နောက်ဆုံးစစ်တမ်း @ သော်တာဆွေ


“ရွှေပဟိုရ်စည်သံများကိုလ၊ မကြားရကြာလေပြီ၊ လေးလရာသီ” ဟု ဆိုရိုးစကားရှိသည်။ ကျွန်တော် ကြောင်သား မစားရသည်ကတော့ လေးနှစ်လည်းမက၊ ရှစ်နှစ်လည်းမက၊ ဆယ်နှစ်ကြီးများပင် ကျော်ခဲ့ပြီ။ သူနှင့်ရပြီးကတည်းက ဆိုပါတော့။ ထို့ကြောင့် သည်ကနေ့ဖြင့် မိမိဇာတိဘဝကို ပြန်လည် ဆန်းသစ်တော့မည်ဟု ၁၉၆၈ ယခုနှစ် ဧပြီလ သင်္ကြန်ရက်အတွင်း နေ့ခင်းနေပူပြင်းချိန်မှာပင် ကျွန်တော်သည် အိမ်အပေါ်ထပ် မီးဖိုဆောင်အတွင်း မီးသွေးမီးဖိုကို ပြင်ဆင်ပြီးလေပြီ။

ကြောင် မီးမြိုက်ရန်တည့်။ ဒီကြောင်မတော့ သတ်ကို စားပစ်လိုက်ရမှ ငါ ကျေနပ်မည်ဟု အားမာန်မွေးထား၏။ သင်း စော်ကားလွန်းသည်။ မိုက်ရိုင်းလွန်းတယ်။ ဖျက်ဆီးလွန်းတယ်။ လူကို တယ်ပြီး စိတ်မချမ်းမသာ ဖြစ်စေတယ်။ သူ့ကို သတ်ရက်ရန် သူ့အပြစ်တွေကို စိတ်ထဲမှ တဖွဖွတွေးနေရ၏။

ဤစာတစ်နေရာတွင် ဖော်ပြခဲ့သည်။ ကျွန်တော်တို့အိမ်တွင် ကြောင် အစိတ်သုံးဆယ် ရှိခဲ့ဖူးသည်ဟု…။ မှန်၏။ ၁၉၆၂-၆၃ တုန်းကဖြစ်၏။ သည်တုန်း ကျွန်တော့်အိမ်မှာ ခွေးတွေကြောင်တွေ စုပုံ ပုံနေသဖြင့် အိမ်လာသောမိတ်ဆွေများက “ခင်ဗျားအိမ်က တိရစ္ဆာန်ရုံကျနေတာပဲ” ဟု ပြောပြကြ၏။ အချို့ကမူ “သော်တာဆွေ ကြောင်တစ်ရာဗိုလ်ဖြစ်အောင် လုပ်နေတာဗျ” ဟု ဆိုကြ၏။

“ကြောင်တစ်ရာဗိုလ်” ဆိုသော စကားကို ကျွန်တော် သဘောကျ၏။ သို့သော် ကျွန်တော်သည် ဤဘွဲ့နှင့် မထိုက်ပေ။ တစ်နေ့သ၌ ကြောင်တစ်ကောင် အဆိပ်မိလာ၏။ အိမ်ပေါ်မှာ လာအန်၏။ ထိုကြောင်အန်ဖတ်ကို သူ့ထုံးစံအတိုင်း အခြားကြောင်များက (ငါးကြော်နံ့က မွေးသဖြင့်) စားကြပြန်၏။ ဟာ… ကြောင်တွေ တစ်ကောင်ပြီးတစ်ကောင် အဆိပ်သင့်ကြပြီး အိမ်ပေါ်တင်မက အိမ်အောက်တွေပါ ပြေးဆင်းပြီး အန်ကြ၏။ ဒါကို ခွေးများကပါ ဝင်စားကြသဖြင့် ခွေးတွေပါ အဆိပ်သင့်၊ ခွေးတွေကအန်၊ ကြက်တွေကပါ ဝင်စား။ ဟာ… အဲသည် နှစ်ရက်သုံးရက်အတွင်း ကျွန်တော့်အိမ်မှ သေလိုက်တဲ့ကြောင်တွေ၊ ခွေးတွေ၊ ကြက်တွေဗျာ သောက်သောက်လဲရော။ တစ်ကောင်သေတိုင်း တစ်ခါငိုတဲ့ ဒေါ်ရွှေမေလည်း မငိုနိုင်တော့ဘူး၊ “တိရစ္ဆာန်သေရင် ကျွန်တော့်ပေးပါဗျ” ဆိုပြီး သူ့ဘူးစင်ခြေရင်း မြှုပ်လေ့ရှိတဲ့ ကိုဖေသိန်းလည်း ခဏခဏ တွင်းတူးရ၊ ဖို့ရတာ လက်အံသေရော။

