ဪ - ခင်လေးရယ် @ သော်တာဆွေ

 


ကျွန်တော်သည် နွေရာသီ၏ ပူပြင်းသော အရှိန်ဒဏ်ကို ခံစားလျက် ကျွန်တော့် ညီမလေး၏ ကုန်စုံဆိုင်ရှေ့ရှိ တန်းလျားကုလားထိုင်တွင် လက်ရန်းပေါ်၌ ပုဆိုးဟောင်းတစ်ထည်ကို ခေါင်းအောက်ခုကာ တုံးလုံးလှဲရင်း ငယ်စဉ်တောင်ကျေး ကလေးဘဝမှ စ၍ ရှေးဟောင်းဖြစ်တွေကို ပြန်ပြောင်း၍ စဉ်းစားနေ၏။

ကျွန်တော် ယခု ရန်ကုန်မြို့မှ ခေတ္တပြန်ရောက်နေသည်မှာ ကျွန်တော့်ကို မွေးခဲ့သော ဤဂါမ… ဤဂေဟာ…။ ယခု ၁၉၆၉ ခုနှစ်၊ ကျွန်တော် အသက် ၅၀။ ကျွန်တော့်အမေကား ၁၉၄၁ ခုနှစ်က ဤဂေဟာမှာပဲ ကွယ်လွန်ခဲ့၏။ ကျွန်တော့်အဖေကား ရှိသေး၏။ အသက် ၈၃ နှစ်၊ သွားနိုင်၊ လာနိုင်၊ စားနိုင်၊ သောက်နိုင်။

ယခု ညီမလေး၏ ကုန်စုံဆိုင်နှင့် ရက်ကန်းစင်အတွက် ဆောက်လုပ်ထားသော နေရာမှာ ရှေးယခင်က စပါးကျီ။ စပါးကျီ မဆောက်မီတုန်းကဆိုလျှင် မီးဖိုဆောင်။

ကျွန်တော့် ဘိုးဘွားများလက်ထက်က မူလ ပထမအိမ်ကြီးမှာ မီးဖိုဆောင်ကို ခြေရင်းဘက် တွဲထား၏။ နောက် အဖေ့လက်ထက်ရောက်တော့ သူ့ခေတ်ကာလအလျောက် စပါးသိုလှောင် ရောင်းဝယ်ခြင်း ပြုလုပ်မှာမို့ မီးဖိုဆောင်ကို နောက်ဖေးဘက် ပြောင်းလိုက်ပြီး ထိုနေရာကို စပါးကျီ ဆောက်လိုက်၏။

ထို့နောက် လွတ်လပ်ရေးရပြီး ဖဆပလ ခေတ်ရောက်၊ အစိုးရက စပါးဒိုင်တွေ ဖွင့်တော့ တောရွာတွင် ငွေရှင်ကြေးရှင်များ စပါးအရောင်းအဝယ် မကောင်းတော့သည်၌ အဖေလည်း အသက်ကြီး၍ သူ့ခေတ်ကုန်ပြီ ဖြစ်ကြောင်းသိရှိကာ ဤစပါးကျီကို ဖျက်ပြီး သမီးနှင့်သမက် ဆန္ဒအလျောက် ကုန်စုံဆိုင်နှင့် ရက်ကန်းစင်အတွက် တည်ဆောက်စေ၏။

ကျွန်တော်တို့အိမ်၌ ကုန်စုံဆိုင် ဖွင့်ခဲ့သည်မှာ ကျွန်တော် လူမှန်းသိစ ကျွန်တော့်မိခင် လက်ထက်ကတည်းက ဖြစ်၏။ မိခင်ကွယ်လွန်ပြီးနောက် ဤအလုပ်ပြတ်ခဲ့ရာ ယခု သမီးအငယ်ဆုံးလေး အိမ်ထောင်ကျတော့မှ အမေ့လက်ရာကို ပြန်ဆက်ခြင်းဖြစ်၏။

ကျွန်တော့်ညီမသည် ကလေးငယ်တွေ တွဲလွဲနှင့်ပင် သမီးပျိုတစ်ယောက်နှင့် စက်လည်း ချုပ်သည်။ ရက်ကန်းလည်း ရက်သည်။ ကုန်စုံဆိုင်လည်း ရောင်းသည်။ ရာသီအလိုက် စိုက်ပျိုးခြင်းလည်း လုပ်သည်။ သူ့ယောက်ျားက လယ်နှစ်ရှဉ်း လုပ်သည်။ ထို့ကြောင့် သူတို့ချောင်ချောင်လည်လည် စားနိုင်သုံးနိုင်ကြသည်။

ကျေးရွာ၏  အခြေအနေမှာလည်း ရှေးယခင်ခေတ်နှင့်စာလျှင် များစွာ ချောင်လည်ကြသည်ဟု ဆိုရမည်။ အကြောင်းမှာ ကျွန်တော်သည် ဖော်ပြခဲ့သည့်အတိုင်း တန်းလျားပေါ်၌ မျက်စိမှိန်း၍ ဈေးဝယ်လာတို့ အသံဗလံကို နားထောင်နေသည်။ အကြွေး အလွန်နည်းသည်။ လက်ငင်းတွေများသည်။ နို့ပြီး ပုစွန်ခြောက်၊ ငါးကျည်းခြောက်၊ ငါးရံ့ခြောက်၊ လက်ဖက်၊ ပဲလှော်ဝယ်သညများ ဖောဖောသီသီ ရှိကြသည်။

ဟိုရှေးယခင် ကျွန်တော့်မိခင် လက်ထက်တုန်းကမူ သည်လို အကောင်းစား ငါးခြောက် ငါးခြမ်းနှင့် အပိုစာ လက်ဖက်၊ ပဲလှော်တို့မှာ အလွန်တရာ ရောင်းရခဲ၍ မြန်မာထမင်းပွဲတစ်ခုမှ မပါမဖြစ်သော ငါးပိ၊ ငရုတ်၊ ကြက်သွန်တို့ပင်လျှင် ဆယ်ဦးမျာ ကိုးဦးလောက်က အကြွေးချည်း ဖြစ်ပါ၏။ ဘာကြောင့် ဒါလောက် မှတ်မိနေသနည်းဆိုသော် ကျွန်တော့်အမေသည် ဈေးရောင်းနေသော်လည်း စာတစ်လုံးမှ မတတ်မူ၍ ကြွေးစာရင်းအားလုံးကို ကျွန်တော်က မှတ်ရသောကြောင့် ဖြစ်ပါ၏။

