သူ့ခေတ်နှင့်သူ @ သော်တာဆွေ




လယ်ပြီး မိုးနှောင်း ထွန်းတုံးပိတ်ချိန်၌ အစ်ကိုတို့လင်မယားသည် ကျွန်တော်တို့ မျှော်လင့်ထားသည့်အတိုင်းပင် ကျွန်တော်၏အိမ်သို့ ရောက်လာခဲ့ကြချေပြီ။ သူတို့မျက်နှာတွေမှာ ကျွန်တော့်အပေါ် မကျေနပ်သော ပုံသဏ္ဌာန်နှင့်။ သို့သော် ကျွန်တော်မှာ “သည်လိုပဲဖြစ်ရမည်” ဟု တွေးထင်ထားသည့်အတိုင်းမို့ ဣန္ဒြေမပျက်ဘဲ ပြုံးရွှင်စွာဖြင့်…

“အစ်ကိုတို့ ဘယ်တုန်းက စသိကြသလဲ…”

အစ်ကိုက ဒေါသသံဖြင့် “မင်းတို့လုပ်ပုံတွေက တယ်ပိရိကြတော့ အခု မိုးနှောင်း မြို့ရောက်တော့မှပဲ မြမောင်အိမ်က ဒီသတင်းစာ ဖြတ်ထားတာတွေ့လို့ သိရတော့တာပေါ့ကွ…”

သူ့အပေါ် အင်္ကျီအိတ်ထဲ၌ ပျောက်ရှာမှာ စိုးကြီးစွာနှင့် ခေါက်သွင်းထားသော သတင်းစာရွက်ကို ထုတ်ပြသည်။ တခြား မဟုတ်ပါ။ ရန်ကုန်မြို့တွင် သူ့ဘဝတူ စာရေးမတစ်ယောက်နှင့် ကျွန်တော့်ရှေ့မှောက်တွင် နှစ်ဦးသဘောတူ လက်မှတ်ရေးထိုး လက်ထပ်သော ကြော်ညာဖြစ်ပါသည်။

အစ်ကိုသည် ကျွန်တော့်မျက်နှာ စေ့စေ့ကြည့်လျက်…

“ဘယ့်နှယ်လဲကွာ… မင်းလုပ်ပုံက ငါ့သားကို မင့်ယုံလို့ ပုံအပ်ထားတာ၊ ဒီကိစ္စမှာ မင်းသဘောတစ်ခုတည်းနဲ့ လုပ်လိုက်ကရောလား…”

သည်စကားတော့ ကျွန်တော် ခါးခါးသီးသီး ငြင်းရကာ…

“အောင်မယ်လေး… အစ်ကို၊ သည်ကိစ္စမှာ ကျွန်တော့်သဘော လုံးဝ မပါပါဘူးခင်ဗျာ…”

အစ်ကိုသည် မည်သို့မျှ မယုံဟန်သဏ္ဌာန်ဖြင့်…

“အောင်မယ်… ဘယ့်နှယ်၊ ငါ့သားက ကျောင်းသားထဲက မင်းအိမ်မှာနေတယ်၊ အလုပ်လုပ်တော့ မင်းရုံးမှ ာလုပ်တယ်၊ အခု လက်ထပ်တော့ မင်းရုံးမှာ၊ မင်းက တရားသူကြီးကွာ…”

“အဲ့ဒါကြောင့် ကျွန်တော့်သဘော ဘာမှမပါဘူးပြောတာပေါ့ အစ်ကိုကြီးရ၊ ကျွန်တော်က တရားသူကြီးတစ်ယောက်ဖြစ်နေတော့ အရွယ်ရောက်တဲ့ မိန်းကလေးတစ်ယောက်နဲ့ ယောက်ျားလေးတစ်ယောက် သက်သေသက္ကာယနဲ့ ကျွန်တော့်ရုံးမှာ လက်ထပ်ချင်တယ် ဆိုတော့ ကျွန်တော်က ဘာမျှ တားပိုင်ခွင့်မရှိဘူးခင်ဗျာ့၊ ဝတ္တရားရှိတဲ့အတိုင်း ဆောင်ရွက်ပေးရုံပဲ…”

“ကဲ… ဒါတော့ ထားပါတော့ကွာ…၊ ဒီမှာ ထွန်းလင်း… သူတို့ဒီလို လက်မထပ်ခင်မှာ ငါ့သားစိန်လှိုင်က မင်းကို လူကြီးတစ်ယောက်အနေနဲ့၊ ဦးလေးတစ်ယောက်အနေနဲ့တော့ မတိုင်ပင်ဘူးလား…”

“မတိုင်ပင်ဘူး အစ်ကို၊ ပြောရုံပဲ ပြောတယ်၊ ‘ကျွန်တော် ဒီကောင်မလေးနဲ့ ခရီးလွန်နေပြီ၊ လက်မထပ်ရင် မဖြစ်တော့ဘူး…’တဲ့”

