
“ဟို ဟိုလေ”
မေမဉ္ဇူက မဝံ့မရဲ ဝင်ပြောသည်။
“ငါဖတ်ဖူးတဲ့ တစ်ပုဒ်မှာကျတော့ ပလွေဆရာက ကလေးတွေကို တောင်ကုန်းတစ်ခုကို ကျော်ပြီး အရမ်းလှတဲ့ တိုင်းပြည်တစ်ပြည်ကို ခေါ်သွားတာတဲ့”
“ဟာ နင်ကတစ်မျိုး၊ လာစိတ်ကူးယဉ်နေပြန်ပြီ”
“အေးလေ”
ဒီတစ်ခါတော့ အာနိုးရော ရဲရင့်ပါ မေမဉ္ဇူကို ပိတ်ဟောက်လိုက်ကြသည်။
“ကားရပ်သွားပြီကွ၊ ငါ့အိမ်ရောက်ပြီ ထင်တယ်”
ဘာမှ ဝင်မပြောပဲ ငြိမ်နေတဲ့ မိခေလ အသံကြားမှ သူတို့လည်း သတိထားမိသည်။ အာနိုးက မိခေလကို ဖြည်းဖြည်းချင်း တွဲထူလိုက်သည်။ မေမဉ္ဇူက မိခေလ ထမင်းချိုင့်ထုတ်ပေးပြီး မိခေလလွယ်အိတ်ကို ကူဝတ်ပေးလိုက်သည်။
မိခေလ ဖင်ကို တရွတ်တိုက် ဖြည်းဖြည်းချင်း ရွေ့ပြီး ကားနောက်ကို သွားလိုက်သည်။ ကာထားသော ဝါတာဘလူးစကို ဖယ်လိုက်တော့
“ဟ သောက်ခွေး”
ခုနက ခပ်ယဲ့ယဲ့ဖြစ်နေသာ မိခေလထံမှ အသံပြဲကြီး ထွက်လာတော့သည်။
***
မိခေလတို့ ဘုရားကျောင်းကို သူ နှစ်ခေါက်ထက်မနည်း ရောက်ဖူးပါသည်။ အထူးသဖြင့် ခရစ္စမတ်နေ့တွေမှာ ဖြစ်သည်။ ခရစ္စမတ် ကာလရောက်ရင် မိခေလတို့ ဘုရားကျောင်းက လူတွေ အိမ်ပေါက်စေ့လိုက်ပြီး သီချင်းဆိုတတ်ကြသည်။ ခရစ္စမတ်နေ့မှာတော့ သူတို့ဘုရားကျောင်းထဲမှာ စုပြီး စားကြသောက်ကြ၊ ဂိမ်းတွေဆော့ကြနှင့် တော်တော် ပျော်ဖို့ကောင်းသည်။ သူတို့လို ခရစ်ယန် မဟုတ်သူတွေလည်း အများကြီးပါသည်။ သူရောက်တိုင်းလည်း ဘုရားကျောင်း၏ သေသပ်လှသော ဗိသုကာလက်ရာတို့ကို တအံ့တသြ ငေးမောကြည့်မိတတ်သည်။ အခုလိုတော့အပေါ်စီးကနေ တစ်ခါမှ မကြည့်ဖူးပါ။
သူတို့ လိုက်ထရပ်ကားသည် မိခေလတို့ ဘုရားကျောင်း ခေါင်မိုး၏ အပေါ်တည့်တည့် လေထဲတွင် ရပ်တန့်နေသည်။
မိခေလက ကြောက်လန့်ပြီး အမောဖောက်နေသည်။ မေမဉ္ဇူက မျက်လုံးလေး အဝိုင်းသားနဲ့ ကြက်သေသေနေသည်။ ဘီစကွတ်တို့ ကလေးအုပ်စုက စူးစမ်းသည့် မျက်လုံးများဖြင့် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်နေသည်။ ကားကို ကာထားသော ဝါတာဘလူးများကား မရှိတော့။ ရဲရင့်နဲ့ အာနိုးမှာ ကားခေါင်းခန်းကို