မြရည်ရွှမ်းအိနေသော ရေပြင်မှာ ငွေပွင့်များ ဖွေးဖွေးလက်နေဆဲ၊ ပါးလွှာသော နှင်းမှုန်လွှာသည် ပတ်ဝန်းကျင်ကို လျော့ရဲစွာ လွှမ်းခြုံထားသည်။ မီးတိုင်မှ မီးလုံးလေးတွေ ကောင်းကင်က လမင်းကို မမီသာသောအနေဖြင့် ငေးမော တမ်းတနေကြသည်။ ကန်ပေါင်၏ မြက်ခင်းမှာ မြသားပကတိ။၊
ညဥ့်သည် နှင်း၏ ပုလဲရောင်၊ ရေပြင်၏ မြသားရောင်၊ လမင်း၏ ငွေရောင်များနှင့် ပြိုးပြက်နေသည်။ ခုံတန်းပါ်မှာ ရတနာညကို သူတစ်ယောက်တည်း ငေးမောနေမိသည်။
ချစ်သူသည် ဒီလိုညမျိုးကို နှစ်သက်သည်။
“မြတွေ စိန်တွေ မဝတ်ရရင် နေပါစေလေ၊ ကန်စောင်းမှာ ကျောက်မျက်တွေ ပြန့်ကျဲနေတဲ့ ညကို ကြည့်ချင်တယ်၊ ကန်ရေပြင်က ဖြတ်တိုက်လာတဲ့ လေက ပါးကို ထိတွေ့သွားရင် ချစ်သူ အနမ်းထက်တောင် ပျော်သေး”
ချစ်သူ ဆိုခဲ့သော စကားကို သူ ကြားယောင်နေမိသည်။ နှစ်ပေါင်း ကာလပေါင်း ကြာခဲ့ပြီ။ ဒီနေရာ ကန်ပေါင်ဘေးကို နံနက်ခင်း စောစောလည်း သူ ရောက်လာသည်။ ညဥ့်ဦးကျလည်း သူ ရောက်လာသည်။ နံနက်ခင်းမှာတော့ သူ့လို သက်ရွယ်အိုတွေ တုတ်ကောက်နှင့် အနွေးထည်ဝဝာ်ကာ လမ်းလျှောက်နေကြသည်။ ပေါ့ပါး သွက်လက် နေကြသည်။
သူသည် နံနက်တွင်တော့ ကန်ပေါင်ရိုးကို လျှောက်ခဲ့ပေမယ့် ညဥ့်မှာတော့ ခုံတန်းပေါ်မှာပဲ ထိုင်မိသည်။ သူ့ ခြေထောက်တွေက သွက်သွက် မလျှောက်နိုင်။
နှေးကွေး ခြေလှမ်းများနှင့် နှစ်ပေါင်း ၃၀ ကျော်လောက်ကို ဖြတ်သန်းလာခဲ့ရသည်။
ကမ္ဘာအေး ဘုရားလမ်းပေါ်မှာ ပြေးလွှားနေသော ကားသံတွေ၊ လူသံတွေက သူ့နားကို မရောက်လာ သလိုပင်။ ချစ်သူ ချစ်သောညကိုပဲ သူ စိတ်ဝင်စားသည်။
ချစ်သူသည် ညဥ့်တာရှည်သော ဆောင်း၏ ညများကို နှစ်သက်၏။ ကြည်မြသော နီလာသားခံ ပလ္လင်ပေါ်မှာ ရွှေဝတ်ရုံနှင့် ညီလာခံ တက်သော လမင်း၏ ဣန္ဒြေတည်ငြိမ်မှုကို သူ မြတ်နိုး လေးစားခဲ့သည်။
