“ဟ” နေတဲ့မျိုးဆက်တွေ အကြောင်း @ Tim


ခေါင်းစဉ်က ဂျန်နရေးရှင်း ဂက်ပ် ယောင်ယောင် တပ်ထားတော့ အများသူငါ ဆီသည်မ လက်သုတ် လုပ်ထားနှင့်ပြီ ဖြစ်တဲ့ Generation X,Y, Z . အစရှိသဖြင့် ပြောတော့မလားပေါ့။ မွေးဖွားတဲ့ နှစ်ကာလအလိုက် အဲ့ဒီလို သတ်မှတ်ကြတဲ့ ကိစ္စ ကျနော် သိပ်စိတ်မဝင်စားပါဘူး။ ယေဘူယျသဘောဆောင်လွန်းတဲ့ သတ်မှတ်ချက်တွေကိုး။

ကျနော်တို့ ငယ်ဘဝမှာ ဟေလီကြယ်တံခွန်ကို မြင်ဖူးခဲ့တယ်။ ချာနိုဘိုင်း အဏုမြူ ဓာတ်ပေါင်းဖို ပေါက်ကွဲတယ်။ ချဲလန်ဂျာ အာကာသယာဉ် ပျက်ကျသွားခဲ့တယ်။ သေနတ်များနှင့် နှင်းဆီပွင့်များအဖွဲ့ရဲ့ ငါ၏ ချစ်စဖွယ်ကလေးလေး သီချင်းရဲ့အင်ထရို ဂစ်တာသံနဲ့ ဆဗိုက်ဗားအဖွဲ့ရဲ့ ကျားရဲမျက်လုံးများ သီချင်းရဲ့ ဂစ်တာရစ်ဖ်က ကျနော်တို့ရဲ့ ဘဝင်ကို ခိုက်စေခဲ့တယ်။

ပြန်ကြားရေး စာကြည့်တိုက်ထဲကို ဆံပင်အရှည်၊ ဂျင်းပန်အပြဲနဲ့ ဂစ်တာလွယ်ထားတဲ့ လူငယ်တွေဟာ ဝင်လိုက်ထွက်လိုက်နဲ့။ အိုက်စလန်ကျွန်းရဲ့ မြို့တော်နာမည်က ဘာတဲ့လဲ။ အီနိုလာဂေးဆိုတဲ့ လေယာဉ်ဟာ ကမ္ဘာ့ပထမဆုံး အဏုမြူဗုံးကို တင်ဆောင်သွားခဲ့တယ်။ ရဲခေါင်ပျောက်ကျား ချေဂွေဗားရား၊ တရုတ်ပြည်ပေါ်က ကြယ်နီ၊ အိုင်အာအေရဲ့ သေနတ်သမား ရှောင်ဒီလွန်မှာ မျက်နှာတစ်ထောင် ရှိတယ်။ အချစ်ဆိုတာ ရှောင်ဒီလွန်ရဲ့ သေနတ်ပြောင်းဝက ထွက်ကျလာတဲ့ ဒုတိယမြောက်ကျည်ဆံပဲ။

ဆန်ညိုတံဆိပ် ကက်ဆက်က ကျနော်တို့ရဲ့ ခြောက်လုံးပူး သေနတ်ပဲ။ မျောက်ဖြူတံဆိပ် ဓာတ်ခဲခြောက်လုံးက ကျည်ဆံတွေပေါ့။ ကက်ဆက်ကြီးကို . စစ်ကျောပိုးအိတ်အစိမ်းနဲ့ ကျောမှာလွယ်တယ်။ ဇော်ဝင်းထွဋ်က အော်တယ်။ အို ဟို... ဘာကြောင့် အချစ်ရေအသည်းခွဲ တာလဲ...အိုဟိုဘာကြောင့် အချစ်ရေအသည်းခွဲတာလဲ။ လက်သီးပုန်းနဲ့ ချိန်းကြိုးတွေဟာ ကျနော်တို့ရဲ့ တရားစီရင်မှုတွေမှာ အရေးပါခဲ့တယ်။ ဘဝမှာ တော်တီလာဖလက်ထဲက ကောင်ကြီးဂျိုးလည်း ဖြစ်ချင်ခဲ့ဖူးတယ်။ ဒါမှမဟုတ် လူဆိုးကြီး ဂျော်နီပွမ်ပွမ်ပေါ့။

