လူဝင်စားဆိုတာကို ခင်ဗျားယုံသလား၊ မယုံလားတော့ ကျုပ်မသိဘူး။ ကျုပ်တို့ရွာက ဒေါ်ကြာညိုတို့ လူသိုက်ကဖြင့် အထူးပဲ ယုံကြည်ကြသဗျ။ ဒီလိုယုံကြည်တဲ့ အကျိုးကျေးဇူးပဲ ဆိုရမယ်ပေါ့။ သူတို့လူသိုက်ထဲက လူကြီးကြီးမားမား ထင်ထင်ရှားရှား လူများ သေသွားပြီဆိုရင် ဒီဘဝဒီမျှနဲ့ပဲ ကိစ္စပြတ်သွားပြီ မထင်လေနဲ့၊ သေပြီး တယ်မကြာလှဘူး၊ သူတို့သားချင်းထဲမှာပဲ လူပြန် ပြန်ဖြစ်လာကြသဗျ။
သူတို့ဟာ ကျုပ်ကြားဖူးတဲ့ “လူသေလူဖြစ်” ဆိုတဲ့စာအုပ်ကို မဖတ်ဖူးဘူးဆိုတာတော့ ကျုပ်က ကြားနေပြီး ကျိန်တွယ်တောင် ပြောရဲပါတယ်။ ဘာကြောင့်လဲဆိုရင် သူတို့လူသိုက်ဟာ အများအားဖြင့် ဘုတ်အုပ်ကိုင် စာဖတ်နိုင်လောက်အောင် စာမတတ်ကြဘူး။ အကြောင်းသင့်လို့ ပြောရဦးမယ်။ လွန်ခဲ့တဲ့ သင်္ကြန်တွင်းတုန်းကပဲ သူတို့ဆွေမျိုးသိုက်ရဲ့ ဧည့်ခံမဏ္ဍပ်မှာ သူတို့အထဲက တော်တော်လေးစွာတဲ့ မလှချုံက ပြောနေသဗျ။ အ သုံးလုံးတဲ့အေ့။ အသက်ကြီးလည်း စာသင်ရမယ်၊ သင်ရင်တတ်တာပဲ။ လူကြီးတွေ အားတဲ့အချိန်မှာ လာသင်ကြပါလို့ အတင်းတရားဟောခံရတာနဲ့ ငါသွားသင်ရတယ်အေ့။ ကကြီး ကခွေးတော့ ငါ ကြားဖူးနားဝနဲ့ နှုတ်ကရနေတာပဲ။ အဲ… ရေးတာကျတော့ မလွယ်ဘူးဟေ့။ ဋ-သလင်းချိတ်၊ ဌ-ဝမ်းဘဲ၊ ဍ-ရင်ကောက်လည်း ရောက်ကရော ဟိုဟာ ဒီဘက်လှည့်၊ ဒီဟာ ဟိုဘက်လှည့်နဲ့ ရှုပ်ကရော… ခက်တယ်ဟယ်…။ ငါ မသင်ချင်တော့ဘူး၊ တော်ပြီဆိုပြီး ငါ နောက်ထပ်မ သွားတော့ဘူး၊ သူ့စာသင်လို့ ငါ ရေးတတ် ဖတ်တတ်ကော ဘာလုပ်ဦးမှာလဲ၊ ကိုယ်အလုပ်လုပ်နိုင်မှ ထမင်းစားဖို့ရတာ မဟုတ်လား။ အလကားပါအေ… ဒီသေခါနီး မျက်မွဲကြီးတွေ လိုက်ပြီး စာသင်ခိုင်းနေတာ သက်သက် မရောင်ရာဆီလူးတာပါ။
ဒီ မလှချုံရဲ့ အသက်ဟာ ၅၀ လောက် ရှိရော့မယ်ပေါ့။ သည်လိုပဲ သူတို့လူသိုက်ထဲမှာ ခုအချိန် အသက် ၄-၅၀ တွေဆိုရင် စာမသင်ခဲ့ရတဲ့ လူတွေက များပါတယ်။ နည်းနည်းပါးပါးတတ်လည်း စာဖတ်လေ့ဖတ်ထ မရှိကြဘူး။ ဖတ်ဖို့အချိန်ကလည်း မရရှာကြဘူးလေ။ ဒါပေမဲ့ သူတို့ကို ပေါ့ပေါ့ဆဆတော့ မထင်လေနဲ့ခင်ဗျ။ သူတို့ မိရိုးဖလာ အယူအဆတွေ ခိုင်မြဲတယ်။ ကြားဖူးနားဝ တရားဓမ္မနဲ့ ဇာတ်သဘင်လာ ဗဟုသုတတွေကလည်း ရှိကြတော့ သူတို့ယုံကြည်မှုနဲ့ သူတို့ဖူလုံပြီးသား။ အခု ကျုပ်ပြောပြမယ့် လူဝင်စားကိစ္စကတော့ သူတို့လူသိုက်ထဲမှာ အထူးစပယ်ရှယ်ပါပဲ။ သူတို့သားချင်းထဲမှာ လူဝင်စားတွေ မကြာခဏ ပေါ်ပေါက်လာတတ်တဲ့အနက်က အခုနောက်ဆုံးပေါ်ကလေး ပြောရရင်ဖြင့် အခုနပြောခဲ့တဲ့ မလှချုံရဲ့မြေးပေါ့ခင်ဗျာ။ ဝင်စားတဲ့ လူကတော့ဆိုရင် ဒီကလေးရဲ့အဘိုး ဖြစ်မယ်ပေါ့။
အဲ… နေဦး၊ သူတို့ဆွေမျိုးစာရင်းဇယား ချပြရဦးမယ်။ မလှချုံရဲ့ ယောက်ျားနာမည်က ကိုထွန်းကြည်၊ မလှချုံတို့ရဲ့ သမီးအကြီးဆုံးက မြချစ်ကလေး။ ဒီမြချစ်ကလေးပဲပေါ့။ လူဝင်စားမွေးတာ၊ သူ လူဝင်စားမွေးတာဟာဖြင့် အကြီးဆုံးကလေးနဲ့ အခု တတိယကလေး၊ ပေါင်း နှစ်ခိရှာပြီပေါ့။ အကြီးတုန်းကဆိုရင် သူ့ဘကြီး ပြန်ဝင်စားတာပေါ့။
အဲ.. စာရင်းထပ်ခွဲပြဦးမှ။ ဒီလိုလေ မလှချုံရဲ့အမေနာမည်က ဒေါ်ကြာညို။ ဒေါ်ကြာညိုယောက်ျားက ဦးမြ။ အဲ ဦးမြသေတဲ့အခါမှာ မြချစ်ကလေးဝမ်းထဲကို သားဦးအဖြစ်နဲ့ ဝင်စားတာခင်ဗျ။ ဒါကြောင့် ဒီကလေးကို ‘မောင်မြလေး’ လို့ နာမည်ပေးတယ်ခင်ဗျာ။ အခု တတိယမြောက်သား လူဝင်စားကျတော့ရင် ‘စိန်လေး’ တဲ့ ခင်ဗျ။ ဘာကြောင့်လဲဆိုရင် အဲဒါက မလှချုံယောက်ျား ကိုထွန်းကြည်ရဲ့အဖေ ဦးဘစိန်သေပြီး ခမည်းခမက်ဟာ ဒီဘဝမှာ မြေးဖြစ်သူ မြချစ်ကလေး ဝမ်းထဲဝင်ပြီး ညီအစ်ကိုအရင်း ဖြစ်ရတယ်ပေါ့။
မနိပ်လားကွယ်ရို့။ အဲသည်တော့ ဒေါ်ကြာညိုကလည်း သူ့ယောက်ျားသေပြီး ဝင်စားတဲ့ သူ့မြေးကလေး မောင်မြကလေးကို ချစ်လိုက်တာ အမော။ အဲ… ဦးဘစိန်ဇနီး မပုတို့ကလည်း သူ့ကြင်ယာဟောင်း မြေးကလေး မောင်စိန်လေးကို ထိုနည်းလည်းကောင်း ပေါ့ခင်ဗျာ။ ဒီကလေးတွေဟာ များသောအားဖြင့် အဘွားတွေရဲ့ ခါးတစ်ခွင်ပေါ်မှာ ကြီးကြပြီး နို့ဖြတ်တဲ့အခါဆိုရင် သူတို့အဘွားတွေနဲ့ပဲ အိပ်ကြတော့တယ်ခင်ဗျာ။ ဒီနေရာမှာ ခင်ဗျားတို့က ဒီကလေးတွေဟာ ဘာကြောင့် လူဝင်စားများ ဖြစ်ကြတယ်ဆိုတာ သိရသလဲလို့ စောကြောချင်ကြပေလိမ့်မယ်။ ကျုပ် ပြောပါမယ်။