ကျွန်တော့်အမေသည် စိတ်မှတ်တော့ ကောင်းပါ၏။ ကျွန်တော် ကျောင်းကပြန်လာလျှင် သည်နေ့ ဘယ်သူက ဘယ်လောက်ဖိုး၊ ဘယ်နေ့ ဘယ်တော့ပေးမည်ဟု ပြောသွားကြောင်း၊ သူ့သား စာတတ်ကြီးအား မှတ်စေပြီး ကြွေးတောင်းဖို့ တာဝန်ကိုပါ လွှဲအပ်၏။ ထို့ကြောင့် ကျွန်တော့်မှာ ညနေကျောင်းက ပြန်လာတိုင်း ကြွေးစာရင်းသစ်ကို မှတ်ရ၏။ ကြွေးဟောင်းတွေကို နေ့စဉ် လျှောက်တောင်းရ၏။ သို့သော်လည်း ဘယ်တော့မှ ချိန်းတဲ့အတိုင်း မရတတ်။ နေ့လွှဲတွေကိုသာ မိခင်ထံ ပြန်အစီရင်ခံရ၏။

အကြောင်းမှာ ထိုကာလသည် ဆရာစံသူပုန်ခေတ်၏ ပတ်ဝန်းကျင်နှစ်များဖြစ်လေရာ ကျေးရွာ တောသူတောင်သား လယ်သမားများ အလွန်ဆင်းရဲ ကျပ်တည်းကြသောကြောင့် ဖြစ်၏။ အမှန်ကိုဆိုရသော် ကျေးရွာတို့တွင် ထိုအချိန်၌ အိမ်ခြေ ၅၀ လျှင် တစ်အိမ်မျှ (ဥပမာ- ကျွန်တော့်မိဘများကဲ့သို့ လယ်ပိုင် လက်ကျန်ကလေးရှိသူ) လောက်သာ သင့်တင့်ရုံလောက် စားနိုင်သုံးနိုင် ရှိကြသည်။ ကျန် ၄၉ အိမ်လောက်ကား စပါးပေးတင်းတိုး ယူစားကြရကုန်သော လယ်ကူလီများသာ ဖြစ်ကြကုန်၏။

ယင်းသို့သော် ခေတ်ဆိုးကြီးမှသည် ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပြီးနောက် လွတ်လပ်ရေးရ၊ ဖ-ဆ-ပ-လ ခေတ်ရောက်၊ လယ်မြေဝေခြမ်းရေးတွေဖြစ်၊ ဆင်းရဲသားများ ၅ ဧကစီရကြ၊ ထိုမျှနှင့် ကျေးရွာသားတွေ လူမွေးလူတောင် မပေါက်ကြသေး။ မျောက်လောင်း မျောက်လောင်းပဲ နေရာမှ ယခု တော်လှန်ရေးအစိုးရလက်ထက် ရောက်ခဲ့၍ စိုက်ပျိုးရေးစရိတ်တွေ၊ ပင်တောင်ကြေးတွေ ရက်ရောစွာ ချေးခြင်း၊ ဂုံလျှော်တွေစိုက်စေခြင်း၊ အစိုးရသမဝါယမ ကိုင်၍ ရက်ကန်းတွေ ရက်စေခြင်းဖြင့် ကျေးရွာတွေမှာ စပါးပေး၊ တင်းတိုးချေးစနစ်တွေ ပပျောက်ကုန်လျက် ကျေးရွာသားများ အသက်ရှူချောင်ကြ၍ ဖော်ပြခဲ့သည့်အတိုင်း ကျွန်တော့်ညီမ ကုန်စုံဆိုင်မှာ လက်ငင်းတွေဝယ်နိုင်ကြခြင်း ဖြစ်ကုန်ပါ၏။

တော်လှန်ရေးခေတ်ပြောင်းသည် ကျေးရွာတွေအတွက်တော့ သိသိသာသာကြီး ကောင်းနေပေပြီ။ ကျွန်တော်သည် ဤအကြောင်းများကို ပြန်ပြောင်းစဉ်းစားရင်း ဈေးဝယ်လာကြသော ကလေးလူကြီးတို့ကို တစေ့တစောင်း အကဲခတ်လျက်ရှိသည်။ ကျွန်တော်ရွာက ကာလကြာစွာ ခွာခဲ့သည်မှာ ယခု ကျွန်တော့်ညီမအငယ်ဆုံးလေး ၅ နှစ်၊ ၆ နှစ် သမီးအရွယ်ကဖြစ်ရာ အနှစ် ၃၀ ကျော် ကြာခဲ့ပြီဖြစ်၍ များစွာသော သူတို့ကို ဘယ်သူ့သားသမီးလဲ၊ ဘယ်သူ့မြေးလဲပင် မသိတော့။ အချို့မှာ ရွာ၏သားသမီးများ မဟုတ်ကြဘဲ ရွာ၏သမက်၊ ချွေးမများ ဖြစ်နေကြသည်ကို တွေ့ရသည်။

သို့ရှိစဉ် ကျွန်တော့်နား၌ ထူးခြားသလိုရှိသော အမျိုးသမီးတစ်ယောက်၏ အသံသည် သနားစဖွယ် ကျွန်တော့် ညီမအား တောင်းပန်ခယလေသည်မှာ “ချိုချိုရယ်၊ အရင်ကြွေးနေပါဦးမယ်၊ ခုဟာလည်း တစ်ဝက်ပဲယူပါဦး၊ ကလေးက မမာတော့ ငါ ကောင်းကောင်း အလုပ် မလုပ်ရဘူးဟယ်၊ နောက်တော့ ငါ ဆက်ဆက် ပေးပါမယ်နော်”

