ယနေ့ အဖို့ မခင်မေသည် အိပ်ရာထကတည်းက စိတ် ခပ်တိုတိုပင်။ အကြောင်းမူကား အအိပ်စုံမက်သူ မယားကို ညက လင်သည် ကိုထွေး တမင် နှိုးသောကြောင့်ပင်။
“ ဟဲ့ မခင်မေ မခင်မေ ၊ ထစမ်းပါဦး ”
ဟု သူ ဆိုသည်။ ပြီးတော့ တင်ပါးကို ပုတ်သည်။ ပခုံးကို လှုပ်သည်။
“ အအိပ်ပုတ် လိုက်တာနော် ”
ဟုလည်း ညည်းသေးသည်။
သည်တော့မှ ရှက်တက်တက် အောင့်သက်သက် နှင့်
“ ဘာလဲတော့ ”
ဟု မျက်စိကို ပွတ်လျှင်
“ ထစမ်း ထစမ်း၊ ကလေး ချေးတွေ ပါနေတယ်။ အိပ်ရာထဲ လူးကုန်ပြီ ”
ဟု အကြောင်းစုံ သိရလေသည်။
မနေသာတော့သဖြင့် ထကာ သိမ်းရဆည်းရရုံမက တစ်ရေးနိုး အူမြူးချင်သော သားငယ်ကလေး ကိုအေးက ...
“ အားတား အားတား ”
နှင့် စကားများ နေပြန်ရာ တော်တော်နှင့် ပြန်မအိပ်ရတော့ချေ။ သားကလေးသည် အင်မတန် ဆော့ရကား ခုတင်ပေါ်က ခဏခဏ လိမ့်ကျတတ်သည်။ ဟိုနေ့ကပင် လိမ့်ကျပြီး ကြမ်းနှင့်နှုတ်ခမ်း ဆောင့်မိတာ နှစ်ရက်တိတိ အီသည်။ ငိုသည် ကိုယ်ပူ သေးသည်။ နှုတ်သီးလေး ထော်လို့နေသည်။ ကလေးသည် ခုတင် အနှံ့အပြား လေးဖက်တွား သွားသည်ကို အိပ်ချင်မူးတူးနှင့် ဆွဲရင်း လွဲရင်း
“ ဖအေတော့ ကလေးချေး မကျုံးရဘူးလို့ ဘယ်ဘုရားက ဟောသလဲ၊ သူများ အိပ်နေတာကို နှိုးတယ်၊ သူ နိုးနေပြီဟာပဲ၊ ကြည့်လုပ်လိုက်ပါလား ”
ဟု တော်လှန် တွေးတောလျက် နေသည်။ နောက်ဆုံး ရုန်းကန်နေသေးသော ကိုအေး ကလေးကို အတင်းဖက်ကာ ရင်ခွင်ထဲထည့် နို့တိုက်မှ ကလေးလည်း အိပ်၊ လူကြီးလည်း အိပ်ရသည်။ သို့သော် သည်မနက် လင်သည် ကိုထွေးသည် ဝိုင်ယာလက် အော်ပရေတာ ပီပီ နေ့လှည့် ညလှည့် အလုပ် ဆင်းရသည်မို့ မောနင်းဂျူတီ ခေါ် မနက် ၆ နာရီ အသွား နှင့် ကြုံပြန်လေရာ ကော်ဖီဖျော်ဖို့၊ ပဲပြုတ်နှင့် ထမင်းကြမ်းကြော်ဖို့ ထရပြန်လေ၏။ ထို့ကြောင့် အိပ်ရာ ထကတည်းက စိတ်ခပ်တိုကိုပင်။
