ထန်းသမားထေကြီး @ သော်တာဆွေ



ထန်းသမားထေကြီး၏ ပထမဦးဆုံး ထူးခြားချက်နှစ်ရပ်ကို ဖော်ပြပါမူ…

(၁) ထန်းသမားထေကြီးသည် ထန်းတက်သမားဖြစ်လျက် ထန်းရည်၊ အရက်မသောက်ခြင်း။

(၂) ရေချိုးလေ့မရှိခြင်း။

“ငါ့ချီး… ရေချိုးလို့သေတဲ့မသာ ရှိတယ်၊ ရေမချိုးလို့ သေတဲ့မသာ မရှိဘူးကွ”

သူ့အား ရေမချိုးရကောင်းလားဟု ပြောသူများအား ချေပသော လက်သုံးစကားတည်း။

“ကိုထေကြီး… ခင်ဗျားကိုယ်က ချွေးတွေ၊ ညှော်တွေနဲ့ စေးထန်း မနေဘူးလား၊ မအီမသာ ဖြစ်မနေဘူးလား…”

“ဟင့်အင်း… မနေဘူးကွ၊ ငါ့ဟာငါ နေထိုင်ကောင်းနေတာပဲ”

ယင်းကား သူ့အဖို့ သိဒ္ဓိပြီးစီးခြင်းတစ်ရပ် ဖြစ်နေပေသည်။ ကျွန်ုပ်တို့မှာ ရေချိုးချင်၍ (သို့မဟုတ်) ရေချိုးချိန်တန်၍ မချိုးရပါက မည်မျှ ဒုက္ခရောက်ကြပါသနည်း။ ထေကြီးကား ဤဒုက္ခမှ ရာသက်ပန် ကင်းဝေးလျက် ရှိလေပြီ။

အများမျက်မြင်အားဖြင့် ထေကြီးကိုယ်မှာ ချေးကွက်တွေ အထပ်ထပ် ပြီး၍ ရွံဖွယ်လိလိ ရှိသည်။ မည်သူသည် သူနှင့် ကိုယ်ချင်းထိတွေ့ချင်ပါအံ့နည်း။ သို့သော် သူ့မှာ အများနည်းတူ သားမယားနှင့်ဖြစ်၏။ သာမဏေန သာမဏော ဂေါနေနဂေါနေ ဆိုဘိသို့ သူ့မယားလည်း သူ့လိုပဲ ညစ်ပတ်ပါ၏။ အဲ… ဖအေရော မအေရော ညစ်ပတ်ပြီဆိုတော့ သားသမီးများ အထူးပြောဖွယ် မရှိတော့ပြီ။

တစ်ရွာလုံးမှာ အညစ်ပတ်ဆုံး အိမ်ထောင်ကို ပြပါဆိုတော့ “ဒီရွာတင် မကပါဘူးဗျာ၊ တခြား ဘယ်ရွာတွေနဲ့ ယှဉ်ယှဉ်၊ ထေကြီးတို့အိမ်က ပထမတန်း ထိပ်တင်ပါပဲ” ဟု ဖြေရမည်သာ။

သူတို့အိမ် ညစ်ပတ်သည်မှာ လူတွေသာမက အိပ်ရာ၊ ခြင်ထောင်၊ စောင်၊ ခေါင်းအုံး၊ အဝတ်အစား အနေအထား၊ ရေကပြင်၊ မီးဖိုချောင်၊ ပန်းကန် ခွက်ယောက်ကအစ ညစ်ပတ်ကြ၏။

ထေကြီးသားသမီးတွေဆိုလျှင် အစဉ်သဖြင့် ချေးလက်လေးသစ်နှင့် အရှက်လုံရုံ ဝတ်ဆင်သည်များလည်း အလွန်ညစ်ပတ်၏။ ထေကြီးမိန်းမဆိုလျှင် အင်္ကျီဝတ်သည်ကို အလွန်မြင်ရခဲ၏။ အစဉ်သဖြင့် ထမီရင်လျားနှင့်သာ ဒူးပေါ် ရင်ဘတ်ပေါ် နေလေ့ရှိ၏။ သည်တော့ မိန်းမတစ်ယောက်၊ အသက် ၃၀ မကျော်သေးသော မိန်းမတစ်ယောက်၊ သည်လို ခြေသလုံးပေါ် ပခုံးပေါ် မနေသင့်ပါဘူးဟု မထင်ကြပါလင့်။ သူ့တစ်ကိုယ်လုံးတွင်ရှိသော ချေးညှော်များက အန္တရာယ်ကို ကာကွယ်ထားပါ၏။ သူ့ကိုယ်သည် သည်ထက်ပို၍ ပေါ်စေဦးတော့ နဘယံဖြစ်ပါ၏။

ယင်း၌ သူတို့အိမ်သား ဆင်းရဲလို့လားဟု မေးဖွယ်ရှိ၏။ မူလက မျိုးရိုးအားဖြင့် မွဲတေလှသည် မှန်သော်လည်း ထေကြီး ဤရွာရောက်၍ ထန်းတက်ရကတည်းက တစ်စတစ်စနှင့် တစ်နေ့တခြား ငွေကြေးများစုဆောင်းမိ၍ နေပါပြီ။

ထေကြီး ပထမဦးဆုံးနှစ် ထန်း စတက်စဉ်က ခြံရိုးလယ်စပ်တစ်ခုမှာ ထန်းရွက်တဲထိုး၍ ထန်းရည်တဲနှင့် နေခဲ့သည်။ မိုးဦးကျသော် ထိုထန်းရည်တဲ ဖျက်ပစ်၍ မူလအိမ်မှာ သူရင်းငှား ဝင်လုပ်လိုက်သည်။ လယ်ပြီး မိုးနှောင်းရောက်သောအခါ၌ ကျီဝင်ဆက်မလုပ်တော့ဘဲ ထန်းရည်တဲ ပြန်ဆောက်ပြီး ထန်းရည်အလုပ်သာ တိုးချဲ့လုပ်တော့သည်။ ထိုနှစ်မှာ သူသည် တစ်မိုးတွင်းလုံး ထန်းရည်ရသည့် ‘သီးရင့်’ ပင်တွေ များများကိုင်၍ မိုးဦးကျသော် သူရင်းငှား ပြန်မလုပ်တော့ဘဲ နှစ်လုံးပေါက် ထန်းတက်ရသောအလုပ်ကိုသာ လုပ်တော့သည်။

