၁။
ကော်ဖီကို စတင်သောက်ဖူးတာက ကလေးဘဝကတည်းက ထင်သည်။ သည်တုန်းက နွားနို့
မလိုင်များများနှင့် ဖျောသည့်ကော်ဖီ။ ဘဘ၊ မေမေကြီးတို့အိမ်မှာ မနက်တိုင်း အဒေါ် အပျိုကြီးတွေက
သူတို့ စျေးဆိုင်မထွက်မီ တူ၊ တူမတွေရော အဖေအမေပါ သောက်ရအောင် နွားနို့ကျိုသည့် ဒန်အိုးနှင့်
တစ်လုံး ဖျော်ပေးထားတတ်သည်။ ကော်ဖီမှုန့် ကြဲကြဲ နို့ပျစ်ပျစ် ကော်ဖီက ဆိမ့်နေသည်။ တစ်ခါတလေကျ ထန်းလျက်နှင့်ဖျော်လျှင်
နို့ကျိုသည့်အိုးထဲ ထန်းလျက်ထည့်ပြီး နို့ဆီအနံ့ မွှေးလာတော့မှ
ကော်ဖီမှုန့် ထည့်ဖျော်ခြင်းပင်။ ကော်ဖီမနှပ်ပဲ ကော်ဖီမှုန့်လေးတွေက ပေါလောပေါ်မျောနေကာ
နို့ကိုသာ သေချာ ကျိုးလေ့ရှိသည်။ မနက် ထမင်းကြော်စား၊ ကော်ဖီသောက်ပြီး ကျောင်းသွားကြရသည်။
နေ့ခင်း နေ့လည်မှာတော့ ကော်ဖီကို ပေါင်မုန့် ပေါင်မုန့်ကြွပ် ဘီစကစ်နှင့် သောက်ရသည်။
မြန်မာမုန့်တွေဖြစ်သော မုန့်ကျွဲသည်း မုန့်ဝက်သားခေါက်၊ ထန်းသီးမုန့်၊ မုန့်ပျားသလက်
မုန့်ပေါင်းစတာတွေ ကျွေးလျှင်တော့ ကော်ဖီမပါ။ ရေနွေးကြမ်းဖြင့်သာ။ ကလေးဘဝတုန်းကတော့
လက်ဖက်ရည်ဆိုတာ လက်ဖက်ခြောက် ခတ်ထားသော ရေနွေးကြမ်းပဲ သိခဲ့သည်။ စာဆိုပင် ရှိသည်မို့လား။
“လက်ဖက်ရည် အမှန်သောက်ရင်ဖြင့် ကျက်သရေ အမှန်ရောက်ပေလိမ့် ကြံသလောက်ပြီးတဲ့ရေ’ ဟုထင်သည်။
လက်ဖက်ရည်ကြမ်းကရားကို အိမ်ရှေ့က စားပွဲမှာ ထားသည်။ အပူထိမ်းအောင်
ခေါင်းအုံးလို အစွပ်ကလေးနှင့် ဖြစ်သည်။ အဲသည် ဘေးမှာတော့ လက်ဖက်တစ်အုပ်။ လက်ဖက်အုပ်ထဲက
လက်ဖက်ကို ကလေးများ နှိုက်စားလျှင်လည်း မဆူသော်လည်း ဒါကအိမ်မှာ အသက် အကြီးဆုံးနှင့်
အလေးထားရဆုံး ဘဘအတွက်ဟု သတ်မှတ်ထားရာ ရံဖန်ရံခါမှ နှိုက်စားမိတတ်သည်။ လက်ဖက်သားကို
ဆားနှင့်နယ်ပြီး နှမ်းဆီမွှေးမွှေး ဆမ်းပြီးတော့ နှမ်းလှော် ကြက်သွန်ဖြူကြော်ပဲ ပါသည်။
တခြားအဆာ မပါသဖြင့် ကလေးကြိုက်မဟုတ်။
ညနေ အဒေါ်တွေ ဈေးပြန် အမောဖြေပြီး သုပ်ကျွေးသည့် လက်ဖက်သုပ်ကမှ
