တစ်မိုးလင်း၏ @ ကြည်အေး


မနက် ၆ နာရီမှာ မခင်သူ နိုးလေ့ ရှိသည်။ ခေါင်းအုံတာကို အရင် သိရ၏။ ပြီးတော့ ဝမ်းနည်းခြင်းနှင့် စိတ်လျှော့ခြင်းတို့ ဝင်လာ၏။ နှစ်ခုပေါင်းလိုက်ကာ ထူးဆန်းစွာ ဖြစ်ပေါ်  လာပြန်သော စိတ်ထုံခြင်း ဝေဒနာကို ခံစားရကာ သည်အတိုင်း နေနိုင်ပါရဲ့ဟု တွေးနိုင်လေ၏။ အကြောင်းကား သူသည် သီချင်းဆိုလို့ ပို၍ ကောင်းမည် ဖြစ်လေ၏။ ပို၍ အပင်ပန်း ခံနိုင်မည်။ အသက်အောင့်နိုင်မည် ဖြစ်လေ၏။ အားငယ် လွန်း၍ သော်လည်းကောင်း၊ အားရှိလာပြန်၍ သော်လည်းကောင်း တစ်စုံတစ်ခုကို ထ လုပ်နိုင်သည့် သတ္တိသည် တော်တော်နှင့်တော့ ပေါ်ဦးမည်မဟုတ်။ ထို အတောအတွင်း အေးချမ်းမည် ဖြစ်လေ၏။ မခင်သူ၏ အပြင်စာ ဖတ်နေလေ့ရှိသော သူငယ်ချင်း ကရင်မကလေး ကိုးကား ရွတ်ဆိုလေ့ရှိသည့်အတိုင်း အသည်းကွဲခြင်း၏ အဆုံးသည် အေးချမ်းခြင်း၏ အစတည်း။ ဘားနတ်ရှောကို ကျေးဇူးတင်ပါသည်။

ကျီးတစ်ကောင် နှစ်ကောင်က တအ အ အော်လိုက်သည်။ မခင်သူသည် ပျင်းရိ လေးတွဲ့စွာ ထကာ ပထမဆုံး မှန်ကြည့်၏။ ညက ခေါင်းလိမ်းဆီ လိမ်း၍ ဝိုင်ယာနှင့် ကောက်ထားသော ဆံပင်လိပ်များသည် လျော့တိလျော့ရဲနှင့် ပွနေ၏။ မျက်နှာက ချောင်နေ၏။ သူက ဘယ်အချိန်မှ အိပ်ပျော်တယ်ဆိုတာ မမှတ်မိ။ ရင်ထဲ၌ ဆန်းဆန်းပြားပြား ယားကျိကျိ ရှိလာသည်နှင့် “ အားဟာ အချစ် လောကကြီးဟာ အဆင်မပြေ ” ဟု ဆိုလိုက်၏။ သူ့ သီချင်းသံသည် ခါတိုင်းလိုပင် အံ့သြစဖွယ် သာယာလေ၏။

ထို့နောက် ခေါင်းရင်း၌ တရားဓမ္မ ပြောပြသူ အစား ချိတ်ဆွဲထားသည့် ဘရိုမိုစက္ကူကို အထပ်လိုက် ဆွဲယူပြီး ခြောက်ရွက် တိတိ ရေတွက်ယူပြီး ကျန်တာကို မသေမသပ် ခေါက်ချိုး၍ အင်္ကျီအိတ်ထဲ ထည့်လေ၏။ ထို့နောက် ရေချိုးခန်းကို သွားသည်။

တစ်ခေါက် ပြန်လာပြီးမှ သွားပွတ်တံ၊ သွားတိုက်ဆေး၊ မျက်နှာသုတ်ပဝါ၊ ဆပ်ပြာခွက်တို့ကို မမေ့မလျော့ တစ်ခုမှ မကျန်ရအောင် သတိ အထူးပြု၍ ယူ၏။ သွားတိုက်သည့် အမှုကို လူမြင် ကောင်းအောင် ပြုရင်း စိတ်က ရောက်တတ်ရာရာ သွားလာနေ၏။ ပူလောင်သော မျက်ရည်များ ကုန်ခန်းလျှင် အေးမြသော မျက်ရည် တစ်စေ့ နှစ်စေ့ လည်မြဲတည်း။ ပြီးတော့ သီချင်း ဆိုနေတတ်သည်။