ဒါနဲ့ အဲသည် တစ်သုတ်မှာ ကျွန်တော့်အိမ် ခွေးတွေ ကြောင်တွေ တော်တော် ရှင်းသွားမယ်။ ခွေး ၃ ကောင်လောက်နဲ့ ကြောင် ၁၀ ကောင်လောက်ပဲ ကျန်တော့တယ်။ ကြောင်တွေဟာ နောက်ထပ်ပြန်ပြီး ပေါက်ပွားလိမ့်ဦးမယ် ထင်ခဲ့တယ်။ ဒါပေမဲ့ အဆိပ်သင့်ပြီးကြတဲ့နောက်မှာ မသေတဲ့ကြောင်တွေလည်း သားသမီးမွေးတော့ မွေးပါတယ်၊ အဖတ်မတင်ကြတော့ဘူး။ ပေါက်ပြီး တစ်ပတ်နှစ်ပတ် အတွင်းမှာပဲ သေကုန်ကြတယ်။

နို့ပြီး ကြောင်တွေကလည်း အကျင့်စာရိတ္တ မကောင်းဖြစ်လာကြတယ်။ ဘယ်လောက် ဝအောင် ကျွေးကျွေး ခိုးစားလာတတ်ကြတယ်။ ချေးယိုသေးပေါက်တွေလည်း ပက်စက်လာကြတယ်။ လူလုပ်ပေးထားတဲ့ ပြာပုံထဲမှာ မဟုတ်ဘူး၊ ဖြန့်ကျင်းထားတဲ့ ငရုတ်သီးကြက်သွန်ထဲမှာ၊ လူအိပ်ရာပေါ်မှာ၊ တစ်ခါတစ်ရံများ ကြံကြံဖန်ဖန်ဗျာ၊ ရေနံဆီ မီးဖိုပေါ်မှာတက်ပြီး ဆောင့်ဆောင့်ထိုင်တတ်ကြသေးသဗျ။ တွေ့ကရာ အကောင်ပလောင်တွေ ဖမ်းစားပြီး အိမ်ပေါ်နေရာ အနှံ့အပြားဆီမှာလည်း အန်တတ်ကြသေးတယ်။ ဒါတွေကို အိမ်က ကြောင်အမေကြီးက မရွံမရှာ စိတ်ရှည်လက်ရှည် သိမ်းဆည်းသုတ်သင်တယ်ခင်ဗျာ့။

အဲ… သူ့ကြောင်နဲ့သူ ဒီလောက်ဇွဲမျိုး ခံနိုင်တာရှိပါစေ၊ သို့သော် ကျွန်တော် သည်းမခံနိုင်လောက်အောင် ဖြစ်လာတာကတော့ ‘ဖက်တီးလူး’ ဆိုတဲ့ ကြောင်မလေးပဲ ခင်ဗျာ့။ သူ တစ်သားပေါက်ဖူးတယ်။ တစ်ကောင်မှ အဖတ်မတင်ဘူး။ ဒီကြောင်မလေးဟာ တစ်ခါမှ ကြွက်ခုတ်တာလည်း မမြင်ဖူးဘူး၊ အဲ.. သူ အမြဲတမ်း ခုတ်စားပြီး အန်တာကတော့ အိမ်ပေါ်က ပိုးဟပ်နဲ့ အိမ်မြှောင်ကိုပဲခင်ဗျာ့။ သူ့ဟာသူ ဘာမဟုတ်တဲ့ အိမ်မြှောင်ဖမ်းစားပြီး အန်တယ်၊ သူ့အမေကြီးက အန်ဖတ်ကျုံးတယ်၊ ကျွန်တော် အနေသာကြီးပဲ။ သို့သော် ပိုးဟပ် အိမ်မြှောင် ခုတ်တာက ပန်းကန်စင်ပေါ်မှာ ကြောင်အိမ်ပေါ်မှာဆိုတော့ မကြာခဏ ပန်းကန်ခွက်ယောက်တွေ ကျကျကွဲကုန်တယ်ခင်ဗျာ့။