ရှေ့က မျိုးဆက်နဲ့ ကျနော်တို့ သိပ်အဆင်မပြေဘူး။ သူတို့အမြင်မှာ ကျနော်တို့ဟာ ခြားနားသူတွေ။ ထောင်မထားရုံတစ်မည် ခြားနားတဲ့ ကောင်တွေလို့ မြင်နေပုံရတယ်။ ကျနော်တို့ကလည်း သူတို့ကို အောက်နေပါပြီကွာ ဆိုတဲ့အမြင်မျိုးနဲ့ သရော်တော်တော် အထင်သေး အမြင်သေးလို့။ မဆာလာမျိုးဆက် အလကား ဘူဒါးကြီးတွေပေါ့။

နောက်တော့ တံတားအောက်မှာ ရေတွေ စီးသွားခဲ့တယ်။

ဂူးဂဲလ်၊ ဝိကိပိဒိယ အစရှိတာတွေ ပေါ်လာတယ်။ အရာရာဟာ မြန်နှုန်းမြင့်လာတယ်။ လူတွေရဲ့ သိမှုဟာ ဘောင်တွေ ကျယ်ပြန့်လာတယ်။ အဲ့ဒီမှာ စာရေးသူ Tim တို့ မျိုးဆက် ဘွားခနဲ ပေါ်လာတာပဲ။ မဆလာ မျိုးဆက်တွေကို လှောင်ပြောင်ခဲ့ဖူးတဲ့ ကျနော်တို့ တုန်လှုပ်တယ်။ သူတို့ပြောနေတဲ့ အကြောင်းအရာတွေကို ကျနော်တို့ အကုန်လုံး နားမလည်နိုင်တော့ဘူး။ စာပေ၊ ဂီတ၊ ရုပ်ရှင် အစရှိတဲ့ နယ်ပယ်တွေမှာ ကျနော်တို့ သူတို့လောက် စုပ်ယူနိုင်စွမ်း မရှိတော့တာကို မြင်လိုက်ရတယ်။ ဒါဟာ နောက်ထပ် မျိုးဆက် “အဟ” တစ်ခုပဲ။ တခါက ဘူဒါးကြီးတွေနေရာမှာ ကျနော်တို့ ရောက်သွားခဲ့ပြီ။

Tim တို့ မျိုးဆက်နဲ့ ပွတ်တိုက်မှုအစမှာ ရိုးရိုးသားသား ဝန်ခံရရင် ကျနော် သူတို့ အမူအကျင့်တွေကို မနှစ်မြို့ဘူး။ ဂျိုထောင်တဲ့ ချာတိတ်တွေလို့ မြင်ခဲ့မိတယ်။ နယ်ပယ်တချို့မှာ သူတို့လောက် မသိနိုင်တော့တဲ့ လူတွေကို လှောင်ပြောင်သရော်တတ်တဲ့ အကျင့်တွေကို ကျနော်မကြိုက်ခဲ့ဘူး။ ဘိုလိုပြောရရင် arrogant ဖြစ်တဲ့ နောက်မျိုးဆက် ချာတိတ်လေး တွေပေါ့လေ။

သို့သော် တစ်ချိန်က . . . ငယ်ရွယ်စဉ်က ကိုယ့်ကိုယ်ကို ပြန်မြင်ယောင်ကြည့်မိတဲ့ အခါ ငါတို့ကော ဘာထူးခဲ့လို့လဲ ဆိုတဲ့ မေးခွန်း။ ရှေ့က မျိုးဆက်ကို ဘူဒါးကြီးတွေပါကွာ၊ သိပ်အောက်တာပဲလို့ လှောင်ပြောင်ခဲ့ဖူးတဲ့ ချာတိတ်လေးတွေပဲ မဟုတ်လား။ လူငယ်ဆိုတာ ဒီလိုပါပဲကွာ၊ တစ်ချိန်မှာ ရင့်ကျက်လာကြမှာပေါ့လို့ လက်ခံနိုင်စွမ်း ရှိသွားခဲ့တယ်။