“တောက်… သင်း မိန်းမယူတာကလည်း ဖိုးထွား နွားဝယ်သလို ကျနေတာပဲ…”

သူတို့ရွာက ကိုဖိုးထွားသည် နွားကို မစူးမစမ်း အရမ်းဝယ်တတ်၏။ ဤတွင်ရောက်မှ စကားတစ်ခွန်းမျှ မပြောသေးဘဲ မျက်လုံးကြောင်တောင်တောင်နှင့် ကြည့်နေသော အစ်ကို့မိန်းမ မအေးယဉ်က…

“ဖိုးထွား နွားဝယ်တာက ကိုယ့်လက်ထဲရောက်မှ မကြိုက်ရင် နောက်အပတ် နွားပွဲချ ပစ်နိုင်သေးတယ် တော်ရဲ့…”

ကျွန်တော်က စိတ်ထဲက ပြုံးနေလိုက်ပါသည်။

အစ်ကိုက ဆက်လက်၍ “မင်း စိန်လှိုင်ကို မင့်မိဘတွေဆီ တိုင်ပင်ဦးကော မပြောဘူးလား…”

“ပြောသားပဲ အစ်ကို၊ ဒါပေမဲ့ သူက ခုနှယ် မိုးတွင်းကြီး အကြောင်းကြားလို့ အဖေတို့ အမေတို့ လိုက်လာရင် အလုပ်အကိုင် ပျက်ကြရုံ ရှိမှာပေါ့၊ ဒီမှာ ဘာမှ အကြောင်းထူးမှာလည်း မဟုတ်တာဘဲ၊ သီတင်းကျွတ်မှပဲ ရုံးက ခွင့်ယူပြီး သွားကန်တော့မယ် ပြောတယ်…”

“နေပါဦး… အခု သူတို့လက်ထပ်ကြတာ ဘယ်နှလ ရှိသွားပြီလဲ… ဒီထဲမှာ နေ့စွဲက အင်္ဂလိပ်လ၊ ရက်နဲ့ ရေးထားတော့ ငါလည်း မသိဘူးကွ…”

ကျွန်တော်က သတင်းစာ လက်ထပ်ကြော်ငြာ လှမ်းကြည့်လိုက်ပြီး…

“၃ လ နဲ့ ၂ ရက်ပဲ ရှိပါသေးတယ်အစ်ကို…”

“သူတို့ ဘယ်မှာနေကြသလဲ၊ ကောင်မလေးမိဘအိမ်မှာလား…”

“ရန်ကုန်မှာက ခုနှယ် ဘယ်မိဘကမှ သမက်ကို အိမ်မှာ လက်ခံမထားနိုင်ကြဘူးဗျ၊ သူတို့ဟာသူတို့ လက်ထပ်ပြီး အခန်းလေးတစ်ခန်း ငှားနေကြတာပဲ…”

“သူတို့ခန်းဝင်ပစ္စည်းတွေ ဘာတွေကော ပြည့်ပြည့်စုံစုံလား…”

“ကြံကြံဖန်ဖန် အစ်ကိုရယ်… အိပ်ရာတစ်ခု၊ ခြင်ထောင်တစ်လုံးဖြစ်ဖို့မှအနိုင်နိုင်…”

“အောင်မယ်လေး… သူတို့ခေတ် အိမ်ထောင်ပြုလိုက်ကြတာလည်း တယ်လွယ်လိုက်ကြပါလားဟဲ့…”

ဟုတ်ကဲ့။ အစ်ကိုတို့ခေတ်၊ အစ်ကိုတို့အဖြစ်နှင့်ကား လွန်စွာ ကွာခြားလှပါဘိတောင်း။ ကျွန်တော်သည် အစ်ကိုတို့ခေတ်၊ ရှေးဖြစ်ဟောင်းတွေ ပြန်၍ စဉ်းစားမိ၏။

အစ်ကိုနှင့် ကျွန်တော်သည် မအေညီအစ်မမို့ ညီအစ်ကိုတစ်ဝမ်းကွဲ တော်ကြပါ၏။ သို့သော် ကျွန်တော်တို့ မိဘများသည် တစ်ရွာစီဖြစ်၏။ ကျွန်တော်တို့ရွာသည် မြို့ပိုင်ရုံးစိုက်ရာ မြို့ကလေးမှ တောင်ဘက်သို့ ၃ မိုင်ဝေး၍ အစ်ကိုတို့ရွာသည် နောက်ဘက် ကွင်းခေါင်ခေါင်ကြီးထဲတွင် ၆ မိုင်ကျော်ဝေး၏။ ကျွန်တော်တို့ရွာသည် မြို့နှင့်တာလမ်းဆက်၍ မြင်းလှည်းလမ်းရှိ၏။ အစ်ကိုတို့ရွာမှာ မြို့နှင့် နွေသာ နွားလှည်းလမ်းပေါက်ပြီး မိုးတွင်းနှင့် လယ်များမရိတ်သိမ်းမီအတွင်း ကန်သင်းရိုး ခြေကျင်လမ်းသာရှိ၏။