သို့ဖြင့် တတိယမြောက်နှစ်မှာ ရွာထဲတစ်နေရာတွင် ၅၀၀ ကျပ် ပေးရသော ခြံနှင့် အိမ်လေးတစ်လုံးကို ဝယ်လိုက်နိုင်လေသည်။

ဤသို့ အိမ်နှင့်ခြံနှင့် ဖြစ်သွားသောအခါ ထေကြီးသည် သူ့ဇာတိရွာမှ သားမယားကို ပြန်ခေါ်လေ၏။ ရေမချိုးသော ထေကြီးမယား ရောက်လာပြီ ကြားရသောအခါ “ဒီလို ညစ်ပတ်တဲ့ကောင်ကြီးများ ဘယ်လိုမိန်းမက ယူပါလိမ့်…” ဟု သွားရောက်ကြည့်ကြသည်၌ ရွာသူရွာသားများသည် သူတို့လင်မယားအား “အောင်မယ်လေး… နေနဲ့လ… ရွှေနဲ့မြပါပဲ…”ဟု ပြုံးကာမဲ့ကာ ချီးမွမ်းဩဘာ ပြုကြကုန်လေ၏။ အကြောင်းမှာ ညစ်ပတ်ပုံချင်း တူညီလှချေစွတကား…

သို့တစေ ညစ်ပတ်သော ထေကြီးတို့အိမ်မှာ လူစည်သည်။ အကြောင်းမှာ ထန်းရည်ရောင်းခြင်းကြောင့် အသောက်သမားများ ယောက်ယက်ခတ် နေကြခြင်းဖြစ်၏။ အကြွေးသောက်သူများသည် ထေကြီးမိန်းမ ခိုင်းစေသည်များကို လုပ်ပေးကြသည်။ ညစ်ပတ်ပေရေနေသော ထေကြီး၏ကလေးများကို ချီပိုးခြင်း၊ ချော့မြူခြင်း၊ နှပ်သုတ်ပေးခြင်းများကို ပြုကြသည်။ ထေကြီး မိန်းမ အုန်းဆင့်အဖို့ ဒီရွာရောက်မှ ရတနာပုံဆိုက်ခြင်း ဖြစ်ပေသည်။ ငွေကြေးမပြတ်ကိုင်နေရသည်။ ထန်းရည်တစ်ပုလင်း တစ်မတ်ရောင်းရသည်။ အကြွေးသောက်သူများအား စာရင်းမှတ်ရသည်။

မူလ သူတို့ဇာတိရွာတုန်းကမူ အဘယ်မှာလျှင် ဤသို့ လူမွေးလူတောင် ပြောင်လိမ့်အံ့နည်း။ ဆင်းရဲသောမိသားစု ဖြစ်သည်နှင့်အညီ အစားဆင်းရဲ၊ အနေဆင်းရဲဖြင့် ယခုလို ကိုယ်ကကြွေးမှတ်ဖို့ မဆိုထားဘိ၊ ကြွေးရှင်တို့မျက်မှောက်မှာ မျက်နှာငယ်နှင့် နေခဲ့ရပေသည်။

အဘယ်ကြောင့်နည်း။

သူတို့ မူလဇာတိရွာသည် မြို့မှ ၇ မိုင်ဝေး၏။ ‘လသာကွင်းရွာ’ ဟုခေါ်သည်။ ယခု သူတို့ ပဝတ္တိရွာမှာ မြို့မှ ၃ မိုင်ခန့်သာကွာ၍ ပေတစ်ရာလမ်းနှင့်ကပ်နေသဖြင့် ‘တာကပ်ကြီးရွာ’ ဟု ခေါ်၏။

တာကပ်ကြီးရွာသည် ကြီး၏။ လယ်ပိုင် မြေပိုင်နှင့် လူချမ်းသာများပေါ၏။ ဆန်စပါးအပြင် အခြားသီးနှံစိုက်ပျိုးခြင်း၊ ရက်ကန်းရက်ခြင်းတို့ဖြင့် ရွာသူရွာသားများ ချောင်လည်ကြသည်။

လသာကွင်းရွာကား နာမည်လှသော်လည်း မြို့နှင့်ဝေး၍ လူဆိုးသူခိုးများနှင့် အတော်ဗရုတ်ကျ၏။ ချမ်းသာချောင်လည်သူနည်း၍ ဆင်းရဲသားများ၏။ ထန်းရည်အရက်ကား ပေါ၏။ ထန်းရည်တက်ခြင်းအတတ်ကို နွားကျောင်းသားအရွယ်ကစ၍ တတ်ကြကုန်၏။ ကိုယ့်ဟာကိုယ် တက်သောက်တတ်ကြ၏။ သောက်၍ပိုသည်ကို ဆီဖိုး ဆန်ဖိုးရအောင် ရောင်းကြ၏။

သူတို့ရွာသည် မြို့မှလာသော လမ်းဆုံရွာ တာခွလမ်းဆုံနှင့် နီး၍ အခြား ဝေးလံသော ရွာများမှ မြို့ကိုလာကုန်သော ခရီးသည်တို့၏ လှည်းလမ်းဆုံရွာလည်းဖြစ်သောကြောင့် ထန်းရည်ရောင်း ကောင်းကြ၏။ မြို့နှင့်ဝေးကွာသဖြင့် လိုင်စင်စီနှင့် ဘုံဆိုင်မရှိသဖြင့် မည်သူမဆို ထန်းပင်ရှိ ထန်းတက်နိုင်ကြ၍ ကိုယ့်အိမ်ရှေ့မှာကိုယ် ထန်းရွက်တဲကလေးထိုးကာ အမြုပ်ကလေးတစီစီနှင့် ထန်းရည်ပုလင်းတွေထောင်ကာ ရောင်းကြသည်။ အမြည်း ငါးကြော်၊ အမဲကြော်နှင့် ဆေးလိပ်များလည်းရှိသည်။ ထိုနေရာသည် လမ်းဆုံ လူစုံဖြစ်၍ ဆေးခြောက်၊ ကွမ်းပုံ(ဘိန်း) များလည်းရနိုင်သည်။

