လွမ်းမောဖွယ်ရာ လအောက်တိုဘာ @ ပန်းငုဝါဝါ


ဆယ့်နှစ်လရာသီ ပွဲတော်တွေထဲမှာမှ သီတင်းကျွတ်မီးထွန်းပွဲတော် ကျင်းပလေ့ရှိတဲ့ အောက်တိုဘာလကိုတော့ ကျွန်မက သဘောအကျဆုံးနဲ့ အချစ်ဆုံး ဖြစ်ရတယ်။ မိုးတစွတ်စွတ်ရွာတာ မကြိုက်လှတဲ့ ကျွန်မအတွက် မိုးကုန်ခါနီး အောက်တိုဘာဟာ သိပ်ချစ်စရာကောင်းတယ်။ ကံကောင်းခြင်း ပျော်ရွှင်ခြင်းတွေ ယူဆောင်လာပေးတတ်သလို ကျွန်မရဲ့ မွေးလဖြစ်တဲ့အတွက်လည်း အောက်တိုဘာဝင်ရင်ကိုပဲ ရင်တွေပဲ ခုန်သလိုလို အလိုလိုနေရင်း ကြည်နူးနေတတ်သေးတာ။ 

ခပ်ငယ်ငယ် ကျောင်းတက်ရတဲ့အချိန်ဆို အောက်တိုဘာကို မျှော်ရပြီ။ မျှော်ဆို လပတ်စာမေးပွဲတွေ ဖြေပြီး သီတင်းကျွတ် ကျောင်းပိတ်ရက်ရောက်ရင် မောင်နှမတွေ ဗြောင်းဆန်အောင်လည်း ဆော့ရတတ်တာကိုး။ အောက်တိုဘာဝင်ပြီဆိုတာနဲ့ အိမ်က လူကြီးတွေကို ဘယ်တော့ ကျောင်းပိတ်ရက်ရောက်မလဲ မေးပြီး ပိတ်ရက်တွေကို လက်ချိုးရေတွက်ရင်း စောင့်နေတတ်ကြသေးတယ်။ 

ဆီမီးထိန်ထိန်ထွန်းတဲ့ ရက်ကလေးမှာ မောင်နှမတွေ အပီကဲဖို့ ကြိတ်တိုင်ပင်ရပြီ။ အဲဒီလို အချိန်တွေဆိုရင်တော့ အမြဲတကျက်ကျက်နဲ့ လုံးထွေးသတ်ပုတ်နေတတ်ကြတဲ့ ကျွန်မတို့ မောင်နှမတစ်တွေဟာ သိပ်ကို စည်းလုံးကြတယ်။ ဗြောက်အိုးတွေ မီးရှူးမီးပန်းတွေနဲ့ ကစားကြဖို့ အဖေနဲ့ အမေကို တစ်ယောက်တစ်မျိုး ပူဆာကြပြီ။ လူကြီးသူမတွေကို သွားကန်တော့လို့ ရတဲ့ မုန့်ဖိုးတွေလည်း ဗြောက်အိုးတို့ မီးပန်းတို့ ပြန်ဝယ်တာနဲ့ ကုန်တာပဲ။ 

နို့ဆီခွက်စုတ် ရှာမရရင် နောက်ဖေးဆန်အိုးထဲက နို့ဆီခွက်ကို အမေ မသိအောင်ယူ ပြီးရင် ရှူးဒိုင်းလို့ ကျွန်မတို့ မောင်နှမတွေခေါ်ကြတဲ့ ဗြောက်အိုးကိုထည့် မီးရှို့ပြီး မိုးပေါ်ထောင် ပစ်လွှတ်တတ်ကြသေးတယ်။ ကိုယ်ပစ်လွှတ်လိုက်တဲ့ ဗြောက်အိုးက ရှူးဒိုင်းအသံမြည်မြည်နဲ့ ကောင်းကင်ထက် အတော်ဝေးဝေး ရောက် မရောက်လည်း ပြိုင်တတ်သေးတယ်။ သူက ပိုဝေးပြီး အသံပိုအောင်တယ် ငါက ပိုဝေးဝေးရောက်တယ်ဆိုပြီး ငြင်းကြခုန်ကြရတာလည်း ပျော်စရာတစ်မျိုးကောင်းတယ်။