လာသမျှ ဈေးဝယ်တို့တွင် ဤမျှ အောက်ကျခံပြောသော အသံမကြားမိသဖြင့် ကျွန်တော် ရုတ်တရက် ခေါင်းထောင်ထကာ မျက်စိဖွင့်ကြည့်လိုက်မိရာ ထိုအမျိုးသမီးက ကျွန်တော့်အား ဖော်ရွေစွာပင် “ဪ ကိုကျင်မောင် အလည်လာသလား” ဟု နှုတ်ဆက်လေသဖြင့် ကျွန်တော် ပြုံးပြီး ခေါင်းညိတ်ပြလိုက်ရပါသည်။

ကျွန်တော့်စိတ်တွင် ပုံသဏ္ဌာန်အားဖြင့် သူက ကျွန်တော့်ထက် ကြီးလိမ့်မည်ဟု ထင်မိပါသည်။ သူ့ရုပ်သူ့အရွယ်နှင့် မလိုက်အောင် သူ့အသံ သာယာသည်ဟုလည်း အောက်မေ့မိပါ၏။ သို့သော် ကျွန်တော် သူ့ကို မသိပါ။ ဧကန္တ ကျွန်တော်မရှိမှ ရွာသို့ရောက်လာသော ရွာ၏ချွေးမ ဖြစ်တန်ရာ၏။ သို့သော် သူသည် ကျွန်တော်၏ ငယ်မည်ကို အဘယ်ကြောင့် သိနေပါသနည်း။ တစ်ဆင့်ကြားလည်း ဖြစ်နိုင်ပါ၏။ ထို့ကြောင့် ကျွန်တော်သည် ဤအမျိုးသမီး ထွက်ခွာသွားသည်၌ ခေါင်းကို ကုလားထိုင်လက်ရန်းပေါ် အသာပြန်လှဲချရင်း…

“ချိုချို… အဲဒါ ဘယ်သူလဲဟေ့…”

“အဲဒါဘယ်သူလဲ ပြောလိုက်ရင် အစ်ကိုကြီး ထခုန်မှာပဲ…”

“ဟဲ့… ငါက ဘာကြောင့် ထခုန်ရမှာတုံး၊ နင့်မလဲ…”

“အဲဒါ ခင်လေးရယ်…”

“ဘာ… ဒါ… ခင်လေး…”

ကျွန်တော် ငေါက်ခနဲ ထထိုင်မိလျက်သားဖြစ်နေရာ ကျွန်တော့်ညီမက ပြုံးစေ့စေ့နှင့်

 “အစ်ကိုကြီးဟာ ထမခုန်ပေမဲ့ ခုန်တော့ ထတာပဲ”

ကျွန်တော် ရှက်စနိုးဖြစ်သွားကာ 

“အေးဟယ်… နင်ပြောလည်း ပြောစရာပဲ၊ ဒါ ခင်လေး…”

ဤနောက်ဆုံး စကားလုံးကို ကျွန်တော် အသံဆွဲ၍ ပြောနေမိရာ ညီမက

“ဟုတ်ပါသရှင်… ဦးပေါအိုင်သမီး ခင်လေးမှ ခင်လေးအစစ်ပါ…”

“ဟင်… ခင်လေး ခင်လေး၊ ဘယ်နှယ့် ဖြစ်ရတာပါလိမ့်”

“ဖြစ်ရပုံကတော့ အစ်ကိုကြီးရယ်…”


***


ထင်ထရေးနဲ့၊ မြင်သေးတယ်

ခင်ခင်လေးနဲ့၊ ကြင်ရေးဆွယ်

တုံးခုကာ၊ မောင်တကယ်

လှမ်းချင်ပါတယ်၊ ရွှေဂူမြနန်း

နတ်ပန်းသော်ကရယ်…

မမီတဲ့ပန်းကို၊ လှမ်းဖို့အရေးငယ်

မြှော်တွေးရသူမှာကွယ်-ခင်ရယ်

ရေမွန်းသူပမာ၊ ဝါးကူ၍သာပေးပါ့

စားသော်လည်း၊ ခင့်ကိုမြင်တယ်

အိပ်သော်လည်း၊ ခင့်ကိုမြင်တယ်

ဂီတာဆို၊ တီးလို့ဖြေမယ်

သို့ပေမဲ့… မပြောဘူး မောင့်သက်လယ်…။

သဉ္ဇလီ၊ လှဂမုန်းရဲ့

တစ်ညလုံးပဲ ထင်တယ်၊ မြင်တယ် ခင်ရယ်

ပင်ထက်ပျော်- ပင်ထက်ပျော်၊ သဇင်အလှကို

မကြင်ရသူမှာကွယ်…

ထိပ်ထားရယ်…. စိတ်အားငယ်…

ရေမွန်းသူပမာ၊ ဝါးကူ၍သာ…

“ဟေး… တုတ်ပဲကူမဟေ့” ဟုဆိုကာ ခင်လေးတို့အိမ်က သူရင်းငှား လူမိုက် ဖိုးထိုက်ဆိုသူ ပြေးထွက်လာသော အသံကြားရတော့ အဆိုကျော် ကျွန်တော်နှင့် ဒန်အိုးနှင့်ကြောင်သားရေ ဘင်ဂျိုကို တဒုန်းဒုန်း ခေါက်လာသော (ကျွန်တော့်အစ်ကို ဝမ်းကွဲတော်သူ) အောင်ထွန်းမြိုင်မှာ တစ်ဟုန်တည်း သုတ်ခြေတင်ခဲ့ရတော့သည်။ ဤမျှမကသေး၊ နောက်တစ်နေ့ည ညတွင် ဦးပေါအိုင်၏ အိမ်ရှေ့၌လည်းကောင်း၊ နောက်ဖေးမှလည်းကောင်း၊ ခေါင်းရင်းခြေရင်း မနီးမဝေးမှလည်းကောင်း၊ သူ့သမီး၏ နာမည်ပါသော သီချင်းကိုလည်းကောင်း၊ မည်သူမျှ သီဆိုတီးမှုတ်ခြင်းမပြုရ၊ ပြုမူသော် ခေါင်းအကွဲပဲဟူသော သူရင်းငှားလူမိုက် ဖိုးထိုက်၏ ‘ဝမ်နင်’ ရောက်လာသတတ်။