ဤဒေသ၌ကား ထေကြီးလို သတ္တဝါသည် ပွဲမတိုးနိုင်ခဲ့ပေ။ ကိုယ်ပိုင် ထန်းပင်,ပင် မတက်နိုင်ခဲ့။ အခြားသူ၏ ထန်းပင်သူရင်းငှား တက်ခဲ့ရသည်။

ယင်းသို့ ထေကြီးသည် လသာကွင်းရွာ၌ ဆင်းရဲမွဲတေနေစဉ် ကံကောင်း ထောက်မချင်တော့ အကြောင်းအားလျော်စွာ တာကပ်ကြီးရွာက သူကြီးနှင့်ဆက်မိ၍ သူကြီးအိမ်ကို သူရင်းငှားအဖြစ်နှင့် ရောက်လာခဲ့လေတော့သည်။

စရောက်သောနှစ်မှာပင် သူကြီးက ထေကြီးအား “မင်း… ထန်းတက်တတ်လား…” ဟုမေး၏။ “လသာကွင်းသား ထန်းတက်တတ်လား” မေးခြင်းသည် “ငါး ရေကူးတတ်လား…” မေးခြင်းနှင့်တူ၍ သူကြီးက သူသောက်ရန် ထန်းတစ်ပင်ကို တက်စေသည်။

တာကပ်ကြီးရွာ၌ ခြံတွေမှာရော၊ လယ်ကွင်းတွေထဲမှာရော ထန်းပင်တွေ အလွန်ပေါ၏။ သို့သော် ထန်းတက်တတ်သူ အလွန်နည်း၍ တက်တတ်သူ နှစ်ဦးသုံးဦးမှာလည်း မိမိတို့သောက်ဖို့သာသာ လိုင်စင်စီရရုံလောက် တက်ကြသည်။ တာကပ်ကြီးရွာသည် မြို့နှင့်နီး၍ ထန်းရည်လိုင်စင် ဧရိယာအတွင်းကျရောက်သဖြင့် ထန်းရည်တက်လိုလျှင် လိုင်စင်စီကို အခွန်အခပေးရသည်။ ထေကြီးတက်သောအပင်ကား တစ်ပင်တည်း၊ သူကြီးဂုဏ်ရှိန်နှင့်မို့ မပေးရပေ။

ယင်းသို့လျှင် ထေကြီးသည် သူကြီးအိမ်မှာ သူရင်းငှားလုပ်ရင်း ထန်းတစ်ပင်တက်ခြင်းဖြင့် အမှုတော်ထမ်းနေစဉ် နေ့စဉ်သူတက်သော ထန်းပင်ပေါ်မှ လှမ်းမျှော်ကြည့်၍ အနီးပတ်ဝန်းကျင်ရှိ ထန်းပင်များကို မြင်ရသည်၌ “သည်ထန်းပင်တွေများ ငါ အားလုံးတက်လိုက်ရ၊ ဘယ်လောက် စီးပွားဖြစ်လိမ့်မလဲ…”ဟုတွက်ဆမိ၏။

ရွာထဲ၌ ထန်းတက်သူ တောင်ပိုင်းတစ်ယောက်၊ မြောက်ပိုင်းတစ်ယောက်ရှိရာ သူတို့သည် တစ်ဦးလျှင် နှစ်ပင်သုံးပင်မျှ အပျော်တက်လောက်ဖြစ်၍ ရောင်းမလောက်ပေ။ သောက်ချင်လျက်နဲ့ မသောက်ရသူတွေ အနတက္ကမ။ ထေကြီးသည် ယခု သူတစ်ပင်တည်းတက်၍ သူကြီးသောက်၍ပိုသမျှ ရောင်းရသည်နှင့်ပင် သူခပ်မြက်မြက် တွေ့နေပေပြီ။ လသာကွင်းတုန်းက အိတ်ထဲပိုက်ဆံမကပ်ခဲ့ရ။ ယခု နေ့စဉ်ဝင်ငွေရနေသည်… ဟီ.. ဟီ…။

သို့ဖြင့် တစ်နေ့သ၌ သူသည်သူကြီးအား ထန်းပင်များများ တက်လိုကြောင်း၊ သည်ရွာမှာ ထန်းတက်၍ စီးပွားဖြစ်နိုင်လိမ့်မည် ထင်ကြောင်း ပြောပြရာ သူကြီးလည်း သူ့အား ခိုင်း၍စေ၍ ကောင်းသဖြင့် ချစ်ခင်ရင်းစွဲရှိသည်နှင့် “အေး… မင်း အကျိုးရှိမယ်ထင်ရင် လုပ်လကွာ၊ ငါတို့ဆီမှာ သူရင်းငှားတော့ မရှားဘူး” ဟု အခွင့်ပေးသည်နှင့် အစ၌ ဖော်ပြခဲ့သည့်အတိုင်း ထေကြီးသည် ပထမတစ်နှစ်၊ တစ်ဆောင်းနှင့်တစ်နွေ စမ်းလိုက်သည်။ ဟန်သဖြင့် ဒုတိယနှစ်ကုန်ပြီး တတိယနှစ်ရောက်သည်၌ သူရင်းငှားအလုပ်ကို လုံးဝစွန့်ပစ်လိုက်ကာ ထန်းတက်သော အလုပ်တစ်ခုတည်းသာ ဖိလုပ်လေတော့သည်။


* * *


ထန်းရည်နင်း

 ပေါက်ကင်းတဲ့ လဲငုံ။

 ဆက်ရက်ကယ် သရကာနဲ့

 ရော်ရွက်ဝါတမာနု

 လွမ်းသူ့ ပူပုံ။

 စရိုက်ကယ်လှုံ

 ပင်မြုံမြင့် သိုက်နန်း။

 ထွက်စီးငယ်ဝှန်

 ကျာက်စက် ရေတံခွန်နဲ့

 ဟေမဝန် သာယာနုပါဘိ

 ယွန်းလုနွေဆန်း။ ။


‘ထန်းရည်နင်း’ ဆိုသည်၌ ဘယ့်နှယ် ထန်းရည်တွေတက်နင်းလို့ ခြေထောက်စိုကုန်မှာပေါ့ဟု ပြောစရာရှိ၏။ စင်စစ် ထန်းရည်တွေကို တက်နင်းခြင်း မဆိုလိုပေ။ ထန်းရည်ထွက်အောင် ထန်းတက်ရာ၌ ထန်းစအရင်းထိပေါ်လာရန် ထန်းလက် ထန်းခွာတွေကို ခြေထောက်နှင့် နင်းချရခြင်းကို ဆိုလိုခြင်းဖြစ်ပေသည်။