အဲဒီလိုအချိန်ဆို ကျွန်မတို့ အိမ်ရှေ့က ဦးလေးကြီးကိုလည်း ကျွန်မတို့မောင်နှမတွေက အားကျရသေးတယ်။ သူက မီးပန်းကို မိုးပေါ်ထောင်ပြီး ပစ်လွှတ်ရင် ကောင်းကင်ထက်မှာ မီးပန်းရောင်စုံလေးတွေ လင်းဖြာနေတာ ကြည့်ရတာ သိပ်လှတာပဲ။ မည်းမှောင်နေတဲ့ ကောင်းကင်ထက်မှာ အဖြူ အဝါ အနီ ရောင်စုံမီးပန်းတွေကို ကြည့်ပြီး ကျွန်မတို့ ကလေးတစ်သိုက် လက်ခုပ်တဖြောင်းဖြောင်းတီး အော်ဟစ်အားပေးကြတာ အသံတွေတောင် ဝင်တဲ့အထိပဲ။

သီတင်းကျွတ်ဆို အိမ်တိုင်းလို ဆီမီးတွေ ဘာလို့ ထိန်ထိန်ထွန်းကြမှန်း ငယ်ငယ်ကတော့ သေချာမသိကြဘူး။ မြတ်စွာဘုရားက မယ်တော်ဖြစ်ခဲ့ဖူးတဲ့ တာဝတိံသာနတ်ပြည်က နတ်သားကို တရားထူးဟောပြီး ရွှေစောင်းတန်း ငွေစောင်းတန်း ခြံရံကာ အလယ်က ပတ္တမြားစောင်းတန်းနဲ့ လူ့ပြည်ကို ပြန်ဆင်းလာတဲ့အချိန် ဆီမီးတွေထွန်းညှိပူဇော်ပြီး ကြိုကြတယ်လို့ လူကြီးသူမတွေ ပြောကြတာတော့ မှတ်မိနေတယ်။ ကျွန်မတို့ကတော့ ကလေးပီပီ အဲဒါတွေလည်း သိပ်နားမလည်ပါဘူး သုံးရက်အတွင်းမှာ ဘယ်လိုကစားရမလဲပဲ တွေးရင်းပျော်နေတော့တာ။

သီတင်းကျွတ်ရောက်ပြီဆိုတာနဲ့ ကျွန်မတို့ ကလေးတွေအတွက် မပါမဖြစ်က သစ်သားချောင်းတပ်ပြီး လက်နဲ့တွန်းကစားရတဲ့ ရောင်စုံမီးပုံးလေးတွေပဲ။ တိရစ္ဆာန်အရုပ်ကလေးတွေကို ရောင်စုံမီးပုံးလေးတွေလုပ်ပြီး ရောင်းကြတဲ့ ဈေးသည်တွေလာရာလမ်းကို လည်တဆံ့ဆံ့နဲ့ မျှော်ကြရပြီ။ ကျွန်မကတော့ နှစ်တိုင်းလိုလို ယုန်ရုပ်နီနီလေးကို တမင်ရွေးတယ်။ ယုန်ရုပ်ကလေးများ မရရင် စိတ်က သိပ်မကြည်ချင်ဘူးရယ်။ အဲလိုအခါဆို အဖေ့ခမျာ ယုန်ရုပ်ကို မရရအောင် ရှာဝယ်ပေးရသေးတယ်။ 

