ဤခြံမြေ @ သော်တာဆွေ



ဤခြံမြေ၏ အနှစ်လေးဆယ် ဖြစ်ရေးကြွယ်ခဲ့သည်မှာ အဆန်းမဟုတ်သော်လည်း လွမ်းသရုပ်တော့ ပေါ်လာ၏။ ကျွန်တော် စသိသည်မှာ ဘိုးတောင်ရိုး၊ ဘွားရွှေအိမ် မည်သော အဘိုးအို အဘွားအိုလင်မယား အိမ်ငယ်ကလေး ဆောက်လုပ်၍ နေထိုင်ကြ၏။ ဤအဘိုးအဘွား လင်မယားမှာ ဆင်းရဲသားများ ဖြစ်ကြ၍ သူတို့ခြံပိုင် မဟုတ်ပေ။ ခြံပိုင်ရှင် ဒေါ်ထွားက သူတို့အား ခြံစောင့်အဖြစ်နှင့် နေစေခြင်းဖြစ်သည်။

ဤခြံမြေသည် ပေ ၁၀၉ x ၁၂၀ မျှ ကျယ်လေရာ ဘိုးတောင်ရိုးတို့၏ သုံးပင်အိမ်ကလေးသည် အိမ်ရှေ့ မျက်နှာစာနှင့်မှ ပေအစိတ် သုံးဆယ်မျှ နေရာယူသောကြောင့် ကျန်သော မြေကွက်လပ်သည် ခြံရှင်၏ ရာသီလိုက်သီးနှံများ စိုက်ပျိုးရာဖြစ်၏။ ယင်းသို့ကြောင့် ခြံရှင်အဖို့ ခြံစောင့်ရသည်။ ဘိုးတောင်ရိုးတို့အဖို့ သေတစ်ပန်သက်တစ်ဆုံး နေဖို့ရသည်။

ဘိုးတောင်ရိုးတို့လင်မယားတွင် သားသမီးများ မထွန်းကားခဲ့။ ထို့ကြောင့် မည်သည့်အခါတွင်မျှ ကျောထောက်နောက်ကူ မရှိခဲ့ရှာဘဲ တစ်သက်လုံးပင် သူတို့ဘာသာသူတို့ လုပ်ကိုင်စားသောက်သွားကြရသည်။

ကျွန်တော် မှတ်မိသော အရွယ်တွင် ဘွားရွှေအိက ဆန်ခါတင်မုန့် ရောင်းသည်။ ဆန်ခါတင် မုန့်ဆိုသည်မှာ ကျွန်တော်သိသမျှ ပြောရလျှင် ဆန်မှုန့်ကို ထန်းလျက်အရည်ကျိုနှင့် ဖောက်ကာ ဆန်ခါကြီးပေါ်တွင် အပြားကြီးတင်၍ မိုးဗြဲဒယ်ကြီးကြီးအောက်ခံနှင့် ပေါင်းခြင်းဖြစ်သည်။ ဓားဖြင့် အတုံးအတုံး လှီးပြီးရောင်းသည်။ ယခုခေတ် ဘိန်းမုန့်နှင့် တူလေမည်လော မပြောတတ်။

ဘိုးတောင်ရိုးက ခြံကြိုခြံကြား၊ လယ်ကြိုလယ်ကြားမှ ထန်းပင်ပေါက်ကလေးတွေ၏ ထန်းလက်ငယ်ငယ်ကလေးတွေ ရှာဖွေခုတ်ကာ ထိုထန်းလျက်လျှော် နုနုကလေးတွေကို နွားနဖားကြိုးကျစ်၍ ရောင်းသည်။ သူတို့လင်မယားသည် ယင်းသို့လျှင် မြန်မာပြည်၌ ပစ္စည်းမဲ့ လူတန်းစားတို့၏ လုပ်ငန်းမျိုးဖြင့် ဥပုသ်ရက် ဘုရားသွားကျောင်းတက်ဖြင့် နေထိုင်စားသောက် သွားခဲ့ကြသည်။

ကျွန်တော် သူတို့ကို စတင် အမှတ်သညာ ထားတတ်သော အရွယ်မှာ သူတို့သည် အဘိုးအိုအဘွားအိုများ ဖြစ်နေကြပြီ။ ကျွန်တော်တို့နှင့် ဆွေမျိုးတော်သည်ဟုလည်း သိရပါသည်။ ကျွန်တော် ကျောင်းသွားတတ်သော အရွယ်မှာ နေ့တိုင်းနေ့တိုင်း ဘွားရွှေအိက ဆန်ခါတင်မုန့် တစ်တုံးတစ်တုံး ဆီး၍ပေးပါသည်။

ကျွန်တော် ယနေ့တိုင် မမေ့နိုင်သည့် အစားတစ်လုပ်ကား အမဲသားတစ်တုံး ဖြစ်ပါသည်။ တစ်နေ့သ၌ ကျွန်တော် သူတို့အိမ် သွားလည်စဉ်မှာ အဘိုးအဘွား ထမင်းစားနေခိုက် ဖြစ်ပါသည်။ ကျွန်တော့်အား ထမင်းစားရန် ခေါ်ရာ ကျွန်တော်က ထမင်းစားခဲ့ပြီးပါပြီ။ ဘာဟင်းချက်သလဲ၊ ဟင်းတော့ စားချင်ပါသည်ဆိုသဖြင့် သူတို့ဟင်းပန်းကန်ထဲမှ အမဲသား တစ်တုံးကို ခပ်၍ ပေးပါသည်။ ကျွန်တော် တစ်ကိုက်စားလိုက်သော် ခွေး မီးခဲဝါးမိသလို တရှူးရှူး တရှားရှား ဖြစ်ရပါတော့သည်။ အကြောင်းကား ငရုတ်သီးစပ်သောကြောင့်ဖြစ်၏။

စင်စစ် ဒီအဘိုးအဘွားဟင်းက ငရုတ်သီးအများကြီး ခတ်လို့ မဟုတ်ပါ။ ကျွန်တော်တို့အိမ်က ငရုတ်သီးအစပ် မစားတတ်၍ ဖြစ်ပါသည်။ ကျွန်တော့်အမေသည် ကြက်သား ဝက်သား တစ်ပိဿာလောက်ချက်၍မှ ငရုတ်သီးနှစ်တောင့် သုံးတောင့်လောက်ကို အစေ့ထုတ်ပြီး ကြက်သွန်နှင့် ထောင်းထည့်တတ်သူ ဖြစ်ပါသည်။ ဒါကို အမှတ်မဲ့ပြုလိုက်မိသော အဘွားသည် ကျွန်တော့်အား သနားကာ “အင်း… ဖြစ်မှဖြစ်ရလေ ငါ့မြေးရယ်၊ ရော့… ရော့ ရေငုံပြီး ပလုတ်ကျင်းလိုက်”ဆို၍ ရေတစ်ခွက် ခပ်ပေးပါသည်။ နို့ပြီး အမဲသားတစ်တုံးကို ရေဆေးပြီး ကျွန်တော့်ကို ပေးပါသည်။ ပြီးတော့မှ ကျွန်တော့်ကို နောက်ပါသည်။