ဦးကြင်ဥသည် ဤလေးဆစ်ကို တပို့တွဲဘွဲ့ ဖွဲ့သည်။ မှန်ပါ၏။ တပို့တွဲလသည် ထန်းလှိုင်လှိုင် တက်ရသောလ ဖြစ်ပါသည်။ သို့သော် ထန်းသမားများအဖို့ ထန်းဦးမှာ နတ်တော်လလောက်က စ တက်ရသည်။

ထန်းရည်သည် သုံးမျိုးမှ ရနိုင်သည်။ ထန်းဖို၊ သီးနု၊ သီးရင့်။

ပထမဦးဆုံး ကိုင်ရသည်မှာ ထန်းတစ်ပင်မှ သီးသော သီးနု၊ အသီးကလေးတွေပြူစ၊ အခိုင်ကျမှ ကိုင်ရသည်။ နတ်တော်လ ထန်းဦးဖြစ်သည်။ ဒုတိယထန်းဖို ပြာသို၊ တပို့တွဲလလောက်မှာ ကိုင်ရသည်။ တတိယနောက်ဆုံးမှာ သီးရင့်ဖြစ်သည်။ အသီးများလည်ရစ်ဝင်၍ စားမဖြစ်အောင် ရင့်သောကာလ၊ မိုးဦးကျလောက်မှ စ ကိုင်ရသည်။

ထန်းရည်ထွက်အောင်လုပ်ရာ၌ ထန်းသမားအဖို့ သီးရင့်သည် အပင်ပန်းဆုံးဖြစ်၏။ အသီးရင့်ကြီးတွေနာပြီး သူ့အဆီအနှစ်တွေ အရိုးထဲပြန်ဝင်သွားအောင် သီးလုံးစေ့ ချက်ညီညီ ထုရသည်။ ထန်းသမားများသည် အများအားဖြင့် ကကြီး ခခွေး ဆို၍ ထုကြသည်။ ဥပမာ… အသီးတစ်လုံးကို တင်းပုတ်ဖြင့် (င) အထိ ၅ ချက်ထုလျှင် အလုံးတိုင်းသည်လိုပဲ ခိုင်လုံးစေ့ထုရ၏။ ရက်ပေါင်းများစွာထု၊ နေ့တိုင်းထုရ၏။ သီးရင့်သည် လုပ်ရတာ ခက်ခဲကြန့်ကြာသလောက် ထန်းရည်ထွက်သက်ရှည်၏။ ထန်းဖို ထန်းမတို့သည် (အရိုးစွဲသော တစ်ပင် တစ်စ နှစ်စလောက်မှလွဲ၍) မိုးသံလေသံကြားလျှင် ပြေးကုန်တတ်ကြသည်။ သီးရင့်ကား မိုးဦးကျကဆုန်၊ နယုမှ သီတင်းကျွတ်၊ တန်ဆောင်မုန်း၊ နတ်တော်အထိ ထန်းကိုင်ကောင်းလျှင် ကောင်းသလောက် ရေရှည်ထွက်လေသည်။

ထေကြီးသည် သူတို့ရွာမှ ထန်းတက်ပညာကို အကုန်တတ်ခဲ့သဖြင့် ထန်းသုံးမျိုးကို နှစ်လုံးပေါက် ထန်းရည်ရအောင် တက်နိုင်လေသည်။

တာကပ်ကြီးရွာတွင် ထန်းပင်ပေါရကား ထေကြီးသည် တစ်နှစ်လျှင် ထန်းပင် ၅၀ ကျော်တက်၏။ တစ်နေ့ထဲ အပင် ၅၀ တက်နိုင်သည်ဟု မဆိုပါ။ ထန်းဖို ထန်းမ၊ သီးနုသီးရင့်လိုက်၍ အချိန်ရာသီ ခြားရပါသည်။ သို့သော် သူသည် တစ်နေ့တည်းကို အပင်အစိတ် သုံးဆယ်လောက်တော့ တက်ရပါ၏။ ဤသည်ပင် တာကပ်ကြီးရွာက ရွာခံထန်းသမားများ အံ့ဩကြရ၏။ တစ်နေ့တည်း ထန်းပင်အစိတ်တက်ခြင်းသည် နည်းနည်းနောနော တာဝန်ကြီးမဟုတ်ပါ။ ထန်းတစ်ပင်ကို မနက်တစ်ခါ၊ ညနေတစ်ခါ တက်ရ လှီးရသည်။ သည်တော့ ထန်းပင် အစိတ်သုံးဆယ်သည် တစ်နေ့ထဲကို အပင် ငါးဆယ်၊ ခြောက်ဆယ်ရခြင်း ဖြစ်ပေတော့သည်။

ထို့ကြောင့် ထေကြီးသည် နံနက် ဝေလီဝေလင်းမှသည် ဆွမ်းခံပြန်လောက်အထိ တစ်ပင်ပြီးတစ်ပင် မနားတမ်း သွားရ၊ တက်ရ၊ ဆင်းရ၏။ တစ်ဖန် နေ့ခင်း ၂ နာရီလောက်မှ မိုးချုပ်အထိ သူ့မယားကသော်လည်းကောင်း၊ သားလေးကသော်လည်းကောင်း နောက်မှ ထန်းရည်ကောက်လိုက်ရ၏။

ပုဂံရာဇဝင်တွင် ငထွေရူးသည် ထန်းပင် ၁၀၀ တက်သည်ဆို၏။ သူတို့အညာမှာ ထန်းပင်တွေက အစုလိုက်၊ အအုပ်လိုက်နေ၍ မဆင်းမတက်ဘဲ တစ်ပင်နှင့်တစ်ပင် ထန်းလက်ချင်းယှက်၍ ကူးနိုင်သန်းနိုင်မည် ဖြစ်ခြင်းကြောင့် ဟုတ်တန်ရာ၏ဟု ဆိုနိုင်သော်လည်း ယခု ထေကြီးတက်ရသော အရပ်ဒေသမှာ ခြံထဲ၊ လယ်ထဲနေရာအသီးသီး၌ အပင်ချင်းမနီးကပ်ဘဲ တစ်ပင်ပြီးတစ်ပင် ကူးရ၊ သန်းရ၊ တက်ရ၊ ဆင်းရသဖြင့် လူစွမ်းကောင်း ငထွေရူးပင်ဖြစ်စေကာမူ ဘယ်နည်းနှင့်မျှ အပင် ၁၀၀ တော့ တက်နိုင်မည်မဟုတ်ပေ။ ထေကြီးတစ်နေ့လျှင် အပင်အစိတ် သုံးဆယ်တက်ခြင်းပင် အစွမ်းကုန်ပဲဟု ထန်းသမားများက ပြောကြ၏။ ထေကြီးအား ‘နှယ်နှယ်ရရကောင် မဟုတ်ဘူး’ဟုလည်း ချီးမွမ်းကြ၏။

