အနုနှင့်အကြမ်း @ သော်တာဆွေ


၁၉၅၅ ခုနှစ် ဒီဇင်ဘာလ နံနက်ခင်း နှင်းတွေဝေနေချိန်ဝယ် ကျွန်တော့်အိမ်နောက်ဖေး ကုန်းမြင့် ကွင်းပြင်ကျယ်ကြီးထဲရှိ တစ်ခုသော ဆီးပင်အောက်၌ ကျွန်တော်သည် အလောင်းတစ်ခုကို မြှုပ်နှံရန် ပေါက်ပြားတစ်လက်နှင့် တွင်းတူးလျက်ရှိ၏။ ကျွန်တော့်ဇနီးက အလောင်းကို အဝတ်နှင့်ပတ်၍ ရင်ဝယ်ပိုက်ကာ ငိုယိုလျက်ရှိ၏။

ကွယ်လွန်သူကား “စီစီမာ” မည်သော ကြောင်မတမ်းမလေး ဖြစ်၏။

“ရိုးရိုးသေတာဆိုရင် မေ ဒီလောက် ဝမ်းမနည်းပါဘူး မောင်ရယ်။ ခုတော့ ခုတော့ ဘယ်က ခွေးကလေးကဝတွေလည်း မသိဘူး”

မှန်ပါတယ်။ ညက သန်းခေါင်ကျော်လောက်တွင် အိမ်အောက်တွင် ကြောင်ကို ခွေးတွေဝိုင်းကိုက်သံ ကြားရ၍ ကျွန်တော် လက်နှိပ်ဓာတ်မီးနှင့် ဓားတစ်ဖက်ကိုင်ပြီး ဆင်းတော့ ညလည်ခွေးတစ်အုပ် ထွက်ပြေးကြသည်။ စီစီမာမှာ မချိမဆံ့ ကျန်ခဲ့သည်။ အိမ်ပေါ်ယူလာခဲ့၍ ဂွမ်းစနှင့် ပိုက်ထွေးကာ အိမ်မှာရှိသမျှ ဆေးဝါးနှင့် ကုသပါသော်လည်း ခွေးအစွယ်ရာတွေက အဆုတ်နှင့် အသည်းထိအောင် ပေါက်နေသဖြင့် သတ္တဝါတို့၏ မလွန်ဆန်နိုင်သော သင်္ခါရတရားအရ နံနက်လင်းအားကြီး ၄ နာရီလောက်တွင် သဇီဝသဘောမှ အဇီဝသဘောသို့ ကန့်နီနိုင်းစီပိုင်းလန် ချောပါရောလား ခင်ဗျာ။

စင်စစ် ကျွန်တော်၏ မူလဗီဇ သဘောတရားအရ ပြောရပါမူ သည်လိုအိမ်က ကြောင်ကို ခွေးကိုက်၍သေခြင်းသည် ဟင်းကောင်းကောင်းကြီးတစ်အိုး ရတနာပုံဆိုက်ခြင်းပင်။ ကိုက်သောခွေးများအား ကျေးဇူးဥပကာရတင်ရမည်။ အရိုးအရင်းများကို ကျွေးရပေမည်။

ကျွန်တော်၏ မူလဇာတိမှာ အင်မတန် အစားအသောက်ကြမ်းသော ပေါင်းတည်မြို့နယ် ကျေးလက်တောရွာတွင် မွေးဖွားကြီးပြင်းခဲ့သည်။ ကျွန်တော်တို့ အရပ်သားများသည် မြွေကိုလည်း စား၏။ ဖားကိုလည်း စား၏။ ကြွက်ကိုလည်း စား၏။ ကြောင်ကိုကား ကာလသားစခန်းမှာ ထိပ်တန်းက ထား၏။ ကြောင်သားသည် ကြွက်သားထက်ကောင်း၏။ ဝက်သားထက်လည်း ကောင်း၏။ ကြောင်ကိုမီးမြှိုက်၍ ချက်လိုက်သည်ရှိသော် ဝက်ကလေးကောင်လုံးကြော်ကဲ့သို့ပင် အခေါက်တစ်ထပ်၊ အဆီတစ်ထပ်၊ အသားတစ်ထပ် ဖြစ်ဘိလည်း ဝက်သားက အီ၍ ကြောင်သားက မအီဘဲ ပို၍ချိုလေ၏။