သည်တုန်းက ကျွန်တော်တို့မှာ အသက် ဆယ့်လေးငါးခြောက်နှစ် အရွယ်လား။ အင်မတန် ကြောက်တတ်သေးလေတော့ ဘုရားစူးရစေ့ နောက်ထပ် မဝံ့ပေါင် ခင်ဗျာ။

ခင်လေးနှင့် ကျွန်တော်သည် သက်တူရွယ်တူမျှ တစ်ရွာတည်းမွေး တစ်ရွာတည်းသားချင်း ဖြစ်ပါ၏။ သို့သော်လည်း သူ့ကို ကျွန်တော် (အိုစနာမှ ခုန ညီမဆိုင်တွင် မတွေ့မီတုန်းကဆိုလျှင်) လွန်ခဲ့သော နှစ်ပေါင်း ၃၅ နှစ်ခန့်က တစ်ကြိမ်သာ မြင်ခဲ့ရဖူးပါသည်။

အဘယ်ကြောင့်နည်း။ ခင်လေးတို့မိသားစုသည် အင်မတန် သွေးကြီးမွေးကြီး နိုင်လွန်းလှ၏။ ကျွန်တော်တို့ရွာတွင် သူတို့သည် အချမ်းသာဆုံး ဖြစ်၏။ လယ်ဧက အများဆုံး ပိုင်၏။ သူတို့အိမ်သည် အကြီးဆုံး အကောင်းဆုံး ဖြစ်၏။ ခြံဝင်းကျယ်ကြီးအတွင်းဝယ် ယောက်ျားကြီး လက်နှစ်ဖက် ပတ်မိရုံလောက်ရှိသော ကျွန်းသားလုံးတိုင်များဖြင့် ဆောက်လုပ်ထားသည်။ ခုနှစ်ပင် + ငါးပင် နှစ်ထပ်အိမ်ကြီး။ နောက်ဖေးက မီးဖိုဆောင်၊ ခေါင်းနှစ်ဖက်နှင့် ထုတ်လေသဖြင့် မည်မျှကြီးပါသနည်း။ ခန့်မှန်းနိုင်ပါသည်။ သွပ်မိုး ပျဉ်ထောင်၊ လျှာထိုးခင်း လျှာထိုးကာ။ နို့ပြီး ခြံဝင်းထရံကလည်း လုံလှပါ၏။ ထိုခေတ်က သူတို့အိမ်ကို ဓားပြမတိုက်ချေ။

ခင်လေးတို့ မိဘဘိုးဘွားများအကြောင်းကို ကျွန်တော် အသက်မမီ၍ နားမလည်တာ ရှိနေ၏။ ကျွန်တော်တို့ရွာကြီးသည် တောင်နှင့်မြောက်တန်းသော (ထိုစဉ်က) အိမ်ခြေ ၃၀၀ ကျော်ရှိသည့် ရွာကြီးဖြစ်၍ တောင်ဘက်ပိုင်းနှင့် မြောက်ဘက်ပိုင်း ဘုန်းကြီးကျောင်း နှစ်ကျောင်းရှိသည့်အနက် ရွာအနေအားဖြင့် ခင်လေးတို့အိမ်သည် ကျွန်တော်တို့ တောင်ဘက်ပိုင်း ဘုန်းကြီးကျောင်းသို့ လာသင့်၏။ သို့သော် ခင်လေးဘကြီး ဦးဖော့နှင့် ကျွန်တော်တို့ဘုန်းကြီးက (ဘာကြောင့်လဲမသိ) မတည့်၍တဲ့။ ခင်လေးတို့အိမ်သားများသည် မြောက်ဘက်ကျောင်းကို ကိုးကွယ်ကြ၏။ သည်တော့ သူတို့အိမ်မှာ နေ့စဉ် ဆွမ်းမလောင်းရတော့ချေ။

အကြောင်းမှာ တောင်ဘက်ကျောင်းဆွမ်းခံနှင့် မြောက်ဘက်ကျောင်းဆွမ်းခံသည့် နယ်နိမိတ် ကန့်သတ်ပြီး ဖြစ်နေ၏။ ခင်လေးတို့အိမ်မှာ ကျွန်တော်တို့ တောင်ဘက်ကျောင်း ဆွမ်းခံဧရိယာ၌ပါရာ သူတို့က ကျွန်တော်တို့ ဘုန်းကြီးကျောင်း ဆွမ်းမလောင်းသည်ဖြစ်၍ ကျွန်တော်တို့ကျောင်းဘက်က ဆွမ်းခံကျောင်းသားတို့သည် သူတို့အိမ်ကို တိတ္ထိအိမ်ကဲ့သို့ သဘောထားကြသည်။ ကျွန်တော်တို့ တောရွာဓလေ့မှာ မုဆိုးမအိမ်ကအစ (ဟင်းမတတ်နိုင်စေကာမူ) ဆွမ်းလေး လက်ဖက်ရည်ကြမ်း တစ်ပန်းကန်စာလောက်တော့ နိစ္စဓူဝ လောင်းမြဲဖြစ်ရာ ခင်လေးတို့အိမ်မှာ ဤဘက်က တစ်ဖူနာလေပြီ။

ထို့ပြင် ခင်လေးတို့ အိမ်သူအိမ်သားများသည် သူတို့အိမ်က သူရင်းငှားများမှလွဲ၍ အခြားလူများနှင့် အဆက်အသွယ် အဝင်အထွက် မလုပ်။ ကျွန်တော်တို့အဖေနှင့် ခင်လေးတို့အဖေသည် သက်တူရွယ်တူမျှ သူတို့ချင်းလမ်း၌ တွေ့လျှင်လည်းကောင်း၊ လယ်ထဲ၌ တွေ့လျှင်လည်းကောင်း၊ နှုတ်ဆက်ကောင်း နှုတ်ဆက်ကြမည်ဖြစ်သော်လည်း ကျွန်တော့်အဖေသည် သူတို့အိမ် သွားတာကိုလည်းကောင်း၊ သူ့အဖေသည် ကျွန်တော်တို့အိမ် လာတာကိုလည်းကောင်း တစ်ခါမျှ မရှိခဲ့ဘူးချေ။