ကာထားသော မှန်ကို တဘုံးဘုံးထုရင်း ကားဆရာ ဦးဌေးနာမည်ကို အော်ခေါ်နေကြသည်။ သူတို့ နှစ်ယောက်ကြားထဲ သူအတင်းဝင်ပြီး ရှေ့ခန်းကို ကြည့်လိုက်မိတော့ ကားသမားခုံမှာ ထိုင်နေတာ ဦးဌေး မဟုတ်တာ တွေ့ရသည်။ ပိန်ပိန်ရှည် ရှည်၊ မျက်နှာ စုတ်ချွန်းချွန်း၊ နှာယောင်ကောက်ကောက်၊ နားရွက်ကား ကားနှင့် လူတစ်ယောက်။ သူ့မျက်နှာကို ကြည့်ရတာ ကြွက်တစ်ကောင်ကို ချက်ချင်း သတိရမိစေသည်။
“မင်း . . . မင်းတို့ ညနေ ကျောင်းလွှတ်တော့ ဦးဌေးကို တွေ့ကြလား”
သူ့အသံက အနည်းငယ် တုန်နေသည်။
“ဟင့်အင်း မတွေ့ဘူး၊ မိုးတွေက ရွာနေတော့ ကားပေါ်ပဲ အမြန်ပြေးတက်လိုက်တာ”
အာနိုးက ဖြေသည်။
“ကားပေါ် အရင်ဆုံးတက်တာ ဘယ်သူလဲ”
ရဲရင့်က အသံကျယ်ကျယ်နှင့် မေးလိုက်သည်။
"သား"
ဘီစကွတ်တို့အုပ်စုက ပြည့်ဖြိုးဆိုသည့် ကလေးလေး ဖြစ်သည်။
“ငါ့ညီ မင်း ကားပေါ်တက်တုန်းက ဦးဌေးကိုတွေ့လား”
“ဟင့်အင်း၊ သားလည်း မိုးရွာနေလို့ ကားပေါ် ပြေးတက်လိုက်တာပဲ၊ ကားစက်က အဲဒီအချိန်တည်းက နှိုးထားတာ”
သူတို့အားလုံး မတွေးတတ်အောင် ဖြစ်သွားကြသည်။ မိုးကတော့ တိတ်သွားပြီ။ အမြင့်ပိုင်းမှာ ဖြစ်၍ လေက တဟူးဟူး တိုက်နေသည်။ ဒီလောက်အမြင့်ကြီးကို သူရောက်ဖူးတာ မြို့တော်ဥယျာဉ်မှာ မိုးမျှော်ရဟတ်ကြီး စီးတုန်းက တစ်ခါ၊ ပဲခူးက အမျိုးတွေဆီ သွားလည်တုန်းက အစ်ကို ဝမ်းကွဲတွေနှင့်အတူ မဟာစေတီဘုရား အထက်ပစ္စယံပေါ် တက်ကြတုန်းက တစ်ခါသာဖြစ်သည်။ လေထဲမှာ တန်းလန်းကြီး ရပ်နေတဲ့ ကားပေါ်ကနေ ကြည့်ရတာတော့ ဒါပထမဆုံးပင်။
“အမိုး အမိုး သားကို ကယ်ပါဦး”
မိခေလက သွေးရူးသွေးတမ်းနှင့် ရုန်းနေသည်။ သူရုန်းတာကို ရဲရင့်နှင့် အာနိုးက ဝိုင်းထိန်းရင်း ကားက ဟန်ချက်မညီပဲ စောင်းသလိုဖြစ်လာသည်။
“ဟေ့ကောင်တွေ ငြိမ်ငြိမ်နေ၊ အကုန် သေကုန်လိမ့်မယ်”
သူ ဟောက်လိုက်မှ မိခေလ နည်းနည်း ငြိမ်သွားသည်။ တစ်ကားလုံး ရုန်းရင်းဆန်ခတ် ဖြစ်နေပေမယ့် မေမဉ္ဇူက ခုနကအတိုင်း ကြက်သေသေပြီး ကြောင်တောင်တောင် ဖြစ်နေသည်။
“အာနိုး နင့်သူငယ်ချင်းကို တစ်ခုခုလုပ်ဦး”