“ငါ့မြေး ယောက္ခမအိမ်ရောက်မှ ခက်မယ်ကွယ်”

“ဘာကြောင့်လဲ အဘိုးရ…”

“မင်း.. ဒီလိုဟင်းတုံးမျိုးကို ရေဆေးပြီးမှ စားနေရမှာပေါ့…”

“အောင်မယ် အဘိုးရယ်၊ ကျွန်တော်တို့အိမ်လိုပဲ ငရုတ်သီးစပ်စပ် မစားတဲ့အိမ်က မိန်းမကိုမှ ယူမှာပေါ့ဗျ…”

ယင်း၌ အဘိုးသည် ပါးချိုင့်ချိုင့်၊ သွားကျဲပဲ့ပဲ့နှင့် သဘောကျ ရယ်မောခဲ့သည်ကို မှတ်မိပါသေးသည်။

ဤအဘိုးနှင့်အဘွားအို တစ်ယောက်နှင့်တစ်ယောက် သိပ်မခြားဘဲ ရှေ့ဆင့်နောက်ဆင့် သေဆုံး ကွယ်ပျောက်ကြသောအခါ ကျွန်တော့်အသက်မှာ ၈ နှစ် ၉ နှစ်မျှသာ။ အဘွားကြီးက ပထမ သေဆုံးသွားသည်ဟု ထင်ပါသည်။

ငယ်လင်ငယ်မယား အသက် ၇၀ ကျော်မျှ ပေါင်းသင်း နေထိုင်သွားခဲ့ကြသော ဤအဘိုးအို အဘွားအိုလင်မယားအား ရွာထဲပြောစမှတ် စကားကျန်ခဲ့သည်မှာ…

“သူတို့လင်မယား တစ်ခါမှ ရန်မဖြစ်ခဲ့ဖူးဘူး…” တဲ့။

ဤအဘိုးအိုနှင့် အဘွားအို၏ အိမ်ကလေးသည် တစ်မိုးနှင့် တစ်ဆောင်းမျှ လူသူကင်းမဲ့စွာ ယိမ်းယိုင် ပျက်စီးနေပြီးမှ ထိုအိမ်ကလေးကို ဖျက်၍ အိမ်သစ်ဆောက်ကာ ဤခြံမြေသို့ (ကျွန်တော်သိသမျှ) ဒုတိယ ရောက်လာသူမှာ ငကျော်၊ မယ်မြခေါ် အိမ်ထောင်စုဖြစ်ချေသည်။

ယင်းအဘိုး အဘွားလင်မယားနှင့် ဆန့်ကျင်ဘက်။ သူတို့မှာ သားသမီးတွေ သိပ်များသည်။ နို့ပြီး လင်မယားလည်း ခဏခဏ ရန်ဖြစ်ကြသည်။ သူတို့လင်မယားသည် အရပ်၌ ထူးခြားသည်မှာ လင်ကပုသလောက် မယားက အရပ်မြင့်ခြင်းပင် ဖြစ်ပါသည်။

ထိုလူ၏ နာမည်မှာ သူ့မိဘများမှည့်စဉ် ‘မောင်ကျော်’ ဟု ဖြစ်တန်ရာသော်လည်း ‘ငကျော်၊ ငကျော်’ ဟု အခေါ်ခံရသည်ကို ထောက်ချင့်ခြင်းဖြင့် ဆင်းရဲသား လူတန်းစားဖြစ်ကြောင်း ထင်ရှားလှသည်။ ကျွန်တော့်အနေနှင့်တော့ ကျွန်တော့်ထက် များစွာကြီး၍ ကိုကျော်ဟု ခေါ်ခဲ့သောကြောင့် ယခု ကိုကျော်ဟု ရေးရပါမည်။

အောင်မယ်… ကိုကျော်သည် တစ်ကြိမ်တစ်ခါတုန်းက ကျေးရွာဒေသတွင် အတော်ပင် ရေပန်းစားခဲ့ဖူးသည်တဲ့။ သူသည် အရပ်ပုသလောက် ဒုန်းပြေးကောင်းသူလည်း ဖြစ်၍ ကျွန်တော်တို့အရွယ်နှင့် မမီလိုက်သော ရှေးခေတ် ရှေးအခါများတွင် ထိုကျေးရွာများမှာ ဒုန်းပြေးပြိုင်ပွဲများ အလောင်းအစားနှင့် ကျင်းပခဲ့ကြသည်တဲ့။ ထိုစဉ်အခါမှာ ကိုကျော်က အနိုင်များခဲ့သည်တဲ့။ ထို့ကြောင့် ကြေးရတတ်တို့၏ မြှောက်စားခြင်းကိုခံရ၍ ငွေစလည်း ရွှင်ခဲ့သည်တဲ့။

ကျွန်တော် သိရသော အချိန်၌ကား ဒုန်းပြေးပြိုင်ပွဲများလည်း မရှိတော့၍ ကိုကျော်သည် သူများအိမ်က သူရင်းငှားသာတည်း။ သားသမီး လူမမယ်တွေကများ၍ ဆင်းရဲလိုက်သည်ကား ပြောဖွယ်မရှိပါ။ စပါးပေးတွေ၊ တင်းတိုးတွေ၊ ကုန်စုံဆိုင်ကကြွေးတွေမှာ ဝလချီးလည်နေသည်။ ဘယ်တော့မှ ကျေသည်၊ ပြတ်သည်မရှိခဲ့။ ကြွေးဟောင်မဆုံးခင် ကြွေးသစ်က ထပ်၍ ထပ်၍သာ လောင်းနေခဲ့သည်။ ကိုကျော်သည် သဘောသကာယ ကောင်း၍ သူများခိုင်းသမျှ ပေါ့ပါးသွက်လက်စွာ လုပ်ပေးတတ်၍သာ သူတို့အိမ်သားများ မငတ်ကြခြင်းဖြစ်သည်။

ကိုကျော်သည် လုံးဝ ပျင်းရိတတ်သူ မဟုတ်ချေ။ အလုပ်နှင့် လက်နှင့် မပြတ်အောင် လုပ်သူဖြစ်သည်။ သူများအိမ်မှာ သူရင်းငှားအဖြစ်နှင့် မိုးတွင်း လယ်လုပ်ပြီးသော် ထန်းရည်ကလေး တက်လိုက်သေးသည်။ ကောက်ရိတ်ချိန် စပါးပေါ်ခါနီး၌ မုန့်ဟင်းခါးလုပ်၍ ရောင်းလိုက်သေးသည်။ မြို့မှာလို မုန့်ကို ဖိုကဝယ်၍ ဟင်းသာချက်ရုံမဟုတ်။ ကိုယ်တိုင်ဆန်ပုပ်စိမ်၊ အမှုန့်ထောင်းပြီး ညှစ်ရခြင်းဖြစ်သည်။

ယင်းသို့ မုန့်လုပ်ဆန်နှင့် ဟင်းဖိုးရအောင်ကား အကြွေးယူရခြင်းနှင့် ချေးရခြင်းဖြစ်သည်။ လယ်တောကအပြန် မောမောနှင့် လာစားကြသူများကလည်း အများအားဖြင့် ပိုက်ဆံနှင့်မဟုတ်ကြ။ စပါးပေါ်တော့မှ စပါးကို ပေးကြမည်။