ဒါနဲ့ ကျွန်တော်က ပြောတယ်၊ “မအေကြီး၊ ဒီကြောင်မျိုးက အိမ်မှာ မထားသင့်တော့ဘူးကွ၊ တခြားရင်လည်း ပေးပစ်လိုက်၊ ဒါမှမဟုတ် ဟင်းရင်လည်း လုပ်ပစ်မှ”

တခြားပေးဆိုတော့လည်း ယူမည့်သူမရှိ၊ ဟင်းလုပ်ဖို့ဆိုတာလည်း သူ နားမျှမကြားချင်၊ ဒါနှင့် ကျွန်တော် နောက်ဆုံး ဒီကြောင်ကို သတ်ဖို့ ဆုံးဖြတ်သည်အထိ ဖြစ်လာတာက…

(၁) ကျွန်တော် လက်ဖက်ရည်ကြမ်း သောက်နေကျဖြစ်တဲ့ သာမိုဓာတ်ဘူးကို ခွဲပစ်တယ်၊ (မီးဖိုချောင်ထဲက ဂွမ်ခနဲ အသံကြားလို့ ပြေးလာတော့ သူထွက်ပြေးတာ မြင်လိုက်ရတယ်၊ ဓာတ်ဘူးက ကြောင်အိမ်ပေါ်က ကျပြီးကွဲနေပြီ)

(၂) ကျွန်တော့် မျက်စိရှေ့မှောက်တွင်ပါ၊ ဂျာမန်သံအမတ်က လက်ဆောင်ပေးတဲ့ ဘလက်အင်ဝှိုက် ဝီစကီပုလင်း အသစ်စက်စက်၊ ကျွန်တော်ဖောက်ပြီး သောက်နေတာ ၃ ခွက်မျှ ငှဲ့ရသေးသည်။ ကြောင်အိမ်ပေါ်တင်ပြီး အရိပ်တကြည့်ကြည့်နှင့် သောက်နေတုန်း ဗြုန်းဆို အိမ်မြှောင်တစ်ကောင်က ခေါင်မိုးမှ ဖတ်ခနဲ ပုလင်းနားကျအလာ မရွှေစာက ဘယ်နေရာက ရောက်လာသည်မသိ၊ အိမ်မြှောင်လိုက်ဖမ်းလိုက်တာ ပုလင်း ကြောင်အိမ်ပေါ်က ကျပြီး ကွဲပါရောလား။

ကျွန်တော် ကပျာကယာ ပြေးကောက်တော့ ပုလင်းဖင်ဝိုင်းထဲက တစ်ခွက်စာလောက်ပဲ ရတော့တယ်။

ဟင်း… သည်နေရာမှာ ကျွန်တော် စိတ်ဆိုးလိုက်တဲ့ဖြစ်ခြင်း၊ ဒီကြောင်မမှ မသတ်ရ ကိုယ့်ကိုယ်ကိုယ် သတ်သေတော့မလောက်။ သည်တော့ ကြောင်များမိခင်က ကြားက “မောင်ရယ် သူ့သတ်တော့ကော မောင့်ပုလင်းက ပြန်ကောင်းတော့မှာလား” တဲ့။

“အေး… ဓာတ်ဘူးတုန်းကလည်း မင်း ဒီလိုပြောလို့ ငါ သည်းခံခဲ့ရပြီဟေ့၊ ဒီမှာ မင်းပြောတဲ့အတိုင်ပဲ ပျက်စီးပြီးသားဟာတွေက ပြန်မကောင်းတော့ဘူးဆိုတာ မှန်တယ်၊ ဒါပေမဲ့ ဒီကြောင်ကြောင့် ရှေ့အလားတူဖြစ်မယ့်ဟာတွေက သင်း မသေမချင်း အများကြီးရှိသေးတယ်။ ဘယ်နေ့ ဘယ်ပုလင်းလဲ၊ ဘယ်ဖန်ခွက်လဲ၊ ဘယ်ပန်းကန်လဲသာ စာရင်းမပြနိုင်တယ်၊ ဒီတော့ သင်းကို သတ်ပစ်မှပဲ အေးမယ်”