ကြောင်သားသည် အဘယ့်ကြောင့် ကောင်းပါသနည်း။ မစားဘူး မစားဝံ့ မစားချင်သော်လည်း စဉ်းစားနိုင်ရန် ဖော်ပြရပါမူ ကြောင်သည် အိမ်မှာ လူနှင့်အတူနေ၍ လူ၏ထမင်းဟင်းကို စားနေသည်ကိုးဗျ။ ပေါရိသာဒမင်း လူသားဟင်းစွဲသွားသည်ကို သတိချပ်ရာသည်။

အချို့က အိမ်ကြောင်ကို မစားသင့်၊ တောကြောင်မှ စားကောင်းသည်ဟု မှတ်ထင်၏။ မှား၏။ တောကြောင်သည် တောသာခေါင်မှာသာ ရှိတော့မပေါ့။ လူနေရွာခြေ၏ အနီးပတ်ဝန်းကျင်မှာ အိမ်ကြောင်တွေချည်းပေါ့။

ကြောင်တို့မည်သည်မှာ အရွယ်ရောက်သည်ရှိသော ညအချိန်တွင် အိမ်မှ ထွက်တတ်ကြ၏။ ဖိုမ မြူးထူးရန်လည်းကောင်း၊ ကြွက်ဖားခုတ်ရန်လည်းကောင်း ရွာ့အပြင် လယ်ကွင်းစပ်မှာ လည်ပတ်ကြကုန်သည်။ ထိုအခါ၌ ကြောင်လိုက်ခွေးတို့နှင့် လာကြသော ကြောင်လိုက်သမားများနှင့် တွေ့၍ အချင်းဖြစ်ပွားကြကုန်လေ၏။

ကြောင်လိုက်ခွေးတို့ မည်သည်မှာ ကြောင်ရှိရာကို အနံ့ခံ လာတတ်သည်။ ကြောင်ကို တွေ့သည်ရှိသော် အတင်းလိုက်၏။ ထိုအခါ ကြောင်တို့ဓမ္မတာ နီးရာသစ်ပင်ပေါ်သို့ တက်ပြေး၏။ စင်စစ် ကြောင်နှင့်ခွေးချည်းဖြစ်ပါမူ တက်ပြေးစရာ သစ်ပင်ရှိနေပါက ကြောင်ကို ခွေးက ဘယ်တော့မျှ မဖမ်းနိုင်ပေ။

ကြောင်လိုက်ခွေးတို့က ဒါကိုနားလည်၏။ သူတို့ ပထမအလုပ်မှာ ကြောင်ကို သစ်ပင်ပေါ်တင်ပေးရန် ဖြစ်သည်။ ဒုတိယအလုပ်မှာ ကြောင် သစ်ပင်ပေါ် ရောက်နေပြီဖြစ်ကြောင်း အစ်သံပေး၍ခေါ်၊ လူရောက်လာပြီး သစ်ပင်ပေါ်တက်၍ကြောင်ကို ရိုက်ချ၊ အောက်ရောက်သောအခါ၌ လှိမ့်ကိုက်။

စင်စစ် ကြောင်ကို သာမန်ခွေးများ မကိုက်နိုင်။ ကြောင်မှာ သွားသာမက လက်သည်းခြေသည်းကလည်း တစ်တပ်တစ်အား ရှိသည်။ ကြောင်ကိုက်ခွေးများသာလျှင် ကိုယ်လည်း အနာခံ၍ စွန့်စားကိုက်ခဲဝံ့ပေသည်။ ကြောက်ကိုက်ခွေးများအား ကြောင်သားကို မက်မောအောင် ဟင်းအရိုးအရင်းများကို ကျွေးပေးထားရသည်။