မှန်ပေသည်။ ထေကြီးသည် နှယ်နှယ်ရရ မဟုတ်ပေ။ တစ်ခါက ထန်းပင်ပေါ်က ကျဖူး၏။ ထန်းပင်ပေါ်ကကျ၍ ဘာမျှမဖြစ်သူတည်း။

“ငါက ထန်းခွာပေါ်က ခြေဖဝါး ချောခနဲဖြစ်ပြီး ထန်းပင်ပေါ်က ကျပြီဆိုတာ သိလိုက်သကွ။ ဒီတော့ ယောက်ျားဘသား ဘုရား တရားဆိုပြီး အံကြိတ်ထားလိုက်တယ်။ ဟာ မြေကြီးက ငါ့ဆီပြေးလာပြီး ဒိတ်ခနဲ ဆောင့်တော့တာပဲဟေ့။ ငါ ဒူးထောက်လျက်သား လေးဖက်ထောက် ဖြစ်နေတယ်။ ရုတ်တရက်ဖြင့် အကြောအခြင်တွေ ပြတ်သွားသလိုပဲဟေ့၊ ငါ ဘာမှမလုပ်နိုင်ဘူး၊ တော်တော်ကြာမှ ထလို့ရသကွ…”

တစ်ယောက်သော မျက်မြင်သက်သေက ပြောပြသည်မှာ…

“ငါက သူ့ထန်းပင်နဲ့ ခပ်လှမ်းလှမ်းကလကွာ။ ပဲသီးဆွတ်နေရင်း လေမတိုက်ဘဲနဲ့ ထန်းရွက်ဗြုန်းခနဲလှုပ်သံကြားလို့ လှမ်းကြည့်လိုက်တယ်။ လားလား ကောင်ကြီး ထန်းလှီးဓားကြီးကိုင်လျက် တန်းလန်းမတ်တတ်ကြီး ကျလာလိုက်တာ အောက်ရောက်တော့ ဒုတ်ခနဲ အသံကြားလိုက်တယ်။ ပွဲချင်းပြီးမသေတောင် ကျိုးရော၊ ပဲ့ရောအောက်မေ့တာ။ ငါ ကပျာကယာ ပြေးသွားတော့ ငတိကြီး ပြုံးပြုံးကြီးနဲ့ ပြန်ထပြီး ဘာမှမဖြစ်ပါဘူးကွ။ အံ့ရောဟေ့၊ သူ အဲဒီထန်းပင်ပေါ်မှာ ထန်းရည်ချမပြီးသေးတော့ ပြန်တက်သွားသကွ။ ငါ့စိတ်ထဲ ရုတ်တရက်ဖြင့် သေပြီး သရဲများ ဝင်ပူးသွားသလားတောင် အောက်မေ့မိတယ်”

စင်စစ် ထေကြီးသည် သတိလည်းကောင်း၏။ အကျလည်းကောင်း၏။ သူ့ကိုယ်လုံးကိုယ်ထည်ကလည်း အလွန်တောင့်တင်းခိုင်မာ၏။ သူ့အရပ်သည် ၅ ပေလောက်သာရှိ၍ ဂင်တိုလူပုဖြစ်၏။ သူ့ကိုယ်ထည်မှာ သစ်တုံးကို ထောင်ထားသည်နှင့်တူ၏။

အချို့နောက်ပြောင်တတ်သူများက ပြောကြသည်မှာ…

“ထေကြီး ထန်းပင်ပေါ်ကကျလို့ ဘာမှမဖြစ်တာဟာ သူရေမချိုးလို့ကွ၊ သူ့ကိုယ်က ချေးတွေက သရိုးကိုင်ထားသလို မာနေတာ၊ အခု ဓားတောင်ပြီးနေပလားမသိဘူး။ မှန်း… ထေကြီး၊ ကျောကုန်း စမ်းခုတ်ကြည့်ရအောင်…”

“အောင်မယ်လေး… မလုပ်ပါနဲ့ အစ်ကိုရာ၊ ကျွန်တော်သေတာက အရေးမကြီးဘူး။ အစ်ကို ထောင်ကျနေပါဦးမယ်”

ထေကြီးသည် သဘောသကာယလည်း ကောင်းသူဖြစ်၏။ သူ့လို ထန်းတက် အသက်မွေးသူသည် သဘောမကောင်းလို့လည်း မဖြစ်ပေ။

“ငါ့ချီး… ကိုယ်က ဘာမဆိုအောက်ကျခံမှ ဖြစ်တာ၊ ကိုယ့်အလုပ်က လူမုန်းခံလို့ မဖြစ်ဘူး။ ည ထန်းပင်တက်၊ ထန်းစတွေတက်ခုတ်ပစ် ဘယ့်နှယ်လုပ်မလဲ။ ဒါမှမဟုတ် ထန်းရည်ကျည်တောက်ထဲ မတည့်တာတွေ ထည့်သွားရင် ငါ လူသတ်မှုဖြစ်နိုင်တယ်ကွ…”

ထေကြီးပြောလေ့ရှိသော စကားဖြစ်ပါ၏။ မှန်၏။ မသိအောင် ထန်းပင်ပေါ်တက်ပြီး ရင်းဆွဲကို တဲတဲလုပ်ထားပါက ထန်းပင်လည်ဆစ်မှ ပြုတ်ကျပြီး ခါးကျိုးနိုင်၏။ ထို့ကြောင့် ထေကြီးသည် ပိုက်ဆံမပါလို့ မရောင်းနိုင်ဘူး၊ အရင်ကြွေးဆပ်ပါ စသည်ဖြင့် မည်သည့် အသောက်သမားကိုမျှ တင်းတင်းမာမာ မပြောဝံ့ချေ။ တစ်ရွာသားလည်ဖြစ်ရကား အစစအရာရာ အောက်ကျနောက်ကျ ခံရ၏။ သောက်ချင်သမျှ ရောင်း၍ ပေးသမျှပိုက်ဆံသာ ရရှာ၏။ ‘ထေကြီး ထန်းရည်ထွက်သမျှသာ ပိုက်ဆံရမည်ဆိုလျှင် ဘယ်မှာ ထားစရာရှိတော့မလဲ’ဟု ပြောကြ၏။

ကျေးတောရွာအနေဖြင့် မှန်ပေသည်။ ထေကြီးသည် တစ်နှစ်လုံး ထန်းပင်အစိတ်ကျော် သုံးဆယ်တက်လေရာ ထန်းရည်သည် နေ့စဉ် ပုလင်းရာချီ၍ ရလေသည်။ ဤလို ထန်းပင်များများတက်သူအား ဘုံဆိုင်လိုင်စင်စီသည် ထန်းပင်ခနှင့် မချတော့ချေ။ ထွက်သမျှထန်းရည် မှန်းပြီး တစ်နေ့လျှင် သူ့ဘုံဆိုင်သို့ မည်မျှသွင်းရမည်ဟု စည်းကမ်းချမှတ်၏။ ထိုမှ ပိုသမျှ ရောင်းစားခွင့်ပြု၏။

သို့ဖြင့် ဘုံဆိုင်ကလာယူ၍ ပိုသောထန်းရည်မှာ ထေကြီးအိမ်တွင် အသောက်သမားလာသမျှ မရဟူ၍မရှိ။ ထို့ပြင် ထေကြီး ဘုံဆိုင်သွင်းရသည်မှာလည်း အလကားမဟုတ်ချေ။ ပုလင်းတစ်ရာကို တစ်ဆယ်ဈေးရသေး၏။

သို့ဖြင့် ထေကြီးသည် ဤရွာမှာ တဖြည်းဖြည်း စီးပွားဖြစ်ထွန်းလာခဲ့သည်။ ထေကြီးသည် စုမိသောငွေကို အလကားမထား၊ ဝက်လည်းမွေး၏။ နွားလည်းမွေး၏။ ထေကြီးတို့လင်မယားသည် အသုံးအစားလည်း အလွန်ဆင်ခြင်၏။ ဆင်ခြင်သည်ထက် မစားတတ်၊ မဝတ်တတ်ဆိုသည်က ပို၍မှန်ပေမည်။

ဖော်ပြခဲ့သည့်အတိုင်း ထေကြီးမိန်းမသည် အင်္ကျီဝတ်ခဲ၍ ထမီရင်လျားနှင့်သာ နေလေ့ရှိသည်။ ဤနေရာ၌ ထေကြီး၏ နေ့စဉ်ယူနီဖောင်းကို ဖော်ပြရဦးမည်။ မည်သည့်နှစ်၊ မည်သည့်ခေတ်က မည်သို့ရထားသည်မသိသော ကာကီရောင် စစ်သားဝတ်ဘောင်းဘီကို ဇင်ဖျင်ထူထူတစ်ထည်၊ သူ့ဒူးအောက်ရောက်အောင် ရှည်သည်။ မူလအရောင်ပျောက်၍ မွဲအောက်အောက် အဖာဗရပျစ်နှင့်။ အင်္ကျီမှာ သာ၍အံ့ဖွယ်ကောင်းသည်။ ဘာဘူကုလားတွေ ရှပ်အင်္ကျီအပေါ်မှဝတ်သော လက်ပြတ်ခါးပြတ် မည်းနက်သောအင်္ကျီတို၊ သူ၏ကြီးမားသော ကိုယ်လုံးကို မပတ်မိ၍ ကြယ်သီးမတတ်နိုင်၊ ရင်ဘတ်ဟောင်းလောင်းနှင့်ပဲ အမြဲနေ၏။

ဤကား ရေလည်းမချိုး၊ နေ့မချွတ်၊ ညမချွတ် သူ့ကိုယ်မှာ ထာဝစဉ်နေသော အဝတ်အထည်ပါတည်း။ ဤယူနီဖောင်းနှင့် အရပ် ၅ ပေလောက် လူပုပုဂင်တိုတို၊ ချေးလက်လေးသစ်နှင့် မျက်နှာပြားပြား၊ နှာခေါင်းပိပိ၊ နှုတ်ခမ်းထူထူ၊ ပါးစပ်ပြဲပြဲ၊ သွားကျဲကျဲနှင့် ထေကြီး၏ပုံသဏ္ဌာန်ကို မှန်းဆ၍ ကြည့်ကြပါကုန်။

သူ့ဆံပင်ကား အရှည်လား အတိုလား ပြောရန်ခက်ပါသည်။ သူသည် တစ်နှစ်မှတစ်ခါ ပူအိုက်သော နွေရာသီတွင် ခေါင်းရိတ်ပါသည်။ သူ့ခေါင်းမှာတော့ ပုဆိုးစုတ်တစ်ထည် အမြဲပတ်ထားပါသည်။ ဤပုဆိုးစုတ်လည်း မလျှော်တမ်း၊ မဖွပ်တမ်း၊ ထန်းတက်ရင်းချွေးသုတ်သည်။ ထမင်းစားပြီး လက်သုတ်သည်။

ထေကြီး၌ အပျော်အပါး အလောင်းအစားမရှိ။ ထန်းရည်အရက်မသောက်၊ ဆေးလိပ်မသောက်၊ ကွမ်းလည်းမစား၊ အဲ ဆေးရွက်ကြီးတော့ ကိုက် ကိုက်ပြီး အားရပါးရငုံသဗျ။ သံဘူးနှင့်ထည့်၍ သူ့ဘောင်းဘီခါးကြားမှာ အမြဲမပြတ် လိပ်ထား၏။