ပဲခြမ်း မြေပဲ အကြော် စုံသလို ပုစွန်ခြောက်လည်း ပါပြီး ခရမ်းချဉ်သီး ဂေါ်ဖီ ရိပ်ရိပ်ကလေး
လှီးထည့်ကာ ရောနယ် သုပ်ထားတတ်သလို ငရုတ်သီးစိမ်း နီနီဝါဝါလေးတွေ ကြက်သွန်ဖြူဥတစ်လုံး
တွေလည်းပါ၊ လက်ဖက်သားကလည်း ချဉ်ချဉ်စပ်စပ်သေချာ နှပ်ထားရာ စားချင့်စဖွယ် ဖြစ်သည်။
ရေနွေးကြမ်းအိုးက သာမန် ကြွေရေသုတ် သတ္တုအိုးတစ်လုံးပဲ ဖြစ်သည်။
ရေနွေးကြမ်း ခွက်ကလေးတွေက စိမ်းရောင်လဲ့လဲ့ ကြွေခွက်ကလေးတွေ။ ငရုတ်သီးစပ်စပ် လက်ဖက်သုတ်နှင့်
ရေနွေးကြမ်းပူပူကို မှုတ်သောက်ခဲ့ရပုံက မမေ့နိုင်။
ညချမ်းရောက်လျှင် အဒေါ်တွေက ပဲကြာဆံတွေကို ချိန်တွယ်ပြီး အစည်းလေးတွေ
လုပ်သည်။ အိမ်ရှေ့ကွပ်ပျစ်မှာ သူတို့က အလုပ်လုပ်ရင်း အိမ်နီးချင်းတွေကို ရေနွေးကြမ်းတစ်အိုး
ပြောင်းဖူးပြုတ်၊ သို့မဟုတ် မြေပဲပြုတ် တစ်ပန်းကန် လက်ဖက်တစ်အုပ်နှင့် ဧည့်ခံသည်။
ဘဘ၏ ဆိုရှယ်လစ်ဆိုတာ ရှစ်ဆယ်လိုပေါ့ ဆိုသည့်အသံကို ကြားယောင်သည်။
အိမ်နီးချင်း အဘများ၊ အဘွားများက ခေတ်ကာလအကြောင်း၊ လူတွေအကြောင်း ပြောတတ်ကြသည်။ သတင်းစာထဲက
ဗိုလ်ချုပ်နေဝင်းပုံကို ကြည့်ရင်း ပြည်သူ့ပစ္စည်း ကုန်သွယ်ရေး ကော်ပိုရေးရှင်း ‘ပပက’
က ရေနံဆီ ဝယ်မရသည့်အကြောင်း၊ ပြည်သူပိုင် သိမ်းခံရသဖြင့် လုပ်ငန်းကိုင်ငန်းတွေ အဆင်မပြေသည့်အကြောင်း
ရပ်ကွက်လူကြီး ခွဲတမ်းမှာ မမျှတသည့်အကြောင်း စသည့် သူတို့နှင့် အံမဝင်လှသည့် ဆိုရှယ်လစ်ခေတ်ကို
ညည်းညူကြသည်။ လျှပ်စစ်မီး က မှိန်မှိန် ခရမ်းချဉ်သီးအရောင်လို မီးလုံးလေးက မှိန်မှိန်။
ရေနံဆီမီးခွက်ကို ဘေးမှာချကာ အဘွားကြီးတွေက ပြောင်းဖူးဖက် ဆေးလိပ် ဖွာလျက်။ အဘိုးအိုတွေက
သနပ်ဖက်ဆေးလိပ် သောက်သူသောက်၊ ကွမ်းဝါးသူဝါး။ မီးခွက်က မီးစာတွေက အမဲဖုလေးတွေ သီးသီးလာတတ်သည်။ ရေနံဆီက မှောင်ခိုဈေးနှင့်
ဝယ်ရသည်။
အင်္ဂလိပ်ခေတ်၊ ဖက်ဆစ်ဂျပန်ခေတ်၊ ပြည်တွင်းစစ်ခေတ်ကို ဖြတ်သန်းခဲ့ကြသော
ဘဝအတွေ့အကြုံတွေကို စားမြုံ့ပြန်ကြသည်။ ကျွန်မတို့ကလေးများက ကွပ်ပျစ်ပေါ်မှာ လှဲလျောင်းရင်း