အစ်ကိုတို့ရွာမှာ ဘုန်းတော်ကြီးကျောင်းသာ ရှိသည်။ ကျွန်တော်တို့ရွာမှာ ထိုခေတ်အခေါ် လောကဓာတ်ကျောင်းရှိ၍ မြန်မာစာ ၇ တန်းအထိ သင်နိုင်သည်။ ထို့ကြောင့် အစ်ကိုသည် ကျွန်တော်တို့အိမ်မှာ လာနေ၍ ကျောင်းတက်သည်။ သို့သော် အစ်ကိုသည် ၄ တန်းအောင်လေသလား၊ ၅ တန်းတက်သေးသလား ကျွန်တော် မသိတော့။ ကျွန်တော် ကောင်းစွာ မမှတ်မိသေးသော အချိန်မှာပင် ကျောင်းမှထွက်ပြီး သူ့ရွာပြန်သွားလေသည်။

စင်စစ် အစ်ကို၏ မိဘများသည် ကျေးရွာမှ ကြေးရတတတ် လယ်ပိုင်ရှင်များဖြစ်သည်။ အစ်ကို့အား ပညာဖြင့် အသက်မွေးရန် မရည်ရွယ်ပေ။ ထိုခေတ် မြေပိုင်ရှင်တို့၏ သဘောထားအတိုင်း သားအား လယ်ယာလုပ်ငန်းကို တတ်ကျွမ်းအောင် သင်ကြားပြီးနောက် တန်းတူရည်တူ အမျိုးသမီးတစ်ယောက်နှင့် အိမ်ထောင်ချထားမည်။ နှစ်ဖက်မိဘ လက်ဖွဲ့သောပ စ္စည်းများဖြင့် လယ်ပိုင်မြေပိုင်ရှင်များဖြစ်ကြကာ တစ်သက်ချမ်းသာစွာ လုပ်ကိုင်စားသောက်နေကြစေသတည်း။

ဤကား ရှေးခေတ် (ကျွန်တော်တို့ငယ်စဉ်က) ကျေးရွာမြေပိုင်ရှင် မိဘတို့၏ ရည်ရွယ်ချက် ဖြစ်ပါ၏။ ထို့ကြောင့် အစ်ကို့အား ၁၃-၄ နှစ်သား ရှင်ပြုသင့်သောအရွယ်တွင် လောကဓာတ်ကျောင်းမှ နုတ်သွားပြီး သူတို့ရွာ ဘုန်းတော်ကြီးကျောင်းမှာ သင်္ကန်းဆီးစေလေသည်။ ကိုရင်ဝတ်နှင့် တစ်နှစ်တစ်ဝါလောက် နေပြီးသောအခါ၌ကား အစ်ကိုသည် သူ့ဘဝ၏ တကယ့် အသက်မွေးပညာဖြစ်သော လယ်ကွင်းက တက္ကသိုလ်တွင် မွေးသဖခင်ဆရာကြီး၏လက်အောက်မှာ သင်ကြားရလေသည်။

အသက် ၂၀ အရွယ်ရောက်သောအခါ၌ကား အစ်ကိုသည် လယ်ကွင်းတက္ကသိုလ်မှာ ပညာကုန် တတ်မြောက်လေပြီ။ လယ်တစ်ထွန်တုံး၊ နွားတစ်ရှဉ်းလုပ်ကို ကောင်းကောင်းနိုင်ပြီဟူသော အောင်လက်မှတ်ကိုလည်း ရလေပြီ။

အစ်ကို့ဘဝ၌ တတ်အပ်သောပညာနှင့် ခွန်အားဗလ ပြည့်စုံပါချေပြီ။ လောကတံတွာ ဆွေစဉ်မျိုးဆက် ပြန်ပွားစည်ပင်စိမ့်သောငှာ အိမ်ထောင်ပြုဖို့ပဲ ကျန်တော့သည်။

ယင်းအလုပ်သည် အစ်ကို့တာဝန် မဟုတ်ချေ။ ‘မကောင်းမြစ်တာ၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်းလျှင်၊ ဝတ်ငါးအင်၊ ဖခင်မယ်တို့တာ’ ဆိုသည်နှင့်အညီ မိဘတို့၏ဝတ္တရားသာ ဖြစ်ချေသည်။

ထို့ကြောင့် အစ်ကိုသည် အသက် ၂၀ ကျော်မှစ၍ ၅ နှစ် ၅ မိုးမျှ မိဘကို လုပ်ကျွေးပြီးသည့်နောက် ‘အိမ်ထောင်ချတော့မည်’ ဟူသော သတင်း ပေါ်ထွက်လာခဲ့လေ၏။ အရပ်ရပ်အရွာရွာရှိ ဆွေမျိုးသားချင်းတို့ထံလည်း သင့်လျော်သော သတို့သမီးကို ရှာကြပါဟူသော အကြောင်းစကားများ ရောက်လာ၏။