ဒေါ်ကြာညိုယောက်ျား ဦးမြသေတဲ့အခါမှာ မလှချုံရဲ့သမီး မြချစ်ကလေးက အိမ်ထောင်ကျစခင်ဗျ။ အဲ… သားဦးကလေးမွေးတော့ရင် ကလေးဟာ တော်တော်ချူချာသဗျ။ ညည ထထငိုတယ်။ ဒါနဲ့ ကျုပ်တို့ တောရွာဓလေ့အတိုင်း နတ်ဝင်သည်ဆီမှာ ဆန်ခွက်သွားကြည့်တော့ရင် “ဒါဟာ လူဝင်စားပဲ ဦးမြဝင်စားတာပဲ၊ ဦးမြဝင်စားတာ၊ ခမည်းလိုလို့ ငိုတာ၊ ဘွားအေကြီးက မြေးကို ခမည်းပေးလိုက်” လို့ အတပ်ဟောလိုက်ဆိုသကိုဗျ။
ဒီတော့မှ ဒေါ်ကြာညိုက ဦးမြရဲ့ ကျန်ခဲ့တဲ့လက်စွပ်ကို ဒီမြေးကလေး လည်ပင်းဆွဲပေးလိုက်သဗျ။
ဒါနဲ့ ဒီကလေး ညည အငိုရပ်သွားရောလားလို့ ခင်ဗျားက စောကြောချင်သေးတယ် မဟုတ်လား။ မှန်တယ်၊ လက်စွပ် လည်ပင်းဆွဲပေးပြီး ၄-၅ ရက်လောက်ပဲ ငိုတော့တယ်။ ဘာကြောင့်လဲဆိုရင် ဒီနတ်ဝင်သည်ကပဲ ဒီကလေးအတွက် ဘယ်ဘက်အရပ်က ဆရာကို ခေါ်ကုပါလို့ နတ်ကပြောတဲ့အနေနဲ့ တစ်ဆက်တည်း ဟောလိုက်သေးသကိုးဗျ။ တကတည်း နတ်ဝင်သည်ဟောတဲ့အရပ်မှာကလည်း သူငယ်နာဆရာ ဦးထိပ်ပိတ်က အသင့်ရှိနေပြီးသား။
ဒီတော့ သူတို့အားလုံးကပဲ ယုံကြည်သွားကြတယ်။ ဦးမြ မသေခင်တုန်းက သူ့မြေးကလေးကို အလွန်ချစ်တာလည်း ပြန်ပြီး စမြုံ့ပြန်ကြတယ်။ ဒီမြေးမကလေးကို ဦးမြက ချစ်လွန်းလို့ပဲ မြချစ်ကလေးလို့ နာမည်ပေးတာပဲတဲ့။ ကဲ သည်တော့ သူ့မြေးသူချစ်လို့ သူ့မြေးဝမ်းထဲ ဝင်စားတာကို ဘယ်သံသယဖြစ်စရာ လိုတော့မတုံး။
အခု ဦးဘစိန်သေပြီး ဝင်စားတာလည်း ဒီနည်းဒီပုံပါပဲခင်ဗျာ။ ဦးဘစိန် မသေခင်တုန်းကလည်း ဒီမြေးမကလေးကို သိပ်ချစ်ခဲ့တာပါပဲ။ ဟော… ဦးဘစိန်သေပြီး တစ်နှစ်လောက်အကြာမှ မြချစ်ကလေးကို ဒီတတိယမြောက်သား စိန်ကလေးကို မွေးတာပဲ။
ကဲ ပြန်ဆန်းစစ်ကြည့်စမ်း၊ မြချစ်ကလေးရဲ့ ပထမဦးဆုံးသားက မအေဘက်က ဘကြီး၊ တတိယသားက ဖအေဘက်က။ ဝင်စားပုံ ဝင်စားနည်းကလည်း မျှမျှတတလည်း ရှိပါပေသဗျာ။ သူ့ဒုတိယသမီးကလေးပဲ လူဝင်စားမဟုတ်တာ၊ ဒီကလေးမလေးမွေးတုန်းက သူမမွေးမီ တစ်နှစ်ပတ်လည်လောက်မှာ သူတို့ဆွေမျိုးထဲက ထင်ထင်ရှားရှား သေသွားတဲ့လူကလည်း မရှိဘဲကိုးဗျ။ နို့မဟုတ်ရင် ဒီကလေးမလေးလည်း လူဝင်စားပဲ ဖြစ်ရဦးမှာပဲ။ ဘာကြောင့်လဲဆိုရင် သူတို့အမျိုးက စပါယ်ရှယ် လူဝင်စားတာတဲ့ဗျ။ မလှချုံလည်းပဲ ဒေါ်ကြာညိုရဲ့ညီမ မကြာပိုဟာ အပျိုဘဝနဲ့သေပြီး ဝင်စားတာဆိုသကိုး။ မလှချုံ အပျိုဖြစ်တော့ရင် မကြာပို သေခါနီးတုန်းကနဲ့ တယ်တူသတဲ့ဗျာ။ ဒေါ်ကြာညို ပြောပြလေ့ရှိတယ်။ ငါးဟင်းကြိုက်ပုံချင်း ထမီနဲ့နှပ်သုပ်ပုံချင်းတောင် တူသတဲ့ဗျာ၊ အံ့ရော။
