၁၉၅၅ ခုနှစ်မှ ၁၉၆၀ ခုနှစ်အထိ ကျွန်တော်နေခဲ့သော ရွာကလေးတွင် ဖြစ်ပါသည်။ ဤရွာကလေးသည် ရန်ကုန်မြို့မှ ၇ မိုင်ကွာ ပြည်လမ်းမကြီး၏ အရှေ့ဘက် ချောင်ကျကျ (ယခုခေတ် ‘ပျံကျ’ များနေကြသော ကွက်သစ်မျိုးမဟုတ်) ရှေးခေတ်က ရွာဟောင်းဖြစ်၍ ပကတိတောရွာအတိုင်းပင် တစ်အိမ်နှင့်တစ်အိမ် ရင်းနှီးခင်မင်ကြသည်။ တစ်အိမ်က သတင်းစကားကို တစ်အိမ်က ချက်ချင်း နားပေါက်တတ်သည်။ တစ်ရွာလုံးတွင် အချင်းချင်း ဆွေရိပ်မျိုးရိပ် မကင်းကြသည်က များသည်။
တစ်ရံရောအခါဝယ် နတ်တလင်းမြို့မှ ဧည့်သည်များ ကျွန်တော့်အိမ် ရာက်လာရာ သူတို့ဆီတွင် အလွန်တရာပေါသော ဒန့်သလွန်သီး ၁၀၀ စည်း တစ်စည်းပါလာသည်။ ဤအချိန်ဝယ် နတ်တလင်းမြို့မှာ ဤတစ်ရာစည်းသည် နှစ်ကျပ်မျှဖြစ်သော်လည်း ကျွန်တော်တို့ဆီမှာ တစ်တောင့် ဆယ်ပြား၊ တစ်မတ် သုံးတောင့်မျှသာ ရသေးသည်။ သို့သော် ဤမျှများပြားသော ဒန့်သလွန်သီးတွေကို ကျွန်တော့်အိမ်တွင် ဘာလုပ်ရပါမည်နည်း။ စိတ်ကူးရသည်နှင့် တစ်ခါ နှစ်ခါချက်မျှ ၁၅ တောင့်သာဖယ်ထားပြီး ကျန် ၈၅ တောင့်ကို လက်ဆွဲခြင်းထဲထည့်ကာ ဈေးသို့သွားရန် ရွာရိုးသို့ထွက်ခဲ့သည်။
ပထမဆုံး အိမ်ရှေ့ မျက်စောင်းထိုးအိမ်မှ သန်းသန်းက “ကိုဆွေ… လက်ဆွဲခြင်းထဲက ဘာတွေလဲ၊ ဘယ်သွားမလို့လဲ”
“ဒန့်သလွန်သီးတွေဗျာ… ဧည့်သည်တွေယူလာတာ အိမ်မှာများနေတာနဲ့ ဈေးသွားရောင်းမလို့”
“ဒါဖြင့် လာစမ်းပါဦး”
သူ့အိမ်ရှေ့ ကပြင်ပေါ် လက်ဆွဲခြင်းချလိုက်တော့ သူက…
“ဘယ်လို ရောင်းသလဲ”
“ဈေးမှာ ပေါက်ဈေးပေါ့ဗျာ၊ တစ်တောင့် ၁၀ ပြား၊ တစ်မတ် သုံးတောင့်ယူပေါ့”
“လေးတောင့် ထားပါလားရှင့်၊ ကိုယ့်ရွာသားချင်းပဲ”
“ယူဗျာ”
သူ့အိမ်မှာထွက်ခဲ့ရာ ကျွန်တော်တို့ကို လှမ်းကြည့်နေသော နောက်တစ်အိမ်မှာ ဒေါ်ကြည်စုက..