“မောင်ရယ်…. မေ မြင်ရကြားရမယ့် နေရာမှာတော့ မလုပ်လိုက်ပါနဲ့”

“တောက် တယ်ခက်လိုက်ပါလားကွယ်၊ လူ့ပြည်မှာ ကြောင်က လူကို ဒါလောက် စော်ကားတာခံနေရတာ ရှက်ဖို့လည်းကောင်းလှပါပြီကွာ၊ အေး မင်း အိမ်မှာမရှိတဲ့တစ်နေ့တော့ ဒီကြောင်ကို ငါ သတ်ပစ်မှာအမှန်ပဲကွ၊ တောက်… ပေါင်းတည်သားများ ကြောင် အစော်ကား ခံရတယ်လို့ကွာ”

ဤသို့ ကြိမ်းဝါးထားပြီးနောက် ယခုနွေ သူ တောင်ကြီးပြန်အသွားမှာ နေ့ကောင်းရက်သာရွေး၍ ကျွန်တော် ဒီကြောင်မ ‘ဖက်တီးလူး’ ကို သတ်စားရန် စီမံခြင်း ဖြစ်ပါ၏။ သင်္ကြန်တွင်းမို့ အိမ်ကရှိတာတွေ ရေကစားထွက်သွားကြပြီ၊ မီးသွေးမီးဖိုက ရဲရဲနီပြီ၊ မီးမြှိက်ပြီး အမွေးခြစ်ရန် ဓားဦးချွန်ကို သ ထားသည်။ ဝက်ကောင်လုံးကင်လို တစ်ကိုယ်လုံးကြွပ်နေတော့ အတုံးလှလှခုတ်ရန် ဓားမကြီးကိုလည်း မြနေအောင် သွေးထားသည်။ ကြောင်မ ဖမ်း၊ အဝတ်နဲ့ထုပ်…

ယင်းသို့ လုပ်ငန်းစဉ်ကို စဉ်းစားရင်း မီးဖိုယပ်ခတ်ကာ ဒီကြောင်မ ဘယ်မှာနေလဲ ဟိုဟိုဒီဒီ ကြည့်နေစဉ်…

ဟဲ့ ဟဲ့… ခြေခုံကို တစ်စုံတစ်ခုက နူးညံ့စွာ လာပြီးပွတ်သပ်နေလို့ ငုံ့ကြည့်လိုက်တော့ အမယ်လေး… မယ်မင်းကြီးမ… ဖက်တီးလူးပါလား။

ဟင်… သင်းကလေး ဘာမှ မသိပါလား။

“မောင်ရယ်… ဒီဓာတ်ဘူးမျိုးဟာ ခုနှယ် ဘယ်လောက်ရှားပါးတယ်၊ ဈေးဘယ်လောက် ပေးရတယ်၊ မောင့်ဝီစကီပုလင်းဟာ ဘယ်လောက်ကောင်းတယ်၊ ဘယ်လောက် အဖိုးတန်တယ်ဆိုတာ သူ ဘယ်သိပါ့မလဲ”

မေ ပြောခဲ့သောစကားများ ကျွန်တော့်နားထဲ ကြားယောင်လာသည်။

“သူသိတာက ပိုးဟပ်နဲ့ အိမ်မြှောင်လောက်ဟာပဲ၊ ဒီဓာတ်ဘူးကွဲပါစေ၊ ဝီစကီပုလင်း အောက်ကျပါစေ… ဆိုတဲ့ စိတ်ထားလည်း ရှိရှာတာမဟုတ်ဘူး၊ ဒီတော့ သူ့သတ်လို့…”

ကျွန်တော်သည် ကျွန်တော့်ခြေစုံကို ကယုကယင် ပွတ်သပ်နေသော ဖက်တီးလူးမကို ကောက်ချီကာ ရဲရဲနီနေသော မီးဖိုကို ရှဲခနဲ ရေနှင့်ဖျန်းပစ်လိုက်ပါတော့သည်။

(၁၉၆၈၊ ဇွန်လ၊ မြဝတီ)

Comments