တကယ်ဆို သူ့အသားအရေက ဖြူဆွတ်နေသည် မဟုတ်သည့်တိုင် အဝါဖျော့သည့်ဘက်သို့တောင် သန်းနေပါသေးသည်။ မွေးကတည်းက ချူချာလွန်း၍ ပိုးမွေးသလို မွေးခဲ့ရသည့် သူ့ကို အဖေနှင့် အမေက မိပိုးဟု ခေါ်ပြီး သူက အမေကြီးဟုခေါ်သည့် အမေ့ အမေ သူ့ ဘွားအေကြီးကတော့ သူ့ကို အမြဲ လက်ချမီးဟုသာ ခေါ်တတ်လေသည်။ ထိုအခါမျိုးဆို ပိုးကေသာဆိုသည့် သူ့နာမည် လှလှလေးကို ဘာကြောင့်များ နာမည်ဖျက်ရသလဲဟု တွေးရင်းက အမေကြီးကို အမြဲ မကျေမချမ်း ဖြစ်မိလေသည်။
အမေကြီးက ပိန်ပိန်သွယ်သွယ်နှင့် သွက်သွက်လက်လက်ရှိပြီး ကျန်းမာသူမို့ အသက် ၇၀ ကျော် ရှိလင့်ကစား တော်ရုံဆို ၆၀ ဝန်းကျင်လောက်သာ ရှိသည်ဟု ထင်တတ်ကြသည်။ အမေကြီးက သူ မွေးထားသည့် သားသမီးသုံးယောက်အနက် အငယ်ဆုံးသမီးဖြစ်သည့် အမေ့အပေါ်ကိုတော့ သံယောဇဉ်အတွယ်ဆုံးလည်း ဖြစ်သည်။ သားကြီးဖြစ်သူနှင့် သမီးကြီးတို့က လာနေပါ ခေါ်လျှင်တောင် တစ်ပတ်ပြည့်သည်အထိ မနေနိုင်ဘဲ သူတို့အိမ်ကိုသာ ပြန်ပြန် လာတတ်သည်။
ထိုအခါမျိုးဆို သူ၏ အမေဖြစ်သူကလည်း သုံးလေးရက်လောက်ကလေး မတွေ့ရသည့် အမေဖြစ်သူကို ရက်ပေါင်းများစွာကြာမှ ပြန်တွေ့ရလေသည့် ပုံစံမျိုးဖြင့် သူတို့ ကောင်းကောင်း ဂရုမစိုက်ကြ၍ အမေဖြစ်သူ ပိန်သွားသည်ဟု တဗျစ်တောက်တောက် ရေရွတ်ရင်း အကြီးနှစ်ယောက်ကိုလည်း လှမ်းပြီး ရန်တွေ့နေတတ်သေးသည်။
++++++++++++++++
“လက်ချမီးရေ … လာဦးဟေ့”
“ဟော … ကြည့်ပါလား၊ လက်ချမီးလို့ ခေါ်ပြန်ပြီ။ အဲဒီ နာမည်ကြီးကို မကြိုက်ပါဘူးဆိုမှ အဲဒီ အမေကြီးကလေ တကယ်ကို အမြင်ကတ်စရာကောင်းတယ်”
ရေချိုးခန်းထဲကနေ လှမ်းခေါ်နေသည့် အမေကြီးကို ပွစိပွစိ ရေရွတ်ပြီး မကျေမနပ်ဖြင့် သူကဆိုတော့ ဈေးက ပြန်ရောက်လာဟန်တူသည့် အမေက -
“ဟဲ့ ကောင်မလေး၊ ကိုယ့်ဘွားအေကို ဘာတွေလျှောက်ပြောနေတာလဲ။ ငရဲကြီးတော့မှာပဲ။ ဘာခိုင်းစရာရှိလို့လဲ မသိဘူး။ မြန်မြန်သွားလုပ်ပေးလိုက်ဦး” ဆိုကာ လှမ်းအော်ရင်း ဈေးခြင်းကို မနိုင်တနိုင့်ဆွဲကာ မီးဖိုချောင်ဆီသို့ ထွက်သွားလေ သည်။
အဲဒီအမေကလည်းလေ၊ သူ့အမေကို ပြောရင် အမြဲတမ်း အဲဒီအတိုင်းပဲဟု စိတ်ထဲက မကျေ မနပ်ဖြင့်ဆိုကာ ရေချိုးခန်းထဲကို ဝင်လာခဲ့လိုက်သည်။ သူ ရောက်တော့ တဗွမ်းဗွမ်းနှင့် ရေတွေ ခပ်ချိုးနေသည့် အမေကြီးက -
“အမေကြီး နောက်ကျောကို ချေးတွန်းပေးပါဦး လက်ချမီးရယ်”
“အဲဒီ နာမည်ကြီးကို မခေါ်ပါနဲ့ အမေကြီးရယ်၊ အဲဒီနာမည်ကြီးကို သမီး မုန်းလွန်းလို့ပါဆို”
သူက မျက်နှာစူပုတ်ပုတ်ဖြင့် ဆိုတော့ အမေကြီးက ပါးလေးများခွက်အောင်ပင် တဟားဟားနှင့် သဘောကျစွာ ရယ်မောလေတော့သည်။
“အဲဒီနာမည်လေးက ဘာလို့တုန်းအေ့၊ ချစ်စရာကောင်းသားနဲ့။ ငါ့မြေးနဲ့ လိုက်သားနဲ့ကွယ်။ လက်ချမီးဆိုတဲ့ နာမည်လေးက ဘယ်လောက်လှသလဲနော် လက်ချမီးလေး”
သူ မကြိုက်မှန်းသိ၍ တမင်ပင် စနောက်နေသည့် အမေကြီး၏ ကျောပြင်ကို အမြင်ကတ်ကတ် နှင့် အားထည့်ပြီး ကုတ်ပေးတော့
“အမယ်လေး တင်တင်ရီ၊ ညည်း သမီး လက်ချမီးတော့ ငါ့ကို အမြင်ကတ်ကတ်နဲ့ ချေးမတွန်းဘဲ ကုတ်ဖဲ့နေတယ်အေ့”