ထည့်စမ်းဟေ့.. တစ်ပန်းကန်၊ ထည့်ဦးဟေ့… နောက်တစ်ပန်းကန်နှင့် တောထမင်းစား ပန်းကြီးတွေအမောက် တစ်ယောက်ကို သုံးလေးငါးပန်းကန် စားကြသည်မှာ အားရစရာ ကောင်းလှသည်။ ပိုက်ဆံလက်ငင်းပေးဆိုလျှင် သူတို့တစ်တွေ ဤမျှ စားကြမည်မဟုတ်၊ လယ်သမားကို စပါးပေါ်ပေးဆိုလျှင်ကား ဆင်တောင် အကြွေးဝယ်လိုကြသည်ကို သတိပြုရာသည်။ ဤမုန့်ဟင်းခါးစားပွဲကို စဉ်းစားမည်ဆိုပါက စပါးဖိုးကို ခေါက်ချိုးထားရမည်ဖြစ်၍ လူတစ်ယောက်သည် တစ်ထိုင်တည်းမှာပင် စပါးတစ်ခွဲ တစ်တင်းကို စားပစ်နေသည့်အဓိပ္ပါယ်ပေါ်ပေသည်။

ယင်းသို့လျှင် ကိုကျော်တို့သည် ဆောင်းခါသမယ စပါးပေါ်ခါနီးမှာ တစ်နှစ်လျှင် ၃-၄ ကြိမ်မျှ မုန့်ဟင်းခါးလုပ်၍ ရောင်းချတတ်သည်။ လင်က မုန့်ညှစ်၊ မယားက ဟင်းချက်၊ ကျက်ပဟေ့ဆိုပါက တစ်အိမ်မှတစ်ဆင့် တစ်ယောက်တစ်ပေါက်နှင့် အရပ်ထဲကို ကြေညာလိုက်လေသည်။

အချိန်မှာ ညနေခင်းကလေး ဖြစ်လေသည်။ ဤတွင် ညစာကို ငါးပိရေနှင့် တို့စရာသာ ဖြစ်ကြောင်း အတတ်သိနေကြသော ကိုရွှေလယ်သူလယ်သားတို့သည် အပြေးအလွှား လာရောက်ကာ တဝတပြဲ အကြွေးစားသောက်ပါလေတော့သည်။

ယင်းကား ကိုကျော်တို့၏ ပွပေါက်ပင်။ သို့သော်လည်း သူတို့၏ ကြွေးဝလချီး လည်နေသည်ကား ဘယ်တော့မှ ကိစ္စမပြီးချေ။ အကြောင်းမှာ ကျေးရွာက အကြွေးမည်သည် စပါးပေးတင်းတိုးတွေ ဖြစ်ချေသည်။ ဤအထဲ၌ ကိုကျော့်အိမ်မှာ ကလေးတွေ တစ်နှစ်တစ်ယောက်လို တိုးနေသည်။ ဤလိုဆင်းရဲသားမျှ လင်ကိုယ်မယား တက်ညီလက်ညီ လုပ်နိုင်မှ တန်ရုံစားရသည်ကို ကိုကျော့်ဇနီး မယ်မြက ကလေးတွေ တပြွတ်ပြွတ် မွေးလေတော့ သူ့လုပ်အားသည် နှစ်စဉ်လို ပဋိသန္ဓေရင့်ချိန်၊ မီးဖွားချိန်၊ သွေးနုချိန်တို့မှာ ပျက်ကွက်ရသည်။ သူ ပျက်ကွက်သလောက် စားမည့်ပါးစပ်ပေါက်တွေက တိုးလာသည်။ ဒီတော့ ဒီအိမ်ထောင် မဆင်းရဲခံနိုင်ရော့လား။

ဒါနှင့် ကိုကျော်သည် တစ်နှစ်သောအခါဝယ် အပွကြံသော လုပ်ငန်းတစ်ရပ်ကို လုပ်လေသည်။ 

အရက်ချက်ခြင်း။

အရက်ချက်ခြင်းသည် တစ်ကျပ်ဖိုးရင်းလျှင် ငါးကျပ်ဖိုးရ၍ လေးကျပ်မြတ်သော လုပ်ငန်းမျိုးပေတည်း။ စွန့်စားခန်းတော့ ဖြစ်သည်။ မိမိ ဤလုပ်ငန်း လုပ်မှန်း သိသူတို့အား ‘သွားတို့’ မှာစိုး၍ သင့်မြတ်အောင် ချော့မော့ပေါင်းသင်းရသည်။ သို့သော် ရာဇဝတ်မကင်းသော လုပ်ငန်းမျိုးသည် တစ်ကွေ့မတွေ့၊ တစ်ကွေ့တော့ တွေ့တတ်ပေရာ တစ်နေ့သ၌ ‘ငကျော် ချက်နေတုန်း ညကြီးမင်းကြီးမှာ ယစ်မျိုးဘက်ကလာဖမ်းတာ အရက်တွေရော ပေါင်းအိုးတွေရော မိသွားပတဲ့ဟေ့…’ ဟု ကြားရသည်။ ထိုမှတပြီး ကိုကျော် ထောင် တစ်လကျသွားသည်။

ကိုကျော် ထောင်က လွတ်လာသောအခါ၌ သူမရှိမီ သူ့အိမ်သားများ အကြွေးစားထားကြသည်ကို ဘာနှင့် မြန်မြန်ဆပ်ပါမည်နည်း။ ကိုကျော်သည် အရိပ်အခြည်ကြည့်၍ ခေတ္တမျှသာ စောင့်ဆိုင်းပြီးနောက် မြက်မြက်တွေ့ခဲ့ပြီဖြစ်သော အရက်ချက်လုပ်ငန်းကိုပဲ ပြန်ကိုင်လေသည်။

လယ်လုပ်ချိန်မှာ လယ်လုပ် မပျက်ပေ။ မုန့်ဟင်းခါးလုပ်ချိန်မှာ မုန့်လုပ် မပျက်ခဲ့ပေ။ ထို့ကြောင့် ခါတိုင်းနှစ်များထက် ချောင်ချောင်လည်လည် ဖြစ်ခဲ့ပေသည်။ သို့သော် တစ်နှစ်ကျော်မျှ ကြာသည်၌ အရက်အဖမ်းခံရပြန်၍ ကိုကျော် ထောင်ထဲ ရောက်သွားပြန်ချေသည်။ ဤဒုတိယအချိန်၌ကား နှစ်ဆတိုး၍ နှစ်လထောင်ကျလေသည်။