ကုက္ကိုကုန်းရွာက ဦးဖိုးသက် ဒေါ်မြရွက်တို့၏သား မောင်အောင်ခိုင်၊ မိဘက ဘယ်လောက်ချမ်းသာသည်။ သူ့သားကို လယ်ဘယ်နှဧက လက်ဖွဲ့မည်ဆိုသော ကြေညာချက်လည်း ဒါမျိုးဘက် ဝါသနာပါသော အောင်သွယ်ကျော်တို့မှတစ်ဆင့် ပျံ့နှံ့လေသည်။ ထိုအခါ အချိန်တန် အရွယ်ရောက်ပြီဖြစ်သော သမီးရှင်များဘက်ကလည်း ဒီလူငယ်ရုပ်ရည်၊ စိတ်နေသဘောထား၊ အကျင့်စာရိတ္တ၊ မိဘမျိုးရိုး စသည်တို့ကို ထောက်လှမ်း စုံစမ်းကြကုန်၏။

အစ်ကို့ဘက်မှ ရုပ်ရည် ရည်မွန်သန့်ပြန့်သည်၊ အလောင်းအကစား အသောက်အစားမရှိ။ အကျင့်စာရိတ္တကောင်းသည်။ ဆွေမျိုးအသိုင်းအဝန်း တောင့် မတောင့်၊ ဖြောင့် မဖြောင့် ဒါကို ဆွေနှင့်မျိုးနှင့်ချီ၍ တစ်ဘက်နှင့်တစ်ဘက် စုံစမ်းကြသည်။ ဤသုံးချက် ဘက်ညီလောက်မှ တစ်ဘက်နှင့်တစ်ဘက် ချဉ်းကပ်စကား ကမ်းလှမ်းကြည့်ကြသည်။

သို့ကမ်းလှမ်းတိုင်းလည်း မဖြစ်မြောက်တတ်ကြသေး၊ တစ်ဘက်နှင့်တစ်ဘက် ဈေးခေါ်ဈေးကိုင်ကြသည်လည်း ရှိကြသေး၏။ နောက်ဆုံး၌ ဟိုဘက်သည်ဘက် ‘အိမ်ပါ’ ကလေးနှင့်ပင် ကွဲလွဲသွားသည်များလည်း ရှိတတ်၏။ အများအားဖြင့် သားရှင်၊ သမီးရှင်တို့သည် ကိုယ့်ချွေးမ၊ ကိုယ့်သမက်ကို အိမ်ပါခေါ်ချင်ကြသည်သာ ဖြစ်ကုန်၏။

စင်စစ် သတို့သားနှင့် သတို့သမီးသာ သက်ဆုံးတိုင် ပေါင်းကြရမည်ဖြစ်သော်လည်း ရွေးချယ်သူများက မိဘဆွေမျိုးများသာ ဖြစ်ကုန်၏။ ပထမ သူတို့သဘောကျပါမှ သတို့သားနှင့် သတို့သမီးတို့ တစ်ဦးနှင့်တစ်ဦး တွေ့ခွင့်၊ ကြည့်ခွင့် ရကြသည်။ သူတို့ ရွေးချယ်ကြသည်များလည်း ရုပ်ရည်ရူပကာရသာမကဘဲ ဆင်၊ မြင်း၊ ကျွဲ၊ နွား၊ ဗွေဆိုး၊ ဗွေကောင်းရွေးဘိသို့ လူများလည်း ထိုသို့ရွေးရန် အချက်အလက်များ ရှိကြကုန်သေး၏။ သွားကျဲရေယို၊ သွားလပ်ကျိုး၊ မျက်ရည်ခံမှဲ့တဲ့ စသည်များ၊ ယခုခေတ် ကျွန်တော်တို့ နားမလည်ကြပါကုန်။ ကျွန်တော်တို့ ကြည့်ကြသည်က မိန်းကလေးတစ်ယောက်ကို ကိုယ်လုံးကိုယ်ထည်နှင့် မျက်နှာလောက်သာ ကြည့်တတ်ကြသည်။ တောင့်တယ်၊ ဖြောင့်တယ်၊ အယ်တယ်ဆို ကြိုက်ပြီ။

ရှေးခေတ်လူကြီးများက မိန်းမတင်ပါးဆုံ ကြီးလွန်းသည်ကို မချီးမွမ်းကြကုန်။ ‘မိန်းမဖင်လေး တုံးဆွကြီးအေ့၊ ကလေးသာ များများမွေးတတ်တယ်၊ ပျင်းတတ် ဖျင်းတတ်တယ်’ ဟု မှတ်ချက်ချ၏။ သိပ်ပြီး ကော့ကော့ပျံပျံ နေပြန်လျှင်လည်း ‘ကောင်မက ကော့ကလန် ဆတ်ဟေ့၊ ပျံတတ် နံ့တတ်တယ်’ ဟု ဆိုကြပြန်၏။