သို့ဖြင့် ထေကြီးသည် ငွေ အရသာရှိပြီး ကုန်ကျစရိတ်အလွန်နည်းသောကြောင့် သူ့မှာ တစ်နှစ်ထက်တစ်နှစ် စီးပွားတက်ခဲ့သည်။ ထန်းတက်၍ ၅ နှစ်၊ ၆ နှစ်မြောက်၌ သူ့မှာ ငွေထောင်ချီ၍ စုမိလေပြီ။ ထိုငွေအပြင် သူ့အိမ်မှာ နွားမ မိသားစုနှင့် ခိုင်းနွားတစ်ရှဉ်း၊ လှည်းတစ်စီးလည်း ရှိလာ၏။ ခိုင်းနွားများကို လယ်ထွန်ချိန်၊ ကောက်လှိုင်းတိုက်ချိန်တို့၌ ငှား၍ ငှားခ စပါးရသေး၏။ နွားမ မိသားစုကိုကား တလင်းနယ်ငှားခြင်းဖြင့် သူတို့မိုးတွင်းစားဖို့ ကောက်ရိုးရ၏။

ထေကြီးသည် သူစုမိသော ငွေသားများကို သူ့မွေးစားဖခင်လို ဖြစ်နေသော သူကြီးထံ အပ်နှံ၍ ထား၏။ သူကြီးကလည်း အစစအရာရာ ခိုင်းစေလို့ကောင်းသော ထေကြီးအား ချစ်ခင်၍ ထေကြီးနောင်ရေးအတွက် စဉ်းစားပေး၏။

“ထေကြီး၊ မင်း အခု အသက်ဘယ်လောက်ရှိပြီလဲ”

ထေကြီးသည် သူ့မွေးသော သက္ကရာဇ်ကို မသိချေ။

“ကျွန်တော့်အသက် ၄၀ လောက်တော့ ရှိမလားမသိဘူး”

“အေး… မပြည့်တောင် ၄၀ တော့ နီးရော့မယ်။ ဒီတော့ မင်းကြီးလာတဲ့အပိုင်းမှာ ဒီလိုထန်းပင်တွေ များများ တက်နိုင်တော့မယ် မဟုတ်ဘူး”

“ဟုတ်တယ် အဘရဲ့၊ အခုတောင် ကျွန်တော် ဟိုတုန်းကလို မပေါ့ပါးချင်တော့ဘူး…”

“အဲဒီတော့ မင်းနောင်ရေးအတွက် စုမိတဲ့ငွေနဲ့ ရသမျှလယ်ဝယ်ထားလကွာ…”

“ဟုတ်ကဲ့… အဘပဲ ကြည့်ပြီး စီမံပေးပါတော့…”

သို့သော် သူကြီးဦးရွှေသီးသည် ထေကြီးအတွက် လယ်မဝယ်ပေးရမီ ၉၆ ပါးသောရောဂါဖြင့် အနိစ္စသဘော ကိစ္စချောလေသတည်း။

ယင်းသည်ပင် ထေကြီး၏ ဘဝလမ်းပြောင်းဖို့ ဖန်လေသည်။ အကြောင်းမှာ ထိုခေတ်သည် “ဆိုက်ကားသမားပင် ဝန်ကြီးချုပ်ဖြစ်နိုင်မည်” ဆိုသော ကာလဖြစ်၍ နောက်သူကြီးတစ်ယောက် ရွေးကောက်ပွဲလုပ်ရမည် ဆိုသောအခါ၌ ထေကြီး၏ဖောက်သည် အသောက်သမားတို့သည် ထေကြီးအား မွေးစားဖခင် ဦးရွှေသီး၏နေရာကို ဆက်ခံရန် မြှောက်ထိုးပင့်ကော် လုပ်ကြလေသတည်း။

“တို့ထေကြီးက ဘာမဖြစ်နိုင်စရာရှိလဲကွ… ဒီမိုကရေစီခေတ်ပဲ မဲရနိုင်တာပဲ…”

“ဟုတ်တယ်… တို့အပိုင်းအတွက်တော့ တို့တာဝန်ထားလိုက်…”

“နို့ပြီး သူကြီးအလုပ်ဆို ဒီရွာမှာ ထေကြီးလောက် နားလည်တာ ဘယ်သူရှိဦးမလဲ…၊ သူကြီးရဲ့ မွေးစားသားကွာ… သူကြီးအိမ်မှာ သုံးနှစ်သုံးမိုး နေလာခဲ့တာကွ၊ နောက်လည်း သူကြီးက သူ့ကိစ္စတွေ ထေကြီးကိုပဲ ခေါ်ခေါ်ခိုင်းနေတာ တစ်ရွာလုံးကအသိ…”

“အေး… ဟုတ်တယ်၊ မှန်တယ်၊ ကိုထေကြီးကလည်း သူကြီးအလုပ်တာဝန်ကို အကုန်နားလည်ပြီးသား မဟုတ်လား…”

ထေကြီးလည်း ဝိုင်း အတွန်းကောင်းသဖြင့် စိတ်ပါနေပြီဖြစ်၍ ပြုံးကျဲကျဲကြီးဖြင့်…

“နို့… အဘကိစ္စတွေဆို ကျုပ်ပဲ အစစအရာရာ ဆောင်ရွက်နေတာပဲ…”

မှန်၏။ ထိုခေတ်က ကျေးရွာ သမဝါယမ အသင်းငွေကို သူကြီးက ကိုင်၍ ရွာအတွက် ခွဲတမ်းကျသော ပစ္စည်းများကို မြို့သွားယူပြီး မြို့ထဲမှာပဲ ဖောက်သည်တွေဆီ ရောင်းချရာ၌ ထေကြီးပင် သည်ပိုး ဆောင်ရွက်ခဲ့ရ၏။ ဒီသူကြီးပိုင်နက်က ဒီနေ့ စပါးတင်းရေ မည်မျှ ရောင်းနိုင်သည်ဟု အထက်က အမိန့်လာသည်၌ ခပ်လှမ်းလှမ်းကရွာတွေ အချိန်မီ ရောက်မလာနိုင်အောင် ပညာသားပါပါ သွား၍ ဆော်ဩရသူမှာ ထေကြီးပဲ ဖြစ်ပါ၏။ ထို့ကြောင့် ထေကြီးက သူကြီးအလုပ်အားလုံး နားလည်နေသည်ဟု ဆို၏။