ကြောင်လိုက်ခွေးများသည် ကြောင်လိုက်နေကျ ဖြစ်ပြီဆိုသောအခါ၌ မလိုက်ရ မနေနိုင်အောင်ပင် ဖြစ်တတ်သည်။ ညအချိန်မှာ ကြောင်လိုက်ကိရိယာလက်နက်နှင့် လူအိမ်ပေါ်က ဆင်းလာမှာကိုပဲ စောင့်နေတတ်သည်။ မိမိသခင်နှင့် ကြောင်လိုက်ဖော်များ လာဖို့ကိုလည်း မျှော်နေတတ်၏။

တစ်ခါတစ်ရံ မိမိသခင် အကြောင်းတစ်စုံတစ်ရာကြောင့် မလိုက်နိုင်လျှင်လည်း သူတို့အား အခြားလိုက်နေကျ လူများက ခေါ်သွား၍လည်းရ၏။ စင်စစ်ကား ကြောင်လိုက်သမားများသည် ကာလသားများဖြစ်ကြသလို ကြောင်လိုက်ခွေးများကလည်း ကာလသားများနှင့် တူပေ၏။

မှတ်မိပါသေးသည်။ ကျွန်တော် ရွာမှာနေစဉ် တစ်ကြိမ်သောအခါ၌ ဦးထွန်းစိန်အိမ်က ကြောင်လိုက်ခွေးနှစ်ကောင်ကို ဦးထွန်းစိန်မပါဘဲ ကျွန်တော်တို့အဖော်တစ်စုက ခေါ်ခဲ့ကြကာ ရွာကွင်းစပ်မှာ ကြောင်လိုက်ကြ၏။ သန်းခေါင်ချိန်လောက်၌ သုံးပိဿာလောက်ရှိသော ကြောင်ထီးကြီးတစ်ကောင်ရ၍ ကျွန်တော်တို့ လယ်ထဲမှာပင် မီးမြိုက်ကြသည်။ ခွေးနှစ်ကောင်သည် မီးမြိုက်စဉ်၌ ထိုင်ကြည့်နေကြ၏။ ထို့နောက် ထန်းရည်ရှိသော ကိုမောင်ခိုအိမ်မှာ ချက်စားကြမည်ဟု ကြောင်ကိုယူခဲ့ကြသောအခါ၌လည်း သူတို့ခွေးနှစ်ကောင်က ကျွန်တော်တို့နှင့်အတူ လိုက်ခဲ့ကြ၏။ တကတည်းဗျာ ကြောင်သားဟင်းကျက်ပြီး ကျွန်တော်တို့နှင့်အတူ စားသောက်ပြီးမှပဲ သူတို့အိမ်သူတို့ ပြန်ကြပါလေရော။

ဤကား ကျွန်တော်တို့သည် ရွာ့အပြင်ဘက်၌ တခြားအိမ်က ကြောင်ကို ခွေးနှင့် လိုက်စားကြခြင်းဖြစ်၍ ကိုယ့်အိမ်က ကြောင်ကိုလည်း စားချိန်တန်လျှင် စားပစ်တတ်ကြ၏။ ယင်းမှာ အိမ်ရှိ မိန်းမသူတို့သည် ကိုယ့်အိမ်ကကြောင်ကို သနားတတ်ကြ၏။ တားဆီးတတ်ကြ၏။ ခွန်းကြီးခွန်းငယ် များတတ်ကြ၏။ ထိုအခါ၌ ကျွန်တော်တို့ ယောကျာ်းမျတားက အကွက်ဆင်တတ်ကြ၏။ အသို့ဟူမူ ထိုကြောင်ကို အိမ်က မိန်းမသူ စိတ်ပျက်လာအောင် လုပ်ရ၏။ မည်သို့လုပ်ရပါသနည်း။ ကြောင်ချေးများကို ကော်၍ မလျော်သောနေရာ၌ သွားထားခြင်း၊ ထမင်းဟင်းများကို ကြောင်အန်ဖတ်သဖွယ် ဝါး၍ ဧည့်ခန်း အိပ်ရာများပေါ်၌ ထွေးထားခြင်းပြုလျက် ၎င်းတို့ကို အိမ်သူမအား တွေ့စေပြီး ကြောင်ကို ဆဲရေးတိုင်းထွာခြင်းများ ပြုရ၏။

ယင်းသို့ ပြုဖန်များလတ်သော် အိမ်ရှင်မ စိတ်ပျက်လောက်ပြီ၊ ကိုယ့်အကြံအစည် မှည့်လောက်ပြီဖြစ်သောအခါ၌ စားဖို့လုပ်ရတော့၏။

မိမိက ကြောင်ကို အားရပါးရ ဆဲရေးတိုင်းထွာနေပါ။ ထိုအခါ မိမိ စားဖော်က အိမ်ရှေ့ရောက်လာပြီးမေး….