မြန်မာ ဆောင်းညက သွေးခဲလောက်အောင် အေးစက်ခြင်း မရှိသည်ကိုက ချစ်စရာ။ အေးသည်ဆိုရုံပဲ အေးမြသည်။ ပတ်ဝန်းကျင်မှာ လမင်းထံမှ ပုလဲရည် နှင်းစက်တွေ ဖြန့်ကြဲ သွန်ကျလာသည်။
သစ်ရွက်တွေပေါ်မှာ အထူးသဖြင့် ငိုက်မျဉ်းနေသော ငှက်ပျောရွက်များပေါ်မှာ ပုလဲဖြူဥတွေ စိန်ရောင် ဖိက်ဖိတ်လက်ကာ ပြေးလွှားနေကြသည်။
ဆောင်းလေက နည်းနည်း ရိုင်းသည်။ တောရိုင်းသားသည် တောဘက်မှ သဇင်နံ့နှင့် တောပန်းရနံ့တွေကို ယူကာ တောင်ခြေတစ်ဝိုက် ဝှေ့ရမ်း ကြဲဖြန့် ပေးသည်။
ငှက်ပျောရွက် သစ်ရွက်နှင့် ပန်းပွင့်များ သူ့အရှိန်ကြောင့် ခိုက်ခိုက်တုန်သည်၊ တောင်ခြေမှ ပြေးလာသော ဆောင်းလေက ခြံထဲရှိ သစ်ရွက်တွေ ပန်းပွင့်တွေကို လှုပ်ခါ ပြေးလွှား သွားရသည်ကို နှစ်သိမ့် နေပုံရသည်။
“အဲဒီလို ဆောင်းညတွေမှာ ပြတင်းအပြင်က မလေးကို တစ်စုံတစ်ယောက် ဖိတ်ခေါ်နေသလိုပဲ။ ညရှည်တဲ့ ခရီးအဝေးကြီးကို မလေး သွားချင်တယ်။
“ခုတော့လဲ မှန်ပြတင်း အတွင်းကပဲ ဆောင်းညကို ကြည့်နေရတယ်”
တောမှာ နေတုန်းက ချစ်သူ၏ အိမ်နှင့် အလှမ်းနည်းနည်း အကွာတွင် တောင်တန်းတစ်ခု ရှိသည်တဲ့။ တောင်ခြေမှာ ငြိမ်သက်သော တောအုပ်လေး ရှိသည်။ တောအုပ်ကို ဖြတ်သန်း တိုက်ခတ်လာသော လေမှာ သဇင်နံ့က မွှေးပျံ့လျက်။
ထာဝရတေး ညည်းတတ်သော စမ်းချောင်းငယ်လေးသည် တောင်ခြေကို ပတ်၍ တောအုပ်ထဲသို့ စီးဝင် ပျောက်ကွယ် သွားသည်။
“အဲဒီတုန်းကလဲ နေ့လယ်ဘက်တော့ တောင်ခြေဘက်ဆီ လမ်းလျှောက်ထွက်လို့ ရတယ်။ ညဘက်တော့ မေမေတို့က ခွင့်မပြုဘူး၊ မလေးကလဲ ညဘက်မှာမှ လမ်းလျှောက် ချင်တယ်။
“ညမှာဆို တောဟာ တိတ်ဆိတ်တယ်။ မလေးလိုပဲ ညဥ့်ကို ချစ်တဲ့ ငှက်လေးတွေ သီချင်း တီးတိုး ဆိုသံလောက်ပဲ ကြားရမှာပေါ့။ တောအုပ်ထဲမှာ လမ်းလျှောက်ချင်တဲ့ ဆန္ဒ၊ ဒီဆန္ဒကို မျိုသိပ် လာရတာ ခု တက္ကသိုလ်ရောက်လို့ အဆောင်မှာနေတော့လဲ အင်းလျား ကန်ပေါင်ရိုးမှာ လသာတဲ့ ညတွေမှာ သိပ်လမ်းလျှောက် ချင်တယ်”
