၁၉၅၄ ခုနှစ်တွင် ယခု ကျွန်တော့်ဇနီး မေနှင့် အိုးသစ်အိမ်သစ် တည်ထောင်လိုက်ကြသည်။ တစ်အိမ်နှင့်တစ်အိမ် နံရံချင်း ပြတင်းပေါက် ဖွင့်သာရုံလောက် ကွာသော ရပ်ကွက်မျိုးမှာ နှစ်ပေါင်းများစွာနေခဲ့သော ကျွန်တော်သည် ထိုနေရာမျိုးတွင် ငြီးငွေ့လှပြီဖြစ်၍ မြို့ဆင်ခြေဖုံးသို့ ထွက်ခဲ့သည်။ ပြည်လမ်း ၇ မိုင်တွင် အတွင်းဘက်ကျသော ရွာတန်းရှည်ခေါ် ရွာအိုလေးမှာ တစ်လအစိတ်ပေးရသော သုံးပင်နှစ်ခန်း အိမ်ကလေးကို ငှားရမ်းနေလိုက်သည်။ အိမ်ကလေးက ရရာသစ်သားနှင့် ဖြစ်သလိုဆောက်ထား၍ နုံချာလှသော်လည်း ခြံဝင်းက ကျယ်လှသည်။ ဒါသည် ကျွန်တော်တို့ အကြိုက်၊ တောစရိုက်အတိုင်း ကြက် ဘဲ မွေးမည်။ အသီးအပင် စိုက်မည်။
မေကလည်း ရှမ်းပြည် တောင်ကြီးမြို့တွင် ခြံဝန်းကျယ်ကျယ်နှင့် နေခဲ့၍ သူတို့အိမ်မှာလည်း ကြက် ဘဲ မွေးမြူခဲ့သည် ဖြစ်သောကြောင့် တိရစ္ဆာန်မွေးမြူရန် သဘောတူကြသည်။ သို့သော် တိရစ္ဆာန်မွေးတာချင်း သဘောတူကြသော်လည်း တိရစ္ဆာန်အပေါ်ထားသော သဘောထား၌ကား သူနှင့် ကျွန်တော် ကွဲပြားကြလေတော့သည်။
သူ မွေးဖွားကြီးပြင်းခဲ့သော မိသားစုမှာ တောင်ကြီးမြို့ပေါ်တွင် ခေတ်ပညာတတ် လခကြီးစား ခရစ်ယာန်ဘာသာဝင်များ ဖြစ်ကြသည်။ သူတို့အိမ်က တိရစ္ဆာန်များကို အသီးသီး ချစ်စနိုး နာမည်များပေး၍ အချစ်တော်များအဖြစ်နှင့် မွေးမြူကြသည်။ ယုယကြင်နာစွာ ပြုစုကြသည်။
ကျွန်တော်ကား မြစ်မနီး၊ ရေဝေး အင်မတန် ပူပြင်းခြောက်သွေ့သော ကျေးလက်တောရွာမှ အေ (A) ရေးပြ၍ လှည်းထောက်ခွလားဆိုသည့် လယ်သမားမိသားစုမှ ပေါက်ဖွား ကြီးပြင်းခဲ့ရသူ ဖြစ်ပါ၏။ ကျွန်တော်တို့တွင် တိရစ္ဆာန်ကို ချစ်စနိုးမွေးမည့် ဓလေ့မရှိပါချေ။ အိမ်ရှိကြောင်ကအစ ကြီးလျှင် စားဖို့လောက် သဘောထားသည်။ တိရစ္ဆာန်တို့အား နာမည်လည်း ဖွယ်ဖွယ်ရာရာ ပေးလေ့မရှိဘဲ ခွေးများကိုသာ ကျားလျှင် ကုပ်ကြား၊ ညိုလျှင် မျောက်ညို၊ ပုလျှင် ဒေါက်တိုလောက်သာ ခေါ်တတ်ကြပါသည်။