ကဲ… ဒီနေရာမှာ ခင်ဗျားက သူတို့ လူဝင်စားကြတာလည်း သူတို့ဆွေမျိုးထဲကချည်း လှည့်ဝင်နေကြရော့လား၊ တခြားကများ ဖောက်မဝင်ကြတော့ဘူးလားလို့ စောကြောချင်စိတ် ပေါ်ကောင်းပေါ်လိမ့်မယ်။ ကျုပ်သိသမျှ ပြောရရင်ဖြင့် နှစ်ဦးဖောက်ဝင်တာကို တွေ့ရတယ်ဗျ။ တစ်ဦးက ဥစ္စာစောင့်ဘဝက လာတာတဲ့ဗျ။ တစ်ဦးကတော့ရင် အံ့ဩစရာကောင်းတယ်။ မလှချုံရဲ့ဦးလေးအရင်းခေါက်ခေါက်ကို သတ်ပစ်လိုက်တဲ့လူက မလှချုံရဲ့ဝမ်းထဲကို ဝင်စားတာ အခုဆိုရင် အဲဒီကလေးဟာ အပျိုတောင်ဖြစ်နေပြီ။
လူသတ်တဲ့ လူဆိုးလူမိုက်ဘဝကနေပြီး တမလွန်မှာ မိန်းကလေးလာဖြစ်တော့ တယ်ပြီး သဘောသကာယလည်း ကောင်းသဗျ။ အလုပ်အကိုင်လည်း အင်မတန်တော်တယ်။ ဣန္ဒြေလည်းရှိ၊ လူကြီးတွေကိုလည်း ကြောက်ရွံ့ရိုသေတတ်သဗျ။ ဘာကြောင့် ဒီလိုဖြစ်လာသလဲဆိုတာ အောင်မယ် သူတို့မှာ ဟိုဘဝ သည်ဘဝ ဆက်ပြီး အကြောင်းအကျိုးတွေ ပြောစရာတွေကလည်း အပြည့်ပဲရှိသဗျ။
ကဲ… သူ့ခဏထားပြီး ဥစ္စာစောင့်မလေး ဝင်စားတဲ့အကြောင်း ပထမ ပြောပါဦးမယ်။ ဒေါ်ကြာညို့အစ်မရဲ့သမီး မလှတုံက မွေးတာခင်ဗျာ့။ ဒီသူငယ်မကလေးဟာ ခြေလက်အင်္ဂါလည်း မသန်ဘူး။ စကားလည်း မပြောတတ်ဘူး။ အဆွံ့အအ ကလေးပဲ။ ဒါနဲ့ သူတို့မေးနေကျ နတ်ဝင်သည် ဒေါ်ရုပ်ဆိုးက ဟောတယ်။ ဥစ္စာစောင့် ဝင်စားတာတဲ့ခင်ဗျာ့။ ခြေလက်အင်္ဂါမသန်တာကတော့ လူ့ဘဝမှာပျော်ပြီး အကြာကြီး မနေအောင်တဲ့။ စကားမပြောနိုင်တာကတော့ သူ စောင့်ခဲ့ရတဲ့သိုက်ဟာ ဘယ်မှာရှိတယ်၊ ဘယ်လို ရတနာတွေ ဘယ်လိုထားတယ်၊ ဘာကောင်တွေက စောင့်တယ်ဆိုတာတွေ လျှောက်ပြောမှာစိုးလို့တဲ့ ခင်ဗျာ့။
“ဒါပေမယ့် ကိုယ့်ရင်သွေး ကိုယ့်သားချင်းအနေနဲ့ လူလာဖြစ်နေတုန်းမှာ ညည်းတို့ကောင်းကောင်း ပြုစုကြပါ။ တစ်နေ့မှာ သူဟာ ခြေလက်အင်္ဂါ သန်စွမ်းမလာဘူး၊ စကားမပြောနိုင်ဘူးလို့ ဘယ်သူမှ အတတ်မဟောနိုင်ပါဘူး။ နို့ပြီး သူတို့လူသိုက် အကြီးအကဲကလည်း သူတို့ထဲက ဥစ္စာစောင့် လူ့ဘဝရောက်လာတုန်း ကောင်းမှုကုသိုလ်ပြုဖို့ ပစ္စည်းဥစ္စာကို တစ်နည်းနည်းနဲ့ ပို့မပေးဘူးရယ်လို့လည်း မပြောနိုင်ဘူး သိရဲ့လား”