“စာရေးဆရာကြီး လက်ဆွဲခြင်းထဲက ဘာတွေလဲဗျ၊ လာစမ်းပါဦး…”
“ဧည့်သည်တွေယူလာတဲ့ ဒန့်သလွန်သီးတွေဗျာ… ဈေးသွားရောင်းမလို့”
သူ့အိမ်ရှေ့ရောက်တော့…
“ဘယ်လိုရောင်းသလဲဗျ”
“တစ်မတ် သုံးတောင့်ဆိုတော့ ဟော့ဟို… သန်းသန်းက လေးတောင့်ဆစ်တာနဲ့ လေးတောင့်ပဲ ပေးခဲ့တယ်”
“ဟာ…. ကျွန်တော်တော့ ငါးတောင့်ပေးဗျာ”
“ယူဗျာ”
သူ့အိမ်မှ ပြန်ထွက်ခဲ့၏။ နောက်တစ်အိမ်က လှမ်းခေါ်ပြန်၏။
“ဘာတွေတုန်း ဦးသော်တာရေ့”
“ဒန့်သလွန်သီးတွေဗျ၊ မအေးသာရဲ့”
“ရောင်းဖို့လား”
“အစစ်ပေါ့ဗျာ”
“လာစမ်းပါဦး၊ ဘယ်လိုရောင်းသလဲ”
“ဟော့ဟို… ဒေါ်ကြည်စုက ငါးတောင့်ဆစ်လို့ ငါးတောင့်ပဲ ပေးခဲ့တယ်ဗျ”
“ဟာ… ကျုပ်တော့ ခြောက်တောင့်ပေးတော်”
“ယူဗျာ”
တစ်အိမ်နှင့်တစ်အိမ် လှမ်းမြင်နေရသည်ဖြစ်၍ နောက်တစ်အိမ် ဒေါ်စိန်ဥက လှမ်းခေါ်ပြန်၏။
“ဆရာကြီး ဘယ်ကများ ဒန့်သလွန်သီးတွေ ရခဲ့တုံး”
“နတ်တလင်းက ဧည့်သည်တွေ ယူလာတာဗျ”
“ဒါနဲ့များ လျှောက်ရောင်းနေရသေးလား၊ အလကားပေးရောပေါ့ ဟဲ… ဟဲ…”
“ယူလေဗျာ… ဘယ်နှတောင့် ယူမတုံး”
“အလကား ပြောတာပါရှင်၊ သူများလိုပဲ ဝယ်ရမပေါ့၊ ဘယ်လိုရောင်းတုံး”
“မအေးသာက တစ်မတ် ခြောက်တောင့်ဆစ်လို့ ခြောက်တောင့်ပဲ ပေးခဲ့တယ်”
“ကျုပ်တော့ ခုနှစ်တောင့် ပေးတော်…”
“ယူဗျာ”
ဒေါ်စိန်ဥအိမ်မှအထွက် နောက်တစ်အိမ် မလေးနွယ်က ခေါ်၍…
“အောင်မယ်လေး စာရေးဆရာကြီးက ဒန့်သလွန်သီးတွေ လျှောက်ရောင်းနေတယ်၊ ခေါင်းပုံဖြတ် အမြတ်ကြီးစား ဖြစ်နေရောပေါ့”
“ရောင်းသူနဲ့ဝယ်သူနှစ်ဦး သဘောတူရောင်းကြ ဝယ်ကြတာပဲဗျာ၊ ခေါင်းပုံဖြတ်တယ် အမြတ်ကြီးစားတယ်ထင်ရင် မဝယ်ချင်နေပေါ့”
“အောင်မယ်လေး… ဝယ်ပါ့မယ်ရှင်၊ ဘယ်လိုရောင်းလဲ”
“တစ်မတ် ခြောက်တောင့်ဆိုတာကို ဟောဟို လောဘကြီးတဲ့ ဒေါ်စိန်ဥကြီးက ခုနှစ်တောင့်ဆစ်လို့ ခုနှစ်တောင့် ပေးခဲ့တယ်ဗျ”
“ဟီး… ဟီး… ကျွန်မတော့ ရှစ်တောင့်ပေးတော်”
“ယူဗျာ”
ယင်းသို့လျှင် ကျွန်တော်သည် တစ်အိမ် တစ်တောင့်တိုးနှင့် ဆစ်တိုင်းပေးခဲ့ရာ နောက်ဆုံး ခင်ငြိမ်းကြည် အိမ်တွင် ၁၃ တောင့်နှင့် ကိစ္စပြတ်၍ လက်ဆွဲခြင်း ခေါင်းစွပ်ကာ အိမ်သို့ပြန်လာခဲ့ပါတော့သည်။ ကျွန်တော်သည် ၁၀ အိမ်ရောင်းခဲ့ရာ ၁၀ မတ်ရခဲ့၍ ၎င်းမတ်စေ့လေးတွေ ထပ်ပြီး စားပွဲပေါ် တင်ထားလိုက်ပါသည်။