ဆိုပြီး သူ့ကိုယ်လေးကို တွန့်လိမ်ရင်း အော်နေတော့သည်။ အဲဒီလိုပြောနေသည့် အမေကြီး၏ အသံမှာ ဒေါသသံ မပါဘဲ နှစ်လိုဟန်တွေသာ ပါနေသည်ကိုတော့ ပိုးကေသာ ခံစားမိပါသည်။
++++++++++++++++
အမေ့ရဲ့ အစ်ကိုကြီးနှင့် အစ်မဖြစ်သူတို့က မွေးထားသည့် မောင်နှမတွေ အပါအဝင် သူနှင့်ဆို ငါးယောက်ရှိလေသည်။ ငယ်ငယ်ကတည်းက တစ်ဦးတည်း မွေးဖွားခဲ့သဖြင့် အဖော်မဲ့နေသည့် သူက ဝမ်းကွဲ အစ်ကိုတွေ၊ အစ်မတွေကို ချစ်သလို သူ့ကိုလည်း မောင်နှမတွေထဲ အချူချာဆုံးနှင့် အငယ်ဆုံးမို့ အားလုံးက ချစ်ကြလေသည်။
သူ၏ အမေနှင့် ဘကြီး၊ ကြီးကြီးတို့ မောင်နှမတစ်တွေကလည်း ကိုယ့်အိမ်ထောင်နှင့် ကိုယ် ဖြစ်နေကြတာတောင် အမြဲတမ်း စည်းစည်းလုံးလုံးနှင့် ရှိကြသည်မှာ အမေကြီး၏ သွန်သင် လမ်းညွှန်မှုကြောင့်ဟု အမေက စိတ်လိုလက်ရ ရှိသည့် အခါတိုင်း သူ့ကို ပြောပြတတ်သေးသည်။
ရှေးလူကြီးဖြစ်သည့် အမေကြီးက မနက် ၄ နာရီထိုးလျှင် ပုံမှန် အိပ်ရာထပြီး ဘုရားမျက်နှာသစ် ရေတော်ကပ်၊ ဆွမ်းဟင်းကပ်၊ ဘုရားရှိခိုး တရားထိုင်လေ့ရှိသည်။ ကော်ဖီကြိုက်တတ်သည့် အမေကြီးက နို့မှုန့်၊ သကြားများများကို ကော်ဖီခွက်ကြီးကြီးနှင့် စိတ်ကြိုက်ဖျော်ကာ “လူတောင် ကော်ဖီတို့၊ လက်ဖက်ရည်တို့ ကြိုက်သေးတာပဲ။ မြတ်စွာဘုရားလည်း ကြိုက်ချင် ကြိုက်မှာပေါ့” ဆိုကာ မုန့်ဗန်းအပြည့်နှင့် မနက်တိုင်း နွေ၊ မိုး၊ ဆောင်း မပြတ်တမ်း ကပ်တတ် သေးသည်။ ဘုရားဝေယျာဝေစ္စပြီး၍ ပြန်စွန့်လျှင်လည်း သူ ဖျော်ထားသည့် ကော်ဖီအပြည့်ကြီးကို “ဘုရားက ပေးတဲ့ ဆေး” ဆိုကာ အိမ်သားတွေကို တိုက်တတ်သေးသည်။
အဖေနှင့် အမေ ကြိုက် မကြိုက် မသိပေမယ့် သူကတော့ အမေကြီး ဖျော်ထားသည့် ကော်ဖီရည်ကိုတော့ နှစ်သက်မိလေသည်။ ထိုအချိန်မျိုးဆိုလျှင်တော့ အမေကြီးရဲ့ “လက်ချမီး” ဆိုသည့် အခေါ်ကိုလည်း စိတ်ဆိုးဖို့ပင် သတိမရတတ်ဘဲ ပျော်တပြုံးပြုံးနှင့် ရှိနေတတ်သည်။
“ဒီပန်းကန်တွေကို ဆေးပြီးရင် သက်သက်ထားနော်။ လူစားတဲ့ ပန်းကန်နဲ့ ဘုရားကပ်တဲ့ ပန်းကန် တူတူ မထားနဲ့ ကြားလား၊ လက်ချမီး”
“သမီး သိပါတယ် အမေကြီးရဲ့၊ နေ့တိုင်း လုပ်နေကျပါ”
ထိုအခါမျိုးဆို မုန့်လေးတစ်ဖက်နှင့် ကော်ဖီကို အရသာခံ သောက်နေတတ်သည့် သူ့ကို အမေက မျက်စောင်းဝဲ၀ဲ တစ်ချက်လှမ်းထိုးရင်း
“မိပိုးတို့များ ဒါမျိုးကျတော့ လက်ချမီးမကလို့ ဘာကြီးပဲခေါ်ခေါ် သဘောတွေကို ကျလို့” ဟုပင် ဆိုနေတတ်သေးသည်။
သူကတော့ အမေ့စကားကို မကြားဟန်ပြုရင်း ကော်ဖီချိုချိုကိုသာ အရသာခံသောက်ရင်း ကျေနပ်မိလေသည်။ ဒီလိုအချိန်များဆိုရင်တော့ သူက အမေကြီးနှင့် တည့်လေသည်။ တကယ်ဆို သူ အမေကြီးကို ချစ်ပါသည်။ မြေးငါးယောက်ထဲတွင် အပိန်ဆုံး၊ အချူချာဆုံးနှင့် အငယ်ဆုံးဖြစ်သည့် သူ့ကိုလည်း အမေကြီး ချစ်မှန်း၊ သံယောဇဉ် ကြီးမှန်းလည်း သိသည်။
သားသမီးသုံးယောက်လုံးနှင့် မြေးတွေအပေါ် သူ စိတ်တိုင်းမကျရင်၊ ပြောမရ၊ ဆိုမရသည် များဆိုလျှင် မထင်ရင် မထင်သလို တွေ့ရာနှင့် ကောက်ပစ်၊ တောင်ဝှေးနှင့် လှမ်းရိုက်တတ်သည့် အမေကြီးက သူ့ကိုတော့ ထူးခြားစွာပင် မဆူမငေါက်ဘဲ ရှိတတ်သည်။ သူ ကြိုက်တတ်သည်လေးများကိုပါ အိမ်သားတွေ မသိအောင် ခိုးဝှက်ပြီး ကျွေးတတ်သေးသည်။ သူ့အပေါ်ကို ဘယ်လောက်ပဲချစ်ချစ်၊ အလိုပဲ လိုက်လိုက် သူကတော့ သူ့နာမည်ရင်းကို မခေါ်ဘဲ လက်ချမီးဟုသာ ခေါ်တတ်သည့် အမေကြီးကိုတော့ အဲဒီလိုခေါ်သည့်အချိန်တိုင်းတော့ မုန်းတီးမိလေသည်။