ကျွန်တော်သာလျှင် ခင်လေးအိမ်မှ သူရင်းငှား သဘောကောင်းသော ဦးကျော်ခင်နှင့် ပတ်သက်၍ သူတို့အိမ်ကြီးထဲ တစ်ခါ ရောက်ဖူးသွားသည်။ သည်တော့ ကျွန်တော် အသက် ၁၅ နှစ်၊ ခင်လေးလည်း သည်လောက်ပဲ ကျွန်တော်ထင်သည်။ အပျိုပေါက်၊ လူပျိုပေါက် တစ်ယောက် တစ်ယောက် ခေတ္တမျှ မျက်စိချင်း ဆုံလိုက်မိသည်။ သူတို့ညီအစ်မချင်းပြောသော ခင်လေးအသံကို ကြားလိုက်ရဖူးသည်။ ခင်လေးသည် အသားဝါချော။ သူ့အသံကလည်း (ကျွန်တော် ဘယ်လိုပြောရမလဲ မသိ) ‘တုံသာသာ’ ဆိုပါစို့…။ အလွန်နားထောင်၍ ကောင်းပါ၏။ စိတ်ဆိုးလို့ ရန်တွေ့တာတောင်မှ ချစ်စရာကောင်းနေလိမ့်မည်ဟု ကျွန်တော်ထင်မိပါသည်။ နို့ပြီး ခင်လေး ဆံပင်ကလည်း (ကျွန်တော်တွေ့စဉ်က ခေါင်းလျှော်ပြီးစ ဖြစ်လေရာ) ဒူးဆစ်အောက် ရောက်သည်မှ လှိုင်းတွန့်ကောက်ကလေးတွေနှင့် ဖြစ်ပါ၏။

ဆိုပါစို့…။ လူငယ်တို့ဘာဝ ခင်လေးကို ကျွန်တော် မြင်မြင်ချင်း ချစ်မိ၏။ ထို့ကြောင့် ဖော်ပြခဲ့သည့်အတိုင်း ကျွန်တော့်အစ်ကိုဝမ်းကွဲ အောင်ထွန်းမြိုင်ကို ဘင်ဂျိုခေါက်စေ၍ “ထင်တရေးနဲ့ မြင်သေးတယ်၊ ခင်ခင်လေးနဲ့ ကြင်ရေးဆွယ်၊ တုံးခုကာ မောင်တကယ် လှမ်းချင်ပါလှတယ်” ဟူသော ရတနာပုံမောင်စု၏ သီချင်းကိုဆိုမိရာ သူတို့သူရင်းငှား လူမိုက် ဖိုးထိုက်၏ ကြိမ်းမောင်းခြင်းကို ခံရသည်။ နောင် ဤသို့မပြုရန် သတိပေးခြင်းကို ခံရသည်။ ကျွန်တော့်ကို ခင်မင်သော သဘောကောင်းသည့် သူတို့သူရင်းငှား ဦးကျော်ခင်ကလည်း “နောင် မင်းငါ့ဆီကို ဒီအိမ်လိုက်မလာပါနဲ့တော့ကွာ”ဟု ဝမ်းနည်းစွာဖြင့် ပြောသံကို ကြားရပါသည်။

ဒီတော့ ဒီကောင်ကလည်း ဘာမှုမည်နည်း။ မွေးဗီဇကိုက ငါ ဘယ်မိန်းမတော့ မရမနေနိုင်ဘူးဆိုတဲ့စိတ်မျိုးမှ မပါခဲ့တာကပဲ။ စင်စစ်လည်း ခင်လေးနှင့် ကျွန်တော် ဘယ်နည်းနဲ့မှ မနီးစပ်နိုင်ပါ။ ရုပ်ရည်နှင့် ပညာအရည်အချင်း ကျွန်တော်က ညံ့လို့ မဟုတ်ပါ။ သို့သော် ဤခေတ် ဤအခါ၌ ကျေးရွာက ကြေးရတတ်တို့ စကားပြောကြသည်မှာ ပစ္စည်းခင်ဗျာ့။ ခင်လေးတို့၏ အဖေနှင့်အမေ လက်ထပ်ကြစဉ်က (ကျွန်တော် မမီခဲ့သော်လည်း သက်ကြီးစကား ကြားသိရပါသည်) တစ်ဦးတည်းသော သားသမီးချင်း တစ်ဖက်ကို လယ်ဧက ၅၀ နှင့် ရွှေက ဘယ်လောက်သားစီ ဆိုလည်း ထိတ်ထိတ်ချင်း ပေါက်ကြတာတဲ့။

ထိုသို့ နှစ်ဖက်ပေါင်း လယ်ဧက ၁၀၀ မှ အစပြုခဲ့၍ နွားသုံးလေးရှဉ်းလောက် သူတို့ကိုယ်တိုင်လုပ်ပြီး ကျန်လယ်များကို လယ်ထောက်ခချခြင်းဖြင့် တစ်နှစ်ထက် တစ်နှစ် စီးပွားတက်ခဲ့ရာ သူတို့သားသမီးများ အရွယ်ရောက်ကြသည်၌ သူတို့တွင် အတွင်းပစ္စည်း၊ အပြင်ပစ္စည်းတွေ မည်မျှကြွယ်ဝနေပြီလဲ၊ ကျွန်တော် မပြောနိုင်ပါ။