အာနိုးလည်း အဲဒီကျမှ သတိဝင်လာပြီး မေမဉ္ဇူကို လှုပ်ပြီးနှိုး ကြည့်သည်။
“မဉ္စူ မဉ္ဇူ၊ သတိထားလေ။ ဒုက္ခပါပဲ၊ သူက အမြင့်ဆို တအားကြောက်တာဟ။ လန့်ပြီး ရှော့ခ်ရသွားတာ ဖြစ်မယ်”
“ငါတို့ ဘယ်လိုလုပ်ကြမလဲ။ ဒီတိုင်းကြီး လေပေါ်မှာ နေနေလို့တော့ မဖြစ်ဘူး။ ကားဆရာကို တောင်းပန်ပြီး အောက်ပြန်ချခိုင်းကြမလား”
“မင်းကလည်း ကားဆရာ ဘယ်သူဘယ်ဝါမှန်းတောင် မသိပဲနဲ့။ ဦးဌေး မဟုတ်ဘူးကွ။ ဘယ်ကလူလဲမသိဘူး၊ စုတ်ချွန်းချွန်းနဲ့”
“တိုးတိုးပြောပါဟ၊ ကြားသွားရင် စိတ်ဆိုးပြီး တစ်ခုခုလုပ် လိုက်ဦးမယ်”
သူတို့သုံးယောက် ခေါင်းချင်းဆိုင် ဗျာများနေပေမယ့် ကလေးအုပ်စုကတော့ ထူးထူးခြားခြား တုန်လှုပ်တဲ့ပုံ မပေါ်ပါ။ မြို့၏ အပေါ်စီး မြင်ကွင်းကို တအံ့တဩ ကြည့်နေကြသည်။ သူတို့ကြည့်ရတာ ပျော်နေပုံ တောင်ရသည်။ ထိုအချိန်မှာပဲ
“ဟာ ရွေ့ပြီ ရွေ့ပြီ”
ရပ်တန့်နေသောကားသည် တဖြည်းဖြည်း ရွေ့လျားလာသည်။ အောက်ဘက်ကိုတော့ မဟုတ်။ ဆန့်ကျင်ဘက်ဖြစ်သော အပေါ်သို့သာ ထိုးထိုး၍ တက်နေခြင်း ဖြစ်သည်။ တဖြည်းဖြည်း သိန္ဓောမြင်းတစ်ကောင်လို တိမ်တွေကို ခွဲပြီး ကောင်းကင်အထက် ရွေ့လျားနေသည်။ မိခေလတို့ ဘုရားကျောင်းကတော့ အောက်မှာ မှုန်ပျပျသာ ကျန်ခဲ့သည်။ မိခေလ၏ အော်ဟစ်သံသည် ကားထဲမှာ ဆူညံသွားသည်။ မေမဉ္ဇူက ကြက်သေသေဆဲပင်။ နောက်ဆုံးတော့ မိခေလ အော်ရတာ မောသွားပြီ။ သူ ဘုံးခနဲ လှဲချလိုက်ပြီး အသက်ကို လု၍ ရှူနေစဉ်မှာ ကလေးတွေဆီက ဟေးခနဲ အော်သံထွက်လာတော့သည်။
* * *
သူတို့ အသက်ရှူ၍ ရနေသည်။ လူကြီးတွေ ပြောသည့် အာကာသထဲမှာ အောက်ဆီဂျင် မရှိဘူးဆိုတာ မဟုတ်ဘူးလားမသိ။ သူတို့ရောက်နေသော နေရာသည် လကမ္ဘာ၏ မျက်နှာပြင် တစ်နေရာဟု ထင်ရသည်။ ကားက ချိုင့်ဝှမ်းတစ်ခု၏ ဘေးတွင် ရပ်ထားသည်။ ကားမောင်းလာသည့် စုတ်ချွန်းချွန်း လူကား မရှိတော့။ မည်သည့်နေရာမှန်း အတိအကျ မသိပေမယ့် သူတို့နေရာကနေ ကမ္ဘာကို လှမ်းမြင်နေရတာတော့ သေချာသည်။