“ တကတည်း ကိုယ့်ကော်ဖီ ကိုယ် ဖျော်သောက်ရောပေါ့ ” လို့ ပြောလိုက်ချင်သေး၏။ သို့သော် ကိုထွေးကလည်း မယားက ဖျော်မပေးလျှင် ဘာသာ ဖျော်သောက်ရှာတတ်သူပင်။ ယခုတလော သူ့လက်မ အနာပေါက်ကာ ရင်းချင်သည်မို့ မခင်မေ စိတ်လို လက်လို စောစော ထ၍ လုပ်ခဲ့သည်။ ကိုထွေး လက်မများ ဖြတ်ရမလား၊ အနာ ဝင်ပြီးများ သေသွားမလား ဟုတော့ မခင်မေ ပူတတ်၏။ အဲဒီလို ဆိုလျှင်တော့ လင်သည် ကိုထွေးသည် သူ့ဘဝမှာ အရေးကြီးသော လူတစ်ယောက် ဖြစ်သည်ဆိုတာ ချက်ချင်း သတိရလာတတ်၏။ သူ သေသွား ငါ့ ကလေး လေးယောက်နဲ့ ဘယ့်နှယ် စားပါ့မယ်။
မခင်မေသည် ကလေးမနိုးအောင် အသာလေး ထကာ မီးဖိုချောင်သို့ ဝင်သည်။ ညက ကျန်သော ထမင်းကြမ်း အတော်များသားမို့ ကလေးတို့ကို ဝဝ ကျွေးနိုင်မည်။ ကြက်သွန်တစ်ဥ စ၍ လှီးသည်။ မီးမွှေးကာ ဆီအိုး တည်သည်။ မီးဖို ဟောင်းပြီမို့ ရေနံဆီခိုး ထသည်ကို ငြူစူမိပြန်သည်။ ကိုထွေး လက်မ နာကတည်းက မီးဖိုလည်း ပြင်မပေးနိုင်ပြီ။ မှိုင်းတလူလူ၊ ဟင်းအိုး ရေနံဆီနံ့ လှိုင်လှိုင်နှင့်ပဲ သည်းခံ နေရသည်။ ဒီ ရေနံဆီမီးဖို ကုန်လျှင်တော့ ထင်းနဲ့သာ ချက်ချင်လေပြီ။ ထင်းနှင့် ဆိုပြန်တော့ မိုးတွင်းကျ ထင်းစိုစိုနှင့် တွေ့လျှင် ငိုချင်မတတ် ချက်ရခက်တတ်သည်။ မီးသွေးနှင့် ချက်ဖို့လည်း ပိုက်ဆံ မတတ်နိုင်။
ကိုထွေးနှင့် ရကတည်းက ပိုက်ဆံ မတတ်နိုင်ဆိုတာကို ဘယ်နှခါ စိတ်ကူးခဲ့ရသည် မသိတော့ချေ။ မခင်မေသည် ကိုထွေးနှင့် တွေ့ဆုံ ချစ်ကြိုက်ကာ လိုက်ပြေးခဲ့စဉ်က အိမ်ထောင်ရေး ကိစ္စဆိုတာ ဘာမျှ မရိပ်မိ၊ ပိုက်ဆံ ကျပ်တည်းတယ် ဆိုတာလည်း မသိ။ သူ့မိဘက ပိုက်ဆံ အတော် ချမ်းသာသော ကုန်သည်များပင်။ လင်နောက်လိုက်တော့ ပထမ အမွေပြတ် ကြေငြာကာ ပစ်ထား၏။ ဒုတိယ ပြန်ခေါ်ပေမည့် တစ်ပြားမှ မကျချေ။ တတိယ အမေ သေကာ အဖေသည် မယားငယ် ယူသွားပြီး လိုက်သေပြန်၏။ မိဘ အမွေ ဆို၍ မိထွေးက သနားသဖြင့် ပေးသော ငွေ ၃ဝဝဝ ကျပ်မှာ အိမ်ထောင်သက် ၉ နှစ်ကျော် စုထားသော အကြွေးဆပ်လို့ ကျေပြီး သမီးဦး စိန်စိန်ဖို့ ရွှေဘယက် တစ်ကုံး ရရုံသာ ဖြစ်လေ၏။ ထို ရွှေဘယက်ကို ဝယ်ပြီး ၃ လ အကြာမှာ ပြန်ပေါင်ရသည်မှာ ခုထက်ထိ မရွေးရသေး။ အပေါင်လက်မှတ် လဲလျက်သာ နေရသည်။