++++++++++++++++
တစ်ခါသားက သူ၏ သူငယ်ချင်းတချို့ အိမ်ကို လာလည်စဉ်က ဖြစ်သည်။ အစအနောက်သန်သည့် သူငယ်ချင်းတွေရှေ့ လက်ချမီးဆိုသည့် နာမည်ကို စနောက်ပြီး မခေါ်ရန် အဖေနှင့် အမေကို စည်းရုံးထားပြီး အမေကြီးကိုလည်း အဲဒီလိုမျိုးမခေါ်ရန် တိုးတိုးတိတ်တိတ် ကြိတ်မှာထားလေသည်။ သူငယ်ချင်းတွေမလာခင်အထိတော့ မြေးအဘွားနှစ်ယောက် ငြိမ်းချမ်းရေးရကာ အဆင်ပြေနေသေးသည်။
“အမေကြီး၊ သမီး သူငယ်ချင်းတွေရှေ့မှာ သမီးနာမည်ကို လက်ချမီးလို့ မခေါ်နဲ့နော်။ သူတို့တွေက အရမ်း အစအနောက်သန်တာ။ အဲဒီနာမည်သာ သိသွားရင် သမီးကို သူတို့ စလို့ဆုံးမှာ မဟုတ်တော့ဘူး အမေကြီးရဲ့။ မခေါ်နဲ့နော်။ မခေါ်နဲ့။ သူတို့ပြန်သွားရင် အမေကြီးကို သမီးက နင်းပေးမယ်လေ မကောင်းဘူးလား”
သူက အဲဒီလို တောင်းဆိုတော့ အမေကြီးက မလိုက်လျောချင်သလို ပုံစံမျိုးဖမ်းကာ အင်းမလှုပ်၊ အဲမလှုပ်နှင့် ရှိနေသည်။ ပါးစပ်ကလည်း “အဲဒီလိုခေါ်တာ ချစ်စရာကောင်းသားနဲ့” ဆိုကာ မကြည်မသာဆိုရင်း ကွမ်းသီးခြမ်း တွေကိုသာ ညှပ်နှင့် ဖိညှပ်နေတော့လေသည်။
ခဏအကြာတော့ သူ့သူငယ်ချင်းတွေ အိမ်ကို ရောက်လာကြလေသည်။ အမေက သူတို့စားဖို့ ကောက်ညှင်းပေါင်း ပူပူနှင့် ငါးခြောက်ဖုတ် ဆီဆမ်းကာ လုပ်ကျွေးသည်။ အမေကြီးကတော့ ကောက်ညှင်းတွေ လုပ်ကျွေးရပါ့မလား ဆိုကာ အမေ့ကို ဆူတော့သည်။
“တင်တင်ရီ၊ ညည်းနဲ့အေ ကလေးတွေကို ကျွေးစရာရှားလို့ ကောက်ညှင်းတွေ ပေါင်းကျွေးရသလား၊ ရင်ပြည့် ရင်ကယ်တွေ ဖြစ်မှဖြင့်၊ ကလေးတွေ ဒုက္ခရောက်အောင်အေ … ကိုယ့်သားသမီးအကြောင်းလည်း သိသားနဲ့။ ရောဂါဖြစ်အောင် လုပ်နေရသလား။ မစဉ်းစား၊ မဆင်ခြင်နဲ့”
“မနက်က ဆန်မှာတုန်းက ပါလာတဲ့ ကောက်ညှင်းလေးနှစ်လုံး ပေါင်းကြည့်တာပါ အမေရယ်။ တစ်ယောက် နည်းနည်းစားရုံနဲ့တော့ ဘာမှ မဖြစ်လောက်ပါဘူး။ အမေ့မြေးသာ မတရား မဆံ့အင်ကာ စားလို့ဖြစ်ရတာ”
ထိုအခါမျိုးဆို အမေကြီး၏ အဆူအငေါက်ကို ခံနေရသည့် အမေကတော့ မျက်နှာငယ်လေးနှင့် ရှိနေသည်။ သူတို့ ကလေးတစ်သိုက်ကတော့ နှမ်းထောင်းဖြူးထားသည့် အငွေ့တထောင်းထောင်းထနေသည့် ကောက်ညှင်းပေါင်းတစ်ဇလုံနှင့် ဆီရွှဲရွှဲဆမ်းထားသည့် ငါးခြောက်ဖုတ် ပန်းကန်ဆီကိုသာ အာရုံရောက်နေတော့သည်။
ကောက်ညှင်းနှင့် လုံးလုံးမတည့်သည့်၊ ကောက်ညှင်းပါသည့် မြန်မာမုန့် မှန်သမျှကို အငမ်းမရ ကြိုက်နှစ်သက်သည့် သူ ခပ်ငယ်ငယ်က ကောက်ညှင်းပေါင်း၊ ကောက်ညှင်းထုပ်တွေ အဆမတန် စားသောက်မိရာက နှစ်ရက်၊ သုံးရက်ကြာသည်အထိ ဆီးချုပ်၊ ဝမ်းချုပ် ဖြစ်လိုက်သေးသည်။ နောက်ဆုံး မရှူနိုင်၊ မကယ်နိုင်ဖြစ်ကာ ဆရာဝန်ပင့် ဆေးထိုးတော့မှ သက်သာရာ ရတော့သည်။ သူကလည်း ဖြစ်နေတုန်း၊ ဝေဒနာခံစားနေရသည့် အချိန်တုန်းတော့ “နောက် မစားတော့ပါဘူး” ကတိတွေပေးရင်း ပြီးတော့လည်း ဒုံရင်း ဒုံရင်းဖြစ်ကာ လူကြီးတွေ အလစ်မှာ ခိုးစားမြဲပင်။ ကောက်ညှင်းဆို လက်မခံသည့် သူ့ အစာအိမ်ကလည်း ဆန္ဒပြမြဲ ပြဆဲပင်။