အဲဒီလို ဒေါ်ရုပ်ဆိုးက ဟောလိုက်သေးတော့ အောင်မယ် သူတို့ ဆွေမျိုးတစ်သိုက်ဟာ ဒီဒုက္ခိတမကလေးအပေါ်မှာ စိတ်ဝင်စားကြ၊ ပြီးတော့ ကောင်းကောင်းမွန်မွန်ပဲ ပြုစုကျွေးမွေးကြတယ်။ ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာလည်း ရှိကြတယ်။ ဒုက္ခိတမကလေးရယ်လို့ပဲ ကလေးချင်းကတောင် နှိမ်နင်းခြင်း၊ နှိပ်စက်ခြင်း မပြုကြဘူးခင်ဗျာ။
ဒါပေမဲ့ ဒီသူငယ်မလေးဟာ တယ်ပြီး သက်ဆိုးမရှည်ရှာဘူး၊ ၈ နှစ် ၉ နှစ်သမီး အရွယ်လောက်မှာပဲ အနိစ္စရောက်ရှာတယ်။
ဒေါ်ရုပ်ဆိုး ဟောတဲ့အတိုင်းပဲ ဥစ္စာစောင့်က ခေတ္တလူလာဖြစ်သွားတယ်ဆိုတော့ ဒီကလေးမလေး သေဆုံးပြီးတဲ့နောက်မှာ ဘယ်လိုများ အိပ်မက်ပေးဦးမလဲလို့ သူတို့ဆွေမျိုးတစ်သိုက်က မျှော်လင့်ကြသေးသဗျ။ အဲဒါ နှစ်ကလည်း ကြာပြီမို့ ကျုပ်လည်း ကောင်းကောင်း မမှတ်မိတော့ဘူး။ သူ့အမေ မလှဘုံမှာ ဘယ်လိုအိပ်မက်ပေးသလိုလို ရွာ့အနောက်ဘက်က တောတန်းထဲ ဟင်းရွက်သွားရှာရင်း လက်ကောက်တစ်ကွင်းပဲ ကောက်ရသလိုလို ခင်ဗျာ့၊ ပြောသံကြားခဲ့ရသေးတယ်။
ကျုပ်တို့ တောရွာဓလေ့မှာ နတ်တို့ နတ်ဝင်သည်တို့ကို ယုံကြည်သကိုးခင်ဗျာ။ ဝါဝင်ဝါထွက်မှာ အိမ်တွင်းအိမ်ပြင် ကန်တော့ဖို့၊ အရေးတစ်စုံတစ်ခုရှိရင် ဆန်ခွက်ကြည့်ဖို့၊ အကြောင်းထူးရင် ဆိုင်းနဲ့ဗုံနဲ့ ပွဲကြီးလမ်းကြီးပေးဖို့၊ နတ်ကတော် နတ်ဝင်သည်ဆိုတာကတော့ ရွာတိုင်းလိုလိုမှာပဲ ရွာအကြီးနဲ့ အငယ်လိုက်ပြီး အနည်းနဲ့အများတော့ ရှိကြတာပဲ။ ရွာကြီးတယ်ဆိုရင် သူ့အပိုင်းနဲ့သူ၊ ကိုယ့်ရပ်ကွက်နဲ့ကိုယ်၊ ကဲ ကျုပ်တို့ရွာမှာဆိုရင် ကျုပ်တို့တောင်ပိုင်းက ဒေါ်ရုပ်ဆိုး၊ အဲ… ဟိုမြောက်ပိုင်းကတော့ ဒေါ်အိမ်မင်း။
သည်နတ်ကတော်တွေဟာ သူ့ရပ်ကွက်နဲ့သူ ဟောရရင် ဆွေရေးမျိုးရေး၊ အိမ်တွင်းရေး ကိစ္စတွေမှာတောင် မှန်တတ်ကြသဗျ။ သူတို့နတ်ဝင်သည် အချင်းချင်းကလည်း သစ္စာစောင့်သိကြတယ်။ ဘယ်လိုလဲဆိုရင် ဥပမာ ကျုပ်တို့ရွာတောင်ပိုင်းက မမယ်ခက ကိုယ့်ရပ်ကွက်က ဒေါ်ရုပ်ဆိုးကျော်ပြီး မြောက်ပိုင်းက ဒေါ်အိမ်မင်းဆီသွားပြီး နတ်မေးမယ်ဆိုရင် မဟောဘူး ခင်ဗျာ့။ ဒေါ်ရုပ်ဆိုးဆီ မေးပါလို့ ပြန်လွှတ်တယ်။