မျက်နှာ သစ်ပြီး ပြန်လာပြန်၏။ ခေါင်းဖြီး၏၊ ပေါင်ဒါ ရိုက်၏။ နှုတ်ခမ်းဆိုး၏။ မျက်ခုံးမွေး ဆွဲ၏။ ပါးတို့ကို မသိမသာ ခြယ်၏။ ပြီးတော့ ခဏ ထိုင်ငေးကာ ကော်ဖီ ဆင်းသောက်သည်။

ထောပတ်က စားလို့ ကောင်း၏။ ပေါင်မုန့်ကလည်း နူးညံ့ပါရဲ့။ သို့သော် ကော်ဖီနှင့် မျှောချမှ ဆုတ်ကန် ဆုတ်ကန်နှင့် ကျသည်။ အတော်ဆိုးတဲ့ဟာတွေ နင်တို့များ ငါ အူမရှိရင် စားမှာ မဟုတ်ဘူးဟု အူကြောင်ကြောင် တွေးပြီး ရယ်ချင်သော်လည်း မရယ်ဘဲ ဘေးက ထမင်းစားပွဲ အတူထိုင်မြဲ သူငယ်ချင်းကို စိတ်မပါသော စကား လှမ်းပြော၏။ သူ ပြန်ပြောပြသည်ကို နားမထောင်တော့ဘဲ အခန်းကို ပြန်တက်လာသည်။ 

ထို့နောက် တစ်ခေါက် ပြန်ဆင်းပြီး သတင်းစာ ဖတ်၏။ သတင်းစာမှာ ပါသည့် အကြောင်းအရာများကို တကယ်တော့ သိချင်တာလည်း မဟုတ်။

ဧည့်စားပွဲ၌ တွေ့ရသည့် သူငယ်ချင်းများနှင့် စကား ပေါက်ကရ ပြောပြန်သည်။ ဘိုင်စကုတ် သွားကြည့်မည့် အကြောင်းနှင့် ပိုက်ဆံကို ချွေတာ မသုံးစွဲအပ်ကြောင်း ,  ဖြစ်လေသည်။

မဂ္ဂဇင်း အဟောင်းများကို လှန်လှောပြီး အရုပ် ကြည့်ပြန်သည်။ ဒါကတော့ ပိုပြီး စိတ်ဝင်စားစရာ ကောင်း၏။ အင်္ဂလိပ်မ ချောချော တစ်ယောက်၏ အရုပ်ဆိုးလှသော ဟန်ပန် မကျသည့် နောက်ဆုံး ထွင်သည့် အဝတ်အစားများနှင့် ရိုက်ထားသည့် ကိုးရိုးကားရား နေထိုင်ပုံများကို တွေ့၏။ ကိုယ့်အခန်းက ကုလားမလေး ဒေါ်ရိုသီ နေပုံထိုင်ပုံအတိုင်းမို့ မြူးထူး စိတ်ကလေးတော့ ဝင်လာ၏။ ထို့နောက် ဘာမှ မပြောဘဲ ထလာပြီး အခန်းသို့ ပြန်ရောက်ပြန်သည်။

ရေမိုးချိုး ဖြီးလိမ်း ပြင်ဆင်သည်မှာ တစ်နာရီ ကျော်ကျော် ကြာလေသည်။ ပြီးခါစ မှန်များ ကြည့်လိုက်လျှင် သပ်ရပ်လွန်း၍ တောင့်နေတတ်သည်။ ထို့ကြောင့် အိပ်ရာပေါ် ပစ်လှဲကာ ကျောင်းစာကို ဖတ်လေသည်။ 

စာတစ်လုံးမှ မရလိုက်ဘဲ ထမင်းစားချိန်တန်သော် ထပြီး မှန်ကြည့်လိုက်ရာ တောင့်ခြင်း ပျောက်သွားပြီကို တွေ့သည်။ ကျေနပ်၏။ အတန်းထဲ ကိုင်ရမည့် စာအုပ်များကို အသင့်ပြင်ပြီး ထမင်းစား ဆင်းပြန်၏။ အောက်ရောက်မှ သတိရပြီး ပြန်တက်ကာ ဓာတ်ဘူးကို ယူ၏။ ထမင်းစားပြီး ဓာတ်ဘူးကို မေ့ကာ အပေါ် တက်လာသည်။ အပေါ်ရောက်မှ သတိရပြီး အောက်ဆင်းကာ ဓာတ်ဘူး ယူ၏။ ပြီးတော့ အခန်းသို့ ပြန်တက်လာသည်။