ကုန်သည် သားသမီးမို့ ပညာနှင့် လုပ်စားမည် စိတ်ကူးခဲ့ခြင်း မရှိရာ မခင်မေသည် ၇ တန်း အောင်၍ ၈ တန်းမှာ တစ်ခါကျပြီးသည်နှင့် ကျောင်းက ထွက်ခဲ့သူ ဖြစ်လေ၏။ စာအုပ်ဆို၍ လှည့်တောင် မကြည့်ခဲ့သည်မို့ သူ သင်ဖူးသမျှ စာလည်း မေ့လေပြီ။ လေးတန်း ရောက်နေသော သမီးဦး စိန်စိန်ကိုတောင် စာမပြ ပေးနိုင်တော့ချေ။ အတွက်ကလေး နည်းနည်းပါးပါး တွက်တတ်သေး၏ ။ ဒါပဲ ... ။
တစ်ခါတစ်ခါတော့လည်း ပိုက်ဆံ ကျပ်လွန်းသည်မို့ လက်နှိပ်စက် သင်ကာ အလုပ် ထွက် လုပ်ရမည်လား စိတ်ကူးမိသေးသည်။ သို့သော် ကလေးသာ မွေးဖြစ်သည်။ ကြည့်လေ ... ကိုအေးလေး ကို မထင်မှတ်ဘဲ ရှိလာရာ လေးလကျော် ဗိုက်ထဲ ကလေး လှုပ်နေတာတောင်
“ ကလေးမဟုတ်ပါဘူး ကိုထွေးရယ် ” ဟု မျက်စိမှိတ် ငြင်းတုန်း။ အခကြေးငွေ မသတ်မှတ်သော မိတ်ဆွေ ဆရာဝန်က ရယ်မောမှ အလျှော့ပေးရသည်။
“ ဟဲ့ မခင်မေရဲ့၊ တစ်လ တစ်လ တစ်လကို ငါ့ လောက်မှ မရတဲ့ လူတွေလည်း ကလေး လေးယောက် ငါးယောက်နဲ့ နေကြတာပဲ၊ ကိုရွှေချစ်တို့များ စုတောင် စုမိသေး၊ အိမ်တောင် ဆောက်နိုင်သေးတယ် ”
ဟု ကိုထွေး ပြောတတ်၏။
“ စုမိမှာပေါ့ တော့၊ ဟင်းမှ ချက်မစားဘဲကိုး၊ ကလေးတွေကို ကျတော့ကော ကျုပ် ကလေးတွေလို ကွန်ဗင့်ကျောင်း ထားသလား၊ သားသမီးတွေကို မကျွေးရက်၊ ကျောင်းမထားရက်ဘဲ ပိုက်ဆံစုနေရင်တော့ စိန်လက်ကောက်တောင် ဝတ်နိုင်ဦးမယ် ”
ဟု ပြန်ပက်ကာ ငယ်ငယ်က ဝတ်ခဲ့ဖူးသော စိန်တစ်ဆင်စာ မိထွေး ဝတ်နေသည်ကို သတိရကာ ငရဲပွား တတ်ပလေ၏။
ဒါနှင့်မှ ကိုထွေးက ထပ်ပြီး ပြောမည်ဆိုလျှင် မခင်မေသည်
“ ရှင် ကျုပ်ကို ဘာဆင်နိုင်သလဲ၊ ရှင်နဲ့ ရကတည်းက ဘယ်လို နေခဲ့ရတယ်ဆို သိသားနဲ့ ”
စသဖြင့် ရန်ထောင်သည်။
“ ရှင့် လခ ၃၅ဝ ကျပ်က ကလေး ကျောင်းလခ၊ စာအုပ်ဖိုး၊ အိမ်လခ နုတ်လိုက်ရင် ဘယ်လောက် ကျန်လို့တုံး၊ ကျုပ် အင်္ကျီစ လုံချည်စ မဝယ်ဖူးတာ ဘယ်လောက် ကြာပြီလဲ ”
ဟု ငိုသံ ပါလာမည်။