ကမ္ဘာသည် ယခုမှ နာမည်နဲ့ လိုက်အောင် ဂြိုဟ်ပြာကြီး ဖြစ်သွားပြီ။ ယခင်က ပထဝီအချိန်တွင် ဆရာမ ယူယူလာသော ကမ္ဘာအလုံးကြီးကို သူနှင့် အာနိုး စိတ်ဝင်တစား လှည့်ပတ် ကြည့်ဖူးကြသည်။ ရဲရင့်က သူ့အစ်ကို သင်္ဘောသား ရောက်နေသည့် နိုင်ငံများကို တစ်ခုပြီးတစ်ခု လက်နဲ့ ထောက်ပြနေ၍ သူတို့ အမြင်ကတ်ကတ်နှင့် မောင်းထုတ်မိတာ သတိရသည်။ သို့ပေမယ့် သူမှတ်ဉာဏ်ထဲမှာ မှတ်မိသလောက်တော့ ကမ္ဘာဟာ အခုမြင်နေရသလို အပြာရောင်တွေချည်း ပြည့်နေတဲ့ အလုံးကြီး မဟုတ်တာ သေချာသည်။
“သူတို့ကို ရေမြှုပ်သတ်ပစ်လိုက်ကြပြီ”
ကလေးလေး ပြည့်ဖြိုး၏ အသံက အေးစက်စက်နှင့် ထွက်ပေါ်လာသည်။
“ကိုကြီးရဲရင့် ပြောတဲ့ ပုံပြင်ထဲကလိုပေါ့”
ဘီစကွတ်ရဲ့ စကားသံကလည်း ထိုနည်းလည်းကောင်းပင်။
ထို့နောက် အဲဒီကလေးများအားလုံး ကားပေါ်က ဆင်းသွားကြသည်။ သူ၊ ရဲရင့်၊ မိခေလ၊ အာနိုးနှင့် မေမဉ္ဇူတို့သာ ကားပေါ်တွင် ကျန်ခဲ့ကြသည်။ ဒီကလေးတွေကို ကြည့်ရတာ ပိုပြီး အေးတိအေးစက်နိုင်လာသည်။ တစ်ခုခု၏ ခေါ်ဆောင်ရာနောက်ကို လိုက်နေကြသလိုပင်။
“ဟေ့ကောင်တွေ ဘယ်သွားမလို့လဲ။ ဘယ်နေရာရောက်နေလဲဆိုတာ သိတာ မဟုတ်ဘူး။ အန္တရာယ်များတယ်။ အခု ပြန်တက်လာစမ်း”
ရဲရင့်က သူ့ငယ်နိုင်ဖြစ်သော ကလေးများကို လှမ်းခေါ်လိုက်သည်။
“ကျနော်တို့ ထိုက်သင့်တဲ့ အဖိုးအခကို ပေးပြီးပြီ။ အခု ဆုလာဘ်ခံယူရမယ့် အလှည့်ပဲ”
ပြည့်ဖြိုး၏ မျက်နှာက သူတို့ဘက်ကို လှည့်လာသည်။ သူ့မျက်လုံးများတွင် အသက်ဓာတ်ကို ရှာမတွေ့ပါ။ သူ့နှုတ်ခမ်းများက တွန့်ခေါက်ပြီး ပြုံးနေသည်။ ထို့နောက် ဘီစကွတ်နှင့် တခြားကလေးများပါ လှည့်လာကြသည်။ အားလုံး၏ မျက်နှာများတွင် တွန့်ခေါက်သော အပြုံးများကို တွေ့ရသည်။ သူတို့မျက်နှာများသည် စိမ်းပုပ်ရောင် သန်းနေသည် ဟုပင် ထင်ရသည်။ သူ မြင်နေရသည်မှာ သူသိသော ပြည့်ဖြိုးနှင့် ဘီစကွတ် မဟုတ်တော့သလိုပင်။
“နင်တို့ ဘာတွေ ပြောနေကြတာလဲ။ ဘာအဖိုးအခလဲ၊ ဘာတွေလဲ”
အာနိုးက အာခေါင်ခြစ်ပြီး အော်လိုက်သည်။
“အာနိုး ငါ ငါကြောက်လာပြီ။ သူတို့မျက်နှာကြီးတွေ ကြည့်ရတာ တစ်မျိုးကြီးပဲ။ ဟို...လူ...လူနဲ့ မတူတော့သလိုပဲ”