တကယ်လို့ မမယ်ခက “ဟာ… ကျုပ်နဲ့ ဒေါ်ရုပ်ဆိုးနဲ့ ရန်ဖြစ်ထားလို့ပါ၊ သူ့ဆီတော့ မဖြစ်ပါဘူး။ ကလေး ညည ထငိုနေတာလည်း ၄-၅ ရက်တောင် ရှိနေပြီ ဒုက္ခပါပဲ” ညည်းညူရင်ဖြင့် ဒေါ်အိမ်မင်းက “ကဲ ဒါဖြင့်လေ ငါ မရုပ်ဆိုးဆီ ခွင့်ပန်ဦးမယ်” ပြောပြီး သူတို့ချင်း တွေ့ဆုံနှီးနှောပြီးတော့မှ မမယ်ခ ကလေးအတွက် ဆန်ခွက်ကြည့်ပေးတတ်သဗျ။ သည်တော့လည်း ဒေါ်ရုပ်ဆိုးဟောသလိုပဲ မှန်တာပဲခင်ဗျာ့။
အဲသည်လို မှန်ကြလို့ပဲ သူတို့ဟောလိုက်ရင်ဖြင့် နတ်ကိုယုံသူမှန်သမျှ လွယ်လွယ်ကူကူပဲ သူတို့အဟောကို ယုံကြသဗျ။
အဲ… မလှချုံရဲ့ ဦးလေး အရင်းခေါက်ခေါက် ကိုကြာရွက်ကိုသတ်တဲ့ လူမိုက်ဖိုးဆော့ဟာ ကိုကြာရွက်သတ်ပြီး တစ်နှစ်လောက်အကြာမှာ သူ့လိုပဲ လူမိုက်အချင်းချင်းက ပြန်သတ်လို့ သေခြင်းဆိုးနဲ့သေပြီးမှ မလှချုံရဲ့ဝမ်းထဲ သမီးကလေးအဖြစ်နဲ့ ဝင်စားတယ်လို့ ဒေါ်ရုပ်ဆိုးက ဟောလိုက်တာကိုဖြင့် တော်တော်ပဲ မယုံကြည်စရာ ဖြစ်ကုန်ကြသဗျ။
အဲသည် ကလေးမလေးဟာဆိုရင် မွေးလာကတည်းက ခြေလက်အင်္ဂါမကောင်းရှာဘူး။ ခြေကျင်းဝတ်၊ လက်ကောက်ဝတ်တွေမှာ ကြိုးနဲ့ရစ်ထားသလို ကျင်ပြီးနေတယ်။ တချို့ ခြေချောင်းလက်ချောင်း အဖျားဆစ်ကလေးတွေမှာ ရစ်ပြီး ပြတ်လုတည်းကာတွေလည်း ဖြစ်နေသဗျ။
အဲသဟာကြောင့်ပဲ ဒါကြောင့် ဖိုးဆော့ ဝင်စားတာလို့ ဆိုခြင်းဖြစ်သဗျ။ ဘယ်လိုတုန်းဆိုရင်ဖြင့် အင်း… သူတို့ရာဇဝင်နဲ့ ရှင်းမှဗျို့။ တစ်ချိန်က ကျုပ်တို့အရပ်မှာ ရဲဘော်ဖြူအုပ်စိုးစဉ် ဥပဒေမဲ့ မင်းမဲ့ကာလဆိုပါတော့ခင်ဗျာ။
သည်အခါမှာ ဘယ်ရန်ငြိုးရယ်ကြောင့် မသိ၊ ဖိုးဆော့ဟာ ကိုကြာရွက်ကို သတ်ပစ်လိုက်သဗျ။ အဲသည်က တစ်နှစ်လောက်ကြာတော့ အခြားလူမိုက်တစ်အုပ်က ဖိုးဆော့ကို သတ်ပစ်ပြန်ရောခင်ဗျာ့။ ဖိုးဆော့ဟာ ကိုကြာရွက်ကို သတ်စဉ်က တစ်ယောက်ချင်းပဲ လက်ဦးအောင် ရင်အုံကို ဓားမြှောင်နဲ့ ထိုးသတ်လိုက်သဗျ။
အဲ… ဖိုးဆော့ကို သတ်တော့ရင် ဟိုက လူများတယ်၊ တိရစ္ဆာန်လို အတင်းဖမ်းခေါ်သွားပြီး ချက်ချင်း သတ်မပစ်သေးဘဲ ကြိုးနဲ့ချည်၊ ထုတ်မှာ ဇောက်ထိုးဆွဲ ရိုက်နှက်ပြီး သေလုမျောပါးဖြစ်တော့မှ ကြိုးဖြေပေး၊ ထွက်ပြေးခိုင်း၊ အဲသည်တော့မှ နောက်ကနေ သေနတ်နဲ့ ပစ်သတ်လိုက်တယ်။