ညဘက်ရောက်ပြီဆိုတာနဲ့ ကျွန်မတို့ ကလေးတစ်သိုက်မှာ အရုပ်မီးပုံးလေးထဲ ဖယောင်းတိုင်ထွန်းပြီး ရပ်ကွက်တကာ လှည့်ကြပြီ။ မီးပုံးကို တွန်းလိုက်တာနဲ့ အောက်ခြေမှာ တပ်ထားတဲ့ ဘီးကလေးတွေက ထွက်လာတဲ့ တစ် တစ် တစ် ဆိုတဲ့ အသံလေးက ရပ်ကွက်လေးရဲ့ နေရာအနှံ့မှာ ဆူဆူညံညံ ကြားရတတ်တယ်။ အဲဒီအချိန်ဆို လူကြီးတွေကလည်း ဆူညံလှချည်ရဲ့ဆိုပြီး အပြစ်မမြင်ကြဘူး။ သူတို့ပါ ရောပြီး ပျော်နေတတ်သေးတယ်။ 

သီတင်းကျွတ်နဲ့ ပတ်သက်ရင် ကျွန်မမှာ အမှတ်ရစရာတွေကလည်း အများသားရယ်။ ဗြောက်အိုး မီးပန်းတွေအပြင် မာကျူရီလို့ ခေါ်တဲ့ မီးပန်းလေးကို သဘောအကျဆုံးပဲ။ မာကျူရီမီးပန်းလေးကို မီးရှို့လိုက်ရင် လင်းဖြာသွားတာ ကြည့်လိုက်ရင် သိပ်ကို လှတာပဲ။ တစ်ခါတလေလည်း မြေပေါ်ကို ပစ်ချပြီး ဖိနပ်တွေနဲ့ တဖုန်းဖုန်းရိုက်ပြီး ဆော့ကြတာများ ဗြောင်းဆန်နေရောပဲ။ လက်နဲ့ ရိုက်ရလို့ မောလာပြီဆို ခြံစည်းရိုးမှာ စုချည်ပြီး အောက်ကနေ မီးနဲ့ ရှို့ ပြီး ဆော့တတ်သေးတယ်။ အဲဒီလို အဆော့ကောင်းလို့ ခြေထောက်ပေါ် မာကျူရီမီး ပြုတ်ကျပြီး ဒဏ်ရာရလိုက်သေးတယ်။ ကျောင်းပြန်ဖွင့်တဲ့အချိန်အထိ ထော့နဲ့ထော့နဲ့ ဖြစ်နေလို့ သူငယ်ချင်းတွေကြားထဲ မာကျူရီလို့ အမည်တွင်ခဲ့သေးတာလည်း တကယ့်ကို အမှတ်တရပါပဲ။ 

ကျွန်မတို့ ရပ်ကွက်ကလေးက သီတင်းကျွတ်ကာလဆို တန်ဆောင်တိုင်ပွဲတော်လိုပဲ စုပေါင်းပြီး အလှူတွေပြုကြ စတုဒိသာကျွေးကြတဲ့အပြင် ပျော်ပွဲရွှင်ပွဲတွေလည်း ကျင်းပတတ်ကြသေးတယ်။ ညနေခင်းပိုင်းဆို ရပ်ကွက်ထဲက ကြီးကြီးငယ်ငယ် ကာလသား လူပျို အပျိုတွေနဲ့အတူ ကျွန်မတို့ ကလေးတစ်သိုက်လည်း ရောယောင်ပြီး ဗာဒံပင်တွေ လိုက်ခူးကြ ရွှံ့စေးတွေ လုံးကြနဲ့ တစ်ယောက်နဲ့ တစ်ယောက် စနောက်လိုက်ကြတာများ တရုန်းရုန်းနဲ့ သိပ်ပျော်စရာကောင်းတာပဲ။