မေမဉ္ဇူက အာနိုးကို အတင်းဖက်ထားရင်း ပြောသည်။ သူပြောတာ ဟုတ်တော့ ဟုတ်သည်။ ကလေးတွေ၏ အပြုံးက တဖြည်းဖြည်းနှင့် အေးခဲ ချမ်းစိမ့်လာသည့် အသွင်မျိုး ဖြစ်နေသည်။
ရဲရင့်က ကားခေါင်းခန်းကို လှမ်းကြည့်လိုက်ရင်း
“ဟာ ဟို စုတ်ချွန်းချွန်းလူကြီး မရှိတော့ဘူးဟ”
မှန်ပါသည်။ ကြွက်နှင့်တူသောလူ မရှိတော့ပါ။ မိခေလက ရဲရင့်ကို တွန်းဖယ်ပြီး ကားပေါ်က ဆင်းသွားသည်။
“မိခေလမင်းရော ဘယ်သွားမလို့လဲ”
မိခေလကိုတော့ သူစိတ်အပူဆုံးမို့ မေးလိုက်မိသည်။
“ကားခေါင်းခန်းထဲက လူကို သွားရှာမလို့။ ငါတို့ကို သူခေါ်လာတာပဲလေ။ သူ့မှာ အဖြေရှိမှာပေါ့”
မိခေလပုံက ခုနက အမောဖောက်ပြီး သေမလို ဖြစ်ထားတာ
သူ မဟုတ်တဲ့ အတိုင်းပဲ။
“မင်း သက်ရော သက်သာရဲ့လား”
“အေး ထူးဆန်းတယ်ကွ၊ ငါ့ကိုယ်ပေါ်က ရောဂါတွေ တစ်ခုမှ မရှိတော့သလိုပဲ။ တအား ပေါ့ပါးနေတယ်။ မင်းတို့မယုံရင် ဆင်းလာကြည့်”
မိခေလစကားဆုံးတော့ ရဲရင့်က ကောက်ဆင်းသွားသည်။
“အေးဟုတ်တယ်ကွ လုံးဝ ပေါ့ပါးနေတယ်”
ထူးဆန်းသည်။ တစ်ခုခုဆို ဘယ်တော့မှ ချက်ချင်း လက်မခံပဲ အမြဲငြင်းသန်သော ရဲရင့်က မိခေလကို ထောက်ခံနေပေါလား။ သူတို့ မျက်နှာတွေလည်း တဖြည်းဖြည်း ပြုံးလာကြသည်။
“ပုံပြင် နှစ်ပုဒ်လုံးမှားတယ်”
ပြည့်ဖြိုး၏ အေးစက်စက်လေသံက ထွက်ပေါ်လာပြန်သည်။
“နင် ဘာတွေပြောနေတာလဲ ပြည့်ဖြိုး၊ ဘာပုံပြင်လဲ”
အာနိုး၏အသံက တော်တော် စိတ်နောက်ကျိနေသည့်ပုံ ဖြစ်နေသည်။
“ကိုရဲရင့် ပြောပြတဲ့ ပုံပြင်နဲ့ မမဉ္ဇူ ပြောပြတဲ့ ပုံပြင်တွေလေ။ ကိုရဲရင့် ပုံပြင်မှာ နောက်ဆုံး ပလွေဆရာက လူတွေ ကတိမတည်လို့ ကလေးတွေကို ရေနှစ် သတ်ပစ်လိုက်တယ်မို့လား။ မမဉ္ဇူရဲ့ ပုံပြင်မှာကျတော့ တခြားတိုင်းပြည်တစ်ခုကို ခေါ်သွားတယ်လေ”
“အဲဒါနဲ့ အခုကိစ္စ ဘာဆိုင်လဲ”
“အစ်မ .... ပလွေသံရဲ့ နာရာဂီတကို သေချာနားထောင်လိုက်၊ အကုန်ရှင်းပြထားတယ်”
“ဘာပလွေသံလဲဟာ၊ ဘာတွေလဲ”
အဲဒီအချိန်မှာပဲ မိခေလက တစ်ခုခုကို နားစွင့်သည့် ပုံမျိုးနှင့် လက်တစ်ဖက်ကို နားရွက်နားကပ်ပြီး...