“ကိုကိုနဲ့ လက်ထပ်ပြီးရင် တို့နှစ်ယောက် ညဥ့်မှာ လမ်းလျှောက်ပြီး နေ့မှာ အိပ်တာပေါ့၊ ဇီးကွက် မောင်နှံပေါ့”
သူကလည်း ချစ်သူအကြိုက် စိတ်ကူးယဉ်စွာ ပြောပြလိုက်၏။ ချစ်သူချစ်သော တောင်ခြေလေးမှာ ဆိုရင်လည်း သူတို့နှစ်ယောက် ဘဝအတွက် သက်သောင့်သက်သာ အခြေချ နေနိုင်သည်။ ဒီတော့လည်း စမ်းချောင်းဘေးမှာ ချစ်သူနှစ်ယောက် စကားတွေ စိတ်အေးလက်အေး ပြောနိုင်သည်ပဲပေါ့။
“ဒီလိုလဲ ဟုတ်သေးဘူး ကိုကိုရယ်၊ သစ်ရွက်ကြားက တိုးကျလာတဲ့ လရောင်ကွက်လေးတွေ ခင်းထားတဲ့ ရွှေမှန်ကူ လမ်းပေါ်မှာ လျှောက်ချင်တာက မလေး တစ်ယောက်တည်း၊ အရသာဆိုတာ ခံစားတဲ့အခါ အသည်းနှလုံးက လွတ်လပ်မှ ပြည့်ပြည့်ဝဝ ခံစားလို့ ရတာ၊ လက်ထပ် ပြီးတယ်ဆို အနှောင်အဖွဲ့ကြီးနဲ့ ငြိမ်းချမ်းမှုလဲ ရမှာ မဟုတ်ပါဘူး”
ချစ်သူ စကားကို နားမလည်။ ချစ်သူသည် လက်ထပ်ခြင်းကို အနှောင်အဖွဲ့ဟု ဆိုလိုသည်။ သူက ချစ်သူ အပျိုဘဝတွင် မရနိုင်သော လွတ်လပ်မှုကို သူနှင့် လက်ထပ်ပြီးမှ ရရှိနိုင်လိမ့်မည်။ သို့မဟုတ် သူက ပေးနိုင်မည် ထင်သည်။
ဆောင်းလေအေးတွေ မလေးပါးပေါ် ဖြတ်သန်း တို့ထိ သွားသည်ကို ချစ်သူ၏ အနမ်းထက် မက်မောသည်တဲ့။ လက်ထပ်ခြင်းသည်လည်း အနှောင်အဖွဲ့တဲ့။ ဒီလိုဆိုတော့ သူ့နေရာသည် မလေး နှလုံးသားတွင် ဘယ်နေရာမှာ ရှိပါလိမ့်။
သူ မလေးနှင့် ကြာကြာ ဆွေးနွေးတိုင်း သက်ပြင်း တရှိုက်ရှိုက် နေခဲ့မိသည်။ တက္ကသိုလ် အဆောင်၏ ဧည့်ခန်းမထဲမှာ သူတို့၏ တွေ့ဆုံခြင်း။ ဤပရဝဏ်မှ ချစ်သူသည် ဘယ်ကိုမှ မထွက်။ ကန်ပေါင်စောင်းမှာ လမ်းလျှောက်ကြသော ချစ်သူတွေလိုလည်း သူ့ချစ်သူက သူနှင့်အတူ ညနေဘက်မှာ လမ်းမလျှောက်ချင်။
မလေး လျှောက်ချင်သော တောအုပ်ထဲက ညခရီးမှာကော သူ ပါနိုင်ခွင့် ရှိပါ့မလား။ မလေးသည် တောညကို တွေးရာ၌ ညချစ်သော ငှက်ငယ်ကိုသာ တွေးသည်။ ဆာလောင် မွတ်သိပ်နေသော တောရဲကောင်တွေကို သတိရဟန်မတူ။
အင်းလျား ကန်ပေါင်မှာ လမ်းလျှောက်ဖို့ ပြောတော့ ...