ထိုအခါမျိုးဆိုရင် တအင်းအင်းနှင့် ညည်းညူနေတတ်သည့် သူ့အနားက မခွာတော့ဘဲ ရေနွေးအိတ်ကပ်ပေး၊ လူနာစောင့်လုပ်ပေးနှင့် တစ်ညလုံး မအိပ်ဘဲ သူ့ကို စောင့်ကြည့်ပေးရင်း အလုပ်ရှုပ်နေသူမှာ အမေကြီးပင်။ အဲဒီလို အချိန်များဆိုရင်တော့ အဖေနှင့် အမေ့ခမျာ အမေကြီး၏ ဆူပူမှုဒဏ်ကို လှိမ့်ပိန့်နေအောင် ခံရတော့သည်။
အမေဖြစ်သူကို ပြန်ပြောလို့ကလည်း မဖြစ်၊ ဒီအရွယ်ကြီးရောက်ကာမှ ကိုယ်မွေးထားသည့် သားသမီးရှေ့လည်း မရှောင် စိတ်မထင်ရင် မထင်သလို ထရိုက်တတ်သည့် မိခင်ဖြစ်သူကို ကြောက်ရသည့် အမေ့ခမျာ အမေကြီး အလစ်မှာ သူ့ကို မျက်စောင်းခဲရင်း
“အမေကလည်းလေ၊ သူ့မြေးဆို သည်းကို သည်းတယ်။ ဒီလောက် ဂရုစိုက်နေတဲ့ကြားက သူ့မြေး ခေါင်းမာတာကျတော့ မသိချင်ယောင်ဆောင်ပြီး ငါ့များဆို ဆူလိုက်တာ။ ဒီကောင်မလေးကလည်း ဘွားအေ အလိုလိုက်နေလို့ ပြောမရ ဆိုမရနဲ့။ ညည်း ကျပ်ကျပ် သတိထားနော် မိပိုး၊ ညည်းကြောင့် ငါအပြောခံနေရတာ”
ဆိုကာ သူ့ကို ကြိမ်းမောင်းတတ်သေးသည်။
အခုလည်း အမေလုပ်ပေးထားသည့် ကောက်ညှင်းပေါင်းပူပူပေါ် နှမ်းထောင်း ထည့်ထားသည့်အနံ့က သူ့ကို စားချင်စဖွယ်ဖြစ်အောင် ဆွဲဆောင်နေလေသည်။ အမေကြီးကတော့ သူ့ကို မျက်စိဒေါက်ထောက်ကြည့်ရင်း မစားဖို့ လှမ်းပြီး သတိပေးနေသည်။ သူကလည်း အမေကြီးအလစ်ကို ချောင်းရင်း သွားရည်တကျကျနှင့် ဖြစ်နေလေသည်။ သိပ်မကြာခင်ပဲ အမေကြီး အပေါ့အပါးသွားချင်လာသည်နှင့် တူရဲ့ နောက်ဖေးခန်းဆီကို ဝင်သွားသည်။
အဲဒီတော့မှ သူကလည်း အားရဝမ်းသာစွာနှင့် ကောက်ညှင်းပေါင်းပူပူကို လက်တစ်ဆုပ်နှိုက်ရင်း ငါးခြောက်ဖုတ်ဆီဆမ်းနှင့်တွဲကာ အရသာ ခံစားတော့သည်။ လူကြီးမသိအောင် ခိုးစား၍ထင့် အရသာရှိနေပုံများ ပြောမပြေတတ်အောင်ပင်။ သူတို့ စားကောင်းကောင်းနှင့် စားနေတာများ ကောက်ညှင်းပေါင်းဇလုံက တစ်ခဏအတွင်းမှာပင် တစ်ဝက်ကျိုးလေတော့သည်။ သူ့ပါးစပ်ထဲ နောက်တစ်လုတ် ထပ်ထည့်မည်အပြု ဘယ်အချိန်က အနားရောက်လာမှန်းမသိသည့် အမေကြီး၏ စကားသံကြောင့် သူ့လက်အစုံဟာ လေထဲမှာပင် တန့်သွားလေသည်။
“အမယ်လေး လက်ချမီးရယ်၊ ညည်းကို ငါမစားနဲ့လို့ ပြောထားသားနဲ့ စားနေပြန်ပြီ။ စားရတာနဲ့ ခံရတာနဲ့ မသက်သာလှဘူး။ ဟဲ့ တင်တင်ရီ၊ ညည်းသမီး လက်ချမီးကို အခုထဲက ဆေးကြိုတိုက်ထား။ တော်ကြာ အချိန်မရှိမှ မရှူနိုင်၊ မကယ်နိုင်ဖြစ်မှ အခက်။ ဒီကလေးနဲ့တော့ ခက်နေပြန်ပါပြီ”
အမေကြီး၏ လက်ချမီးခေါ်သံကြောင့် သူငယ်ချင်းတွေထဲ အရယ်သန်လွန်းသည့် ဖိုးကျော်တစ်ယောက် ခွက်ထိုးခွက်လန် ရယ်တာများ ပါးစပ်ထဲက ကောက်ညှင်းပေါင်းတွေ ပြန်စင်ထွက်သည်အထိပင်။ သူရယ်တော့ ကျန်တဲ့ သူအားလုံးကလည်း သူ့ကိုကြည့်ရင်း “မိပိုး နင့် နာမည်က လက်ချမီးဆိုတာ ငါတို့ကိုမပြောဘူး ကြည့်စမ်း။ လက်ချမီး တဲ့။ ဟားဟား ရယ်ချင်စရာပဲဟေ့” ဆိုကာ စနောက်ရင်း တသောသောနှင့် ရယ်ကြတော့သည်။