“ဟုတ်...ဟုတ်တယ်ဟ၊ ငါ ပလွေသံ ကြားနေရတယ်”
“ငါလည်း ကြားရတယ်။ ဒီပလွေသံက ငါတို့ လုံးဝမကြားဖူးတဲ့ ဂီတပုံစံတစ်မျိုးပဲ။ သံစဉ်ကိုယ်တိုင်က စကားပြောနေသလို ထင်ရတယ်။ ပလွေသံက တစ်ခုခုကို ပြောပြနေတယ်”
ရဲရင့်ကလည်း ဝင်ထောက်ခံလိုက်သည်။
“နာရာဂီတက တကယ့် ပုံပြင်အစစ်ကိုသာ ပြောပြတယ်”
“တကယ့်ပုံပြင် အစစ်မှာ ကလေးတွေက ဘယ်တုန်းကမှ ရေမနစ်ခဲ့ဘူး၊ ကတိမတည်တဲ့လူတွေကိုသာ ရေနှစ်သတ်လိုက်တာ”
“ပြီးတော့ ကျန်ခဲ့တဲ့ ကလေးတွေကို ကမ္ဘာပေါ်မှာ ဘယ်တော့မှ ရှာမတွေ့နိုင်မယ့် တိုင်းပြည်တစ်ပြည်ကို ခေါ်သွားတယ်”
“ကျနော်တို့ဟာ အဲဒီကလေးတွေပဲ” ဟု ပြည့်ဖြိုးက ဆက်ပြောသည်။
“ဒါ . . . ဒါဆိုကျန်ခဲ့တဲ့ လူတွေကရော” ဟု မေမဉ္ဇူက အလန့်တကြား ဝင်မေးသည်။
“အား.........”
အာနိုး ထပ်မံ အော်လိုက်ပြန်သည်။ သူ့မျက်လုံးများက ပြူးကျယ် ဝိုင်းစက်ပြီး ထိတ်လန့်တုန်လှုပ်နေသည်။
“ငါ့...ငါ့အိမ်ကလူတွေ အကုန်သေသေကုန်ပြီပေါ့”
“ဟုတ်တယ်၊ သူတို့တင် မကဘူး၊ တစ်ကမ္ဘာလုံးပဲ”
မိခေလအသံက အရုပ်တစ်ရုပ်ထဲကနေ ထွက်လာသလို ထွက်ပေါ်လာသည်။
“မိခေလ နင်ဘယ်လိုများ ပြောထွက်နိုင်တာလဲ။ နင်ပဲ နင့်အမိုးကို ချစ်လှချည်ရဲ့ဆို။ အခု အခုကျတော့ နင် ဘာဖြစ်သွားတာလဲ”
မိခေလက ဘာမှပြန်မပြော၊ မျက်လုံးများကို ဖွင့်ပြီး ပြုံးပဲပြုံးနေသည်။
မေမဉ္ဇူကတော့ တရှုတ်ရှုတ်နဲ့ ငိုနေသည်။ သူလည်း ပါးစပ်က ပြောစရာ စကားတစ်လုံးမှ မထွက်ပဲ ငိုင်နေမိသည်။
ထိုစဉ်မှာပင် သူတို့အပေါ် ကောင်းကင်မှ အဝါရောင် အရာဝတ္ထုကြီးများ အစီအရီ ကျလာတော့သည်။
***
ဒီလောက်များတဲ့ ကားတွေကို သူတို့တစ်ခါမှ မမြင်ဖူးပါ။ နိုင်ငံခြားရုပ်ရှင်တွေထဲမှာ ပါသည့် အဝါရောင်၊ လိမ္မော်ရောင် ကျောင်းကားကြီးများက အများစုဖြစ်သည်။ ထိုကားများ ပတ်ပတ်လည် ဝိုင်းထားတဲ့ အလယ်မှာ သူတို့ကားတစ်စီးသာ လိုက်ထရပ်ကား အစုတ်လေး ဖြစ်နေသည်။ ထိုကားများထဲမှာ အသားဖြူဖြူ ဆံပင်ရွှေရောင်နှင့် ကလေးများ၊ တရုတ်ကလေး၊ ဂျပန်ကလေးများ၊ ဆံပင်ကောက်ကောက် အသားညိုညို ကလေးများ စသည်ဖြင့် ဘီစကွတ်တို့လို မူလတန်းကလေးတွေကနေ သူတို့လို အထက်တန်းကျောင်းသား အရွယ်အထိ အကုန်ရှိနေကြသည်။ ထိုကလေးများကလည်း သူတို့ကိုယ်ပိုင် ဘာသာစကားနှင့် အချင်းချင်း ဆူညံစွာ အော်ဟစ်ပြောဆိုနေကြသည်။
“ရွေးချယ်ခံတွေ လာကြပြီ၊ မကြာခင်မှာ ဆုလာဘ်ကို ရလိမ့်မယ်”
ပြည့်ဖြိုး၏ အသံ ထွက်ပေါ်လာသည်။
“လာလော့ ညီနောင်တို့၊ နာရာဂီတကို နားဆင်လော့”
ပြည့်ဖြိုး၏ စကားက ရာချီသော ကျောင်းကားများကို ဖုံးလွှမ်းသွားသည်။ မကြာမီမှာပင် နိုင်ငံခြားသား ကျောင်းသားများထဲက မူလတန်းအရွယ် ကလေးတွေ အရင် ဆင်းလာကြသည်။ သူတို့လမ်းလျှောက်ပုံက တညီတည်း။ သူတို့ပြုံးပုံက တစ်ပုံစံတည်း။ အားလုံး အသက်မဲ့တဲ့ မျက်လုံးတွေနဲ့ ပြုံးနေကြသည်။
ဂီတသံတစ်ခု ထွက်ပေါ်လာသည်။ ပြည့်ဖြိုးပြောနေတဲ့ နာရာဂီတဆိုတာ ဒါပဲ ဖြစ်မည်ဟု သူတွေးလိုက်သည်။ ထို့နောက် ဂီတသံက ပိုမိုကျယ်လောင် ပီပြင်လာသည်။
“ကျွန်ုပ်တို့ ဘိုးဘေးတွေရဲ့ မိုက်မဲမှုကို သူတို့မျိုးဆက်များက ခံစားသွားရပြီ။ ပလွေဆရာကို သူတို့ပေးခဲ့ကြသော ကတိကို သူတို့ မတည်ကြ”
ပြည့်ဖြိုး၏ ခန္တာကိုယ်သည် တဖြည်းဖြည်း လေပေါ်သို့ မြောက်တက်လာသည်။ ဂီတသံက ပိုမို ကျယ်လောင်လာသည်။ သူတို့၏ အပြုံးများက ပိုမိုတွန့်ခေါက်လာသည်။
“ကမ္ဘာသည် ပလွေဆရာ၏ အငှားမြေတစ်ခု သက်သက်သာဖြစ်ချေသည်”
ပလွေသံသည် ပိုကျယ်လောင်လာသည်။ အာနိုးနှင့် မေမဉ္ဇူတို့ ကားပေါ်က ဆင်းသွားကြပြီ။ တခြားကားများပေါ်က ကျောင်းသားများလည်း အလိုလို ဆင်းလာကြသည်။ သူတို့အားလုံး မျက်နှာမှာ တွန့်ခေါက်သော အပြုံးများနှင့် အသက်ဓာတ် ကင်းမဲ့သော မျက်လုံးများ။
“ထိုမြေကို စောင့်ရှောက်သမျှ ကာလပတ်လုံး ထိုမြေ၏ သုခဘုံ အဆီအနှစ်ကို စားသုံးနိုင်ကြလိမ့်မည်။ ထိုမြေကို ဖျက်ဆီးကြမူကား ထိုမြေနှင့်အတူ ပျက်စီးခြင်းသို့ ဆိုက်ရောက်ကြလတ္တံ့”