ထို့နောက်၌ကား ကိုကျော်သည် ထောင်ကို ခြင်ထောင်ဟု အောက်မေ့သွားချေပြီ။ ထောင်မကျမီ၌ ချောင်ချောင်လည်လည် စားသုံးရသော အရက်ချက်ခြင်းလုပ်ငန်းကို လည်လျှင်လည်သလို ဦးစားပေး လုပ်ကိုင်ခြင်းဖြင့် ထောင်ကလွတ်လိုက်၊ ပြန်ကျလိုက်ဖြင့် သူ့ဘဝကို ဖန်တီးနေပေတော့သည်။ သူသည် ဗုဒ္ဓဘာသာ မြန်မာလူမျိုးဖြစ်လေရာ အရက်ချက်ခြင်း၊ ထောင်ကျခြင်းသည် ဒုစရိုက်မှုမှန်း သိပေသည်။ သို့သော် သူ့အိမ်ထောင်၏ ဝမ်းရေးက ခက်လှသည်။ သူ့စိတ်ထဲ၌ ငါ့သားများ လူလားမြောက်ခဲ့သော် အားကိုးဖော်ရကာ ကောင်းကြောင်းကောင်းရာဖြင့်သာ အသက်မွေးနိုင်ရာ၏ဟု မျှော်လင့်ပေသည်။ သူ၏ အကြီးဆုံးနှစ်ယောက်သော ရင်သွေးမှာလည်း သားများဖြစ်ကြပေသည်။

သို့ရာတွင် သူ၏သားကြီး ဩရသများ ထွန်တုံးထွန်တံ နိုင်စပြုသောအခါ၌ ကိုကျော်ဝမ်းမြောက်စ ရှိသေးသည်။ မြက်ရိတ်ရာမှာ ကိုကျော် ပိုးထိပြီး ဆုံးရှာလေသည်။ သူ့ဘဝသည် ဒုက္ခတွင်းသက်သက်။

ကိုကျော် သေဆုံးပြီးနောက် သူ့အိမ်ထောင်သည် ဤခြံမြေတွင် တစ်နှစ်မျှ ဆက်လက် တည်ရှိနေပေသေးသည်။ သို့သော် ဤခြံမြေပိုင်ရှင် အပြောင်းအလဲဖြစ်သည်၌ နေထိုင်သူတို့လည်း ပြောင်းရပေတော့သည်။

ဤခြံမြေ အပြောင်းအလဲဖြစ်ရသည်မှာ တစ်ဆင့်မှတစ်ဆင့် ရောင်းချ၍ မဟုတ်ဘဲ မူလ ဤခြံမြေပိုင်ရှင် ဒေါ်ထွား သေဆုံးသည်၌ သားဖြစ်သူ အမွေရသည်။ ဤသားက သူ၏ရောင်းရင်း အပေါင်းအသင်းမိတ်ဆွေကို ထားခြင်းဖြင့် ဒေါ်မယ်မြတို့ မုဆိုးမသားအမိတွေ အခြားတစ်နေရာသို့ ပြောင်းရွှေ့ရခြင်း ဖြစ်ပေသည်။ တတိယမြောက် ရောက်လာသူကား ဘိန်းစားမိသားစု ဖြစ်၏။ လင်မယားနှစ်ယောက်နှင့် သမီးတစ်ယောက်။ သို့သော် ဘိန်းစား ဆိုပေမင့် သိပ်ပြီးတော့ အထင်မသေးလိုက်နှင့်။ မူလက ဤခြံမြေတွင် ရိုးရိုး လုပ်ကိုင်စားသောက်သွားသော မောင်ကျော်ကို ငကျော်ဟု ခေါ်ကြသော်လည်း ဤဘိန်းစား နာမည်ရင်း ကိုဘိုတင်ကိုကား ရွှေဘိုတင်တဲ့ခင်ဗျာ။ အရပ်ကာလသားများက ခေါ်ကြသည်။ ရွှေဘိုသားဖြစ်၍ မဟုတ်ချေ။ ကာလသားဆန်ခြင်း၊ အပေါင်းအသင်း ဝင်ဆံ့ခြင်း၊ ဝင်ငွေရွှင်ခြင်းတို့ကြောင့် ရွှေ တစ်လုံးဘွဲ့တပ်၍ ပေးကြခြင်းဖြစ်ပေသည်။

ရွှေဘိုတင်အလုပ်သည် နွားပွဲစား ဖြစ်သည်။ ရွှေဘိုတင်သည် ဘိန်းစားပီပီ သည်းခံခြင်း သဘောတရား အပြည့်အစုံနှင့် အပြောညက်လှပေသည်။ နွားပွဲစားမှ နွားကို ကိုယ်တိုင်ကိုင်သူ မဟုတ်ပေ။ လက်ထောက်တပည့်အား ကိုင်စေပြီး သူက အပြောကလေးနှင့် စားနေသူ ဖြစ်သည်။ ရွာတွင် နွားရောင်းသူသည်လည်းကောင်း၊ နွားဝယ်လိုသူသည်လည်းကောင်း သူ့ကို အားကိုးရပေသည်။ လယ်သမားတို့ ကျေးရွာ၌ နွားအရောင်းအဝယ်တို့သည် သီတင်းမပြတ် ရှိနေကြပေသည်။ ထို့ကြောင့် အရောင်းအဝယ်ကောင်းသော နွားပွဲစားသည် စားသာသည်သာချည်း။

ယင်းသို့ဖြင့် ဘိန်းစားပေမင့် ဝင်ငွေရွှင်တော့ လူတွေက “သူ့ဘိန်းဖိုး သူရှာစားတာပဲ၊ တခြား ဘိန်းစားတွေလို ခိုးခြင်းဝှက်ခြင်းမရှိ” ဟု သူ့ကို ဖိနှိပ်ခြင်း မပြုကြပေ။ နွားရောင်းဝယ်မှုကိစ္စ၌ သူ့ကိုပင် ဆရာတင်ကြရချေသည်။

မိုးရာသီတွင် လယ်လုပ်ချိန်မို့ နွားအရောင်းအဝယ် ပါးသော်လည်း ရွှေဘိုတင်သည် ပင်ပင်ပန်းပန်း လုပ်ရသည်မရှိချေ။ သူ့ဇနီးနှင့် သူ့သမီးက ကောက်စိုက်ခြင်း၊ ရက်ကန်းရက်ခြင်းများကို ပြုလုပ်၍ ဝင်ငွေရနေသေး၏။ ထို့ပြင် ရွှေဘိုတင်သည် (သူပြောလေ့ရှိသော စကားအရ) ဉာဏ်ကလေး လွှာသုံးသည်လည်း ရှိသေး၏။ ၎င်းမှာ ရပ်ရွာအဖို့ ကောင်းသည် မဟုတ်ချေ။ ရပ်ရွာ၌ လူငယ်လူရွယ်များကို ဘိန်းစားသင်ပေးခြင်း ဖြစ်ပေသည်။

သူသည် လိုင်စင်ရ ဘိန်းစားဖြစ်လေရာ တစ်ပတ်စာ သူ ထုတ်လာသော ဘိန်းများထဲမှ ကာလသားလူငယ်များကို အလကား စပြီး ဘိန်းရှူ သင်ပေးလေသည်။ အဲ… သင်းကလေးတွေ စွဲနေပြီဆိုသောအခါ၌ သူ့ထံမှာ ဘိန်းကျွေးကျွန် ဖြစ်ပေတော့သည်။ ဘိန်းကလေးရှူရမည့်အရေး၊ မျိုရမည့်အရေး သူ့ကို ခယတော့သည်။ နောက်ဆုံး၌ သူသည် သူ့လိုင်စင်နှင့် ဈေးသက်သာစွာ ရလာခဲ့သောဘိန်းကို သူ့တပည့် ရပ်ရွာလူငယ် ဘိန်းစားများအား အပြင်ပေါက်ဈေးဖြင့် ရောင်းခြင်းဖြင့် သူသည် အမြတ်ထုတ်သူ ဖြစ်လာပေတော့၏။