“ သူ နဲ့ ရကတည်းက မီးဖိုထဲမှာ ကုန်းနေအောင် လုပ်ခဲ့ရတယ် မဟုတ်လား၊ တစ်သက်လုံး အိမ်မှုကိစ္စ လုပ်ခဲ့ရတာ မဟုတ်ဘူး၊ ကုန်ဈေးတန်းတိုက်မှာ ဝတ်စားပြီး အလှပြ ထိုင်လာခဲ့တဲ့ မိန်းမတော့၊ ခုတော့ ချက်ရ ပြုတ်ရ လျှော်ရ ဖွပ်ရ ကြမ်းတိုက်ရ တံမြက်စည်း လှည်းရလို့ ကျောအောင့် ရောဂါလည်း စွဲပြီ၊ မလုပ်ချင်ဘဲနဲ့ ဒီအလုပ်တွေ လုပ်နေရတာ၊ ဝါသနာ မပါဘူး ”
စသဖြင့် ဒေါသမာနတွေ ထမည်။
ကိုထွေးက လေအေးဖြင့်
“ ကဲ မင်း ဝါသနာပါတာ ဘာရှိလဲ လုပ်လေ ထမင်းချက်ဖို့ ကောင်မလေးတစ်ယောက် ငါ မရ ရအောင် ရှာပေးမယ်၊ အစိတ်ပေးရ ပေးရ၊ သုံးဆယ် ပေးရ ပေးရ ငှားမယ်ကွာ ”
မခင်မ ဝါသနာ ပါတာမှာ မှန်သည့် အတိုင်း ပြောရလျှင် ကိုအေးလေးနှင့် မြှူကစား၊ ပြီးတော့ ကလေး နို့တိုက်ရင်း သားအမိ နှစ်ယောက် ဖက်အိပ်မည်။
“ အမယ် ကျုပ်လည်း ကလေး ဂါဝန် ချုပ်တော့ ကောင်းကောင်း တတ်ပါသေးတယ်၊ အညံ့ မထင်ပါနဲ့။ စိန်စိန်တို့ ညီအစ်မ သုံးယောက် ဝတ်လေသမျှ ကျုပ် ချုပ်တာချည်းပဲ မဟုတ်လား၊ ချုပ်ခ တစ်ပြား ကုန်ဖူးသလား ”
“ ပုံ မကျလို့ မဝတ်ချင်ဘူး ဆိုတာတွေ ... ထိုးထားတာက တစ်ပုံကြီး ”
ဟု ပြောကာ ကိုထွေးက ရယ်သည်။
“ ဒါက ဟိုအရင်တုန်းကပါတော်၊ ခု ကျကျနန ချုပ်တတ်မှပဲ၊ ကျုပ်က ရိုးတိုက်သွားပြီး ဆံညှပ်ကလေး အပ်ချည်လုံးကလေး ဝယ်ရင်း ကလေးဂါဝန်ပုံတွေ မှတ်မှတ်လာတာ၊ အိမ်ကျ ပြန်ချုပ်ရတာပဲ မဟုတ်လား ”
ကိုထွေးက သက်ပြင်းကလေး ခိုးချတတ်သေး၏။
“ မခင်မေရာ၊ မင်း က ဆန် မရှိ အစားကြီး၊ ရိုးတိုက် ဝတ်ချင်တာနဲ့၊ တိကျူမား သွားချင်တာနဲ့ကို၊ မင်း သူဌေးသမီး ဖြစ်ခဲ့တာကို မေ့ပြီး လခကလေးစား မယားဆိုတဲ့ ဘဝကို ကျေကျေနပ်နပ်နဲ့ မနေတတ်သမျှ ငါ့ကို မင်း ရန်ထောင်နေမှာပဲ၊ ငါလည်း သားမသားကို ဆင်ချင်တာပေါ့၊ တိုက်နဲ့ ခြံနဲ့ ကားနဲ့ စိန်တွေ အပြည့် ဆင်ချင်တာပေါ့၊ ဒါပေမဲ့ကွာ ဆင်းရဲတယ် ချမ်းသာတယ်ဆိုတာလည်း စိတ်ပါပဲ၊ မင်းကို လခ ရသမျှ အကုန်အပ်ပြီး စာရင်းတစ်ခါမှ မစစ်တဲ့ ငါ့လို လင်မျိုးပဲ ရှာပါဦး ”