ယင်းသို့ အပြစ်အနာအဆာများအပြင်လည်း ‘အင်းဝ၊ ရာဇာ၊ ဓမ္မာ၊ သောက’ ‘အောင်ပ၊ ကုလား၊ ဆွေသား၊ တော်ရင်း၊ မိတ်ဖက်ခြင်း’ ဟူသော လင်္ကာများဖြင့် သတို့သား၊ သတို့သမီးတို့ နေ့နံများကို ရွေးကြပြန်ကုန်သေး၏။ အချို့မှာ အားလုံး သင့်လျော်နေသော်လည်း ဤနေ့နံ မတည့်မှုလေးကြောင့်ပင် မထိမ်းမြားရသည်များလည်း ရှိ၏။ ‘အိမ်ထောင်ဘက် ဘုရားတည်၊ ဆေးမင်ရည်စုတ်ထိုး’ ဟူသည် ဆိုးရိုးကလည်း ရှိနေဘိသကိုး။

ယင်းသို့လျှင် ရှေးထုံးရှေးနည်း၊ ရွေးထုံးရွေးနည်းအတိုင်း ဆွေမျိုးတစ်သိုက် အောင်သွယ်တော်ကြီးများ အကူအညီဖြင့် အစ်ကို့အတွက် ကြင်ဘက်ရွေးချယ် ရှာဖွေလိုက်ကြရာ ၃ နှစ် ၃ မိုးကျော်သည်၌ ရွာချင်း နေ့ဝက်ခရီးကွာသော သစ်ဆိမ့်ကုန်းရွာ၌ သတို့သမီး (ယခု အစ်ကို့ဇနီး) မအေးယဉ်ကို တွေ့ကြပါလေ၏။ ထို့ကြောင့် နဖူးစာရွာလည် ဆိုကြသထင့်။

ထိုစဉ်က ကျွန်တော့်အသက် ၁၂ နှစ် ၁၃ နှစ်ခန့်ရှိနေပြီ ဖြစ်၍ ကောင်းစွာ မှတ်မိနေပါပြီ။ မအေးယဉ်သည် ပြောပလောက်အောင် ချောမောလှပါသည်။ အစ်ကို့ထက် ရုပ်သာသည်ဟု ဆိုပါသည်။ ပစ္စည်းမှာ အစ်ကို့ဘက်ကသာ၍ ထေကြပါသည်။ အစ်ကိုအောင်ခိုင်နှင့် မအေးယဉ်တို့ နှစ်ဘက်မိဘများ စေ့စပ်ကြောင်းလမ်းသည်၌ သူတို့မင်္ဂလာမဆောင်မီ အစ်ကိုက သူ့ဇနီးလောင်း အိမ်သွားလည်တိုင်း ကျွန်တော်ပါသွားမြဲ ဖြစ်သည်။ ဪ သူတို့ခေတ် သူတို့အဖြစ်နှယ် နှစ်ဘက်မိဘစေ့စပ်ပြီး အိမ်မှာ လွတ်လပ်စွာ တွေ့ခွင့်ရှိကြသော်လည်း သူတို့ချင်း နှစ်ယောက်ထဲတွေ့၍ စကားမပြောကြသေးချေ။ ကျွန်တော်က ကြားမှ ပုဏ္ဏားတိုင် ပါနေရသေး၏။ တစ်ယောက်တစ်ယောက် ကိုတွေ၊ မောင်တွေ၊ မိတွေ ခေါ်ဖို့ဝေးဘိတောင်း၊ သူတို့နာမည်မှ မခေါ်တတ်ကြသေး။ ကျွန်တော့်နာမည်မှာ မောင်ထွန်းလင်းဖြစ်ရာ မအေးယဉ်က အစ်ကို့အား ‘မောင်ထွန်းလင်းအစ်ကို’ ဟု ခေါ်၏။ ကျွန်တော်က မအေးယဉ်အား မမယဉ်ဟုခေါ်သဖြင့် အစ်ကိုက သူ့ဇနီးလောင်းအား ကျွန်တော့်ရှေ့ထားပြီး ‘မင့်မမယဉ်’ ဟုဆို၍ စကားပြော၏။ တကတဲ ကျွန်တော်မရှိ သူဘယ်လိုပြောမယ် မသိ။