ဤခြံမြေတွင် ရွှေဘိုတင် နေသောအခါ၌ ကျွန်တော် အရွယ်ရောက်ပြီဖြစ်၍ သူ့အကြောင်း ကောင်းကောင်းကြီး မှတ်မိခဲ့ပါသည်။ သူသည် နှစ်စဉ် ဝက်တစ်ကောင် တစ်ကောင်လည်း မွေးလေ့ရှိသည်။ သူ့စကားသုံးအရပြောရသော် “စုဘူးကလေးတစ်လုံးတော့ မပြတ်ထားရတယ်” ဟူ၏။ “လူတစ်ယောက်ဟာ တစ်နေ့ကို ပိုက်ဆံတစ်ပြား နှစ်ပြားစုပါဆိုရင် ခဲယဉ်းသကွ၊ ဟော… ဒီကောင်ရှိနေတော့ ဟော.. သူက တကျွိကျွိ မြည်လိုက်ရင် မနေသာဘူးဟ၊ ဆန်ကွဲဖွဲနု နှစ်ပြားသုံးပြားဖိုး ဝယ်ပြီး ကျိုလိုက်ရတော့တာပဲ၊ နို့ပြီး ကိုယ့်အိမ်ကရော နံဘေးအိမ်တွေက ထမင်းကျန် ဟင်းကျန်တွေရော မစားနိုင်တာတွေ အလကားမဖြစ်ရဘူး၊ သူ့ကိုယ်ထဲထည့်ပြီး ဝက်သား လုပ်တာပေါ့ကွ၊ အဟား ဟား ဟား” ဟု ရယ်မော၍ ဖြေဆိုတတ်ပါသည်။

သူ့စုဘူးကို နှစ်စဉ် စပါးပေါ်ချိန်မှ ဖောက်တတ်ပါသည်။ လူတွေက ပျားဖွပ်၊ သားတိုး၊ ဝက်မွေးခြင်းအလုပ်သည် မကောင်းသော အကုသိုလ်အလုပ်ဟူ၍ အများဖြင့် ရှောင်ကြဉ်နေကြသော်လည်း ရွှေဘိုတင်အား “ခင်ဗျား စုဘူးမဖောက်သေးဘူးလား၊ ဖောက်တော့ဗျာ” ဆိုသည်ကိုတော့ ပြောလေ့ရှိကြသည်။ ရွှေဘိုတင်က သည်လိုတောင်းဆိုသူတွေ များလာတော့ သဘောကျလှသည်ပေါ့။

ကိုယ်တိုင်ပင် လုပ်ကိုင်သည်မဟုတ်၊ ၎င်း၏တပည့်ငယ်သား ဘိန်းစားငယ်များကို မေးထိုးပြလိုက်ရုံနှင့် ကိစ္စပြီး၏။

ယခု ရေးသားဖော်ပြခဲ့သည်အထိ ရွှေဘိုတင်ဘဝမှ ဘိန်းစားဖြစ်ဘိလည်း ကြံရည်ဖန်ရည်နှင့် ငွေစရွှင်ကာ အေးဆေးငြိမ်သက်လှပေသည်။ သို့ရာတွင် လူတစ်ယောက်၏ ဘဝတစ်ခုတွင် မုန်တိုင်းသည် အမှတ်မထင် ကျရောက်တတ်ပေသေးသည်။

အကြောင်းကား ရေ၌ ကျွမ်းကျင်သူသည် ရေ၌ပင် ဘေးအန္တရာယ်တွေ့တတ်ဘိသကဲ့သို့ နွားအရောင်းအဝယ်၌ ကျွမ်းကျင်သော ရွှေဘိုတင်သည် နွားအရောင်းအဝယ်၌ ဘေးအန္တရာယ် တွေ့ရတော့သည်။

တစ်ခုသော ဗုဒ္ဓဟူးပတ် နွားပွဲထဲဝယ် လူငယ်ကလေးနှစ်ယောက်သည် နွားတစ်ကောင်ကို ဦးလေး ကြည့်ရောင်းပေးစမ်းပါဆိုသဖြင့် သူက ရောင်းပေးလိုက်သည်။ စင်စစ် ဤနွားသည် ကျွန်တော်တို့ အရပ်ခေါ် “နွားပေါ့” (ခိုးရာပါနွား ဖြစ်နေသည်) ပိုင်ရှင်ပေါ်လာသောအခါ၌ ဝယ်သူအပေါ် အမှုရောက်လာသည်။ နောက်ဝယ်သူက ရွှေဘိုတင်အပေါ် လွှဲပေးလိုက်သည်။ ရွှေဘိုတင်က သူ့အား ရောင်းပေးပါဆိုသော လူငယ်များထံသို့ ပို့ပေးရမည်။ သို့သော် ဤလူငယ်ကလေးများမှာ မျက်နှာစိမ်းဖြစ်၍ သူ ရှာမပေးနိုင်တော့။

ဤနေရာတွင် အကုသိုလ်သည် တစ်ခုတည်းမလာ၊ အဖော်နှင့် တွဲလာတတ်သည် ဆိုသောစကား မှန်ပြန်သည်က ယင်းအမှုဖြစ်၍ အာမခံနှင့်နေရစဉ် တစ်နေ့သ၌ သူ့လက်သင် ဘိန်းစားငယ်ကလေးသည် ဓားမြှောင်တစ်ချောင်းကို အပေါင်ထား၍ သူ့ထံမှ ဘိန်းဝယ်သွားသည်။ ဤဓားမြှောင်သည် အသွား ၆ လက်မရှိသည်။ ဆင်စွယ်ရိုး ငွေခွေးတပ်နှင့် လှလည်းလှသည်၊ အဖိုးလည်းတန်သည်။

ဒါကို ရွှေဘိုတင်သည် သဘောကျစွာ ကိုင်တွယ်ကြည့်နေစဉ် ရွာသူကြီးသည် ရုတ်တရက် သူ့အနီးရောက်လာ၍ ဤဓားမြှောင် မြင်သွားသော် “ဟာ… လှလိုက်တာကွာ၊ ရွှေဘိုတင် မင်း ဘယ်ကရသလဲ၊ မှန်း ပေးစမ်း ငါ့ကို” ဆိုပြီး ဖျတ်ခနဲ ဆွဲယူလိုက်သည်။