ကျွန်တော့်မိဘများက ဘိုးဘွားလက်ထက်က တော်တော်လေး ရှိခဲ့ဟန်တူပါရဲ့။ သို့သော် ကျွန်တော်မွေးစ နှစ်လောက်ကစပြီး ရွာတွေထဲ ချစ်တီးများ ဝင်ရောက် မွှေနှောက်လိုက်ရာ ကျွန်တော် လူပျိုပေါက်ဖြစ်သော အရွယ်၌ လယ်များ တယ်မရှိတော့ပြီ။ တစ်ရှဉ်းလုပ်သာသာ ကလေးမျှသာ ကျန်တော့၏။ အခြားသူများနှင့်စာလျှင် ကျွန်တော့်မိဘများက တော်သေးသည်ဟု ဆိုရမည်။ အချို့မှာ နေအိမ်ပါ လေလံပစ်ခံရ၍ အိုးခွက်နှင့်အိပ်ရာလိပ်လောက် ဆွဲဆင်းရသူတွေများပင် ရှိကြပါ၏။

ထိုခေတ်၌ တစ်ရွာလုံးရှိ လယ်ပိုင်ရှင်များ ချစ်တီးကြွေးများနှင့် မကင်းနိုင်ကြသော်လည်း ချစ်တီးနှင့် လုံးဝမပတ်သက်ခဲ့သူကား ခင်လေးတို့မိဘများပင် ဖြစ်တော့၏။

“အောင်မယ်… သူတို့က ချစ်တီးထက်တောင် ချမ်းသာသေးတာ” ဟု ပြောစမှတ်ပြုကြ၏။ သို့သော် ငွေကြေးနှင့်ပတ်သက်၍ကား ရွာထဲတွင် မည်သူနှင့်မျှ ဆက်ဆံခြင်းမပြုချေ။

ခင်လေးတို့အဘိုး (ဦးပေါအိုင်၏ ယောက္ခမ) ဦးဖော့သည် အင်မတန် စည်းကမ်းကြီးသည်။ ကပ်စေးနှဲသည်ဟု ပြောကြသည်။ သူ့သား မြေးများသည် ပိုက်ဆံချမ်းသာသော သားသမီးရယ်ဟူ၍ ပေါက်ပန်းဈေး ဝယ်ခြမ်းစားသောက်ခြင်း မပြုရ။ သူတို့အိမ်မှာ တစ်နွေတစ်မိုးစာ ရိက္ခာအပြည့် ဝယ်ထားသည်။ ကလေးသရေစာကိုလည်း အိမ်မှာပဲ လုပ်ကျွေးသည်တဲ့။ ထို့ကြောင့် သူတို့အိမ်မှာ ဈေးသည် အဝင်အထွက် မရှိ။ စင်စစ် လယ်လုပ်သားများမှလွဲ၍ အခြားသူ အဝင်အထွက်မရှိသလောက်ပင်။

အမှန်အားဖြင့် ခင်လေးတို့ မိဘများသည် ပစ္စည်းမာန အလွန်ကြီးကြခြင်း ဖြစ်သည်။ သူတို့သားသမီးများကိုလည်း အိမ်ထဲက အိမ်ပြင် မထွက်စေရ။ အခြားကလေးများနှင့် ရောနှောမှာကို အလွန်စိုးသည်။ သူတို့တွင် ခင်ကြီး၊ ခင်လတ်၊ ခင်လေး၊ ကိုကြီးဟု မောင်နှမလေးယောက်ရှိသည့်အနက် မည်သူမျှ ကျောင်းမနေရပေ။ ကျောင်းသွားလျှင် အခြားကလေးများက စော်ကားမော်ကား ပြုမှာစိုးလို့တဲ့။ စာကို အိမ်မှာပဲ သူတို့အဘိုးဦးဖော့က သင်ပေးသတဲ့။ ကျွန်တော့်စိတ်တွင် သင်းတို့တစ်တွေ စာကောင်းစွာ တတ်လိမ့်မည်မထင်။ မသကာ ဖတ်တတ်ရုံလောက်ရှိမည်။ ဘုရားရှိခိုးအမျိုးမျိုး ဆိုတတ်မည်။

ခင်လေးနှင့်ကျွန်တော် လူပျိုပေါက် အပျိုပေါက် တွေ့ကြဖူးသောအချိန်၌ သူ့အစ်မခင်ကြီးနှင့် ခင်လတ်တို့မှာ လောက်လောက်လားလား အပျိုကြီးများ ဖြစ်နေကြပေပြီ။ သို့သော် ကာလသားများ မချဉ်းကပ်နိုင်ကြပါ။ မိသားဖသားပီပီ တောင်းရမ်းကြမည်ဆိုလည်း အနည်းဆုံး လယ်ဧကအစိတ်တော့ လက်ဖွဲ့နိုင်မှဖြစ်ရကား ထိုအချိန်မှာ ကျေးရွာတွေ ချစ်တီးဒဏ်ခံရပြီဖြစ်၍ ဆယ်ဧကထွက်နိုင်သော သတို့သားက လူစွမ်းကောင်းဖြစ်နေသည်။ ထို့ကြောင့် ခင်ကြီးနှင့် ခင်လတ်တို့မှာ ပြိုင်ဘက်မရှိ။ ခေါက်ထားခဲ့ကြရရာ အပျိုကြီး… အပျိုကြီး… အပျိုကြီးများဘဝနှင့်ပင် နောက်ဆုံး၌ သေသွားကြရသည်ဟု ကြားသိရပါသည်။

ကျွန်တော်သည် ၁၉၃၈ ခုနှစ်က ရွာမှထွက်ခဲ့၍ နောက်တွင် ရွာကို ရောက်တယ်ဆိုရုံလောက် ခေတ္တမျှလောက်သာ ပြန်ရောက်တတ်ပြီး အနှစ် ၃၀ ကျော်ကာမှ စောစောက ဖော်ပြခဲ့သည့်အတိုင်း ညီမ၏ကုန်စုံဆိုင်မှာ ခင်လေး၏ အဖြစ်ဆိုးကို တွေ့ရ၍ သူတို့အကြောင်း မေးကြည့်တော့ ရှေးယခင်အိမ်ကြီး၌ ဟိတ်ဟန်ကြီးခဲ့သော ထိုအိမ်သားများအနက် ခင်လေးနှင့် ကိုကြီးနှစ်ယောက်သာ ကျန်တော့သည်။ ဤနှစ်ယောက်တည်း ရှိတော့သော မောင်နှမနှစ်ယောက်လည်း မသင့်မြတ်၊ ကိုကြီးက ခင်လေးကို အိမ်ကြီးမှနှင်ထုတ်ထားသည်။ ဘာကြောင့်တုန်း ခင်လေးမှာ အပြစ်ရှိလို့တဲ့။