ထိုစဉ်အခါမှာ ကျွန်တော်က ကာလပေါ် ဝတ္ထုဖတ်ခြင်း၊ ရုပ်ရှင်ကြည့်ခြင်းများ ရှိနေပြီဖြစ်၍ အစ်ကို့အား “အစ်ကိုက ကျွန်တော့်ကို ဘာလို့ ကြားထဲက ထားနေရတာလဲဗျ။ အစ်ကိုတို့နှစ်ယောက်ထဲ တွေ့ပြီး ဖက်ပြုနမ်းပါလား” ပြောတော့ အစ်ကိုက ရှက်စနိုးဖြင့် “ဟာ… မင်းကလည်း” ဟု ပြန်ပြောပါသည်။

သို့ဖြင့် လှည်းလမ်းများ ပေါက်၍ စပါးရောင်းချပြီးသော ထိုနှစ် နွေရာသီမှာ နေ့ကောင်းရက်သာ ရွေးလျက် သူတို့မင်္ဂလာသဘင် ဆင်ယင်ကျင်းပပါသည်။

အစ်ကိုတို့အိမ်မှာ အစ်ကို့ကို ရှင်းပြုတုန်းက တစ်ကြိမ်၊ ယခု မင်္ဂလာဆောင်မှာတစ်ကြိမ် ရှိသမျှ ဆွေမျိုးအားလုံးတို့က ရောက်ကြခြင်း ဖြစ်လေသည်။ ကျေးရွာတို့ဓမ္မတာ လှည်းတွေ လှည်းတွေနဲ့ပေါ့။

အစ်ကိုတို့ ကုက္ကိုကုန်းရွာနှင့် မမယဉ်တို့ သစ်ဆိမ့်ကုန်းရွာမှာ ခြေကျင် နေ့ဝက်ခရီး ဖြစ်လေရာ လှည်းများနှင့် သန်းခေါင်ကျော်တွင် ထမောင်းပါမှ နံနက် မင်္ဂလာအချိန်မီ ရောက်မည်ဖြစ်ခြင်းကြောင့် မင်္ဂလာအကြိုနေ့ ညနေမှာ အစ်ကိုတို့အိမ်သို့ ဆွေမျိုးအားလုံး ရောက်နေကြသည်။ စားတာသာ မဏ္ဍပ်ကြီးတစ်ခုတည်းမှာ ဖြစ်၍ အိပ်ရန်မူ အဘယ်လျှင် အိမ်ဆံ့မည်နည်း။ ခြေခင်းလက်ခင်း သာယာသော နွေရာသီဖြစ်၍ လှည်းများပေါ်၌လည်းကောင်း၊ သစ်ပင်များအောက်၌လည်းကောင်း အိပ်စက်ကြကုန်သည်။

သန်းခေါင်ယံတွင် အိပ်ရာမှနိုးကြ၍ ပြင်ဆင်ကြပြီး နာရီပြန် တစ်ချက်လောက်မှာ တစ်ရာကျော်သော လှည်းတန်းရှည်ကြီး ထွက်ခဲ့လေသည်။ လှည်းယာဉ်လေးများလည်း ပါ၏။ လှည်းကြမ်းကြီးများလည်း ပါ၏။ အနှေးတစ်ကျော့၊ အမြန်တစ်သော့ဖြင့် ဆူဆူညံညံ မောင်းနှင်ခဲ့ကြရာ နံနက်အရုဏ်တက် သစ်ဆိမ့်ကုန်းရွာ ညိုညိုအတန်းကို လှမ်းမြင်နေရချိန်တွင် လှည်းတန်းရှည်ကြီး တုံ့ခနဲ ရပ်သွားလေသည်။ သတို့သမီးရွာမှ ကာလသားများက ကြိုးတားခြင်း။

ထုံးစံအတိုင်း သတို့သားဘက်မှ လူကြီးများနှင့် ကာလသားများ ဆင်းသွားကြသည်။ ဟိုလူတွေမှာ သောက်စားမူးယစ်နေကြလျက် ဓားတပြက် ဒုတ်တပြက်ဖြင့် သူတို့လိုချင်တာ မရရင် မင်္ဂလာပွဲပျက်အောင် ခုတ်မယ်ထစ်မယ်ပေါ့။ သည်ဘက်က စေ့စပ်သောအခါ၌ ငွေငါးရာပေးရမည်ဟု ဆို၏။

ထိုစဉ်မှာ စပါးတစ်ရာမှ တစ်ရာ့အစိတ်၊ တစ်ရာ့ငါးဆယ်ရှိလေရာ ငွေ ၅၀၀ မှာ နည်းနည်းနောနော မဟုတ်ပါချေ။ များလွန်းပါသည်ဆိုသောအခါ၌ နှစ်ဘက်စလုံးမှာ ချမ်းသာသော ထိတ်ထိတ်ကြဲ မင်္ဂလာဆောင်တွင် အနည်းဆုံး တောင်းတာပါပဲဆို၏။ သို့ဖြင့် နောက်ဆုံးမှာ ၃၅၀ နှင့် ဈေးတည့်ကြသည်။ ဤအခါ၌ သတို့သားကို သူတို့လှည်းပေါ်တင်၍ သူတို့ကိုယ်တိုင် မင်္ဂလာဆောင်အိမ် ရောက်အောင် လိုက်ပို့ကြသည်။ သတို့သားသည် သတို့သမီး ‘အိမ်ပါ’ အဖြစ်နှင့် ဤရွာမှာနေရမည်ဖြစ်၍ နောင်ရေးနောင်ရာ အားလုံးကိုလည်း တာဝန်ယူပါမည်ဟု အကြီးဆုံး ကာလသားခေါင်းဆောင်ကြီးက အာမခံ၏။ ယင်းလည်း တစ်ရွာတွင် လူသစ်တစ်ယောက်အတွက် ထိုခေတ်က လိုအပ်ချက်တစ်ခု ဖြစ်ပေသည်။