အဲဒီအချိန်ကစပြီး စကားပြောရင် သူ့နာမည်ကို အဖျားဆွတ်ရင်း “ပိုးကလေ”၊ “ပိုးကလေ” ဆိုပြီး ပြောတတ်သည့် သူ့နာမည်အရင်း နေရာမှာ သူ မကြိုက်သည့် “လက်ချမီး” ဆိုသည့် နာမည်သာ တွင်တော့လေသည်။ သူကတော့ သူ့အပေါ် စေတနာ၊ မေတ္တာထားသည့် အမေကြီး၏ မေတ္တာတရားကို မသိမမြင်ခဲ့ဘဲ သူငယ်ချင်းတွေရှေ့မှာမှ သူ့ကို နာမည်ဖျက်ရလေခြင်းဆိုပြီး အမေကြီးအပေါ်ကို စိတ်ခုနေခဲ့လေသည်။
အဲဒီညမှာပင် ကောက်ညှင်းနှင့် မတည့်သည့် သူ တကယ်ကိုပင် မရှူနိုင်၊ မကယ်နိုင်ဖြစ်ကာ ဗိုက်အောင့်ဝေဒနာ ပြင်းပြင်းထန်ထန် ခံစားရလေသည်။ အမေကြီးကတော့ သူ့ဝသီအတိုင်း အမေ့ကို အပြစ်တင် ရေရွတ်ရင်း မြေးဖြစ်သူကို ရေနွေးအိတ်ကပ်ပေး၊ စောင့်ကြည့်ပေးနှင့် အနားမှာ ဘုရားစာရွတ်ရင်း တစ်ညလုံး မအိပ်နိုင်ဘဲ စောင့်နေလေတော့သည်။
++++++++++++++++
တစ်နေ့ မီးဖိုချောင်မှာ ချက်ပြုတ်ရင်း အလုပ်ရှုပ်နေသည့် အမေ့နားကိုသွားရင်း သူက သိချင်သည်များကို စပ်စပ်စုစု မေးမိလေသည်။
“အမေ့၊ အမေကြီးက ဘာလို့ သမီးကို လက်ချမီး၊ လက်ချမီးနဲ့ ခေါ်တာလဲ။ အဲဒီနာမည်ကြီးကို သမီးမကြိုက်ပါ ဘူးဆိုတာ ပြောလို့လည်း မရဘူး။ အဲလိုခေါ်ရင် သမီးအမေကြီးကို သိပ်မုန်းတာပဲ။ ဖိုးကျော်တို့ပြောတာက နင့်ကို ရုပ်ဆိုးလို့ နင့်အဘွားက အဲလိုခေါ်တာတဲ့လေ”
သူက မေးတော့ ငရုတ်သီးဆီသတ်ဖို့ ဟန်ပြင်နေသည့် အမေက သူ့ပါးကို ဖွဖွဆွဲလိမ်ရင်းက
“သမီးကို အမေကြီးက လက်ချမီးလို့ခေါ်တာ တခြားကြောင့် မဟုတ်ပါဘူးအေ။ ညည်း မွေးတုန်းက ဒီပဝါလီနေ့လေ။ အဲ … ဒီပဝါလီနေ့ဆိုတာ သူတို့အပြောကတော့ အဲဒီနေ့မှာ ကွယ်လွန်သူတွေကို ကောင်းမှုကုသိုလ် လုပ်ပေးတဲ့ ပွဲတော်တဲ့လေ။ ဒီဘက်ခေတ်ကျတော့ လူငယ်တွေက ဝတ်ကောင်းစားလှတွေဝတ်ပြီး အမျိုးအဆွေတွေ အိမ်လည်ကြ၊ ပတ်ကြတာတွေ ဖြစ်ကုန်တာတဲ့လေ။ အမေလည်း သေချာတော့ မသိပါဘူးအေ။ သူတို့ပြောတာ ကြားရတာပဲ။ သူတို့တွေ တဒုန်းဒုန်းနဲ့ ပွဲတော်လုပ်နေတဲ့အချိန် အဲဒီနေ့မှာ ညည်းက အူဝဲဆိုပြီး အမေတို့ဆီ ရောက်လာတာ။ ညည်းဘွားအေက ညည်းကို ကြည့်ပြီး မျက်လုံးလေးဝိုင်းဝိုင်း၊ မျက်တောင်တွေကလည်း ရှည်ပြီး ကော့နေတဲ့အပြင် မျက်ခုံးလေးတွေကလည်း မည်းပြီး ထူနေတာပဲ။ လက်ချမီးလေးဝင်စားတာနဲ့ တူတယ်ဆိုပြီး ချစ်စနိုးနဲ့ လက်ချမီးလို့ ခေါ်တာပါ သမီးရယ်။ အမေကြီးက ညည်းရုပ်ဆိုးလို့ ခေါ်တာ မဟုတ်ပါဘူးနော်။ ချစ်လို့ ခေါ်တာပါ သမီးရဲ့”
သူကတော့ အမေ ဘယ်လိုပင် နားလည်အောင်ပြောပြော နားမဝင်ခဲ့သလို အမေကြီးအပေါ် အပြစ်တင်စိတ်ဝင်ကာ သူတို့ လမ်းထိပ်မှာ နေ့တိုင်း ခိုစာ လာရောင်းနေကြသည့် အမီနာတို့ အုပ်စုကိုပင် ပြေးမြင်ယောင်ရင်း “ဒင်းတို့ကြောင့် ငါ့ကို လက်ချမီးလို့ခေါ်တာ” ဟုပင် မဆီမဆိုင် တွေးရင်း မုန်းတီးမိသေးသည်။
++++++++++++++++
တစ်ညနေတော့ သူ ကျောင်းဆင်းဆင်းချင်း ဗိုက်ဆာလာ၍ အိမ်ပြန်ရောက်သည်နှင့် အမေ့ကို အိမ်ပေါက်ဝကနေ အသကုန်အော်ခေါ်ရင်း ပြေးလာခဲ့သည်။ အိမ်ပေါ်ရောက်ရောက်ချင်းပင် အမေကြီးဆူတာ ခံရတော့သည်။
“ဘယ်လိုဖြစ်လာတာလဲ လက်ချမီး၊ မိန်းကလေးဖြစ်ပြီး အသံကလည်း ကျယ်လိုက်တာ။ မိန်းကလေးဆိုတာ အသံကို တိုးတိုးသက်သက် ပြောရတယ်။ လမ်းလျှောက်ရင်လည်း ဖြည်းဖြည်း လျှောက်ရတယ်။ ညည်းတို့ ခေတ်ကာလ လူငယ်တွေများ ခက်ပါဘိအေ ပြောမရ၊ ဆိုမရနဲ့ ပြောရင်လည်း နားမထောင်ချင်ကြဘူး”