ထိုခေတ်က ကျေးရွာသားတွေ စပါးရောင်းခွင့်ရဖို့ကို သူကြီးထောက်ခံစာပါမှ ဖြစ်သော ဗ-တ-လ-စ ခေတ်ဖြစ်၍ ကျေးရွာသူကြီးတွေ အလွန် စားသာကြသည်။ ထို့ကြောင့် ထေကြီးသည် သူကြီးအလုပ်ကို မက်မောမိခြင်းဖြစ်၏။

ယင်းသို့ ထန်းတောပျော် အသောက်သမားတို့ ဝိုင်းဝန်း တိုက်တွန်းကြခြင်းဖြင့် ထေကြီးသည် သူကြီး အရွေးခံတော့မည်ဟု စိတ်ပိုင်းဖြတ်လိုက်သောအခါ၌…

“ကဲ…ထေကြီး၊ မင်းဒီလိုဆိုရင် သူကြီးလောင်းအနေနဲ့ တစ်နေ့လုံး ထန်းတက်နေလို့လည်း မဖြစ်ဘူး၊ ရေမချိုးဘဲ နေလို့လည်း မဖြစ်ဘူး။ ဒီဘောင်းဘီစုတ်နဲ့ ဘာဘူခါးပြတ် အင်္ကျီကြီးဝတ်နေလို့လည်း မဖြစ်ဘူး၊ ကိုယ့်ပိုက်ဆံရှိနေတာပဲ… ကောင်းကောင်းမွန်မွန် သစ်သစ်လွင်လွင် ဝတ်ရလိမ့်မယ်…”

ထို့ကြောင့် ထေကြီးသည် သူ့ကိုယ်စား ထန်းတက်ရန် သူ့ဇာတိရွာမှ လူနှစ်ယောက်ကို လူလွှတ်ခေါ်လိုက်လေသည်။

“ငါ သူကြီးဖြစ်ရင် ဒီထန်းတက်တဲ့အလုပ်ကို မင်းတို့ပဲ လုပ်စားကြပေတော့…”

ထေကြီး ထန်းတက်ခြင်းအလုပ်ကို ရပ်စဲပြီး ဈေးမှလုံချည်သစ်၊ အင်္ကျီသစ်များ ဝယ်ယူလာကာ ရေချိုးပြီး အဝတ်လဲတော့မည်ဆိုသောနေ့၌ သူ့အိမ်မှာ လူအလွန် စည်လေသည်။ မြှောက်ပေးကြသော အသောက်သမားတွေနှင့် အတါင်းကျွတ်ရယ်ရင်း ထေကြီးအား လာကြည့်ကြသူတွေနှင့် ပွဲကလေးတစ်ခုပါပေ။

ထေကြီးသည် ရေချိုးတော့မည်ဟု ခေါင်းပေါင်းပုဆိုးစုတ်ကို ဖြေလိုက်သောအခါ၌ကား အလာ့လား… သူ့ခေါင်းမှာ ဗိုလ်ကေအသစ်ကျပ်ချွတ်နှင့်ပါတကား။ ထိုအချိန်မှစ၍ ပရိသတ်ပွဲကျလေရာ ထေကြီး ရေချိုးပြီး ဘန်ကောက်လုံချည်နှင့် ရှပ်အင်္ကျီချုပ်ရိုးသစ်ကို ဝတ်ပြီးသည်အထိ ထေကြီးမှာ အကြံပေးအခါပေး ဆရာလည်းရှိလေရာ ရွေးကောက်ပွဲမှာ နှစ်ပတ်မျှလိုတော့သဖြင့် ထိုနေ့မှစ၍ ထန်းရည်ကို အလကား သောက်ကြရမည်။ ယခင်က ထန်းရည် ကြွေးဟောင်းများကို လျှော်ပစ်မည်ဟု ကြေညာလိုက်လေ၏။

ထေကြီးသည် ဤရက်အတွင်းမှာ အိမ်က ဝက်နှစ်ကောင်သတ်၍ ဘုန်းကြီးဆွမ်းကျွေးခြင်း၊ တစ်ရွာလုံးကို ထမင်းစားဖိတ်ခြင်းများ ပြုသေး၏။ အိမ်ရှေ့မဏ္ဍပ်ကနားဖျင်ထိုးလျက် စားရသောက်ရအောင် လာလိုက်ကြတဲ့ လူတွေ သောက်သောက်လဲ။ ထေကြီး၏ အကျိုးတော်ဆောင် လက်ရင်းလူတွေကား နေ့စဉ်မပြတ် ကြက်၊ ဝက်၊ ဘဲ အမဲ ဟင်းလျာတွေနှင့်ပေါ့…။ ထေကြီး တစ်သက်လုံး ခြိုးခြံခဲ့သမျှ ပစ်ခတ်သုံးလိုက်ခြင်းပင်။

ပြိုင်၍ရွေးရမည်မှာ အခြားနှစ်ယောက်နှင့် သူကြီးလောင်းသုံးဦး။ ထိုခေတ်အလျောက် မဲပွဲစား၊ မဲဆွယ်၊ မဲဝယ်တွေနှင့်ပေါ့။ ထေကြီးသည် ရှိသမျှငွေကို ပစ်ခတ်သုံးလိုက်သည်။ ရွေးကောက်ပွဲနေ့မှာ သူ့အိမ်တွင် စတုဒိသာကျွေးရန် ဝက်တစ်ကောင်နှင့် နွားမတစ်ကောင် ပေါ်လေသည်။

ဤသူကြီးရွေးကောက်ပွဲမှာ တာကပ်ရွာကြီးသာမက အနီးပတ်ဝန်းကျင်က ရွာငယ် လေးငါးရွာလည်း ပါသဖြင့် သူ့ဘက် ငါ့ဘက်က မဲခေါ်တဲ့လှည်းတွေ ဖုန်တထောင်းထောင်းနှင့်၊ အသောက်သမား အမူးသမားတွေ တညံညံဖြင့်…။

ထိုရွေးကောက်ပွဲပြီးသည်၌ ထေကြီးသည် ဤရွာတွင် တစ်လတာမျှ ကြာအောင် မနေတော့ဘဲ တစ်ရွာလုံးကို ဆဲရေးပြီး သားမယားကိုခေါ်ကာ အပြီးအပိုင် ထွက်ခွာသွားလေတော့၏။

ကြည့်စမ်း… အားလုံး မဲသုံးထောင်ကျော် ရှိသည့်အနက် သူ မဲသုံးဆယ်မျှပြည့်အောင် မရချေတကား…။


Comments