ဟောဗျ… မရွှေမေကတော့ ကျွန်တော် ပထမဦးဆုံး မ တည်ရန် ဝယ်လာခဲ့သော ကြက်မနှစ်ကောင်အား တစ်ကောင်ကို ‘မဂျူး’၊ တစ်ကောင်ကို ‘မိစန်း’ ဟု နာမည်ပေးလိုက်ပါကရောလား။ မဂျူးက သူ့အစ်မတဲ့ဗျ၊ သူ့မိစန်းက ကျောင်းမှာတုန်းက သူ့အချစ်ဆုံး သူငယ်ချင်းတဲ့ဗျ၊ သူတို့ချင်းခေါ်တဲ့ အတိုကောက်နာမည်တွေကို အမှတ်တရ မှည့်ခေါ်တာတဲ့ဗျ။ သည်တော့ ကျွန်တော် ဒီကြက်မတွေ ရိုက်ချက်စားချင်ရင် အခက်မတွေ့ပါလား၊ သည်နောက် ရောက်လာသော ခွေးများ ကြောင်များလည်း နာမည်အသီးသီးနှင့် ဖြစ်ကရောခင်ဗျာ့။
မေသည် တိရစ္ဆာန်နာမည်ပေး အလွန်ဝါသနာပါ၏။ အိမ်မှာ ကြောင်မကလေး မွေးအံ့။ အထီးအမ ကြည့်ပြီးသကာလ တစ်ခါတည်း နာမည်ပေးတော့၏။ တစ်ကြိမ်သောအခါ၌ ကျွန်တော်တို့အိမ်မှာ ကြောင်တွေ အစိတ်သုံးဆယ်လောက် ရှိခဲ့ဖူးသည်။ နာမည်အသီးသီးနှင့် သူ့ကြောင်တွေနာမည် သူပဲ မှတ်မိသည်။ ကျွန်တော်ကား ကြောင်မကြီး လေးငါးကောင်က လွဲပြီး မသိတော့ချေ။ သူ့ကြောင်များကလည်း ကိုယ့်နာမည်ကိုယ် အသီးသီး သိကြသည်။ ခေါ်လျှင်ထူးဖော် လာဖော်ရသည်။ သည်လောက်များသည့် နာမည်တွေ ဘယ်ကရပါသနည်း။ အများအားဖြင့် အင်္ဂလိပ်နာမည်များ ဖြစ်ပါ၏။ သူဖတ်သော ဝတ္ထုစာအုပ်များထဲမှ ဇာတ်ကောင်တွေအမည်နှင့် ကမ္ဘာကျော်ရုပ်ရှင်မင်းသား မင်းသမီး အဆိုကျော်တွေ နာမည်များဖြစ်ကုန်၏။
ကျွန်တော်တို့သည် ခွေးကို အိမ်ပေါ်တင်၍ မမွေးခဲ့ချေ။ အိမ်ပေါ်ခေတ္တခဏမှ အတက်မခံခဲ့ချေ။ ဟော… မရွှေမေနှင့်ကျကာမှ ကျွန်တော် ခွေးနှင့်အတူ အိပ်ရသောအဖြစ် ရောက်ပါရောလားဗျ။ အကြောင်းမှာ ယခုတိုင် ရှိသည် ခွေးအိုကြီး ရန်ကြီးအောင်ကို ကာတွန်းဝင်းမောင်က လက်ကမြင်းပြီး လမ်းမှ ကောက်လာခါစက မျက်လုံးပွင့်စကလေးဖြစ်ရာ နို့တိုက်မွေးခဲ့ရ၏။ လူနှင့်အတူ သိပ်ခဲ့ရ၏။ ရန်ကြီးအောင်သည် အခါလည်သားအထိ ကျွန်တော်တို့နှင့် ကုတင်ပေါ်တွင် အိပ်ခဲ့၏။ ယခုလည်း ဧည့်ခန်းက ကူရှင်ပေါ်မှာ အိပ်လျက် ထိုင်လျက်ပါတည်း။
မေသည် တိရစ္ဆာန်ကို ချစ်တတ်မှန်းသိတော့ အိမ်နီးပါးများတို့သည် ခွေးများ ကြောင်များကို ပေးတတ်ကြ၏။ သင်းကလည်း ပေးလာသမျှကိုယူ၍ နာမည်အသီးသီးမှည့်ကာ ကျွေးမွေးပြုစု၏။ ကျွန်တော်တို့အိမ်က ခွေးများ ကြောင်များသည် အင်မတန် သင့်မြတ်ကြ၏။ သူတို့အချင်းချင်းသည် ကိုယ့်အိမ်သားများဖြစ်သည်ဟု သိကြဘိသကဲ့သို့ အခြားအိမ်က ခွေးကြောင်ကြက်ဘဲတို့ကိုလည်း သူတို့ခွဲခြားတတ်ကြ၏။