မကြာမီ ပထမဦးဆုံး ဈေးဦးပေါက် သန်းသန်းရောက်လာကာ စတင် ရန်တွေ့တော့သည်။
“ကိုဆွေ… ကျွန်မတော့ တစ်မတ် လေးတောင့်ပေးခဲ့ပြီး ဒေါ်ကြည်စုအိမ်ကျတော့ ငါးတောင့်ပေးသွားဆို”
ဒုတိယ ဒေါ်ကြည်စု ရောက်လာပြန်ကာ…
“ဆရာကြီး… ကျွန်တော့်တော့ ငါးတောင့်ထဲပေးပြီး မအေးသာအိမ်တော့ ခုနှစ်တောင့်ပေးသွားတယ်ဆို”
တတိယ မအေးသာ…
“ဒီမှာရှင့်… ကျွန်မတော့ ခြောက်တောင့်ထဲပေးပြီး မအေးသာအိမ်တော့ ခုနှစ်တောင့်ပေးသွားတယ်ဆို”
စတုတ္ထ ဒေါ်စိန်ဥ…
ဒီမှာ… ကျုပ်တော့ ခုနှစ်တောင့်ပေးပြီး မလေးနွယ်တော့ ရှစ်တောင့် ပေးသွားတယ်၊ စာရေးဆရာလုပ်နေပြီး တရားသလား”
“ဟောဗျာ”
ကျွန်တော်သည် ဤသို့ တစ်ယောက်ပြီးတစ်ယောက် လာရန်တွေ့ကြသည်ကို နောက်ဆုံး အများကြီးရသွားသော ခင်ငြိမ်းကြည်မှတစ်ပါး ဒုတိယ နောက်ဆုံး မခင်ရွှေရောက်လာသည်အထိ ထိုင်နားထောင်ပြီးနောက်…
“ကဲ… ဒေါ်ဒေါ်တို့၊ မမတို့၊ ကျွန်တော် တစ်ယောက်စီ ရှင်းပြပါရစေ။ ပထမဦးဆုံး မသန်းသန်း၊ ကျွန်တော်က တစ်မတ် သုံးတောင့်ဆိုတာကို ခင်ဗျားက လေးတောင့်ဆစ်လို့ လေးတောင့်ပဲ ပေးခဲ့တယ်။ ခင်ဗျားကျေနပ်လို့ ခင်ဗျား ယူထားလိုက်တယ်…။
“ဒုတိယ ဒေါ်ကြည်စုက ကျွန်တော်က သန်းသန်းအိမ်မှာ လေးတောင့်ဆစ်လို့ လေးတောင့်ပဲ ပေးခဲ့တယ်။ ခင်ဗျားပဲ လေးတောင့်ယူပါဆိုတာကို ခင်ဗျားက ငါးတောင့်ပေးပါဆိုလို့ ကျွန်တော်က ငါးတောင့်ပဲ ပေးခဲ့တယ်…။
“တတိယ မအေးသာ၊ ဒေါ်ကြည်စုမှာ ငါးတောင့်ပေးခဲ့တယ်ဆိုတာကို ခင်ဗျားက ကျုပ်တော့ ခြောက်တောင့်ပေးပါဆိုလို့ ကျွန်တော် ခြောက်တောင့်ပေးခဲ့တယ်…။
“ကဲဗျာ… တစ်ယောက်စီပြောနေ ရှည်ပါတယ်။ ခင်ဗျားတို့ ဆစ်တိုင်းပဲ တစ်အိမ် တစ်တောင့်တိုး ကျွန်တော် ပေးခဲ့တယ်။ အဲဒါ ခင်ဗျားတို့က ကျွန်တော့်ကို ခုမှဝိုင်းပြီး မကျေနပ်ကြဘူးဆိုတော့ ကျွန်တော် ဘယ်နှယ့်လုပ်ရမလဲ”
“ရှင့်ဟာက ဘုရားတကာ ရန်တိုက် လုပ်တာကိုတော့”
“အောင်မယ်… အောင်မယ်… ဘယ့်နှယ် ဘုရားတကာ ရန်တိုက်တုန်းဗျ။ ခင်ဗျားတို့ဆန္ဒအရ ခင်ဗျားဆစ်တိုင်း ကျွန်တော်ပေးခဲ့တာပဲဗျာ။ ကဲ… ဒီမှာ ဒေါ်စိန်ဥ၊ ခင်ဗျားကို ကျွန်တော် အလကားယူလည်း ပေးမယ်လို့ ပြောခဲ့တယ် မဟုတ်လား”