မန်ကျည်းကိုင်းများ လှုပ်ရှားနေပုံ မော့ကြည့်ရင်း သူတို့၏ သမိုင်းခေတ်များကို စိတ်ကူး
ကြည့်သူကြည့် ကျောယားသဖြင့် ကုတ်ပေးရန် ဂျီကျသူကျ။ မေမေကြီးက သူ့မြေးများ ခြင်မကိုက်အောင်
သင်လျှော်ဖြင့် ပြုလုပ်ထားကာ ကတ္တီပါအနီစ ကွပ်ထားသော ယပ်တောင်တဖြတ်ဖြတ် ခတ်လျက်။ လက်ဖက်ရည်ဆိုင်တွေကတော့
ရှိလာပါပြီ။ သို့သော် အညာမြို့လေး၏ သည်မိသားစုမှာ လက်ဖက်ရည်ဆိုင်ကို ခြေချဖူးသူဆိုလျှင်
မသန်စွမ်းသော ဦးလေးတစ်ယောက်ပဲ သွားထိုင်တတ်သည်။ သူက လက်ဖက်ရည်ဆိုင်မှာ သွားသွားပြီး
ကျားထိုးတတ်သည်။ လူက မသန်စွမ်း ပိုလီယိုဖြစ်ခဲ့သဖြင့် ယိုင်တိယိုင်ထိုး။ သို့သော် ကျားဗိုလ်ဖြစ်ပြီး
လက်ဖက်ရည်ဆိုင်သွားဖို့ပဲ ခြေအမြဲ လှမ်းနေတတ်သည်။ သူ့အစ်မများထံမှ မုန့်ဖိုးမရလျှင်
အိမ်မှာ လာဝယ်သော ကုန်ခြောက်ဖိုး ဆီ ၁ဝ သား၊ ၁၅ ကျပ်သားဖိုးကနေ လက်ဖက်ရည်ဖိုး ဖြစ်သွားတတ်သည်။
သည်ဦးလေးကတော့ ကော်ဖီကို ခါးခါးလည်း မကြိုက်။ နွားမဒန်းသေးလိုပဲဟု သူ့အစ်မတွေကို မကြားတကြား
ပြောတတ်သည်။
၂။
နောင် အလယ်တန်းကျောင်းသူအရွယ် ဖေဖေမေမေတို့နှင့် အတူနေရသောအခါ
မေမေဖျော်သည့် ကော်ဖီက နို့ဆီပျစ်ပျစ်။ ညဘက် စာကျက်နေတုန်း ကော်ဖီကို မတ်ခွက်ကြီးနှင့်အပြည့်
ဖျော်ပေးထားတတ်သည်။
ဆယ်တန်းအောင်သည်ထိ ကော်ဖီအရသာ လက်ရွေးစင် ကော်ဖီမှုန့်၊ ဘီတီဘရားသား
စတာတွေပဲ သိသည်။ တောင်ငူရောက်တော့ အိမ်မှာ ကော်ဖီစေ့လှော်ပြီး ကျိတ်ကာ သောက်ကြရသည်။
ရနံ့သင်းသော ကော်ဖီမွှေးမွှေးနှင့် မိုးအေးအေးနေ့များကို သတိရသည်။ ပေါင်မုန့် ထောပတ်သုတ်မလား၊
ယိုသုတ်မလား၊ မီးကင်စားမလား မေမေက ကလေးတွေအကြိုက်ကို မေးပြီး လုပ်ပေးတတ်သည်။ သို့သော်လည်း
ကျွန်မတို့မောင်နှမတွေက မီးသွေးမီးဖိုတစ်လုံးနှင့် မေမေလုပ်ပေးသော မုန့်ပျစ်သလက်ကို
ပေါင်မုန့်မီးကင်ထက် ပိုကြိုက်ကြသည်။
၃။
ဒုတိယနှစ်ရောက်တော့ ရန်ကုန်တက္ကသိုလ် အနုပညာအသင်း ပန်းချီခန်းမမှာ