ကဲ မိုးလင်းအားကြီးအချိန် သတို့သမီး၏ရွာထဲသို့ သတို့သားဘက်ကလှည်းများ ရောက်ကြပြီဆိုပဲ။ အရေးကြီးသော လက်ရင်းလူများက သတို့သမီး အိမ်ပေါ်တက်ကြ၊ ကျန်လူများက သင့်လျော်ရာတွင် လှည်းများကို ဖြုတ်ကြ၍ ကိုယ့်လှည်းပေါ်မှာပင် မင်္ဂလာပွဲထိုင်ရန် ဝတ်စားပြင်ဆင်ကြသည်။

မင်္ဂလာဆောင်မှာ နံနက်ခင်းဧည့်ခံ၍ ကျွေးမှာက ဘာတဲ့လဲ၊ ပေါင်မုန့် အုန်းနို့ဆမ်းတဲ့။

အသောက်အစား ဝါသနာပါသူများက နောက်ဖေး ကောက်ရိုးပုံကို ကြွကြ။ ဒီရွာက ကာလသားများက ထန်းရည်၊ အရက်၊ ကြက်ကြော်၊ အမဲကြော်တို့နှင့် ဧည့်ခံလျက်ပါပဲ။

ကဲ… မင်္ဂလာပွဲကြီး စပြီ။

ပထမဦးဆုံး သတို့သားဘက်က မည်သည့်လယ် ဘယ်နှဧကကို ဦးပိုင်နံပါတ်နှင့်တကွ ကြေငြာလိုက်၏။ သတို့သား၏ နာရီ၊ လက်စွပ်၊ ရွှေလက်ပတ်ကြိုး၊ ရွှေကြယ်သီး၊ ခန်းဝင်ပစ္စည်းတန်ဖိုးလည်း ပါရ၏။

ဒုတိယ သတို့သမီးဘက်က ထည့်သည့်ပစ္စည်း ရွှေခြေကျင်း၊ ရွှေကြယ်သီး၊ ရွှေလက်ကောက်၊ ရွှေဆွဲကြိုး၊ ရွှေဆံထိုး ဘယ်နှရံ အချိန်ဘယ်လောက်သား၊ ခေတ်တန်ဖိုး ဘယ်လောက်ကအစ ထုတ်ဖော်၍ နှစ်ဘက် စာရင်းတင်ပြရသည်။

ထို့နောက် နှစ်ဘက်သော ဆွေမျိုးများက ကိုယ့်ဘက်ကိုယ် လက်ဖွဲ့ကြခြင်းများ။

“စခန်းကျတဲ့ သဖန်းလှရွာ ဦးမြမောင်-မမယ်ဟန် သတို့သားဘက်က လက်ဖွဲ့ငွေ ငါးထောင်တဲ့ခင်ဗျာ…”

မင်္ဂလာစကား ငါးထောင်ဆိုခြင်းသည် စင်စစ် ၅ိ ဖြစ်၏။ သည်လိုပဲ မင်္ဂလာပွဲမှာ တစ်ကျပ်ကို တစ်ထောင်ဟု ကြေညာရ၏။ သည်လို အော်ဟစ်သူမှာ သတို့သားဘက်က တစ်ယောက်၊ သတို့သမီးဘက်က တစ်ယောက် အသီးသီးရှိသည်။ လက်ဖွဲ့ကြေးစာရင်း မှတ်သူကလည်း တစ်ဘက်တစ်ယောက်ရှိသည်။ ကိုယ့်ဘက်ကိုယ် အော်ကြမှတ်ကြရသည်။ ယင်းသည် အချည်းနှီးမဟုတ်၊ ယခင်ကနှင့် နောင်အသွားအပြန်အတွက် ဆွေမျိုးဝတ္တရား ဆောင်ရွက်ရန်များဖြစ်ပေသည်။

ဤမင်္ဂလာပွဲမှာ အစ်ကို့ဘက်က လက်ဖွဲ့ကြေးချည်း ၁၈၀၀ိ ကျော်ရ၍ တော်တော်လေးမူးနေပြီဖြစ်သော ဦးလေးဖိုးသီးက…