သူ့ကို ဆူပူရင်း ဘုရားခန်းဘက်ထွက်သွားသည့် အမေကြီးကို စိတ်ထဲက သိပ်မကြည်သလို ဗိုက်ကလည်း ပိုဆာလာသည်မို့ အမေ့ကို လိုက်ရှာတော့ ရေချိုးခန်းထဲ အဝတ်ထိုင်လျှော်နေသည်ကို တွေ့လိုက်ရသည်။
“အမေကလည်း သမီးက ဗိုက်ဆာလို့ လိုက်ရှာနေတာ။ အင်္ကျီလျှော်နေတာ ဘယ်တော့မှ ပြီးမှာလဲ။ စက်ထဲ ထည့်လျှော်လည်း ရနေတာပဲကို”
“ညည်းဘွားအေကြီး အင်္ကျီတွေ၊ လုံချည်တွေ လျှော်နေလို့ပါအေ။ ပြီးတော့မှာပါ။ ကျန်တာ အဝတ်လျှော်စက်နဲ့ လျှော်လို့ရပေမယ့် ညည်းအဘွားက သူ့အင်္ကျီတွေ စက်နဲ့လျှော်တာ မကြိုက်ဘူး။ စက်နဲ့လျှော်ရင် မပြောင်သလို ခံစားရတယ်တဲ့။ လုံချည်ကျပြန်တော့လည်း ယောကျ်ားလေးအင်္ကျီတွေ ထည့်လျှော်နေတာ ဘုန်းကံနိမ့်မှာ စိုးလို့ မလျှော်ပါနဲ့တဲ့လေ။ အခုက တော်သေးတာ။ အမေတို့ ငယ်ငယ်ကဆို ညည်းအဘွားက အဖေနဲ့ အစ်ကိုကြီးအင်္ကျီတွေကို သက်သက်လျှော်ပြီးမှ သူ့အဝတ်နဲ့ အမေတို့ ညီအစ်မအဝတ်တွေလျှော်တာ”
“ဟင့် အမေကလည်း အဲလိုလျှော်ရတော့ အမေပဲ ပင်ပန်းတာပေါ့။ အမေကြီးကလေ သူ အမေဆိုပြီး သားသမီးတွေအပေါ် သက်သက် အနိုင်ကျင့်တာ။ သူ့သားနဲ့ သမီးဆီကိုတော့ မသွားဘူး။ အမေ့ကို လာခိုင်းနေတာပဲ။ သမီးကတော့ အမေကြီးကို အမြင်ကတ်တယ်”
သူ့ကို လက်ချမီးဟုခေါ်နေတတ်၍ မုန်းသည်ကတစ်ကြောင်း၊ အမေ့ကို ခိုင်းနေ၍ မကျေနပ်သည်က တစ်ကြောင်းတို့ကြောင့် မကျေနပ်စွာ ပြောလိုက်သည့် သမီးဖြစ်သူကို အမေက နားလည်စွာ ပြုံးကြည့်ရင်းက ဆိုသည်။
“အဲဒီလိုမပြောရဘူးလေ သမီးရဲ့။ မိဘရဲ့ ဝေယျာဝစ္စကို လုပ်ပေးဖို့ သားသမီးတွေမှာ တာဝန်ရှိတယ်။ အသက်ရှင်တုန်းမှာ မိဘစိတ်ချမ်းသာအောင် ထားပြီး ပြုစုရတာ ဘယ်လောက်တောင် ကုသိုလ်ထူးလဲ။ မိဘ အသက်ရှိနေတုန်းလေးမှာ ကိုယ်နိုင်သလောက်လေးနဲ့ ပြုစုခွင့်ရတာ မွန်မြတ်တယ်။ ရှိနေတုန်း အချိန်လေးမှာ တန်ဖိုးမထားဘဲ နောင်မှ နောင်တရနေလို့ ဘာထူးမှာလဲ။ အဲဒီတော့ ညည်းလည်း ဘွားအေ ရှိနေတုန်း တန်ဖိုးထား။ ဘွားအေ စိတ်ချမ်းသာသလို ခေါ်ပါစေ၊ လက်ချမီးမကလို့ အမီနာပဲ ခေါ်ခေါ် ဘာဖြစ်သွားတာမှတ်လို့။ နောက်တော့မှ အမေကြီးခေါ်တာ ကြားချင်လှချည်ရဲ့ဆိုပြီး တမ်းတနေလို့လည်း အပိုပဲ ကြားလား မိပိုး”
အမေ့စကားရဲ့ အတိမ်အနက်ကို နားလည်အောင် မကြိုးစားခဲ့ဘဲ အမေကြီးအပေါ် စိတ်ကွက်နေသည့် သူကတော့ အမေကြီး၏ အရိပ်ကို မြင်သည်နှင့် ဘယ်အချိန်များ သူ့ကို လက်ချမီးဟု ခေါ်လိုက်လေမည်လဲဟု စိုးထိတ်ခဲ့ပြီး ခပ်ခွာခွာ နေတတ်ခဲ့လေသည်။
++++++++++++++++
“လက်ချမီးရေ၊ မြေးလေး အမေကြီးဆီ ခဏလာဦးဟေ့”
ဒီနေ့တော့ ထမင်းစောစော စားထားပြီး သူငယ်ချင်းတွေနှင့် ကစားဖို့ချိန်းထားသည့် သူ အိမ်ပြင်ထွက်ဖို့ ဟန်ပြင်နေဆဲ မှာပင် အမေကြီး၏ခေါ်သံကို ကြားလိုက်ရလေသည်။
“အဲဒီအမေကြီးကလေ၊ လက်ချမီးဆိုတဲ့ နာမည်ကို မခေါ်ပါနဲ့ ပြောထားသားနဲ့ ခေါ်ပြန်ပြီ။ ငါ မကြိုက်မှန်းသိလို့ သက်သက်ခေါ်တာ” ဟု သူ့စိတ်ထဲ မကြည်မသာ တွေးရင်း အမေကြီးကို အပြစ်မြင်မိပြန်သည်။
“လာပါဦး မြေးရယ်၊ အမေကြီးကို နင်းပေးပါဦး၊ ခဏဆို ရပါပြီ”