“ညနေက ပူလောင်ပါတယ်” ဟု ဆိုသည်။
ထူးထူးခြားခြား မိုးတစ်ညနေမှာတော့ ချစ်သူနှင့်အတူ ကန်ပေါင်မှာ ထိုင်ဖြစ်သည်။ ကောင်းကင်က ပြာမှိုင်းနေသည်။ ကန်ရေပြင်သည် ညိုပြာ၍ ငြိမ်သက်နေသည်။
ထိုညနေတုန်းကတော့ ချစ်သူနှင့် သူက လွဲ၍ တခြားသူများ မိုးရွာမှာ စိုး၍ ပြန်သွားကြပြီ။ မကြာခင် မိုးသက်လေ ကျရောက်လာ၍ ကန်ရေပြင်က လှုပ်ရွလာသည် မိုးပေါက်တွေ သွန်ကျလာသည်။
“ပြန်စို့ မလေး” သူကဆို၏။
“မပြန်ပါနဲ့ ကိုကို၊ မိုးရေစက်တွေ အေးမြနေတာပဲ”
ချစ်သူက ပါးစပ်ကလေး ဟကာ ရွှန်းပသော မျက်နှာနှင့် ကောင်းကင်ကို မော့ကြည့်နေသည်။ သူက ချစ်သူ့ပခုံးကို တင်းကြပ်စွာ ဖက်ထားသည်။ နှစ်ယောက်လုံး မိုးစက်တွေနှင့် အေးစိမ့်ကာ ခိုက်ခိုက်တုန် လာသည်။ ချစ်သူကတော့ မြူးကြွ ရွှင်လန်းစွာ ရယ်နေတော့သည်။
စိုစွတ်သော ကိုယ်နှင့် ချစ်သူကို မှောင်ရီသန်းမှ အဆောင်အရောက် ပြန်ပို့ခဲ့ရသည်။ ချစ်သူများ အအေးပတ် သွားနေမလားလို့ သူ စိုးရိမ်ခဲ့ရသည့် ဖြစ်ခြင်း။
တစ်ခါတုန်းကလည်း သူတို့ ကျောင်းပိတ်၍ ခွဲရခါနီး ချစ်သူက မေးသည်။
“မိန်ကလေး တစ်ယောက်တည်း ဘာလို့ သန်းခေါင်ညရဲ့ အလှအပကို မခံစားနိုင်တာလဲ။ ဘယ်သောခါရော အဲဒီ အခွင့်အရေး မလေး ရနိုင်မလဲ ကိုရယ်”
သူသည် ချစ်သူ မေးခွန်းကို ဖြေဖို့ ဝန်လေး လိုက်မိသည်။ ဖြေစရာစကား မရှိ၍ မဟုတ်၊ ချစ်သူနှင့်များ အယူအဆ ဆန့်ကျင်ဘက် ဖြစ်မှာကို သူကြောက်သည်။ ကြိုးစား၍ သူဖြေသည်။
“သဘာဝက မြူးကြွ လှပလာတဲ့အခါ လရောင်နဲ့ နိုးကြားနေတဲ့အခါ လူတွေလဲ အိပ်ပျော်နေရင် ကောင်းတာပေါ့၊ မလေးတစ်ယောက်တည်း နိုးနေမှ အန္တရာယ်ကင်းမှာ၊ လရောင်ကသာ သန့်စင်တာ၊ သူ့ရောင်ခြည်အောက်မှာ ဖြတ်သန်း လျှောက်နေတဲ့ လူတွေ နှလုံးသားကတော့ ရောင်စုံပဲ၊ ဒီတော့ သန့်စင်သော ညရယ်လို့ ဘယ်ရှိပါ့မလဲ၊ လူဆိုတာ ပဋိသန္ဓေစိတ်နဲ့ အတူ ဝိညာဉ်လေး အမိဝမ်းမှာ ဖြစ်လာကတည်းက အာရုံကို လက်ခံတဲ့ ဌာန ခြောက်ခု ပါလာတာ၊ မွေးဖွားပြီးတော့ သေတဲ့အထိ အာရုံကို လက်ခံတဲ့နေရာ ခြောက်ခုနဲ့ အာရုံတွေ တွေ့ကြတိုင်း လောဘ၊ ဒေါသ၊ မောဟတွေ အနည်းနဲ့အများ ဖြစ်လာတာပဲ။ မလေးတောင် လရောင်ကို မြင်တော့ မြတ်နိုးတဲ့ လောဘကြောင့် ဒီလရောင်အောက်မှာ လျှောက်ချင်တဲ့ ဆန္ဒ ဖြစ်လာတာ၊ ဒီဆန္ဒက ဘယ်သူမှ ဒုက္ခ မပေးလိုတဲ့ ဆန္ဒလေ၊ ညပျော်လူတွေရဲ့ စိတ်မှာ မလေးလို သန့်စင်တဲ့ ဆန္ဒ ရှိချင်မှရှိမှာ၊ ဒါကြောင့် ညဥ့်ငှက်နဲ့ ညပျော်လူတွေ ညဥ့်ကျမှ သောင်းကျန်းတာ”