မခင်မေသည် ဟုတ်သားပဲဟု သတိရကာ ဆိတ်ငြိမ်ပြီး လင်ကို ဖွယ်ဖွယ်ရာရာ ချက်ပြုတ်ကာ နှစ်ရက်လောက် ကြည်ကြည်လင်လင် နေတတ်သည် ။ သို့သော် ကျောင်းနေဖက် သူငယ်ချင်းများ ကားစီးလာတာကို ရင်မဆိုင်ဝံ့ချေ။ ပညာတော်သင် သွားသည့် ဓာတ်ပုံ ကြော်ငြာကို ငေးမောတတ်သည်။ ကိုထွေး မိတ်ဆွေများ၏ မယား အပေါင်းကိုမူ တယ်ပြီး တူသည် တန်သည် မထင်မိ ပြန်သည်မို့ ရင်းရင်းနှီးနှီး မပေါင်းချေ။ ပြီးတော့ စိန်အလုံးကြီး ဝတ်လာသူက ရွှေ ဝတ်ကာ ကြွားသူများကို ရယ်ချင်သည်မှာ အမှန်။ ငါးပြား ဆယ်ပြား အတွက် မပြောနှင့် ။ ၅ ကျပ် ၁၀ အတွက် စကား မပြောချင်သည်လည်း ဝသီ စွဲနေလေပြီ။
တစ်ခါတစ်ရံတော့လည်း
“ အမေတို့ အဖေတို့ ဟာ ငါ့ကို လူ့ဘဝ နေတတ်ရုံ သင်ပေးလိုက်တာပဲ ”
ဟု တွေးကာ စိတ်နာ တတ်လေသည်။
ပိုက်ဆံ ကျပ်သည်မို့ မာနလည်း ချ၊ ဝါသနာလည်း ပါသည် တစ်ကြောင်းဖြင့် မခင်မေသည် တစ်ခါတော့ ဂါဝန်အငှား ချုပ်သည်။ မျက်စောင်းထိုး တိုက်မှ ဆန်ကုန်သည် တရုတ်ကပြားများ၏ သမီးကလေးများမှာ စိန်စိန်တို့ သူငယ်ချင်းများလည်း ဖြစ်ရကား မျက်နှာ အောက်ချ အလုပ် အပ်လိုက် ရှာရသည် မဟုတ်ချေ ။ သူတို့က ပြောတတ်၏။
“ မခင်မေက သိပ် ချုပ်တတ်တာပဲ၊ စိန်စိန်တို့ ဂါဝန်လေးတွေက တယ် လှတာပဲ ”
သည်လိုနှင့် ပါးစပ် မရဲတရဲနှင့် မခင်မေကပင် စကားစပြီး အင်္ကျီ ၈ ထည် ချုပ်လိုက်၏။ ကိုယ့်သမီးတွေဖို့ ချုပ်ရတာ မဟုတ်လျှင် စက်ချုပ်ရသည်မှာ အတော် ပင်ပန်းလှပါကလားဟု ထင်လိုက်၏။ စက်ကြီး တယ်လေးပါလား၊ ဆီမှ ရှိရဲ့လားဟု ခဏခဏ ဆီဘူး ရှာရသေး၏။ ကတ်ကြေးလည်း တုံးလှသည် ထင်၏။ နောက်ဆုံး အင်္ကျီ ရှစ်ထည် ပြီး လျှင်
“ တစ်ထည် နှစ်ကျပ်ခွဲ ပေးလျှင် ငွေကိုတော့ သုံးရချည်ရဲ့၊ ဘာပဲပြောပြော စိန်စိန့်ဖို့ ရှူးဖိနပ်သစ်ကလေး ဝယ်ပေးနိုင်မှာပဲ ”
ဟု တွေးခဲ့သမျှ ငွေတစ်ဆယ်သာ ပေးသည်ကို ကြုံရသည်။ ထပ်တောင်းဖို့ရာလည်း ရှက်ရှက်၊ ယူတောင် မယူချင်တော့၊ ဆယ်တန်ပြားကလေးကိုသာ ပစ်လည်း မပစ်ရက်သည်နှင့် လက်ခံခဲ့ရလေသည်။
ကိုထွေး က ...