အထူးသဖြင့် ခွေးများကသိခြင်းပင်။ ကိုယ့်ကြက်ကို အခြားကြက်လာခွပ်ပါက တခြားကြက်ကို ကိုက်လွှတ်၏။ တခြားက ကြောင်လာလျှင် မောင်းထုတ်၏။ သူတို့အချင်းချင်းကား သင့်မြတ်လိုက်ကြသည်မှာ မပြောနှင့်တော့။ အစာကျွေးလျှင် တစ်ခွက်ထဲလည်း အတူစားတတ်ကြ၏။ အေးချမ်းသော ရာသီများတွင် ခွေးတစ်ကောင်၊ ကြောင်လေးငါးကောင်စီ စုပြုံ၍ အိပ်နေပုံများမှာ ရောင်စုံဂွမ်းပုံကြီးသဖွယ် ကြည့်၍ ကောင်းလှပါသည်။ အချို့က ခွေးနှင့်ကြောင်သည် သင့်မြတ်တာ မတွေ့ဖူးဘူးဟု ဆိုကြ၏။ အချို့ အိမ်လာလည်သော ကင်မရာပါသည့် မိတ်ဆွေများကမူ ဓာတ်ပုံရိုက်ယူသွားကြ၏။ စင်စစ် ခွေးနှင့်ကြောင် သဘာဝအားဖြင့် မသင့်မြတ်ကြသော်လည်း အတူတူ ချစ်ခင်ပြုစုသူ လူမှတစ်ဆင့် မေတ္တာကူးစက်သွားတာ ဖြစ်တန်ရာ၏။ ဖြစ်နိုင်ရာ၏။
မေသည် အိမ်ရှိ တိရစ္ဆာန်များကို သူ့သားသမီးလို သဘောထားသည်။
“လာ အမေ့ဆီလာ”
“အမေ ကျွေးမယ်”
“သား နေမကောင်းဘူးလား”
“သမီးအနာ ဆေးထည့်ပေးမယ်” စသည်ဖြင့် ပြောတတ်၏။ သည်အထိ၊ ကျွန်တော့်ကိုပါ ခွေးတွေ ကြောင်တွေ၏ “ဖအေကြီး-ဖအေကြီး” ဟု ဆွဲထည့်ပြောတတ်၍ အစတွင် ကျွန်တော် နားကြားရ တော်တော်ခက်၏။ “ဟေ့… ခွေးအဖေ ကြောင်အဖေလို့ လူကြား မကောင်းပါဘူးကွာ” ဟု ပြောခဲ့ဖူး၏။ နောက် တစ်နှစ်လောက်ကြာမှ နားယဉ်သွား၏။
မေသည် ခွေးတွေကြောင်တွေ အနာတရဖြစ်လျှင် မရွံမရှာ ပြုစုတတ်သည်။ ခွေးများကို ရက်မှန်မှန် စိတ်ရှည်လက်ရှည် ရေချိုးပေးသည်။ သန်းချပေးသည်။ ကျွန်တော်သည် ဤအလုပ်မျိုးတွေ မလုပ်နိုင်ကြောင်း၊ တိရစ္ဆာန်ကို ဤမျှမချစ်နိုင်ကြောင်း ဝန်ခံပါသည်။ သူက “တိရစ္ဆာန်ကိုချစ်တာသည် ဘာမျှ မျှော်လင့်ချက်မထား၊ သန့်စင်မွန်မြတ်သော မေတ္တာရှင်ဖြစ်သည်” ဟု ပြောပါသည်။ ကျွန်တော် မငြင်းနိုင်ပါ။