“ကွာ… တို့ဘက်က နှစ်ထောင်တော့ ပြည့်ရမယ်ပေါ့၊ ငါက ၅၀ိ တိုးမယ်” ဟု စပြီး ဘယ်သူဘယ်ဝါက တစ်ဆယ်တိုး နှစ်ဆယ်တိုး ဆိုခြင်းဖြင့် ငွေ ၂၀၀၀ိ(နှစ်ထောင်တိတိ) ပြည့်သွား၏။ မိန်းကလေးဘက်က စုစုပေါင်းမှ ၁၂၀၀ိ မျှသာရသဖြင့် ယောက်ျားလေးဘက်က များစွာသာနေလေ၏။ ယင်းသည်ပင် ဆွေမျိုးအင်အား တောင့်တင်းခြင်းဟု ဂုဏ်ယူသည်။

ဤသို့ အိမ်ထောင်ပြုခဲ့သော အစ်ကိုတို့လင်မယားမှာ ယခု သူ့သား မောင်စိန်လှိုင်က မိဘအသိမပေးဘဲ ရုံးတက်လက်ထပ်လိုက်သည်ဆိုတော့ မည်သို့ ခံစားကြရမည်နည်း။

အစ်ကိုသည် သူ့လက်ထဲမှ သူ့သားမင်္ဂလာဆောင် ကြော်ငြာပါသော သတင်းစာရွက်ကို ကြည့်လျက်…

“ဒီထဲမှာက ငါ့နာမည်ရော၊ မအေ့နာမည်ရော၊ မင်းနာမည် တရားသူကြီးဦးထွန်းလင်း တူ ဆိုတာရောပါလို့ ငါ့သားစိန်လှိုင်လို့ ယုံရတာဟေ့…”

ဤတွင် မမယဉ်က…

“နေပါဦး မောင်ထွန်းလင်းရဲ့၊ မိန်းကလေးက မင်းသဘောကျလောက်အောင် တော်ရဲ့လား”

“ဪ… မမယဉ်ရယ်… ကျွန်တော့်သဘော မပါရပါဘူး ဆိုနေမှပဲ။ ခုကာလ မြို့ပေါ်က ဟာလေးတွေဟာ များသောအားဖြင့် သူတို့ကြိုက် သူတို့ဟာ သူတို့သဘောနဲ့ ယူလိုက်ကြတာဗျ”

“အခု သင်းတို့လင်မယား ဘယ်မှာနေသလဲ”

“ဟဲ.. ဟဲ.. မမယဉ်က သူ့ချွေးမ ကြည့်ချင်လှပြီထင်ရဲ့”

“မကြည့်ချင် မြင်ချင်လျက်သား ဆိုသလိုပေါ့ဟယ်”

“မမယဉ်က သိပ်သဘောမကျဘူး ထင်ပါရဲ့။ မောင်စိန်လှိုင်ကို ပေးစားဖို့ ရည်ရွယ်ထားတာများ ဟိုမှာရှိနေလို့လား”

“ရှိတာပေါ့ဟယ်၊ ရှိတာပေါ့”

“ဒါဖြင့် အဆင်သင့်ပါပဲဗျာ” ဆိုပြီး ကျွန်တော်သည် ထိုင်ရာမှထ၍ သိမ်းဆည်းထားသော သတင်းစာတစ်စောင်ကို ယူခဲ့ပြီး “ကိုမြမောင်တို့က ဒီသတင်းတော့ မတွေ့ဘူးထင်တယ်၊ အေးလေ… အစ်ကိုတို့နာမည်တွေလည်း မပါတော့ သူ မဖတ်မိဘူးထင်ရဲ့” ဟုပြောရင်း ကျွန်တော့်လက်ထဲက သတင်းစာကို ဖြန့်ပြီး တစ်နေရာ လက်ထောက်ပြီး ပြလိုက်ရာ သူတို့လင်မယားနှစ်ယောက်သည် မျက်လုံးများပြူးကြကာ “ဟယ်…” ခနဲ ဖြစ်သွားကြကုန်သည်။

သတင်းမှာ…

ကျွန်တော် မောင်စိန်လှိုင်နှင့် မေရီသက်တို့သည် ယနေ့မှစ၍ လင်မယားအဖြစ်မှ ပြတ်စဲပါကြောင်း။

အစ်ကိုက “ဟင်.. ဘယ့်နှယ်ဟာတွေပါလိမ့်ဟယ်” ဟု မှတ်ချက်ချ၍ မမယဉ်မျက်နှာတွင်မူ အံ့ဩရာမှ ပြုံးရောင်သမ်းသွားရာ ကျွန်တော်က ပြောလိုက်သည်။

“မောင်စိန်လှိုင် မိန်းမယူတာလည်း ဖိုးထွား နွားဝယ်သလိုပါပဲ မမယဉ်ရဲ့…”

Comments