ဒါကြောင့် ဖိုးဆော့သေလို့ လူဖြစ်တဲ့အခါ အဲသည်ကလေးမကလေးမှာ ခြေဆစ် လက်ဆစ်ကလေးတွေ ကျင်နေတာဟာ ဟိုဘဝက ဖိုးဆော့ကို ကြိုးနဲ့တုပ်ခဲ့တဲ့ ဒဏ်ရာတွေတဲ့ ခင်ဗျာ့။
ကဲ… သဟာ ထားဦးတော့။ သူများသတ်ခဲ့တဲ့ ဖိုးဆော့လို လူဆိုးလူမိုက်က လူသတ်ခံရလို့ပဲ ဥပစ္ဆေဒကံနဲ့ သေခြင်းဆိုးသေပြီး ချက်ချင်းပဲ လူပြန်ဖြစ်ရသလား ဆိုတာကျတော့ လာပြန်သဗျ။ ကျုပ်တို့ ကြားဖူးနားဝရှိတဲ့ တရားတော်မှာက သတ္တဝါတို့ကံကြမ္မာဟာ အလွန်ဆန်းကျယ်တယ်။ အကုသိုလ်ရယ်၊ ကုသိုလ်ရယ် နှစ်ခုရှိတဲ့အနက်က အဲသည်ကာလမှာ တစ်မျိုးစီ ခံစားရတယ်။ အကုသိုလ်ကံ ဖိစီးနေတဲ့အခါမှာ မည်မျှပင် ကောင်းကောင်းမွန်မွန်နေဦးတော့၊ အတိတ်က အကုသိုလ်မကုန်သေးသမျှ သည်ဒဏ်ခံနေရဦးမှာပဲ၊ အဲ… ကုသိုလ်ကံ အကျိုးပေးခိုက် ကြုံနေပြန်ရင်လည်း ဘယ်လိုပဲ မကောင်းမှုပြုနေဦးတော့ ကုသိုလ်ကံကြွင်းက တင်းခံနေဦးမှာပဲတဲ့ဗျ။
ဖိုးဆော့ လူပြန်ဖြစ်တာလည်း ထိုနည်းလည်းကောင်းပဲတဲ့။ ကိုကြာရွက်ကိုသတ်တဲ့ အကုသိုလ်ကံမပေါ်သေးဘူး။ သည့်အရင်ကပြုခဲ့တဲ့ ကုသိုလ်ကံကြွင်းကရှိနေလို့ လူပြန်ဖြစ်လာရတာတဲ့ဗျ။
ကဲ ဒါဖြင့်လည်း လူပြန်ဖြစ်ခြင်းဖြစ်ရင် တခြားသူဝမ်းထဲ ဝင်ပါတော့လား၊ ဘယ့်နှယ် ကိုယ်သတ်ခဲ့တဲ့ ကိုကြာရွက်ရဲ့တူမ မလှချုံရဲ့ဝမ်းထဲမှာ ဝင်ရသလားဆိုတာကျပြန်တော့လည်း၊ အောင်မယ်… သူတို့တီးတိုးပြောကြတာရှိသေးဗျို့။ ဟဲ… ဟဲ နို့ပြီး ဖိုးဆော့ဟာ ကိုကြာရွက်ကိုသတ်ပြီးမှ သူ့အမှား သူသိပြီး နောင်တရတာလည်းဖြစ်ပြီး ဒီအမျိုးထဲဝင်ပြီး ကျေးဇူးဆပ်ချင်စိတ်ပေါ်တာလည်း ဖြစ်နိုင်တယ်လို့ ဆိုကြပြန်သေးဗျ။
“ဒါကြောင့် ကြည့်ပါလား”တဲ့။
“ဒီကောင်မလေးဟာ ဘယ်လောက် အလုပ်အကိုင်ကောင်းသလဲ၊ အလုပ်နဲ့ ပြတ်တယ်မရှိဘူး၊ သူတို့အိမ်က ရက်ကန်းခတ်သံဟာ မပြတ်ကြားနေရတာပဲ။ နို့ပြီး ဒီကလေးမလေးဟာ ထွေလီကာလီလည်း မပူဆာတတ်ဘူး၊ အပြင်ထွက်လည်ခြင်း ပြုခြင်းလည်း မရှိဘူး။ ဣန္ဒြေသိက္ခာရှိတယ်ဆိုတာလည်း ဟုတ်ပါတယ်၊ သူ့ခြေဖျား လက်ဖျားကလေးတွေ လူမြင်မှာတောင် စိုးရိမ်ရှာပါတယ်”