ရွှေဘိုတင်က အမှန်ကို ပြောပြလိုက်သောအခါ၌ သူကြီးမှာ ဤဓားမြှောင်ကို သိပ်သဘောကျနေပြီဖြစ်၍ “ဒါဖြင့် ဘိန်းစားပေါက်စလေး တင်စိန်ကို ပြောလိုက်၊ ဒီဓားမြှောင် ငါသိမ်းသွားပြီလို့ အမှုမလုပ်စေချင်၊ ငါ့ဆီလာ တောင်းပန်လှည့်၊ ကြားလား” ဆိုပြီး သူကြီးထွက်သွားတော့သည်။ ရွှေဘိုတင် ပါးစပ်အဟောင်းသားနှင့် ကျန်ခဲ့တော့သည်။

ဤအချိန်၌ ဘိန်းစားပေါက်စကလေး မောင်တင်စိန်ဆိုသည်မှာ အသက်အစိတ်လောက် အင်မတန် စိတ်ထက်သည်။ သူ့ဓားမြှောင်အကြောင်း ကြားရသည်၌ ဒေါသအမျက် ခြောင်းခြောင်း ထွက်လေသည်။

ရွှေဘိုတင်သည် ဇိမ်နှင့်စား၍ မှိန်းနေတတ်သူဖြစ်သည်။ သူ ထမင်းစားခါနီး၌ အရက်အနည်းငယ် သောက်သည်။ ထမင်းကို မြိန်ယှက်စွာ စားပြီးနောက် ဘိန်းကိုမျိုကာ တောင်ဆုပ်လောက်ရှိသော ပြောင်းဖူးဖက် ဆေးပေါ့လိပ်ကြီး မီးညှိလျက် ငုတ်တုတ်မှိန်းလေ့ရှိသည်။

ဆေးပေါ့လိပ်ကို အားရပါးရ ဖွာလိုက်၊ မျက်စိကိုမှိတ်ကာ မှိန်းငိုက်လိုက်၊ သူဆေးလိပ်ဖွာစဉ် မတ်မတ်နေသော သူ့မျက်နှာသည် ဘိန်းမှိန်းရင်း တဖြည်းဖြည်း ငိုက်ငိုက်သွားလေရာ လည်ပင်းခေါက်ချိုးဖြစ်သွားသောအခါ၌ ဇက်ခနဲ သူ့ခေါင်းပြန်စူပြန်ပြီး ဆေးလိပ်ဖွာလိုက်ပြန်သည်။ ပြီးလျှင် ထိုနည်းလည်းကောင်း ပြန်ငိုက်ပြန်လေသည်။ ယင်းသို့လျှင် ဇိမ်နှင့် ငုတ်တုတ်မှိန်းနေပြီး သန်းခေါင်နီးပါးမှ အိပ်ရာဝင်လေ့ရှိ၏။

ထိုနေ့ည၌ ရွှေဘိုတင်သည် အိမ်ရှေ့ဘက်မှ ပုဏ္ဏားကွယ်တိုင်မှီ၍ ဘိန်းငိုက်နေသည်။ ဇနီးနှင့်သမီးက အတွင်းခန်းထဲမှာ ရက်ကန်းရက်နေကြသည်။ ည ၉ နာရီလောက်မှ စီခနဲ ဆူဆူညံညံ ကြားလိုက်ရသည်။

“ဟောဒီမှာ… လာကြပါ၊ လာကြပါ တင်စိန်ရယ်… ကိုဘိုတင့်ခါးကို ဓားနဲ့ခုတ်ပြီး ထွက်ပြေးပါတယ်”

ရွှေဘိုတင်ကတော်၏ အော်သံဖြစ်၏။

ရွှေဘိုတင်၏ ဒဏ်ရာကြီးကား နည်းနည်းနောနော မဟုတ်၊ ချိုစောင်းမှ နဖူးထိလုနီး ဘိုကေခွဲထားသကဲ့သို့ ဟက်တက်ကြီး ကွဲလေရာ ဦးနှောက်မပေါက်ရုံ အမြှေးကလေးသာ ခံနေတော့၏။ အသက်မသေရန် ဆရာဝန်သည် အတော်ကြိုးစား ကုလိုက်ရ၏။ လပေါင်းများစွာ ဆေးရုံမှာနေရသည်။

ဆေးရုံက ဆင်းလာသောအခါ သူ့ဦးခေါင်းခွံ အကွဲဟက်တက်ကြီး နှစ်ဘက်မှာ ကျီးပေါင်းကြီးတက်၍ လက်နှစ်လုံးလောက် နက်သော အမြှောင်းကြီးဖြစ်နေသည်။ ဦးနှောက်အမြှေးပေါ်က အသားနုမှာ တော်တော်နှင့်မကျက်၊ အပြင်လူနာအဖြစ်နှင့် ဆေးရုံသို့နေ့စဉ်သွား၍ ဆေးထည့်ရတုန်း ဖြစ်သည်။ ဤအချိန်၌ သူ၏ “နွားပေါ့” အမှုကို စစ်ဆေးရာ ရောင်းခိုင်းသူများကို ရှာမပေးနိုင်တော့၍ နွားခိုးမှုနှင့် ထောင် ၉ လ ကျသွားလေသည်။

ကိုတင်စိန်ကား သေလောက်သော ဒဏ်ရာရအောင် ဓားခုတ်မှုဖြင့် ထောင်တစ်သက်တစ်ကျွန်း ကျသွားလေသည်။

ဤနေရာ၌ ရွှေဘိုတင်အား ကံကောင်းသူဟု ဆိုရမည်လား။ သူ့အား ဆရာဝန်က မည်သို့မျှ အလုပ်ကြမ်းမခိုင်းရ၊ နို့ပြီး သူ့ဦးခေါင်းကို နှီးဖျာဖြင့်ပင် ရိုက်နှက်ပုတ်ခတ်ခြင်း မပြုရ၊ ပြုလျှင် ချက်ချင်းပင် သူသေသွားနိုင်သည်ဟု ပြောဆိုထားသဖြင့် ရွှေဘိုတင်မှာ ထောင်ထဲ၌ အငြိမ်းစားနေရရုံမက ဗာရာတစ်ယောက်နှင့် နေ့စဉ်ပင် ဆေးရုံသို့လာပြီး ဆေးထည့်သော အမှုကို ပြုရသည်။ (မြို့ငယ်ကလေး၌ ထောင်ဆေးရုံ၊ ထောင်ဆရာဝန် မရှိချေ)

ယင်း၌ ရွှေဘိုတင်အဖို့ ထောင် ၉ လကျသည်ကို ရက်နည်းသည်ဟုပင် ဆိုချင်သည်။ အကြောင်းမှာ သူ့မယားထောင်ဝင်စာ မကြာခဏသွားကြည့်သည်တွင် အခြားသူများလို ကိုယ့်လင်ထောင်ထဲ၌ အနေရချောင်အောင် အိမ်ကပိုက်ဆံများ ယူသွားစရာမလိုသည့်အပြင် သူ့လင်ထံမှပင် အိမ်စားဖို့ငွေများ မှန်မှန်ရလာခဲ့သေးသည်။