မှန်ကြည့်ပြီး နှုတ်ခမ်း ကွက်သည်ကို သုတ်လေ၏။ ပေါင်ဒါ ထပ် ရိုက်သည်။ မိုးအုံ့သည်ကို ပြတင်းမှ လှမ်းကြည့်၏။ သီချင်း ဆိုချင် လာပြန်၏။ ဂီတာ အတီး ကောင်းသည့် သူ့ကို သတိရ၏။

“ မယ် ဆိုလျှင် မောင် က တီးပါရှင့် ၊ မောင်ငိုလျှင် မယ်က ညည်းမယ်ပေါ့ ”

စိတ်နည်းနည်း ပေါ့ပါးလာ၏။ မခင်သူသည် သီချင်းဆို စားချင်သူ ဖြစ်ရာ သီချင်းဆိုဖို့ အတွက်တော့ ကျောင်းစာမေးပွဲ ကျလည်း ကျပါစေ၊ ဘာမဆို လုပ်နိုင်ပါရဲ့ဟု သူအောက်မေ့လေ၏။ ထို့ကြောင့် စာမေးပွဲတစ်ခုကို သုံးလေးခါ မဖြေဘဲနှင့် မအောင်စဖူးချေ။

ကျောင်းသွားမည်ဟု အောက်ဆင်းခဲ့ရာ ဖောင်တိန် ကျန်ရစ်သည်မို့ ပြန်တက် ယူရ၏။ “ အောင်မယ် ကံကောင်းလို့ ၊ မေ့တော့မလို့ ” ဟု ရေရွတ်ကာ အခန်းသော့ကို ရှာဖွေ၏။ မတွေ့ ။ ပျောက်ပြီ ထင်သည်။ ပျောက်ပါစေ၊ ကိစ္စ မရှိ။ ကု,လားဆီမှာ သော့ပို ရှိသားပဲ။ ဒီအတိုင်း အပြင်က ပိတ်သွားမယ်။

အောက်ရောက်သော် ခေါင်းထဲက မူး၏။ နေလို့ မကောင်းဘူး ထင်သည်။ အားဟာ မူးလာ ပါကလားဟ။ အရင်ကလည်း ဒီလိုပဲ မူးမူး လဲတာ။ ဒါ ပြန်ထချင်ပြီ ထင်တယ်။ ငါးကြီးဆီတို့ ဘာတို့ ညာတို့ ပြန်သောက်ဦးမှပါပဲ။ ပြီးတော့ မောသကွာ။ ဘာဖြစ်လို့ပါလိမ့်။

ဟော .… မူးရင် မျက်စိရှေ့နဲ့ ဘေးကို မြင်ရတဲ့ စက်ဝိုင်းခြမ်းဟာ ကျဉ်းကျဉ်းလာပြီး ပြာမှောင် တတ်တယ်။ အတွန့် အဝိုင်းစက် ပြာနှမ်းနှမ်း ရွှေရွှေတွေ မှုန်မှုန် ပေါ်တယ်။ ခဏကလေး အတွင်းမှာ ဘာမှန်း မသိတော့ဘူး။ ပြီးတော့ ချွေးတွေ ရွှဲလာပြီး မြေပေါ်မှာ ပက်လက် နိုးနေတတ်တယ်။ ပြီးတော့ မောလိုက်တာ လွန်ပါရော။ 

မခင်သူသည် သူ၏ အခန်းသို့ ရောက်အောင် လှေကား နှစ်ဆင့် တက်ရရာ လှေကားထစ်ပေါင်း ခြောက်ဆယ့်သုံးထစ် ရှိသည်ဆိုတာ တစ်ခါမှ ရေတွက်ကြည့်ဖို့ သတိမရသဖြင့် မသိချေ။ 


◾ကြည်အေး

📖 တက္ကသိုလ်နှစ်လည်စာစောင် ၊ အတွဲ ၃ ၊ အမှတ် ၆ ၊ ၁၃၁၅ ခုနှစ်

Comments