သူတို့ ခေတ္တမျှ တွေနေကြပြီးနောက် မအေးသာက…
“ဆရာ့ဟာက ဒီလိုလုပ်ဖို့ မကောင်းဘူး၊ တကယ်ဆို တစ်မတ်ခြောက်တောင့်ဖြင့် ခြောက်တောင့်၊ ခုနှစ်တောင့်ဖြင့် ခုနှစ်တောင့် အညီအမျှစီ ရောင်းဖို့ကောင်းတယ်”
“အယ်… ဒီလိုဆိုလည်း လွယ်ပါတယ်ဗျာ၊ ကဲ ကဲ အားလုံး ပြန်ယူခဲ့ကြ၊ ခင်ဗျားတို့အားလုံး သဘောတူတဲ့ဈေး ဖြစ်ရစေ့မယ်၊ ပြန်ပြီး ဝေမျှပေးရမယ်”
ဤတွင် တစ်မတ်ဖိုး ၁၀ တောင့်၊ ၁၂ တောင့် ရသူတွေက မခံနိုင်။
“အောင်မယ်… အောင်မယ်… ဒီလိုတော့လည်း ဘယ်ပြန်လုပ်နေနိုင်တော့မလဲ၊ ကျွန်မတို့အိမ်မှာ ချက်ဖို့ တုံးတစ်တောင် ပြီးခဲ့ပြီ”
“ကဲ… မဟဝှာတို့၊ ခင်ဗျားတို့ ကြားကြတဲ့အတိုင်းပါပဲဗျာ…၊ ကျွန်တော် ဘာတတ်နိုင်တော့သနည်း”
အားလုံး တွေဝေစဉ်းစားနေကြရင်း အနည်းဆုံးရလိုက်၍ သူအနစ်နာဆုံးထင်နေသော သန်းသန်းက…
“ကိုဆွေရယ်.. ကျွန်မတော့ လေးတောင့်ထဲ ရလိုက်တာ၊ ပိုက်ဆံတောင် ပြန်ပေးဖို့ကောင်းတယ်”
“ဟာ… ဟုတ်ပေ့ ဒေါ်သန်းသန်းရေ၊ ရော့… ရော့ ခင်ဗျာ့ပိုက်ဆံပြန်ယူဗျာ”ဟု သူ့ပိုက်ဆံတစ်မတ်ကို ပြန်ပေးလိုက်၏။ ယင်း၌ ဒေါ်ကြည်စုက…
“ကျုပ်လည်း ငါးတောင့်ထဲဟာ ပိုက်ဆံပြန်ပေးဗျာ”
“ရော့ဗျာ”
ဤတွင် မအေးသာကလည်း…
“ကျွန်မလည်း ပြန်ပေးတော်”
“ကဲ… ကဲ… ရော့… ရော့ အားလုံးပြန်ယူကြ၊ ခင်ငြိမ်းကြည်ပါ ပြန်ပေးမယ်၊ ဒါမှ အေးမယ်” ဆိုပြီး သူတို့ပိုက်ဆံအားလုံးကို ပြန်ပေးလိုက်သည်။
သို့တိုင် မအေးသေးချေ။ အလကားရတာချင်း အတူတူ သူ့တော့များတယ်၊ ငါ့တော့ နည်းတယ်နှင့် ပွစိ ပွစိ လုပ်နေကြသေးသဖြင့် ကျွန်တော်က…
“တကတည်းဗျာ… ‘လူ့အလို နတ်မလိုက်နိုင်’ ဆိုတဲ့ စကားသာ ကြားဖူးပါတယ်၊ ခုတော့ ‘လူ့အလို သော်တာဆွေ မလိုက်နိုင်’ဆိုတာ ဖြစ်နေပြီ”ဟု ပြောလိုက်တော့ အင်မတန် နတ်ကိုးကွယ်သော ဒေါ်စိန်ဥက…
“အောင်မယ်… သူကပဲ နတ်ထက် ကြီးကျယ်နေသလိုလို”
“အောင်မယ်…. ကျုပ်က ဘာလို့ နတ်ထက် မကြီးကျယ်ရမှာတုံးဗျ၊ ကဲ… ဘယ်နတ်များ ခင်ဗျားတို့ကို ဒန့်သလွန်သီးတစ်တောင့် အလကားပေးဖူးသလဲ၊ ပြောစမ်းပါဦး”
ယင်းမှ သူတို့သည် ပြုံးစိစိနှင့် ပြန်သွားကြကုန်သတည်း။
(၁၉၆၉၊ ဇွန်လ ဖြူနီညိုပြာ)
□


Comments
Post a Comment