ကဲ… ရွှေဘိုတင် ထောင်ထဲ၌ ငွေဘယ်လို ဖြစ်နေပြန်လေသနည်း။ အကြောင်းကား ဤသို့တည်း။

ရွှေဘိုတင် နေ့စဉ် ဆေးသွားထည့်ရသော ဆေးရုံက ကွန်ပေါင်ဒါ (ဆေးစပ်ပေးရသူ၊ အပြင်လူနာများကို ဆေးထည့်ပေးရသူ) သည် ရွှေဘိုတင်နှင့် သူငယ်ချင်း ဘိန်းစားပင်တည်း။ ယင်း၌ ဘိန်းစားနှစ်ယောက် ပေါင်းပြီး ကြံလိုက်ကြရာ ရွှေဘိုတင်၏ လက်နှစ်လုံးလောက် နက်သော ဦးခေါင်းခွံ မြောင်းကြီးထဲ၌ ဝါဂွမ်းပေါ်က တစ်နေ့လျှင် ဘိန်းတစ်ကျပ်သားမျှ ထည့်ပြီး ပတ်တီးစည်းပေးလိုက်သောကြောင့်ပင်တည်း။ ထောင်ထဲ၌ ဘိန်းဈေးကြီးလှသည်ကို အထူးပြောစရာမလိုပါ။

ထောင်ဗာရာကုလားသည် ထောင်မှ ထွက်လာခဲ့ကြစဉ် ရွှေဘိုတင်နောက်မှ ပုံစံတုတ်ကြီးကိုကိုင်ပြီး လိုက်လာခဲ့သည် ဖြစ်သော်လည်း ဆေးထည့်ခန်းသို့ကား သူဝင်ရသည် မဟုတ်ချေ။ အပြင်မှသာ သူစောင့်ရ၏။ အတွင်း၌ကား ဘိန်းစားနှစ်ဖော်တို့ လုပ်ငန်းကြီးစွာ လုပ်ကြ၏။ ထောင်ဗူးဝ၌လည်း မသင်္ကာသူကို မည်သည့်နေရာ၌မဆို ရှာဖွေနိုင်သော်လည်း ဆေးရုံက ဆေးထည့်ပြန်လာသော ရွှေဘိုတင်၏ ဦးခေါင်းက ပတ်တီးကိုကား ဘယ်သူဖြေ၍ ကြည့်ဝံ့ပါအံ့နည်း။ ထောင်ထဲ၌လည်း သူ့ပတ်တီးကိုဖြေကာ ပါလာသော ဘိန်းကိုယူပြီး ပြန်စည်းပေးသည့်လူ အသင့်ရှိ၏။ ဤနည်းဖြင့် ရွှေဘိုတင်သည် ထောင်ထဲ၌ပင် စီးပွားဖြစ်ခဲ့ပေသတည်း။

အရွယ်ငယ်ငယ်လေးနှင့် အဖက်ဆယ်မရအောင် ဘဝဆုံးရသူကား စိတ်ထက်မြက်၍ လုပ်ရဲကိုင်ရဲသော မိုက်ရူးရဲ ကိုတင်စိန်တည်း။ ဂျပန်ခေတ်က တစ်ကျွန်းကျသောလူများ ပြန်လွတ်လာကြပြီဆိုသော်လည်း ကိုတင်စိန်တစ်ယောက်ကတော့ ယခုတိုင် ပေါ်မလာတော့ ချေတကား။ သူ့ကို မျှော်လင့်နေခဲ့ကြသော သူ့မိဘဘိုးဘွားများလည်း သေဆုံးကုန်ခဲ့ကြပါပြီ။ ယခုအချိန်၌ကား ရွှေဘိုတင်တို့ မိသားစုအားလုံးလည်း လူ့ပြည်၌ မရှိကြတော့ပါပြီ။

ကျွန်တော့်အသက် မီသမျှ ဤခြံတွင် အကြာရှည်ဆုံး နေထိုင်သွားကြသူများမှာ ရွှေဘိုတင်တို့ မိသားစု ဖြစ်ပေသည်။ အင်္ဂလိပ်ခေတ်မှသည် လွတ်လပ်ရေးရသည်အထိ၊ ဖဆပလခေတ်တွင် ဤခြံမြေရှိရာသို့ ကျွန်တော် ပြန်ရောက်သွားသောအခါတွင် ရွှေဘိုတင်၏ဇနီး မရှိတော့ပြီ။ ဒုတိယအခေါက်တွင် ရွှေဘိုတင်တို့သားအဖကို တွေ့ရှိသေး၏။

တတိယ အခေါက်တွင်မူ ရွှေဘိုတင် ကွယ်လွန်ရှာပြီ။ သမီးကလေးကလည်း တစ်ဦးတည်း အိမ်တစ်ဆောင်နှင့် မနေနိုင်တော့သောကြောင့် သူ့ဆွေမျိုးများရှိရာ အခြားဒေသသို့ ပြောင်းရွှေ့သွားကြောင်းသိရသည်။ သူတို့ဂေဟာလည်း ကွယ်ပျောက်နေသဖြင့် ဤခြံမြေတစ်ခုလုံး ကွက်လပ်ဖြစ်နေသည်။

စတုတ္ထအခေါက် ရောက်သွားသောအခါ၌ကား ဤခြံမြေသည် နှစ်ခြမ်းကွဲနေလျက် ဝင်းခြံ လုံလုံခြုံခြုံနှင့် သင့်တင့်ထည်ဝါသော အိမ်နှစ်ဆောင်ကို မြင်တွေ့ရလေသည်။ တစ်ဆောင်က အခြားရွာမှ ပြောင်းရွှေ့လာသော ကျွန်တော်နှင့် မရင်းနှီးသည့် သူများ။ ဘိုးတောင်ရိုး၊ ကိုကျော်၊ ရွှေဘိုတင်တို့ အိမ်နေရာ၌ကား ကျွန်တော်နှင့် ကျောင်းနေဖက်သူငယ်ချင်း ကျောင်းဆရာမလေး၏အိမ်။

သူတို့သည် ဤခြံပိုင်ရှင်ထံမှ တစ်ယောက်တစ်ဝက် ဝယ်ခြမ်းယူလိုက်ကြောင်း သိရသည်။ ထို့ကြောင့် ဤခြံမြေသည် ယခုမှ ပိုင်ရှင်များ နေထိုင်ကြခြင်းဖြစ်သည်။ ကျွန်တော်မရှိခဲ့သော ကာလတုန်းက အကြောင်းကိုတော့ ကျွန်တော် မပြောပြနိုင်ပါ။ ကျွန်တော်သိခဲ့သမျှတော့ ရွှေဘိုတင်တို့ မိသားစုအထိ ခြံစောင့်အဖြစ်နှင့် နေထိုင်ကြသူများကိုသာ သိကျွမ်းခဲ့ရပါသည်။

ကျွန်တော့်သူငယ်ချင်း ရွာဦးဘုန်းတော်ကြီးကျောင်းက မူလတန်းကျောင်းဆရာမဖြစ်၍ သူသည် ပထမ ရွာထိပ်ရှိ ဘုန်းကြီးကျောင်းနားမှာ နေထိုင်ခဲ့သည်။ နောက်၌ သူ့အိမ် ဓားပြတိုက်၊ သူ့အား ပြန်ပေးဆွဲ၊ နို့ပြီး သူ့လင်ကို အသတ်ခံရ၍ မုဆိုးမကလေးအဖြစ်နှင့် ရွာလယ် လုံလုံခြုံခြုံရှိရာ လာရောက်ခိုလှုံနေထိုင်ခြင်း ဖြစ်ပေသည်။