ဗာဒံပင်လေးတွေကို ရွှံ့စေးတုံးပေါ် ထိုးစိုက်ပုံဖော်ပြီးရင် ဆီမီးလေးတွေ ထွန်းလို့ရပြီ။ ဗာဒံပင်နဲ့ လုပ်ထားတဲ့ မီးပုံးလေးတွေ လမ်းဘယ်ညာတစ်လျှောက် စီစီရီရီ ထွန်းတာတာများ သိပ်ကိုလှပြီး ကြည့်လို့ကောင်းတာပဲ။ ဗာဒံပင်မီးပုံးလေးတွေ မီးထွန်းလို့ စုံပြီဆိုတာနဲ့ ရပ်ကွက်ထိပ်က တေးသရုပ်ဖော် နဲ့ ကာရာအိုကေ အဆိုပြိုင်ပွဲ စဖို့ ဦးဆောင်သူက လောဆော်ပြီ။ အဲဒီအသံကြားပြီဆိုတာနဲ့ ရပ်ကွက်ထဲက ပိုးရှိသူတွေ ဝတ်ကောင်းစားလှ ပြင်ပြီး အပြိုင်နွှဲဖို့ ဟန်ရေးပြင်ကြပြီ။ တစ်ရပ်ကွက်လုံး လှုပ်လှုပ်ရှားရှားဖြစ်နေတဲ့ ဒီလိုပွဲမျိုးကို ကျွန်မတို့ ကလေးတစ်သိုက်ကလည်း အလွတ်မခံ ဝင်နွှဲတတ်ကြတယ်။ 

ကျွန်မက တေးသရုပ်ဖော်လုပ်ရတာထက် သီချင်းဆိုတာ ပိုသဘောကျတယ်။ ဒါနဲ့ပဲ စင်ပေါ်မှာ သီချင်းဆိုပြိုင်ဖို့ စာရင်းပေးပြီး အိမ်ကို ဒုန်းစိုင်းပြေး ပြင်ဆင်တော့တာပဲ။ ဒါမှ မီးရောင်ထိန်ထိန် ထွန်းထားတဲ့ စင်ပေါ်မှာ လှနေမှာ မဟုတ်လား။ အဲလိုအချိန်ဆို အိမ်က အဘွားကလည်း သူ အပျိုအရွယ်တုန်းက ဝတ်တဲ့ အကျင်္ီ လုံချည်တို့ကို သော့အထပ်ထပ်ခတ်ထားတဲ့ သူ့သံသေတ္တာထဲက ရှာဖွေမွှေနှောက်ရင်း ဆင်ပေးတတ်တယ်။ စင်ပေါ်မှာ ဆိုနေတဲ့အချိန် ခါးပေါ်မှာ တင်းတင်းချည်ပေးထားတဲ့ ကြိုးက ဘယ်ကနေ ဘယ်လို ဖြစ်သိမသိ ပြေလျော့ရင်း စင်ပေါ်မှာ လုံချည်တောင် ကျွတ်ကျတဲ့အထိပဲ။ ကလေးဆိုတော့လည်း ရှက်တာတွေ ဘာတွေလည်း မသိပါဘူး သူများတွေ ရယ်ကြတော့ ကျွတ်ကျတဲ့ လုံချည်ကောက်ကိုင်ပြီး ကိုယ်ပါ ရောပြီး ရယ်မိသေးတယ်။ စင်အောက်ကနေ သမီးဖြစ်သူကို အားပေးနေတဲ့ အဖေ့ မျက်နှာကလည်း ပြုံးတုံ့တုံ့နဲ့ပေါ့။ အခုနေ ပြန်တွေးရင် ရယ်စရာကောင်းသလို ပျော်စရာလည်း ကောင်း အမှတ်ရစရာလည်း ကောင်းတယ်။ 