“သောင်းကျန်းတယ် ဆိုတဲ့ စကားလုံး မသုံးပါနဲ့ ကိုရယ်၊ ညဥ့်ရဲ့ အလှပျက်တယ်”
ချစ်သူက ရွှန်းလက်သော မျက်လုံးမှာ သောကရိပ်တွေ ဝေကာ လက်ကလေး တခါခါနှင့် ပြောသည်။
ဒီလိုနှင့် စာသင်နှစ်တွေ ပြီးဆုံးလာခဲ့သည်။ ချစ်သူ မိဘတွေ ကန်တော်ကြီးစောင်းကို ပြောင်းရွှေ့ လာသည်။ သူကတော့ ကမ္ဘာအေးလမ်းပေါ်က ယခုအိမ်မှာပဲ ရှိသည်။
ခဏခဏ ဆိုသလို ချစ်သူအိမ်ကို သွားလည်၍ တွေ့ဆုံခွင့်ရသည်။ သူက အရာရှိလေး တစ်ယောက် ဖြစ်သည်။ ချစ်သူထံမှ ဘယ်သောအခါ လက်ထပ်ကြမည် ဆိုသော ဆုံးဖြတ်ချက်ကို သူ စောင့်မျှော်နေသည်။
“မလေးတို့ ည လမ်းလျှောက်ရအောင်”
ဆိုသည်။ ချစ်သူ၏ ဆန္ဒကို လိုက်လျော ရမည်ပဲပေါ့။ သို့သော် ချစ်သူ၏ မိဘများက ဧည့်ခန်းတွင် သမီး၏ ချစ်သူနှင့် သမီးကို စကားပြောခွင့် ပေးပြီးပြီပဲ။ ညမှာ လမ်းလျှောက်ခွင့်တော့ မပေးဟု ဆိုသည်။
“ကိုကို ကြောက်သလား၊ မလေး ည ၈ နာရီလောက် အိပ်ခန်းထဲ ဝင်အိပ်မယ် ဆိုပြီး ဆင်းလာမယ်၊ ကိုကို ခြံပြင်က စောင့်နေ”
ချစ်သူကတောင် သတ္တိရှိမှ သူက ဘာလို့ မလာရဲရမှာလဲ။
“ချစ်သူ လာသောညက ငွေလ သာပါသည်” ဆိုသော သီချင်းလေးလိုပင် ဒီညက လမင်းသာ ပါသည်။ သစ်ရွက် မြရောင်တွေပေါ်မှာ ငွေရည်နက်တွေ ဖိတ်ဖိတ်လက် နေသောည။ မြေပြင်တွင် သစ်ရွက်ကြိုကြားက လျှောကျလာသော လရောင်ကွက်များ သူရပ်နေသော သစ်ပင်ရိပ်အောက်ကို ဝင်ရောက်လာသည်။ သူသည် ချစ်သူ၏ ပူနွေးလော လက်ကို ဆုပ်ကိုင်လိုက်သည်။ ချစ်သူ၏ပါးကို ဖွဖွနမ်းကာ သစ်ပင်ရိပ်မှ ထွက်လာခဲ့သည်။ ပြီးတော့ သူတို့နှစ်ယောက် ကန်စပ်လမ်းကို လျှောက်လာကြသည်။
ကန်သာပြင်မှာ မြရည်နုက ပျော်ဝင်လျက် ရှိသည်။ လမင်းရိပ်က အတွန့်အတွန့်နှင့် ကန်ထဲမှာ ရှည်လျားစွာ လူးလွန့်နေသည်။ ညဦးလေသည် သူတို့အပါးမှ ဖြည်းညင်းစွာ ရွေ့လျားသွားသည်။
ချစ်သူက စကားမပြော။ သူကလည်း နားလည်ပါသည်။ ချစ်သူက ညဥ့်အလှကို ခံစားနေဆဲ။ သူ အနှောင့်အယှက် မပေးချင်။ ညပန်းပွင့် ရနံ့တွေထက် ချစ်သူ ကိုယ်ရနံ့ မွှေးပျံ့ပျံ့က ပိုလို့ သင်းနေသည်။ လရောင်ဖြင့် ရွှန်းပသော ချစ်သူ မျက်လုံးနှင့် ဝင်းပသော မျက်နှာကို သူ ငေးမော ကြည့်ရှုနေမိသည်။ သူ့ကိုမှ ချစ်သူ သတိရပါစ။
“ဟေး ...”