ပန်းချီသင်တန်း တက်တော့မှ စီးပွားရေးတက္ကသိုလ် မာလာဆောင် ကျောဘက်က ကိုအောင်ရင့်ဆိုင်လို
လက်ဖက်ရည်ဆိုင်မှာ ထိုင်တတ်လာသည်။ တက္ကသိုလ်ပထမနှစ်က သည်ဆိုင်တွေရှေ့ ဖြတ်လျှင် ကျောင်းသားတွေ
တစ်အုပ်ကြီးမို့ မဝံ့မရဲ။ သည်ကြားထဲ ကျောင်းသားတွေက ကျောင်းသူတွေ လျှောက်လာပြီဆိုလျှင်
ဘယ်ညာ ဘယ်ညာ ဘယ်နှင့် ခြေလှမ်းမှားအောင် နောက်ပြောင်တတ်ကြသေးသည်။ ပထမနှစ်မှာ အဆောင်က
မနက်စောစော ကော်ဖီကျဲကျဲနှင့် ခြောက်သွေ့သွေ့နိုင်သော ဘိန်းမုန့်က မေမေဖျော်သည့်ကော်ဖီကို
သတိရပြီး မျက်ရည်ဝဲစေသည်။
လက်ဖက်ရည်ဆိုင်မှာ ယောက်ျားလေးသူငယ်ချင်းတွေနှင့်ပါ ရောနှော
ဝိုင်းဖွဲ့တတ်လာတော့ နယ်က တစ်မြို့တည်းသား သူငယ်ချင်းတွေက အမြင်တစ်မျိုးဖြင့် ကြည့်ချင်သည်။
လက်ဖက်ရည်ဆိုင် ထိုင်သည့်အလေ့မှာ ကျောင်းသူတွေကြား သိပ်များများ မရှိသေး။ သည်ကတည်းက
လက်ဖက်ရည်ဆိုင်မှာ သူငယ်ချင်းတစ်စုနှင့် ထိုင်ကြကာ ဝတ္တုတွေ ကဗျာတွေ ပန်းချီတွေအကြောင်း
ဝိုင်းဖွဲ့ ပြောကြသည်။ အိမ်ဖျော် ကော်ဖီအရသာကို မေ့စပြုပြီ။ ကျပ်တန်လေးတွေကုန်လျှင်
လွယ်အိတ်ဒေါင့်က အကြွေစေ့လေးတွေပါ သွန်ချ ရှာဖွေကာ စကား ဝိုင်းဖွဲ့ကြသည်။ ကိုယ်ရေးသည့်
လက်ရေးစာမူလေးတွေ တစ်ယောက်ကိုတစ်ယောက်ပြပြီး ဝေဖန်ခိုင်းကြသည်။
ရံဖန်ရံခါ ဆရာတစ်ယောက်ယောက်က တိုက်သွားတတ်သည်။ ဆရာတွေကလည်း တပည့်တွေလိုထက်
သူငယ်ချင်းတွေလို ခင်ခင် မင်မင်ရှိကြသည်။ ဆရာဦးတင်သောင်းကိုတော့ စာရင်းကိုင်ပညာသင်၍
မဟုတ်ဘဲ ပန်းချီခန်းကို လာလေ့ရှိသည့် ဆရာလည်းဖြစ်၊ မဂ္ဂဇင်းကော်မတီမှာ ကြီးကြပ်သောဆရာ
ဖြစ်ရာ ခင်မင် လေးစားသည့်ဆရာ တစ်ယောက်လည်း ဖြစ်သည်။ ဆရာက ငယ်ငယ်ရွယ်ရွယ်နှင့် ထောင်ထဲရောက်အောင်
မလုပ်ဘဲ စာကိုကြိုးစားရေးဖို့ ပြောတတ်သည်။
သည်ကာလတွေက ဦးသန့်အရေးကလည်း မကြာသေးပေ။ ပြီးတော့ မှိုင်းရာပြည့်။
ဦးဆောင်သူထဲမှာ မပါသဖြင့် ဘာမှမဖြစ်သော်လည်း ကဗျာတွေ ရေးခဲ့ကြသည်။ ချီတက်ပွဲကို မိန်းကလေးသူငယ်ချင်း