ခဏဆိုပြီး နင်းခိုင်းသည့် အမေကြီးက တော်တော်ကြီးကြာသည်အထိ မပြီးနိုင်ပေ။ ကြာတော့ ညောင်းလည်းညောင်း၊ သူငယ်ချင်းတွေနှင့် မကစားရတော့သဖြင့် စိတ်မကောင်းဖြစ်နေသည့် သူက အားကုန်ထည့်ကာ အံကြိတ်ရင်း အမေကြီး၏ ပါးပါးလှပ်လှပ်နှင့် သေးသွယ်နေသည့် ခြေသလုံးသားတွေကို ဖဲ့ရွဲ့ကာ နင်းလေတော့သည်။ အခြေအနေကို သဘောပေါက်သည့် အမေကြီးက ရယ်ချင်စိတ်ကို ထိန်းထားရသည့်အသံမျိုးဖြင့်
“တင်တင်ရီရေ၊ လက်ချမီးလက်ချက်နဲ့ ငါ့အရိုးတွေ ကျိုးကုန်တော့မယ်အေ့” ဆိုကာ သမီးဖြစ်သူကို လှမ်းကာ တိုင်တည်နေတော့သည်။ ထိုအခါမျိုးဆို သူကလည်း အမေ့ကို စိတ်ဆိုးမာန်ဆိုးနှင့် ပြန်ပြောတတ်သေးသည်။
“အမေကြီးကလေ၊ သူများ မကြိုက်ပါဘူးဆိုတဲ့ နာမည်ကိုလည်း ခဏ၊ ခဏခေါ်တယ်။ တစ်ခါတစ်ခါ နင်းခိုင်းရင်လည်း တော်တော်နဲ့ မပြီးတော့ဘူး။ အမေကြီး မြန်မြန် မရှိမှ ကောင်းမယ်”
သူက စိတ်ဆိုးဆိုးနှင့်ဆိုတော့ အမေက ဘွားအေဖြစ်သူကို ပြန်ပြောရပါ့မလားဆိုပြီး မျက်စိပျက်မျက်နှာပျက် ဖြစ်ကာ သူ့ကို ဆူပူရင်း ခြေသလုံးသားကို အရှိုးရာထပ်အောင်ပင် ရိုက်တော့သည်။ ပါးစပ်ကလည်း ရေရွတ်ရင်း မျက်ရည်ကျကာ ရှိုက်ကြီးတငင် ငိုတတ်သေးသည်။
အမေငိုပြန်တော့ သူ ပိုစိတ်မကောင်းဖြစ်ရကာ အမေကြီးကြောင့်ဟု စွဲမှတ်ကာ အမေကြီးနှင့် ရှောင်ဖယ်ကာ နေတတ်လာသည်။ သူ ကြိုက်မှန်းသိ၍ တမင်ချက်ထားပေးသည့် အမေကြီး၏လက်ရာ ချဉ်ပေါင်ဟင်းကိုပင် မတို့ထိခဲ့သလို နို့ဆီများများ၊ သကြားများများနှင့် ဖျော်ထားသည့် သူ သိပ်ကြိုက်သည့် ကော်ဖီကိုပင် မကြိုက်တော့ဟူသော အကြောင်းပြချက်ဖြင့် သောက်ဖို့ ငြင်းဆန်ခဲ့သည်။
“လက်ချမီး” ရေ ဟူသော အမေကြီး၏ ခေါ်သံကြားသည်နှင့် မကြားဟန်ပြုကာ ရှောင်ထွက်တတ်လာသည်။ ထိုအချိန်တွေတုန်းက သူ့အပြုအမူတွေအတွက် အမေကြီး ဘယ်လောက် ခံစားခဲ့ရမလဲ တကယ့်ကို မတွေးမိခဲ့သလို အမယ်အိုတစ်ယောက်၏ မြေးဖြစ်သူအပေါ် ထားရှိသည့် သံယောဇဉ်နှင့် မေတ္တာတို့ကို နောက်ကျမှ သိခွင့်ရသည့် အတွက် ယူကျုံးမရ ဖြစ်ရလေသည်။
သိပ်မကြာသည့် နေ့တစ်နေ့မှာ အမေပြောခဲ့ဖူးသည့် “ရှိနေတုန်းကတော့ တန်ဖိုး ထားရကောင်းမှန်းမသိဘဲ မရှိတော့မှ နောင်တရနေလို့လည်း အပိုပဲ” ဆိုသည့် စကား၏ အဓိပ္ပာယ်ကို ခပ်ရေးရေး သဘောပေါက်လာခဲ့သလို သူ့ဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ပင် ရောက်လာခဲ့လေသည်။
++++++++++++++++
အဲဒီနေ့က ပုံမှန်ဆို မနက် ၄ နာရီထိုးသည်နှင့် အိပ်ရာကထပြီး ဘုရားဝေယျာဝစ္စ လုပ်တတ်သည့် အမေကြီး၏ အသံကို တော်တော်နှင့် မကြားရသလို ဘုရားရှိခိုးသံလည်း မကြားရဘဲ ရှိနေသည်။ တော်တော်ကြီးကြာသည်အထိ အခန်းထဲက ထွက်မလာသဖြင့် စိတ်ပူလာသည့် အမေက ဝင်ကြည့်မိ၍သာ တော်တော်သည်။ မနေ့ညနေက ရေချိုးရင်း အဝတ်လျှော်နေတာ ပုံမှန်ထက် ပိုကြာသွားသည့် အမေကြီးက အိပ်ရာထက်က မထနိုင်တော့ဘဲ ကိုယ်တစ်ခြမ်း လေဖျန်းသွားလေသည်။
အဲဒီနောက်ပိုင်း စကားပြောရင် မပီမသ ဝူးဝူးဝါးဝါးဖြစ်လာသည့် အမေကြီးက အရာရာကို စိတ်အလို မကျသလိုပုံမျိုးနှင့် စိတ်တိုလာပုံလည်း ရလေသည်။ ဘကြီးနှင့် ကြီးကြီးတို့ လာသည်ကိုပင် သဘောကျပုံလည်း မပြသလို မြေးတစ်စုကိုလည်း အနားကို လာတာမကြိုက်သည့် အရိပ်အယောင်များဖြင့် ပြုမူတတ်သည်။