“ကျွန်မ မှတ်မိသလောက်ဆိုရင်တော့”

ကျွန်တော့်ညီမ ချိုချိုက ပြောပြပါသည်။ 

“သူတို့အဘိုး ဦးဖော့က အင်္ဂလိပ်ခေတ်မှာပဲ သေတယ်။ ဦးပေါအိုင်တို့ လင်မယားကတော့ ဂျပန်ခေတ်မှာ ဆုံးကြတယ်။ မြန်မာပြည် လွတ်လပ်ရေးရပြီးနောက် အဲသည်အိမ်ကြီးမှာ အပျိုကြီး ခင်ကြီးနဲ့ ခင်လတ်တို့က ဦးစီးပြီး ကိုကြီးက လယ်ခေါင်းဆောင် လုပ်တယ်။ အဲသည်တုန်းမှာ ခင်လေးက သူတို့အိမ်က သူရင်းငှား ပေရေးဆိုတဲ့ကောင်လေးနဲ့ ခိုးရာလိုက်ပြေးတယ်။ ပေရေးက အသက် ၂၀ လောက်၊ ခင်လေးက ၃၀ လောက်ရှိနေပြီ။ အဲဒီအခါမှာ ခင်ကြီးနဲ့ခင်လတ် အပျိုကြီးများ ဒေါပွလိုက်တဲ့ဖြစ်ခြင်း မပြောနဲ့တော့၊ တစ်သက်အပြတ်ပဲပေါ့။ ဒါနဲ့ ရပ်ရွာကလူကြီးက “မိန်းကလေး ဆင်းရဲပါ့မယ်” ဆိုပြီး ပြန်ခေါ်စေချင်တယ်။ ဒါပေမဲ့ မိဘမျိုးရိုးကို အိုးမည်းသုတ်တယ်ဆိုပြီး အိမ်ပေါ်တော့ ပြန်လက်မခံဘူး။ တစ်သက်အပြီး အမွေပြတ်ပဲဆိုပြီး လယ်ဧကနှစ်ဆယ်လောက် ပေးလိုက်တယ်”

ကျွန်တော်က “ဟာ… ဒါဖြင့် ဘယ်ဆိုးလို့တုံး…”

“ဒါပေမဲ့ ခင်လေးယောက်ျား ပေရေးဟာ နည်းနည်းမှ မကောင်းဘူး၊ အရက်သောက်တယ်၊ ဘိန်းစားတယ်၊ ဖဲရိုက်တယ်၊ တတိတတိနဲ့ ရှိတဲ့လယ်လေးတွေ ရောင်းပစ်လိုက်တာ နောက်ဆုံးတော့ ကုန်ပါရောလား၊ အဲသည်တော့ လင်မယားကွဲရော၊ ခင်လေးမှာ ကလေး ၃ ယောက်ကျန်ခဲ့တယ်”

“ဟင်… ဒါဖြင့် ခင်လေး၊ ခု ဘယ်မှာနေလဲ၊ ဘာလုပ်စားလဲ”

“လုပ်စားရတာကတော့ ချည်ဟပ်၊ ချည်ချ၊ ရက်ဖောက်ယောက်ပေါ့။ နေရတာတော့ ဟိုတုန်းက သူတို့အိမ်က သူရင်းငှား ကိုဖိုးထိုက်ကြီး၊ အစ်ကိုကြီး သိလား”

“သိတာပေါ့၊ ဟိုတုန်းက ငါ့ရိုက်မယ်လုပ်တဲ့လူ” ဟု ကျွန်တော့်နှုတ်မှ ရုတ်တရက် ထွက်မိရာ ညီမက ဘာကြောင့်လဲမေးသဖြင့် ၁၅ နှစ်အရွယ်ကအဖြစ်ကို ရှင်းပြလိုက်ရသေးသည်။ ချိုချိုက ရယ်နေပါသည်။

“အေး… ရယ်စရာပေါ့ဟယ်၊ ခု ခင်လေးက ကိုဖိုးထိုက်အိမ်မှာ နေရသလား”

“ဘယ်… အိမ်ပေါ်မှာ ဟုတ်မလဲ၊ အိမ်ခြေရင်းဘက်မှာ အဖီလေးချနေရတယ်”

“ဟင်… အဲဒါ သူ့မောင် ကိုကြီးက ပြန်မခေါ်ဘူးလား”၏

“မခေါ်ဘူးလေ၊ ခင်ကြီးနဲ့ ခင်လတ်တို့ ရှေ့ဆင့်နောက်ဆင့်ဆိုသလို သေကုန်ကြတော့ မောင်နှမလေး နှစ်ယောက်တည်းကျန်တော့တာ၊ အတူတကွ ပြန်နေကြဖို့ အရပ်လူကြီးတွေက ပြောကြပေမဲ့ မရဘူး၊ သူ့လယ်တွေ နောက်ထပ် ခွဲပေးရမှာစိုးလို့”

“နို့ ခင်ကြီးနဲ့ခင်လေးတို့ သေကြတော့ လယ်တွေအားလုံး ကိုကြီးက ရသလား”

“ရတာပေါ့၊ ဒါပေမဲ့ သိပ်မကြာလိုက်ပါဘူး၊ လယ်မြေဝေခြမ်းရေးနဲ့တွေ့သွားတော့ ခု သူတစ်ယောက်လုပ်စာ တစ်ရှဉ်းလုပ်ပဲရှိတော့တယ်”

“အေး… ကောင်းကွာ၊ နို့ ဒီကောင်လေးက ခုလယ်လုပ်တတ်လား”