ပြည့်ဖြိုးက အားလုံး၏ ခေါင်းအထက်ကို ရောက်သွားပြီ။ ပလွေသံက စူးရှပြီး နားပိတ်မရအောင်ပင် ကျယ်လောင်လာသည်။
“လာလော့ ညီနောင်တို့၊ လာလော့။ ကျွန်ုပ်တို့ကား တောင်ကုန်းတစ်ခု၏ အကျော်၌ လှပသော တိုင်းပြည်တစ်ခု ရှိပေ၏၊ ကျွန်ုပ်တို့ကား ထိုတိုင်းပြည်သို့ သွားကြရမည်”
ပြည့်ဖြိုး၏အသံကလည်း ပလွေသံနှင့်အညီ ဟိန်းဟောက် ကျယ်လောင်လာသည်။ သူနားတွေကို ပိတ်ထားသော်လည်း ပလွေသံက မြွေတစ်ကောင်လို သူ့နားထဲ လူးလှိမ့် တွန့်လိမ်၍ ဝင်လာတော့သည်။
ထို့နောက် သူ ကားပေါ်က ဆင်းလိုက်ပြီး မိခေလနှင့် ရဲရင့်တို့ နံဘေးတွင် သွားရပ်လိုက်သည်။ ကျန်ကားများပေါ်က သူနှင့်ရွယ်တူ ကျောင်းသားများလည်း ဆင်းလာကြတော့သည်။ ထို့နောက် သူတို့အားလုံး လေပေါ်ကို မြောက်တက်လာကြသည်။ ပြီးတော့ သူတို့အားလုံး တဖြည်းဖြည်း ပြုံးလာတော့သည်။ စိမ်းပုပ်ရောင် တောင်တန်းတွေလို တွန့်ခေါက်သော အပြုံး။
***
အမှောင်တိုက်၌ အနားကွပ်ကို ရှာမရပါ။ အဆုံးမဲ့ ကျယ်ပြောသော အဇဋာ ဟင်းလင်းပြင်တွင် အလင်းရောင်တစ်ခုကို သူတို့ မြင်နေရသည်။
ထိုအလင်းရောင်ရှိရာ နေရာမှ အသံတစ်သံ ထွက်ပေါ်လာသည်။ ငြိမ့်ညောင်းသော ဂီတတူရိယာသံတစ်မျိုး။ သူတို့ခန္ဓာကိုယ်တွေ လေထဲမှာ ပေါ့ပါးစွာ မျောလွင့်နေကြသည်။ ကျောင်းကားကြီးများကား အခွံသက်သက်သာ ဗလာဟင်းလင်း ကျန်ခဲ့ပြီ။ တူရိယာသံ၏ ခေါ်ဆောင်ရာနောက်သို့ သူတို့ မျောရင်း လိုက်ပါသွားကြသည်။ ကလေးများက ပျော်ရွှင်စွာ ကျွမ်းထိုး ကခုန်နေကြသည်။ တဖြည်းဖြည်းနှင့် အဆုံးမဲ့ ကောင်းကင်တွင် ထိန်ညီးသော အလင်းသည် သူတို့နှင့် တဖြည်းဖြည်း နီးလာပြီ။ နောက်ထပ်နည်းနည်း ခရီးဆက်လိုက်ရင် ပြတ်သားစွာ မြင်ရတော့မည် ထင်သည်။
၁၉-၀၆-၂၀၁၉
Ref : Knowing (2009)
.jpg)

Comments
Post a Comment