ကျွန်မတို့ ရပ်ကွက်ကနေ ၁၀ မိနစ်လောက် လမ်းလျှောက်လိုက်ရင် အမြဲလိုလို လူစည်ကားတဲ့ လှည်းတန်းဆိုတာကို ရောက်ပြီ။ ဇေယျာသီရိလမ်း ဦးထွန်းလင်းခြံလမ်းတို့ဆို မီးပုံးလေးတွေ လမ်းတစ်လျှောက် စီတန်းနေသလို အပေါ်မှာလည်း မီးဆိုင်းလေးတွေကို ဝါးလုံးတိုင်တွေ ခြားစိုက်ပြီး ဆင်ထားတတ်တယ်။ တချို့ဆို သီတင်းကျွတ်လျှော့ဈေးဆိုပြီး မုန့်ဆိုင်လေးတွေ အင်္ကျီဆိုင်လေးတွေလည်း ဖွင့်ထားတတ်သေးတယ်။ တန်ဆောင်တိုင်ပွဲတော်လိုပဲ စတုဒိသာကျွေးတဲ့ အဖွဲ့တွေလည်း တွေ့ရတတ်တယ်။ အမြဲလိုလို လူစည်ကားနေတော့ တကယ့် ပွဲတော်ကြီးတစ်ခုလိုပဲ။ 

ကျွန်မတို့ မောင်နှမတွေကတော့ ခြေမတို တိုအောင် လျှောက်သွားတတ်ကြတာမို့ အဲဒီလိုအချိန်ဆို စိတ်သိပ်မရှည်တတ်တဲ့ အမေ့ကိုလည်း အပူကပ် မနေတော့ဘူး။ အမေလိုက်လာရင်လည်း ဟိုဟာ မဝယ်ရ ဒီဟာ မဝယ်ရနဲ့ တားမြစ်နေမှာ စိုးလို့လည်း ပါတာပေါ့လေ။ အဖေ့လက်ကို မောင်နှမတစ်တွေ တစ်ဖက်တစ်ချက်ဆွဲရင်း မီးထွန်းထားတဲ့ လမ်းတွေကို လှည့်ပတ်ကြည့် တွေ့ကရာ ပူဆာလိုက်နဲ့ပဲ သီတင်းကျွတ်ကာလကို ကျော်ဖြတ်ခဲ့ရတာ သိပ်ပျော်စရာ ကောင်းတာပဲ။

ကျွန်မတို့တုန်းက လွတ်လပ်မှုအပြည့်အဝရခဲ့သလို လှပစည်ကားတဲ့ မီးထွန်းပွဲတွေကို ကိုယ်တိုင်ဆင်နွှဲခဲ့ရ တာဆိုတော့ ဒီဘက်ခေတ်ကလေးငယ်လေးတွေကို ကြည့်ပြီး ကျွန်မဖြင့် ဝမ်းနည်းလို့ မဆုံးဘူး။ သူတို့အတွက် သီတင်းကျွတ်ဆိုတာ အိမ်ရှေ့စည်းရိုးနဲ့ အိမ်ထဲမှာ ဖယောင်းတိုင်ထွန်းတဲ့ပွဲ ကျောင်း ၁၀ ရက် ပိတ်တဲ့ပွဲလို့ပဲ မှတ်နေကြရတော့တာ အခက်သားလား။ အသက်တွေကြီးလာသလို တဖြည်းဖြည်းနဲ့ ရွေ့လျားပြောင်းလဲလာတဲ့ သီတင်းကျွတ်ကာလတွေ တွေ့ရတဲ့အခါတိုင်း ဆီမီးထိန်ထိန်လင်းခဲ့ဖူးတဲ့ လွမ်းမောဖွယ်ရာကောင်းလှတဲ့ ငယ်ဘဝကိုသာ ပြန်တမ်းတမိတယ်။ 

'သီတင်းကျွတ် ညလေးတစ်ည ... ပြန်လည်ကာ အမှတ်ရမိပါတယ် ... မီးလေးတွေ ထွန်းထားတော့ စည်ပါတယ် ... လမ်းထဲမှာကွယ်' ဆိုတဲ့ သီချင်းသံကြားရင် ပျော်စရာကောင်းခဲ့တဲ့ ငယ်ဘဝရဲ့ အောက်တိုဘာ ကျောင်းပိတ်ရက်များ ကိုတော့ လွမ်းမောနေဦးတော့မှာပါပဲ။


ပန်းငုဝါဝါ

ရသစာစဉ် အတွဲ ၂၊ အမှတ် ၃

Comments