“ အလကားကွာ မခင်မေက ပြောမရဘူး၊ ကိုယ့်ကလေး ကိုယ်ထိန်း၊ ထမင်းဟင်း အေးအေးချက်စားနေ ... ပြီးရော ”
ဟု သာ ပြောလေ၏ ။
“ ဟုတ်တယ်၊ သူကတော့ ရုံးသွား၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့ တသောသောလုပ်၊ ဘီယာကလေး သောက်ချင်သောက် ကျေနပ်တာပေါ့၊ သူက ကြော့ကြော့ ကြော့ကြော့နဲ့ ထွက်သွားတုန်း ကျန်ခဲ့တဲ့ မိခင်က အိမ်မှာ ဘယ်လောက် ဖားနေတယ်ဆိုတာ သိမှ မသိပဲ ”
ဟု ငြူစူ တတ်ပြန်၏။
ကိုထွေး ရှာပေးသော အိမ်ဖော် ကောင်မလေးကိုလည်း တောခဏ ပြန်သွားတုန်း “ ပြန်မလာနဲ့ တော့ ” ဟု ကျိတ်၍ မှာလိုက်ရ၏။ လခ အစိတ်ကိုလည်း သူ မတတ်နိုင်ချေ။ တစ်လ ဆန်တစ်တင်း ပို ဝယ်ရသည်ကိုလည်း သူတို့ မတတ်နိုင်ချေ။ ခိုင်းရတာ သက်သာသည်နှင့် အမျှ ဆပ်ပြာကအစ၊ ပန်းကန်ခွက်ယောက်က အစ ဖျက်ဆီးဖြုန်းတီးသည်ကို မခံနိုင်ပါချေ။
ကိုထွေးသည် အချိန်တန်လျှင် ရတတ်သမျှနှင့် စားကာ၊ ဝတ်ကာ အလုပ်ဆင်းသွားပြီး အလုပ်က ပြန်လာလျှင် ကလေးကူ ထိန်းကာ အေးအေးလူလူ နေတတ်သည်ကို တစ်ခါတစ်ခါလည်း ချီးမွမ်းနှစ်လိုမိသည် ။ “ သူ့ ကြည့်ရတာ ငါနဲ့ နေရတာ ပျော်နေတာပဲနော် ” ဟု ဝမ်းသာတတ်သည်။
သို့သော် မောမောပန်းပန်းနှင့် အိပ်လို့ ကောင်းတုန်း ယခုလို အနှိုး ခံရသည့် ညများ ကြုံလျှင်တော့ အိပ်ရာထ ကစပြီး စိတ်တို မဆုံး ဖြစ်တာ အမှန်ပင်တည်း။
ထို့ကြောင့် ပဲပြုတ် ထမင်းကြော်ပွဲ ပြင်ရင်း၊ ကော်ဖီဖျော်ရင်းက မျက်နှာမှုန်ကာ နှုတ်သီးစူလျက် ရှိသည်။ ကိုအေး နိုးသံ ငိုသံ ကြားသည်ကို မသွားဘဲ နေလိုက်သည်။
“ ဟဲ့ မိစိန်စိန် ကလေး ငိုနေတာ ချော့ပါတော့လား၊ နင်တို့ ကျောင်းပိတ်တုန်း ခိုင်းရတာ မဟုတ်လား ”
ဟု အော်လိုက်သေး၏။ ပြီးတော့ သူ့ဓလေ့အတိုင်း လင်ကို စိတ်ကောက်လျှင် နာမည်ပင် မခေါ်ချင်ရကား
“ ဒီမှာ ဒီမှာ ”
ဟု လှမ်းခေါ်လေ၏။
“ ထမင်းကြော်နဲ့ ကော်ဖီ ပြင်ပြီးပြီ၊ စိတ်ရှိတုန်း လုပ်ပေးတာ လာစား ”