“ဟေ့ကောင်ရ၊ ဘာလို့များ ဒါလောက် ဒေါသထွက်နေရတာလဲကွာ”

“အိမ်က ကြောင်ပေါ့ကွာ၊ ငါ့လခွေး… အိပ်ရာပေါ် အန်လားအန်ရဲ့၊ ဘုရားခန်း ချေးယိုလားယိုရဲ့ ဘယ်နှယ့်ဘယ့်နှယ် ဒါလောက် အကျင့်ယုတ်လာမှန်း မသိဘူး”

“ဟ ဒီလိုဆို ဒီကြောင်မျိုး အိမ်မှာ မထားအပ်ဘူးဟေ့၊ စီးပွားရင်လည်း ပျက်တတ်တယ်၊ လူကိုရင်လည်း ခိုက်တတ်တယ်ကွ”

“အေးကွာ… ငါတော့ ဒီကြောင် ဘယ့်နှယ်လုပ်ရမှန်း မသိတော့ပါဘူးကွာ”

“တခြားပို့ပစ်လိုက်ပေါ့ကွာ”

“ရော့ကွာ… ဒါဖြင့် မင်းပဲသင့်တော်ရာ ပို့ပစ်လိုက်စမ်းပါ”

ယင်းသို့လျှင် ကိုယ့်အိမ်ကကြောင်ကို တခြားအိမ်၌ ဟင်းဖြစ်အောင် လုပ်တတ်ကြရာ၏။

ကဲ အထက်ပါတို့ကို ထောက်ချင့်ကြလော့။ ကျွန်တော်တို့သည် ကြောင်တစ်ကောင်ကို စားရဖို့အရေး၊ မည်မျှလောက် အားထားကြံဆောင်ကြရပါသနည်း။ ယခုကား အစ၌ ဖော်ပြခဲ့သည့်အတိုင်း ကိုယ့်လက်ထဲ ပူပူနွေးနွေး ရောက်ပြီးသား ကြောင်သေ မတမ်းမ ဝဝကစ်ကစ်ကလေးကို တွင်းတူး မြေမြှုပ်ရမယ်ဆိုတော့ အောင်မယ်လေး ကျွန်တော့်ရွာက ငယ်ပေါင်းကြီးဖော်များ ကြားသိကြမယ်ဆိုလျှင်ဖြင့် ဘယ်လောက်များ အော်အော် ရယ်ပစ်လိုက်ကြပါမည်နည်း။ တို့ကောင်ကြီးမှ ညံ့သွားလေခြင်း၊ မြို့ရောက်မှ လူနုံသွားလိုက်လေခြင်းဟုလည်း ဆိုကြပေမည်။

ဆိုစေလော့ ရှိစေလော့၊ ဒါတွေသိလျက်နှင့် မျက်ရည်စက်လက်နှင့် ဇနီးသည်ရှေ့မှာ နံနက်ခင်း နှင်းမှုန်မှုန်တွင် နဖူးမှချွေးစို့အောင် တွင်းကိုတူးနေရပါသည်။ တကယ်ကား ကျွန်တော်သည် ဒီကြောင်အား မီးဖိုထဲမှာ နဖူးက ချွေးစို့အောင် မီးမြိုက်ဖို့ပါ။ အစပထမတွင် ကျွန်တော်သည် ကြောင်သေပြီဆိုတော့ ဒါကိုပဲ စဉ်းစားထားပါသည်။ သို့သော် ကျွန်တော့်ဇနီးက တကတည်း လူသေတဲ့အတိုင်း ငိုလေတော့….

Comments