အသံတွေကြောင့် သူ လန့်သွားသည်။ ချက်ချင်း ချစ်သူလက်ကို သူ မြဲမြဲဆုပ်လိုက်၏။
“တို့ကိုလဲ ပေးရမယ်”
သူတို့ရှေ့မှာ ယောကျ်ား သုံးယောက်။ သူ အခြေအနေကို ချက်ချင်း နားလည်လိုက်သည်။
“မလေး ပြန်မယ်” သူက ချစ်သူလက်ကို ဆွဲ၍အလှည့် လူသုံးယောက် ကြမ်းတမ်းစွာ ဝင်လာသည်။
“ဘာရမလဲကွာ၊ လာ ... ဒီနေရာမှာ သာတူညီမျှ ခံစားရမှာပေါ့၊ မင်း တစ်ယောက်တည်း အပိုင်မစီးချင်နဲ့”
ချစ်သူလည်း အခြေအနေကို ချက်ချင်း ရိပ်မိသွားသည်။ ပြေးဖို့ ပြင်သည်။ သူကတော့ သူ့မျက်နှာပေါ် ကျရောက်လာသော လက်သီးကို ပြန်လည် ခုခံရင်း ချစ်သူကို လက်ဖြုတ် လိုက်ရသည်။
သူတို့ သတ်ပုတ်နေဆဲ ချစ်သူ အသံကို ကြားနေရသည်။
“ကျွန်မ ... မဟုတ်ဘူး၊ ကျွန်မ ဒီလိုမိန်းမ မဟုတ်ဘူး”
ယက်ကန် ယက်ကန် ရုန်းရင်း လူနှစ်ယောက် လက်ထဲ ပါသွားသော ချစ်သူနောက်ကို သူ အပြေးလိုက်သည်။ ပြင်းထန်သော အရာတစ်ခု သူ့ခေါင်းပေါ် ကျရောက်ပြီး သူ လဲကျသွားသည်။
◾
“ဒီလို နေရာမျိုးမှာ မိန်းကလေးတစ်ယောက် ညဥ့် လမ်းလျှောက်ချင်တယ် ဆိုဦး၊ အန္တရာယ် ဘယ်လောက်ကြီးတယ်ဆိုတာ မင်း သိဖို့ကောင်းတယ် မင်းကိုက ညံ့လွန်းပါတယ်”
သတိ ပြန်လည်ရလာပြီး တစ်ပတ်လောက်ကြာတော့ ဖေဖေက သူ့ကို ပြောပြ၏။ ဖေဖေ ပြောသော စကားကို ခုတင်ပေါ်လှဲရင်း နားထောင် နေစဉ်မှာတောင် ခေါင်းက နာကျင်သော ဝေဒနာကို ခံစားနေရသည်။
“တို့ကို ရဲက လာအကြောင်းကြားတော့ မင်းကော မိန်းကလေးရော ဆေးရုံ ရောက်နေပြီ။ ဒီလူတွေကို ရဲက ဖမ်းမိတယ်။ မင်းခေါင်းက ဒဏ်ရာက ဦးနှောက်ထဲ သွေးယိုရင် သေနိုင်လို့ ခုထိ စိတ်မချလို့ ဆေးရုံက မဆင်းရတာ၊ မင်း သတိမရတာ တစ်ပတ်လောက် ကြာသွားတယ်”
ဘုရား ... ဘုရား။ ဖေဖေ့ကို သူ မျက်ခွံများ အားယူမ၍ ကြည့်ရသည်။ သူ့ ခန္ဓာကိုယ်က ကောင်းကောင်း မလှုပ်နိုင်။ နားထဲမှာ “ကျွန်မ မဟုတ်ဘူး” ဆိုသော ချစ်သူ၏ အော်သံ၊ လူနှစ်ယောက် ချစ်သူကို တရကြမ်း ဆွဲသွားသော ပုံရိုင်း။ သူ့မျက်စိထဲက မပျောက်။
အမယ်လေး ... ဘယ်လိုများ ဖြစ်သွားပါလိမ့်။
“မလေးကော ဖေဖေ”
“သူ့ အိမ်မှာပေါ့၊ ဆေးရုံကနေ သူ့ မိဘတွေက ခေါ်သွားတယ်၊ မင်းသွားလို့ မရသေးဘူး၊ ဆရာဝန်က ဆေးရုံက ဆင်းခွင့် မပေးသေးဘူး၊ ခွင့်ရတော့ သွားကြည့်”