အဝတ်အစား လဲနေသော ကိုထွေးကို လှမ်း ရန်ထောင်လေ၏။
“ စားမယ် စားမယ် ”
ဟု ကိုထွေးသည် လှမ်းပြောရင်း သူ့ အနာကို ဆေးထည့် နေသည်။
မခင်မေသည် ပတ်တီး မရှိသဖြင့် အင်္ကျီညှပ်စဖြင့် အနာ စည်းနေသော ကိုထွေးကို ကြည့်နေရာက မဆီမဆိုင် ကိုထွေးတို့ ရုံးက လက်နှိပ်စက် စာရေးမ ဝဝတုတ်တုတ်ကို သတိရမိ၏။ ထို စာရေးမကို သူ တစ်ခါ နှစ်ခါသာ မြင်ဖူးသော်လည်း ခပ်ထထလို့ ထင်၏။ ကိုထွေးကို ရောချင်သည်လို့ ထင်ဖူး၏။ ကိုထွေးကို စကား တောက်ကာ အခြေအနေပင် စုံစမ်းဖူး၏။ သူ့ မလဲ လင်နှင့်၊ ကလေး ငါးယောက်နှင့်၊ ကိုထွေးကို လူအေး လူကောင်းမို့ ငမ်းချင်သေးသလား မသိဟု တွေးဖူး၏။ တစ်ခါတစ်ရံ အဓိပ္ပာယ်မရှိ ရင်တွင်းမှာ ပူပင်နတ် ဝင်ကပ်ကာ တစ်နေ့ သူ့ အလုပ်ခွင်မှာ သွားချောင်း ဖမ်းရမလား ဟုပင် မီးမြှိုက်သလို အတွေးများ တွေးတောဖူး သေး၏။
မခင်မေသည် ဒေါသတွေ အလိုလို ထလာလေ၏။ ကိုထွေး ဘာကြောင့် အလုပ်ခွင်မှာ သည်လောက် ပျော်သလဲ ဒါဟာ အဖြေပဲလားဟု တွေး၏။ အူယားဖားယား အလုပ် အချိန်မီ ပြေးတာ ရုံးအလုပ် တစ်ခုတည်းက ဆွဲငင်တာမှ ဟုတ်ရဲ့လားဟု တွေး၏။
ကိုထွေးသည် ထမင်းကြော်ပွဲမှာ ထိုင်ကာ စားရင်း
“ မင်းကော စားလေ ”
ဟု ပြောသည်ကို ခေါင်းခါလိုက်ကာ အပြစ်ရှာချင်သော စိတ်ဖြင့် စောင့်ကြည့်နေမိလေ၏။
ကလေးတွေ ဆူလွန်းသည်။ အစာကိုလည်း လုယက် စားကြသည်။ ကိုအေးကလည်း ချီထားသည်ကို ကောင်းကောင်း မနေ၊ လက်ပေါ်က ဇောက်ထိုး လှန်ထိုး ဆင်းနေသည်။ ပြီးတော့ ကိုထွေးသည် ဝအောင် စားဟန် မတူဘဲ ကော်ဖီကို ကမန်းကတန်း ကျိုက်ချ လေသည်။
“ ဘာများ အရင်လို နေတာလဲ၊ လုပ်ကိုင် ပေးတော့လည်း ကောင်းကောင်း မစားဘူး ”
ဟု မခင်မေ က ဆူပူပြန်ရာ
“ နောက်ကျတော့မယ်ကွ ”
“ ရှင်က အလှပြင်တာကို ဘယ်ကောင်မ ကြည့်ချင်အောင် ပြင်နေတာလဲ၊ ရုံးလည်း အိမ်ထက် ပျော်သေး၊ ကြည့်ပါလား၊ ဘာဖြစ်လို့ မျိုမကျအောင် ဖြစ်နေတာလဲ၊ ရှင် ဘယ်လို ခြေလှမ်း နေတယ်ဆိုတာ ကျုပ် မသိဘူးအောက်မေ့လား ”