“မလုပ်တတ် ငတ်သေသွားမှာပေါ့၊ သူ ဘာပညာမှ မတတ်တာပဲ”

“သူကော မိန်းမ မယူဘူးလား”

“ယူတာပေါ့၊ ယူတာမှ ကိုအုန်းရွှေ မိန်းမ… ကလေး ၃ ယောက်နဲ့ မုဆိုးမလေး”

“အလဲ့… ဒါတော့ ဘယ်သူက ပေးစားလို့လဲ”

“ဘယ်သူကမှ ပေးစားလို့မဟုတ်ဘူး၊ သူ့အစ်မ ခင်ကြီးနဲ့ခင်လတ်တို့ မမာကြတော့ မုဆိုးမလေးက အိမ်နီးပါးနားဖြစ်တော့ လာရောက်ပြုစုတယ်။ အဲဒီထဲမှာ နီးစပ်သွားကြပြီးတော့ အပျိုကြီးများသေသွားပြီး မကြာခင်ဘဲ သူတို့ညားကြတာပေါ့”

“သူတို့ကတော့ အခု အဲဒီအိမ်ကြီးမှာပေါ့နော်…၊ ဒီလောက်အိမ်ကြီးကျယ်နေတာ ခင်လေးကို ပြန်ခေါ်ဖို့တော့ ကောင်းတယ်”

“ဒါဖြင့် အစ်ကိုကြီးပဲသွားပြီး စေ့စပ်ပေးပေတော့၊ ခင်လေးဟာ အားကြီး သနားစရာကောင်းတယ်၊ သူ့သမီးအကြီးဆုံးလေးဟာ ဘယ်တော့မှ မမာဘူး၊ ကျောကုန်းမှာ ဝမ်းတွင်းပါ အနာ့ပဆုပ်ကြီးနဲ့ အစ်ကိုကြီး သွားကြည့်ပါလား။ သူတို့သားအမိတွေနေရတာ သိပ်သနားစရာကောင်းတာပဲ”

ကျွန်တော်လည်း ခပ်ပျင်းပျင်းရှိသည်နှင့် “အေးဟယ်… ငါ သွားကြည့်ဦးမယ်၊ ဒီအချိန် သူ့အိမ် ကိုဖိုးထိုက်များ ရှိမလားမသိဘူး”

ကျွန်တော့်ညီမက ရယ်မောရင်း “အခုတော့ အစ်ကိုကြီးကို ရိုက်လွှတ်မယ် မဟုတ်တော့ပါဘူး၊ သွားသာသွားပါ”

“ဟယ်… နင်ကလည်း ငါ သူ့အိမ်သွားတော့ သူ့များ တွေ့မလား မေးတာပါ”

“တွေ့စရာမလိုပါဘူး၊ ခင်လေးနေတာက သူတို့အိမ်ခြေရင်းဘက်က အဖီပဲ၊ မအေးကြည် အိမ်ဘက်ကနေပြီး ဝင်ရတယ်”

ဟုတ်ပါ၏။ အဖီဆိုသည်မှာ အိမ်တစ်ခု၏ နံရံအပြင်ဘက်က တစ်ဖက်ရပ် အမိုးကလေးချကာ အဆင့်လေး ထိုးနေခြင်း ဖြစ်ပါသည်။

ကိုဖိုးထိုက် အိမ်ခြေရင်းဘက် မအေးကြည် အိမ်ခေါင်းရင်းဘက် ခြံစောင့်ရင်းပေါက်မှ ချောင်းတစ်ချက်ဟန့်၍ ခင်လေး၏ အဖီပေါက်ကို ခေါင်းဝင်ကြည့်လိုက်သောအခါ ရက်ဖောက်ယောက်နေသော ခင်လေးသည် ရုတ်တရက် လန့်သွားကာ ကျွန်တော်မှန်း သိသွားသည်၌ ပြူးပြူးပျာပျာ ထိုင်ရာမှထလျက် တစ်ခုတည်းသော တစ်ယောက်ထိုင် သင်ဖြူးစုတ်ကလေးကို ဆွဲခင်းနေသဖြင့် ကျွန်တော့်မှာ လာမိတာမှားလေပြီဟု အားနာစွာနှင့်…

“နေပါစေ… ခင်လေး နေပါစေ၊ ကျွန်တော် မထိုင်ပါဘူး၊ မခင်လေး ကလေးမမာဘူးဆိုလို့ လာကြည့်တာပါ”

ခင်လေးသည် ကျွန်တော့်အား ဘာပြန်ပြောရမှန်း မသိရှာချေ။ သူ့ကလေးကား အသက် ဆယ်နှစ်ကျော်နေပြီဖြစ်သော်လည်း ဟိုဟိုဒီဒီ မလျှောက်နိုင်ဘဲ တညင်းလုံးပေါ် ခေါင်းအုံးတင်၍ ရင်ဘတ်အောက်ခုကာ လေးဘက်ထောက် နေရရှာသည်။ ကျောမှ အနာကြီးက ပက်ပြဲနှင့်။

သူ့အဖီမှာ မီးဖိုနှင့် အိုးခွက် အိပ်ရာတို့သည် ညစ်ပေပွယောင်းကာ တစ်ဆက်တည်း ပြန့်ကြဲ။ အို… လောက၌ ဒီလောက်သနားစရာကောင်းသော ကလေးနှင့် ဒီလောက်ဆင်းရဲသော မိန်းမ။

ကျွန်တော် ခင်လေးအား ဘာစကားတစ်ခွန်းမျှ ပြောရမှန်းမသိတော့ဘဲ သူ့အဖီအခန်းပေါက်မှ ခေါင်းရုပ်ကာ ထွက်ခဲ့တော့သည်။ နှုတ်မှလည်း မဆက်ခဲ့မိ။ အပြင်ရောက်တော့မှ သက်ပြင်းကြီးကို ရှူလိုက်ပြီး ကျွန်တော့်စိတ်ထဲဝယ် “ဪ… ခင်လေးရယ်” ဟူ၍သာ။ ။

(၁၉၇၀ ခု၊ ဇန်နဝါရီ မြဝတီ)


Comments