နှစ်ရှည်လများ သိကျွမ်းခဲ့ဖူးသူ Tim ရေးတဲ့ စာလေးတွေကို ကြိုကြားကြိုကြား ဖတ်လာရတဲ့အခါ ကျနော် နှစ်ခြိုက်ပါတယ်။

အခုလို စာအုပ်လုပ်ဖြစ်တဲ့အခါ အမှာစာရေးပေးပါလို့ သူက တောင်းလာပါတယ်။ ကျနော် ကနဦးမှာ မရေးပါရစေနဲ့ကွာလို့ ငြင်းဆန်မိသော်ငြား (အမှာစာ ရေးပေးရလောက်အောင် ကျနော်က ဘာကောင်မှ မဟုတ်လို့ ခံယူထားပါတယ်) တစ်စုံတရာကို တွေးတောမိသွားလို့ သဘောတူလိုက်ရပါတယ်။ Tim တို့ အုပ်စုဟာ အနည်းဆုံးတော့ ရှေ့ကမျိုးဆက် ဘူဒါးကြီးတွေရဲ့ အသိမှတ်ပြုမှုကို ခံယူချင်ဟန် ရှိပါသေးလားပေါ့။ ဒါဟာ နီဂိုစီရေးရှင်းလို့ပြောရမယ့် စေ့စပ်ရေးတစ်ခုလို့ ကျနော် ယူဆပါတယ်။

နိဂုံးချုပ်ရရင် Tim ဟာ နောက်ထပ် မျိုးဆက်တစ်ခုက ဖြစ်တယ်။ သူတို့ မျိုးဆက်ရဲ့ အသစ်အသစ်သော စာပေလက်ရာတွေကို စာဖတ်သူတွေ မြည်းစမ်းကြည့်စေချင်ပါတယ်။ Tim ရဲ့ အရေးအသားတွေဟာ ကောင်းလှပါချည်ရဲ့လို့ ကျနော် မညွှန်းဆိုလိုပါ။ သို့သော် မျိုးဆက်တစ်ခုနဲ့ တစ်ခုအကြားက “အဟ” တစ်ခုကို စေ့ပေးနိုင်စွမ်း ရှိလိမ့်မယ်လို့ ရိုးရိုးသားသား ယုံကြည်မိပါတယ်။

ပါပီယွန်

ဖေဖော်ဝါရီ ၁၅၊ ၂ဝ၂ဝ



အင်းနားချိုင်း


ကျနော်က စာရေးဆရာ မဟုတ်ပါ၊ ကိုယ့်ကိုယ်ကိုယ်လည်း စာရေးဆရာလို့ မခံယူပါ။ စာလည်း ဟုတ်တိပတ်တိ မရေးတတ်ပါ။ ကျနော့်မှာ ရှိတာက ဇာတ်လမ်းတွေပဲ ဖြစ်ပါတယ်။ အဲဒီ ဇာတ်လမ်းတွေကို အရုပ်တွေနဲ့ ပြောပြဖို့၊ အသံတွေနဲ့ ပြောပြဖို့ အိပ်မက်တွေ ရှိဖူးပါတယ်။ အဲဒီ အိပ်မက်တွေက မဖြစ်နိုင်တဲ့အခါ မရတဲ့အဆုံး စာရေးပြီး ပြန်ပြော ပြလိုက်တာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွေက ကျနော့်ကိုယ်ထဲမှာ နေထိုင်နေတဲ့ ကလေးတစ်ယောက်က ပြောပြနေတဲ့ ဇာတ်လမ်းတွေ ဖြစ်တဲ့အတွက် စာဖတ်တဲ့လူအမြင်မှာ ကလေးကလား နိုင်နေတာလည်း ရှိပါလိမ့်မယ်။ အဲဒီအတွက်လည်း လွတ်လပ်စွာ အထင်သေးပိုင်ခွင့် ရှိပါတယ်။ ဒီစာအုပ်ကို ဝယ်ဖတ်တဲ့အတွက် ကျေးဇူးတင်ပါတယ်။


Tim

 

Comments