သူ့ ခေါင်းက အာရုံကြော ထိသွား၍လား မသိ။ ညာခြေတစ်ဖက်က ကောင်းကောင်း လှုပ်မရ။ ဆရာဝန်က တဖြည်းဖြည်း ကောင်းလာမည် ဆိုသည်။
သတိမရဘဲ နေတာက ကောင်းသေး၊ သတိရလာမှ ညည အိပ်မရ။ အိပ်ပျော်လုဆဲမှာ ချစ်သူ အော်သံကိုသာ ကြားရင်း လန့်နိုးခဲ့ရသည်။
ခြေထောက်ဒဏ်ရာ သက်သာတော့ ချိုင်းထောက်နှင့် မလေးဆီ ရောက်ခဲ့သည်။
မလေးသည် အိပ်ရာပေါ်မှာ မလှုပ်။ သူ့ကို ပြူးကျယ်သော မျက်လုံးများနှင့် လှမ်းကြည့်သည်က လွဲ၍ စကားမပြော။ မျက်ဝန်းရိပ်မှာ နာကြည်းမှုက လွဲ၍ မက်ရည်စ မတွေ့။
သူ နားလည်ပါသည်။ သူ့ကို နာကြည်းခြင်းမဟုတ်၊ မလေး ဘာဖြစ်သွားသည်ကို သူမတွေးရဲ၊ အရိုးရုပ်လေးတစ်ခု အိပ်ရာဖြူဖြူ ပေါ်မှာ မလှုပ်မယှက်။
ပန်းကလေးတစ်ပွင့် တစ်စစီ နင်းချေ ပြတ်လွင့်သွားသည်။ ဘယ်လောက်များ ထိတ်လန့်ဖွယ် ကြုံခဲ့ရပါလိမ့်။ လှပသောညဥ့်မှာ စက်ဆုပ် ရွံရှာဖွယ် ကြမ်းတမ်း ရက်စက်သော အဖြစ်၊ ဒါကို မလေး နာကြည်းရှာမည်။
သူ့ကို မလေးအပါးမှ မလေး အဖေက ဆွဲခေါ်သွားသည်။
“အဲဒီညကတည်းက အိမ်ပြန်ရောက်လာတော့ စကားလဲ မပြောဘူး၊ အစာလဲ မစားတော့ဘူး”
ချစ်သူ ဖေဖေ၏ ပြောစကားတွေ သူ့နားကို မကြားတစ်ချက် ကြားတစ်ချက်။ မကြာပါချေ၊ မလေးသည် လူ့လောကမှ ထွက်ခွါသွားသည်။ ဟုတ်ပါသည်။ ကိုယ်ကြမ်း စိတ်ကြမ်းတွေနှင့် ပြွမ်းနေသော လောကကြီးက ချစ်သူနှင့် မတန်။
လမင်းအောက်မှာ မှောင်အတိကျနေသော ညများအကြောင်းကို ချစ်သူအား သူ မပြောမိ။ ဒါက သူ့အပြစ်။
ပုလဲ နှင်းရည်စက်များဖြင့် ပြိုးပြက်သော လရောင်ခြည်အောက်မှာ ပန်းများပွင့်ကြမည်ဟု ချစ်သူ ထင်ခဲ့သည်။ ပန်းရနံ့ သင်းပျံ့သော ညင်းလေပြည်ကို ချစ်သူ နှစ်သက်ခဲ့သည်။
ချုပ်ငြိမ်း အေးမြခြင်း အပြည့်ရှိသော ပန်းများပွင့်သော ညဥ့်ကို ချစ်သူ တောင့်တရှာခဲ့သည်။ အလှတရားကိုသာ သူ မြတ်နိုး ရှာဖွေရင်း ချစ်သူ ခရီးရှည် ထွက်ခဲ့ပြီ။
တမလွန်မှာရှိ ချစ်သူ ချစ်သော ညများသည် လွတ်လပ်ခြင်းနှင့် ငြိမ်းချမ်းခြင်း အတူ ရှိကောင်းပါရဲ့။
ခင်နှင်းယု
ကလျာ၊ ဇန်နဝါရီ၊ ၁၉၉၃။


☺️
ReplyDelete