အမေကတော့ သူ့အမေဟာ သားသမီးတွေအပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်မည်ကို သိပ်ကြောက်တတ်ကြောင်းနှင့် အမြဲလို လှုပ်လှုပ်ရှားရှား ဖြစ်နေသည့် လူက အခုလို ဖြစ်နေသည်ကို တွေးရင်း စိတ်ထိခိုက်ပုံရနေသည်ဟု အစ်ကိုနှင့် အစ်မဖြစ်သူကို ပြောပြရင်း ငိုလို့သာ နေတော့သည်။
မြေးတွေထဲ အမေကြီး အချစ်ဆုံးနှင့် သံယောဇဉ်အတွယ်ဆုံးဖြစ်သည့် သူက အနားသွားရင်လည်း ဝူးဝူးဝါးဝါးနှင့် အော်ထုတ်တတ်၍ သူကတော့ ကလေးပီပီ နားမလည်ခဲ့ပေမယ့် အမေ ကတော့ “ဒါ သူချစ်တဲ့ သားသမီးတွေ၊ မြေးတွေကို အခုကတည်းက သံယောဇဉ်ဖြတ်နေတာ” ဆိုပြီးလည်း မျက်ရည်လေး တစမ်းစမ်းနှင့်သာ ဖြစ်နေတတ်သည်။
“အမေကြီး မရှိတော့ရင် သူ့ကို လက်ချမီးလို့ခေါ်မယ့်သူ မရှိတော့ဘူး။ ကောင်းတယ်” ဟု ပြောခဲ့သည့် သူ တကယ်တမ်းတော့ မပျော်ရွှင်ခဲ့ပါလေ။ တစ်ခါတစ်ရံ အမေကြီး အိပ်ရာကထပြီး ဘုရားရှိခိုးသည့် အသံလေးများ ကြား ရမလား နားစွင့်နေမိသည်။ ကျောင်းဆင်းချိန် အမောတကောနှင့် အိပ်ပြန်ရောက်သည့်အချိန်တိုင်း သူ သိပ်ကြိုက် သည့် အမေကြီးလက်ရာ ချဉ်ပေါင်ဟင်းကို အားပါးတရစားခွင့်ရမလား မျှော်လင့်မိသေးသည်။
အမေကြီးကို ခြေစုပ် လက်နယ် ပြုစုချင်၍ အနားသွားသည့် သူ့ကို အော်ထုတ်တတ်၍ သူ့အပေါ်ကို ခပ်ခွာခွာနေခဲ့သည့် မြေးဖြစ်သူကို စိတ်များ ဆိုးနေပြီလားဟု တွေးရင်း သူ့ကို နင်းနှိပ်ခိုင်းစဉ်က အံကြိတ်ကာ ဖဲ့ရွဲ့ပြီး နင်းနှိပ်ပေးခဲ့သည့် ခြေသလုံးရိုး သေးသေးလေးတွေကို ကြည့်ရင်း စိတ်မကောင်း ဖြစ်ရသေးသည်။
အမေကြီး ချစ်စနိုးခေါ်ပြီး သူ မုန်းတီးလှသည့် “လက်ချမီး” ဆိုသည့်ခေါ်သံလေးများ ကြားခွင့်ရလေမလား နားစိုက်ထောင်မိသေးသည်။ ဒါပေမဲ့ သူ့ဆန္ဒတို့ မပြည့်ဝခဲ့ပါပေ။ အမေကြီး တစ်နှစ်ကျော်လောက် ခံစားခဲ့ရသည့် ထိုဝေဒနာနှင့်ပင် သူ သံယောဇဉ်ကြီးရှာသည့် သားသမီး၊ မြေးတို့ကို စွန့်ခွာသွားလေသည်။
အမေကြီးမရှိတော့မှ အမေကြီး၏ မေတ္တာနှင့် တန်ဖိုးကို သိခွင့်ရလာသည့် သူက အနေနီးသည့် မြေးဖြစ်သူ သူ့အပေါ် သံယောဇဉ်ကြီးပြီး ချစ်ရှာသည့် အမေကြီးကို ဘာကြောင့်များ မုန်းတီးခဲ့မိပါလိမ့်တွေးရင်း နောင်တရမိလေသည်။ အမေကြီးရှိစဉ်က ခပ်ခွာခွာနေပြီး မုန်းတီးမိခဲ့သည့် ကိုယ့်အဖြစ်ကို ပြန်တွေးရင်း ယူကျုံးမရ စိတ်ဖြစ်မိသလို အမေကြီးကို နားလည်ပေးခဲ့ရင် ကောင်းသားဟု တွေးမိပြန်တော့ ပိုလို့တောင် သတိရမိသေးသည်။
ဒီပဝါလီနေ့ ပွဲတော်နေ့ရောက်တိုင်း ဝတ်ကောင်းစားလှတွေနှင့် လှပနေကြသည့် လက်ချမီးတို့၊ အမီနာတို့ကို မြင်တိုင်း ထိုနေ့မှာမွေး၍ လက်ချမီးဟု ခေါ်ခံခဲ့ရသည့် သူက အမေကြီး၏ “လက်ချမီးရေ” ဆိုသည့် အသံကို လွမ်းလှပါသည်။ အမေကြီးသာ ရှိရင်တော့ “လက်ချမီး” ရေဟု ခေါ်တိုင်း စိတ်ဆိုးတတ်သည့် သူ့မြေးမကို “လက်ချမီး” ရေဟု ခေါ်ကာ စနောက်ရင်း သဘောတွေကျကာ ရယ်မောနေလိမ့်ဦးတော့မည်မှာ သေချာလှသည်။
ပန်းငုဝါဝါ
Beauty မဂ္ဂဇင်း အမှတ် ၂၀၁၊ ဒီဇင်ဘာလ ၂၀၁၆


Comments
Post a Comment