အဖော်မပါ တစ်ယောက်တည်း လိုက်သွားခဲ့သည်။
နောက်ပိုင်း မှိုင်းရာပြည့် ကျောင်းသားလှုပ်ရှားမှုကြောင့် ထောင်ကျသွားသော
သူငယ်ချင်းတွေ ပြန်လွတ်လာတော့ သူတို့က ပန်းချီခန်းမ နံရံကပ် စာစောင်အတွက် စုဆောင်းထားသော
ကဗျာတွေကို အဖမ်းမခံရခင် မီးရှို့ပစ်ခဲ့ကြကြောင်း ပြောပြကြသည်။ ဆင်ဆာကြောင့် တရားဝင်
ထုတ်ခွင့်မရသော ကဗျာစာအုပ်တွေ နိုင်ငံရေး လူမှုစီးပွားရေး ကဗျာတွေ တစ်ယောက်လက် တစ်ယောက်ကမ်း
ဖတ်ခဲ့ကြရသည်။ ထိုအချိန်က ပန်းချီသင်တန်းမှာ နေရာတိုင်းမှာ နားတွေ စောင့်ကြည့်နေသူတွေ
ရှိနေတတ်သည့် ခေတ်ပါ။ ထောင်ထဲရောက် သူငယ်ချင်းတွေထံ စားစရာနှင့် စာအုပ်ပို့ရုံမက သူငယ်ချင်းတို့၏
ညီမတွေ မှတ်ပုံတင်ကို ငှားကိုင်ပြီး ထောင်ဝင်စာ တွေ့ကြသည်။ မှတ်ပုံတင်နှင့် တိုက်မစစ်၍သာ။
ရုပ်တွေက တခြားစီမို့ ရင်တထိတ်ထိတ်။
သည်လိုခေတ်မျိုးမှာမို့ ဆရာက ထောင်ထဲဝင်ဖို့ မကြိုးစားစေချင်တာ
သဘာဝကျသည် ပြောရမည်။
လက်ဖက်ရည်၏ အရသာကို သိချိန်ကစ၍ ဘဝ ပြောင်းလဲသွားသည် ပြောရမည်။
အနုပညာဘုရားကို ကိုးကွယ်လာခဲ့သည်။ အိပ်ချိန် စားချိန် နားချိန်အားလုံး သည်အရာကသာ ဘဝကို
စိုးမိုး အုပ်ချုပ်သည်။
၄။
မရှာဖွေပါပဲ ချစ်သူကို တွေ့တော့ လက်ဖက်ရည်ဆိုင်မှာပဲ ဖြစ်သည်။
သူငယ်ချင်းများနှင့်အတူ သူ့ကို လက်ဖက်ရည်သွားသွား တိုက်ခိုင်းရာက စသည်။ သူရုံးကို လာပြီး
အင်္ဂလိပ်စာအုပ်လေးတွေ ဖတ်ဖို့ပေးရာကစ နှစ်ယောက်ထဲ လက်ဖက်ရည်ဆိုင် ထိုင်တတ် လာခဲ့ကြသည်။
လက်ဖက်ရည်ခွက်ပေါင်းများစွာက သူနှင့်ကျွန်မကြား အသက် အပိုင်းအခြားနှင့် ဘဝနေနည်း မတူကြသည်ကို
မေ့လျော့စေသည်။ တစ်ခါက ဆရာဟိန်းလတ် ဘာသာပြန်သည့် အိန္ဒိယဝတ္တုတိုလေး တစ်ပုဒ်မှာ “ငါလေ
သူတိုက်တဲ့ လက်ဖက်ရည်လေးပဲ သောက်မိတာပါကွယ်” ဆိုသည့် စကားကို သတိရသည်။ ချစ်သူဘဝ ညချမ်းရီလေးတွေကို
လက်ဖက်ရည်ဆိုင်လေးတွေမှာ ကုန်ဆုံးစေတတ်လာကြသည်။ သည့်နောက် ... သည့်နောက် . . .