ဤခြံမြေတွင် ကျွန်တော့်အသက်နှင့် မတိမ်းမယိမ်း၊ အနှစ် ၄၀ ကျော်အတွင်း ၄ အိမ်ထောင်တို့ နေထိုင်သွားကြလေရာ ကျွန်တော့်မျက်စိထဲတွင် ၄ မျိုးသောပုံစံတို့ကို မြင်ယောင်နိုင်ပါသည်။

ဘိုးတောင်ရိုး ဘွားရွှေအိတို့ အိမ်ငယ်မှာ အဘိုးအို အဘွားအို အိမ်ပီပီ အိုစာသော အိမ်ကလေးပင် ဖြစ်ပါသည်။ အိမ်ရှေ့တွင် သိပ်ပြီး သပ်သပ်ရပ်ရပ် မရှိ။ ဘွားရွှေအိ မုန့်ပေါင်းသော မြေကျင်းတူး မီးလင်းဖိုကြီးနှင့် ဘိုးတောင်ရိုးထင်းခွေထားသည့် ဝါးမြစ်ဆုံပုံကိုသာ ထင်ထင်ရှားရှား မြင်ယောင်လာပါသည်။

ကိုကျော်၊ ဒေါ်မယ်မြတို့ကား ကလေးတွေ များလွန်းသဖြင့် ဘိုးတောင်ရိုးတို့အိမ်ထက် ကြီးပါသည်။ အိမ်ရှေ့အိမ်အောက်တို့တွင်မူ ကလေးတွေ ကစားထားသော ဗြုတ်စဗြင်းတောင်း အရာဝတ္ထုတွေနှင့် ရှုပ်ပွနေ၏။ ထို့ပြင် တစ်ရပ်လောက်မြင့်သော အိမ်အောက်မှ ဆန်ဖွပ်မောင်းဆုံနှင့် အိမ်ရှေ့မှာ ကြိတ်တစ်လုံးရှိ၏။ အကြောင်းမှာ နွေရာသီတွင် သူတို့မောင်နှံသည် အခြားသူတို့၏ ဝမ်းစာစပါးကို ကြိတ်ထိုး ဆန်ဖွပ်အလုပ်လည်း ငှားလုပ်ပေးရသေး၏။ ထိုခေတ်၌ ဝမ်းစာစပါး ကြိတ်စက်ကလေးတွေ မပေါ်သေးချေ။

ဤခြံမြေတွင် သေသပ်သန့်ရှင်းဆုံးကား ရွှေဘိုတင်လက်ထက်ပါပေတည်း။ သူ့အိမ်ရှေ့မှာ ကြက်ပွဲ၊ ဂေါ်လီပစ်ပွဲကလေးများလည်း လုပ်လေ့ရှိသဖြင့် ပြောင်တလင်း ရှင်းနေ၏။ ရွှေဘိုတင်သည် နေ့စဉ် တံမြက်လှည်း၏။ နို့ပြီး သူ့သမီးကလေးကလည်း ပန်းစိုက် ဝါသနာပါသဖြင့် ဤတလင်းပြောင်ဘေးမှာ ပန်းပင်ကလေးတွေကလည်း ဝေဆာနေသေး၏။ ထို့ကြောင့် ညနေခင်း အားလပ်ချိန်များတွင် လူတို့သည် ရွှေဘိုတင့်အိမ်ရှေ့သို့ လာ၍ စကားစမြည် ပြောလေ့ရှိကြ၏။

အဲ… ဤခြံမြေတွင် ရွှေဘိုတင်နှင့် ဆန့်ကျင်ဘက် လူသူ အလာနည်းဆုံးကား ယခု ကျွန်တော့်သူငယ်ချင်း ဆရာမ လက်ထက်ပါပေ။ သူကလေးသည် ဓားပြတိုက် တစ်ခါခံဖူးထားသဖြင့် “ပျဉ်ဖိုး” နားလည်ကာ “ခဲ” မှန်ဖူးတဲ့ စာသူငယ်ကဲ့သို့ ဖြစ်နေ၏။ သူ့ခြံဝင်းထဲ အပြင်မှ ဘာမှ မမြင်ရအောင်ပင် ဝင်းခြံကို လုံခြုံစွာ ကာ၏။ တံခါးမှာ သော့နှင့်၊ မင်းတုပ်နှင့် ထား၏။ ယခင် ရွှေဘိုတင် လက်ထပ်က တလင်းပြင်တွင် ပန်းပင်တွေ၊ သစ်သီးပင်တွေ အပြည့်စိုက်ထား၏။ ထို့ကြောင့် သူ့ခြံဝင်းနှင့် အိမ်တွင်းမှာ အလင်းရောင် မကောင်းတော့ချေ။ ကျွန်တော့်စိတ်ထဲ သူ့အိမ် သွားလည်ရတာ အသက်ရှူကျပ်သည်ဟုထင်၏။

ကျွန်တော်သည် လွန်ခဲ့သော တစ်ခေါက်က ကျွန်တော့်သူငယ်ချင်းမ အိမ်ပေါ်တက်ရင်း ဤအကြောင်းအရာများကို ပြန်ပြောင်း စဉ်းစားမိ၍ ယခု ရေးသားခြင်း ဖြစ်ပါ၏။ ထိုစဉ် သူငယ်ချင်း၏ လက်ဖက်ရည်ကို သောက်ရင်း ဤခြံမြေတွင် ဆောက်ခဲ့ကြသော အိမ်တို့၌ ဘိုးတောင်ရိုး၊ ဘွားရွှေအိတို့၏ ဆန်ခါတင်မုန့်နှင့် ရေဆေးပေးသော အသားဟင်းလျာများကို စားရခြင်း၊ ကိုကျော်-ဒေါ်မယ်မြတို့၏ နှစ်စဉ်မုန့်ဟင်းခါးကို စားရခြင်း၊ ရွှေဘိုတင်၏ ဝက်ပေါ်သောနေ့ ညနေဘက်၌ ဝက်ခေါင်းသုပ်နှင့် ထန်းရည်သောက်ရခြင်းတို့ကို ပြန်ပြောင်း သတိရလှပါတော့သည်။

ကဲ… ဤခြံမြေတွင် ကျွန်တော်သိသမျှ အနှစ် ၄၀ အတွင်း ပုံပြင်များကတော့ ပြီးဆုံးပါပြီ။ ကျွန်တော် မမွေးမီကပုံပြင်များ မည်သို့ရှိခဲ့သေး၍ ယခု ဆရာမကလေး လက်ထက်မှစ၍ ရှေ့တွင် မည်သို့သော် ဝတ္ထုပုံပြင် ဖြစ်ပေါ်ဦးမည်နည်း။

မြေပြင်ပေါ်တွင် လူသတ္တဝါတွေ နေစဉ်မှာ ပုံပြင်ဝတ္ထုတို့ကား မနားတမ်း ပေါ်ပေါက် နေလိမ့်မည်တည်း။


Comments