ဟု မခင်မေသည် ဒေါသကြီးသည်ထက် ကြီးလာလေရာ
“ ဟဲ့ မင်း ရူးနေသလား၊ ရုံး သွားရတာ ဘာဖြစ်လို့ ပျော်ရမှာလဲ၊ ဟေ့ ရုံးကို ဆယ်ရက် သွားရင် ကိုးရက်မှာ နဖားကြိုးဆီ၊ ထမ်းပိုးဆီ ပြန်ရတယ်လို့ ထင်တယ် မှတ်ထား၊ ပိုက်ဆံရလို့ အလုပ်လုပ်ရတာ၊ သိပ်ပျော်တယ် မှတ်သလား၊ တစ်ခါတလေတော့ ပျင်းတယ်ကွ၊ အလုပ် မလုပ်ဘဲ အိမ်မှာ ထိုင်နေချင်တယ်ကွ၊ အိပ်ရာထဲ ထိုးအိပ်နေချင်တယ်ကွ။ ဘိန်းရှူတတ်ရင် ရှူနေ ချင်သေးတယ် ”
ကိုထွေး၏ အသံမကျယ်စဖူး ကျယ်လာသည်ကို မခင်မေသည် အံ့အားသင့်ကာ နားထောင်နေမိ၏။ ကိုထွေး စိတ်ဆိုးမာန်ဆိုးနှင့် ဆင်းသွားသည်ကိုလည်း ကြည့်နေလိုက်မိ၏။ ပြီးတော့ လင်သည်ကို စိတ်ကောက် ဒေါသထွက် နေတာတွေလည်း ပျောက်သွားပြီး တဖြည်းဖြည်း ပြုံးလာ မိလေ၏။ သူ လင်ရကတည်းက ရှာဖွေနေသော အဖြေကိုလည်း ခုမှ တွေ့သလို ထင်၏။ နားမလည်သလို ကြည့်နေသော စိန်စိန်တို့ ညီအစ်မ သုံးယောက်ကို “ စားကြ စားကြ သမီးတို့ ” ဟု လေပျော့ကလေးနှင့် ပြော၏။ ညနေကျရင် ကိုထွေး ကြိုက်တတ်သော ငါးပိချက် ချက်ဖို့ ဈေး ပြေးဦးမှဟု သတိရ၏။ ထိုခဏ၌ ကိုအေးသည် ခါးပေါ်မှာ ချေးပါချပြီး အူမြူး ရယ်ရွှင် နေပြန်လေရာ ကလေးကို ချိုင်းနှစ်ဖက်မှ မကာ ရေဘုံဘိုင်သို့ ပြေးရင်း၊ လမ်းတစ်ဝက်မှာ ကလေးပါး နှစ်ဖက်ကို တရှုပ်ရှုပ် နမ်းရင်း၊ ဝါဆိုလပြည့်မှာ ဥပုသ် မစောင့်ဖြစ်သော်လည်း သည်လင် သည်သားတွေနှင့် ဘုရားတော့ တက်ဦးမ တွေးရင်း ပါးစပ်မှ
“ ဪ အမေ့သားလေး အီအီးတွေ ပါပြန်ပြီလား၊ အီးပါလည်း ချစ်ရတာပဲ၊ သေးပေါက်လည်း ချစ်ရတာပဲ၊ ကလေးတစ်ယောက် မွေးရင် ချေးတစ်ကြက်ဥဝမ်းထဲ ရောက်တယ် ဆိုတော့ ခု သားသမီး လေးယောက် မို့ လေးကြက်ဥစာပဲ ဟဲ့ ”
ဟု ပေါက်ကရ ပြောရင်း လူ့ဘဝမှာ နေရတာ ပျော်ရွှင်တာ အမှန်ပင်တည်း။
◾ကြည်အေး
📖 မြဝတီ မဂ္ဂဇင်း၊ ဩဂုတ် ၊ ၁၉၆၃
.jpg)

Comments
Post a Comment