နှစ်များစွာကြာပြီးနောက် ဈေးကြီးသော ကော်ဖီဆိုင်တွေ ခေတ်စားလာခဲ့သည်။
အသင့်ဖျော် ကော်ဖီမစ်ထုပ်တွေ ခေတ်စားလာခဲ့သည်။ သားသားနားနား ကော်ဖီဆိုင်တွေက ကပက်ချီနို၊
လာတေး စသည့် ကော်ဖီတွေ မလိုင်လေးကို အသည်းပုံ ဝက်ဝံလေးပုံ စသည်ဖြင့် ပုံဖော်ထားကြသည့်
ကော်ဖီခွက်လေးများ ရေခဲတုံးလေးများနှင့် ကော်ဖီအေးများက ကျွန်မဘဝ၏ ခပ်လှမ်းလှမ်းမှာ
ရှိခဲ့ပါသည်။ တစ်ခါတလေသာ သူငယ်ချင်းတွေ တိုက်လျှင် ရှောင်လွှဲ မရလျှင်တော့ သောက်ဖြစ်ပါသည်။
ကော်ဖီမစ်တွေကတော့ နေရာတကာ ပွဲတကာမှာ မသောက်ချင်သည် ဖြစ်စေ၊ သောက်ချင်သည် ဖြစ်စေ ဓလေ့ထုံးစံ
ဖြစ်လာခဲ့သည်။ ကျွန်မကတော့ လက်ဖက်ရည် ကြိုက်ဆဲ။ စာပေမိတ်ဆွေတွေနှင့် ဆုံလျှင်တော့ လက်ဖက်ရည်ဆိုင်
ထိုင်ဖြစ်ဆဲ။ စကားပြော လို့ကောင်းသော လမ်းဘေး လက်ဖက်ရည်ဆိုင်လေးတွေထက် အစားအသောက် မျိုးစုံရသည့်
ဆိုင်ကြီးတွေ ပေါ်လာသည်။ စကားသံတွေက ဆူဆူညံညံ။ သူ့စကား ကိုယ့်စကား ကြားအောင် အော်ပြောကြရသည်။
လက်ဖက်ရည်တစ်ခွက်ဈေးကလည်း ခေါင်ခိုက်လျက်။ ဈေးသွားရင်း လက်ဖက်ရည်ဆိုင်ထိုင် ဖြစ်လျှင်တော့
တစ်ယောက်တည်း ငေါင်းစင်းစင်းနှင့်ပင်။ အရင်ကလို ဈေးခြင်းကူဆွဲဖို့ လက်ဖက်ရည်တစ်ခွက်
ဆေးလိပ်တစ်တိုနှင့် စောင့်သူမရှိတော့။ ဘဝအကြောင်း သားအကြောင်း ကုန်ဈေးနှုန်းအကြောင်း
သူငယ်ချင်းတွေအကြောင်း ပြောရမည့်သူ၊ ဘဝ၏ အဖော်တစ်ယောက်သောသူ မရှိတော့ပေ။ နှစ်ကာလ နေ့ရက်များစွာ
သည်သို့ ကုန်ဆုံးသွားခဲ့သော်လည်း အထီးကျန်ခြင်းကပင် လက်ဖက်ရည်ကို အရသာတစ်မျိုး တိုးစေသလားတော့
မသိပါ။ တစ်နေ့ထက်တစ်နေ့ တိုးတက်လာသော လူနေမှုစရိတ်နှင့် ကုန်ဈေးနှုန်းဒဏ်ကို ခုခံကာကွယ်ဖို့ရာ
လက်ဖက်တစ်ခွက်ကသာ ကျွန်မအတွက် စွမ်းဆောင်နိုင်မည် ထင်ဆဲပင်။ ။
ခင်မြဇင်
၂၁၊ ၃၊ ၂ဝ၁၉။


Comments
Post a Comment