သူသည် တိရစ္ဆာန်တွေနှင့်လည်း စိတ်ရှည်လက်ရှည် စကားပြောနေတတ်၏။ မည်သို့ပြောပါသနည်း။ ဥပမာ တစ်ခုပြပါမည်။ ယခု ကျွန်တော့်အိမ်၌ အိမ်ပေါ်တွင်နေသော (အိမ်အောက်တွင်နေသော ခွေးများလည်း ရှိသေးသည်) ရန်ကြီးအောင်နှင့် ပေတလူး မည်သော ခွေးနှစ်ကောင်ရှိရာ တစ်ခါတစ်ရံ၌ ပေတလူးသည် ခွေးငယ်ပီပီ ညစ်ပတ်ပေရေစွာ ဆော့ကစားပြီး အိမ်ပေါ်တက်လာ၍ ကုလားထိုင်ပေါ် တက်အိပ်တတ်၏။ ထိုအခါ အခြားကုလားထိုင်၌ ခွေနေသော ရန်ကြီးအောင်က ခေါင်းထောင်ကြည့်ပြီဆိုလျှင် အနီးရှိ မရွှေမေက…
“ဘာလဲ… ညီညီလေးက ညစ်ပတ်ပြီး အိမ်ပေါ်တက်လာတယ်၊ ဒါကို ကိုကိုကြီးက မကြိုက်ဘူး။ မေမေက ဆုံးမပေးပါဦး ဟုတ်လား၊ အေးကွယ် မေမေ ဆုံးမမှာပေါ့…၊ ညီညီလေးက ငယ်သေးလို့ မသိသေးလို့ဟာပဲ…၊ ညီညီလေးကလည်း ပြောလိုက်၊ နောက်ကို ဒီလိုလျှောက်မဆော့တော့ပါဘူးလို့…”
ခွေးနှစ်ကောင်ကတော့ ဘာမျှသိမည် မဟုတ်ပေ။ သူကသာ သားနှစ်ယောက်ကြား မအေလိုလုပ်၍ တားနေခြင်းဖြစ်၏။ ဒီလိုဟာသည် လူ့ပြည်၌ရှိလိမ့်မည်ဟု ကျွန်တော် မထင်ခဲ့။ ယခုမှ ကိုယ့်ဇနီးအဖြစ်နှင့် တွေ့နေရခြင်း ဖြစ်၏။
တစ်ခါတစ်ရံ လုပ်တတ်သေး၏။ ကျွန်တော် အရက်သောက်နေစဉ် အနီးသို့ ကြောင်တစ်ကောင်ချီ၍ လာခဲ့ပြီး “ပြောလိုက်စမ်း သမီး၊ အဖေကြီး အရက်တွေ သိပ်မသောက်နဲ့လို့…၊ အမူးလွန်တော့ နက်ဖြန်မနက် ခေါင်းကိုက်ပြီး ချာမရေးနိုင်ဘဲ နေဦးမယ်လို့…”
သူသည် တိရစ္ဆာန်ကို သားမြေးလို သဘောထားနေခြင်းပင် ဖြစ်သည်။ ကျွန်တော်နှင့်ရစက သူ၏စိတ်ထားကို ကျွန်တော် နားမလည်သေး။ ဤစာ အစက ဖော်ပြခဲ့သော ကြောင်မလေး ခွေးကိုက်လို့သေသည်မှာ သူနှင့် ကျွန်တော်ညားပြီး တစ်နှစ်မျှ ရှိသေး၏။ ထို့ကြောင့် ကျွန်တော်က မူလဇာတိအတိုင်း ကြောင်သားစားမည် ပြုခဲ့သေး၏။ ချမ်းအေးသော ဆောင်းရာသီမှာ နှင်းရည်စက်စက်၊ မြူဝေလျက်တည်း၊ နံနက်ခင်းကြီး၊ လူလည်းမီးလှုံ၊ ကြောင်လည်းမီးမြိုက်၊ ရသခိုက်ဟင်း… ထမင်းမြိန်မြိန်၊ ခံတွင်းဇိမ်တွေ့ရော ဟဲ့ အောက်မေ့တုန်း၊ တကတည်း မရွှေမေက သားသမီး သေသလို ငိုပါလေတော့ ကျွန်တော့်မှာ ပထမဖြင့် အံ့အားပင်သင့်သွားပြီးမှ သူ့ဆန္ဒအတိုင်း တူး၍ မြေမြှုပ်ပစ်လိုက်ရပါတော့၏။
.jpg)

Comments
Post a Comment