“ဪ… ဖိုးဆော့ ဖိုးဆော့၊ မင်း ဟိုဘဝတုန်းက မိုက်မဲရမ်းကားခဲ့သမျှ ဒီဘဝမှာတော့ တယ်ပြီး လိမ္မာလိုက်ပါလားကွယ်လို့” ပြောတဲ့လူတွေကလည်း ရှိသေးသဗျ။
အခု ကျုပ်ပြောတဲ့ လူဝင်စားတွေအကြောင်းကို ခင်ဗျားကတော့ ယုံချင်မှ ယုံမယ်ပေါ့ဗျာ။ ကျုပ်တို့ရွာက ဒေါ်ကြာညိုတို့ လူသိုက်ကတော့ အဟုတ်ပဲ ယုံကြည်ကြသဗျ။ သူတို့ယုံကြည်တဲ့ အကျိုးကျေးဇူးလည်း ခံစားရပါတယ်။ ကြည့်လေ ဒေါ်ကြာညိုရဲ့ယောက်ျား၊ ဦးမြဟုတ်လား။ နို့ပြီး မလှချုံယောက္ခမ ဦးဘစိန်တို့ဟာ စိန်ကလေး၊ မြကလေးအမည်နဲ့ သူတို့ဆွေမျိုးသိုက်ထဲမှာ လူပြန်ဖြစ်နေကြတော့ သွားလေသူမိဘအတွက် ဘာမျှ ပူစရာမလိုတော့ဘူး။ နှစ်လည်သပိတ်တွေတောင် ထပ်ပြီး သွတ်နေစရာ မလိုတော့ဘူးပေါ့ခင်ဗျာ။ နို့ပြီး ခင်ဗျားတို့ တချို့မြို့ကြီးသားတွေလိုပဲ ကွယ်လွန်သွားသူကို ဘယ်နှလမြောက်၊ ဘယ်နှနှစ်မြောက် လွမ်းဆွတ်သတိရကြောင်း၊ သက်သက်ပိုက်ဆံကုန်ခံပြီး သတင်းစာတွေထဲ ထည့်နေစရာ မလိုတော့ဘူး။
ကဲ… ဖိုးဆော့သေပြီး မလှချုံဝမ်းထဲ ဝင်စားတဲ့အကြောင်းလည်း ထပ်ပြောရဦးမယ်။ အစဦးဟာဖြင့် ဖိုးဆော့က ဒေါ်ကြာညိုရဲ့မောင်၊ မလှချုံရဲ့ ဦးလေးအရင်းခေါက်ခေါက်ကို သတ်ခဲ့တာဖြစ်လေတော့ ခေတ်ပျက်ထဲမှာ ရုံးတင်လည်း အမှုမလုပ်ရတော့ ဒေါ်ကြာညိုတို့ ဆွေမျိုးတစ်သိုက်နဲ့ ဖိုးဆော့တို့ဆွေမျိုးတစ်သိုက်ဟာ တစ်ဖက်နဲ့တစ်ဖက် ပဋိပက္ခ ဖြစ်နေလိုက်ကြတာ ဒေါ်ကြာညိုတို့အထဲကပဲ ဖိုးဆော့တို့ဘက်ကို ပြန်ပြီး ကလဲ့စားချေဦးတော့မလိုလို၊ ဟိုဘက်ဆွေမျိုးနဲ့ ဒီဘက်ဆွေမျိုးလည်း ခေါ်ခြင်းပြောခြင်း မရှိကြ။
အဲ… ဖိုးဆော့လည်း မလှချုံဝမ်းထဲ ဝင်စားတယ်လည်းဆိုရော ခင်ဗျာ အဲဒီ ပဋိပက္ခမှုဟာ တစ်ခါတည်း ကျေအေးသွားတော့တာပဲ။ ဖိုးဆော့မိန်းမ မယ်ကြိုင်ဟာဆိုရင် ဖိုးဆော့ကျန်ခဲ့တဲ့ ပစ္စည်းကလေးတွေကို လာပြီး ခမည်းပေးရတာနဲ့ သူ့လင်ဝင်စားကလေး ချော့မြူရတာနဲ့ တော်တော်လေး ကြီးတဲ့အခါမှာ သူ့အိမ်ခေါ်သွားပြီး ကျွေးရမွေးရနဲ့ တစ်ခါတည်း ဆွေမျိုးနှစ်ဖက် ရွှေလမ်းငွေလမ်း ပေါက်သွားတာပါပဲ ခင်ဗျာ။
ကဲ မနိပ်ဘူးလားဗျာ၊ သူတို့ယုံကြည်မှုနဲ့ သူတို့။
(၁၉၆၆၊ ဇွန်လ ငွေတာရီ မဂ္ဂဇင်း)
□


Comments
Post a Comment